← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

အပိုင်း ( ၄၂ )

ဖူမင်ရှစ်က “ ကိုယ် ရေသွားချိုးလိုက်ဦးမယ်။ ခဏနေရင် အပေါ်ထပ်မှာ တွေ့မယ်နော်။ ” ဟု ပကတိ တည်ငြိမ်သော အမူအရာဖြင့် ပြောကာ အပေါ်ထပ်ကို အရင်ဆုံး တက်သွားသည်။

ကျန်းပေါင်ကတော့ သူ ထွက်သွားတာကို ကြည့်နေမိသည်။ “ အပေါ်ထပ်မှာ တွေ့မယ် ” ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို သိပ်နားမလည်ပါ။ ဒီအပန်းဖြေစံအိမ်မှာ အထပ် ( ၄ ) ထပ် ရှိပြီး အဘိုးဖူက ဒုတိယထပ်မှာ နေသည် ၊ ဖူမင်ရှစ်က တတိယထပ်မှာ နေသည် ၊ သူမကတော့ အပေါ်ဆုံး စတုတ္ထထပ်မှာ နေသည်။ အပေါ်ထပ် ဆိုတာ … မဟုတ်မှလွဲရော ဖူမင်ရှစ် စီစဉ်နေတာက … ။

ကျန်းပေါင် တွက်ဆနေတုန်းမှာပဲ ဖုန်းထဲကို မက်ဆေ့ခ်ျဝင်သံ ကြားလိုက်ရသဖြင့် ဖုန်းကို ယူကြည့်လိုက်တော့ ဖူမင်ရှစ် ပို့လိုက်တဲ့ [ အခန်းထဲမှာ ကိုယ့်ကို စောင့်နေပါ။ ] ဟူသော မက်ဆေ့ခ်ျကို တွေ့ရသည်။ ကျန်းပေါင်ရဲ့ ခေါင်းထဲကို သွေးတွေ ဆောင့်တိုးသွားသည်။

ဖူမင်ရှစ် သူမရဲ့ အခန်းထဲကို လာမလို့လား … ။

ကျန်းပေါင်သည် စိတ်ထဲမှာ ဘယ်လောက်ပဲ ယောက်ယက်ခတ်နေပါစေ ၊ အပေါ်ထပ်ကို အရှက်မဲ့စွာ တက်ကာ သူမရဲ့ အိပ်ခန်းထဲမှာ ပုန်းကွယ်၍ ဖူမင်ရှစ်ကို စောင့်နေလိုက်၏။ သူတို့ နောက်ဆုံး တွေ့ခဲ့တာ ကြာလှပြီမို့ သူ့ကို လွမ်းသည်။ တကယ်တော့ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ဖူမင်ရှစ် ထိန်းချုပ်မှုကင်းမဲ့သွားတာက သူမက ရေကူးဝတ်စုံ ဝတ်ထားပြီး ပခုံးတွေ ၊ ပေါင်တွေ ပေါ်နေခဲ့လို့ပါ။ အခုတော့ သူမ သိုးမွေးဆွယ်တာ ဝတ်ထားတာမို့ နမ်းရုံလောက်သာ ဖြစ်ဖို့ မျှော်လင့်ရသည်။

ကျန်းပေါင် တောင်စဉ်ရေမရ လျှောက်တွေးနေတုန်းမှာပဲ ဖူမင်ရှစ်ထံမှ [ တံခါးဖွင့်ပေးပါဦး။ ] ဟူသော မက်ဆေ့ခ်ျလေး ဝင်လာခဲ့သည်။ သူမ ရင်ခုန်သံမြန်သွားပြီး ရုပ်ရှင်ကြည့်နေတဲ့ ပုံစံပေါက်အောင် လက်ပ်တော့ဖန်သားပြင်ကို အရင်ဆုံး အနေအထား ချိန်ညှိပြီးမှ တံခါးသွားဖွင့်ပေးလိုက်သည်။

ဖူမင်ရှစ်က ပေါ့ပေါ့ပါးပါး အဝတ်အစားတွေကို ဝတ်ထားလျက် အပြင်မှာ ရပ်စောင့်နေ၏။ အခုမှ ရေချိုးပြီးခါစမို့ သူ့မျက်နှာက နည်းနည်းလေး နီရဲနေပြီး ဆံပင်တိုတိုက ရေမခြောက်သေးပေ။

ကျန်းပေါင်က တံခါးကို မှီ၍ မျက်လွှာချထားပြီး “ ဘာပြောစရာ ရှိလို့လဲဟင်။ ” ဟု မေးလိုက်သည်။

ဖူမင်ရှစ်က သူမရဲ့ ရှက်ရွံ့နေသော မျက်နှာရဲရဲလေးကို ကြည့်ပြီး စနောက်လိုသော လေသံနှင့် ပြောလိုက်သည်။ “ ကိုယ်က ကိုယ့်သတို့သမီးလောင်းကို ပြောစရာ ရှိမှ ၊ အကြောင်းပြချက် ရှိမှ လာတွေ့ရမှာလား။ ”

ကျန်းပေါင် သူ့စကားကြောင့် ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်ဘဲ အသံထွက် ရယ်မိကာ လမ်းဖယ်ပေးလိုက်သည်။ ဖူမင်ရှစ်က အခန်းထဲ ဝင်လာပြီး အခန်းတံခါးကို လော့ခ်ချလိုက်လျှင် ကျန်းပေါင်သည် ကိုယ့်ရင်ခုန်သံကိုတောင် ပြန်ကြားနေရသလို ခံစားလိုက်ရပါသည်။

သူမက သတိကြီးကြီးထားနေပေမဲ့ ဖူမင်ရှစ်ကတော့ ချက်ချင်း မလှုပ်ရှားပါ။ သူက ကျန်းပေါင်ရဲ့ အိပ်ခန်းထဲကို ရိုးရှင်းစွာ လျှောက်ပတ်ကြည့်နေရင်း စားပွဲပေါ်က ရေခွက်လေးကို မြင်သောအခါ “ ကိုယ် ဒါကို သောက်လို့ ရလား။ ” ဟု လှမ်းမေးသည်။

ကျန်းပေါင်ရဲ့ စိတ်ထဲမှာ တခြား ကိစ္စတွေက အပြည့်အဝ နေရာယူထားတာမို့ သတိမမူဘဲ ခေါင်းညိတ်ပြလိုက်သည်။ ဖူမင်ရှစ်က ရေကို နှစ်ငုံ ၊ ‌သုံးငုံလောက် သောက်ပြီးနောက် ကျန်းပေါင်ရဲ့ ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ လက်ပ်တော့ ဖန်သားပြင်က ကာတွန်းကားတစ်ကားမှာ ရပ်တန့်သောကြောင့် ဖူမင်ရှစ်ရဲ့ နှုတ်ခမ်းတွေ ကော့တက်ပြီး ကာတွန်းကားကို ပိတ်ကာ တခြား ရုပ်ရှင်တွေကို ရှာကြည့်လိုက်သည်။ “ ကိုယ် ကာတွန်းကား မကြိုက်ဘူး။ ရိုမန့်တစ်ဆန်တဲ့ တခြား ဇာတ်ကားတွေ ကြည့်ကြမလား။ ”

သူနှင့် ရိုမန့်စ်ကားတွေ ထပ်မကြည့်ရဲတော့တဲ့ ကျန်းပေါင်က သူ့ဆီ လျှောက်သွားပြီး ကီးဘုတ်ကို လက်နှင့် အုပ်၍ ခပ်တိုးတိုး ငြင်းဆန်လိုက်သည်။ “ ကျွန်မ ကာတွန်းကားတွေပဲ ကြိုက်တယ်။ ”

ဖူမင်ရှစ်က ကျန်းပေါင်ကို မော့ကြည့်ပြီး ရုတ်တရက်ပဲ သူ့ပေါင်ပေါ်ကို ဆွဲခေါ်ပွေ့ဖက်ပြီး ကျွမ်းကျင်စွာ နမ်းရှိုက်ခဲ့လေသည်။ ကျန်းပေါင်ရဲ့ ခေါင်းထဲမှာ မူးဝေနေသည်။ ဖူမင်ရှစ်ရဲ့ လက်က သူမရဲ့ သိုးမွေးဆွယ်တာအောက်ကို ဝင်လာပြီး ဖြည်းညင်းစွာ လှုပ်ရှားနေတာမို့ ကျန်းပေါင်က သူ့လက်ကို စိတ်လှုပ်ရှားစွာ ဖမ်းဆုပ်လိုက်သည်။

သူမရဲ့ နူးညံ့သော အသားအရေနှင့် ဖူမင်ရှစ်ရဲ့ လက်ချောင်းတွေ ထိတွေ့ချိန်မှာပဲ စားပွဲပေါ်မှာ တင်ထားတဲ့ ကျန်းပေါင်ရဲ့ ဖုန်းကနေ WeChat မက်ဆေ့ခ်ျဝင်သံလေး ထွက်ပေါ်လာ၏။ ကျန်းပေါင်ရဲ့ ခန္ဓာကိုယ်လေး တောင့်တင်းနေပြီး ဖူမင်ရှစ်ကတော့ သူမရဲ့ လည်ပင်းကို နှာခေါင်းနှင့် ပွတ်သီးပွတ်သပ် လုပ်နေမိသည်။ ဖူမင်ရှစ်က တစ်မိနစ်လောက် ကြာတော့မှ သူမကို လွှတ်ပေးပြီး ရေခွက်ထဲကို ရေသွားထည့်လိုက်သည်။

ကျန်းပေါင်သည် သူမရဲ့ အဝတ်အစားတွေကို ဆွဲဆန့်ကာ WeChat ကို မျက်နှာရဲရဲနှင့် ကြည့်လိုက်တော့ ရှေင်ယာက ပါတီပွဲအတွက် ပြင်ဆင်နေတဲ့ ဓာတ်ပုံလေး ပို့ထားတာ ဖြစ်ပြီး ထိုဓာတ်ပုံထဲမှာ ချန်ယိလည်း ပါဝင်သည်။

ဖူမင်ရှစ်က သူမအနားကို ရေတစ်ခွက်နှင့် လျှောက်လာပြီး “ ဘယ်သူ မက်ဆေ့ခ်ျပို့တာလဲ။ ” ဟု မေးသောအခါ ကျန်းပေါင်က ရှောင်ယာကို စာပြန်နေရင်း “ ရှောင်ယာလေ။ ကျွန်မတို့ မနက်ဖြန် သူ့အိမ်ကို သွားရမှာ။ ” ဟု ရှင်းပြလိုက်သည်။

ဖူမင်ရှစ်က ရေခွက်ကို ချပြီး ဓာတ်ပုံထဲက အမျိုးသားရဲ့ မျက်နှာကို ထောက်ကြည့်သည်။

“ ဒီရုပ်ချောတဲ့ လူက ဘယ်သူလဲ။ ”

ကျန်းပေါင်က “ ရှောင်ယာရဲ့ အစ်ကို။ ” ဟု ပေါ့ပေါ့ပါးပါးပါး ပြောလိုက်တော့ ဖူမင်ရှစ်က သူမကို စောင်းငဲ့ကြည့်ကာ “ မင်းလည်း သူ့ကို ရုပ်ချောတယ်လို့ ထင်တာလား။ ” ဟု မေးသည်။

ရှောင်ယာဆီ မက်ဆေ့ခ်ျပြန်ပို့ပြီးတဲ့ ကျန်းပေါင်က သူမကို ဖူမင်ရှစ် ထောင်ချောက်ဆင်နေမှန်း နားလည်သွားကာ ဓာတ်ပုံကို ရယ်မော၍ ကြည့်လိုက်သည်။ “ ရှင့်လောက်တော့ မချောဘူး။ ”

ဖူမင်ရှစ်က သူမရဲ့ နဖူးကို နမ်းပြီး ဆုချပါသည်။

~

ပါတီပွဲက ညနေ ( ၆ ) နာရီမှာ စပြီး ဖူမင်ရှစ်က ကျန်းပေါင်အား ချန်မိသားစု အပန်းဖြေစံအိမ်သို့ ပွဲစချိန်ထက် ( ၁၀ ) မိနစ် စော၍ ကားမောင်း လိုက်ပို့ပေးခဲ့သည်။ ဖူမိသားစုရဲ့ အပန်းဖြေစံအိမ်နှင့် တန်းတူဖြစ်သော ဒီဗီလာကို ကြည့်ကာ ချန်မိသားစုဟာလည်း အလွန် ချမ်းသာကြောင်း ကျန်းပေါင် နားလည်သွားသည်။

ဧည့်သည်တွေ ရောက်လာတာမို့ ရှောင်ယာနှင့် ချန်ယိတို့ နှစ်ယောက်အတူ ထွက်လာပြီး ကြိုဆိုနေခဲ့သည်။ ရှောင်ယာက ကျန်းပေါင်ဘေးက ခပ်ချောချော အမျိုးသားကို ခပ်ဝေးဝေးမှ လှမ်းမြင်ချိန်ကတည်းက ပါးစပ်ကို လက်နှင့် အံ့အားသင့်စွာ အုပ်လိုက်မိသည်။ တရုတ်-အမေရိကန် သွေးနှော မိန်းကလေးတစ်ယောက်အနေဖြင့် အရှေ့တိုင်းနှင့် အနောက်တိုင်း အမျိုးသားတွေရဲ့ ဆွဲဆောင်မှုရှိသော လက္ခဏာတွေကို သူမ အသိအမှတ်ပြုပေးနိုင်ပါသည်။ ချန်ယိက သူ့ရုပ်ရည်ကို စိတ်ထဲကနေ ချီးကျူးပြီးမှ အစ်ကိုဖြစ်သူကို သနားသလို ကြည့်လိုက်သည်။

“ အစ်ကို့မှာ အခွင့်အရေးမရှိတဲ့ ပုံပဲ။ ”

ချန်ယိ အောင့်သက်သက် ပြုံးမိသည်။ နူးညံ့ဖြူစင်သော ပထမနှစ်ကျောင်းသူလေးမှာ ကောင်လေး ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပါ။

“ သူက နင့်ကောင်လေးလား ကျန်းပေါင်။ ” ရှောင်ယာက ကျန်းပေါင်ဘေးကို လျှောက်သွားပြီး အကဲပိုပို လေသံနှင့် မေးလိုက်သည်။ အခန်းဖော်တွေဆီမှာ စနောက်ခံရခြင်းနှင့် ကျင့်သားရနေတဲ့ ကျန်းပေါင်ကလည်း သဘာဝကျကျပဲ ချက်ချင်း ဝန်ခံလိုက်သည်။

ရှောင်ယာက ဖူမင်ရှစ်ကို နည်းလမ်းပေါင်းစုံနှင့် ချီးကျူးနေချိန်မှာ သူတို့ဘေးမှာ ရပ်နေတဲ့ ချန်ယိရဲ့ နှလုံးသားထဲက နောက်ဆုံး မျှော်လင့်ချက် အလင်းရောင်လေးဟာ ပျောက်ကွယ်သွားသည်။ ကံကောင်းစွာဖြင့် ကျန်းပေါင်အပေါ် ထားတဲ့ သူ့ခံစားချက်တွေက တစ်ဖက်သတ် သဘောကျရုံသာ ဖြစ်ပြီး အရမ်းကြီး လေးလေးနက်နက် မဟုတ်၍ အသည်းကွဲမသွားပါ။ ထို့ကြောင့် အိမ်ရှင်အနေဖြင့် ဖူမင်ရှစ်အား တည်တည်ငြိမ်ငြိမ်ပဲ ကြိုဆိုလိုက်နိုင်သည်။

ဖူမင်ရှစ်ကလည်း ချန်ယိ အချိန်မီ နောက်ဆုတ်သွားတာကို မြင်သောကြောင့် ဧည့်သည်တစ်ယောက်အနေဖြင့် ကျန်းပေါင်နှင့်အတူ ပျော်ဖို့ကိုပဲ အာရုံစိုက်ထားလိုက်တော့သည်။ ပါတီပွဲက ည ( ၁၀ ) နာရီမှာ ပြီးဆုံးသွား၏။ အများကြီး သောက်မထားတဲ့ ဖူမင်ရှစ်က ဗီလာကို သူကိုယ်တိုင်ပဲ ‌ကားမောင်းလာခဲ့သည်။

ကားရပ်သွားသော်လည်း သူက ကားတံခါးကို ချက်ချင်း မဖွင့်ပေ။ ထိုအစား ကျန်းပေါင်ရဲ့ လက်ကလေးကို ဆုပ်ကိုင်ကာ နားလည်ရခက်သော မျက်ဝန်းများနှင့် ကြည့်နေခဲ့သည်။ ဖူမင်ရှစ်ရဲ့ ဒီလို ပုံစံကို ကျန်းပေါင် အခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သူမရဲ့ မွေးရပ်မြေမှာ သူတို့နှစ်‌ယောက် စတွေ့တုန်းက ဖူမင်ရှစ်နှင့် သူမကြားမှာ အလွှာတစ်ခု ခြားထားပြီး သူဟာ သူမနှင့် လုံးဝ မတူညီတဲ့ ကမ္ဘာက လူတစ်ယောက် ၊ တီဗီထဲက လူတစ်ယောက်ဟု ခံစားခဲ့ရသည်။

တဖြည်းဖြည်း နှစ်ယောက်အတူ အချိန်ကုန်ဆုံးကြည့်တော့မှ ဖူမင်ရှစ်ဟာ အလွန် ထောက်ထားငဲ့ညှာတတ်ကြောင်း နားလည်သွားခဲ့သည်။ သူမ ဘာကိုပဲ လိုအပ်ပါစေ ၊ သူက ကြိုတင် စဉ်းစားထားလေ့ရှိသည်။ သူတို့ အမြင်မတူတဲ့ ကိစ္စတစ်ခုခု ရှိလျှင်တောင် နောက်ဆုံးမှာ သူ့ဘက်က လိုက်လျောပေးသည်။

ဒါပေမဲ့ အခု သူမရှေ့က ဖူမင်ရှစ်ကတော့ ဝေခွဲရခက်သော ဘေးကြပ်နံကြပ် အခြေအနေ တချို့နှင့် ရင်ဆိုင်နေရပြီး သူမကို ဘာပြောလို့ ပြောရမှန်း မသိ ဖြစ်နေပုံပေါ်သည်။ သူ ဘာလို့ ရုတ်တရက်ကြီး အခုလို ပြောင်းလဲသွားတာလဲ ဆိုတာ ကျန်းပေါင် နားမလည်နိုင်ပါ။ “ ဘာဖြစ်လို့လဲဟင်။ ” ဟု ခပ်တိုးတိုး မေးလိုက်တော့ ဖူမင်ရှစ်က သူမကို ကြည့်ပြီး ပြုံးသည်။

“ ဘာမှ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ မနက်ဖြန် ကိုယ့်မိဘတွေ ဒီကို ရောက်လာလိမ့်မယ်။ သူတို့လည်း နှစ်သစ်ကို ဒီမှာ နေမယ်တဲ့။ ”

ကျန်းပေါင် မျက်လုံးပြူးသွားသည်။ ဖူမင်ရှစ်က သူမ အဲ့ဒီလို တုံ့ပြန်လိမ့်မယ် ဆိုတာ မျှော်လင့်ထားပြီးသားမို့ “ ကြောက်လို့လား။ ” ဟု ရွှတ်နောက်နောက်လေး မေးလိုက်သည်။

ကျန်းပေါင်က တောင့်တင်းစွာ ခေါင်းခါယမ်းရင်း အရှေ့ဘက် ကားပြတင်းပေါက်ဆီ အကြည့်ရောက်သွားမိသည်။ သူမ မကြောက်ပါ ၊ စိတ်လှုပ်ရှားမိရုံလေးသာ ဖြစ်သည်။ မေလတုန်းက တက္ကသိုလ်ဝင်စာမေးပွဲအတွက် ပြင်ဆင်ဖို့ မြို့တော်ကို လာခဲ့ရသည်။ ထိုကာလအတွင်း ဖူမင်ရှစ်ရဲ့ အဖေ ဖူကျန်းနှင့် တွေ့ဆုံခဲ့ပြီး ဖူအမျိုးသား သုံးယောက်လုံး ရှိနေခဲ့သည်။

အဘိုးဖူက အိုမင်းနေပြီမို့ အပြင်ပန်း ကြည့်ရသလောက် ဖူမင်ရှစ်က ဖူကျန်းနှင့် ပိုတူသည်။ အသက် ငါးဆယ်ကျော်အရွယ် ဖူကျန်းဟာ ရှိရင်းစွဲ အသက်ထက် အများကြီး အရွယ်တင် နုပျိုပြီး တည်ငြိမ်ခန့်ညားသည် ၊ ဂုဏ်သိက္ခာနှင့် ပြည့်စုံသည်။ ကျန်းပေါင်ရဲ့ စိတ်ကူးထဲမှာ ပုံဖော်ထားတဲ့ လုပ်ငန်းစုကြီး တစ်ခုရဲ့ ဥက္ကဌပုံရိပ်နှင့် တစ်ထပ်တည်းပါပဲ။

ဖူကျန်းက စကားပြောနည်းပြီး အေးစက်သော ကိုယ်နှုတ်အမူအရာ ရှိသည်။ သူတို့ တွေ့တုန်းက သူမအား နေရ ထိုင်ရတာ အဆင်ပြေလား ၊ ဘာတွေ လိုအပ်လဲ စသည်ဖြင့် သူစိမ်းဆန်တယ်လည်း မဟုတ် ၊ နွေးထွေးတယ်လည်း မဟုတ်သော မေးခွန်း တချို့ကို မေးခဲ့သည်။ ထိုအချိန်တုန်းက သူမကလည်း ဖူမင်ရှစ်နှင့် အတူတူ နေဖို့ တွေးတောင် မတွေးရသေး‌သဖြင့် ဖူကျန်းရဲ့ သဘောထားကို သိပ်အာရုံမစိုက်မိခဲ့ပေ။

ဒါပေမဲ့ အခု သူမနှင့် ဖူမင်ရှစ်က တကယ့် ချစ်သူတွေ ဖြစ်သွားပြီ ဆိုတော့ ဖူကျန်းက သူမကို သဘောမကျရင် ဘယ့်နှယ့် လုပ်မလဲ … ။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ သူမ ဖူကျန်းနှင့် ဆုံဖူးတာမို့ သူ့ကို အနည်းအကျဉ်းတော့ နားလည်သည်။ ဖူမင်ရှစ်ရဲ့ အမေ ဖန့်ခယ်နှင့် ရင်ဆိုင်ရမှာကိုသာ အကြောက်ဆုံး ဖြစ်သည်။

ဖန့်ခယ်က နိုင်ငံတစ်ဝှမ်းမှာ အကျော်ကြားဆုံး ဖက်ရှင်ဒီဇိုင်နာတစ်ယောက် ဖြစ်ပြီး သူမ တည်ထောင်ထားတဲ့ “ ဟွားထင်း ” ဖက်ရှင်အမှတ်တံဆိပ်ဟာ အရှေ့တိုင်းရဲ့ ခမ်းနားမှုကို မီးမောင်းထိုးပြနေသည့် အလွန် လှပသော ညနေခင်း ပွဲတက်ဝတ်စုံတွေ ၊ လက်ရာအနုစိပ်သော အနောက်တိုင်းဝတ်စုံတွေကို ထုတ်လုပ်ပေးနေသည်။ ထိုအမှတ်တံဆိပ်က အနုပညာရှင်တွေ ၊ လူချမ်းသာတွေကြားမှာ နာမည်ကြီးကာ ရာသီတိုင်းမှာ ရေပန်းစားသော ဖက်ရှင်တွေကို ဖန်တီးပေးလေ့ရှိသည်။ သူမ ထုတ်ဝေတဲ့ ဟွားထင်း ဖက်ရှင်မဂ္ဂဇင်းကလည်း နိုင်ငံတစ်ဝှမ်းရှိ ဖက်ရှင်မဂ္ဂဇင်းတွေကြားမှာ ရောင်းအား အကောင်းဆုံး ထိပ်တန်း ဖြစ်သည်။

စီးပွားရေးလောကမှာ ဖန့်ခယ်ဟာ အရည်အချင်းရှိပြီး ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦး ၊ တသီးတခြား နေတတ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိတဲ့ အမျိုးသမီးတစ်ဦး ဖြစ်သည်။ အွန်လိုင်းပေါ်မှာ တွေ့ရတဲ့ ဓာတ်ပုံတွေ ၊ အင်တာဗျူးတွေထဲမှာ သူမရဲ့ အပြုံးကို မြင်ရလေ့မရှိ။ ဖန့်ခယ် ပြုံးနေတာကို ဖူမင်ရှစ်ရဲ့ ဖုန်းထဲက ဓာတ်ပုံအယ်လ်ဘမ်မှာပဲ ကျန်းပေါင် မြင်ဖူးပြီး ထိုအပြုံးကပင် မှိန်ဖျော့ဖျော့သာ။

“ မင်း ကိုယ့်အဖေနဲ့ဝောာ့ တွေ့ဖူးပါတယ်။ ကိုယ့်အမေကတော့ … ” ဖူမင်ရှစ်သည် ကျန်းပေါင်ရဲ့ စိုးရိမ်ပူပန်နေသော မျက်နှာလေးကို ကြည့်ကာ စကားလုံးတွေကို ဂရုတစိုက် ရွေးချယ်လိုက်၏။ “ ကိုယ့်အမေကတော့ စည်းကမ်းကြီးပြီး ပြတ်သားတယ်။ သူ့စိတ်ထဲ ရှိတဲ့ စကားတွေကို တစ်ဖက်လူရဲ့ ခံစားချက်ကို ထည့်မတွေးဘဲ ပြောတတ်တယ်။ သူက အဝတ်အစားတို့ ၊ ဖက်ရှင်တို့နဲ့ ပတ်သက်ရင် အရမ်း ကြေး(ဂျီး)များတယ် ၊ တစ်ခါတလေ ကိုယ့်အဖေတောင် သူ့ကို အပြစ်ပြောတဲ့အထိပဲ။ ဒါပေမဲ့ သူ ဘာပြောပြော မင်း စိတ်ထဲ မထည့်ပါနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ကိုယ်နဲ့ လက်ထပ်ရမှာ။ ”

ဖူမင်ရှစ်က ကျန်းပေါင်ကို မခြောက်ချင်သော်လည်း သူ့အမေရဲ့ ဒေါသက မကောင်းသတင်းနှင့် ကျော်ကြားတာမို့ သူမကို စိတ်ပိုင်းဆိုင်ရာအရ ကြိုတင် ပြင်ဆင်ထားစေချင်သည်။ မဟုတ်ရင် ကျန်းပေါင်ရဲ့ ထိရှလွယ်တဲ့ သဘာဝနှင့် ဆိုလျှင် သူ့အမေရဲ့ တုတ်ထိုးအိုးပေါက် အပြောကြောင့် ကျန်းပေါင် ငိုပြီး ထွက်ပြေးသွားလိမ့်မည်။

ကျန်းပေါင်ရဲ့ စိတ်ထဲမှာ ဂဏှာမငြိမ် ဖြစ်နေကာ ဖူမင်ရှစ် ရှင်းပြတာကို နားထောင်ရင်း တဖြည်းဖြည်း ပိုကြောက်လာမိလေသည်။

“ ဒီညတော့ အဲ့ကိစ္စကို ခဏ မေ့ထားပြီး စိတ်အေးလက်အေး အိပ်ရအောင်။ မနက်ဖြန်ကျ မင်းဘေးမှာ ကိုယ် အချိန်ပြည့် ရှိနေမှာပါ။ ” ဖူမင်ရှစ်က ကျန်းပေါင်ရဲ့ နဖူးလေးကို နမ်းပြီး နူးညံ့ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။

ကျန်းပေါင်က သူ့စကားကို ခပ်တိုးတိုး တုံ့ပြန် ခေါင်းညိတ်ကာ ကားပေါ်မှ ဆင်းခဲ့လိုက်သည်။

~

ဖူကျန်းတို့ဇနီးမောင်နှံသည် လေဆိပ်ကို နေ့လယ် ( ၁၂ ) နာရီဝန်းကျင်မှာ ဆိုက်ရောက်ခဲ့သည်။ နာရီဝက် စောထွက်ပြီး သွားကြိုတဲ့ ဖူမင်ရှစ်နောက်ကို ကျန်းပေါင်လည်း ယဉ်ကျေးမှုအရ လိုက်သွားချင်ပေမဲ့ အဘိုးဖူက သူမကို မိသားစုဝင်တစ်ယောက်ကဲ့သို့ ဖြောင်းဖြခဲ့သည်။ “ အဘိုးကိုပဲ အဖော်ပြုပေးစမ်းပါ ဖန့်ပေါင်ရယ်။ မင်ရှစ်ကို သူ့ဘာသာ တစ်ယောက်တည်း သွားကြိုခိုင်းလိုက်။ သူ့အမေက ဒေါသကြီးတယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားတယ်။ အဘိုးတို့ သူနဲ့ မတွေ့ရလေ ကောင်းလေပဲ။ ”

သူ့သားကိုယ်တိုင် ရွေးချယ်ထားတဲ့ ထိုချွေးမကို အဘိုးဖူက ဘာမှ မကန့်ကွက်ခဲ့သော်လည်း သူ့သားထက်တောင် အေးစက်တင်းမာတဲ့ လူမျိုးနှင့် ဝေးဝေးသာ နေချင်မိသည်။ သူလည်း သူ့ဘဝနှင့်သူ နေသည် ၊ ကလေးတွေလည်း သူတို့ဘဝနှင့်သူတို့ နေသည်။ လူတိုင်းက အလုပ်ရှုပ်နေပြီး အားလပ်ရက်နှင့် ပွဲတော်လို အထူး နေ့မျိုးတွေမှာသာ ဆုံတွေ့ကြလေ့ရှိသည်။

ကျန်းပေါင်သည် လူက အပန်းဖြေစံအိမ်မှာ ရှိသော်လည်း စိတ်ကတော့ ကယောင်ခြောက်ခြားဖြစ်ကာ အပြင်ဘက်က ဘာသံတွေ ကြားရမလဲဟု နားစွင့်နေမိသည်။

လေဆိပ်မှာတော့ ဖူမင်ရှစ်သည် သူ့မိဘတွေ ထွက်လာတာကို နောက်ထပ် နာရီဝက်လောက် စောင့်လိုက်ရသည်။ ဖူကျန်းက အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သားဖြစ်သူကို မြင်တော့ ပြုံးတောင် ပြုံးနေသေးသည်။ သူ့ဘေးမှာတော့ ဖန့်ခယ်က အနက်ရောင် လေကာ အပေါ်အင်္ကျီနှင့် နေကာမျက်မှန်ကို တပ်ဆင်ထားကာ မှန်ဘောင်အောက်က ဖြူကြည်သော အသားအရေနှင့် ကြက်သွေးရောင် နှုတ်ခမ်းတို့က သူမရဲ့ အသက်ကို ဖုံးကွယ်ပေးထားသည်။ အရပ်ရှည်ရှည်နှင့် သွယ်လျသော သူမဟာ လေဆိပ်ထဲက ယောက်ျား ၊ မိန်းမ,မရွေး လူတိုင်းရဲ့ အကြည့်ကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့သည်။

“ အဖေ … အမေ … ” ဖူမင်ရှစ်က ရှေ့ထွက်ကာ ထို‌နာမည်တွေကို အသုံးပြု၍ အမျိုးသား တချို့ရဲ့ စိတ်ကူးယဉ် အိပ်မက်တွေကို ဖျက်ဆီးပစ်လိုက်ရလေသည်။ အသိစိတ်ကပ်ကြစမ်းပါ ၊ ဒီအမျိုးသမီးရဲ့ သားတောင် အသက် သုံးဆယ်နား ကပ်နေပြီ … ။

“ ကျန်းပေါင်လည်း လိုက်ချင်ပေမဲ့ အဘိုးက သူ့ကို အိမ်မှာပဲ နေခိုင်းလို့ လိုက်မလာရတာပါ။ ” ဖူမင်ရှစ်က အနာဂတ် ယောက္ခမလောင်းတွေကို လာမတွေ့နိုင်တဲ့ သူ့သတို့သမီးလောင်းလေးအတွက် အရင်ဆုံး ရှင်းပြလိုက်သည်။ ဖူကျန်းကတော့ သူ့သားရဲ့ ချွေးမလောင်းလေးအပေါ် တွေးပေးမှုကို ကြည့်ပြီး အလွန် ကျေနပ်သွားလေသည်။

ဒီကလေးနှစ်ယောက်ကို လက်‌ထပ်ပေးဖို့ အဘိုးဖူ ပြောတုန်းက မျိုးဆက်ဟောင်းတွေရဲ့ ကတိကဝတ်တွေကြောင့် သူ့သား သဘောမကျတဲ့ မိန်းကလေးနှင့် လက်ထပ်ရမှာ စိုး၍ သူ လက်မခံနိုင်ခဲ့ပါ။ ဒါပေမဲ့ အခုတော့ ကလေး နှစ်ယောက်လုံးက တစ်ယောက်ကို တစ်ယောက် သဘောကျနေပြီမို့ သူ့သားက မချစ် ၊ မနှစ်သက်သူနှင့် လက်ထပ်စရာ မလိုတော့သလို ကျန်းပေါင်လည်း သူ့သားနှင့် စိတ်မပါဘဲ လက်ထပ်ဖို့ မလိုတော့။ ဒါက နှစ်ဖက်လုံးအတွက် အကျိုးမယုတ်တဲ့ အခြေအနေ ဖြစ်သည်။

ဖူမင်ရှစ်က သူ့အဖေကို စိတ်မပူဘဲ စကားပြောနေစဉ် တစ်လျှောက်လုံး သူ့အမေကိုသာ ကြည့်နေမိသည်။ နေကာမျက်မှန်ရဲ့ နောက်ကွယ်မှာ သူ့အမေရဲ့ အနီရောင် နှုတ်ခမ်းထောင့်စွန်း တစ်ဖက်က သရော်တော်တော် အပြုံးလေးအဖြစ် ကော့တက်သွားသည်။ သူမကို လာမကြိုတဲ့ ချွေးမလောင်းလေးကို သရော်တာလား ၊ ချစ်သူကိုယ်စား စိတ်အားထက်သန်စွာ ရှင်းပြပေးနေတဲ့ သားဖြစ်သူကို သရော်တာလားတော့ မပြောတတ်ပါ။

ဖူမင်ရှစ်သည် သူ့အမေရဲ့ နှုတ်ခမ်းတွေ ခပ်တင်းတင်း စေ့ပိတ်သွားတာကို ကြည့်ကာ လေဆိပ်ထဲက ခေါ်ထုတ်လာတဲ့ လမ်းတစ်လျှောက်လုံး ဘာစကားမှ ထပ်မပြောဖြစ်တော့ပေ။ ကားထဲကို ရောက်သည်နှင့် တစ်ပြိုင်နက် ဖန့်ခယ်က လက်ပိုက်ထားပြီး ပြတင်းပေါက် အပြင်ဘက်ကို ခေါင်းလေး စောင်းငဲ့ ကြည့်၍ အသံတိတ်နေခဲ့သည်။ သူ့အဖေက အဘိုးရဲ့ ကျန်းမာရေးအကြောင်း မေးတော့လည်း သူ့အမေက အသံတိတ်နေသည်။

သူတို့မိသားစု သုံးယောက်က အစကတည်းက စကားနည်းသူတွေ ဖြစ်ပြီး သူတို့ရဲ့ ပုံမှန် ထိတွေ့ဆက်ဆံမှုတွေကလည်း အမြဲတမ်း ဒီလိုပဲ ဖြစ်သည်။ အပန်းဖြေစံအိမ်နားကို ရောက်လာတော့ ဖူမင်ရှစ်က သူ့မိဘတွေကို နောက်ကြည့်မှန်က တစ်ဆင့် ကြည့်လိုက်ကာ သူ့အမေရဲ့ မျက်နှာပေါ်ကို အကြည့်ရောက်သွားသည်။ “ ကျန်းပေါင်က ကျေးလက်ဒေသမှာ ကြီးပြင်းလာတာ ဆိုတော့ အဝတ်အစားတွေနဲ့ ပတ်သက်လို့ သိပ်ဂရုမစိုက်ဘူး အမေ။ သူ့ကို ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး ဘာမှ မပြောပါနဲ့။ သူက စိတ်ထိခိုက်လွယ်တယ်။ ”

ဖန့်ခယ်က သူမရဲ့ နေကာမျက်မှန်ကို လက်တစ်ဖက်နှင့် နည်းနည်း‌လေး ဆွဲချရင်း ရယ်မောလိုက်သည်။ “ အမေနဲ့ ပတ်သက်စရာ အကြောင်းမရှိတဲ့ လူ ဆိုရင် ဘာမှ မပြောပါဘူး။ ”

***

All Chapters