← Chapters

အခန်း ၄၄

Vol. 5 Ch. 44

အခန်း ၄၄

Vol. 5 Ch. 44

အပိုင်း ( ၄၄ )

ကျန်းပေါင်သည် သူမအတွက် ဖန့်ခယ် အဝတ်အစားဝယ်ပေးဖို့ ကမ်းလှမ်းတာကို ငြင်းပယ်ပြီးနောက်မှာ ဖန့်ခယ်ရဲ့ သူမအပေါ် ဆက်ဆံပုံက သိပ်ပြောင်းလဲမသွားတာကို မကြာခင်မှာပဲ သတိထားမိသည်။ အရင်အတိုင်း အေးစက်ဆဲ ဖြစ်ပေမဲ့ သူမကို ရန်တော့ မလိုပါ။

နှစ်သစ်ကူးပွဲတော်မှာတော့ မျိုးဆက် သုံးခုဟာ စားပွဲပတ်လည်မှာ ဝိုင်းဖွဲ့ထိုင်ပြီး ပြန်လည်ဆုံစည်းသည့် ညစာ စားနေခဲ့ကြ၏။ ပေကျင်းမြို့မှာ မျိုးရိုးစဉ်ဆက် နေထိုင်လာခဲ့တဲ့ ဖူမိသားစုအတွက် နှစ်သစ်ကူးပွဲတော် ညစာကတော့ ဖက်ထုပ် ဖြစ်သည်။ အဘိုးဖူက ကျန်းပေါင်အား သူမရဲ့ မွေးရပ်မြေမှာ နှစ်သစ်ဆို ဘာစားတတ်လဲဟု ကြိုမေးထားတာကြောင့် ခရမ်းချဉ်သီးကို အတုံးသေးသေးလေးတွေ တုံးပြီး ဆန်ကိတ်နှင့် ရောကြော်ထားတဲ့ ဟင်းလျာနှင့် ဆန်ကိတ်စွပ်ပြုတ်တို့ကို သူမအတွက် အထူးတလည် ပြင်ဆင်ပေးထားသည်။

အဘိုးဖူက “ များများ စားနော် ပေါင်ပေါင်။ ရှက်စရာ မလိုဘူး။ ” ဟု ဆိုကာ ကျန်းပေါင်ရဲ့ ပန်းကန်လုံးထဲသို့ ဖက်ထုပ် နှစ်ခုအား တူအရှည်ကြီးနှင့် အဆက်မပြတ် ခပ်ထည့်ပေး‌သည်။ ကျန်းပေါင်က သူမဘေးက လူတွေ အကုန်လုံးကို ဝေ့ဝဲကြည့်ရင်း နွေးထွေးတဲ့ ခံစားချက်ကို ထူးဆန်းစွာ ခံစားလိုက်ရသည်။

သူမရဲ့ အဖေ ကွယ်လွန်ပြီးနောက်ပိုင်း နှစ်သစ်ကူးပွဲတော်တွေကို ဘေးအိမ်က အဘွားကျန်းနှင့်အတူ ညစာ စားရင်း ကုန်ဆုံးခဲ့ရသည်။ အဘွားကျန်းက သူမကို ကောင်းကောင်း ဆက်ဆံပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က မိသားစု မဟုတ်ပါ။ တခြား မိသားစုတွေ အားလပ်ရက်ကို မျိုးဆက် သုံးဆက်နှင့် တစ်မိုးအောက်မှာ ဖြတ်သန်းနေတာကို ကြည့်ရင်း သူမနှင့် ပျော်ပွဲရွှင်ပွဲတွေ ပေါင်းစပ်လို့ မရသလို ခံစားခဲ့ရသည်။ ထို့ကြောင့် အစားအသောက်တွေကို ခပ်သွက်သွက် စားကာ တစ်ယောက်တည်း အိမ်ပြန်လာသည်။ အိပ်ရာထဲမှာ လဲလျောင်းလျက် ရွာလေးကို ဖုံးလွှမ်းနေတဲ့ မီးရှူးမီးပန်း ဖောက်သံတွေကို နားထောင်ရင်း ခွဲခွဲာခဲ့ရတဲ့ မိသားစုဝင်တွေအကြောင်း ပြန်တွေးသည်။

အခုတော့ သူမနှင့် ဖူမင်ရှစ်က ချစ်သူတွေမို့ တစ်နေ့မှာ သူမဟာ အဘိုးဖူ ၊ ယောက္ခမတွေနှင့်အတူ ဒီမိသားစုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မည်။ တစ်ယောက်တည်း အထီးကျန်ရတော့မှာ မဟုတ်ပါ။ တွေးရင်း မျက်လုံးထဲမှာ စိုစွတ်လာ၍ ကျန်းပေါင် အမြန် အတွေးပြောင်းလိုက်ရသည်။

ညစာ စားပြီးသောအခါ နှစ်သစ်ကူးချိန်မှာ ကစားတဲ့ ရိုးရာ ဂိမ်းကစားနည်း ဖြစ်သော မာကျောက်ကို တစ်မိသားစုလုံး ကစားခဲ့ကြသည်။ ပထမတော့ ကျန်းပေါင်က ဝင်မဆော့ဘဲ အဘိုးဖူဘေးမှာ ထိုင်ကြည့်နေခဲ့ပြီး ည ( ၈ ) နာရီထိုးတော့ အဘိုးဖူက အနားယူဖို့ အပေါ်ထပ်တက်သွားတော့မှ သူမက အဘိုးဖူရဲ့ နေရာကို ယူကာ ဖူမင်ရှစ်နှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။

ပထမ ကစားပွဲမှာ ဖူကျန်း အနိုင်ရတာမို့ ရှုံးတဲ့ သုံးယောက်က သူ့ကို WeChat ကနေ အန်ပေါင်း ပို့ပေးရသည်။ ဒိုင်ဖြစ်တဲ့ ကျန်းပေါင်လည်း သက်သာခွင့် မရပါ။ အဘိုးဖူက သူမ သုံးဖို့အတွက် သူ့ဖုန်းကို ချန်ထားပေးခဲ့ပေမဲ့ ကျန်းပေါင်ကတော့ ကိုယ်ပိုင် ပိုက်ဆံနှင့်သာ ကစားချင်သည်။

ဖူမင်ရှစ်သည် “ ငါ မင်းအတွက် ထည့်လွှဲပေးလိုက်မယ်။ ” ဟု သူမကို ကြည့်ရင်း ပြောကာ သူတို့ ရှုံးသွားတဲ့ ပိုက်ဆံကို သူ့အဖေဆီ လွှဲပေးလိုက်၏။ ဖူကျန်းက ခပ်ယဲ့ယဲ့ ပြုံးနေပေမဲ့ ဖန့်ခယ်ကတော့ မျက်ခုံးပင့်သည်။ “ ငါတို့ ကိုယ့်ရဲ့ ကိုယ်ပိုင် ပိုက်ဆံကိုပဲ ပို့သင့်တယ်။ မဟုတ်ရင် ကစားနေတာ ဘာအဓိပ္ပာယ်ရှိမှာလဲ။ ”

ဖူမင်ရှစ်က ကျန်းပေါင်ကို ထပ်ကြည့်တော့ သူမက သူ့ကို မျက်နှာရဲရဲနှင့် မျက်စောင်းထိုးသည်။ “ ကျွန်မရဲ့ ပိုက်ဆံကိုပဲ လွှဲလိုက်ပါ့မယ်။ ”

သူတို့နှစ်ယောက် သဘောတူညီမှု ရယူပြီးသောအခါ ဖူကျန်းက ရယ်မောပြီး ကျန်းပေါင်အား Friend Request ပို့လိုက်သည်။ ဖန့်ခယ်ကလည်း သူမကို အကောင့်အပ်ရင်း ကြောင်မည်းလေးနှင့် ခွေးမည်းလေးရဲ့ ပရိုဖိုင်ဓာတ်ပုံကို မြင်ချိန်မှာ နှုတ်ခမ်းထောင့်စွန်းတွေ အနည်းငယ် ကော့တက်သွားမိသည်။ ကျန်းပေါင်က ဖူကျန်းထံ ယွမ် ( ၄၀ ) လွှဲပြီးးနောက် သိပ်မကြာလိုက်ဘဲ သူမရဲ့ ဖုန်းထဲကို ငွေလက်ခံရရှိကြောင်း အချက်ပေးသံ နှစ်ခု ပြိုင်တူ ဝင်လာသည်။

ပထမ တစ်ခုက ဖူမင်ရှစ်က ယွမ် ( ၅၀၀ ) လွှဲလိုက်တာ ဖြစ်ပြီး နောက်တစ်ခုကတော့ ဖူကျန်းက ယွမ် ( ၅၀၀၀၀ ) လွှဲလိုက်တာ ဖြစ်သည်။ မက်ဆေ့ခ်ျထဲမှာ ‘ အန်ပေါင်း ’ လို့ ပြောထားတာကြောင့် ကျန်းပေါင်က ဖူကျန်းကို တစ်ချက် ခိုးကြည့်လိုက်သည်။ သူက ပုံမှန်အတိုင်း တည်ငြိမ်သော အမူအရာ‌ဖြင့် မာကျောက် အပြားလေးတွေကို ကုလားဖန်ထိုးနေ၏။ အန်ပေါင်း ပေးတာကို မငြင်းဆန်နိုင်ပေမဲ့ ယွမ် ( ၅၀၀၀၀ ) ကို ရုတ်တရက်ကြီး လက်ခံဖို့ကတော့ … ။

သူမ ချိတုံချတုံ ဖြစ်နေတုန်းမှာပဲ ဖူမင်ရှစ်က သူ့အဖေကို “ ကျန်းပေါင်ကိုယ်စား ကျွန်တော် လွှဲလိုက်တဲ့ ယွမ် ( ၄၀ ) ကို အဖေ ပြန်မလွှဲပေးရသေးဘူးနော်။ ” ဟု ထပြောသည်။

ဖူကျန်းရဲ့ တည်ငြိမ်နေသော မျက်နှာက ပထမဆုံးအကြိမ်အဖြစ် မည်းမှောင်သွားကာ သူ့သားကို စက္ကန့်ပိုင်းလောက် စိုက်ကြည့်နေပြီးမှ ပိုက်ဆံပြန်လွှဲပေးလိုက်သည်။ ဖန့်ခယ်က သူများ နှိပ်ကွပ်ခံရတာကို အားရဝမ်းသာ ရယ်မောနေချိန်မှာ ဖူမင်ရှစ်နှင့် ကျန်းပေါင်ကလည်း တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ကျိတ်ရယ်နေမိကြသည်။

ကျန်းပေါင်က ဖူကျန်း ပေးတဲ့ အန်ပေါင်းကို စိတ်ထဲ မထည့်တော့ဘဲ ဖုန်းဘေးကို ဘေးချထားလိုက်သည်။ သူတို့တွေ စကားတပြောပြောနှင့် မာကျောက် ကစားရင်း အချိန်တွေဟာ ပုံမှန်ထက် မြန်ဆန်စွာ ကုန်ဆုံးသွားပုံပေါ်သည်။ ဘယ်သူမှ သတိမထားမိခင်မှာပဲ ည ( ၁၀ ) နာရီကျော်သွားပြီ ဖြစ်ပြီး နောက်ဆုံး ကစားပွဲမှာ ဖူကျန်းက အချီကြီး အနိုင်ရခဲ့သည်။ ထို့ကြောင့် ဖန့်ခယ်က မာကျောက်အပြားလေးတွေကို မွှေနှောက်ပစ်ပြီး “ ငါ တော်ပြီ။ သွားအိပ်တော့မယ်။ ” ဟု ပြောကာ အပေါ်ထပ်ကို တစ်ယောက်တည်း တက်သွားသည်။

ဖူကျန်းက သူ့ဆီ ပိုက်ဆံလွှဲဖို့ လုပ်နေတဲ့ ကျန်းပေါင်ကို ကြည့်ပြီး ရယ်မောသည်။ “ ဒီအလှည့်ကို ထည့်မတွက်ပါဘူး။ မင်းတို့နှစ်ယောက်လည်း စောစော အိပ်ရာဝင်တော့။ ” ဟု ပြောပြီးနောက် သူလည်း ထသွားခဲ့သည်။

လူကြီးတွေ တစ်ယောက်မှ မရှိတော့မှ ကျန်းပေါင် အကြောဆန့်ရသည်။ သုံး ၊ လေးနာရီ ဆက်တိုက် ထိုင်ကာ မာကျောက် ကစားခဲ့တာမို့ ပခုံးတွေ နည်းနည်းလေး တောင့်တင်းကိုက်ခဲနေသည်။

“ မင်း ဘယ်လောက် ရှုံးသွားလဲ။ ” ဖူမင်ရှစ်က သူမရဲ့ နောက်ကို ရောက်လာပြီး ထိုင်ခုံနောက်မှီကို ဆုပ်ကိုင်၍ ခန္ဓာကိုယ်ကို ငုံ့ကိုင်းကာ မေးသည်။

ကျန်းပေါင်က ငွေလွှဲမှတ်တမ်းတွေကို ပြန်စစ်ကြည့်လိုက်သည်။ ခြုံငုံ့ပြောရလျှင် နိုင်တစ်လှည့် ၊ ရှုံးတစ်လှည့်နှင့် အရမ်းကြီး ကံမဆိုးဘဲ ယွမ် ( ၅၀ ) စွန်းစွန်းသာ ရှုံးခဲ့ပါသည်။

ဖူမင်ရှစ်က သူမရဲ့ နီရဲနေတဲ့ ပါးလေးတွေကို နမ်းရင်း “ တွေ့လား ၊ သူတို့ မင်းကို တကယ် သဘောကျတယ်။ ” ဟု ပြောလိုက်သည်။ သူ အလွန် ကျေနပ်နေကာ သူ့စကားကို ကျန်းပေါင် နားမလည်မှာ စိုး၍ နူးညံ့စွာ ရှင်းပြလိုက်သည်။ “ ကိုယ့်အမေသာ မင်းကို သဘောမကျရင် ကိုယ်တို့နဲ့ ဒီလောက် အကြာကြီး ကစားမှာ မဟုတ်ဘူး။ ”

ကျန်းပေါင်လည်း ဖန့်ခယ်က သူမကို သဘောမကျတာတော့ မဟုတ်ပါဘူးလို့ ဘာ့ကြောင့်မှန်း မသိဘဲ ခံစားရသည်။ ဒါပေမဲ့ မလုံမလဲဖြစ်တဲ့ စိတ်က ပိုများနေကာ ဖူမင်ရှစ်ဘက်ကို လှည့်ပြီး အမှန်အတိုင်း ဝန်ခံလိုက်သည်။ “ မနေ့တုန်းက ရှင့်အမေက ကျွန်မအတွက် အဝတ်အစားတွေ လိုက်ဝယ်ပေးချင်နေတာကို ငြင်းလိုက်မိတယ်။ ”

ဖူမင်ရှစ်က ရယ်မောပြီး သူမရဲ့ မျက်ခုံး ၊ မျက်တောင်လေးတွေကို ဖျတ်ခနဲ နမ်းလိုက်သည်။ “ မင်း ငြင်းလိုက်တာ ကံကောင်းတယ်။ သူ ရွေးပေးတဲ့ အဝတ်အစားတွေကို မင်း မကြိုက်မှာ သေချာတယ်။ ” ကျန်းပေါင်ရဲ့ ဖက်ရှင်အကြိုက်က ကျောင်းသူအရွယ်ကနေ မတက်သေးတာမို့ သူ့အမေ ရွေးချယ်ပေးတဲ့ အဝတ်အစားတွေဟာ သူမအတွက် အရမ်း လူကြီးဆန်ပါလိမ့်မည်။

ဖူမင်ရှစ်က သူမရဲ့ နားရွက်နားကို ကပ်ကာ “ မင်းလက်တွေ အရင် သွားဆေးလိုက်ဦး။ ကိုယ်တို့ ခြံထဲမှာ ခဏလောက် လမ်းလျှောက်ကြမယ်။ ” ဟု တီးတိုး ပြောလိုက်သည်။ သူ့မိဘတွေ ရောက်လာတဲ့ မနေ့ကတည်းက သူနှင့် ကျန်းပေါင်မှာ နှစ်ယောက်တည်း သေချာ အချိန်မကုန်ရသေး။

ကျန်းပေါင် ခေါင်းညိတ်လိုက်သည်။ မိနစ်ပိုင်းအကြာ ပထမထပ် ရေချိုးခန်းထဲက ပြန်ထွက်လာချိန်မှာတော့ သူမရဲ့ အနွေးထည်အပါးလေးကို ကိုင်ထားပြီး ဧည့်ခန်းတံခါးဝမှာ ရပ်စောင့်နေတဲ့ ဖူမင်ရှစ်ကို မြင်ရသည်။ သူမ လျှောက်သွားလိုက်တော့ သူက စတိုးဆိုင်ဝန်ထမ်းတစ်ယောက်လိုမျိုး အနွေးထည်လေးကို ဖြန့်ထားပြီး သူမကို ဝတ်ပေးချင်နေခဲ့သည်။ ကျန်းပေါင်ရဲ့ စိတ်ထဲမှာ ကြည်နူးသွားကာ သူ အနွေးထည်ဝတ်ပေးတာကို တိတ်ဆိတ်စွာ ငြိမ်သက်လက်ခံလိုက်သည်။

ညဘက်မို့ အပြင်ဘက်မှာ ချမ်းအေးပြီး လေပြည်လေညှင်းလေးတွေ အနည်းငယ် တိုက်ခတ်နေသည်။ ဖူမင်ရှစ်က ကျန်းပေါင်ကို သစ်ပင်ရိပ်အောက်သို့ ခေါ်သွားကာ သစ်ပင်ကို မှီပြီး သူမအား သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ ထို့နောက် ခေါင်းလေး ငုံ့ပြီး “ မင်း ဒီည ပျော်ရဲ့လား။ ” ဟု မေးလိုက်တော့ ကျန်းပေါင်က သွက်လက်စွာ ခေါင်းညိတ်ပြသည်။

ဖူမင်ရှစ်သည် သူမရဲ့ နူးညံ့လွန်းသော ဆံပင်လေးတွေကို ညင်ညင်သာသာ ပွတ်သပ်ပေးရင်း “ မင်းကို တက္ကသိုလ်တက်ခိုင်းခဲ့မိတာ ကိုယ် နောင်တရတယ်။ ” ဟု ပြောလိုက်၏။ အနေအထားကို ချိန်ညှိကာ သူမကို သစ်ပင်မှာ မှီခိုင်း၍ သူက အပေါ်ကနေ အုပ်မိုးပြီးမှ ဆက်ပြောလိုက်သည်။ “ လာမယ့် ‌ဧပရယ်လဆို မင်းအသက် ( ၂၀ ) ပြည့်ပြီ။ ”

ကျန်းပေါင်က ကြောင်အမ်းအမ်းလေး ဖြစ်သွားကာ “ ဘာလို့လဲ။ ” ဟု ပြန်မေးပေမဲ့ သူကတော့ သူမ နားလည်အောင် ရှင်းပြမနေချင်တော့ပါ။ သူမရဲ့ ခါးလေးကို မြဲမြံစွာ ဆုပ်ကိုင်မြှောက်ချီပြီး နက်နက်ရှိုင်းရှိုင်း နမ်းရှိုက်လိုက်သည်။ သူတို့ တခြား ဘာကိုမှ မလုပ်နိုင်ပါ။ သူ့ရဲ့ အနမ်းစွမ်းရည်တွေကလည်း လေ့ကျင့်မှုနှင့်အမျှ တဖြည်းဖြည်း တိုးတက်လာခဲ့ပြီ ဖြစ်သည်။

ကျန်းပေါင်သည် လေထဲမှာ လွင့်မျောသလို ခံစားနေရ၏။ ကမ္ဘာပေါ်မှာ ပျော်စရာအကောင်းဆုံးက သူ့ဆီမှာ ပွေ့ဖက်နမ်းရှိုက်ခံရခြင်း ဖြစ်ဟန်တူသည်။ အချိန်တွေ ဘယ်လောက်တောင် ကြာသွားသလဲ မပြောတတ်ဘဲ နောက်ဆုံးမှာတော့ ဖူမင်ရှစ်က ကျန်းပေါင်နှင့် မခွာချင်သေးဘဲ ခွာပြီး သူမကို ပွေ့ချီ၍ အိမ်ထဲကို ပြန်ခေါ်လာခဲ့လိုက်သည်။

တံခါးနားကို ရောက်တော့ ကျန်းပေါင်က “ ကျွန်မကို အောက်ချပေး။ ” ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ လူကြီးတွေနှင့် အမှတ်မထင် တည့်တည့်တိုးမှာကို သူမ ကြောက်သည်။

“ သူတို့တွေ အကုန်လုံး အခန်းထဲ ရောက်နေပြီ။ ကိုယ်တို့ကို အာရုံမစိုက်အားဘူး။ ” ဟု ဖူမင်ရှစ်က ယုံကြည်ချက် အပြည့်ဖြင့် ပြန်ပြောလိုက်သည်။ သူက ကျန်းပေါင်ရဲ့ ကန့်ကွက်စကားသံလေးတွေကို လျစ်လျူရှုပြီး အိမ်ထဲကို ပွေ့ချီလာခဲ့လိုက်သည်။

ဖူကျန်းတို့ဇနီးမောင်နှံရဲ့ အခန်းက တတိယထပ်မှာ ရှိတာမို့ တတိယထပ်ကို ဖြတ်ကျော်လာချိန်မှာ ကျန်းပေါင်တစ်ယောက် ရင်တုန်နေခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ဘာမှ ဖြစ်မသွားခဲ့ပေ။ သူမရဲ့ အိပ်ခန်းတံခါးရှေ့ကို ချောမွေ့စွာ ရောက်လာတော့မှ ဖူမင်ရှစ်က သူမကို အောက်ချပေးပြီး နူးညံ့သော အကြည့်ဖြင့် ကြည့်၍ “ ကောင်းသော ညပါ။ ” ဟု ပြောသည်။

သူ အောက်ထပ်ဆင်းသွားတာကို ကြည့်နေပြီးနောက် ကျန်းပေါင် အရင်ဆုံး လုပ်တဲ့ အရာက အခန်းထဲကို ဝင်ကာ အွန်လိုင်းပေါ်မှာ “ အသက် ( ၂၀ ) ” လို့ ရှာကြည့်တာပဲ ဖြစ်သည်။ ထိပ်ဆုံးက ကျလာတဲ့ အချက်အလက်တွေက ဖူမင်ရှစ် ပြောသွားတဲ့ စကားနှင့် ဘာမှ မဆိုင်သဖြင့် ဝက်ဘ်ဆိုဒ် စာမျက်နှာရဲ့ အောက်ဆုံးထိ ဆွဲရှာကြည့်ရင်း သက်ဆိုင်ရာ ရှာဖွေမှုတွေထဲမှာ “ လက်ထပ်ရန် အသက်လိုအပ်ချက် ” ဟု ရေးထားတာကို သတိထားမိသွားသည်။

ကျန်းပေါင် ဆွံ့အသွား၏။ အမျိုးသမီးတွေအတွက် လက်ထပ်ဖို့ တရားဝင် အသက်လိုအပ်ချက်က ( ၂၀ ) လား … ။ ဒါဆို ဖူမင်ရှစ်က သူမနဲ့ လက်ထပ်ဖို့ အရမ်း အလျင်စလို ဖြစ်နေတာလား … ။

နှစ်သစ်ကူး အားလပ်ရက်တွေ ပြီးချိန်မှာ ဖူမင်ရှစ်က အလုပ်ပုံထဲ ခေါင်းပြန်စိုက်သွားသည်။ ကျန်းပေါင်ကတော့ အခုမှ ကျောင်းဖွင့်ရုံသာ ရှိသေး၍ စာမေးပွဲဖိအားတွေ သိပ်မရှိပါ။ ထို့ကြောင့် လောလောဆယ်မှာတော့ စာလုပ်ရတာ အရမ်းကို ပေါ့ပါးနေသည်။ ပြီးခဲ့တဲ့ နှစ်ဝက်သင်တန်းကာလနှင့် ယှဉ်လျှင် အပြောင်းအလဲ ဆိုလို့ ဖန့်ရွယ်ပဲ ရှိသည်။

သူတို့က အတန်းဖော်တွေမို့ အဆောင်တွေ ၊ စာသင်ဆောင်တွေမှာ တစ်ယောက်နှင့် တစ်ယောက် မတွေ့အောင် ရှောင်ဖို့ ခက်ပါသည်။ ပျော်ရွှင်စွာ စကားပြောဆိုနေသော အခြေအနေကနေ မမြင်ချင်ယောင်ဆောင်တဲ့ အခြေအနေကို ရောက်သွားတာမို့ အတော်လေး ကိုးရိုးကားရားနိုင်သည်။ ဖန့်ရွယ်မှာလည်း သူတို့ဌာနရဲ့ တခြား အတန်းက လူတွေ အပါအဝင် ရင်းနှီးတဲ့ သူငယ်ချင်း တချို့ ရှိ၍ တစ်ခါတလေ ကျန်းပေါင် စာကြည့်တိုက်က ပြန်လာတဲ့အခါ ဖန့်ရွယ်တို့အဖွဲ့နှင့် အမှတ်မထင် တွေ့တတ်သည်။ တစ်ယောက်နှင့် တစ်ယောက် ဖြတ်ကျော်လျှောက်လာတိုင်း သူတို့ရဲ့ စပ်စုလိုတဲ့ အကြည့်တွေကို ကျန်းပေါင် ခံစားရသည်။

ကျန်းပေါင် အဲ့ဒါကို သဘောမကျသော်လည်း တခြားသူတွေရဲ့ လုပ်ရပ်ကို မထိန်းချုပ်နိုင်ပါ။

ကြာသပတေးတေးနေ့ည အချိန်ပိုင်းအလုပ် ပြီးသွားလို့ သူမ ဆေးရုံထဲက ထွက်လာတော့ သူမရဲ့ စက်ဘီးနောက်ခုံပေါ်မှာ ထိုင်နေတဲ့ ဖူမင်ရှစ်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။ အခုဆို သူတို့နှစ်ယောက်မှာ ပုံမှန် ချိန်းတွေ့တဲ့ အကျင့်လေးလည်း စွဲနေပါပြီ။ ပြည်တွင်းနှင့် နိုင်ငံခြားကို လေယာဉ်ခရီးစဉ်တွေ မကြာခဏ ထွက်နေရပြီး အလုပ်ရှုပ်နေတဲ့ ဖူမင်ရှစ်က ပိတ်ရက်တွေမှာသာ ရောက်လာလေ့ရှိတာမို့ ဒီလို ကြည်နူးစရာ အံ့အားသင့်ရတာမျိုး ရှားသည်။

ကျန်းပေါင်က အပြုံးလေးဖြင့် သူ့ဆီ လျှောက်သွားပြီး “ ဒီနေ့ အလုပ်မရှုပ်ဘူးလား။ ” ဟု မေးလိုက်သည်။ ဖူမင်ရှစ်က သူမကို ရင်ခွင်ထဲ ဆွဲသွင်းကာ အရင်ဆုံး နမ်းရှိုက်ပြီးမှ ပါးစပ်က ထုတ်ပြောစရာ မလိုဘဲ ခေါင်းညိတ်သည်။

“ မင်း ဒီညစာ ဘာစားချင်လဲ။ ”

ကျန်းပေါင်က ကြေး(ဂျီး)မများပါ။ ထို့ကြောင့် သူ့ကိုပဲ ဆုံးဖြတ်ခွင့်ပေးလိုက်သည်။ ဖူမင်ရှစ်က A တက္ကသိုလ်အနီးတစ်ဝိုက်က စားသောက်ဆိုင်တွေနှင့် ရင်းနှီးနေပြီမို့ ငါးကင် စားရအောင် ခေါ်သွားခဲ့သည်။ ကျောင်းသား အများစု ညစာ စားပြီးသွားတဲ့ အချိန်မို့ စားသောက်ဆိုင်ထဲမှာ လူရှင်းနေသည်။ ဖူမင်ရှစ်က ကျန်းပေါင်ရဲ့ လက်ကို ဆုပ်ကိုင်ထားပြီး ငါးကန်ထဲက ကကတစ်ငါးတစ်ကောင်ကို ရွေးချယ်လိုက်၏။ ဆိုင်ရှင်က အလေးချိန် ချိန်ကြည့်တော့ ( ၄ ) ကျင်းတောင် ဖြစ်နေသည်။

“ အဲ့ဒီငါးက မကြီးလွန်းဘူးလား။ ” ဟု ကျန်းပေါင်က တိုးတိုးလေး မေးလိုက်တော့ ဖူမင်ရှစ်က သူမကို ပြုံး၍ စိုက်ကြည့်ကာ “ ကိုယ် အရမ်း ‌ဗိုက်ဆာနေတာ။ ” ဟု ပြန်ပြောသည်။

အဲ့ဒီနောက် သူက သူမကို ဆိုင်ထဲ ခေါ်လာပြီး ခဏလောက် ထိုင်စောင့်အပြီးမှာ အငွေ့တထောင်းထောင်း ထနေတဲ့ ငါးကင်ပူပူလေး ရောက်လာခဲ့သည်။ ပွက်ပွက်ဆူနေတဲ့ စွပ်ပြုတ်ရည်ကြောင့် သူမနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ဖူမင်ရှစ်ကို ဝေဝေဝါးဝါးသာ မြင်ရသည်။ ကျန်းပေါင်က အစပ်ကြိုက်သူပီပီ ငရုတ်သီး အနီတောင့်တွေကို မြင်ချိန်မှာ ဗိုက်ဆာသွားသော်လည်း တစ်ဝက်သာ စားပြီး ဗိုက်ပြည့်သွားကာ ဆက်မစားနိုင်တော့ပေ။

သို့သော်လည်း အမှန်တကယ် ဗိုက်ဆာနေပုံပေါ်တဲ့ ဖူမင်ရှစ်က ကျန်တဲ့ တစ်ဝက်ကို ကုန်အောင် စားပေးခဲ့သည်။ သူ့ရဲ့ ဖြူကြည်သော အသားအရေက နီရဲနေကာ နှုတ်ခမ်းလေးတွေကလည်း အကြောင်းပြချက် တချို့ကြောင့် ထူးဆန်းစွာ ဆွဲဆောင်မှုရှိနေသည်။

ဖူမင်ရှစ် မော့ကြည့်လာတော့မည် ဆိုတာကို သတိထားမိသော ကျန်းပေါင် သူမရဲ့ ဖုန်းဆီ အလျင်အမြန် အကြည့်လွှဲလိုက်သည်။ အချိန်က ( ၉ ) နာရီ ထိုးနေပါပြီ။ ညစာ စားပြီးတော့ ထုံးစံအတိုင်း စက်ဘီးကို စက်ဘီးပါကင်မှာ ရပ်ပြီး တက္ကသိုလ်ပရဝုဏ်ထဲမှာ လမ်းလျှောက်သည်။ လမ်းလျှောက်ခြင်းဟု ဆိုသော်လည်း အပြင်ဘက်မှာ ချမ်းစီးအေးစက်နေသည်။ ချစ်သူစုံတွဲအနေဖြင့် သူတို့က လေအေးတွေကြားထဲမှာ အကြာကြီး လမ်းလျှောက်ရလောက်အောင်ထိ မတုံးအပါ။

ဖူမင်ရှစ်ဟာ ကျန်းပေါင်ကို ဘောလုံးကွင်းထဲ ခေါ်သွားပြီး လေကွယ်သော နေရာဘက်က ပွဲကြည့်စင်ပေါ် တက်လာခဲ့လိုက်သည်။ သူက ထိုင်ခုံတစ်လုံးပေါ်မှာ ထိုင်ပြီး ကျန်းပေါင်ကတော့ သူ့ပေါင်ပေါ်မှာ ထိုင်သည်။ အနမ်းတွေက သူတို့အချစ်ဇာတ်လမ်းရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်လာပေမဲ့ အနမ်းတစ်ပွင့်ချင်းစီတိုင်းမှာ ဖူမင်ရှစ်က ခြေတစ်လှမ်း ရှေ့တိုးလေ့ရှိသည်။ အခုလည်း သူ့ရဲ့ လက်တွေက ကျန်းပေါင် ဝတ်ထားတဲ့ ဂျာကင်အင်္ကျီရဲ့ အပေါ်ယံ အလွှာကို ထိုးဖောက်ဝင်ရောက်ကာ သူမရဲ့ နွေးထွေးသော ခါးလေးကို အပေါ်ကနေ ပွတ်သပ်နေခဲ့သည်။

ဒါပေမဲ့ အကန့်အသတ် ဆိုတာ ရှိသေးတာမို့ သူ တခြား ဘယ်နေရာကိုမှ မထိရဲ ၊ မကိုင်ရဲပါ။

ဖူမင်ရှစ်က ပိတ်ရက်မှာ သူမကို အဖော်ပြု‌ပေးနိုင်တော့မည် မဟုတ်ကြောင်း တွေးကာ “ ကိုယ် မနက်ဖြန်ည ဟုန်ကျိုးကို လေယာဉ်နဲ့ သွားတော့မယ်။ ကုမ္ပဏီက ရင်းနှီးမြုပ်နှံထားတဲ့ ဇာတ်လမ်းတွဲ အသစ်က ရိုက်ကူးရေး စတော့မှာ ဆိုတော့ ဒါရိုက်တာနဲ့ တွေ့ဖို့ လိုတယ်။ ” ဟု ဝမ်းနည်းစွာ ပြောလိုက်သည်။

ကျန်းပေါင်ကတော့ ဝမ်းနည်းရမည့်အစား နည်းနည်းလေးတောင် စိတ်လှုပ်ရှားသွား၏။ “ အဲ့ဒီ ဒါရိုက်တာက ဒါရိုက်တာလင်ပင်းလား။ ”

မနှစ်တုန်းက ဖူမင်ရှစ် သူမကနု ဝေ့ပေါ်သုံးနည်း သင်ပေးတုန်းက ပရိသတ်တွေဟာ တိုက်ဆိုင်စွာပဲ ဖူမင်ရှစ်နှင့် ‘ ချန်အန်းရဲ့ ဘုန်းတန်ခိုး ’ ဇာတ်လမ်းတွဲထဲက ခေါင်းဆောင်မင်းသမီး ရှားယင်တို့အကြောင်းကို အတင်းအဖျင်းပြောနေခဲ့တာကြောင့် ကျန်းပေါင်က ထိုဇာတ်လမ်းတွဲကို သိထားသည်။ ဒါရိုက်တာလင်ပင်းက သူမ အကြိုက်ဆုံး ရှေးခေတ်ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဖြစ်ကြောင်း သိပြီးနောက်မှာတော့ ဒီဇာတ်လမ်းတွဲ အသစ်ကိုလည်း မျှော်လင့်နေမိသည်။

ဖူမင်ရှစ်က “ မင်း သူ့ကို ကြိုက်တယ်လား။ ” ဟု အံ့ဩတကြီး မေးတော့ ကျန်းပေါင်က ခေါင်းညိတ်ပြကာ ဒါရိုက်တာလင်ပင်းကို တစ်ထိုင်တည်း မရပ်မနား ချီးမွမ်းလိုက်သည်။

ဖူမင်ရှစ်က ရယ်မောပြီး သူမကို ဆွဲဆောင်သည်။ “ ဒါဆို မင်းရဲ့ အချိန်ပိုင်းအလုပ်ကနေ သုံး ၊ လေးရက်လောက် နားရက်ယူပြီး ငါနဲ့ လိုက်ခဲ့ပါလား။ ငါတို့ ဓာတ်ပုံရိုက်လို့ ရတယ်။ ”

ကျန်းပေါင်က စဉ်းတောင် မစဉ်းစားကြည့်ဘဲ ချက်ချင်း ငြင်းလိုက်သည်။ အနုပညာရှင်တွေ အများကြီး စုနေတဲ့ နေရာမှာ သတင်းထောက်တွေ ၊ ပရိသတ်တွေလည်း သေချာပေါက် ရှိလိမ့်မည်။ သူမ ဓာတ်ပုံရိုက်ခံရမှာ ‌ကြောက်ပါသည်။

သူ့သတို့သမီးလောင်းလေး လိုက်မှာ မဟုတ်မှန်း အစကတည်းက ခန့်မှန်းထားတဲ့ ဖူမင်ရှစ်က ဘာမှ မတတ်နိုင်ဘဲ သူမရဲ့ ခေါင်းလေးကို ပုတ်လိုက်ရသည်။ “ ဒါဆို ငါ မင်းအတွက် သူ့ဆီက အမှတ်တရ လက်မှတ်တောင်းလာခဲ့မယ်။ ”

လက်မှတ်ရရုံနှင့်ပင် ကျန်းပေါင်ကို အလွန် ကျေနပ်သွားစေဖို့ လုံလောက်သည်။ သူမက သူ့ကို ပျော်ရွှင်စွာ ကျေးဇူးတင်စကားဆိုလိုက်သည်။

***

All Chapters