အခန်း ၄၅
Vol. 5 Ch. 45
အပိုင်း ( ၄၅ )
“ မင်း ကိုယ့်ကို ဘယ်လို ကျေးဇူးတင်မှာလဲ။ ” ဖူမင်ရှစ်က သူမကို လေးနက်သိမ်မွေ့သော မျက်လုံးများဖြင့် ကြည့်နေသည်။ “ ကိုယ်က ပါးစပ်နဲ့ ကျေးဇူးတင်တာကို မကြိုက်ဘူး။ ”
သူ့ရဲ့ စနောက်မှုက သူ့အနမ်းတွေထက်တောင် ကျန်းပေါင်ကို ရင်ခုန်သံမြန်စေသည်။ သူမက မျက်နှာလေး ရဲသွားပြီး ဘေးဘက်ကို စက္ကန့်ပိုင်းလောက် တိတ်ဆိတ်စွာ ကြည့်နေပြီးမှ လည်ပင်းလေး လိမ်ကာ ဖူမင်ရှစ်ရဲ့ နှုတ်ခမ်းကို ဖျတ်ခနဲ နမ်းလိုက်သည်။ ထို့နောက် ခေါင်းငုံ့ပြီး “ ဒီလောက်ဆို ရပြီလား။ ” ဟု မေးလိုက်သည်။
ဖူမင်ရှစ်က သူမရဲ့ ခါးကို ပွေ့ဖက်ထားသော သူ့လက်တွေကို ပို၍ အားထည့်တင်းကြပ်ကာ သူမရဲ့ နားရွက်လေးကို ကိုက်လိုက်သည်။ “ စရံ ပေးချေမှုအတွက်တော့ လုံလောက်ပါပြီ။ ကျန်တဲ့ ဟာကိုတော့ ပြန်ရောက်မှပဲ ယူတော့မယ်။ ”
ကျန်းပေါင်က သူ့အနမ်းတွေ ထင်ကျန်ခဲ့သော နားရွက်လေးကို လက်နှင့် အုပ်ရင်း “ ဒါဆိုလည်း ကျွန်မ လက်မှတ် မလိုချင်တော့ဘူး။ ” ဟု ပြောလိုက်သောအခါ ဖူမင်ရှစ်က သူမရဲ့ လက်ကို ဆုပ်ကိုင်ပြီး စနောက်ချင်သလို ကြည့်သည်။ “ မင်းကို ပြောဖို့ မေ့သွားတာ။ ဒါက မဖြစ်မနေ လုပ်ရမယ့် လုပ်ငန်းပဲ။ စရံ ပေးချေပြီးပြီ ဆိုတော့ နောက်ကြောင်းပြန်လှည့်လို့ မရတော့ဘူး။ ”
သူက မရိုးဖြောင့်သော စီးပွားရေးသမားတစ်ယောက်လို ဟန်ဆောင်နေသော်လည်း အမှန်စင်စစ်မှာတော့ ကျန်းပေါင်ကို ရယ်မောစေပါသည်။ သူ့ရဲ့ နွေးထွေးသော ရင်ခွင်ကျယ်ကြီးကို သဘောကျတဲ့ သူမက သူ့ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။
ပိတ်ရက် ရောက်တော့ ဖူမင်ရှစ်က ဒါရိုက်တာလင်ပင်းနှင့် သွားတွေ့သလို ကျန်းပေါင်ကလည်း လုပ်စရာရှိတဲ့ အလုပ်တွေကို လုပ်နေခဲ့ရသည်။ လေလွင့်တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အစည်းရှိ တိရစ္ဆာန်လေးတွေထဲမှာ မကြာသေးခင်တုန်းကမှ ခေါ်လာတဲ့ လေလွင့်ကြောင် အသစ်လေး နှစ်ကောင် အပါအဝင် ရေချိုးပေးဖို့ လိုအပ်တဲ့ တိရစ္ဆာန်လေးတွေ အများကြီး ရှိသည်။
အခုဆို ကျန်းပေါင်က ဒီအလုပ်မှာ အတော်လေး ကျွမ်းကျင်နေပြီ ဖြစ်သည်။ ဌာနအသစ်က သူမကို ပေးထားတဲ့ တာဝန်တွေကို လက်စသတ်ပြီးချိန်မှာ အလောတကြီး ပြန်မသွားဘဲ နေ့တစ်ဝက်လုံး ချစ်စရာကောင်းစွာ ပြုမူကာ သူမရဲ့ အာရုံစိုက်မှုကို တောင်းခံနေတဲ့ ဆရာကြောင်အား ပွေ့ချီပြီး နေရောင်အောက်မှာ ထိုင်၍ သူ့လက်သည်းတွေကို သက်သပ်ရပ်ရပ်ဖြစ်အောင် ညှိပေးလိုက်သည်။
အရင်တုန်းက ဒီအလုပ်ကို မင်ကျစ်နျဉ် တာဝန်ယူခဲ့တာ ဆိုပေမဲ့ သူ ထွက်သွားပြီးနောက်ပိုင်း ဆရာကြောင်ဟာ သူမတစ်ယောက်တည်းကိုသာ အသိအမှတ်ပြုပြီး တခြား ဘယ်သူ့ကို ထိခွင့် မပေးပေ။
လက်သည်းတွေကို ညှိပေးပြီးသွားတော့ ကျန်းပေါင်က သူ့အမွေးတွေကို ညင်ညင်သာသာလေး ပွတ်နေလိုက်သည်။ ဆရာကြောင်ဟာ သူ့ဝမ်းဗိုက်လေးကို သက်သောင့်သက်သာရှိစွာ ပက်လက်လှန်ပြီး သမ်းဝေနေပုံမှာ ကျန်းပေါင်ကိုပင် အိပ်ငိုက်လာစေသည်။ ကြောင်တစ်ကောင်နှင့် သူမနှင့် နှစ်ယောက်တည်းကမ္ဘာ ဖြစ်နေတုန်းမှာပဲ အထဲကနေ စူးစူးဝါးဝါး အော်သံ ထွက်လာ၏။
ဆရာကြောင်ရဲ့ မျက်လုံးတွေ ဖျတ်ခနဲ ပွင့်လာသလို ကျန်းပေါင်လည်း သူ့ကို အမြန် အောက်ချပြီး ဘာဖြစ်တာလဲ ဆိုတာ သွားကြည့်လိုက်သည်။
“ ငါ့ကို ကုတ်သွားတယ် ကျန်းပေါင်။ ကြည့်ပါဦး။ ”
ကျန်းပေါင်ကို မြင်သည်နှင့် အစားအစာသိပ္ပံမေဂျာရဲ့ ပထမနှစ်ကျောင်းသား ဝမ်လီက သူ့လက်မောင်းကို မကျေမနပ် ဆန့်ထုတ်ပြသည်။ ကျန်းပေါင်က သွေးထွက်နေတဲ့ ဝမ်လီရဲ့ လက်မောင်းကို ကြည့်ကာ “ နင် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးဖို့ လိုတယ်။ မြန်မြန် လုပ် ၊ ငါ နင့်ကို ဒီဒဏ်ရာကို ရေကူဆေးပေးမယ်။ ” ဟု အကြံပေးလိုက်သည်။
ဝမ်လီက ခဏလောက် တုံဏှိဘာဝေ ဖြစ်နေပြီးမှ သူ့လက်မောင်းကို ကြည့်ကာ တုံ့ဆိုင်းနေပုံပေါ်သည်။ “ တကယ် ဆေးထိုးဖို့ လိုလို့လား။ ငါ ငယ်ငယ်တုန်းကလည်း ကြောင်ကုတ်ခံရဖူးတယ်။ အဲ့တုန်းကလည်း တစ်ခါမှ ကာကွယ်ဆေး မထိုးခဲ့ဖူးဘူး။ ”
ကျန်းပေါင် တစ်ခုခု ပြောဖို့ ပါးစပ်ပြင်နေတုန်းမှာပဲ ဌာနခေါင်းဆောင် အသစ် ရောက်လာခဲ့သည်။ သူမလည်း ဝမ်လီ့ရဲ့ ဒဏ်ရာကို စစ်ဆေးကြည့်ရှုပြီးနောက်မှာ ကျန်းပေါင်နှင့် တူညီသော အမြင် ရှိသည်။ “ စိတ်ချရအောင် သွားထိုးလိုက်ပါ။ မင်း တကယ် ခွေးရူးပြန်ရောဂါ ဖြစ်သွားတဲ့ အချိန်ကျ နောင်တရနေရင်တောင် အရမ်း နောက်ကျသွားပြီ။ ” ထို့နောက် ဌာနခေါင်းဆောင်က ကျန်းပေါင်ဘက်ကို လှည့်ပြီး “ ဝမ်လီနဲ့ လိုက်သွားပေးလိုက်ပါ။ မင်းက အဲ့ဒီနယ်ပယ်နဲ့ ရင်းနှီးတယ်။ ” ဟု ပြောသည်။
ကျန်းပေါင် ခေါင်းညိတ်ကာ ပိုက်ဆံအိတ်လေးကို လွယ်၍ ဝမ်လီအား ကာကွယ်ဆေးထိုးဖို့ စက်ဘီးနှင့် ခေါ်လာခဲ့လိုက်သည်။ ဝမ်လီမှာ ပိုက်ဆံ လုံလုံလောက်လောက် မပါလာသောကြောင့် ကျန်းပေါင်ကပဲ သူမအတွက် ယွမ် ( ၁၀၀ ) ပေးလိုက်ရသည်။ ကာကွယ်ဆေး ထိုးပြီးချိန်မှာတော့ နေ့လယ် ( ၁၂ ) နာရီ ထိုးခါနီးနေပါပြီ။ ဝမ်လီက ပိုက်ဆံသွားထုတ်ကာ ကျန်းပေါင်ကို အကြွေးပြန်ဆပ်ပြီး နေ့လယ်စာ လိုက်ကျွေးပါရစေဟု တောင်းဆိုသည်။
ကျန်းပေါင် ဘယ်လောက်ပဲ ငြင်းဆန်ပါစေ ၊ ဝမ်လီက သူမကို ကန်တင်းသို့ မရမက ဇွတ်အတင်း ဆွဲခေါ်သွားခဲ့သည်။ ဝမ်လီက စားရင်း သောက်ရင်း ၊ သူငယ်ချင်းတွေရဲ့ မက်ဆေ့ခ်ျတွေကို စာပြန်ရင်း “ ကံမကောင်းလိုက်တာနော်။ အဲ့လိုနဲ့ ယွမ် ( ၁၀၀ ) လောက်က မသုံးလိုက်ရဘဲနဲ့ ပလုံသွားတယ်။ ” ဟု အသံ သေးသေးလေးနှင့် ညည်းညူနေသည်။
ကျန်းပေါင်သည် သူမအား အခုအချိန်မှာ ဆုံးရှုံးလိုက်ရတဲ့ ဆုံးရှုံးမှု အသေးအဖွဲလေးတွေက ပြဿနာကြီးတွေကို ကာကွယ်နိုင်ကြောင်းသာ နှစ်သိမ့်ပေးလိုက်သည်။ ဝမ်လီ နားထောင်နေရဲ့လား မသိပေမဲ့ စားနေရင်း ရုတ်တရက် ထအော်သောအခါ ကျန်းပေါင်တစ်ယောက် လည်ပင်းနင်တော့မလိုတောင် ဖြစ်သွားရသည်။ ကျန်းပေါင်က ပါးစပ်သုတ်ပြီး သူမအား နားမလည်နိုင်စွာ ကြည့်လိုက်မိသည်။
ဝမ်လီက “ ဒီမှာ ကြည့်စမ်း။ ရှားယင်ရဲ့ ကောလဟာလတွေကို အရမ်း လူပြောများနေတယ်။ ” ဟု ဆိုကာ ဖုန်းကို လှမ်းပေးသည်။ သူမက ရှားယင်ရဲ့ အမာခံ ပရိသတ်တစ်ယောက်ပင်။
ရှားယင်ရဲ့ ကောလဟာလတဲ့လား … ။
ကျန်းပေါင်သည် ဖူမင်ရှစ်လည်း ဒီနေ့ ရိုက်ကွင်းမှာ ရှိနေတယ် ဆိုတာကို တွေးမိသွားလျှင် နိမိတ်မကောင်းသော ခံစားချက်က စိတ်ထဲကို ရုတ်တရက် ဝင်ရောက်လာခဲ့သည်။ သူမ ဝမ်လီရဲ့ ဖုန်းကို ယူကြည့်လိုက်တော့ ကောလဟာလ ဓာတ်ပုံထဲက လူဟာ အမှန်တကယ်ပဲ ဖူမင်ရှစ် ဖြစ်နေတာကို တွေ့လိုက်ရ၏။ ကျန်းပေါင် ထိတ်လန့်သွားတာ သူ့ကို သံသယဝင်လို့ မဟုတ်ပါ။
ဖူမင်ရှစ်နှင့် ရှားယင်မှာ ဘာပတ်သက်မှုမှ မရှိဘူး ဆိုတာ သူမ ယုံသည်။ ဖူမင်ရှစ်ကို မြင်ဖူးတဲ့ သူမရဲ့ အတန်းဖော်တွေပါ ဒီကောလဟာလကို သတိထားမိသွားပြီး ဒီ “ ဖူမင်ရှစ် ” နှင့် သူမရဲ့ ချစ်သူ “ ဖူမင်ရှစ် ” ဟာ တစ်ယောက်တည်း ဖြစ်ကြောင်း ချိတ်ဆက်မိသွားမှာကို စိုးရိမ်ရုံသာ။
သူမရဲ့ စိတ်ထဲကို ထိုအတွေး ဝင်ရောက်လာချိန်မှာပဲ ဖုန်းမြည်လာ၍ ယူကြည့်လိုက်တော့ ဖုန်းဆက်သူက ကျားရှောင်ယု ဖြစ်ပြီး သူမအား အဆောင်ကို ချက်ချင်း ပြန်လာဖို့ ပြောခြင်း ဖြစ်လေသည်။
ကျန်းပေါင် အဆောင်အခန်းတံခါးဝကို လျှောက်သွားပြီး သော့လှည့်ဖွင့်ဖို့ လုပ်နေတုန်းမှာပဲ တံခါးက အထဲကနေ ပွင့်သွားကာ ကျားရှောင်ယုရဲ့ စိတ်လှုပ်ရှားနေတဲ့ မျက်နှာလေး ပေါ်လာသည်။ “ ဝင်ခဲ့ ဝင်ခဲ့။ ” ကျားရှောင်ယုက ဘေးဘီဝဲယာကို ခိုးကြောင်ခိုးဝှက် ကြည့်ပြီးမှ ကျန်းပေါင်ရဲ့ လက်မောင်းကို ဆွဲကာ အခန်းထဲ ဆွဲခေါ်လိုက်၏။
အခန်းထဲမှာ ဖန်ရွှမ်းနှင့် ချန်းလီလီလည်း ရှိနေပြီး တစ်ယောက်က ကွန်ပျူတာရှေ့မှာ ထိုင်ကာ ကျန်တစ်ယောက်က အနားမှာ ရပ်၍ ခေါင်းလေးကို စောင်းငဲ့ကာ ကျန်းပေါင်အား ပြုံးပြီး ကြည့်နေခဲ့သည်။ ကျန်းပေါင်က ဘာမှ မသိသလို ဟန်ဆောင်နေချင်သော်လည်း ကျားရှောင်ယုက သူမကို ဖန်ရွှမ်းဘေးသို့ စိတ်အားထက်သန်စွာ တွန်းပို့ခဲ့သည်။ ထို့နောက် ဖန်သားပြင်ပေါ်မှာ အနီရောင် စက်ဝိုင်းနှင့် ဝိုင်းထားတဲ့ အမျိုးသားတစ်ယောက်ရဲ့ ခေါင်းကို ညွှန်ပြပြီး “ ငါ့ကို အမှန်အတိုင်း ပြောနော် ကျန်းပေါင်။ အဲ့ဒါ နင့်ရဲ့ မင်ရှစ် မဟုတ်လား။ ” ဟု မေးသည်။
ကျန်းပေါင် သူတို့ ပြတဲ့ ဓာတ်ပုံကို ကြည့်လိုက်ပါသည်။ ဓာတ်ပုံထဲမှာ ဖူမင်ရှစ်က ကားပေါ်က ဆင်းရုံသာ ရှိသေးပြီး ထိုအချိန်မှာ ရှားယင်က ဟိုတယ်ထဲက ထွက်လာနေခဲ့သည်။ ဘေးတစောင်း ရိုက်ယူထားတဲ့ ဓာတ်ပုံထဲမှာ ရှားယင်းက နေကာမျက်မှန် ခပ်ကြီးကြီး တစ်လက်ကို တပ်ထားကာ ဆံပင်ရှည်တွေ တလွင့်လွင့် ဝဲဖြာလျက် အနီရောင် နှုတ်ခမ်းလေးတွေက ကော့ညွှတ်နေခဲ့သည်။
ဖူမင်ရှစ်ကတော့ ဒီဇိုင်နာကိုယ်တိုင် သူ့အတွက် သီးသန့် ချုပ်ပေးထားတဲ့ အနောက်တိုင်းဝတ်စုံကို ဝတ်ကာ ဇိမ်ခံကားရှေ့မှာ ရပ်ပြီး ရှားယင် ထွက်လာတာကို စောင့်နေဟန်တူသည် သူ့မျက်နှာက အေးစက်နေပေမဲ့ ဖူမင်ရှစ်က အမြဲတမ်း ဒီလိုပဲမို့ မျက်နှာ အမူအရာကို ကြည့်ရုံနှင့် သူ့စိတ်ခံစားချက်ကို ခန့်မှန်းဖို့ မဖြစ်နိုင်ပေ။
နေ့လယ်စာ စားတုန်းက ကျန်းပေါင်ရဲ့ စိတ်ထဲမှာ ယောက်ယက်ခတ်နေသလို ဝမ်လီရဲ့ ဖုန်းမျက်နှာပြင်ကလည်း သေးငယ်သောကြောင့် သေချာ မမြင်ခဲ့ပေမဲ့ အခုတော့ “ ဖူမင်ရှစ်နဲ့ ချိန်းတွေ့နေတယ်လို့ ယူဆရတဲ့ ရှားယင် ” ၊ “ ရှားယင်နဲ့ ဖူမင်ရှစ်တို့ ဟိုတယ် တစ်ခုထဲကို အတူ ဝင်သွားပြီ အတူ ပြန်ထွက်လာခြင်း ” ကဲ့သို့ သတင်းခေါင်းစဉ်တွေကို ထင်ရှားစွာ မြင်ပြီး နည်းနည်း စိတ်မသက်မသာ ဖြစ်သွားမိသည်။
အဲ့ဒါက သူမရဲ့ ကောင်လေးလေ … ။ ဘယ်မိန်းကလေးက သူတို့ရဲ့ ချစ်သူကောင်လေးနဲ့ တခြား အမျိုးသမီးတွေနဲ့ ကောလဟာလထွက်တာကို သဘောကျမှာလဲ … ။
သံသယတွေ မပြေပျောက်သေးတဲ့ ကျားရှောင်ယုက “ ကျန်းပေါင်။ ” ဟု ခေါ်လိုက်သည်။ သူမတို့လည်း မင်ရှစ်ရဲ့ တခြား သရုပ်မှန်တစ်ခုကို အတည်ပြုဖို့ အခုမှ တွေးမိခြင်း ဖြစ်ပြီး ကျန်းပေါင်ရဲ့ အမူအရာကို ကြည့်ရသလောက် တကယ်လို့သာ မင်ရှစ်က ဖူမင်ရှစ် ဖြစ်နေလျှင် ဒီဓာတ်ပုံက သူမရဲ့ အရှိုက်ကို ထိုးသလို ဖြစ်လိမ့်မည် ဆိုတာ နားလည်သည်။
ကျန်းပေါင်က သတိပြန်ဝင်လာကာ သူမရဲ့ အခန်းဖော်တွေကို ကြည့်ပြီး ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်သည်။ တကယ်တော့ သူမ လျှို့ဝှက်ချက်အဖြစ် ဆက်ထိန်းသိမ်းထားချင်ပေမဲ့ ခရစ္စမတ်နေ့တုန်းက ဖူမင်ရှစ် ပြောခဲ့တဲ့ စကာားတွေက သူမကို သတိပေးနေသည်။
ကျားရှောင်ယုတို့သုံးယောက်ဟာ တစ်ချိန်မှာ မေ့ပျောက်သွားမည့် သာမန် အတန်းဖော်တွေ မဟုတ်ပါ။ သူတို့က ဘွဲ့ရပြီးနောက်ပိုင်းမှာတောင် အဆက်အသွယ် မပြတ်မယ့် ၊ သူမ ယုံကြည်ရတဲ့ သူငယ်ချင်းကောင်း အခန်းဖော်ကောင်းတွေပင်။ သူတို့ ခန့်မှန်းပြီးနေပြီမို့ ဆက်မလိမ်ညာသင့်ပါ။
“ အား … ”
ကျန်းပေါင်ကို အရင်ဆုံး ခုန်အုပ်ပွေ့ဖက်ပြီး အားခနဲ ထအော်သူက ကျားရှောင်ယု ဖြစ်သည်။ ထိုသို့ အော်ပြီးမှ တခြား အခန်းတွေ တစ်စွန်းတစ်စ ကြားသွားမှာကို စိုးရိမ်သည့်အလား အသံကို တိုးချလိုက်သည်။ “ ဘုရားရေ … ငါ အရမ်း ချမ်းသာတဲ့ လူတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်နေတာကို ယုံတောင် မယုံနိုင်ဘူး။ ငါ့ကို မြန်မြန် ပြောပြစမ်းပါ ကျန်းပေါင်။ နင်တို့ အချင်းချင်း ဘယ်လို သိကျွမ်းခဲ့တာလဲ။ ”
အခြားတစ်ဖက်၌ ချန်းလီလီကလည်း သူမရဲ့ ဈေးကြီးသည့် ဆုံလည်ကုလားထိုင်ကို တွန်းရွှေ့လာပြီး ကျန်းပေါင်အား ဧည့်သည်တစ်ယောက်ကဲ့သို့ ထိုင်ခိုင်းလိုက်၏။ ထို့နောက် ကျန်းပေါင်ရဲ့ ကျောမှီထိုင်ခုံလေးကို ယူလာလိုက်သည်။ ကောင်မလေး သုံးယောက်ဟာ ကျန်းပေါင်ကို ဝိုင်းရံထားပြီး လက်တစ်ဖက်နှင့် ရင်ဘတ်ကို အုပ် ၊ ကျန်လက်တစ်ဖက်နှင့် မျက်နှာကို ဆုပ်ကိုင်၍ ပန်းရောင်ပူဖောင်းလေးတွေလို တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ရိုမန့်တစ် ဇာတ်လမ်းကို မျှော်လင့်စောင့်စားနေခဲ့ကြသည်။
ကျန်းပေါင်က သူတို့ရဲ့ အာရုံစိုက်မှုတွေကြောင့် အနည်းငယ် အနေရခက်လာခဲ့သည်။ ဖူမင်ရှစ်နှင့် သူမရဲ့ အချစ်ဇာတ်လမ်းအကြောင်း ပြန်တွေးမိသောအခါ ကျန်းပေါင်ရဲ့ မျက်နှာက တဖြည်းဖြည်း ရဲလာသည်။ လောလောဆယ်တော့ ကောလဟာလအကြောင်း ခဏ မေ့ထားကာ သူမရဲ့ အခန်းဖော်တွေကို ရိုးရှင်းစွာ ရှင်းပြလိုက်သည်။ သို့သော်လည်း ဇာတ်လမ်းရဲ့ တချို့ နေရာတွေကိုတော့ ချန်လှပ်ထားပြီး အဘိုးဖူနှင့် သူမရဲ့ အဘိုးက သူငယ်ချင်းတွေလို့သာ ပြောလိုက်သည်။ အဘိုးဖူ နေမကောင်းဖြစ်ချိန်မှာ စစ်ပွဲတုန်းက သူ့ရဲဘော်ရဲဖက်ကို ရုတ်တရက် သတိရသွားပြီး ဖူမင်ရှစ်ကို သွားရောက် လည်ပတ်စေခဲ့သည်။ အဲ့ဒီလိုနှင့် ဖူမင်ရှစ်က အဘိုးဖူကိုယ်စား သူမတို့ကို ဂရုစိုက်ပေးရင်း … ။
ကျားရှောင်ယုက ကျန်းပေါင်ရဲ့ ဘယ်ဘက်လက်ကို တွယ်ကပ်ကာ အင်္ကျီလက်ကို ဝမ်းနည်းပက်လက် ပွတ်သပ်ရင်း “ ဝူးဝူး … ငါ့အဘိုးလည်း စစ်သားပဲလေ။ သူက ဘာလို့ နင့်အဘိုးနဲ့ တပ်ရင်း တစ်ခုတည်းမှာ မကျခဲ့တာပါလိမ့်။ ” ဟု ပြောသည်။
“ တကယ်လို့ နင်က ကျန်းပေါင် ဆိုရင်တော့ မင်ရှစ် … ငါ ပြောချင်တာက ဘော့စ်ဖူက နင့်ကို ပိုက်ဆံ နည်းနည်းပါးပါး ကူညီပေးမှာပေါ့။ ” ဟု ချန်းလီလီက အဓိပ္ပာယ်ပါပါ ပြောကာ ကျန်းပေါင်ရဲ့ မျက်နှာလေးကို နူးညံ့စွာ ပွတ်သပ်လိုက်သည်။ “ ငါတို့ရဲ့ ကျန်းပေါင်က တောက်တန်းတွေကြားမှာ အလှဆုံး ပန်းဖူးလေးပဲ။ သူ့မှာ ဘော့စ်ဖူကို သေစေနိုင်တဲ့ သဘာဝ ဆွဲဆောင်မှုရှိတယ်။ ”
ကျန်းပေါင်က “ တော်ပါတော့ဟာ။ ”ဟု ပြောကာ ချန်းလီလီရဲ့ ဂဏှာမငြိမ်တဲ့ လက်ကို ဖိချထားလိုက်သည်။ ချန်းလီလီနှင့် ကျားရှောင်ယုတို့က ရယ်မောနေသော်လည်း ပိုစဉ်းစားတတ်တဲ့ ဖန်ရွှမ်းက ကျန်းပေါင်ကို စိုးရိမ်စွာ မေးလိုက်သည်။ “ ငါ သတင်းတွေကို ရှာဖတ်ပြီးသွားပြီ။ မနှစ်တုန်းကလည်း ဖူမင်ရှစ် ပဲရစ်မှာ ရှားယင်နဲ့ ကောလဟာလထွက်ဖူးတယ်။ အဲ့ဒါကြောင့် အခု မီဒီယာတွေက ဒီဓာတ်ပုံကို ပွဲဆူအောင် လုပ်နေတာ။ ဘာတွေ ဖြစ်နေတာလဲ ဆိုတာ နင် သိလားဟင် ကျန်းပေါင်။ ”
ပွေရှုပ်တတ်တဲ့ လူချမ်းသာတွေ မှိုလို ပေါက်နေသော ခေတ်ကြီးထဲမှာ ဖူမင်ရှစ်က ဖြူစင်ရိုးသားလွန်းတဲ့ ကျန်းပေါင်ကို အခွင့်ကောင်းယူ ၊ အမြတ်ထုတ်ပြီး လှေနံနှစ်ဖက်နင်းမှာ သူမ စိုးရိမ်သည်။
ကျန်းပေါင် ခေါင်းညိတ်လိုက်သည်။
မိန်းကလေး သုံးယောက်က ကျန်းပေါင် ရှင်းပြသော စကားတွေကို နားထောင်ပြီး ဖူမင်ရှစ်ဟာ သူမကို ဘယ်လောက်တောင် ဂရုစိုက်လဲ ဆိုတာကို ထည့်သွင်းစဉ်းစားအပြီးမှာ ဖူမင်ရှစ်ရဲ့ အပြစ်ကင်းစင်မှုကို ယုံကြည်သွားသည်။ သူတို့က ကျန်းပေါင်ကို “ အနုပညာလောကထဲမှာ အတန်းရှင်းရှာတဲ့ ကောလဟာလတွေက နေ့တိုင်း ထွက်နေတာပါပဲ။ တကယ် မှန်တာ အနည်းစုပဲ ရှိတယ်။ ဒီလို ကောလဟာလတွေက တစ်ချိန်လုံး ရှိနေတာမို့လို့ နင် လုံးဝ စိတ်ထဲ ထည့်လို့ မရဘူးနော်။ ” ဟု အကြံပေးလိုက်သည်။
ကျန်းပေါင်က ပြုံးကာ “ အင်းပါ။ ငါ သိပါတယ်။ ” ဟု ပြောလိုက်သည်။ ကောင်မလေး သုံးယောက် ဝိုင်းတာ ခံထားရသော အဖြစ်ကို တဖြည်းဖြည်း စိတ်ညစ်လာတာမို့ “ နင်တို့တွေ ငါ့ကို အခု လွှတ်ပေးလို့ ရပြီလား။ ” ဟု ထပ်မေးလိုက်သည်။
ကျားရှောင်ယုက သူမရဲ့ လက်မောင်းကို ပိုလို့တောင် တင်းကြပ်စွာ ဖက်တွယ်သည်။ “ ဆုတောင်းလေ။ နင် ငါတို့ကို ဒီလောက် အကြာကြီး လှည့်စားထားတဲ့အတွက် ဘယ်လို ပြန်ချော့မှာလဲ။ ”
“ ငါ နင်တို့ကို ဒီည ညစာ ဒကာခံပါ့မယ်။ ” ကျန်းပေါင်က သူမရဲ့ အကြွေးကို နာခံစွာ လက်ခံလိုက်သည်။ အခု သူမလည်း ကိုယ့်ပိုက်ဆံကိုယ် ရှာနေပြီမို့ တစ်ခါတလေ နည်းနည်းပါးပါး ပိုက်ဆံသုံးဖို့ မနှမြောတော့ပါ။
ချန်းလီလီက နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်သည်။ “ ဘယ်သူက နင် လိုက်ကျွေးတာကို စားချင်တယ်လို့ ပြောလို့ပဲ။ ငါတို့က ဘော့စ်ဖူ လိုက်ကျွေးတာကို စားချင်တာ။ ”
ထိုဆုံးဖြတ်ချက်ကိုတော့ ကျန်းပေါင် တစ်ယောက်တည်း သဘောနှင့် မဆုံးဖြတ်နိုင်ပါ။
“ နင် ဘာလို့ အဲ့ကိစ္စကို ဖုံးကွယ်ထားတဲ့အပြင် သူ့ကို ဒုတိယနှစ် တက္ကသိုလ်ကျောင်းသား ဆိုပြီးတော့ပါ ဇာတ်လမ်းဆင်ခဲ့တာလဲ ကျန်းပေါင်။ ” ဖန်ရွှမ်း နားမလည်နိုင်ဆုံးက ဒါပါပဲ။ သူမ ကွန်ပျူတာကို ပြန်ကြည့်ရင်း လက်ပိုက်ကာ နှာခေါင်းရှုံ့လိုက်သည်။ “ နင့်နေရာမှာ ငါသာဆို ဖူမင်ရှစ်ကို ငါတို့ရဲ့ ဆက်ဆံရေးကို လူသိရှင်ကြား ကြေညာခိုင်းပြီးတာ ကြာလှပြီ။ ဘော့စ်ဖူက ငါ့အပိုင် ဆိုတာ လူတိုင်း သိသွားမှ အဲ့ဒီ ပါပါရာဇီတွေက အတင်းမပြောတော့မှာ။ ”
ကျန်းပေါင်က ခေါင်းငုံ့ထားကာ ခဏ ကြာတော့မှ “ လူတွေရဲ့ အာရုံစိုက်မှုတွေကြောင့် ငါ့ပညာရေး ထိခိုက်သွားမှာ အရမ်း ကြောက်လို့ပါ။ ” ဟု မပွင့်တပွင့် ပြောလိုက်သည်။ ကောင်မလေး သုံးယောက်ကလည်း တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ကျန်းပေါင်ကို နားလည်သွားသည်။
နာမည်ကြီး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တဲ့ ဖူမင်ရှစ်မှာ ချစ်သူရနေတဲ့ သတင်းသာ ပျံ့နှံ့သွားလျှင် သတင်းထောက်တွေက သူတို့နောက်ကို သေချာပေါက် လိုက်ပါလိမ့်မည်။ အတန်းထဲမှာ ပါဝါပွိုင့် တင်ပြလျှင်တောင် ရှက်နေတတ်တဲ့ ကျန်းပေါင်အဖို့ သတင်းမီဒီယာတွေ အာရုံစိုက်တာ ခံရလျှင် အမှန်တကယ်ပင် ဒုက္ခများလိမ့်မည်။ အတန်းဖော်တွေရဲ့ ဖြစ်နိုင်ချေရှိတဲ့ တုံ့ပြန်မှုတွေကိုတော့ ပြောနေစရာပင် မလို။
ကျားရှောင်ယုက အရင်ဆုံး လက်မြှောက်ပြီး “ အေးပါ။ ငါတို့ နင့်လျို့ဝှက်ချက်ကို ကူထိန်းသိမ်းပေးထားပါ့မယ်။ ” ဟု ကတိပြုလိုက်သည်။ ချန်းလီလီနှင့် ဖန်ရွှမ်းကလည်း လျင်မြန်စွာ သဘောတူညီခဲ့ကြသည်။ အခန်းဖော်တွေကို ယုံတဲ့ ကျန်းပေါင်က သူတို့ကို အပြုံးလေးဖြင့် ကျေးဇူးတင်စကားဆိုလိုက်သည်။
အဲ့ဒီနောက် ချန်းလီလီက “ ဟုတ်သားပဲ။ နင့်အဒေါ် ဆိုတာက လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်း ဆိုတော့ နင် ဒီနှစ် နှစ်သစ်ကို ဘယ်နေရာမှာ ဖြတ်သန်းခဲ့တာလဲ။ ” ဟု ရုတ်တရက် ထမေးသောအခါ ကျန်းပေါင် ရှက်သွားပြီး တောင်ကြည့်မြောက်ကြည့် လုပ်နေလိုက်ရသည်။
ကျားရှောင်ယုက ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ “ မဟုတ်မှလွဲရော နင် ဖူမိသားစုနဲ့ အတူတူ နှစ်သစ်ကို ဖြတ်သန်းခဲ့တာလား။ အဲ့လိုသာဆို နင် သူ့မိဘတွေနဲ့ တွေ့ပြီးပြီလား။ ”
ကျန်းပေါင်က ဆိတ်ဆိတ်နေခြင်းဖြင့် ဟုတ်မှန်ကြောင်း ဝန်ခံလိုက်တော့ ဖန်ရွှမ်းက စိတ်သက်သာရာရသွားသော သက်ပြင်း တစ်ချက်ကို မှုတ်ထုတ်ကာ သူမကို စနောက်သည်။ “ နင်က သူ့မိဘတွေနဲ့တောင် တွေ့ပြီးပြီ ဆိုတော့ လူချမ်းသာ မိသားစုရဲ့ သခင်မလေး ဖြစ်ဖို့ အဆင်သင့် ထိုင်စောင့်နေတာပဲ ကျန်းပေါင်။ အနာဂတ်မှာ နင်က အဝတ်အစားတွေ ၊ အိတ်တွေကို တစ်ခါ ၊ နှစ်ခါလောက် သုံးကြည့်ပြီး မကြိုက်တော့ရင် ငါတို့ကို စွန့်ကြဲဖို့ မမေ့နဲ့နော်။ ”
သူတို့တွေ ရယ်မောစနောက်နေစဉ်မှာပဲ ကျန်းပေါင်ရဲ့ ဖုန်းက ရုတ်တရက် အသံမြည်လာခဲ့သည်။ ခေါ်ဆိုသူကတော့ ဖူမင်ရှစ်ပါ။ ကျန်းပေါင်က အပြင်ထွက်ပြီး ဖုန်းပြောချင်ပေမဲ့ ကောင်မလေး သုံးယောက်က သူမကို ဝိုင်းဖိချထား၏။
***