အခန်း ၄၆
Vol. 5 Ch. 46
အပိုင်း ( ၄၆ )
ကျားရှောင်ယုက ဟွန်းခနဲ နှာခေါင်းရှုံ့သည်။ “ ကောင်မလေး ရှိနေပါရက်နဲ့ တခြား အမျိုးသမီးတွေနဲ့ ကောလဟာလထွက်တာ မကောင်းဘူး။ ဘော့စ်ဖူက တောင်းပန်ဖို့ ဖုန်းဆက်တာ ဆိုရင်တော့ ငါတို့ သူ့ကို ဒီတစ်ခေါက် ခွင့်လွှတ်ပေးလိုက်မယ်။ သူ တစ်ခွန်းတလေတောင် ရှင်းမပြရင်တော့ နင် သူ့ကို … တစ်လတိတိ မနမ်းဘဲ အပြစ်ပေးလိုက် ကျန်းပေါင်။ ”
ကောင်မလေး သုံးယောက်ကြားမှာ ကူကယ်ရာမဲ့နေသော ကျန်းပေါင်ဟာ သူတို့မျက်စိအောက်မှာပဲ ဖုန်းကိုင်လိုက်ရသည်။
“ ညစာ စားပြီးပြီလား။ ”
ကျားရှောင်ယုနှင့် ကျန်နှစ်ယောက်က မျှော်လင့်ချက်အပြည့်ဖြင့် စိတ်လှုပ်ရှားလွန်းလို့ အသက်တောင် ရဲရဲ မရှူရဲသော်လည်း ဖုန်းလိုင်းတစ်ဖက်ကနေ ရင်ခုန်စရာမကောင်းဆုံး၊ ဗလာနတ္ထိဖြစ်ဆုံး စကားကိုပဲ သယ်ဆောင်လာခဲ့သည်။ ကျားရှောင်ယုက မျက်လုံးလှိမ့်သည်။ ချန်းလီလီက လဲပြိုသွားသလို ဟန်ဆောင်ပြီး ဖန်ရွှမ်းကတော့ မရယ်မိအောင် ထိန်းချုပ်နေရသည်။ ကျန်းပေါင်လည်း ရယ်ချင်နေပြီး သူ့ကို နူးညံ့စွာ သတိပေးလိုက်သည်။
“ ပြောစရာ တစ်ခုခု ရှိလို့လား။ ကျွန်မရဲ့ အခန်းဖော်တွေ အကုန်လုံး ဘေးမှာ ရှိတယ် … ”
ကျန်းပေါင်ရဲ့ စကားမဆုံးသေးခင်မှာပဲ ကျားရှောင်ယုက သူမကို ဆွဲဆိတ်လိုက်သောကြောင့် ကျန်းပေါင်ဆီက အင့်ခနဲ အသံထွက်လာသည်။ ဟိုတယ်အခန်းထဲက ဖူမင်ရှစ်သည် ကောင်မလေးတွေရဲ့ အဆောင်အခန်းထဲက မြင်ကွင်းကို စိတ်ကူးကြည့်နိုင်သလို ဒီတစ်ခေါက် သူ့ဖုန်းကောလ်ကို ဘာလို့ ခိုးနားထောင်နေတာလဲ ဆိုတာလည်း ခန့်မှန်းနိုင်၏။ သူက ဖန်သားပြင်ပေါ်က ကောလဟာလ ဓာတ်ပုံကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ အဲ့ဒီဟိုတယ်က ဟုန်ကျိုးမှာ အကောင်းဆုံး ဟိုတယ်ပဲ။ ဒါရိုက်တာ ၊ ပရိုဂျူဆာနဲ့ တခြား အဓိက သရုပ်ဆောင်တွေ အားလုံး အဲ့ဟိုတယ်မှာပဲ တည်းတယ်။ ကိုယ်က ဟိုတယ်ထဲကို အဝင်မှာ တိုက်တိုက်ဆိုင်ဆိုင် သူကလည်း ထွက်လာတယ်။ ကိုယ်တို့ စကားတစ်ခွန်းတောင် မပြောဖြစ်ခဲ့ဘူး။ ကျန်တာကတော့ သတင်းထောက်တွေက လူစိတ်ဝင်စားခံချင်လို့ လုပ်ကြံရေးထားတာပဲ။
ကျန်းပေါင်က ဖူမင်ရှစ်ကို နှလုံးသားထဲမှာ ယုံကြည်ပြီးသား ဖြစ်သော်လည်း သူကိုယ်တိုင် ရှင်းပြတာကို ကြားရခြင်းက သူမအား ပျော်ရွှင်စေသည်။ သူမက ခေါင်းလေးငုံ့ပြီး “ ကျွန်မ သိပါတယ်။ ” လို့ ပြန်ပြောလိုက်သည်။ ယောက်ျား ပြောသမျှ စကားတွေကို မျက်စိမှိတ် ယုံမယ့် ဇနီးလေး တစ်ယောက်လိုမျိုး မျက်နှာက ခပ်ရဲရဲ ၊ အသံက နူးနူးညံ့ညံ့ ပျော့ပျော့ပျောင်းပျောင်း။
ကျားရှောင်ယုက မိန်းမတွေကို သိက္ခာချနေတဲ့ ကျန်းပေါင်ရဲ့ လက်မောင်းကို တံတောင်နှင့် တွတ်ပြီး အိန္ဒြေထိန်းဖို့ သတိပေးလိုက်သည်။
ဖူမင်ရှစ်က “ မင်းဘက်မှာ တစ်ခုခု ပြဿနာ ရှိလို့လား။ ” ဟု အသံတိုးတိုးဖြင့် မေးသောအခါ ကျန်းပေါင်က သူမရဲ့ အခန်းဖော် သုံးယောက်ကို လှည့်ကြည့်ပြီး ပြုံးလိုက်သည်။ “ ရှောင်ယုတို့ သုံးယောက်ကတော့ အခု သိသွားပြီ။ ဒါပေမဲ့ တခြား အတန်းဖော်တွေကတော့ ရှင့်ကို သိပ်မမြင်ဖူးတော့ အလွန်ဆုံးမှ နည်းနည်းလေး ရုပ်ချင်း ဆင်တယ်လို့ပဲ ထင်ပါလိမ့်မယ်။ ”
တူညီသော လူတစ်ယောက်တည်းကပင် ဂျာကင်အင်္ကျီ ဝတ်ထားချိန်နှင့် အနောက်တိုင်းဝတ်စုံ ဝတ်ထားချိန်မှာ မတူညီသော အရှိန်အဝါကို ပေးစွမ်းနိုင်သည်။ ပြီးတော့ တစ်ယောက်က တက္ကသိုလ်ကျောင်းသား ဖြစ်ပြီး ကျန်တစ်ယောက်က လက်လှမ်းမမီနိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်သည်။ အများစုက သူတို့နှစ်ယောက်ကို ဆက်စပ်မိမှာ မဟုတ်ပါ။
“ တော်သေးတာပေါ့။ ကိုယ် ဒီမှာ လုပ်စရာ အလုပ်လေးတွေ ကျန်သေးတယ်။ တနင်္လာနေ့ နေ့လယ်မှာ ကိုယ် ပြန်ရောက်မယ် ၊ ညနေကျရင် မင်းတို့အားလုံးကို ညစာ လိုက်ကျွေးမယ်။ ”
ကျန်းပေါင် ခေါင်းညိတ်လိုက်သည်။
ကျားရှောင်ယုက “ နင်တို့ ကြားလိုက်တယ်မလား။ ဘော့စ်ဖူက ငါတို့ကို ညစာ လိုက်ကျွေးမယ်တဲ့။ ” ဟု ဆိုကာ စိတ်လှုပ်ရှားစွာ ထခုန်သည်။ ဖန်ရွှမ်းက အခန်းတံခါးကို ကြည့်ကာ သူမကို “ အသံလျှော့ဦး။ ” ဟု အချိန်မီ သတိပေးလိုက်တော့ ကျားရှောင်ယုက ပါးစပ်ကို လက်နှင့် အမြန် အုပ်လိုက်သည်။
ကောင်မလေး သုံးယောက်ဟာ ကျန်းပေါင်နှင့် ဖူမင်ရှစ်တို့ အချစ်ဇာတ်လမ်းကို အသေးစိပ် နှိုက်နှိုက်ချွတ်ချွတ် ဆက်မေးနေခဲ့ကြသည်။ အိပ်ချိန် ရောက်တော့မှ အဆောင်အခန်းလေးထဲမှာ ဘော့စ်ဖူ မွှေနှောက်ခဲ့တဲ့ စိတ်လှုပ်ရှားမှုတွေ တဖြည်းဖြည်း လျော့ကျသွား၏။ မအိပ်ခင် အသံဖိုင် တချို့ကို နားထောင်တတ်တဲ့ ကျန်းပေါင်က ထုံးစံအတိုင်း နားထောင်နေတုန်းမှာပဲ မက်ဆေ့ခ်ျဝင်သံလေး ကြားလိုက်ရသည်။
သူမက ဖူမင်ရှစ်ရဲ့ မက်ဆေ့ခ်ျ ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့ပေမဲ့ ဖုန်းကို ယူကြည့်လိုက်တော့ နိုင်ငံခြားမှာ စာသင်နေတဲ့ မင်ကျစ်နျဉ်ထံမှ မက်ဆေ့ခ်ျ ဖြစ်နေပါသည်။ မင်ကျစ်နျဉ်က ကောလဟာလ ဓာတ်ပုံကို စခရင်ရှော့ရိုက်၍ ပို့ကာ “ ဒီတစ်ယောက်က မင်ရှစ်လား။ ” ဟု မေးထားသည်။
ကျန်းပေါင်က သူ နိုင်ငံခြားကို မသွားခင်မှာ ပြောခဲ့တဲ့ စကားတွေကို ပြန်သတိရသွားပြီး အမှန်အတိုင်း ဝန်ခံလိုက်သည်။ “ ငါ လူသိရှင်ကြား မဖြစ်စေချင်သေးလို့ အခန်းဖော်တွေကိုပဲ ပြောပြထားရသေးတယ်။ နင်လည်း ငါ့အတွက် လျှို့ဝှက်ပေးထားမယ်လို့ မျှော်လင့်ပါတယ်။ ”
တစ်မိနစ်အကြာမှာ မင်ကျစ်နျဉ်က ပြုံးနေသည့် အီမိုဂျီလေးနှင့်အတူ “ ဆန္ဒအတိုင်း ဖြစ်စေရပါမယ် သူဌေးမလေး။ ” ဟု စာပြန်ပို့သည်။ ကျန်းပေါင်ကတော့ သူ့စာကို ဖတ်ပြီး အသံထွက် ရယ်မိတော့မလိုတောင် ဖြစ်သွားရလေသည်။
နောက်တစ်နေ့က တနင်္ဂနွေနေ့မို့ သူမရဲ့ အခန်းဖော်တွေ အားလုံး စောစော အိပ်ရာမထကြပေ။ ထို့ကြောင့် ကျန်းပေါင် တစ်ယောက်တည်း ကန်တင်းကို မနက်စာစားဖို့ ထွက်လာကာ ဆန်ပြုတ် ၊ အသီးအရွက်ဆားနယ်နှင့် ကြက်သွန်မြိတ် ပန်ကိတ်တွေ မှာလိုက်သည်။
သူမ မနက်စာ စားနေတုန်းမှာပဲ အစားအသောက်တွေ ထည့်ထားတဲ့ လင်ဗန်းတစ်ချပ်က သူမနှင့် မျက်နှာချင်းဆိုင်မှာ ရုတ်တရက် ပေါ်လာသောကြောင့် အံ့ဩစွာ မော့ကြည့်လိုက်တော့ ဖန့်ရွယ်က အိုးတိုးအမ်းတမ်း အမူအရာနှင့် သူမကို ပြန်ကြည့်နေခဲ့သည်။
“ ငါ ဒီမှာ ထိုင်လို့ ရမလား။ ”
ဒါက ဒီစာသင်နှစ် အစကတည်းက သူတို့နှစ်ယောက် စကားပြောတာ ပထမဆုံးအကြိမ် ဖြစ်သည်။ ကျန်းပေါင်ကတော့ သူတို့ရဲ့ သူငယ်ချင်းဆက်ဆံရေး ပြန်လည် အဆင်ပြေနိုင်ချေအပေါ် ဘယ်လို ပျော်ရွှင်မှုမျိုးကိုမှ မခံစားရဘဲ သက်သောင့်သက်သာမရှိခြင်းကိုသာ ခံစားရသည်။ သူမ ခပ်တောင့်တောင့် ခေါင်းငုံ့ပြပြီး မနက်စာကိုသာ ခေါင်းငုံ့၍ ဆက်စားနေလိုက်သည်။
ဖန့်ရွယ်က ကြက်ဥပြုတ် အခွံနွှာနေရင်းမှ သူမကို နူးညံ့စွာ ကြည့်သည်။ “ မနှစ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စမှာ ငါ မှားတာပါ ကျန်းပေါင်။ ဒါပေမဲ့ အဲ့ဒါကလည်း တမင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ ငါ သူ့ကို သဘောကျလာခဲ့တာ ကြာလှပြီ ၊ သူက ရုတ်တရက် ထွက်သွားတော့ ငါ အသည်းကွဲခဲ့ရတယ်။ အဲ့ဒါကြောင့် တစ်ယောက်တည်းပဲ ရှိတဲ့ မွေးရပ်မြေက သူငယ်ချင်းလေး နင့်အပေါ်ကို ငါ့ခံစားချက်တွေကို ထွက်ပေါက်ပေးခဲ့မိတယ်။ တကယ်တော့ ငါ ဆောင်းရာသီ ကျောင်းပိတ်ရက်တုန်းက အဲ့ကိစ္စကို နောင်တရနေခဲ့တာပါ ၊ ဒါပေမဲ့ နင့်ကို ဘယ်လို ပြန်တောင်းပန်ရမလဲ မသိခဲ့ဘူး။ နင့်ကို နေ့တိုင်း တွေ့နေရက်သားနဲ့ စကားမပြောနိုင်တဲ့အတွက် ငါလည်း အရမ်း ဝမ်းနည်းခဲ့ရပါတယ်။ ”
သူမက စကား အရှည်ကြီးကို ဆက်တိုက် ပြောသွားတော့ ကျန်းပေါင်က ယဉ်ကျေးမှုအရ ခပ်ယဲ့ယဲ့ ပြုံးပြလိုက်ရသည်။ “ ရပါတယ်။ အဲ့ကိစ္စတွေက အခု အတိတ်မှာ ကျန်ခဲ့ပါပြီ။ ”
ဖန့်ရွယ်ရဲ့ မျက်လုံးတွေက ချက်ချင်းပဲ အရောင်တောက်သွားသည်။ “ အဲ့ဒါဆို နင် ငါနဲ့ သူငယ်ချင်းပြန်လုပ်မယ်လို့ ဆိုလိုတာပေါ့နော်။ ”
ကျန်းပေါင် ဘာပြောနိုင်ဦးမှာလဲ … ။
မနက်စာ စားနေစဉ် တစ်လျှောက်မှာလည်း ဖန့်ရွယ်က သူတို့နှစ်ယောက်ကြား ဘာမှ မဖြစ်ခဲ့သလို ရယ်ရယ်မောမောနှင့် စကားတွေ ပြောနေခဲ့သည်။ ကျန်းပေါင်ကတော့ သူမလောက် စိတ်လက်ပေါ့ပါးနေသလို ဟန်မဆောင်နိုင်ပေ။ မဖြစ်မနေ စကားပြန်ပြောရမည့် အခြေအနေက လွဲလို့ ပါးစပ်ပိတ်နေတာ များကာ သူမ စားပြီးသည်နှင့် ချက်ချင်း ထလိုက်သည်။
“ ငါ ရှောင်ယုနဲ့ ကျန်တဲ့ လူတွေအတွက် အစားအသောက်တွေ သွားယူလိုက်ဦးမယ်။ ငါ အဆောင်ကို အရင် ပြန်နှင့်လိုက်မယ်နော်။ ”
ဖန့်ရွယ်က အပြုံးလေးနှင့် ခေါင်းညိတ်ပြပါသည်။
ဖန့်ရွယ်သည် အပျင်းကြီးတဲ့ အခန်းဖော် သုံးယောက်အတွက် ထမင်းစားကတ်ဒ် သုံးကတ်ဒ်နှင့် သုံးယောက်စာ သွားယူလိုက်၏။ သူမ ပြန်ထွက်လာချိန်မှာ သူမကို ရပ်စောင့်နေတဲ့ ဖန့်ရွယ်ကို မြင်လိုက်ရ၍ ကျန်းပေါင် တိတ်တိတ်လေး သက်ပြင်းချမိသည်။ သူတို့နှစ်ယောက်က သူငယ်ချင်းတွေ ဖြစ်ခဲ့ဖူးပေမဲ့ ဖန့်ရွယ်ရဲ့ စိတ်နေစိတ်ထား တချို့ကို သူမ ဘယ်တုန်းကမှ သဘောမကျခဲ့ပါ။ သူတို့ရဲ့ ဆက်ဆံရေးက အတော်အသင့် အဆင်ပြေခဲ့သော်လည်း အခုတော့ ထိုခံစားချက်ကို ကျန်းပေါင် ရှာမတွေ့တော့။ ဖန့်ရွယ်နှင့် အဆင်မပြေ,ပြေအောင် ပေါင်းသင်းရမှာကို တွေးကြည့်ရုံနှင့် စိတ်ပင်ပန်းသည်။
“ တာ့တာနော်။ ” အဆောင်ထဲကို ရောက်တဲ့အခါ ဖန့်ရွယ်က ကျန်းပေါင်ကို လက်ဝှေ့ယမ်းပြပြီး နှုတ်ဆက်သည်။ ကျန်းပေါင်က ဖန့်ရွယ်ကို ယဉ်ကျေးမှုအရ ပြန်ပြုံးပြကာ သော့တွေကို ထုတ်ပြီး သူမရဲ့ အခန်းထဲကို ဝင်ခဲ့လိုက်သည်။
ဖန်ရွှမ်းက အိပ်ရာထဲကနေ ခေါင်းလေး ထွက်ပြူလာလျက် သူမကို သံသယအကြည့်ဖြင့် စိုက်ကြည့်သည်။ “ နင် ခုနတုန်းက အခန်းရှေ့မှာ ဘယ်သူနဲ့ စကားပြောနေတာလဲ ကျန်းပေါင်။ ”
သူမက အိုးတိုးအမ်းတမ်း ပြုံးပြပြီး “ ဖန့်ရွယ်နဲ့။ ” ဟု ပြောလိုက်သည်။ သူမရဲ့ စကားဆုံးသည်နှင့် ကျားရှောင်ယုနှင့် ချန်းလီလီက ချက်ချင်း ဆိုသလို ထထိုင်ပြီး “ နင်တို့နှစ်ယောက် ပြန်အဆင်ပြေသွားတာလား။ ” ဟု မယုံသင်္ကာ မေးပါသည်။ ကျန်းပေါင်က သူတို့အတွက် မနက်စာတွေကို ခွဲဝေပေးလိုက်ကာ သူမရဲ့ အိပ်ရာဘက်ကို ပြန်လာပြီး ရှင်းပြလိုက်သည်။
“ ငါတို့ ကန်တင်းမှာ တစ်ယောက်နဲ့ တစ်ယောက် အမှတ်မထင် တွေ့တာပါ။ သူ့ဘက်က ငါ့ကို အရင် စကားလာပြောတော့ ငါလည်း သူ့ကို မသိချင်ယောင်ဆောင်နေလို့ မရဘူးလေ။ ”
မူလတန်းကျောင်းကနေ တက္ကသိုလ်ရောက်ချိန်ထိ ကျန်းပေါင်မှာ အတန်းဖော်တွေနှင့် ဘယ်တော့မှရန်မဖြစ်ဖူးဘဲ ကောင်းမွန်သော ဆက်ဆံရေးတွေသာ ရှိခဲ့သည်။ လူတစ်ယောက်က သူမကို ပြုံးပြနေတာကို လျစ်လျူမရှုတတ်။ ဘာပဲပြောပြော သူမနှင့် ဖန့်ရွယ်ကြားမှာ ကတောက်ကဆလေးတွေ ဖြစ်ခဲ့တာက လွဲလို့ အမုန်းတရား ကြီးကြီးမားမားလည်း မရှိခဲ့ပါ။
“ နင့်ကို အလကားသက်သက် ဖော်ရွေပြနေတာတော့ မဖြစ်နိုင်ဘူး။ သူ့မှာ မကောင်းတဲ့ အကြံအစည် တစ်ခုခု သေချာပေါက် ရှိလိမ့်ယ်။ ငါ ပြောတာကို နားထောင်နော် ကျန်းပေါင်။ သူ့ကို သတိထား။ မင်ရှစ်က ဖူမင်ရှစ် ဆိုတာကို သူ ခန့်မှန်းပြီးလောက်ပြီ ဆိုတာ ငါ လောင်းရဲတယ်။ အဲ့ဒါကြောင့် သူ နင့်ကို ပြန်ကပ်နေတာပဲ။ ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲက ဗီလိန်မတွေက သူ့အတိုင်း တစ်ပုံစံတည်းပဲ။ ”
ဖန့်ရွယ်ကို သဘောမကျဆုံး ဖြစ်တဲ့ ကျားရှောင်ယုက အရင်ဆုံး အဝတ်အစားလဲပြီးမှ အိပ်စင်ပေါ်က ဆင်းလာကာ ဘောင်းဘီဝတ်ရင်း ကျန်းပေါင်ကို သတိပေးသည်။ “ မနှစ်တုန်းကဆို သူက ဟိုတယ်မှာ မျက်နှာပြောင်တိုက်ပြီး နင့်အခန်းထဲမှာတောင် ဝင်နေခဲ့တာ။ အဲ့လို လူမျိုးတွေက အမြဲတမ်း သူများကို အမြတ်ထုတ်တတ်တယ်။ အခုအချိန်မှာ နင်က သူ အမြတ်ထုတ်ချင်စရာကောင်းတဲ့ လူမျိုးပဲ။ ”
ကျန်းပေါင်လည်း နည်းနည်း သံသယဝင်မိပေမဲ့ ဖန့်ရွယ်က အခုထိ ဖူမင်ရှစ်အကြောင်း မပြောသေးတာမို့ ကောက်ချက်မချနိုင်ပေ။
နေ့လယ် ရောက်တော့ ကျန်းပေါင် စာကြည့်တိုက်မှာ စာလုပ်ဖို့ ထွက်လာခဲ့သည်။ သူမ အဆောင်ထဲက ထွက်လာစဉ်မှာပဲ နောက်ဘက်က တစ်စုံတစ်ယောက်ရဲ့ ခေါ်သံကို ကြားလိုက်ရ၏။ ဖန့်ရွယ်ရဲ့ ခေါ်သံပဲ ဖြစ်သည်။ ဖန့်ရွယ်က “ ငါလည်း စာကြည့်တိုက်ကို သွားမလို့။ အတူ သွားမယ်လေ။ ” ဟု ဆိုကာ တရင်းတနှီး နှုတ်ဆက်နေသည်။
ကျန်းပေါင်က ပြုံးလိုက်ပြီး သူမရဲ့ စက်ဘီးကို အရင် သွားယူလိုက်သည်။ စာကြည့်တိုက်ကို ရောက်တော့ ကျန်းပေါင်က စာဖတ်ခြင်းကို အာရုံစိုက်နေချိန်မှာ ဖန့်ရွယ်ကတော့ ခဏလောက်သာ စာဖတ်ပြီး ဖုန်းသုံးနေခဲ့သည်။
“ ဒီမှာ ကြည့်စမ်း ကျန်းပေါင်။ ဒီဓာတ်ပုံထဲက တစ်ယောက်က မင်ရှစ်နဲ့ မတူဘူးလားဟင်။ ”
ဖန့်ရွယ်က ရုတ်တရက်ပဲ ကျန်းပေါင်အနားကို တိုးကပ်လာကာ ဝေ့ပေါ်ထဲက ဓာတ်ပုံကို အကျယ်ချဲ့၍ ပြသည်။ ကျန်းပေါင်ကတော့ သူမရဲ့ စကားကို ကြားသည်နှင့် ဘယ်ဓာတ်ပုံလဲ ဆိုတာ တန်းသိလိုက်သည်။ သူမရဲ့ မနက်တုန်းက ခန့်မှန်းချက်က ကွက်တိ မှန်ကန်နေသော်လည်း အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်သော အမူအရာဖြင့် ဓာတ်ပုံကို ကြည့်ချင်ယောင်ဆောင်လိုက်သည်။ ထို့နောက် ဖန့်ရွယ်ရဲ့ စူးစမ်းသော အကြည့်အောက်မှာ စိတ်ဝင်တစား အမူအရာလေး ဖန်တီးလိုက်သည်။
“ ရုပ်ချင်း ဆင်တယ်နော်။ သူက ဘယ်သူလဲ။ ”
ဖန့်ရွယ်က သူမကို အားကျစွာ စိုက်ကြည့်ပြီး “ ရှန်းရှစ်အုပ်စုရဲ့ စီအီးအို ဖူမင်ရှစ်လေ။ ကောလဟာလတွေအရဆို ဘီလီယံနဲ့ ချီပြီးတော့ကို ချမ်းသာတယ်တဲ့။ ” ဟု ပြောသည်။ “ သူ့နာမည်က ဖူမင်ရှစ် ၊ နင့်ကောင်လေးနာမည်က မင်ရှစ် ဆိုတော့ သူတို့နှစ်ယောက်ရဲ့ နာမည်တွေက အရမ်း တူတယ်နော်။ မင်ရှစ်က ဖူမင်ရှစ် ဖြစ်နေရက်သားနဲ့ နင် ကြောက်မှာ စိုးလို့ လျှို့ဝှက်ထားတာများလား။ ဇာတ်လမ်းတွဲတွေထဲမှာဆို အဲ့အတိုင်းပဲလေ။ ”
ဖန့်ရွယ်သည် သူတို့နှစ်ယောက်ဟာ တစ်ယောက်တည်းပါလို့ ခိုင်ခိုင်မာမာ သံသယဝင်မိသော်လည်း ကျန်းပေါင်ရဲ့ အမူအရာက ယုံချင်စရာကောင်းလောက်အောင် ပိရိလွန်းတာမို့ ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိတော့သည်။ ဖူမင်ရှစ်က သူ့သရုပ်မှန်ကို ကျန်းပေါင်ကိုတောင် ဖုံးကွယ်ထားတာပါပဲ။
ကျန်းပေါင်ကတော့ ရယ်ရယ်မောမောနှင့် ခေါင်းခါကာ စာဆက်ဖတ်နေလိုက်သည်။ “ မဖြစ်နိုင်တာ။ မင်ရှစ်က အခုမှ ဒုတိယနှစ် တက္ကသိုလ်ကျောင်းသားအရွယ်ပဲ ရှိသေးတာ။ ဒီလူက အနည်းဆုံး လွန်ခဲ့တဲ့ လေး ၊ ငါးနှစ်လောက်ကတည်းက ဘွဲ့ရပြီးလောက်ပြီ။ ”
ဖန့်ရွယ်က မျက်မှောင်ကြုတ်လိုက်ပြီး နောက်တစ်ခေါက် မရေမရာ ဖြစ်သွားကာ ဓာတ်ပုံတွေကို ယှဉ်ကြည့်လိုက်သည်။ ဖူမင်ရှစ်ရဲ့ အဝတ်အစားတွေကို အကဲခတ်ရသလောက် အထက်တန်းစား အခန်း နှစ်ခန်းကို တစ်ပြိုင်တည်း ဘိုကင်တင်ခဲ့တဲ့ အချိန်က လွဲလို့ အမှန်တကယ်ပဲ စီအီးအိုတစ်ယောက်နှင့် မတူပါ။ သူမ တိတ်တိတ်လေး ခိုးရိုက်ထားတဲ့ မင်ရှစ်ရဲ့ ဓာတ်ပုံတွေကို ထုတ်ကာ ယှဉ်ကြည့်မိသည်။ ထိုသို့ ယှဉ်ကြည့်လေ ၊ အံ့ဩထိတ်လန့်ရလေပင်။
သူတို့နှစ်ယောက်က တစ်ယောက်တည်း မဟုတ်ဘူး ဆိုရင် ကမ္ဘာပေါ်က လူဘယ်နှယောက်က ဒီလောက်တောင် တစ်ထပ်တည်း တူနိုင်မှာလဲ … ။
သူမ ကျန်းပေါင်ကို မသိမသာ အကဲခတ်ကြည့်လိုက်သည်။ ခေါင်းငုံ့ပြီး စာဖတ်နေတဲ့ ကျန်းပေါင်ရဲ့ မျက်တောင်ရှည်လေးတွေက လှပစွာ ညွှတ်ဆင်းနေသည်။ ကျန်းပေါင်က လှသော်လည်း ဒုတိယအကြိမ် လည်ပြန်ကြည့်ရလောက်အောင် လှတဲ့ အလှမျိုးတော့ မဟုတ်။ နုပျိုသစ်လွင်ကာ သဘာဝဆန်သော အလှမျိုး ဖြစ်သည်။ ကြည့်ရင်း ကြည့်ရင်း ဆွဲဆောင်မှုပိုရှိလာတဲ့ ၊ ယောက်ျားတွေ အကြိုက်ဆုံး လက်ဖက်စိမ်း ခွေးမမျိုး ဖြစ်သည်။
အပေါ်ယံမှာတော့ ရင်းနှီးဖော်ရွေသလို ဟန်ဆောင်နေပေမဲ့ ဖန့်ရွယ် သဘောကျတဲ့ မင်ကျစ်နျဉ်ကို တိတ်တိတ်လေး မြှူဆွယ်နေခဲ့သည်။ မင်ကျစ်နျဉ်အကြောင်း တွေးမိတော့ ဒေါသထွက်လွန်း၍ ဖန့်ရွယ်ရဲ့ ရင်ဘတ် တစ်ခုလုံး မီးလောင်ကျွမ်းနေသလို ခံစားရသည်။ ဒါပေမဲ့ သူမ ကျန်းပေါင်နှင့် ဖူမင်ရှစ်တို့ရဲ့ အချစ်ဇာတ်လမ်းကို ထဲထဲဝင်ဝင် သိအောင် အရင်ဆုံး လုပ်ရပါမည်။ မင်ရှစ်က တကယ်ပဲ ဖူမင်ရှစ် ဖြစ်နေလျှင်တော့ … ။
ဖန့်ရွယ်သည် ဖုန်းကို ဘေးချကာ စာဖတ်ချင်ယောင်ဆောင်နေလိုက်သော်လည်း အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားတဲ့ ဓာတ်ပုံထဲက အမျိုးသားက သူမရဲ့ စိတ်ထဲမှာ တဝဲဝဲလည်နေ၏။
တနင်္လာနေ့ည ရောက်တော့ ဖူမင်ရှစ်က ကျန်းပေါင်ကို အစောကြီးကတည်းက လာစောင့်နေခဲ့သည်။ သူတို့နှစ်ယောက်က အဆောင်ကို အရင်ဆုံး ပြန်ကာ စက်ဘီးတွေ ထားပြီးမှ အခန်းဖော်တွေကို ခေါ်လာခဲ့လိုက်သည်။
ရိုးရိုးစင်းစင်း တက္ကသိုလ်ကျောင်းသား ဝတ်စုံကိုသာ ဝတ်ဆင်ထားတဲ့ ဖူမင်ရှစ်ကို မြင်ချိန်မှာ ကျားရှောင်ယုရဲ့ ဝမ်းဗိုက်ထဲမှာ မကျေမနက် စကားသံတွေ ပြည့်နှက်သွားပေမဲ့ ထုတ်မပြောရဲပါ။ ဖူမင်ရှစ်ကို သာမန် အခန်းဖော်တစ်ယောက်ရဲ့ ကောင်လေးလိုမျိုးလည်း ထပ်မ,စနောက်တော့။
သူတို့ ခပ်တန်းတန်း ဖြစ်နေတာကို သတိထားမိသော ဖူမင်ရှစ်က ပုံမှန်အတိုင်းပဲ ကျန်းပေါင်ရဲ့ ပခုံးပေါ်ကို လက်တင်ပြီး ကောင်မလေး သုံးယောက်ကို တောင်းပန်သလို ပြုံးပြလိုက်သည်။ “ ကျန်းပေါင်က သိုသိုသိပ်သိပ် နေထိုင်ရတာကိုပဲ သဘောကျတယ် … အဲ့ဒါကြောင့်ပါ။ ကျွန်တော်တို့ ဒီညတော့ အပြင်ထွက်ပြီး တစ်ခုခု စားကြမယ်။ နောက်ပိုင်း ကျန်းပေါင်နဲ့ ကျွန်တော့်ဆက်ဆံရေးကို လူသိရှင်ကြား ချပြပြီးရင်တော့ မင်းတို့ကို သေချာလေး ကျကျနန လိုက်ကျွေးပါ့မယ်။ ”
ကျန်းပေါင်က သူ့လက်ကို အနေရခက်စွာ ရှောင်ရှားလိုက်၏။ ဖူမင်ရှစ်ကတော့ ဘာမှ မတတ်နိုင်သလို ပြုံးနေခဲ့ပြီး သူ့ရဲ့ နက်ရှိုင်းသော အကြည့်ဟာ ကျန်းပေါင်ဆီမှာပဲ တစ်ချိန်လုံး တည်မြဲကပ်ငြိနေခဲ့လေသည်။ တက္ကသိုလ်ကျောင်းသား အတုပဲဖြစ်ဖြစ် ၊ စီးပွားရေးလုပ်ရှင်ကြီးပဲဖြစ်ဖြစ် သူ့ရဲ့ ကျန်းပေါင်အပေါ် ဆက်ဆံပုံက ပြောင်းလဲမသွားပေ။ ဘေးမှာ လူတွေ ရှိနေလည်း သူ့အချစ်ကို ပွင့်လင်းစွာ ထုတ်ပြလေ့ရှိသည်။
အကြိမ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသော အခန်းဖော်သုံးယောက်က ချက်ချင်းပဲ လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။ စီးအီးအိုတွေ ဘာတွေကို မေ့ပစ်လိုက်ပြီး ကျန်းပေါင်ရဲ့ လက်ကို ဆွဲကာ တက္ကသိုလ်ပရဝုဏ်ထဲက ထွက်လာခဲ့လိုက်သည်။ အစားအသောက်ထက် ပိုအရေးကြီးတာ မရှိ။
ညစာ စားပြီးတော့ ကျားရှောင်ယုတို့သုံးယောက်က အဆောင်ကို အရင်ဆုံး ပြန်သွားကြပြီး ကျန်းပေါင်ကတော့ ဖူမင်ရှစ်နှင့်အတူ တက္ကသိုလ်ပရဝုဏ်ထဲမှာ လမ်းလျှောက်နေခဲ့သည်။
“ မင်း ကောလဟာလတွေကို မြင်တုန်းက နည်းနည်းလေးမှ စိတ်ပူတာမျိုး မရှိခဲ့ဘူးလား။ ”
လမ်းမီးတိုင်အောက်ကို ဖြတ်လာချိန်မှာ ဖူမင်ရှစ်က ခြေလှမ်းရပ်ပြီး ကျန်းပေါင်အား လမ်းမီးတိုင်နှင့် ဖိကပ်လိုက်သည်။ ( ၁.၆၅ ) မီတာမြင့်သော လမ်းမီးတိုင်နှင့် ယှဉ်လိုက်တော့ ကျန်းပေါင်က ဖူမင်ရှစ်ရဲ့ မျက်လုံးထဲမှာ တကယ့်ကို သေးသေးကွေးကွေးလေး ဖြစ်နေသည်။ ထိုင်နေတဲ့ အချိန်ဆို ကျန်းပေါင်ကို သူ့ပေါင်ပေါ်မှာ ထိုင်ခိုင်းထားရတာကို သဘောကျပေမဲ့ မတ်တပ်ရပ်နေချိန်မှာ လက်ရှိ အနေအထားလေးကိုလည်း ဖူမင်ရှစ် အမှန်တကယ် သဘောကျပါသည်။ သူက လက်မောင်းနှင့် ရင်ဘတ်ကို အသုံးပြူ၍ ကျန်းပေါင်ကို သူ့ရင်ခွင်ထဲမှာ နစ်မြုပ်ထားလိုက်သည်။
ကျန်းပေါင်ရဲ့ မျက်လုံးထဲမှာလည်း သူတစ်ယောက်တည်းသာ ပြည့်နေခဲ့သည်။ ဖူမင်ရှစ်ရဲ့ စူးရှနွေးထွေးသော ကိုယ်သင်းနံ့ကို ရှူရှိုက်မိတဲ့ ကျန်းပေါင်က ခပ်ဖြည်းဖြည်း ခေါင်းခါပြလိုက်သည်။ ဖူမင်ရှစ်နှင့် တွဲနေတဲ့ တစ်လျှောက်မှာ သူတို့ရဲ့ မိုးနှင့် မြေလို ကွာခြားသော ပိုက်ဆံသုံးစွဲပုံကြောင့် အငြင်းပွားစရာတွေ ဖြစ်လာမှာကိုပဲ စိတ်ပူဖူးသည်။ ဖူမင်ရှစ် တခြား မိန်းမတွေနှင့် ပတ်သက်လိမ့်မည်ဟု ဘယ်တော့မှ သံသယမဝင်ခဲ့ဖူးပါ။ ဘာ့ကြောင့်မှန်း မသိဘဲ ဒီတိုင်းပဲ သူ့ကို ယုံကြည်ခြင်း ဖြစ်သည်။
***