အခန်း ၄၇
Vol. 5 Ch. 47
အပိုင်း ( ၄၇ )
ဖူမင်ရှစ်က ချော့မော့ရ လွယ်ကူလွန်းတဲ့ သူ့ဇနီးလောင်းလေးကို ကြည့်ပြီး ရယ်ချင်သွားကာ သူမကို စနောက်လိုက်သည်။ “ ကိုယ့်ကို အဲ့လောက်တောင် ယုံတာလား။ တကယ်လို့ တစ်နေ့မှာ ကိုယ်က တကယ် ဖောက်ပြန်ရင်ရော။ ”
ကျန်းပေါင်က ထိုအကြောင်းကို သေချာ စဉ်းစားကြည့်ပြီးမှ “ ကျွန်မ ဘာမှ မလုပ်ပါဘူး။ လမ်းခွဲရုံပဲပေါ့။ ရှင်လည်း ရှင့်လမ်းရှင်သွား ၊ ကျွန်မလည်း ကိုယ့်လမ်းကိုယ် သွားရမှာပေါ့။ ” ဟု ခေါင်းငုံ့၍ ပြောလိုက်သည်။ အားရတဲ့အထိ ငိုပြီးနောက် ရှေ့ဆက်လျှောက်ကာ အနာဂတ်မှာ သူမနှင့် သင့်တော်တဲ့ တခြား ချစ်သူ တစ်ယောက်ကိုလည်း ရှာကောင်း ရှာလိမ့်မည်။
စရုံသာ စနောက်နေသော ဖူမင်ရှစ်က “ လမ်းခွဲမယ် ” ဟူသော စကားကို ကြားချိန်မှာ ချက်ချင်းပဲ မျက်နှာမည်းမှောင်သွား၏။ သူမရဲ့ ခါးကို ပွေ့ဖက်ထားသော သူ့လက်တွေကို ပိုမိုတင်းကြပ်လိုက်ပြီး သူမရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။ “ ဘယ်တော့မှ တခြားတစ်ယောက် ရှိလာမှာ မဟုတ်ဘူး။ ကိုယ်က မင်းကိုပဲ ချစ်တာ ၊ မင်းကိုပဲ နမ်းတာ ၊ မင်းကိုပဲ လက်ထပ်မှာ ၊ မင်းနဲ့ပဲ အိပ်မှာ။ တကယ်လို့ မင်းက တခြားတစ်ယောက်ကို ချစ်မိသွားပြီး ဖောက်ပြန်ချင်တယ် ဆိုရင်တောင် ကိုယ်က မင်းကို လုံးဝ အခွင့်အရေးပေးမှာ မဟုတ်ဘူး။ ”
“ မင်းကိုပဲ ” ဆိုတဲ့ အသုံးအနှုန်းကို ထပ်တလဲလဲ သုံးနှုန်းသွားခြင်းက ကျန်းပေါင်ကို ပထမပိုင်းမှာ ရင်ခုန်စေသော်လည်း ဖူမင်ရှစ်က အတူတူ အိပ်တဲ့ အကြောင်းကိုပါ ထည့်ပြောလာချိန်မှာတော့ ဝေ့လည်ကြောင်ပတ်နှင့် ငြင်းဆန်လိုက်သည်။ “ ကျွန်မ ဖောက်ပြန်ဖို့ တွေးနေတာ မဟုတ်ပါဘူး။ ” သူက သူမကို ဘယ်လို လူမျိုးလို့ ထင်နေတာလဲ … ။ ခံစားချက်တွေ ပျောက်ကွယ်သွားပြီး အချစ်တွေ မရှိတော့တဲ့အခါ လမ်းခွဲလိုက်တာက ကိစ္စမရှိပါ။ အဲ့လိုမှ မဟုတ်ဘဲ ဖောက်ပြန်တာကတော့ ကိုယ်ကျင့်တရား ဖောက်ပြားခြင်းပဲ ဖြစ်သည်။
အခုအချိန်မှာ ဖူမင်ရှစ်သည် စကားပြောချင်စိတ် မရှိပေ။ သူက သူမရဲ့ မေးစေ့လေးကို ဆွဲမော့ပြီး မျက်လုံးလေးတွေ မှိတ်ထားတာကို ကြည့်ပြီးနောက် သူမရဲ့ နဖူးလေးကို ဖြည်းညင်းစွာ နမ်းလိုက်သည်။ တစ်ခါတလေ သူတို့ဘေးက ဖြတ်လျှောက်သွားတဲ့ လူတွေ ရှိပေမဲ့ သူကတော့ ထိုလူတွေကို လုံးဝ ဂရုမစိုက်ဘဲ သူမကို နမ်းခြင်းကိုသာ အာရုံစိုက်ထား၏။ သူမရဲ့ နီရဲနေတဲ့ ပါးလေးတွေကို နမ်းသည် ၊ ချိုမြိန်သော နှုတ်ခမ်းလေးကို နမ်းသည်။ သူ့ခန္ဓာကိုယ်ကို သူမနှင့် ဖိကပ်ကာ နှစ်ယောက်တစ်ကိုယ် ပေါင်းစပ်ချင်သည်။
ကံမကောင်းစွာဖြင့် အေးစက်သော လမ်းမီးတိုင် အလင်းရောင်အောက်မှာ အဲ့ဒီလို လုပ်ဖို့ သိပ်ယုတ္တိမရှိပါ။ ဖူမင်ရှစ်က သူမရဲ့ နှုတ်ခမ်းလေးကို နောက်ထပ် နှစ်ခါ ၊ သုံးခါလောက် အရသာခံပြီးမှ မလွှတ်ချင် လွှတ်ချင်နှင့် လွှတ်ပေးလိုက်ကာ အဓိက ပြဿနာကို နောက်ဆုံးမှာ သတိရသွားသည်။ ထို့ကြောင့် သူမနှင့် နဖူးချင်း ဖိကပ်လျက် မေးလိုက်ပါသည်။
“ မင်းက ငါ ဖောက်ပြန်မှာကို စိတ်မပူလို့ ငါနဲ့ တခြား မိန်းကလေးတစ်ယောက်ရဲ့ ကောလဟာလတွေကို မြင်တော့ ဘာခံစားချက်မှ မရှိတာလား။ ” ထိုသို့ ပြောနေချိန်မှာ သူ့ရဲ့ နက်မှောင်သော မျက်လုံးတွေက ကျန်းပေါင်ရဲ့ ရွှန်းလဲ့သော မျက်လုံးဝိုင်းလေးတွေကိုသာ ကြည့်နေခဲ့သည်။
ကျန်းပေါင်ရဲ့ မျက်တောင်ရှည်တွေက အဆက်မပြတ် လှုပ်ခတ်သွားသည်။ သူမက နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ပိတ်လိုက်ပြီး မျက်လွှာချထားသည်။ ဖူမင်ရှစ်ရဲ့ စိတ်က ရုတ်တရက်ပဲ ကြည်လင်သွားကာ သူမရဲ့ မျက်လုံးလေးတွေကို နမ်းလိုက်သည်။ “ မင်း သဝန်တိုနေတာလား။ ” သဝန်တိုတာက သူမ ဂရုစိုက်တယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်သည်။
ကျန်းပေါင် မငြင်းနိုင်ပါ။
ဖူမင်ရှစ်သည် သူမ သဝန်တိုတာကို သဘောကျသော်လည်း ဒီတိုင်း ငြိမ်မနေနိုင်သောကြောင့် သူမရဲ့ နှုတ်ခမ်းထောင့်လေးကို ပွတ်သပ်ပြီး “ စိတ်မပူပါနဲ့။ မနက်ဖြန်ရောက်ရင် မင်း တွေ့ရပါလိမ့်မယ်။ ”
နောက်တစ်နေ့ အတန်းချိန်တွေမှာ ကျန်းပေါင်သည် ကိစ္စတွေကို ဖူမင်ရှစ် ဘယ်လို ဖြေရှင်းမလဲ ဆိုတာ သိချင်စိတ်ဖြင့် ဖုန်းကို မကြာခဏ စစ်ကြည့်နေမိသည်။ ကျားရှောင်ယုက အတန်းချိန်မှာ ဖုန်းသုံးနေသော စံပြကျောင်းသူကို တွေ့တော့ အံ့ဩသွားကာ “ နင် ဘာတွေ ကြည့်နေတာလဲ။ ” ဟု စူးစူးစမ်းစမ်း မေးပါသည်။
ကျန်းပေါင်က ချက်ချင်းပဲ ဖုန်းကြည့်ခြင်းကို ရပ်တန့်ကာ စာကိုသာ ပြန်အာရုံစိုက်ထားလိုက်တော့သည်။ နေ့လယ်စာ စားပြီးတော့ သူတို့ အဆောင်ပြန်ပြီး အနားယူကြသည်။ ကျန်းပေါင်က ဖူမင်ရှစ် ပြောထားတဲ့ ဖြေရှင်းမယ် ဟူသော ကိစ္စကို ခေါင်းထဲက ထုတ်မရသေးသော်လည်း သူမ ဂဏှာမငြိမ်တာကို သူမရဲ့ အခန်းဖော်တွေ သတိထားမိသွားမှာ စိုး၍ စောစောစီးစီး အိပ်ရာပေါ် တက်ကာ လက်ပ်တော့နှင့် အလုပ်ရှုပ်နေခဲ့သည်။
သူမက ဝေ့ပေါ်ထဲမှာ ဟိုဟိုဒီဒီ လျှောက်ကြည့်နေရင်းမှ ဆယ်မိနစ်ကျော် ကာတွန်းဗီဒီယိုလေး တစ်ပုဒ်ကို စိတ်ဝင်တစား ကြည့်နေမိသည်။ ဗီဒီယိုထဲက အဝါရောင် ငှက်ကလေးက ရိုးရှင်းစွာပဲ ချစ်စရာကောင်းနေတာမို့ ကျန်းပေါင်လည်း ဗီဒီယိုထဲမှာ လုံးဝ မြောသွားခဲ့လေသည်။
“ မြန်မြန် ဆင်းလာခဲ့ ကျန်းပေါင်။ ”
ရုတ်တရက် စီခနဲ ထွက်ပေါ်လာသော ကျားရှောင်ယုရဲ့ အော်သံစူးစူးက ကျန်းပေါင်ရဲ့ နားကြပ်ကို ဖြတ်သန်းကာ နားထဲသို့ ဝင်ရောက်လာသည်။ ကျန်းပေါင်က အထိတ်တလန့် ထခုန်မိသွားပြီး ငုံ့ကြည့်လိုက်သောအခါ သူမရဲ့ အိပ်စင်အောက်မှာ ရပ်၍ သူမကို စိတ်လှုပ်ရှားသော အသံတိုးတိုးနှင့် အောက်ဆင်းလာခိုင်းနေတဲ့ ကျားရှောင်ယုကို တွေ့ရသည်။ “ မြန်မြန် ဆင်းခဲ့စမ်း ကျန်းပေါင်။ ဒီမှာ နင့်ရဲ့ ဖူမင်ရှစ်က ဝေ့ပေါ်မှာ ထပ်နာမည်ကြီးနေပြန်ပြီ။ အရမ်း ချောတာပဲ။ ”
ကျန်းပေါင်က ကြောင်အမ်းအမ်းနှင့် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်နေပြီးမှ လုံးဝ ဂရုမစိုက်သော အမူအရာလုပ်ယူ၍ သူမရဲ့ အိပ်စင်ပေါ်မှ ဆင်းလာခဲ့လိုက်သည်။ ကျားရှောင်ယုရဲ့ ကွန်ပျူတာဘေးမှာ သုံးယောက်သား ဝိုင်းအုံနေသော နေရာကို လျှောက်သွားလိုက်တော့ ကျားရှောင်ယုက ကွန်ပျူတာမောက်စ်ကို ‘ ရေပန်းစားနေသော သတင်းများ ’ သို့ ရွှေ့ကာ တခစ်ခစ် ရယ်မောရင်း ဖတ်ပြသည်။ “ ဖူမင်ရှစ်က အချစ်ရေး ကောလဟာလတွေကို ငြင်းဆန်လိုက်ပါတယ်တဲ့။ ”
ထို့နောက် သတင်းခေါင်းစဉ်ကို နှိပ်ကာ အင်တာဗျူးဗီဒီယိုတစ်ပုဒ်ကို ဖွင့်ပြသည်။ ဗီဒီယိုထဲမှာ အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ရုံးခန်းအဆောက်အအုံထဲက ထွက်လာတဲ့ ဖူမင်ရှစ်နောက်ကို သတင်းထောက်တွေ အများကြီးက ပြေးလိုက်ပြီး သူနှင့် ရှားယင်ရဲ့ ဆက်ဆံရေးကို သူ့ထက်ငါ အလုအယက် မေးဖို့ ကြိုးစားနေခဲ့ကြသည်။ “ သခင်ကြီးဖူက အပြင်းအထန် နာမကျန်းဖြစ်နေလို့ ခင်ဗျားက အိမ်ထောင်ပြုမယ့် အစီအစဉ်တွေကို ကြေညာတော့မယ်လို့ ကျွန်တော်တို့ သတင်းကြားထားတယ် ဘော့စ်ဖူ။ အဲ့သတင်းက အမှန်ပဲလား။ သတို့သမီးက ရှားယင်လား။ ”
ကျားရှောင်ယုက ဗီဒီယိုကို ထိုနေရာမှာ ရုတ်တရက် ရပ်တန့်လိုက်ကာ ကျန်းပေါင်ကို “ နင်နဲ့ သူနဲ့ လက်ထပ်တော့မှာလား။ ” ဟု လှည့်မေးသည်။
“ ဘယ်ကသာ။ သူတို့ဘာသာ လုပ်ဇာတ်ခင်းပြီး ချဲ့ကားပြောနေကြတာပါ။ ” အခုလို အရေးပေါ် အခြေအနေမှာ ကျန်းပေါင်က အခန်းဖော်ရဲ့ ပခုံးကို လက်နှင့် ဖိထားရင်း ဗီဒီယိုထဲမှာ နောက်ဆက်တွဲ ပြောမယ့် စကားတွေကို ကြားချင်နေခဲ့သည်။
ကျားရှောင်ယုက နောင်တရစွာ သက်ပြင်းချပြီး ဗီဒီယိုကို ဆက်ဖွင့်လိုက်၏။ ဖူမင်ရှစ်က သူ့ကို မိုက်ထိုးပေးထားသော သတင်းထောက်တွေကို ခန့်ညားတည်ငြိမ်သော အမူအရာဖြင့် ဆက်ပြောသည်။ “ အဘိုးက အများကြီး သက်သာလာပါပြီ။ ကျွန်တော်ကလည်း ဘယ်သူနဲ့မှ တွဲနေတာ မဟုတ်ပါဘူး။ အဘိုး နေမကောင်းဖြစ်နေတဲ့ သတင်းနဲ့ ကျွန်တော် လက်ထပ်တော့မယ့် သတင်းက ကောလဟာလပါ။ ”
“ ဒါဆို ဘော့စ်ဖူရဲ့ ရှားယင်ရဲ့ ဆက်ဆံရေးက ချစ်သူရည်းစားတွေ မဟုတ်ဘူးပေါ့နော်။ ”
ဖူမင်ရှစ်က ခေါင်းညိတ်လိုက်သည်။ “ တကယ်တော့ ကျွန်တော်နဲ့ ရှားယင်က အဲ့လောက်တောင် မရင်းနှီးပါဘူး။ အဲ့နေတုန်းက ကျွန်တော်က ဒါရိုက်တာလင်နဲ့ တွေ့ဖို့ ဟိုတယ်ကို သွားတာပါ။ တစ်နေရာတည်းမှာ နှစ်ယောက်အတူ ရှိနေတာက တကယ့်ကို တိုက်ဆိုင်မှုသက်သက်ပါပဲ။ ”
သတင်းထောက်တွေက အတော်လေး စိတ်ပျက်သွားပုံပေါ်သော်လည်း အလျင်အမြန်ပဲ နောက်တစ်ယောက်က မေးခွန်းထုတ်ခဲ့သည်။ “ ဘော့စ်ဖူက ဘယ်လို မိန်းကလေးမျိုးကို သဘောကျတာလဲ။ ရှားယင်လို အရမ်း လှတဲ့ မိန်းကလေးမျိုးလား … ဒါမှမဟုတ် … ”
ဖူမင်ရှစ်က ခပ်ယဲ့ယဲ့ ပြုံးပါသည်။ “ အတိအကျကြီးတော့ မပြောနိုင်ပေမဲ့ ကျွန်တော့်ချစ်သူက စီးပွားရေးနယ်ပယ်ထဲကတို့ ၊ အနုပညာနယ်ပယ်ထဲကတို့တော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် အနာဂတ်မှာ ကျွန်တော်နဲ့ မိန်းကလေး အနုပညာရှင်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို သတင်းမှားတွေလို့ သတ်မှတ်နိုင်ပါတယ်။ အားလုံးရဲ့ စိတ်ထဲမှာ သတင်းမှားတွေကို အလေးအနက် မတွေးပါနဲ့။ ”
“ ဘော့စ်ဖူက မိန်းကလေး အနုပညာရှင်တွေကို ဘာလို့ သဘောမကျတာပါလဲ။ ဘော့စ်ဖူနဲ့ သူတို့ကြားမှာ ရန်ငြိုးရန်စတွေ ရှိလို့လား။ ”
ဖူမင်ရှစ်သည် တစ်စုံတစ်ယောက်က သူ့ကို ထောင်ချောက်ဆင်ဖို့ ကြိုးစားနေတယ် ဆိုတာ အာရုံခံမိသောကြောင့် ထိုမေးခွန်းကို ဖြေဖို့ ငြင်းဆန်လိုက်၏။ သူ့ကား ရောက်လာသည်နှင့် ကားပေါ်သို့ လျင်မြန်စွာ တက်ပြီး ထွက်ခွာသွားသလို ဗီဒီယိုလည်း ပြီးဆုံးသွားသည်။
ထိုဗီဒီယိုကို နှစ်ကြိမ်တိုင်တိုင် ကြည့်ပြီးတဲ့ထိ မကျေနပ်နိုင်သေးသော ကျားရှောင်ယုက နောက်တစ်ခေါက် ထပ်ကြည့်ပြီး အားမလိုအားမရ ရေရွတ်လိုက်သည်။ “ နင် အဆင်ပြေတဲ့ တစ်နေ့ကျရင် အနောက်တိုင်းဝတ်စုံ ဝတ်ထားတဲ့ ဘော့စ်ဖူကို ငါ့အတွက် အနီးကပ် ဓာတ်ပုံတစ်ပုံလောက် ရိုက်ပေးစမ်းပါ ကျန်းပေါင်။ ငါ ဝေါလ်ပေပါ ထားချင်လို့။ သူက အချစ်ဝတ္ထုတွေထဲက ခုန်ထွက်လာတဲ့ စီအီးအိုတစ်ယောက်လိုပဲ တီဗီထဲက မင်းသားတွေထက်တောင် ပိုချောသေးတယ်။ ”
ချန်းလီလီက “ ကျန်းပေါင်က သူ ငမ်းဖို့ပဲ ဓာတ်ပုံရိုက်မှာပေါ့ဟဲ့။ သူ့ရည်းစားကို နင် ငမ်းဖို့ ဓာတ်ပုံရိုက်ပေးရင် သူ ရူးနေလို့ပဲ ဖြစ်လိမ့်မယ်။ ” ဟု ဆိုကာ ကျားရှောင်ယုကို ခေါင်းခေါက်လိုက်သည်။ ခေါင်းခေါက်သူက ချန်းလီလီ ဖြစ်သော်လည်း ကျားရှောင်ယုကတော့ ကျန်းပေါင်ကို မဆီမဆိုင် မျက်စောင်းထိုးပါသည်။
“ နင်က တကယ့် လူအစစ်ကို ရထားတာပဲဟာ။ ငါ့ကို ငမ်းဖို့ ဓာတ်ပုံလေးတွေတော့ ပေးပါ။ ”
ငမ်းဖို့ …… ။
ကျန်းပေါင်ရဲ့ စိတ်ထဲကို မနှစ်တုန်းက ဖူမင်ရှစ် သူမကို ရေပူစမ်းသို့ ခေါ်သွားတဲ့ မှတ်ဉာဏ်တွေ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။ ဖူမင်ရှစ်ဟာ သူမခန္ဓာကိုယ်ကို ရေကူးဝတ်စုံ အုပ်ထားတဲ့ အစိတ်အပိုင်းတွေအပြင် နေရာလပ်မကျန် ငမ်းနေခဲ့တာပင်။ ထို့အတွေးကြောင့် ချက်ချင်းပဲ ကျန်းပေါင်ရဲ့ မျက်နှာနီရဲတက်လာတာကို သူမရဲ့ အခန်းဖော်တွေကတော့ ကျန်းပေါင်တစ်ယောက် ဖူမင်ရှစ်ကို စိတ်ကူးထဲမှာ ငမ်းနေသည်ဟု ယူဆကာ အဓိပ္ပာယ်ပါပါ တခွိခွိ ရယ်နေခဲ့ကြသည်။
ကျန်းပေါင်က သူတို့ကို လျစ်လျူရှုကာ သူမရဲ့ အိပ်စင်ပေါ်ကို ပြန်တက်ပြီး ဗီဒီယို ဆက်ကြည့်နေလိုက်သည်။ ခဏကြာတော့ ချန်းလီလီက သူမရဲ့ လက်ကို ဆုပ်ကိုင်ပြီး စနောက်လိုသော လေသံတစ်ဝက်နှင့် ပြောသည်။
“ နေပါဦး။ နင့်ရဲ့ ဖူမင်ရှစ်က သူ့မှာ ရည်းစားမရှိပါဘူးလို့ ရုပ်တည်ကြီးနဲ့ ပြောသွားတာကို နင် စိတ်မဆိုးဘူးလား။ ”
ကျန်းပေါင် ဘာမှ မရှင်းပြနိုင်သေးခင်မှာပဲ ကျားရှောင်ယုက အမြော်အမြင်ကြီးစွာ ဝင်ရောက်ပြောဆိုသည်။ “ နင်ကမှ နားမလည်တာ။ ဘော့စ်ဖူက ကျန်းပေါင်အတွက် စဉ်းစားပေးနေတာဟဲ့။ ကျန်းပေါင်က လူသိရှင်ကြား မကြေညာချင်သေးလို့ လိမ္မာတဲ့ ဖူမင်ရှစ်က သူ့သဘောနဲ့သူ မလုပ်ရဲတာ။ ပြီးတော့ သူ့မှာ ရည်းစားရှိပါတယ်လို့လည်း ဝန်ခံလို့ မရဘူးလေ။ အဲ့လို ဝန်ခံပြီး သူ့ရည်းစားက ဘယ်သူလဲ ဆိုတာ မပြောရင် ပါပါရာဇီတွေက သူ့နောက်ကို အချိန်ပြည့် နောက်ယောင်ခံလိုက်နေလိမ့်မယ်။ အဲ့ဒါဆို ဘော့စ်ဖူမှာ တက္ကသိုလ်ကျောင်းသားလို ဟန်ဆောင်ပြီး ကျန်းပေါင်နဲ့ အကြင်နာပေးတမ်း ကစားဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး။ ”
ချန်းလီလီက ခေါင်းတဆတ်ဆတ်ညိတ်နေခဲ့သည်။ “ ဟုတ်သားပဲ။ နင် ပြောတာ အဓိပ္ပာယ်ရှိတယ်။ ”
ကိစ္စတွေကို သူတို့ဘာသာ ပျော်ရွှင်စွာ စိတ်ကူးယဉ်နေသည့်အတွက် ကျန်းပေါင်လည်း သူတို့ကို တကူးတက ရှင်းပြမနေတော့ပါ။ တကယ်တော့ မြို့တော်ကို မလာခင်တုန်းက အဘိုးဖူနှင့် သဘောတူညီချက်အရ သူမက ဖူမင်ရှစ်ရဲ့ ကောင်မလေး မဟုတ်ဘဲ သူ့ဇနီးလောင်း ဖြစ်သည်။ ဖူမင်ရှစ်ကလည်း သူမကို စနောက်တဲ့အခါ သူ့ကိုယ်သူ သူမရဲ့ ခင်ပွန်းလောင်းဟု အမြဲ သုံးနှုန်းလေ့ရှိသည်။
ကောလဟာလတွေကို ဖြေရှင်းထားသော ဖူမင်ရှစ်ရဲ့ ဝေ့ပေါ် Post ကို ဖန့်ရွယ်လည်း မြင်လိုက်သော်လည်း သူမရဲ့ စိတ်ကို ဖမ်းစားသွားတာက ဖြေရှင်းချက်ပါ အကြောင်းအရာတွေ မဟုတ်ဘဲ ဖူမင်ရှစ်ရဲ့ အသံ ဖြစ်သည်။ ရုပ်ရည်က ရုပ်ချင်း ဆင်တာမျိုး ရှိနိုင်သော်လည်း အသံကတော့ အရမ်းကို တူလွန်းပါသည်။ ဖန့်ရွယ်ဟာ ဖူမင်ရှစ်နှင့် မင်ရှစ်ဟာ လူတစ်ယောက်တည်း မဟုတ်ဘူး ဆိုတာကို ယုံကြည်ဖို့ ငြင်းဆန်လိုက်သည်။
ထိုညမှာ သူမ စိတ်လှုပ်ရှားလွန်း၍ အိပ်လို့တောင် မပျော်ပါ။ တကယ်လို့သာ အရမ်း ချမ်းသာတဲ့ ဖူမင်ရှစ်နှင့် သူမနှင့် ရင်းနှီးသော အသိမိတ်ဆွေတွေ ဖြစ်သွားလျှင် အနာဂတ်မှာ သူမ အကူအညီလိုတဲ့အခါတိုင်း သူ့လက်ချောင်းလေးကို ကြွလိုက်ရုံနှင့် ကူညီပေးလိမ့်မည်။ သူမဘက်က ဖူမင်ရှစ်ကို အကူအညီမတောင်းလျှင်တောင် ကျန်းပေါင်နှင့် ညီမရင်းချာသဖွယ် ဆက်ဆံရေးကို ထိန်းထားပြီး ဖူမင်ရှစ်ရဲ့ အပန်းဖြေစံအိမ်ကို မကြာခဏ ဝင်ထွက်သွားလာနေလျှင် သူမအတွက် အခွင့်အလမ်းတွေ အများကြီး ရလာလိမ့်မည်။
ဖန့်ရွယ်သည် ထိုအကြောင်းကို နေ့နေ့ညည စဉ်းစားရင်း အဲ့ဩစရာကောင်းစွာပင် ဖူမင်ရှစ်ကို အိပ်မက်ထဲမှာ ထည့်မက်လျက် ရှိလေသည်။ အိပ်မက်ထဲမှာ သူမနှင့် ကျန်းပေါင်က ဖူမင်ရှစ်ရဲ့ အိမ်ကို အတူတူ သွားပေမဲ့ ကျန်းပေါင်က ဘာ့ကြောင့်မှန်းမသိ ရုတ်တရက် ပျောက်ကွယ်သွားကာ ဖူမင်ရှစ်က ကျန်းပေါင်ကို ကြည့်တဲ့ အကြည့်ထက်တောင် ပိုရင်ခုန်စရာကောင်းသော အကြည့်ဖြင့် ကြည့်ပြီး သူမဆီ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။
အိပ်မက်ဟာ လှပလွန်း၍ ဖန့်ရွယ် ထိုအိပ်မက်ကနေတောင် မနိုးထချင်ပေ။ အိပ်ရာနိုးလာတော့လည်း ထိုအိပ်မက်အကြောင်း တစိမ့်စိမ့် ပြန်တွေးရင်း ရင်ခုန်နေမိသည်။
ဖန့်ရွယ်သည် မျက်နှာသစ်ပြီးသောအခါ ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာ ကြည့်ရင်း သူမလည်း လှပါတယ်လို့ ရုတ်တရက် ခံစားလိုက်ရ၏။ သူမမှာ ကျန်းပေါင်လို သဘာဝဆန်သော အလှတရား မရှိသော်လည်း သေချာလေး ဖြီးလိမ်းပြင်ဆင်လိုက်လျှင် ကျန်းပေါင်ထက်တော့ ဘယ်နေရာမှာမှ လျော့မနေပါ။ တကယ်လို့ … တကယ်လို့ သူမရဲ့ အိပ်မက်လှလှလေးက အမှန်တကယ် ဖြစ်လာခဲ့ရင်ရော … ။ ကျန်းပေါင်ကတောင် မင်ကျစ်နျဉ်ရဲ့ နှလုံးသားကို ခိုးသွားသေးတာပဲ ၊ သူမက ဘာလို့ … ။
ဖန့်ရွယ်ဟာ ရေချိုးခန်းထဲမှ ထွက်လာပြီးနောက် အွန်လိုင်းပေါ်မှာ မိတ်ကပ်လိမ်းနည်း ကျူတိုရီရယ်တွေကို ရှာကြည့်ခဲ့ပြီး အလှပြင်ပစ္စည်း တစ်ဆက်လည်း လေ့ကျင့်ရန် ဝယ်လိုက်သည်။
ကျောင်းသား အများစုအတွက် တက္ကသိုလ်ကျောင်းသားတွေနှင့် အထက်တန်းကျောင်းသားတွေကြားက တစ်ခုတည်းသော ကွာခြားချက်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဆိုတဲ့ ဖိအားမရှိခြင်းပဲ ဖြစ်လိမ့်မည်။ လူနည်းစုမှာသာ ဝတ္ထုတွေ ၊ တီဗီဇာတ်လမ်းတွေထဲမှာ ဖော်ပြထားတဲ့ စိတ်လှုပ်ရှားမှုမျိုး ရှိသည်။ တိရစ္ဆာန်ဆေးပညာ ကျောင်းသားတွေမှာတော့ အတန်းချိန်တွေ ပိုများတာမို့ သူတို့ရဲ့ ဘဝက ပိုလို့တောင် ပျင်းစရာကောင်းပြီး စာကို အာရုံစိုက်ရသည်။
ဝတ်စားဆင်ယင်မှုပုံစံအရ အတန်းကြီးတွေနှင့် ယှဉ်လျှင် ယေဘုယျအားဖြင့် ပထမနှစ် ကျောင်းသားတွေက နည်းနည်းလေး ပိုပြီး ရိုးရိုးရှင်းရှင်း ဝတ်စားဆင်ယင်လေ့ရှိသည်။
ကျန်းပေါင်ရဲ့ အတန်းထဲရှိ မိန်းကလေး ( ၁၅ ) ယောက်ဝန်းကျင်မှာ နှစ်စပိုင်းတွင် မိတ်ကပ်လိမ်းတဲ့ မိန်းကလေး ဆိုတဲ့ နှစ်ယောက်သာ ရှိသည်။ ထို့ကြောင့် ဖန့်ရွယ်က ဒီနေ့မှ ထူးထူးခြားခြား ဖြီးလိမ်းပြင်ဆင်လာသောအခါ တခြား မိန်းကလေးတွေရဲ့ စိတ်အာရုံကို ချက်ချင်းပဲ ဆွဲဆောင်နိုင်ခဲ့သည်။ မိန်းကလေးတွေက အတင်းပြောရတာ ကြိုက်သည်။ တစ်ယောက်ယောက်က သတိထားမိသည်နှင့် တစ်ပြိုင်နက် သူငယ်ချင်းတွေနှင့် စကားတွတ်ထိုးရင်း သတင်းပျံ့သွားမြဲပင်။
ထို့နေ့မှာ ဖန့်ရွယ်က ကျန်းပေါင်ထံမှ မှတ်စုစာအုပ်တွေ လာဌားတာမို့ ဘေးမှာ ရှိတဲ့ ကျားရှောင်ယုက သူမကို ခေါင်းစခြေဆုံး ကြည့်နေမိသည်။ အားလုံးထဲမှာ ကျားရှောင်ယုက ဖန့်ရွယ်ကို သဘောမကျဆုံး ဖြစ်သော်လည်း မိတ်ကပ်က လူတစ်ယောက်ကို ပြောင်းလဲသွားစေနိုင်တယ် ဆိုတာကိုတော့ ဝန်ခံရပါမည်။ အစကတည်းက ရုပ်မဆိုးဘဲ ရုပ်ရည်ပိုင်းဆိုင်ရာအရ ပျမ်းမျှအဆင့်ကိုတောင် ကျော်လွန်နေသေးတဲ့ ဖန့်ရွယ်က အခုလို မျက်လုံး ၊ မျက်ခုံးတွေကို အလှပြင်ထားချိန်မှာ မိန်းမလှလေးတစ်ယောက် ဖြစ်သွားခဲ့သည်။
ထိုသို့ သတိထားမိခြင်းက ကျားရှောင်ယုက အလွန် မရွှင်မပျ ဖြစ်သွားစေပြီး ဖန့်ရွယ် ပြန်သွားသည်နှင့် အခန်းဖော်ကို မကျေမနပ် ပြောမိသည်။ “ လူတွေက မလှတဲ့ မိန်းကလေး ဆိုတာ မရှိဘူး ၊ အပျင်းကြီးပြီး လှအောင် မနေတဲ့ မိန်းကလေးပဲ ရှိတယ်လို့ ပြောကြတယ်။ ငါ အခု အဲ့စကားကို ယုံသွားပြီ။ ”
ဖန်ရွှမ်းက ကျားရှောင်ယုကို ကြည့်ပြီး ရယ်လိုက်သည်။ “ မနာလိုဖြစ်နေတာလား။ ဘာကို မနာဖြစ်စရာ လိုလဲ။ ငါလည်း နင့်ကို မိတ်ကပ်ပြင်ပေးနိုင်ပါတယ်။ သူ့ထက် လှစေရမယ်လို့တောင် အာမခံနိုင်တယ်။ ”
ကျားရှောင်ယုက ချင်ချင်းပဲ ရွှင်လန်းတက်ကြွသွားပြီး ကျန်းပေါင်ကို လက်ညိုးထိုး၍ “ နင် ငါ့ကို ကျန်းပေါင်ထက် လှအောင် လုပ်ပေးနိုင်လား။ ” ဟု မေးလိုက်သည်။
ကျန်းပေါင်ကတော့ စိတ်ညစ်စွာ ပြုံးနေမိသည်။
ဖန့်ရွှမ်းက အမှန်အတိုင်း ဖြေသည်။ “ ငါ ပြင်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ငါ့မိတ်ကပ်စွမ်းရည်က အဲ့လောက်ထိ အရည်အချင်း မပြည့်မီသေးဘူး။ နင် ဟောလိဝုဒ်က ထိပ်တန်း မိတ်ကပ်ပညာရှင် တစ်ယောက်ယောက်ကို ရှာရလိမ့်မယ်။ ”
ချန်းလီလီက ရေသီးသည်အထိ ခွက်ထိုးခွက်လန် ရယ်မောနေသလို ကျားရှောင်ယုကလည်း ဖန်ရွှမ်းကို သွားပြီး ထုရိုက်နေခဲ့လေသည်။ နောက်ပြောင်မှုတွေကို ဘေးဖယ်လိုက်တဲ့အခါ မိန်းကလေးတွေ စိတ်လှုပ်ရှားလျှင် လုပ်ချင်တာ မှန်သမျှ ဘာမဆို လုပ်တတ်သည်။ နေ့ခင်းဘက်မှာ အတန်းချိန် မရှိသည်နှင့်အတူတူ ဖန်ရွှမ်းက သူမရဲ့ အခန်းဖော်တွေကို ခေါ်ပြီး အလှပြင်ပစ္စည်း ကောင်တာတွေသို့ ဈေးဝယ်ထွက်ခဲ့သည်။
ကျန်းပေါင်ရဲ့ ချမ်းသာကြွယ်ဝမှုက သူမရဲ့ ချစ်သူ ဖူမင်ရှစ်မှာ ထင်ဟပ်နေသော်လည်း သူမက အမြဲတမ်း ခြိုးခြံစိစစ်တတ်တဲ့ လူမျိုး ဖြစ်သည်။ ဖန်ရွှမ်းကတော့ သူဌေးသမီးပီပီ သူမရဲ့ အကြွေးဝယ်ကတ်ဒ်ကို တုံ့ဆိုင်းမှုမရှိ အသုံးပြုပြီး ဘူးတွေ ၊ ပုလင်းတွေ အများကြီး ဝယ်ခဲ့သည်။
***