← Chapters

အခန်း ၄၈

Vol. 5 Ch. 48

အခန်း ၄၈

Vol. 5 Ch. 48

အပိုင်း ( ၄၈ )

အခန်းထဲကို ပြန်ရောက်တော့ ဖန်ရွှမ်းက မိတ်ကပ်အလိမ်းချင်ဆုံး ဖြစ်‌နေတဲ့ ကျားရှောင်ယုကို အရင်ဆုံး လိမ်းခြယ်ပေးလိုက်သည်။ အစကတည်းက အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ ကျားရှောင်ယုကာ မိတ်ကပ်လိမ်းပြီးနောက်မှာ ပိုလို့တောင် ဖြူစင်ဟန် ပေါ်လွင်သွားခဲ့သည်။ ဒီမှတ်ချက်က သူမရဲ့ ကျယ်ပြန့်သော ရုပ်ရှင်ကြည့်မှု ရာဇဝင်ကို အမှတ်တမဲ့ ထွက်ပေါ်သွားစေခဲ့ပေမဲ့ ချန်းလီလီရဲ့ စကားအရ ဂျပန်ရုပ်ရှင်ဇာတ်ကားတွေထဲမှာ တသီးတခြားနေတတ်သည့် အပြစ်ကင်းစင်သော ကောင်မလေးနှင့်တောင် တူသွားပါသည်တဲ့။

ချန်းလီလီကတော့ ထိလွယ်ရှလွယ်တဲ့ အသားအရေရှိတာကြောင့် သူမကို ကျော်သွားခဲ့သည်။ မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကြည့်ရင်း အလှတရားကို မိန်းကလေးပီပီ သဘောကျမဆုံး ဖြစ်နေတဲ့ ကျားရှောင်ယုကို ဖန်ရွှမ်းက စောင်းငဲ့ကြည့်ရင်း ကျန်းပေါင်ကို လှမ်းခေါ်လိုက်သည်။ ကျန်းပေါင်က စိတ်လှုပ်ရှားစွာ ထိုင်လိုက်သည်။ ဖနိရွှမ်းက စတင် ထွင်းထုတော့မည့် ကျွမ်းကျင် ပန်းပုပညာရှင် တစ်ယောက်လိုမျိုး လက်ပိုက်ထားခဲ့သည်။

ခဏအကြာမှာတော့ သူမ ကျန်းပေါင်ကို မိတ်ကပ် စတင် လိမ်းခြယ်ပေးခဲ့သည်။ ကျားရှောင်ယုနှင့် ချန်းလီလီကလည်း ဘေးကနေ ဝိုင်းအုံကြည့်နေခဲ့ကြပြီး ဖန်ရွှမ်းက ကျန်းပေါင်ကို ဆွဲဆောင်မှုရှိသော မိတ်ကပ် Look လေး ပြင်ပေးလိုက်သည်။ မိတ်ကပ်မပြင်နိုင်တဲ့ တစ်ခုတည်းသော အားနည်းချက်ကတော့ သတ္ထုရေကြော်ငြာထဲက သဘာဝ စိမ့်စမ်းရေတမျှ ကြည်လင်နေသည့် ကျန်းပေါင်ရဲ့ မျက်လုံးတွေပဲ ဖြစ်သည်။ ထိုမျက်လုံးတွေကို ညို့ငင်ဖမ်းစားနိုင်တဲ့ Eye Makeup Look ပြင်ပေးလို့ မရပါ။

ဒါပေမဲ့ အဲ့ဒါကြောင့်ပဲ ကျန်းပေါင်က မာယာများတဲ့ မြေခွေးမတစ်ကောင်နှင့် တူမသွားခြင်း ဖြစ်သည်။ မိတ်ကပ်ပြင်ထားတဲ့ ကျန်းပေါင်ဟာ အခုမှ ပွဲဦးထွက်ခါစ မြေခွေးဝိညာဉ်လေးလိုပဲ ယောက်ျားတွေကို ပိုလို့တောင် ဆွဲဆောင်နိုင်တဲ့ ညို့ငင်ဖမ်းစားနိုင်ဆုံး ၊ အဖြူစင်ဆုံး မျက်လုံးလေးများဖြင့် ဖန့်ရွယ်ထက် အဆပေါင်းများစွာ ဆွဲဆောင်မှုရှိနေခဲ့လေသည်။

ကျန်းပေါင်က သူမအခန်းဖော်တွေရဲ့ မျက်လုံးထဲက ထိတ်လန့်မှုတွေကို မြင်လိုက်သော်လည်း ကောင်မလေး သုံးယောက်က သူမရဲ့ ဖုန်းကို လုယူပြီး သူမကို မှန်ကြည့်ခွင့်မပေးပါ။ နောက်ဆုံးမှာ ကျန်းပေါင်တစ်ယောက် မှန်ကြည့်နိုင်ချိန်မှာတော့ သူမရဲ့ အခန်းဖော်တွေက အတူတကွ ပူးပေါင်းကြံစည်ပြီး ဉာဏ်နီဉာဏ်နက်တွေ ထုတ်ပြီးခဲ့ကြပြီ ဖြစ်သည်။

“ ဒီနေ့က ဗုဒ္ဓဟူးနေ့ ဆိုတော့ ကျန်းပေါင်ရဲ့ ချိန်းတွေ့တဲ့ ည မဟုတ်ဘူး။ ငါ ဥက္ကဌဖူကို ဒီဓာတ်ပုံ ပို့လိုက်ရင် သူ လာလောက်မယ်လို့ ထင်လား။ ”

ချန်းလီလီက “ ငါ သူ သေချာပေါက် လာလိမ့်မယ်လို့ ယွမ် ( ၁၀၀ ) ကြေး လောင်းတယ်။ ” ဟု ဆိုကာ အရင်ဆုံး လောင်းကြေးထပ်သည်။

အကွက်မြင်တဲ့ ဖန်ရွှမ်းက ကျန်းပေါင်ကို အရင်ဆုံး မေးသည်။ “ နင့်ရဲ့ ဥက္ကဌဖူက အခု ပေကျင်းမှာမလား။ သူ ပေကျင်းမှာ ရှိနေရင် လာမှာ သေချာတယ်။ ငါ ယွမ် ( ၂၀၀ ) လောင်းတယ်။ ”

ကျားရှောင်ယုကလည်း “ ဒါဆို ငါ ယွမ် ( ၃၀၀ ) လောင်းမယ်။ ” ဟု ဝင်ရောက်ပြောဆိုသည်။

ကျန်းပေါင်ကတော့ ရှက်လွန်း၍ မှန်တောင် မကြည့်ရဲဘဲ ကျားရှောင်ယုကို မျက်စောင်းထိုးလိုက်သည်။ “ နင်တို့ ပို့ရဲရင် ပို့ကြည့်နော်။ ငါ နင်တို့ရဲ့ အစားအသောက်တွေကို ဘယ်တော့မှ ယူမလာပေးတော့ဘူး။ ”

ကျားရှောင်ယုက သူမကို ဉာဏ်နီဉာဏ်နက်နှင့် သွားလေးဖြဲပြီး ဖုန်းကို ဝှေ့ယမ်းပြသည်။ “ ငါ ဒီဓာတ်ပုံကို မပို့ပါဘူး။ Mosaic ဓာတ်ပုံလေးကိုပဲ အရင်ဆုံး ပို့လိုက်မှာ။ သူ မူရင်းဓာတ်ပုံကို ကြည့်ချင်ရင် ငါ့ကို တစ်ခုခု ကမ်းလှမ်းပေါ့။ ဈေးနှုန်းက ကျေနပ်စရာကောင်းရင်တော့ ငါ ပို့ပေးလိုက်မယ်။ ” ကျားရှောင်ယုက ထိုသို့ ပြောပြီးသည်နှင့် အိပ်စင်ပေါ်ကို မျောက်တစ်ကောင်လို တွယ်တက်သွားသည်။ “ ငါ့ကို ကူပြီး စောင့်ကြည့်ထားပေးပါ လီလီ။ ”

ချန်းလီလီနှင့် ဖန်ရွှမ်းက တောင်စောင့်နတ်သမီး နှစ်ပါးကဲ့သို့ လမ်းပိတ်ထားပြီး ကျားရှောင်ယုရဲ့ အိပ်စင်အောက်ကို ကျန်းပေါင် ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူမကို ဝိုင်းဝန်းဖမ်းဆီးခဲ့ကြသည်။

“ ရှောင်ယု။ ” အခုအချိန်မှာ ကျန်းပေါင်က အမှန်တကယ်ပင် စိတ်လှုပ်ရှားပြီး ရှက်နေတာ ဖြစ်သည်။ ခုနတုန်းက မှန်ကြည့်လိုက်တုန်းက သူမရဲ့ မိတ်ကပ်က ဖူမင်ရှစ်ကို မြှူဆွယ်ဖို့ ရည်ရွယ်ချက်ရှိရှိ ကြိုးစားနေသလို ဖြစ်နေသည်။ ဖူမင်ရှစ်အား ထိုဓာတ်ပုံကို မမြင်စေချင်ပါ။

ကျားရှောင်ယုက ခေါင်လေးထွက်ပြူးလာပြီး သူမကို ပြုံးပြ၍ High Def ဓာတ်ပုံလေးကို ဖူမင်ရှစ်ထံ ပို့လိုက်တော့သည်။ ထိုအချိန်မှာ ဖူမင်ရှစ်က ရုံးခန်းထဲမှာ ရောက်နေတာ ဖြစ်ပြီး စာရွက်စာတမ်းတွေကို ဖတ်ရှုစစ်ဆေးနေတုန်းမှာပဲ တင်ခနဲ မက်ဆေ့ခ်ျဝင်သံကို ကြားလိုက်ရ၏။

ဖုန်းကို ယူကြည့်လိုက်တော့ ကျားရှောင်ယုထံမှ မက်ဆေ့ခ်ျဖြစ်နေ၍ သူ အနည်းငယ် မျက်မှောင်ကြုတ်သွားရသည်။ ကျောင်းမှာ ကျန်းပေါင် တစ်ခုခု ဖြစ်ပါက ဆက်သွယ်နိုင်စေရန်အတွက် ကျားရှောင်ယုကို သူ့ဘက်က အရင် အကောင့်အပ်ထားခဲ့ခြင်း ဖြစ်သည်။ နှစ်ဝက်ကျော် အချိန်အတွင်း သူ့ကို ကျားရှောင်ယု တစ်ခါမှ ဆက်သွယ်မလာခဲ့ဖူး။ ကျန်းပေါင် တစ်ခုခု ဖြစ်နေလို့များလား … ။

WeChat ကို ဖွင့်လိုက်တော့ ဓာတ်ပုံလေးတစ်ပုံက သူ့မြင်ကွင်းထဲ ဝင်လာသည်။ နောက်ခံကတော့ မိန်းကလေးအဆောင် ဖြစ်ပြီး ဖူမင်ရှစ်သည် ဓာတ်ပုံကို စူးစိုက်ကြည့်ရင်း ဓာတ်ပုံထဲက လူဟာ ဘယ်သူလဲ ဆိုတာကို မမှတ်လုနီးပါးပင် ဖြစ်နေခဲ့သည်။ သေချာ ကြည့်လိုက်တော့မှ သူ့ဇနီးလောင်း ဆိုတာ အတည်ပြုနိုင်သွားသည်။ ဖူမင်ရှစ်က ချက်ချင်းပဲ အနည်းငယ် ဂဏှာမငြိမ် ဖြစ်သွားပြီး ပထမဆုံးအကြိမ် မိတ်ကပ်လိမ်းထားတဲ့ သူမကို အနီးကပ် အပြေးသွားကြည့်ချင်မိလေသည်။

မိန်းကလေးအဆောင်မှာတော့ ကျားရှောင်ယုက ဖူမင်ရှစ်ရဲ့ ပြန်စာကို အိပ်ရာပေါ်မှာ စောင့်နေဆဲပင်။ ကျန်းပေါင်က ကျားရှောင်ယု တကယ် ပို့လိုက်ပြီ ဆိုတာ သိပေမဲ့ ဒေါသမထွက် ၊ စိတ်မဆိုးဘဲ ရှက်သာ ရှက်မိသည်။ ထို့ကြောင့် မျက်နှာသွားသစ်ဖို့ လုပ်လိုက်သော်လည်း ဖန့်ရွယ်က လမ်းပိတ်ထားပြီး သူမ ကြိုးစားပမ်းစား မိတ်ကပ်လိမ်းပေးထားတာကို ဖျက်ခွင့် မပြုခဲ့ပါ။

“ သူ စာပြန်ပြီဟဲ့။ ”

တင်ခနဲ အသံကြောင့် ကျားရှောင်ယု ပြောစရာမလိုဘဲနှင့်တောင် အိပ်စင်အောက်က သုံးယောက်ဟာ ဖူမင်ရှစ် စာပြန်ပြီ ဖြစ်ကြောင်း သိသည်။ ချန်းလီလီက “ သူ ဘာပြောလဲ။ ” ဟု လည်လိမ်၍ မေတော့ ကျားရှောင်ယုက ပြုံးပြီး သူတို့ မြင်စေရန် ဖုန်းကို ပြလိုက်သည်။

ထိုင်ခုံပေါ်က ကျန်းပေါင်ကတော့ မကြည့်ဘဲ ခေါင်းငုံထားသောကြောင့် ချန်းလီလီက ဖုန်းကို ယူကာ သူမရှေ့မှာ ပြလိုက်သည်။ ကျန်းပေါင် တိတ်တိတ်လေး ခိုးကြည့်လိုက်တော့ “ ကျေးဇူးပါ။ ” ဟူသော စကားလုံး နှစ်လုံးကို မြင်ရသည်။

အခုတော့ ကျန်းပေါင်လည်း လည်ပင်းရော ၊ မျက်နှာပါ နီရဲတက်သွားခဲ့ရပြီ ဖြစ်သည်။ ကျားရှောင်ယုကို ဖူမင်ရှစ် ပြန်ပို့တဲ့ စာကို ဖတ်ပြီး,ပြီးချင်းမှာပဲ သူမရဲ့ ဖုန်းက အသံမြည်လာ၏။ ဖူမင်ရှစ် ဖုန်းဆက်ခြင်းပင်။

ကျန်းပေါင်က လသာဆောင်ကို ထွက်ကာ ဖုန်းကိုင်ပြီးနောက် “ သူတို့ ပေါက်ကရတွေ လျှောက်ပို့နေတာပါ။ ” ဟု အရင်ဆုံး ရှင်းပြလိုက်သောအခါ ဖူမင်ရှစ်က အင်းဟု ပြန်ပြောသည်။ “ ကိုယ် မင်းကို ဒီည လာခေါ်မယ်။ ”

ကျန်းပေါင်သည် သူမရဲ့ မျက်နှာကို လက်တစ်ဖက်နှင့် အုပ်လိုက်မိ၏။ “ မလာပါနဲ့။ သူတို့က ဒီည ရှင် လာမယ်လို့ လောင်းထားကြတာ။ သူတို့ ခန့်မှန်းထားတာကို မှန်အောင် မလုပ်ပါနဲ့။ ”

ဖူမင်ရှစ်က ရယ်မောသည်။ “ သူတို့က ဘယ်လောက် လောင်းထားကြလို့လဲ။ ”

“ ဘာပဲဖြစ်ဖြစ် ရှင် မလာပါနဲ့။ ”

ဖူမင်ရှစ်က စက္ကန့်ပိုင်းလောက် အသံတိတ်သွားသည်။ “ ကောင်းပြီ။ ”

သူ မသွားလျှင် မင်ရှစ် သွားလိမ့်မည်။

ကျန်းပေါင်တစ်ယောက် ဆေးရုံထဲမှာ ထွက်လာချိန်မှာ ဖူမင်ရှစ်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူမအခန်းဖော်တွေရဲ့ စကားတွေကို နားထဲမှာ ရုတ်တရက် ပြန်ကြားယောင်မိသည်။

“ ဘာတဲ့လဲ။ ဥက္ကဌဖူက ဒီည လာမှာ မဟုတ်လား။ ”

“ ဟင့်အင်း။ သူ ဒီည ညစာစားပွဲ ရှိတယ်တဲ့။ ”

“ သူ နင့်ကို လိမ်နေတာ အသိအသာကြီးပဲ။ သူ မလာဘူးလို့ ပြောပေမဲ့ ညဘက် နောက်ကျတော့မှ နင့်ဆီကို ရုတ်တရက် ရောက်လာပြီး စပရိုက်တိုက်လိမ့်မယ်။ ငါ သူ လာမယ် ဆိုတာကို နို့လက်ဖက်ရည် တစ်ခွက်ကြေး လောင်းရဲတယ်။ ”

အခန်းဖော် သုံးယောက်လုံးက ဖူမင်ရှစ် လာလိမ့်မည်ဟု ယုံကြည်နေခဲ့ကြသော်လည်း အချက်အလက်တွေအရ သူ့ကို ယုံတဲ့ သူမက အတုံးအ,ဆုံးဖြစ်ကြောင်း သက်သေပြပေးခဲ့သည်။

“ ရှင် မလာဘူးလို့ ပြောထားတာ မဟုတ်ဘူးလား။ ” သူ့ရင်ခွင်ထဲ ဆွဲခေါ်ခံလိုက်ရသော ကျန်းပေါင်က မျက်လွှာချထားရင်း ခပ်တိုးတိုး ပြောလိုက်သည်။ ဖူမင်ရှစ် ရောက်လာတာကို သူမ မပျော်ပါ။ အဆောင်ကို ပြန်ရောက်တဲ့အခါ သူမရဲ့ အခန်းဖော်တွေ သေချာပေါက် ဝိုင်းရယ်လိမ့်မည် ဆိုတာ တွေးမိတော့ သူ့ကို ထုရိုက်ချင်သွားသည်။ သူ လာမယ် ဆိုလည်း ဘာလို့ လိမ်ခဲ့သေးလဲ … ။

“ မင်းကို မလာဘူးလို့ ကတိပေးခဲ့တာက ဖူမင်ရှစ်ပါ။ ကိုယ်က ဒီကို မင်ရှစ်အနေနဲ့ လာခဲ့တာ။ ” ဖူမင်ရှစ်က ကားထိုင်ခုံမှာ ထိုင်ပြီး သူ့ဇနီးလောင်းလေးကို ဘေးတစောင်း ကြည့်လိုက်သည်။ “ မင်းလည်း ကိုယ် လာမယ်လို့ ခန့်မှန်းထားတာ မဟုတ်ဘူးလား။ ” မဟုတ်ရင် သူမရဲ့ မိတ်ကပ်တွေကို ဘာလို့ ဖျက်ထားမှာလဲ … ။

ကျန်းပေါင်က ခေါင်းခါယမ်းပြီး “ မိတ်ကပ်က အရမ်း ထူလွန်းတယ်။ ကျွန်မ ဖုန်းပြောပြီးတာနဲ့ ဖျက်ပစ်လိုက်တာ။ ” ဟု ပြောလိုက်သည်။ သူမ ဘယ်လောက်ပဲ အလှမက်သည် ဆိုဦးတော့ ၊ ဒီလောက် မိတ်ကပ်အထူကြီး လိမ်းပြီး အတန်းဖော်တွေနှင့် မတွေ့နိုင်သလို အချိန်ပိုင်းအလုပ်လည်း မသွားနိုင်ပါ။ ဖူမင်ရှစ် တစ်ယောက်တည်းကိုပဲ မမြင်စေချင်တာ မဟုတ်။

ဖူမင်ရှစ်က သူ့ဖုန်းကို ထုတ်ပြီး ဖန်သားပြင်ကို လှည့်ပြလိုက်သည်။ “ ဓာတ်ပုံထဲမှာတော့ တော်တော်လေး ကြည့်ကောင်းပါတယ်။ မိတ်ကပ်မပါတော့ ဖြူစင်တဲ့ အလှနဲ့ လှတယ်။ မိတ်ကပ်ပါတော့ ညို့ဓာတ်အပြည့်နဲ့ လှတယ်။ ”

“ အဲ့ဓာတ်ပုံကို ဖျက်ပစ်လိုက်ပါ။ ” ကျန်းပေါင်သည် သူ့ကို ဆက်ကြည့်ခွင့်မပေးဘဲ သူ့ဖုန်းမျက်နှာပြင်ကို လက်နှင့် အမြန် အုပ်ထားလိုက်၏။ ဖူမင်ရှစ်က တဟားဟား ရယ်မောကာ သူမရဲ့ လက်ကို ဖမ်းဆုပ်ထားသည်။ ကျန်းပေါင်က ခေါင်းမာလွန်းတဲ့ သူဟာ ထိုဓာတ်ပုံကို ဖျက်ပေးမှာ မဟုတ်ဘူးလို့ တွေးနေတုန်းမှာပဲ ဖူမင်ရှစ်က သူမရဲ့ မျက်လုံးတွေထဲကို စိုက်ကြည့်ပြီး လုံးဝ မသက်ဆိုင်သော စကားကို ဆိုသည်။ “ ကိုယ် အဒေါ်ဝမ်ကို ညစာပြင်ခိုင်းထားတယ်။ အိမ်မှာ ညစာ သွားစားရအောင်။ ပြီးရင် ရုပ်ရှင်ကြည့်မယ်။ ”

သူ့မျက်လုံးထဲမှာ ကြယ်ပွင့်လေးတွေ တောက်ပနေပါသည်။ ကျန်းပေါင်က သူ့မျက်လုံးတွေရဲ့ ညို့ငင်ဖမ်းစားမှုအောက်မှာ ကျရှုံးသွားပြီး ကြောင်အမ်းအမ်းလေး ခေါင်းညိတ်လိုက်သောအခါ ဖူမင်ရှစ်က သူမရဲ့ နဖူးလေးကို အနမ်းတစ်ပွင့် ဆုချပြီး သူမရဲ့ ပစ္စည်းတွေ သွားယူစေရန်အတွက် အဆောင်ကို စက်ဘီးနှင့် ပြန်လိုက်ပို့ပေးခဲ့သည်။

မိန်းကလေးအဆောင်ထဲမှာ ချန်းလီလီနှင့် ကျန်နှစ်ယောက်က ရုပ်ရှင်ကြည့်နေတုန်းမှာပဲ ကျန်းပေါင် တံခါးဖွင့်ဝင်လာသံကို ကြားလိုက်ရသည်။ ကောင်မလေး သုံးယောက်က အတော်လေး အံ့အားသင့်သွားပြီး ကျန်းပေါင် တံခါးပိတ်လိုက်ချိန်မှာ ကျားရှောင်ယုက စိတ်ဓာတ်ကျစွာ ပြောလိုက်သည်။ “ ငါ ဒီလို ဖြစ်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဥက္ကဌဖူက ဖြောင့်မတ်မှန်ကန်တဲ့ လူကြီးလူကောင်းတစ်ယောက် ဖြစ်နေတာပဲ။ သူ မလာဘူးလို့ ပြောထားတဲ့အတိုင်း တကယ် မလာခဲ့ဘူး။ ငါက သူ့ကို ဒီည စီအီးအို ဝံပုလွေဆိုးကြီး ဖြစ်သွားမယ်လို့ ထင်ထားတာ။ ”

ဖန်ရွှမ်းက မေးစေ့ကို ပွတ်သပ်ရင်း အတိတ်ကို ပြန်လည်တွေးတောနေခဲ့သည်။ “ ငါ့မိတ်ကပ် စွမ်းရည်တွေကို အဆင့်မြှင့်ဖို့ လိုသေးလို့လား။ ”

ချန်းလီလီက သူမရဲ့ ပါးစပ်ထဲက အစပ်ချောင်းတွေကို ကုန်အောင် စားပြီးတော့မှ နောက်ဆုံးစကားကို ပြောလိုက်သည်။ “ ဥက္ကဌဖူက တစ်ကိုယ်တည်းသမား ဖြစ်နေတာ နှစ် ( ၃၀ ) နီးပါး ရှိပြီ။ သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းကို သာမန်လူတစ်ယောက်နဲ့ ဘယ်ယှဉ်လို့ ရမလဲ။ ”

ကျန်းပေါင်က နားလေးချင်ယောင်ဆောင်နေခဲ့ပြီး အိတ်ကို အရင်ဆုံး စားပွဲပေါ် တင်ကာ ရေချိုးခန်းဝင်တော့မည့် ပုံစံဖြင့် တစ်သျှူး နှစ်ထုပ်ကို ထုတ်ယူလိုက်သည်။ ရေချိုးခန်း တံခါးဝကို ရောက်တော့မှ ဟောခန်းနှင့် မျက်နှာချင်းဆိုင်ရှိ အခန်းတံခါးကို ရုတ်တရက် ဖွင့်လိုက်သည်။ အဲ့ဒီနောက် လုံးဝ နောက်လှည့်မကြည့်ဘဲ ထွက်ပြေးလာရင်း “ ငါ ရုပ်ရှင်ကြည့်လိုက်ဦးမယ်။ ” ဟု ရှင်းပြလိုက်သည်။

ကျန်းပေါင်ရဲ့ အသံ ပျောက်ကွယ်သွားချိန်မှာတော့ အခန်းတံခါးလည်း ပိတ်သွားခဲ့ပြီ ဖြစ်သည်။ ကျန်းပေါင် ထွက်ပြေးသွားတာ မြန်လွန်း၍ ကျားရှောင်ယုနှင့် ကျန်နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အထိတ်တလန့် စိုက်ကြည့်နေမိပြီး ခဏကြာတော့မှ အဓိပ္ပာယ်ကို နားလည်သွားကြသည်။ အမြန်ဆုံး လှုပ်ရှားသူဟာ ကျားရှောင်ယု ဖြစ်ပြီး သူမက စားပွဲပေါ်မှ ထကာ လသာဆောင်ကို ပြေးထွက်သွားခဲ့သည်။ သူမရဲ့ နောက်မှာ ချန်းလီလီနှင့် ဖန်ရွှမ်းလည်း ပါလာသည်။

တစ်မိနစ် ၊ နှစ်မိနစ်လောက် စောင့်ဆိုင်းအပြီးမှာတော့ အဆောင်အောက်မှာ ကျန်းပေါင်နှင့် ဖူမင်ရှစ်တို့ရဲ့ ပုံရိပ် နှစ်ခု ထွက်ပေါ်လာသည်။ ဘာကို ဖြောင့်မတ်မှန်ကန်တဲ့ လူကြီးလူကောင်းလဲ … ။ သူက နှာဘူးကျတဲ့ စီအီးအို သူဌေးကြီး ဆိုတာ အသိအသာပဲ … ။

ကျားရှောင်ယာက တမင်သက်သက် ခပ်ကျယ်ကျယ်လေး ချောင်းဟန့်လိုက်၏။ ကျန်းပေါင် အံ့ဩသွားကာ မော့ကြည့်လိုက်တော့ လသာဆောင်ကနေ ထွက်ပြူနေတဲ့ ခေါင်းသုံးလုံးကို မြင်ရသည်။ သူမရဲ့ မျက်နှာပူနွေးသွားပြီး ကိုယ့်ကိုယ်ကိုယ်တောင် သတိမထားမိဘဲ ခြေလှမ်းတွေကို အရှိန်တင်လိုက်လေသည်။

ဖူမင်ရှစ်က သူ့ဇနီးလောင်းလေးကို ကြည့်ပြီး ပြုံးကာ သူမရဲ့ နားရွက်လေးကို လက်နှင့် အုပ်ပေးလိုက်သည်။ ဖူမင်ရှစ်ရဲ့ အပြုအမူကို သတိထားမိတဲ့ ကျားရှောင်ယုက “ ငါ ထပ်ပြီး သည်းမခံနိုင်တော့ဘူး။ ငါ တကယ် သည်းမခံနိုင်တော့ဘူး။ ” ဟု အော်ပြောသည်။

ဥက္ကဌဖူက ဘာလို့ သူမကို ဒီလောက်တောင် နှိပ်စက်ရတာလဲ … ။ ကျားရှောင်ယုသည် အခန်းထဲကို ပြန်ပြေးလာပြီး ကျန်းပေါင်ကို [ ကျေးဇူးပြုပြီး နင့်ချစ်သူကို ထိန်းပေးလို့ ရမလား။ ] ဟု ဒေါသတကြီး မက်ဆေ့ခ်ျပို့လိုက်သည်။

ကျန်းပေါင်က မိန်းလမ်းကိုလည်း အရောက် ၊ မက်ဆေ့ခ်ျဝင်သံလေးကို ကြားလိုက်ရသောကြောင့် ဖုန်းထုတ်လိုက်သည်။ မက်ဆေ့ခ်ျကို ဖတ်ပြီး သူမ ရယ်မောမိကာ ဖူမင်ရှစ် ဘယ်လို တုံ့ပြန်မလဲဟု သိချင်စိတ်ဖြင့် သူ့ကို ဖုန်းပေးလိုက်သည်။ သူမကတော့ ဘယ်လို တုံ့ပြန်ရမှန်း မသိပါ။ သူက ဖုန်းကို ယူပြီး [ မင်း ဘာလို့ သူများအတွဲကို စိတ်ဝင်စားနေတာလဲ။ ] ဟု စာရိုက်နေခဲ့သည်။

ကျန်းပေါင်သည် သုံးကြိမ်လောက် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြီးမှ ဆုံးဖြတ်ချက်ပြတ်သားစွာ ဖုန်းပိတ်လိုက်တော့သည်။ ခရီးသည်ထိုင်ခုံမှာ ထိုင်ပြီးနောက် တစ်ဘက်ကို လှည့်ကာ ခါးပတ်ကြိုးတပ်အပြီး ပြန်လှည့်လာချိန်မှာ သူမရှေ့တွင် ရုတ်တရက် ပေါ်လာသော လက်ဆောင်ဘူးလေး နှစ်ဘူးကို မြင်လိုက်ရသည်။

တစ်ဘူးက ပန်းရောင် ၊ တစ်ဘူးက အဖြူရောင် ဖြစ်ပြီး နှစ်ဘူးလုံးမှာ သူမ နေ့ခင်းတုန်းက ဖန်ရွှမ်းနှင့်အတူ အလှကုန်ပစ္စည်း ကောင်တာတွေကို လှည့်ပတ်ကြည့်ရင်း တွေ့ခဲ့သည့် အမှတ်တံဆိပ် Logo တွေကို ရေးထိုးထားသည်။

“ ကိုယ့်လက်ထောက်ကို ရွေးခိုင်းထားတာ။ အဲ့ဒါတွေကို အရင်ဆုံး စမ်းသုံးကြည့်လိုက်ဦး။ မင်း သဘောမကျရင် တခြား တံဆိပ်တစ်ခုကို ထပ်ဝယ်ပေးမယ်။ ” ဖူမင်ရှစ်က လက်ဆောင်ဘူးလေးတွေကို ကျန်းပေါင်ရဲ့ ပေါင်ပေါ် တင်ပေးလိုက်ကာ သူမရဲ့ ကြောင်အမ်းအမ်း အမူအရာလေးကို ခဏလောက် အသည်းယားစွာ စိုက်ကြည့်နေပြီးမှ တည်တည်ငြိမ်ငြိမ် ကားဆက်မောင်းနေခဲ့သည်။

ကျန်းပေါင်က လက်ဆောင်ဘူးလေး တစ်ဘူးကို ဖွင့်ကြည့်လိုက်တော့ မိတ်ကပ်ပစ္စည်းတွေ ဖြစ်နေတာကို တွေ့ရသည်။ ဖူမင်ရှစ်ရဲ့ ရည်ရွယ်ချက်ကို သူမ နားလည်စပြုသွားကာ ရယ်ရမလား ၊ ငိုရမလား မသိတော့ပေ။ “ ကျွန်မ မိတ်ကပ် ဘယ်လို လိမ်းရမလဲ မသိဘူးနော်။ ”

“ မင်း သင်ယူလို့ ရပါတယ်။ ” ဖူမင်ရှစ်က သူမကို စောင်းငဲ့ကြည့်လိုက်သည်။ “ မင်းရဲ့ တစ်ယောက်တည်း သင်ယူနိုင်စွမ်းနဲ့ဆို မိတ်ကပ်လိမ်းတတ်ဖို့ သိပ်မခက်လောက်ပါဘူး။ ”

ကျန်းပေါင်မှာ ပြောစရာစကား မရှိတော့ဘဲ ဈေးကြီးလွန်းသည့် အကောင်းစား မိတ်ကပ် နှစ် Set ကို ကြည့်ကာ အလဟဿ ဖြုန်းတီးပစ်ဖို့ နှမြောတွန့်ဆုတ်နေမိသည်။ “ ကျွန်မ မိတ်ကပ်လိမ်းတတ်သွားရင် ဒါတွေကို သုံးလိုက်ပါ့မယ်။ ” နေ့လယ်တုန်းက ဖန်ရွှမ်း ဝယ်လာတာတွေက လေ့ကျင့်ဖို့အတွက်သာ ရည်ရွယ်ထားသော အပေါစားတွေ ဖြစ်သည်။

“ နောက်ထပ် နှစ် Set ရှိပါသေးတယ်။ မင်း လေ့ကျင့်ဖို့ လုံလောက်တယ်။ ” ဖူမင်ရှစ်က သူမ အချိန်ဆွဲ‌ချင်နေတယ်ဟု တွေးမိသွားသောကြောင့် သူ့မျက်လုံးတွေက ဉာဏ်နီဉာဏ်နက်နှင့် အရောင်တောက်သွားသည်။ “ ညစာ စားပြီးရင် မင်း လေ့ကျင့်တာကို ကြည့်‌ပေးမယ်။ ကိုယ် ကျူတိုရီရယ် ဗီဒီယိုတွေ ရှာထားပြီးပြီ။ ”

သူက အပြည့်အဝ ပြင်ဆင်ထားတာမို့ ကျန်းပေါင်တစ်ယောက် နှုတ်ခမ်းဆူလိုက်မိသည်။ “ ကျွန်မတို့ ရုပ်ရှင်ကြည့်မှာ မဟုတ်ဘူးလား။ ”

ဖူမင်ရှစ် ပြုံးလိုက်သည်။ “ မင်း အရမ်း ရုပ်ရှင်ကြည့်‌ချင်ရင် မိတ်ကပ်လိမ်းပြီးတာနဲ့ အိမ်မှာ အေးအေးဆေးဆေး ကြည့်လို့ ရသားပဲ။ ရုပ်ရှင်ရုံမှာ သွားကြည့်တာနဲ့ သိပ်ကွာမှာ မဟုတ်ပါဘူး။ ”

ဒါဆို ရုပ်ရှင်ကြည့်မယ် ဆိုတာက ဆင်ခြေသက်သက်ပဲပေါ့ … ။ ကျန်းပေါင်က သူ့ကို လျစ်လျူရှုပြီး မျက်နှာလွှဲထားလိုက်တော့သည်။ ဖူမင်ရှစ်ကတော့ သူ့စိတ်ခံစားချက်နှင့် ကိုက်ညီသော ပေါ့ပါးမြူးကြွသည့် သီချင်းလေးတွေကို ကားထဲမှာ ဖွင့်ထားလိုက်သည်။

ကျန်းပေါင်သည် ပြတင်းပေါက်ဘေးကနေ တရိပ်ရိပ် ဖြတ်ကျော်လာခဲ့သော ရှုခင်းတွေကို ခဏလောက် ကြည့်နေပြီးနောက် မိတ်ကပ်လိမ်းနည်း လမ်းညွှန်ကို ငုံ့ဖတ်နေမိသည်။ ခဏနေရင် ဖူမင်ရှစ်ရှေ့မှာ အရှက်မကွဲစေရန်အတွက် အခုကတည်းက စလေ့ကျင့်ထားမှ တော်ကာကျမည် ထင်ပါသည်။

အပန်းဖြေစံအိမ်ကို ပြန်ရောက်တော့ ဟွီသန်းနှင့် ယွဲ့လျန်က သူမဆီ ပြေးလာပြီး ခရီးဦးကြိုသည်။ သူမကို အရမ်း သဘောကျတဲ့ အဒေါ်ဝမ်ကလည်း အစားအသောက်တွေကို စားပွဲအပြည့် ပျော်ရွှင်စွာ ပြင်ဆင်ပေးထားခဲ့သည်။ မိတ်ကပ်လိမ်းရမယ် ဆိုတဲ့ ဖိအားရှိနေတဲ့ ကျန်းပေါင်အတွက်တော့ ဒီညစာကို အရင်တုန်းကလောက် ခံတွင်းမတွေ့ပေ။

ဖူမင်ရှစ် တူတွေကို မချရသေးခင်ကတည်းက သူမဟာ အပေါ်ထပ်ကို လျင်မြန်စွာ ပြေးတက်သွားပြီး အိပ်ခန်းတံခါးကို တင်းကြပ်နေအောင် ပိတ်ထားလိုက်သည်။ မိတ်ကပ်ပြင်ပြီးတဲ့အခါ သူမရဲ့ မျက်နှာကို ဖူမင်ရှစ်အား ပြနိုင်သော်လည်း ပြင်နေစဉ် အတောအတွင်းမှာတော့ လုံးဝ မပြနိုင်ပါ။

***

All Chapters