← Chapters

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀

Vol. 5 Ch. 50

အပိုင်း ( ၅၀ )

“ ကျွန်မ ရှင့်ကို အိမ်မှာ ပထမဆုံးအကြိမ် တွေ့တုန်းက ရှင်က နေကာမျက်မှန်တပ်ထားတော့ အထက်စီးဆန်မယ့် ပုံစံပဲလို့ ထင်ခဲ့တာ။ ရှင့်ကို လူလိမ်လို့တောင် သံသယဝင်ခဲ့သေးတယ်။ ”

ဖူမင်ရှစ်က ခပ်တိုးတိုး ရယ်သည်။ “ ကိုယ်လည်း မင်းကို ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ တောသူမတစ်ယောက်လို့ ထင်ခဲ့တာ။ မင်းရဲ့ မျက်နှာက ကိုယ့်ကို ဆွဲဆောင်နိုင်ပေမဲ့လည်းပေါ့။ ”

ကျန်းပေါင်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်တော့ မျက်တောင်ရှည်ကြီးတွေက သူ့အရေပြားနှင့် ရှောင်လွှဲမရစွာ ထိတိုက်သွားသည်။ ဖူမင်ရှစ်က သူမရဲ့ မျက်ခွံလေးတွေကို နမ်းရှိုက်လိုက်သည်။

“ ပထမတုန်းကတော့ မင်းရဲ့ ရုပ်ရည်ကို ကိုယ် သဘောကျသွားခဲ့တာ။ အဲ့ဒါကြောင့်ပဲ ခရီးဝေးကြီးကို အပင်ပန်းခံပြီး မင်းကို တကူးတက လာရှာခဲ့တာ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ မင်းက ခေါင်းမာပေမဲ့ ဟန်မဆောင်တတ်တဲ့ ၊ ကလန်ကဆန်လုပ်ပေမဲ့ ကြင်နာတတ်တဲ့ ၊ အဘိုးကြီးတစ်ယောက် ငိုနေတာကို မကြည့်ရက်တဲ့ မိန်းကလေးတစ်ယောက် ဆိုတာ ကိုယ် နားလည်သွားတယ် ။ မင်းက ဘယ်လောက်တောင် တုံးအပြီး ရှက်တတ်တယ် ဆိုတာ သတိထားမိသွားပြီး ကိုယ် မင်းကို တဖြည်းဖြည်း ပိုသဘောကျလာခဲ့တယ်။ ပထမဆုံး ဟော့ပေါ့ညစာ စားတုန်းက မင်း အားရပါးရ စားနေတာကို ကြည့်ပြီး ဒီကောင်မလေးက ငါ့အကြိုက်နဲ့ ကိုက်တယ်လို့ တွေးမိခဲ့တယ်။ အဲ့ဒီနောက်ပိုင်း ဒီဘဝမှာ ကိုယ် မင်းကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ နှစ်ရက်တည်း အတူ ရှိခဲ့ပြီး မင်းကို အရူးအမူး သဘောကျသွားတာကို ကံကြမ္မာလို့ ထင်လား။ ”

သူက စကားတွေ အများကြီး ပြောသွားသော်လည်း ကျန်းပေါင် ဘာပြန်ပြောရမှန်း မသိပါ။ တစ်ချိန်လုံး သူမရဲ့ နှလုံးသညးထဲမှာ နွေးထွေးရောင့်ရဲပြီး သက်သောင့်သက်သာရှိနေတာကိုပဲ ခံစားရသည်။ ချစ်သူတွေကြားမှာ အပြန်အလှန် ပြောတဲ့ ရင်ခုန်စရာ စကားလေးတွေ ဆိုတာ ဒါမျိုးလား … ။

ဖူမင်ရှစ်က သူမရဲ့ နှုတ်ခမ်းလေးကို နူးညံ့စွာ တို့ထိလိုက်သည်။ “ ဆက်ပြောပါဦး။ ကိုယ်က မင်းရဲ့ မျက်လုံးထဲမှာ ဘယ်လို လူမျိုးလဲ။ ”

ကျန်းပေါင် သေချာ စဉ်းစားကြည့်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “ ရှင့်မှာ ပိုက်ဆံတွေ အများကြီး ရှိတယ် ၊ ငွေတွေ ပုံအောပြီး သုံးရမယ် ဆိုရင်လည်း မနှမြောဘူး။ ဒါပေမဲ့ ရှင်က မမောက်မာဘူး ၊ အထက်စီးမဆန်ဘူး ၊ ကျွန်မကို အထင်မသေးဘူး။ ကျွန်မ ထိုင်ခုံခါးပတ် မပတ်တတ်တုန်းက စိတ်ရှည်လက်ရှည်နဲ့ သင်ပေးခဲ့တယ်။ ရှင်က အမြဲတမ်း စိတ်ရှည်ပြီး ဂရုစိုက်ပေးတယ်။ ”

ဖူမင်ရှစ်က “ အဲ့ဒါက ဘာလို့လဲ ဆိုတော့ ကိုယ် မင်းကို သဘောကျလို့လေ။ တခြားတစ်ယောက် ဆိုရင်တော့ က်ုယ်လည်း အဲ့လောက် တွေးပေးနေမှာ မဟုတ်ပါဘူး။ ” ဟု ပွင့်လင်းစွာ ပြောလိုက်သည်။

ကျန်းပေါင် တိတ်တိတ်လေး ပြုံးလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူဟာ လူကောင်းတစ်ယောက်ပဲလို့ ခံစားရသည်။

ဖူမင်ရှစ်က သူမရဲ့ ပါးလေးကို နမ်းလိုက်သည်။ “ အခု ကိုယ့်ရဲ့ အားနည်းချက်တွေကို ပြောတော့။ ”

အဲ့ဒါက ပိုလို့တောင် ခက်သည်။ ဖူမင်ရှစ်ရဲ့ အားနည်းချက်တွေကို ကျန်းပေါင် မစဉ်းစားတတ်ပါ။ သူက လက်ဆောင်တွေ ပေးချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲပြီး ပိုင်စိုးပိုင်နင်း ဖြစ်သော်လည်း သူမဘက်က တစ်ခုခုကို မရမက ပြောတဲ့အခါ ( မေဂျာရွေးချယ်ခြင်း ၊ အချိန်ပိုင်းအလုပ် လုပ်ခြင်းတို့လို ) ဖူမင်ရှစ်က နောက်ဆုံးမှာ သူမရဲ့ ဆုံးဖြတ်ချက်ကို လေးစားပေးလေ့ရှိသည်။ သူ့မိသားစု မသိအောင် လျို့ဝှက်ထားဖို့အတွက် သူ့ကိုယ်သူ မင်ရှစ်လို့တောင် ဟန်ဆောင်ခဲ့သည်။

ကျန်းပေါင်က ခေါင်းခါယမ်းပြီး “ ကျွန်မရဲ့ အားနည်းချက်ကရော။ ” ဟု ပြန်မေးလိုက်သည်။

ဖူမင်ရှစ်က ရယ်မောသည်။ ပြီးတော့ သူ့နှာခေါင်းနှင့် သူမရဲ့ ပါးပြင်ကို တိုးဝှေ့ရင်း “ မင်းမှာ ကိုယ်နဲ့ ယှဉ်လိုက်ရင် အရမ်း ငယ်လွန်းနေတဲ့ အားနည်းချက်တစ်ခုပဲ ရှိတယ်။ ” ဟု တီးတိုး ပြောလိုက်သည်။ သူမသာ သုံး ၊ လေးနှစ်လောက် အသက်ပိုကြီးလျှင် ၊ သို့မဟုတ် ဘွဲ့ရပြီးသူတစ်ယောက် ဖြစ်နေလျှင် သူလည်း ဒီလောက် အကြာကြီး ထိန်းချုပ်နေစရာ မလိုဘဲ သူမကို အလျင်အမြန် စားသုံးနိုင်ပါလိမ့်မည်။

သူ စကားပြောနေစဉ်မှာ ရှူထုတ်လိုက်သော လေက လည်ပင်းကို ယှက်တိုက်သွားသောကြောင့် ကျန်းပေါင် ခန္ဓာကိုယ်လေးကို အလိုလို ကျုံ့လိုက်မိသည်။ အဲ့ဒါကို သတိထားမိတဲ့ ဖူမင်ရှစ်ကလည်း သူမရဲ့ အထိမခံသော နေရာလေးကို လေနှင့် တမင် မှုတ်လိုက်သည်။

သူ တစ်ကြိမ် လေမှုတ်ထုတ်လိုက်တိုင်း သူမရဲ့ ခန္ဓာကိုယ်ထဲက အပူလှိုင်းတွေကို မြင့်တက်လာစေသည်။ ကျန်းပေါင်ရဲ့ အသက်ရှူသံက တဖြည်းဖြည်း လေးလံလာပြီး သူနှင့် ထိကပ်နေသော ရင်ဘတ်ကလည်း နိမ့်ချည်မြင့်ချည် လှုပ်ရှားနေခဲ့သည်။ အထိအတွေ့ကို ပြင်းပြစွာ ငတ်မွတ်နေတဲ့ ဖူမင်ရှစ်ရဲ့ နှုတ်ခမ်းတွေက တရွေ့ရွေ့ နီးကပ်လာကာ သူမရဲ့ နားရွက်နားမှာ ကပ်၍ ပြောလိုက်သည်။

“ တကယ်တော့ ကိုယ့်မှာ အားနည်းချက်တစ်ခု ရှိတယ်။ ကိုယ်က မင်း ပြောသလောက် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မကောင်းဘူး။ ”

ဖူမင်ရှစ်ရဲ့ နောက်ဆုံးစကားက သူတို့ နှုတ်ခမ်းချင်း ထိကပ်ချိန်မှာ ပျောက်ကွယ်သွား၏။ ကျန်းပေါင်ရဲ့ လက်ချောင်းလေးတွေက အိပ်ရာခင်းကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သလို သူကလည်း ရုတ်တရက်ပဲ ခေါင်းငုံ့ကာ ခန္ဓာကိုယ်ကို ငုံ့ကိုင်းအုပ်မိုးလိုက်သည်။ တစ်ဆက်တည်းမှာပဲ ခါးပတ်ဖြုတ်သံကို ကြားသောအခါ ကျန်းပေါင်ရဲ့ နှလုံးသားထဲမှာ ခုန်လှုပ်သွားပြီး ထိန်းချုပ်မှုလွတ်သွားတော့မည့် အစွန်းတဲတဲလေးကို ရောက်သွားခဲ့လေသည်။

သို့သော် မျှော်လင့်မထားစွာဖြင့် အသံတွေ ရပ်တန့်သွားသည်။ သူမရဲ့ စိတ်ကူးထဲမှာ ကလေးလေးတစ်ယောက် ဂျယ်လီတွေကို ဆူညံစွာ စားသောက်နေတဲ့ အသံတွေတောင် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ ကျန်းပေါင်သည် ဘာဖြစ်သွားတာလဲ ဆိုတာ မသိဘဲ ငြိမ်နေမိသည်။

ဖူမင်ရှစ်က ဖြည်းဖြည်းချင်း နောက်ဆုတ်သွားကာ “ ကိုယ် တစ်ခု မေ့သွားတယ်။ ” ဟု သူမရဲ့ နားရွက်နားမှာ ကပ်၍ တိုးလျလျ ပြောသည်။

“ ဘာကို မေ့သွားတာလဲ။ ” ကျန်းပေါင်က သူမရဲ့ အသံကို မတုန်ယင်အောင် မထိန်းချုပ်နိုင်ဘဲ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်အက်ကွဲနေသော အသံဟာ သူမရဲ့ အာရုံကြောတွေကို သစ္စာဖောက်နေသည်။ ဖူမင်ရှစ်က စကားလုံး သုံးလုံးကို တီးတိုး ပြောလျှင် သူမ တောင့်တင်းသွားရသည်။ သူမလည်း ထိုအရာကို အခုမှ သတိရသွားကာ သတိပေးစကားတွေကို မစိုးရိမ်မိဘဲ မနေနိုင်ပါ။ “ ဒါဆို ဘာလုပ်မလဲဟင်။ ”

ဖူမင်ရှစ်က အသံတိတ်နေသည်။ မိတ်ကပ်လိမ်းထားတဲ့ သူမရဲ့ ဓာတ်ပုံတွေကို မြင်ရခြင်းက သူမနှင့် တွေ့ချင်စိတ် အာသီသကို အားကောင်းစေခဲ့သည်။ သူ့လက်ထောက်ကို အလှပြင်ပစ္စည်းတွေ သွားဝယ်ဖို့ ပြောချိန်ကတည်းက သူမကို နေခိုင်းဖို့ စီစဉ်ထားပြီးသား ဖြစ်သည်။ သူမကို ပြင်းပြစွာ နမ်းရှိုက်ဖို့ မျှော်လင့်ထားပေမဲ့ ဒီအတိုင်းအတာထိတော့ မျှော်လင့်မထားခဲ့ပေ။

သူ့ကိုယ်သူ ထိန်းချုပ်စွမ်း အားကောင်းလိမ့်မည်ဟု ထင်ခဲ့သည်။ သူ့ဘက်က ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားလျှင်တောင် အရင်တစ်ခေါက်လိုမျိုး ကျန်းပေါင်ရဲ့ ခန္ဓာကိုယ်တုံ့ပြန်မှုတွေက သူ့ကို အချိန်မီ ရပ်တန့်စေလိမ့်မည်ဟု ယူဆခဲ့သည်။ အရာအားလုံးကို ဒီလောက် ချောချောမွေ့မွေ့ ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ရိုး အမှန်ပါ။

ဖူမင်ရှစ်က ခေတ်နောက်ကျတဲ့ လူတစ်ယောက် မဟုတ်သလို နှာဘူးတစ်ယောက်လည်း မဟုတ်ပါ။ ကျန်းပေါင်က ဒီအပန်းဖြေစံအိမ်မှာ မနေသေးတဲ့အတွက် သန္ဓေတားဆေးတွေကို ကြိုတင် ဝယ်ယူထားစရာ မလိုအပ်ပါ။ သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းအပေါ် ယုံကြည်မှုလွန်ကဲခြင်းကြောင့် ဒုက္ခရောက်ရပြီ။ အခု ဘာလုပ်ရင် ကောင်းမလဲ … ။ အခုမှ သ‌န္ဓေတားဆေးကို အလောတကြီး ပြေးဝယ်ရင်လည်း နှာဘူးကျလွန်းရာရောက်မလား။

သူ အလွန် စိတ်အားထက်သန်နေသော်လည်း ကျန်းပေါင်ကို သူ့အား အဲ့ဒီလို မမြင်စေချင်ပါ။ ညသန်းခေါင်ကြီး သန္ဓေတားဆေး အပြေးသွားဝယ်ခြင်းက အရှိန်ကောင်းနေသော လေထုကို ပျက်စီးစေလိမ့်မည်။ ခံစားချက်တွေ လျော့ကျသွားပြီးနောက် ရှေ့ဆက်လျှင် သူဟာ လိုအင်ဆန္ဒတွေ ထိန်းချုပ်တာ ခံနေရသော အောက်တန်းကျ ယောကျားတစ်‌ယောက်ပင်။

“ ဒီညတော့ အကြွေးမှတ်ထားလိုက်ရအောင်။ ကိုယ့်ကို နောက်တစ်ခေါက် အကြွေးပြန်ဆပ်ဖို့ မမေ့နဲ့။ ” ဖူမင်ရှစ်က သူမရဲ့ နားရွက်ဖျားလေးကို နမ်းပြီး စောင်အောက်သို့ ပြန်ဝင်လိုက်သည်။ ကျန်းပေါင်က သူ့စကားအဓိပ္ပာယ်ကို သိပ်နားမလည်ဘဲ ဇဝေဇဝါဖြစ်နေတုန်းမှာပဲ ခါးပတ်ဖြုတ်သံကို ထပ်ကြားလိုက်ရသည်။

ဒါဆို … သူတို့ ရှေ့ဆက်မှာလား … ။

ကျန်းပေါင်ရဲ့ စိတ်ထဲမှာ စိုးရိမ်စိတ်တို့ မြင့်တက်သွားသည်။ သတိပေးစကားတွေ မရှိခဲ့ခြင်းကြောင့် အကာအကွယ်အကြောင်း စဉ်းစားဖို့ ယာယီ မေ့လျော့သွားခဲ့သည်။ သူ့စကားက သူမကို စိုးရိမ်ပူပန်စေသည်။ ဖူမင်ရှစ်က သူမရဲ့ ဂျင်းဘောင်းဘီကို ကြယ်သီးဖြုတ်ဖို့ ကြိုးစားတဲ့အခါ ကျန်းပေါင်ရဲ့ ခန္ဓာကိုယ်လေး တောင့်တင်းသွားပြီး အသံတိတ် ငြင်းဆန်၍ ဇစ်ကို လက်နှင့် အုပ်ထားလိုက်၏။ သူမမှာ အတန်းတွေ ရှိသေးသည်။ တကယ်လို့ … ။

“ ကိုယ် ကြည့်ပဲ ကြည့်ချင်ရုံပါ။ ” ဖူမင်ရှစ်သည် ခုခံမှုနှင့် ရင်ဆိုင်ရချိန်မှာ သူမရဲ့ စိုးရိမ်မှုကို ခန့်မှန်းမိသွားပြီး အပေါ်ပြန်တက်၍ သူမ စိတ်ချယုံကြည်စေအောင် ရှင်းပြလိုက်သည်။

ကြည့်ပဲ ကြည့်ချင်ရုံ …… ။

ကျန်းပေါင်က ထိုမြင်ကွင်းကို ကြိုးစားပုံဖော်ကြည့်ရင်း မျက်နှာပူထူသွားသည်။ သူ့ကို ကြည့်ခွင့်ပေးရမည့်အစား ဒီတိုင်းပဲ ရှေ့ဆက်ခွင့်ပေးလိုက်ချင်သည်။ ကြားနိုင်ရုံလောက်သာ ရှိသော အသံလေးဖြင့် “ မလုပ်ပါနဲ့။ ” ဟု တိုးတိုးလေး ပြောလိုက်သည်။

သူမရဲ့ ခန္ဓာကိုယ်က အရမ်း တောင့်တင်းနေတဲ့အတွက် ဖူမင်ရှစ် သူမကို စကားနှင့် စည်းရုံးသိမ်းသွင်းလို့ မရပါ။ သူ့လက်တွေက သူမ သတ်မှတ်ထားသော စည်းဘောင်တွေကို နောက်တစ်ကြိမ် စမ်းသပ်ကြည့်လိုက်သည်။ ကျန်းပေါင်က ခြေထောက်တွေကို တင်းကြပ်နေအောင် စေ့ထားသဖြင့် နောက်ဆုံးတော့ ဖူမင်ရှစ်တစ်ယောက် လက်လျှော့လိုက်တော့သည်။

သူမကို ရင်ခွင်ထဲမှာ တင်းကြပ်စွာ ပွေ့ဖက်၍ သူမရဲ့ လက်ကလေးကို ဆုပ်ကိုင်ကာ သူ့ရဲ့ ခါးစည်းပေါ်သို့ ဆုံးဖြတ်ချက်ပြတ်သားစွာ တင်လိုက်သည်။ သူ့ရည်ရွယ်ချက်ကို လျင်လျင်မြန်မြန်ပဲ ခန့်မှန်းမိတဲ့ ကျန်းပေါင်က ရုန်းထွက်ဖို့ ကြိုးစားသော်လည်း ဒီတစ်ခေါက်တော့ ဖူမင်ရှစ်က အလျှော့မပေးတော့ဘဲ အရာအားလုံးကို သူမလက်ထဲမှာ လွှတ်ချလိုက်တော့သည်။

အချိန် ခဏ ကြာတော့မှ သူတို့ရဲ့ အသက်ရှူသံတွေ တဖြည်းဖြည်း ပြန်လည် နှေးကွေးသွားသည်။ စိတ်ကျေနပ်သွားတဲ့ ဖူမင်ရှစ်က ကျန်းပေါင်ကို နီးကပ်စွာ ပွေ့ဖက်ထားကာ သူမရဲ့ နားရွက်လေးကို နူးနူးညံ့ညံ့ ကြင်ကြင်နာနာ နမ်းရှိုက်လိုက်သည်။

ကျန်းပေါင်ရဲ့ မျက်နှာလေးကတော့ ခပ်ရဲရဲ။ လက်တွေက တစစ်စစ် ကိုက်ခဲကာ ခန္ဓာကိုယ် တစ်ခုလုံး ချွေးတွေ ရွှဲနစ်နေသည်။ သူမ အနည်းငယ် စိတ်ပျက်မိသော်လည်း တိတ်တိတ်လေး စိတ်သက်သာရာရမိသည်။ ဖူမင်ရှစ်ရဲ့ ပြင်သစ်ပေါင်မုန့်ချောင်းကြီးနှင့် သူမလက်နှင့် တရင်းတနှီး ထိတွေ့ပြီးနောက်မှာတော့ ထိုပေါင်မုန့်ချောင်းကြီးက ရေကူးဘောင်းဘီ ဝတ်ထားတုန်းကထက်တောင် ပိုကြောက်စရာကောင်းကြောင်း နားလည်သွား၏။

“ အတူတူ အိပ်ရအောင်။ ”

ဖူမင်ရှစ်က အခုထိ မပြန်သေးသောကြောင့် ကျန်းပေါင်က သူ့ကို “ ကျွန်မတို့ မနက်ဖြန် စောစော အိပ်ရာထရဦးမယ်လေ။ ” ဟု သတိပေးလိုက်သည်။ မနက်အစောကြီး သူမကို ဖူမင်ရှစ် ပြန်လိုက်ပို့ပေးတာကို ဘယ်သူမှ မမြင်စေရန် ကျောင်းကို စောစော ပြန်ချင်သည်။ သူမရဲ့ အခန်းထဲမှာ ဖူမင်ရှစ် ဆက်ရှိနေရင် သူ ဘာထပ်လုပ်မလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပါ။

ဖူမင်ရှစ်က တစ်မိနစ်တိတိ အသံတိတ်နေပြီးမှ သူမကို မလွှတ်ချင် လွှတ်ချင်နှင့် လွှတ်ပေးကာ ထထိုင်လိုက်သည်။ ကျန်းပေါင်ကဝောာ့ ချက်ချင်းပဲ စောင်အောက်ကို တစ်ကိုယ်လုံး တိုးဝင်လိုက်သည်။ ဖူမင်ရှစ်သည် မီးပိတ်ပြီးနောက် ပြန်လှည့်ကြည့်သောအခါ စောင်အောက်က အထုပ်အပိုးလေးကို မြင်လိုက်ရ၏။ ကြမ်းပြင်ပေါ်ကို ကြည့်လိုက်တော့ နေရာတိုင်းမှာ သူတို့အဝတ်အစားတွေ ပြန့်ကျဲနေသည်။

သူက ဘောင်းဘီဝတ် ၊ ခါးပတ်တပ်နေရင်းလည်း စောင်အောက်က အထုပ်အပိုးလေးကို နူးညံ့သိမ်မွေ့သော မျက်လုံးများဖြင့် တစ်ချိန်လုံး ကြည့်နေခဲ့သည်။ နောက်တစ်ခေါက်က ဘယ်တော့မှ ဖြစ်မလဲ ဆိုတာ သူ မသိပါ။

“ ကိုယ် သွားရတော့မှာလား။ ”

ဖူမင်ရှစ်က အဝတ်အစားဝတ်ပြီးနောက် အိပ်ရာပေါ်မှာ ထိုင်ကာ စောင်အောက်က အထုပ်အပိုးလေးကို လက်နှင့် ဖိလိုက်သည်။ “ အတူတူ အိပ်ရအောင်လေ ၊ အဲ့လို မရဘူးလား။ ”

ကျန်းပေါင်က ဟင့်အင်းလို့ ပြန်ပြောသည်။

ဖူမင်ရှစ်က စောင်အောက်က သူမရဲ့ ခေါင်းလေးကို ပွတ်သပ်ပေးပြီး နမ်းလိုက်သည်။ “ ကိုယ် အရမ်း ပျော်တယ် ဖန့်ပေါင်။ ” သူတို့ရဲ့ ဆက်ဆံရေး နောက်တစ်ဆင့်ကို တက်သွား၍ ပျော်သည်။

“ ရှင် အခု ပြန်သင့်ပြီ။ ” ဟု ကျန်းပေါင်က ပြောလိုက်သည်။ စောင်အောက်မှာ မွန်းကြပ်လွန်းလို့ အပြင်ထွက် အသက်ရှူချင်သည်။ ဖူမင်ရှစ်က ရယ်မောပြီး သူမရဲ့ ခေါင်းလေးကို ထပ်မံပွတ်သပ်ကာ ဒီတစ်ခေါက်တော့ အမှန်တကယ် ထွက်သွားခဲ့သည်။ ကျန်းပေါင်သည် တံခါးပိတ်သံကို ကြားတော့မှ စောင်အောက်ကနေ ခေါင်းလေး ထွက်ပြူကြည့်လိုက်သည်။

လူမရှိသော အခန်းထဲကို လှည့်ပတ်ကြည့်ရှုပြီးနောက် ခန္ဓာကိုယ်ကို စောင်နှင့် လုံးထွေးရစ်ပတ်ကာ အခန်းတံခါးကို လော့ခ်သွားချလိုက်သည်။ အဲ့ဒီတော့မှ စိတ်သက်သာရာရသွားသော သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်နိုင်တော့သည်။ အိပ်ရာပေါ်က သူမရဲ့ ဘရာစီယာကို ရုတ်တရက် အကြည့်ရောက်သွားတော့ ခုနတုန်းက သူမကို ဖူမင်ရှစ် လုပ်သွားခဲ့တဲ့ အရာအားလုံးက စိတ်ထဲမှာ ပြိုးပြက်ကာ နားရွက်တွေ ပူနွေးလာသည်။

သူမ ဗီရိုထဲက ညအိပ်ဝတ်စုံ တစ်စုံ ထုတ်ပြီး ရေသွားချိုးလိုက်သည်။ ဂျင်းဘောင်းဘီကို ချွတ်ရင်း သူမကို ဖူမင်ရှစ်ရဲ့ လက်တွေ ပွတ်သပ်နေခဲ့တာကို သတိရသွားသည်။ သူတို့ဟာ တစ်ယောက်နှင့် တစ်ယောက် မိမွေးတိုင်း ဖမွေးတိုင်း မြင်ရလုနီးပါး ဖြစ်ခဲ့တာပင်။ ကျန်းပေါင်က ခေါင်းခါယမ်းကာ ရေပန်းကို ဖွင့်ပြီး အတွေးတွေကို ရပ်တန့်ပစ်လိုက်သည်။

ဆံပင်ကို လေမှုတ် အခြောက်ခံကာ အိပ်ရာပေါ် ပြန်တက်လာပြီးနောက်မှာတော့ ည ( ၁ ) နာရီ ထိုးတော့မည် ဖြစ်သည်။ သူမရဲ့ ဖုန်းထဲမှာတော့ အဆောင်တံခါး မပိတ်ခင်တုန်းက အကျိုးအကြောင်း လှမ်းမေးထားတဲ့ ကျားရှောင်ယုရဲ့ မက်ဆေ့ခ်ျနှင့်အတူ သူမ အိပ်ပျော်သွားပြီလားဟု အခုမှ လှမ်းမေးထားတဲ့ ဖူမင်ရှစ်ရဲ့ မက်ဆေ့ခ်ျကိုလည်း တွေ့ရသည်။

ကျန်းပေါင်က “ ဂွတ်နိုက်ပါ။ ” ဟု ရိုးရိုးရှင်းရှင်း စာပြန်လိုက်တော့ ဖူမင်ရှစ်က ချက်ချင်း ဆိုသလိုပဲ “ အိပ်မက်ထဲမှာ ကိုယ့်ကို ထည့်မက်ပါ။ ” ဟု စာပြန်ပို့ခဲ့သည်။ ကျန်းပေါင်ရဲ့ မျက်နှာ ပူနွေးသွားကာ သူနှင့် ဆက်စကားမပြောရဲတော့ဘဲ သံပတ်ပေး၍ အိပ်ရာဝင်ခဲ့လိုက်တော့သည်။

မျှော်လင့်မထားစွာဖြင့် ကျန်းပေါင် ထိုညမှာ ဘာအိပ်မက်မှ မမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သည်။ သူမ ( ၅ ) နာရီမှာ အိပ်ရာနိုးလာပြီး ရင်းနှီးကျွမ်းဝင်နေသော အခန်းထဲကို ဝေ့ဝဲကြည့်လိုက်တော့ ဖူမင်ရှစ်နှင့်အတူ အိပ်ရာထဲမှာ ကုန်ဆုံးခဲ့သည့် တိုတောင်းသော ညဟာ အိပ်မက်တစ်ခုလို ခံစားရသည်။ သို့သော်လည်း သူမရဲ့ ညအိပ်ဝတ်စုံ အင်္ကျီကို နည်းနည်းလေး မြှောက်ပြီး အထဲကို ကြည့်လိုက်ချိန်မှာတော့ ဖူမင်ရှစ် ချန်ခဲ့တဲ့ အမှတ်အသားတွေကို မြင်လိုက်ရသည်။ ကျန်းပေါင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားရပြန်သည်။

သူ့နဲ့ ခဏနေ တွေ့ရမှာ အရမ်း အနေရခက်စရာမကောင်းဘူးလား … ။

ကျန်းပေါင်သည် ဆယ်မိနစ်ခန့် အိပ်ရာသိမ်း ၊ မျက်နှာသစ်ပြီးသောအခါ နောက်ထပ် မိနစ်ပိုင်းလောက် အချိန်ဆွဲနေပြီးမှ ဗီရိုထဲက အဝတ်အစားအသစ် တစ်စုံကို ထုတ်ပြီး လဲဝတ်လိုက်၏။ သူမရဲ့ အခန်းဖော်တွေ မေးလျှင်တော့ မနေ့ညတုန်းက ရုပ်ရှင်ရုံက အပြန်နောက်ကျ၍ အပန်းဖြေစံအိမ်မှာ ဝင်အိပ်ခဲ့တာလို့ ပြောလိုက်မည်။ ဖူမင်ရှစ် ပိုင်ဆိုင်သော အပန်းဖြေစံအိမ် ဆိုတာက ဟိုတယ်အခန်းထက် ပိုဖြူစင်ပုံပေါ်သည်။

သူမ အဝတ်လဲပြီး,ပြီးချင်းမှာပဲ ဖူမင်ရှစ်ရဲ့ တံ‌ခါးခေါက်သံ ထွက်ပေါ်လာသောကြောင့် ကျန်းပေါင်က ခေါင်းငိုက်စိုက်ချထားလျက် အခန်းတံခါး သွားဖွင့်ပေးလိုက်သည်။ ဖူမင်ရှစ်က သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသော သူမရဲ့ ဆံပင်နှင့် သန့်ရှင်းနေသော အခန်းကို ကြည့်ပြီး အတော်လေး အံ့ဩသွားသည်။ “ အားလုံး သိမ်းဆည်းပြီးပြီလား။ မင်း ဘယ်အချိန်ကတည်းက အိပ်ရာထတာလဲ။ ”

ကျန်းပေါင်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း “ ငါးနာရီပါ။ ” ဟု ခပ်တိုးတိုး ပြန်ပြောလိုက်သည်။ ဘာကြောင့်မှန်းမသိဘဲ သူမရဲ့ အကြည့်က ဖူမင်ရှစ်ရဲ့ သေးသွယ်သော ခါးအောက်ပိုင်းကို စူးစမ်းလေ့လာချင်နေသည်။ သို့သော် သူ အထင်လွဲသွားမှာ စိုးရိမ်သောကြောင့် ချက်ချင်းပဲ မျက်နှာလွှဲပြီး အခန်းထဲကို လျှောက်ဝင်သွားကာ ဖုန်းယူချင်ယောင်ဆောင်လိုက်သည်။ သူမ ခြေလှမ်း နှစ်လှမ်းသာ လှမ်းရသေးချိန်မှာပဲ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ခံလိုက်၏။ ထို့နောက် ဖူမင်ရှစ်က ရုတ်တရက်ပဲ သူမကို တံခါးနှင့် ဖိကပ်ကာ လေထဲမှာ မြှောက်ထားခဲ့သည်။

အခုမှ မျက်နှာသစ်ထားတဲ့ သူ့မျက်နှာကနေ လတ်ဆတ်သော မွှေးရနံ့လေး ပျံ့လွင်နေသည်။ မျက်ခုံးတွေက တိတိပပ စူးစူးရှရှ ၊ မျက်ဝန်းနက်တွေက နူးညံ့သိမ်မွေ့နေပြီး နှုတ်ခမ်းတွေကတော့ … ။ ကျန်းပေါင်က စိုးရိမ်ထိတ်လန့်စွာ မျက်လုံးမှိတ်ထားလိုက်သည်။ သူ့ကို အခုလို တွေ့နေရခြင်းက သူမအား မနေ့ညတုန်းက မြင်ကွင်းကို ပြန်သတိရစေသည်။

ဖူမင်ရှစ်က သူ့ရဲ့ ငတုံးမလေးကို ကြည့်ရင်း “ မနေ့ညတုန်းက အဖြစ်အပျက်ပြီးသွားရင် မင်း ပိုပွင့်လင်းလာလိမ့်မယ်လို့ ထင်ထားတာ။ ” ဟု ပြောလိုက်သည်။ ကျန်းပေါင်ကတော့ သူ့မျက်လုံးတွေကို လက်နှင့် အုပ်ထားခဲ့ပြီး သူမကို ဖူမင်ရှစ် မမြင်နိုင်တာ သေချာတော့မှ သူ့ကို ထပ်ကြည့်လိုက်သည်။ “ အဲ့ကိစ္စကို ထပ်မပြောနဲ့။ ”

ဖူမင်ရှစ် ရယ်မောလိုက်သည်။ “ ကောင်းပြီ။ ”

စိတ်မသက်မသာ ခံစားနေရဆဲ ဖြစ်တဲ့ ကျန်းပေါင်က “ တခြားအကြောင်း ပြောရအောင်။ ” ဟု ပြောလိုက်တော့ ဖူမင်ရှစ်က ခေါင်းညိတ်သည်။ သူမက မျက်လုံးတွေကို ဆက်လက် ပိတ်ကာထားလျက် “ ကျွန်မကို အောက်ချပေးတော့။ ” ဟု ပြောလိုက်သည်။

ဖူမင်ရှစ်က မလှုပ်ရှားသေး။ မျက်လုံးတွေကို သူမရဲ့ လက်ကလေးနှင့် အုပ်ထားခံရခြင်းနှင့်အတူ သူ့ဝမ်းသာပျော်ရွှင်မှုကို အပြုံးလေးဖြင့် ဖော်ပြလိုက်သည်။ “ ကိုယ် မင်းကို ဆက်ဖက်ထားချင်သေးတယ်။ ” သူ သူမကို လုံလုံလောက်လောက် မဖက်ရသေးပါ။ ကျန်းပေါင်ကလည်း သူ့စနောက်မှုကို မခံနိုင်ပေမဲ့ ချိုမြိန်သော စကားလေးတွေကို သဘောကျသည်။

သူမက တိတ်တိတ်လေး ပြုံးလိုက်ပြီး နူးညံ့ချိုမြလာသော အသံလေးဖြင့် “ ကျောင်းကို ပြန်ဖို့ အချိန်ရောက်နေပြီ။ ” ဟု ပြောလိုက်သည်။

“ ကိုယ် အဒေါ်ဝမ်ကို မနက်စာပြင်ခိုင်းထားတယ်။ ”

ကျန်းပေါင်က ခေါင်းညိတ်ပြီး “ ကျွန်မကို အောက်ချပေးတော့။ ” ဟု တိုက်တွန်းလိုက်သည်။

အဲ့ဒီတော့မှပဲ ဖူမင်ရှစ်က ခြေတစ်လှမ်း နောက်ဆုတ်ကာ သူမကို ကြမ်းပြင်ပေါ် ချပေးလိုက်သည်။ ကျန်းပေါင်ကလည်း ခြေထောက်နှင့် ကြမ်းပြင်နှင့် ထိသည့် အခိုက်အတန့်မှာပဲ ချက်ချင်း သူနားက ထွက်လာကာ ဖုန်းယူချင်ယောင်ဆောင်လိုက်သည်။ ဒါပေမဲ့ တံခါးဝနားကို ရောက်ချိန်မှာပဲ သူမရဲ့ ခန္ဓာကိုယ်ကို လေထဲမှာ နောက်တစ်ကြိမ် မြှောက်ချီခံလိုက်ရပါသည်။ သူမကို ဖူမင်ရှစ် ထပ်ပြီး ဖမ်းမိသွားပြန်ပြီ ဖြစ်လေသည်။

“ ရှင် … ”

***

All Chapters