အခန်း ၅၂
Vol. 6 Ch. 52
အပိုင်း ( ၅၂ )
ပေါင်မုန့်နှင့် ဖျော်ရည်ကို ရွေးချယ်ပြီးနောက်မှာ ဖူမင်ရှစ်က စာကြည့်တိုက်အနောက်ဘက် ရေကန်ဘေးမှာ စားဖို့ ကျန်းပေါင်ကို စက်ဘီးနှင့် ခေါ်လာခဲ့သည်။ ပေါင်မုန့်ကိစ္စကြောင့် ကျန်းပေါင်က ဖူမင်ရှစ်ရဲ့ မြှူဆွယ်ခံရတဲ့ သမိုင်းရာဇဝင်ကို မေ့သွားသော်လည်း ဖူမင်ရှစ်ကတော့ မမေ့သေးပါ။ ဗိုက်ပြည့်အောင် စားသောက်ပြီးသောအခါ သူက ကျန်းပေါင်ကို သစ်ပင်နှင့် ဖိကပ်လိုက်ပြီး သူ့မျက်နှာချောချောက သူမနှင့် ထိကပ်တော့မလိုပင် နီးကပ်နေသည်။ “ ကိုယ့်ကို မြှူဆွယ်ချင်တဲ့ မိန်းကလေးတွေ အများကြီး ရှိပေမဲ့ အခုထိ မင်းတစ်ယောက်ပဲ အောင်မြင်သေးတယ်။ ”
ကျန်းပေါင်က မျက်နှာလွှဲကာ “ ကျွန်မ ရှင့်ကို ဘယ်တုန်းက မြှူဆွယ်မိလို့လဲ။ ” ဟု ပြောတော့ ဖူမင်ရှစ်က “ ဟုတ်ပါတယ်။ ကိုယ်ကပဲ မင်းကို မြှူဆွယ်တာ အောင်မြင်ခဲ့တာပါ။ ” ဟု ရယ်သံတစ်ဝက်နှင့် ပြောလိုက်သည်။ ထို့နောက် သူမရဲ့ မျက်နှာလေးကို လက်တစ်ဖက်နှင့် ဆုပ်ကိုင်ကာ နမ်းရှိုက်လိုက်သည်။ တားမြစ်သစ်သီး တစ်ဝက်ကို အရသာခံပြီးတဲ့နောက် ဒီအနမ်းဟာ သိသာထင်ရှားစွာပဲ ဆန္ဒရမ္မက်တွေ ပါဝင်နေ၏။
ကျန်းပေါင်က သူ့အနမ်းမှာ နစ်မျောသွားသော်လည်း သူ့လက်မောင်းကို အချိန်မီ ဆုပ်ကိုင်လိုက်သည်။ သူက အရမ်းကို စိတ်အားထက်သန် ပြင်းပြနေပေမဲ့ အခုအချိန်မှာ သူတို့က ကျောင်းထဲမှာပဲ ရှိနေသေးသည်။
ဖူမင်ရှစ်က သူမကို လွှတ်ပေးလိုက်ကာ သူ့ကိုယ်ထဲက မီးတောက်တွေကို ခဏလောက် အချိန်ယူ၍ ငြိမ်းသတ်ပြီးမှ အမှိုက်တွေကို လွှင့်ပစ်ပြီး ကျန်းပေါင်ကို အဆောင်ပြန်လိုက်ပို့ပေးခဲ့သည်။ အဆောင် ပထမထပ်ရဲ့ လော်ဘီကို ရောက်တော့ ဘာ့ကြောင့်မှန်းမသိဘဲ ဖန့်ရွယ်နှင့် တိုက်ဆိုင်စွာ ထပ်မံ ဆုံတွေ့ပြန်သည်။ ဖန့်ရွယ်ရဲ့ လက်ထဲမှာ ကိတ်မုန့်ဆိုင်က ပေါင်မုန့်အိတ်ကို ကိုင်ထားပြီး တစ်ချက်လောက် ကြည့်ရုံနှင့် သူမ ကန်တင်းမှာ ပြီးအောင် မစားခဲ့ဘူး ဆိုတာ သိနိုင်သည်။
နှစ်ဖက်လုံး မျက်နှာချင်းဆိုင် တွေ့ချိန်မှာ ဖန့်ရွယ်က ခြေလှမ်းတွေကို ရပ်ပြီး ဖူမင်ရှစ်ကို လှမ်းကြည့်နေမိသည်။ ဖူမင်ရှစ်ကတော့ သူမကို တစ်ချက်လေးတောင် ငဲ့မကြည့်ဘဲ ကျန်းပေါင်ကို “ မနက်ဖြန်ည တွေ့မယ်နော်။ ” ဟု ပြောနေသည်။
ကျန်းပေါင်က ဖူမင်ရှစ်ကို ရှိုးတိုးရှန့်တန့်လေး ပြုံးပြလိုက်ပြီး သူ ပြန်သွားတဲ့အထိ စောင့်နေပြီးမှ နောက်လှည့်ကြည့်လိုက်တော့ ဖန့်ရွယ် မရှိတော့ပါ။ နောက်ထပ် သုံး ၊ လေးနှစ်လောက်ထိ သူမနှင့် အတန်းဖော် ဆက်ဖြစ်နေဦးမည့် အကြောင်းကို တွေးမိတော့ ကျန်းပေါင် အနည်းငယ် စိတ်ရှုပ်သွားကာ အပေါ်ထပ်ကို တက်ခဲ့လိုက်သည်။
သုံးထပ်ကို ရောက်လျှင် လှေကားထိပ်မှာ ရပ်နေသော ဖန့်ရွယ်ကို ရုတ်တရက် မြင်ရသည်။ သူတို့ မျက်လုံးချင်း ဆုံသွားတော့ ဖန့်ရွယ်က ဘေးဖယ်ပေးကာ လျှောက်လမ်းရဲ့ ဘယ်ဘက်ရှိ လသာဆောင်ကို ညွှန်ပြသည်။ “ ဒီကို လာပါဦး။ ငါ နင့်ကို မေးစရာလေးတစ်ခု ရှိတယ် ကျန်းပေါင်။ ”
ကျန်းပေါင် မသွားပါ။ “ ဘာကိစ္စလဲ။ ”
ဖန့်ရွယ်က သူမကို အံ့အားသင့်စွာ ကြည့်ပြီး နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ကာ “ နင် ငါတို့ ပြဿနာတက်ခဲ့တဲ့ အကြောင်းကို မင်ရှစ်ကို ပြန်ပြောပြထားတာလား။ ” ဟု တည်ငြိမ်လေးနက်သော အမူအရာဖြင့် မေးသည်။
ကျန်းပေါင် ခေါင်းခါပြလိုက်သည်။
ဖန့်ရွယ်က သူမကို မယုံပါ။ “ ဒါဆို မင်ရှစ်က ငါ့ကို ဘာလို့ အဲ့လောက်တောင် သဘောမကျဘဲ မုန်းတီးနေရတာလဲ။ ” သူက သူမကို တွေ့တိုင်း ယင်ကောင်တစ်ကောင်လိုမျိုး ရှောင်ရှားနေသည်။
ကျန်းပေါင်က ဖန့်ရွယ်ကို စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်ပြီး “ နင်က သူ နင့်အပေါ် ဘယ်လို တွေးလဲ ဆိုတာကို ဘာလို့ အဲ့လောက်တောင် ဂရုစိုက်နေတာလဲ။ ” ဟု ပြန်မေးတော့ ဖန့်ရွယ် ပြောစရာစကားမရှိ ဆွံ့အသွားရပါသည်။ ကျန်းပေါင်လို အနိုင်ကျင့်ရ လွယ်ကူပြီး ဘယ်သူ့ကိုမှ အနေရခက်အောင် မလုပ်ဖူးတဲ့ ကောင်မလေးဟာ သူမရဲ့ စိတ်ကို ဖောက်ထွင်းမြင်နိုင်လိမ့်မည်ဟု ထင်မထား။
သို့သော် ဖန့်ရွယ်သည် သူမမှာ မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ရှိနေပါသည်ဟု မဝန်ခံနိုင်သောကြောင့် သူငယ်ချင်းကောင်းတစ်ယောက်လိုမျိုး တရင်းတနှီး ပြောလိုက်သည်။ “ ငါတို့က သူငယ်ချင်း အရင်းကြီးတွေလေ။ တကယ်လို့ ငါ့ကောင်လေးက နင့်ကို သဘောမကျရင်ရော အကြောင်းပြချက်ကို နင် သိချင်မှာပဲ မဟုတ်ဘူးလား။ ”
ကျန်းပေါင်က လူတစ်ဖက်သားကို အနေရခက်အောင်လုပ်နေကျ မဟုတ်သော်လည်း ဖန့်ရွယ်ရဲ့ သူမနှင့် သူငယ်ချင်းဖြစ်ချင်သည့် စိတ်က လုံးဝ စိတ်ရင်း မဟုတ်ပါ။ ဖန့်ရွယ်က ဒီလိုမျိုး ဖြစ်နေပြီ ဆိုတော့ သူမလည်း အပေါ်ယံ ယဉ်ကျေးမှုစကားတွေတောင် ပြောမနေချင်တော့။ ဟန်ဆောင်ရတာ သိပ်ပင်ပန်းစရာကောင်းသည်။
“ ငါတို့ သာမန် အတန်းဖော်တွေပဲ လုပ်ရအောင်။ ”
ကျန်းပေါင်က ဖန့်ရွယ်ကို လှည့်မကြည့်ဘဲ ဖြတ်ကျော်လာပြီး အခန်းထဲကို ဝင်ခဲ့လိုက်သည်။
ဖန့်ရွယ်သည် နေရာမှာပဲ ရပ်တန့်ကျန်ရစ်ပြီး အဆောင်အခန်းထဲကို ကျန်းပေါင် ဝင်သွားတော့မှ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ သူမဘက်က ကျန်းပေါင်ကို ဘယ်တုန်းကမှ သူငယ်ချင်းလို့ မသတ်မှတ်ခဲ့ဖူးပါ။ ပထမတုန်းက မင်ကျစ်နျဉ်နှင့် အရောဝင်ရန်အတွက် မြို့တူသူငယ်ချင်းတစ်ယောက်ကို လိုအပ်၍သာ ကျန်းပေါင်ကို ကပ်ခဲ့ခြင်း ဖြစ်သည်။ အခုတော့ သူမရဲ့ ပန်းတိုင်က ဖူမင်ရှစ်နှင့် နီးစပ်ဖို့ ဖြစ်သွားပြီမို့ သူနှင့် နီးစပ်နိုင်သရွေ့ ကျန်းပေါင် သူမအပေါ် ဘယ်လို မြင်သလဲ ဆိုတာ လုံးဝ ဂရုမစိုက်ပါ။
ထိုညမှာ ဖန့်ရွယ်ဟာ အိပ်ရာထဲတွင် ဆိုရှယ်မီဒီယာကို မရပ်မနား မွှေနှောက်လျက် ရှိသည်။ ကျန်းပေါင်က ဘာစတေးတပ်မှ တင်မထားပေမဲ့ “ မင်ရှစ် ” က သူမ တင်ထားသမျှ အရာအားလုံးကို လိုက်ခ်ပေးထားသည်။ မင်ရှစ် ဆိုတဲ့ အကောင့်မှာ ဘာအကြောင်းအရာမှ တင်ထားခြင်း မရှိဘဲ ကျန်းပေါင်အတွက်သာ ဖွင့်ထားတဲ့ အကောင့် ဆိုတာ သိသာသည်။
သူမက မင်ရှစ်ရဲ့ ပရိုဖိုင်ဓာတ်ပုံကို ကြည့်ရင်း အံကြိတ်ကာ Friend Request ပို့လိုက်သည်။ ဖူမင်ရှစ် သူမကို ဘာလို့ သဘောမကျတာလဲ ဆိုတာ သိချင်သည်။ ကျန်းပေါင်က ဖူမင်ရှစ် အထင်လွဲအောင် သူမနှင့် ပတ်သက်ပြီး မကောင်းကြောင်းတွေ ပြောထားတာ ဆိုလျှင်တော့ သူမဘက်က သေချာ ရှင်းပြလိုက်လျှင် အခြေအနေကို အဖတ်ဆယ်ဖို့ အခွင့်အရေးရှိသေးသည်။ အဲ့လို မဟုတ်ရင် … ။
Friend Request ပို့အပြီး ဆယ်မိနစ်ကြာ စောင့်ပြီးချိန်ထိ ဘာစာမှ ပြန်မလာပါ။ ဖန့်ရွယ်က ခဏလောက် စဉ်းစားကြည့်ပြီး မင်ရှစ်ရဲ့ အကောင့်လေးလည်း ရှိနေတဲ့ ကျန်းပေါင်ရဲ့ မိုက်ခရိုဘလော့ဂ်ကို ဖွင့်လိုက်သည်။ ထို့နောက် သူမရဲ့ Friend Request ကို လက်ခံမှ ဖတ်လို့ ရမယ့် မက်ဆေ့ခ်ျလေးကို ဖူမင်ရှစ်ထံ ပို့လိုက်သည်။
ဖူမင်ရှစ်က မိုက်ခရိုဘလော့ဂ်ကို နေ့တိုင်း ဝင်ဖတ်နိုင်လောက်အောင် အားလပ်ချိန်မရှိတဲ့ အလုပ်များသော လူတစ်ယောက် ဖြစ်သော်လည်း သူ့ဘဝထဲကို ကျန်းပေါင်နှင့် ရောက်လာပြီးနောက်မှာ အိပ်ရာမဝင်ခင် ကျန်းပေါင်ရဲ့ အသိုင်းအဝိုင်း အမျိုးမျိုးကို ဝင်ကြည့်တတ်တဲ့ အကျင့်လေးရှိလာခဲ့သည်။ WeChat ကို ဝင်ကြည့်ပြီး၍ မိုက်ခရိုဘလော့ဂ်ထဲကို ဝင်လိုက်ချိန်မှာ သူ ဖောလိုးလုပ်မထားတဲ့ လူတစ်ယောက်ထံမှ သီးသန့် မက်ဆေ့ခ်ျလေးတစ်စောင်ကို မြင်လိုက်ရသည်။
ဖူမင်ရှစ် ခဏ တုံ့ဆိုင်းသွားပြီးမှ ဖွင့်ကြည့်လိုက်တော့ ဖန့်ရွယ်ထံမှ မက်ဆေ့ခ်ျ ဖြစ်နေသည်။ သူမရဲ့ ပရိုဖိုင်ဓာတ်ပုံကို အင်တာနက်ဆယ်လီတစ်ယောက်လို ဖန်တီးထား၏။ သီးသန့် မက်ဆေ့ခ်ျရဲ့ အကြောင်းအရာကိုတော့ Friend မဖြစ်သေး၍ ဖတ်လို့ မရပါ။ ဖူမင်ရှစ်က ထိုမက်ဆေ့ခ်ျကို ဖတ်ဖို့ ပျင်းလွန်းသောကြောင့် ဖန့်ရွယ်ရဲ့ အကောင့်ကိုပါ တစ်ခါတည်း Block ပစ်လိုက်သည်။
ဖန့်ရွယ်သည် နောက်တစ် စာတစ်ကြောင်းကို ရေးပြီးချိန်မှာပဲ သူမ ဘာမှ ထပ်ပို့လို့ မရတော့ဘူး ဆိုတာ ရုတ်တရက် နားလည်သွားလေသည်။ သူမကို ဖူမင်ရှစ် Block သွားပြီဟု ခန့်မှန်းမိသောကြောင့် ချက်ချင်းပဲ နောက်ထပ် အကောင့်လေးတစ်ခုကို ပြောင်းကာ စာဆက်ပို့လိုက်သည်။ ဒီတစ်ခေါက်တော့ ထပ် Block မခံစေရန်အတွက် လိုရင်းကို တန်းပြောလိုက်သည်။ [ ကျွန်မက ကျန်းပေါင်နဲ့ သူငယ်ချင်းကောင်းတွေပါ။ ရှင် ကျွန်မအပေါ် နားလည်မှုလွဲနေတာ ရှိရင် ပြောပြပေးပါလား။ အဲ့ဒါမှ ကျွန်မ သေချာ ရှင်းပြပေးနိုင်မှာပါ။ ]
ဖူမင်ရှစ်က ကျန်းပေါင် မွေးထားတဲ့ ကြောင်လေးရဲ့ ဓာတ်ပုံတွေကို ကြည့်နေတုန်းမှာပဲ နောက်ထပ် သီးသန့် မက်ဆေ့ခ်ျတစ်စောင်ကို မြင်လိုက်ရသောကြောင့် မျက်မှောင်ကြုတ်ပြီး ဖွင့်ကြည့်လိုက်သည်။ ဒီတစ်ခေါက်တော့ ဖန့်ရွယ်က ကုဒ်နှင့် ရေးမထားပါ။ ဖူမင်ရှစ်က ထိုမက်ဆေ့ခ်ျကို တစ်ချက်တည်း ကြည့်ကာ ဖတ်လိုက်ပြီးနောက် [ ကိုယ့်နေရာကိုယ်သိ။ ] ဟူသော စကားလုံး ငါးလုံး ပြန်ပို့ကာ စိတ်ရှုပ်မခံဘဲ Block ပစ်လိုက်သည်။
သူမ နီးစပ်ခွင့်ရရန် ဆုံးဖြတ်ထားသော အမျိုးသားဆီမှာ ဒီလို အပြောခံရခြင်းက ကျန်းပေါင်ရဲ့ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလိုပင်။ ကျန်းပေါင်က သူမရဲ့ မကောင်းကြောင်းတွေ ပြောထားလို့ အထင်လွဲနေတာလားဟု မေးချင်သော်လည်း မက်ဆေ့ခ်ျထပ်ပို့လို့ မရတော့ဘူး ဆိုတာ နားလည်သွားသည်။ ဒီတစ်ခေါက်တော့ ဖန့်ရွယ်မှာ မတူညီတဲ့ အကောင့်လေးကို သုံးပြီး ဖူမင်ရှစ်ကို ထပ်ဆက်သွယ်ဖို့ သတ္တိမရှိတော့ပေ။
ဖန့်ရွယ်သည် တစ်ညလုံး အိပ်မပျော်ဘဲ တနင်္ဂနွေတစ်နေ့လုံးကို အဆောင်ထဲမှာ စိတ်ဓာတ်ကျစွာ ကုန်ဆုံးခဲ့ရသည်။ အခန်းဖော်တွေကလည်း သူမကို ဝတ္ထုဖတ်နေသည်ဟု ထင်ပြီး ဘာမှ ထွေထွေထူးထူး မမေးပါ။ တနင်္လာနေ့မနက်မှာတော့ ဖန့်ရွယ်တစ်ယောက် ထုံးစံအတိုင်း စောစောထပြီး မိတ်ကပ်လိမ်းသည်။ နေ့ခင်းပိုင်း အတန်းချိန်ပြီးသွားတော့ စာသင်ဆောင်အောက်မှာ ကျန်းပေါင်ကို လာစောင့်နေတဲ့ ဖူမင်ရှစ်ကို မြင်ရသည်။ ဖန့်ရွယ်က သူတို့နှစ်ယောက်လုံးကို လုံးဝ မကြည့်ဘဲ ဖြတ်လျှောက်သွားခဲ့သည်။
တစ်ပတ်ခန့်အကြာ PE အတန်းချိန်အပြီးမှာတော့ ကျားရှောင်ယုက အဆောင်ကို စိတ်လှုပ်ရှားစွာ ပြန်ပြေးလာခဲ့သည်။ “ ငါ အောက်ထပ်မှာ ဘာတွေ့ခဲ့လဲ ဆိုတာ ခန့်မှန်းကြည့်ကြစမ်း။ ”
ကျန်းပေါင် ၊ ချန်းလီလီနှင့် ဖန်ရွှမ်းတို့က သူမကို ကြည့်လာသောအခါ ကျားရှောင်ယုက “ ဖန့်ရွယ်မှာ အခု ကောင်လေး ရနေပြီ။ သူ့ကောင်လေးက အတန်း ( ၄ ) က လီကျန်းပဲ။ သူတို့နှစ်ယောက် လက်တွဲပြီး အပြင်ထွက်သွားတာကို ငါ တွေ့ခဲ့တယ်။ ” ဟု ပဟေဋိဆန်ဆန်လေး ပြောလိုက်သည်။
သူတို့အားလုံးဟာ တိရစ္ဆာန်ဆေးပညာ တက္ကသိုလ်ကမို့ ယောက်ျားလေး အတန်းဖော်တစ်ယောက်က ချက်ချင်းပဲ ကျန်းပေါင်ရဲ့ စိတ်ထဲကို ဝင်ရောက်လာသည်။ သူတို့ကျောင်းမှာ ရုပ်ချောတဲ့ ကောင်လေးတွေ သိပ်မရှိပါ။ အတန်း ( ၄ ) မှ လီကျန်းမှာ ရုပ်ရည်သွင်ပြင်က ပျမ်းမျှသာ ရှိသော်လည်း အရပ်က ( ၁.၈ ) မီတာတောင် ရှည်တာမို့ သူ အပြင်သွားတိုင်း လူကြားထဲမှာ ထင်းထွက်နေတတ်သည်။ သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းကလည်း ကျဉ်းလေရာ တခြားလူတွေ သူ့အကြောင်း မကြာခဏ ပြောတာကို ကြားဖူး၍ ကျန်းပေါင် ထိုတစ်ယောက်ကို မှတ်မိနေပါသည်။
“ လီကျန်းက တော်တော်လေး ပွေရှုပ်တယ်လို့ ငါ ကြားဖူးတယ်။ မနှစ်တုန်းက သူ ကျောင်းက ကောင်မလေးနှစ်ယောက်နဲ့ တွဲခဲ့တာတဲ့။ ဖန့်ရွယ် သူနဲ့ ဘယ်က ဘယ်လို တွဲဖြစ်သွားတာလဲ မသိဘူး။ ” ဟု ကျားရှောင်ယုက အတင်းပြောသည်။
ချန်းလီလီက သက်ပြင်းချသည်။ “ အဲ့တစ်ယောက်က အပြောင်းအလဲမြန်တဲ့ လူရှုပ်လူပွေတစ်ယောက် ဆိုတာ အသိအသာကြီးပဲ။ ဖန့်ရွယ်က ဘာလို့ ဒီလောက်တောင် တုံးရတာလဲ။ ”
ဖန်ရွှမ်းကတော့ “ နင် ဒီလို ကိစ္စတွေကို နင့်အမြင်တစ်ခုတည်းနဲ့ ဝေဖန်ဆုံးဖြတ်လို့ မရဘူးလေ။ သူတို့ တစ်ယောက်နဲ့ တစ်ယောက် တကယ် အချစ်စစ်နဲ့ ချစ်နေတာလည်း ဖြစ်နိုင်တာပဲ။ ” ဟု အလေးအနက် ပြောသည်။
ကျားရှောင်ယုက ကျန်းပေါင်ဘက်ကို လှည့်လာသည်။ ကျန်းပေါင်မှာတော့ ပြောစရာ သိပ်မရှိပါ။ လီကျန်းက မင်ကျစ်နျဉ်လောက် စာမတော်ပေမဲ့ လူရှုပ်လူပွေလို့ ကောလဟာလထွက်ထားတာတွေကို ဖယ်ကြည့်လိုက်လျှင် ရုပ်ရည်သွင်ပြင်က အလယ်အလတ်အဆင့်မှာ ရှိတာမို့ ဖန့်ရွယ် သူ့ကို ရွေးချယ်တာ မထူးဆန်း။ ဒါပေမဲ့ ဖန့်ရွယ်ဟာ အရင်တုန်းက မင်ကျစ်နျဉ်ကို အသည်းအသန် အရူးအမူးဖြစ်ခဲ့ပြီး အခုတော့ အသစ်တစ်ယောက်နှင့် မြန်မြန်ဆန်ဆန် တွဲလိုက်တာက နည်းနည်းတော့ ထူးဆန်းသည်။
ဖန့်ရွယ်ရဲ့ အချစ်ရေးအသစ်အကြောင်း သိရှိပြီးနောက် နောက်တစ်နေ့မှာ ဖူမင်ရှစ်က ကျန်းပေါင်ကို လာတွေ့ခဲ့သည်။ သူတို့နှစ်ယောက် တက္ကသိုလ်အပြင်ဘက်မှာ ညစာထွက်စားရင်း အပြန်လမ်းမှာ ဖန့်ရွယ်နှင့် လီကျန်းတို့အတွဲ့နှင့် တိုက်ဆိုင်စွာ အမှတ်မထင် ဆုံတွေ့သည်။
ကျန်းပေါင်ကလည်း မိန်းကလေးပီပီ အတင်းတုပ်ချင်လာ၍ ဖူမင်ရှစ်ရဲ့လက်မောင်းကို တံတောင်နှင့် တွတ်ကာ အရှေ့က အတွဲကို ကြည့်ခိုင်းလိုက်သည်။ ဖူမင်ရှစ်က ခေါင်းမော့ကြည့်လိုက်ပေမဲ့ မှိန်တိမှိန်ဖျော့ ပရဝုဏ်ထဲမှာ ဘာမှ ထူးခြားတာ မတွေ့ရပေ။
သူက ကျန်းပေါင်ကို ဇဝေဇဝါကြည့်လိုက်တော့ သူမက သူ့ကို “ အရှေ့က ဟိုအတွဲက ဖန့်ရွယ်တို့အတွဲလေ။ ” ဟု ခပ်တိုးတိုး ပြောသည်။
ဖူမင်ရှစ် ခေါင်းပြန်မော့ကြည့်လိုက်သည်။
ကျန်းပေါင်က ဖူမင်ရှစ် ဖန့်ရွယ်ကို နောက်ကျောဘက်ကနေ မှတ်မိမှာ မဟုတ်ဘူးဟု ခန့်မှန်းလိုက်ပြီး သူမကို လက်ညိုးထိုး ညွှန်ပြလိုက်သည်။ ဖန့်ရွယ်က စကတ်အရှည်လေး ဝတ်ထားပြီး လီကျန်းနှင့် လက်ချင်း ချိတ်လျက် သူတို့ရှေ့ကနေ အဆောင်ကို သွားနေသည်။ သူတို့ကြားမှာ သိသာထင်ရှားသော အရပ်ကွာခြားချက်ရှိသည်။ လီကျန်းဟာ ကိုယ်လုံးကိုယ်ထည်ကြီးပြီး အရပ်ရှည်တာမို့ ကျန်းပေါင်အား သူ့အပေါ် မှီခိုနေတဲ့ ငှက်ငယ်လေးတစ်ကောင်နှင့် တူသွားစေသည်။ သူတို့နှစ်ယောက်က အလွန် လိုက်ဖက်ပါသည်။
ဖူမင်ရှစ်က အကြည့်ရုတ်သိမ်းပြီး သူ့ဇနီးလောင်းလေးကို “ အဲ့ဒါက ဘာဖြစ်လို့လဲ။ ” ဟု မေးလိုက်သည်။ ကျန်းပေါင်မှာ အကြောင်းပြချက် ထွေထွေထူးထူး မရှိဘဲ ဖန့်ရွယ်က သူတို့ သိတဲ့ လူတစ်ယောက် ဖြစ်နေ၍သာ အတင်းတုပ်ခြင်း ဖြစ်လေသည်။
ဖူမင်ရှစ်က ပြုံးပြီး သူမကို ပွေ့ဖက်လိုက်သည်။ သူ ကျန်းပေါင်အား သူ့ကို ဖန့်ရွယ် မက်ဆေ့ခ်ျပို့တဲ့ အကြောင်း ပြောမပြရသေးသလို ပြောပြစရာလည်း မလိုအပ်ပါ။ ဖန့်ရွယ် ဒီလောက် မြန်မြန်ဆန်ဆန် ကောင်လေးရသွားတာက မခံချင်စိတ်နှင့် မာနကြောင့် ဖြစ်နိုင်သည်။ ဒါက သူနှင့် ကျန်းပေါင်ကို သူမဟာလည်း တခြားသူတွေ သဘောကျတာ ခံရကြောင်း ပြသလိုက်တာပါ။
ဒါပေမဲ့ ဖန့်ရွယ်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသည်။ သူနှင့် ကျန်းပေါင်ရဲ့ ဘဝမှာ သူမက နည်းနည်းလေးတောင် အရေးမပါပေ။
ကျန်းပေါင်ရဲ့ မွေးနေ့က သုံးလပိုင်း ( ၁၇ ) ရက်နေ့ ဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနှစ်ရဲ့ စနေနေ့မှာ ကျရောက်သည်။ ဖူမင်ရှစ်က သောကြာနေ့ညမှာ ကျန်းပေါင်ကို လာခေါ်ခဲ့သည်။ အပန်းဖြေစံအိမ်မှာ တစ်ညတာ ကုန်ဆုံးပြီးနောက် မနက်ဖြန်မှာ မွေးနေ့ပွဲကျင်းပဖို့အတွက် ကျန်းပေါင်ကို တခြားတစ်နေရာကို ခေါ်သွားမှာ ဖြစ်သည်။
ညစာ စားပြီးသွားတော့ သူတို့နှစ်ယောက် ရုပ်ရှင်ကြည့်သည်။ ဖူမင်ရှစ်က ကျန်းပေါင်ရဲ့ လက်ကို သူ့ပေါင်ပေါ်မှာ ဆုပ်ကိုင်ထားပြီး လက်ဖမိုးလေးကို လက်ချောင်းလေးတွေနှင့် ပွတ်သပ်နေခဲ့သည်။ ကျန်းပေါင် ဒီအပြုအမူကို သူမကိုယ်တိုင် လုပ်တဲ့အခါ ပြဿနာမရှိပေမဲ့ ဖူမင်ရှစ် လုပ်လျှင်တော့ ယားကျိကျိ ခံစားချက်က သူမကို စိတ်မသက်မသာ ဖြစ်စေသည်။
ကျန်းပေါင်က လက်ကို ပြန်ရုတ်ဖို့ ကြိုးစားတော့ ဖူမင်ရှစ်ကလည်း မနက်ဖြန် သူတို့ရဲ့ ဒိတ်မှာ ကျန်းပေါင် လုပ်သမျှ အရာရာတိုင်းကို ကျေကျေနပ်နပ်ကြီး လက်ခံမည် ဟူသော အတွေးဖြင့် ခပ်ပြုံးပြုံး လွှတ်ပေးလိုက်သည်။
ရုပ်ရှင်ပြီးသွားသောအခါ အချိန်က ( ၁၀ ) နာရီကျော်နေပါပြီ။ ဖူမင်ရှစ်က ကျန်းပေါင်ကို အပေါ်ထပ်လိုက်ပို့ပေးရင်း အခန်းထဲထိ ၊ အိပ်ရာထဲထိ ရောက်လာခဲ့သည်။ သူ့အနမ်းတွေက ပြင်းပြလွန်းလှ၍ ကျန်းပေါင်က သူ ကိစ္စတွေကို တစ်ညကြိုတင်၍ ရှေ့တိုးချင်နေတာလားဟု တွေးနေတုန်းမှာပဲ ဖူမင်ရှစ်က သူမရဲ့ လည်ပင်နားမှာ ရုတ်တရက် ရပ်တန့်သွားသည်။
ပူနွေးသော နှုတ်ခမ်းတွေဟာ သူမရဲ့ မျက်နှာဆီ ဖြည်းညင်းစွာ ပြန်တက်လာပြီး အကြိမ်ကြိမ် အခါခါ နမ်းရှိုက်နေခဲ့သည်။ သို့သော် ဆန္ဒရမ္မက်တွေတော့ မပါတော့ဘဲ ဆော့ကစားနေသလို ပုံစံမျိုး ဖြစ်သည်။ ကျန်းပေါင်က ဒီလူဟာ ကလေးဆန်ဆန် အနမ်းလေးတွေကို အသုံးပြုပြီး သူ့စိတ်ကို ချိုးနှိမ်နေတယ် ဆိုတာ တဖြည်းဖြည်း နားလည်သွားသောအခါ ရယ်ချင်သွားသည်။
“ ဘာက အဲ့လောက် ရယ်စရာကောင်းနေလို့လဲ။ ” အကင်းပါးတဲ့ ဖူမင်ရှစ်သည် ရယ်ချင်စိတ်ကို ထိန်းချုပ်ထားတဲ့ ကျန်းပေါင်ကို သတိထားမိသွားပြီး ချက်ချင်း မေးလိုက်၏။
ကျန်းပေါင်က မျက်လုံးမှိတ်ထားပြီး ဘာမှ မပြောပါ။ ဖူမင်ရှစ်က မဖုံးကွယ်နိုင်ဘဲ ကော့တက်နေသော ကျန်းပေါင်ရဲ့ နှုတ်ခမ်းထောင့်လေးကို ကြည့်ကာ သူ့လက်တစ်ဖက်က သူမရဲ့ ဘောင်းဘီခါးကို ရုတ်တရက် ရောက်သွားလေသည်။ ကျန်းပေါင်က သူ့အပြုအမူကြောင့် အံ့အားသင့်သွားသည်။
“ မင်း ခုနတုန်းက ဘာကို ရယ်နေတာလဲ။ ” ဟု ဖူမင်ရှစ်က ခြိမ်းခြောက်သလို မေးလိုက်သည်။
ကျန်းပေါင်သည် သူ့ကို ကြောက်၍ “ ရှင့်ကို ကြည့်ရတာ အရမ်း ပျော်နေတယ်လို့ ခံစားရလို့ပါ။ ” ဟု နာခံစွာ ပြန်ပြောလိုက်သည်။ ဖူမင်ရှစ်ရဲ့ အကြည့်က အန္တရာယ်များသော အကြည့်အဖြစ် ပြောင်းလဲသွားကာ သူမရဲ့ နှုတ်ခမ်းထောင့်လေးကို ဖိပြီး “ မနက်ဖြန်ညဆိုရင် ကိုယ် ပိုပြီးတော့တောင် ပျော်ရလိမ့်ဦးမယ်။ ” ဟု ပြောလိုက်သည်။
စကားအရာမှာ သူနှင့် မယှဥ်ပြိုင်နိုင်တဲ့ ကျန်းပေါင်က လက်မြှောက်၍သာ မျက်လုံးလေးတွေကို အုပ်ထားခဲ့သည်။ ဖူမင်ရှစ်က သူမကို နောက်တစ်ခေါက် ထပ်နမ်းလိုက်ပြီး အပြည့်အဝ စိတ်မကျေနပ်သေးသော်လည်း သူ့အခန်းကို မပြန်ချင် ပြန်ချင်နှင့် ပြန်သွားခဲ့သည်။
ကျန်းပေါင်သည် သက်သောင့်သက်သာရှိသော အိပ်ရာကျယ်ကြီးပေါ်မှာ လဲလျောင်းရင်း အိပ်မပျော်နိုင်ဘဲ သူမရဲ့ နှုတ်ခမ်းထောင့်ကို ဖိကပ်ခဲ့တဲ့ ဖူမင်ရှစ်ရဲ့ မျက်နှာချောချောက စိတ်ထဲမှာ တဝဲဝဲလည်နေ၏။ သူက ပိုပြီးတော့တောင် ပျော်ရလိမ့်ဦးမည်ဟု ပြောသွားသည်။ သူ့ရဲ့ ‘ ပိုပြီးတော့တောင် ပျော်ရွှင်နေတဲ့ ’ အခြေအနေကို ကျန်းပေါင် အရင်တုန်းက မမြင်ဖူးသော်လည်း ထိုအနေအထားကို ရောက်ချိန်မှာ သူ့အသက်ရှူသံနှင့် ဗလုံးဗထွေး ညည်းသံတွေကိုတော့ မှတ်မိနေသည်။
ထိုအသံတွေက တကယ့်ကို နားထောင်လို့ ကောင်းပြီး အလွန် ဆွဲဆောင်မှုရှိသည်။ ကျန်းပေါင်ရဲ့ နှလုံးခုန်သံမြန်လာကာ သူမကိုယ်တိုင်လည်း ထိုညကို မျှော်လင့်နေမိကြောင်း နားလည်သွားသည်။
***