← Chapters

အခန်း ၅၃

Vol. 6 Ch. 53

အခန်း ၅၃

Vol. 6 Ch. 53

အပိုင်း ( ၅၃ )

ည ( ၁၂ ) နာရီထိုးတော့ ပြိုင်တူနီးပါး ရောက်လာတဲ့ အခန်းဖော်တွေထံမှ မွေးနေ့ဆုတောင်းတွေကြောင့် သူမရဲ့ ဖုန်းလေးက တင်ခနဲ အသံမြည်လာခဲ့သည်။ ကျန်းပေါင်က အိပ်ရာထဲမှာ လဲလျောင်းရင်း ဖုန်းထဲက မက်ဆေ့ခ်ျလေးတွေကို ဖွင့်ကြည့်လိုက်သည်။ ဖူမင်ရှစ်ရဲ့ ဆုတောင်းက လွဲလို့ အားလုံးက တူညီတဲ့ မွေးနေ့ဆုတောင်းတွေကို ပေးပို့ထားပြီး ဖူမင်ရှစ်ရဲ့ မွေးနေ့ဆုတောင်းကတော့ လိင်ကိစ္စကို အသားပေးသည့် အရွယ်ရောက်ပြီးသူတွေရဲ့ ဆုတောင်းနှင့် တူသည်။

ကျန်းပေါင်က အခန်းဖော်သုံးယောက်ကို စာပြန်ပြီး သူ့မက်ဆေ့ခ်ျကိုတော့ လျစ်လျူရှုထားလိုက်သည်။ အဲ့လို ဆိုရင်တောင် သူမ အိပ်ဖို့ ကြိုးစားချိန်မှာ စိတ်ကို စိုးမိုးထားသူက ဖူမင်ရှစ်ပဲ ဖြစ်သည်။

နောက်တစ်နေ့မနက်မှာ ကျန်းပေါင်တစ်ယောက် ရေမိုးချိုး ၊ ကိုယ်လက်သန့်စင်ပြီး တံခါးဖွင့်လိုက်တော့ ဖူမင်ရှစ်က အမှန်တကယ်ပဲ အပြင်မှာ ရပ်စောင့်နေခဲ့သည်။ သူက ကျောအနောက်မှာ ဖွက်ထားသော အနီရဲရဲ နှင်းဆီပန်းစည်းကို ပေးရင်း “ ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ။ ” ဟု ဆုတောင်းပေးသည်။

ကျန်းပေါင်ရဲ့ ပါးလေးတွေ အနီရောင်သန်းသွားပြီး “ ကျေးဇူးပါ။ ” ဟု ပြောလိုက်တော့ ဖူမင်ရှစ်က အဓိပ္ပာယ်ပါပါ ခေါင်းညွှတ်ရင်း “ ကိုယ်ကမှ မင်းကို ကျေးဇူးတင်သင့်တာပါ။ ” ဟု ပြန်ပြောသည်။

ကျန်းပေါင်က ပန်းတွေကို ရေထဲမှာ သွားထည့်ထားလိုက်သည်။ မနက်စာ စားပြီးသည်နှင့် သူတို့နှစ်ယောက် ချက်ချင်းပဲ ထွက်လာခဲ့ကြသည်။ ကားမောင်းသူက ဖူမင်ရှစ် ဖြစ်ပြီး အပန်းဖြေစံအိမ်ထဲက မောင်းထွက်လာရင်း ခပ်ဝေးဝေးမှာ ရုတ်တရက် လက်ခနဲ ပေါ်လာတဲ့ ကင်မရာမီးရောင်လေးကို မြင်လိုက်ရသည်။

ရုတ်ချည်း ဆိုသလိုပဲ ဖူမင်ရှစ်ရဲ့ မျက်နှာအမူအရာ မည်းမှောင်သွားသော‌ကြောင့် ကျန်းပေါင်က ဇဝေဇဝါနှင့် လှည့်ကြည့်လိုက်တော့ တစ်စုံတစ်ယောက်က ကင်မရာကိုင်ထားပြီး သူတို့ကို ဓာတ်ပုံခိုးရိုက်နေတာကို ‌မြင်လိုက်ရသည်။

မိန်းကလေးအဆောင်တွင် ဖြစ်သည်။

စနေနေ့မို့ လူတိုင်းက နေမြင့်မှ အိပ်ရာထသော်လည်း ဖန့်ရွယ်ကတော့ မနက် ( ၅ ) နာရီကတည်းကပင် နိုး‌နေခဲ့သည်။ သူမက အိပ်ရာထဲမှာ စောင်ခြုံလျက် မလှုပ်မရှား လဲလျောင်းရင်း ဝေ့ပေါ်ထဲကို မွှေနှောက်ရှာဖွေနေခဲ့သည်။ သူမရဲ့ မျက်လုံးတွေ ပွင့်နေတာကို ဘယ်သူမှ မသိပေ။ ဖန့်ရွယ်က သရုပ်မှန်ကို ဖော်ထုတ်ဖို့ စောင့်ဆိုင်းနေတာပင်။

အရမ်း ရုပ်ချောပြီး ချမ်းသာတဲ့ ဖူမင်ရှစ်နှင့် တွဲခွင့်ရသော ဘယ်လို မိန်းကလေးမဆို သူတို့ရဲ့ ဆက်ဆံရေးကို လူသိရှင်ကြား ကြေညာချင်လိမ့်မည်။ ဒါပေမဲ့ ဖူမင်ရှစ်နှင့် ကျန်းပေါင်က လျှို့ဝှက် တွဲနေတာ ဖြစ်ပြီး ရှားယင်နှင့် ပတ်သက်သော ကောလဟာလတွေကို ဖူမင်ရှစ် ငြင်းဆန်ထားပုံအရ သူဟာ တက္ကသိုလ်ကျောင်းသူလေး ကျန်းပေါင်ကို ထောက်ပံ့ပေးနေတယ် ဆိုတာ သေချာသည်။

ဒါ့ကြောင့်သာ သူ့မှာ လတ်တလော ကောင်မလေးမရှိသေးပါဘူးလို့ ပြောခဲ့ခြင်း ဖြစ်သည်။ ကျန်းပေါင်ကလည်း ဖူမင်ရှစ်ရဲ့ တခြား သရုပ်တစ်ခု ဖြစ်တဲ့ “ မင်ရှစ် ” ကို မသိချင်ယောင်ဆောင်နေခဲ့သည်။ သူမက ထိုအကြောင်းအရာကို ဖုံးကွယ်ထားချင်ပေမဲ့ ဖန့်ရွယ်ကဝောာ့ မင်ကျစ်နျဉ်အပါအဝင် တက္ကသိုလ်က လူတိုင်းနှင့် သတင်းမီဒီယာတွေအား ကျန်းပေါင်ဟာ အပြင်ပန်းမှာ ဖြူစင်ချင်ယောင်ဆောင်လျက် တကယ်တမ်းမှာတော့ ပိုက်ဆံအတွက် ခန္ဓာကိုယ်ကို ရောင်းစားနေတဲ့ အပေါစားမိန်းကလေး တစ်ယောက် ဖြစ်ကြောင်း ဖော်ထုတ်လိုက်သည်။

ဖန့်ရွယ်က ဖူမင်ရှစ်ရဲ့ ဒေါသကို မဆွချင်၍ လီကျန်းရဲ့ ပိုးပန်းမှုကို လက်ခံခဲ့တာ ဖြစ်သည်။ အဲ့လိုမှသာ ဖူမင်ရှစ်နှင့် ကျန်းပေါင်တို့က သူမကို လုံးဝ နောက်ဆုတ်သွားပြီလို့ ထင်နေချိန်မှာ သူမက အွန်လိုင်းပေါ်က အတင်းအဖျင်း ဘလော့ဂါတစ်ယောက်ဆီ လူလုံးမပြဘဲ သတင်းပေါက်ကြားစေနိုင်မှာ ဖြစ်သည်။ ဖန့်ရွယ်က ထိုဘလော့ဂါအား ဖူမင်ရှစ်ဟာ A တက္ကသိုလ်ကျောင်းသူလေးကို ထောက်ပံ့ပေးနေကြောင်း ပြောလိုက်ပြီး တက္ကသိုလ်ပရဝုဏ်ထဲမှာ သူတို့ လက်တွဲထားတဲ့ ဓာတ်ပုံတစ်ပုံအပြင် ကျန်းပေါင်ရဲ့ ကိုယ်ရေးအချက်အလက်တွေကိုပါ ပေးလိုက်သည်။

နောက်ထပ် ဓာတ်ပုံတွေ လိုချင်နေတဲ့ ထိုဘလော့ဂါက ပိုက်ဆံပေးပါမည် ဟူ၍ပင် ကမ်းလှမ်းခဲ့သော်လည်း ဖန့်ရွယ်ကတော့ ပိုက်ဆံမယူရဲပါ။ ဒီနေ့က ကျန်းပေါင်ရဲ့ မွေးနေ့ဖို့ ဖူမင်ရှစ်က သူမကို သေချာပေါက် အဖော်ပြုပေးမည့်အကြောင်းသာ ပြောပြီး အဆက်အသွယ်ဖြတ်ပစ်လိုက်သည်။ ဖန့်ရွယ်က ထိုဘလော့ဂါကို မနေ့မနက်စောစောတုန်းက ဆက်သွယ်ခဲ့တာ ဖြစ်ပြီး ထိုအချိန်ကတည်းက ဝေ့ပေါ်ကို စစ်ဆေးနေခဲ့ပေမဲ့ ဘာသတင်းမှ တက်မလာသေး၍ စိုးရိမ်စပြုလာခဲ့သည်။

အခန်းဖော်နှစ်ယောက်က မနက်စာစားဖို့ ထွက်သွားပေမဲ့ ဖန့်ရွယ်ကတော့ သတင်းတစ်ခုခု တက်လာလျှင် အရင်ဆုံး သိနိုင်စေရန် ဖုန်းဆက်သုံးနေခဲ့သည်။ တတိယမြောက် အခန်းဖော် နိုးလာတော့မှ ဖန့်ရွယ်လည်း အိပ်ရာထဲမှ ထွက်လာပြီး ဘာမှ မဖြစ်ခဲ့သလိုပင် ပုံမှန်အတိုင်း ကိုယ်လက်သန့်စင် ၊ အဝတ်အစားလဲ‌လိုက်သည်။ ( ၁၅ ) မိနစ်တိတိ မိတ်ကပ်လိမ်းပြီးနောက်မှာတော့ လီကျန်းက သူမကို ဖုန်းလှမ်းဆက်ပါသည်။

ဖန့်ရွယ် လီကျန်းကို လုံးဝ သဘောမကျ။ လက်ရဲဇက်ရဲနိုင်တဲ့ သူဟာ ပထမဆုံးအကြိမ် ချိန်းတွေ့ပြီးကတည်းက သူမကို အတင်းအကြပ် နမ်းခဲ့သည်။ သူနှင့် အတူတူ အိပ်ပေးဖို့လည်း မကြာခဏ တောင်းဆိုခဲ့သည်။ ဖန့်ရွယ်ကတော့ လီကျန်းရဲ့ လူရှုပ်လူပွေနည်းလမ်းတွေကို ကောင်းကောင်း သိသည်။ ပထမတော့ သူမကို ဂရုစိုက်ချင်ယောင်ဆောင်မည် ၊ နေ့တိုင်း အတန်းလာကြိုမည် ၊ သို့သော် သူနှင့် အတူတူ အိပ်ပြီးသွားသည်နှင့် သူမကိုလည်း တခြား မိန်းကလေးတွေလို ကန်ထုတ်လိုက်လိမ့်မည်။

ဖန့်ရွယ် စိတ်အနှောင့်အယှက်ဖြစ်မိသော်လည်း လောလောဆယ်မှာတော့ ဆက်ဟန်ဆောင်နေရသည်။ “ အင်း။ ကျွန်မ ချက်ချင်း ဆင်းခဲ့မယ်နော်။ ” ဟု အပြုံးလေးဖြင့် ပြောကာ ဖုန်းချလိုက်သည်။ ထို့နောက် ဝေ့ပေါ်ထဲမှာ ဘာရယ်မဟုတ် လျှောက်ကြည့်နေရင်း ရေပန်းစားမှုစာရင်းထဲမှာ တတိယမြောက် လူ‌ပြောအများဆုံး သတင်း ဖြစ်နေသည့် “ တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ကို စပွန်ဆာပေးနေတယ်လို့ ယူဆရတဲ့ ဖူမင်ရှစ် ” ဟူသော သတင်းကို မြင်သွားလေသည်။

ဖန့်ရွယ်တစ်ယောက် နှလုံးခုန်မြန်လာသည်။ သူမရဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲရလဒ်တွေကို စောင့်တုန်းကတောင် ဒီလောက် စိတ်မလှုပ်ရှားခဲ့ပါ။ သို့သော် သူမ ထိုသတင်းလေးကို မမြင်ချင်ယောင်ဆောင်ပြီး အဆောင်ခန်းထဲက အရင်ဆုံး ထွက်လာပြီးမှ စိတ်အားထက်သန်စွာ နှိပ်ကြည့်လိုက်သည်။ A တက္ကသိုလ်အပြင်ဘက်မှာ ကျန်းပေါင်ကို စောင့်နေတဲ့ ဖူမင်ရှစ်ရဲ့ ဓာတ်ပုံတွေ ၊ ဆေးရုံထဲက ထွက်လာတဲ့ ကျန်းပေါင်ကို ပွေ့ဖက်နမ်းရှိုက်နေတဲ့ ဖူမင်ရှစ်ရဲ့ ဓာတ်ပုံတွေ ၊ ကားပေါ်ကို နှစ်ယောက်အတူ တက်သွားတဲ့ ဓာတ်ပုံတွေ ၊ အပန်းဖြေစံအိမ်ရဲ့ အပြင်ဘက်မှာ ကားရပ်ထားသော ဓာတ်ပုံတွေ စသည်ဖြင့် ဓာတ်ပုံတွေ အများကြီး ပေါက်ကြားနေခဲ့သည်။

ဥရောပစတိုင် သုံးထပ် အပန်းဖြေစံအိမ်ကို မြင်တော့ ဖန့်ရွယ် ရပ်တန့်သွားကာ စိတ်ထဲမှာလည်း ရှုပ်ထွေးသွားသည်။ သူမရဲ့ ခန့်မှန်းချက် မှန်နေတဲ့အပေါ် ပျော်သော်လည်း မနာလိုဖြစ်မိသည်။ ကျန်းပေါင်လို တောသူမတစ်ယောက်က ဘာလို့ ဒီလောက် ကံကောင်းရတာလဲ … ။ ဖန့်ရွယ်ရဲ့ ဘဝမှာ အပန်းဖြေစံအိမ်ထဲကို တစ်ခါမှ မရောက်ဖူးပါ။

ဖန့်ရွယ်က အပန်းဖြေစံအိမ်ကို ကြည့်ရင်း နောက်ထပ် ဓာတ်ပုံတွေကို ဆက်ဆွဲကြည့်လိုက်သည်။ ဒီနေ့မနက်တုန်းက ရိုက်ထားတဲ့ နောက်ဆုံးဓာတ်ပုံထဲမှာ ကားမောင်းနေတဲ့ ဖူမင်ရှစ်ရဲ့ ဘေးတစောင်း မျက်နှာကိုသာ မြင်နိုင်သော်လည်း ကျန်းပေါင်ကတော့ ကင်မရာဘက်ကို မျက်နှာလှည့်ထားတာမို့ ဖြူစင်သော မျက်နှာလေးနှင့် ထိတ်လန့်နေသော မျက်လုံးဝိုင်းလေးတွေကို အထင်းသား မြင်ရသည်။

ဖန့်ရွယ် ပြုံးလိုက်သည်။ တခြား အခန်းဖော်တစ်ယောက် လျှောက်လာတာကို မြင်တော့ ချက်ချင်းပဲ ဖုန်းကို အိတ်ထဲ ထည့်ကာ လီကျန်းနှင့် တွေ့ရန် အောက်ထပ်ကို အရင်ဆုံး ဆင်းလာခဲ့လိုက်သည်။ လီကျန်းက ရုပ်ရှင်လက်မှတ်တွေ ဝယ်ထားတာမို့ သူတို့ တက္ကစီငှားလိုက်ကြသည်။ တက္ကစီပေါိမှာ လီကျန်းကလည်း ဝေ့ပေါ်သုံးနေတာမို့ ဖန့်ရွယ်က ပထမဆုံးအကြိမ်အဖြစ် သူ့ပခုံးလေးကို မှီကာ သူနှင့်အတူ ကြည့်နေခဲ့သည်။ လူတိုင်းက အတင်းအဖျင်းတွေ ( အထူးသဖြင့် နာမည်ကျော်တွေရဲ့ အပုပ်အပွတွေ ) ကို သဘောကျ၏။ လီကျန်းကလည်း ထူးမခြားနားပဲ “ တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ကို စပွန်ဆာပေးနေတယ်လို့ ယူဆရတဲ့ ဖူမင်ရှစ် ” ဟူသော တတိယမြောက် နာမည်အကြီးဆုံး သတင်းကို စိတ်ဝင်စားသွားကာ ဖတ်နေခဲ့သည်။

ဖန့်ရွယ်က လီကျန်းရဲ့ ဖုန်းကို ကိုင်ပြီး “ အယ် … အဲ့ဒါက ကျန်းပေါင်နဲ့ သူ့ကောင်လေး မဟုတ်လား။ ” ဟု အံ့ဩထိတ်လန့်စွာ ရေရွတ်လိုက်သည်။ လီကျန်းက ဖုန်းကို ချက်ချင်း ပြန်လုပြီး အရင်တုန်းက ဓာတ်ပုံဟောင်းတွေကို ပြန်ကြည့်ကာ “ ငါက ကျန်းပေါင်ကို အရမ်း ဖြူစင်တယ်လို့ ထင်ထားတာ။ တကယ်တော့ သူက ဒီလိုမျိုးပါလား။ ” ဟု သရော်တော်တော် မှတ်ချက်ပြုသည်။

မိန်းမလှလေးတွေကို သဘောကျတဲ့ သူက A တက္ကသိုလ်ရဲ့ ပြိုင်ဖက်မရှိတဲ့ အလှနတ်သမီးလေး ကျန်းပေါင်ကို ကျောင်းစတက်ကတည်းက သတိပြုမိခဲ့သည်။ စစ်သင်တန်း လေ့ကျင့်ရေး ပြီးဆုံးချိန်မှာ သူ့ကံတရားကို စမ်းသပ်ကြည့်ဖို့ စီစဉ်ထားခဲ့ပေမဲ့ ကျန်းပေါင်ရဲ့ ကောင်လေးက လေ့ကျင့်ရေးအတွင်းမှာ ရုတ်တရက် ပေါ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါ။

“ ဒီဖူမင်ရှစ် ဆိုတဲ့ လူက ဘယ်သူလဲ။ ” အခုအချိန်မှာ လီကျန်းက ဖူမင်ရှစ်ရဲ့ သရုပ်မှန်ကို အသိချင်ဆုံး ဖြစ်နေတာမို့ ဖူမင်ရှစ်ရဲ့ ဝေ့ပေါ်အကောင့်ကို သွားရှာကြည့်လိုက်သည်။ ဖန့်ရွယ်ကလည်း ကိုယ့်ဖုန်းကိုယ် ထုတ်ကာ ကွန်းမန့်တွေကို အားရဝမ်းသာ ဖတ်နေခဲ့သည်။

“ မိန်းမတစ်ယောက်က ဖြူစင်တဲ့ ပုံစံပေါက်လေ ၊ တွေ့ရာ ယောက်ျားတကာနဲ့ ပတ်အိပ်လေပဲ။ ”

“ တူးဖော်လို့ မရတဲ့ အပုပ်အပွ သတင်း ဆိုတာ မရှိသလို တဏှာရမ္မက်မကြီးတဲ့ လူချမ်းသာ ယောက်ျားတွေ ဆိုတာလည်း လုံးဝ မရှိဘူး။ ”

“ ဒီကောင်မလေးက ငါ့လောက်တောင် မလှပါဘူး။ ”

“ ပညာအရည်အချင်းလက်မှတ်တွေ တစ်ပုံကြီးရ ထားလည်း မျက်နှာလှလှ ၊ ရင်သားကြီးကြီးတွေနဲ့ ခြေထောက်သွယ်သွယ်လေးကို မယှဉ်နိုင်ဘူးပဲ။ ”

“ အခုခေတ် တက္ကသိုလ်ကျောင်းသူလေးတွေက တဖြည်းဖြည်းနဲ့ ပိုပြီး မယုံကြည်ရတော့ဘူး။ ”

“ ဒီကောင်မလေး မဆိုးဘူး။ အစ်ကိုကြီးရဲ့ အိပ်ရာကို နွေးအောင် လာလုပ်ပေးပါဦး။ အဲ့ဒါဆို အစ်ကိုကြီးက မင်းကို ယွမ် ( ၅၀၀ ) ပေးမယ်။ ”

“ သူက တကယ်ပဲ ငါတို့ရဲ့ A တက္ကသိုလ်ကပဲ။ သူ့ကြောင့် ငါတို့တက္ကသိုလ် နာမည်ပျက်တယ်။ ”

…

ဖန့်ရွယ် ပြုံးလိုက်သည်။ သူမ တနင်္လာနေ့ကို မြန်မြန် ရောက်ဖို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးပေမဲ့ အခုတော့ ကျန်းပေါင်မှာ အတန်းဖော်တွေကို မျက်နှာပြနိုင်တဲ့ သတ္တိရှိဦးမလားဟု သိချင်သည်။

ဖန့်ရွယ်က ကွန်းမန့်တွေကို ဖတ်ရင်း အားရဝမ်းသာဖြစ်နေချိန်မှာ ကျန်းပေါင်ကလည်း အိပ်ရာပေါ်မှာ ပထမ တစ်မျက်နှာတောင် ပြီးအောင် မဖတ်နိုင်ဘဲ မျက်လုံးတွေ ဝေဝါးသွားခဲ့သည်။ သူမဘေးမှာ ထိုင်နေတဲ့ ဖူမင်ရှစ်က သူ့ဇနီးလောင်းလေးရဲ့ စိုလဲ့နေသော မျက်လုံးလေးတွေထဲကနေ ပဲစေ့လုံးလောက် မျက်ရည်နှစ်စက် စီးကျလာတာကို မြင်သောအခါ ဖုန်းကို ယူပြီး ချက်ချင်း ပါဝါပိတ်ပစ်လိုက်၏။

ကျန်းပေါင်က ရေချိုးခန်းထဲကို သွားဖို့ မတ်တပ်ရပ်လိုက်သော်လည်း ဖူမင်ရှစ်က သူမရဲ့ လက်ကောက်ဝတ်လေးကို ဆုပ်ကိုင်ကာ သူ့ပေါင်ပေါ်ကို ဆွဲခေါ်ပြီး ပွေ့ဖက်လိုက်သည်။ ကျန်းပေါင်သည် မထိန်းချုပ်နိုင်တော့ဘဲ သူ့ရင်ခွင်ကို မျက်နှာအပ်၍ တအိအိ ရှိုက်ငိုနေမိတော့သည်။ လူတချို့ဟာ သူတို့ သေချာ မသိတဲ့ ကိစ္စတစ်ခုကို အွန်လိုင်းပေါ်မှာ ဘာလို့ သွားပုပ်လေလွင့် လျှောက်ပြောနေတာလဲ ဆိုတာ သူမ နားမလည်နိုင်ပါ။ တိတိကျကျ ပြောရလျှင် ဒီလို အပြောခံရမှာ စိုးရိမ်လို့ပဲ လူတွေ သိသွားမှာကို အမြဲတမ်း ကြောက်ရွံ့ခဲ့တာ ဖြစ်သည်။

အခုတော့ သူတို့က ပေါက်ကရတွေ ထင်ကြေးပေးရုံသာမက သူမကိုလည်း စော်ကားပြောဆိုနေခဲ့သည်။ ကျန်းပေါင်ရဲ့ တစ်ဘဝလုံးမှာ အွန်လိုင်းပေါ်မှာရော ၊ အပြင်မှာရော တစ်ခါမှ အခုလို ကြိမ်းမောင်းမခံရဖူး။ ချိုးချိုးဖဲ့ဖဲ့ ပြောဆိုထားသော စကားတွေက သူမရဲ့ စိတ်ထဲမှာ တဝဲဝဲလည်နေကာ ပိုဝမ်းနည်းလာတော့ ပိုငိုမိသည်။ အဲ့လိုပဲ ငိုရင်း ငိုရင်းနှင့် ပိုဝမ်းနည်းလာသည်။

ဖူမင်ရှစ်ရဲ့ ရင်ဘတ်မှာ သူမရဲ့ မျက်ရည်တွေနှင့် ရွှဲရွှဲစိုနေခဲ့ပါပြီ။ ဖူမင်ရှစ်က သူ့ရင်ခွင်ထဲမှာ ကမ္ဘာကြီး ပျက်သုဉ်းသွားသလိုမျိုး ငိုကြွေးနေတဲ့ ဇနီးလောင်းလေးကို ကြည့်ကာ ထူးဆန်းစွာပဲ ရယ်ချင်လာမိသည်။ ဝေးလံခေါင်ဖျားတဲ့ ရွာလေးတစ်ရွာက လာသော ကျန်းပေါင်ဟာ သူနှင့် မတွေ့ခင်တုန်းက အင်တာနက်သုံးလို့ မရတဲ့ ဖုန်းအဟောင်းလေးကိုသာ အသုံးပြုခဲ့ရရှာသည်။ အွန်လိုင်း အကြမ်းဖက်မှုအကြောင်း ကြားဖူးဖို့ နေနေသာသာ ၊ လူအများရဲ့ အာရုံစိုက်မှုကို တစ်ခါမှ မခံရဖူးတဲ့ ဖြူစင်ရိုးရှင်းသော ကျေးတောသူလေးတစ်ယောက် ဖြစ်ခဲ့သည်။

ကျန်းပေါင် ငိုတာ ခဏ ကြာသွားတော့ ဖူမင်ရှစ်က သူမရဲ့ စိုစွတ်နေသော မျက်နှာလေးကို ပွတ်သပ်ပေးကာ သူမရဲ့ ခေါင်းပေါ်မှာ မေးတင်လိုက်သည်။ “ ကိုယ် မီဒီယာတွေရဲ့ ကောလဟာလကို ပထမဆုံးအကြိမ် ကြုံဖူးတုန်းက အသက် ( ၇ ) နှစ် ၊ ( ၈ ) နှစ်လောက်ပဲ ရှိဦးမယ်။ လူတွေက ကိုယ့်အဖေမှာ မယားငယ်ရှိတယ်လို့ ပြောနေကြတာလေ။ ကျောင်းက အတန်းဖော်တွေက အဲ့သတင်းကို သိသွားတော့ ကိုယ့်ကို တိတ်တိတ်လေး ဝိုင်းရယ်ကြတယ်။ ”

ကျန်းပေါင်က သူ့ကို အံ့အားသင့်စွာ မော့ကြည့်မိသည်။ မဟုတ်မှလွဲရော … ။

ဖူမင်ရှစ်က သူမရဲ့ မျက်ရည်စိုလဲ့နေသော မျက်လုံးလေးတွေကို နမ်းကာ တည်ငြိမ်စွာ ပြောပြလိုက်သည်။ “ ကိုယ် သူတို့ကို လျစ်လျူရှုပြီး အတန်းဆက်တက်ခဲ့တယ် ၊ ဒါပေမဲ့ ကျောင်းဆင်းတဲ့ အချိန်မှာ ကိုယ့်ကို ဒရိုင်ဘာ လာကြိုတော့ ကားထဲမှာ ပုန်းပြီး တစ်ယောက်တည်း ငိုမိတယ်။ အဲ့ဒီညမှာ အဖေနဲ့ တွေ့တော့ ကိုယ် သူနဲ့ ဘာစကားမှ မပြောဘူး။ အမေနဲ့ပဲ ပြောခဲ့တယ်။ ”

ကျန်းပေါင်သည် အဖေကို စိတ်ဆိုးနေမယ့် ငယ်ငယ်ချောချော ဖူမင်ရှစ်လေးကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်ရင်း သူမရဲ့ ဝမ်းနည်းမှုကို မေ့လျော့သွားကာ နောက်ဆက်တွဲ အကြောင်းအရာတွေကို ဆက်ကြားချင်နေမိသည်။

“ မင်း ကိုယ့်အမေနဲ့ တွေ့ဖူးပါတယ်။ သူက ငယ်ငယ်တုန်းက သိပ်ပြုံးလေ့မရှိဘူး ၊ လူတိုင်းကို မကျေနပ်တဲ့ မျက်နှာထားနဲ့ပဲ နေတတ်တယ်။ ဒါပေမဲ့ အဲ့ဒီညတုန်းက ကိုယ် အဖေ့ကို စကားမပြောတာကို မြင်တော့ အမေက တစ်ချိန်လုံး ပြုံးနေခဲ့တာ။ ဒါပေမဲ့ ကိုယ့်အဖေက အဲ့သတင်းက သတင်းမှား ဆိုတာ ရှင်းပြပြီး သူ့မှာ မယားငယ်မရှိပါဘူးလို့ ကျိန်ပြောလိုက်တာနဲ့ ကိုယ့်အမေက ဆက်မပြုံးတော့ဘူး။ ”

ကျန်းပေါင်ရဲ့ နှလုံးသားထဲမှာ တင်းကြပ်သွား၏။

ဖူမင်ရှစ်က သူမရဲ့ နှုတ်ခမ်းလေးကို လက်နှင့် တို့ထိပြီး ပေါက်ကရ‌ အတွေးတွေကို ရပ်တန့်ခိုင်းကာ စကားဆက်လိုက်သည်။ “ ညအိပ်ရာဝင်တော့ ကိုယ့်ကို ချော့သိပ်ရင်းနဲ့မှ အမေက အပြင်လူတွေဟာ ချမ်းသာတဲ့ ဖူမျိုးရိုးအကြောင်း အမြဲတမ်း အတင်းပြောချင်နေတာလို့ ရှင်းပြခဲ့တယ်။ လူတွေက ကိုယ့်အဘိုးမှာ မိန်းမတွေ အများကြီး ရှိတယ် ၊ ကိုယ့်အဖေက မယားငယ်ထားတယ် ၊ ကိုယ့်အမေကလည်း တခြား ယောက်ျားတွေနဲ့ ပတ်ရှုပ်နေတယ် စသည်ဖြင့် ကောလဟာလတွေကို ဖန်တီးခဲ့ကြတယ်။ ဖူမျိုးရိုးမှာ ပိုက်ဆံရှိနေသရွေ့ အဲ့လို ကိစ္စတွေကို ရှောင်လွှဲလို့ မရဘူး။ တစ်ခုတည်းသော ဖြေရှင်းနည်းက ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်ထားဖို့ပဲ။ အရေးမပါတဲ့ လူတွေကို ဂရုစိုက်ပြီး ဖြေရှင်းပြတာက သူတို့ကို ဖျော်ဖြေပေးသလိုပဲ။ ”

ကျန်းပေါင်က ဖူမင်ရှစ် ပြောချင်သော အဓိပ္ပာယ်ကို နားလည်သော်လည်း လူတိုင်း ဒီသီအိုရီကိုတော့ နားလည်ပါသည်။ ကိုယ့်ဆီမှာ အဲ့လို ကိစ္စမျိုး အမှန်တကယ် ဖြစ်ပျက်လာတော့မှသာ … ။

“ ကိုယ်ကတော့ ဘယ်လိုမှ မနေတော့ဘူး။ အဲ့လို ကိစ္စတွေကို အကြိမ်ပေါင်းများစွာ ကြုံဖူးထားတော့ အခုဆို ကောလဟာလတွေကို မဖြုံတော့ဘူး။ ”

ဖူမင်ရှစ်က သူမရဲ့ နဖူးလေးကို နမ်းလိုက်ပြီးနောက် အနည်းငယ် နောက်ဆုတ်ကာ သူမရဲ့ မျက်လုံးလေးတွေကို စိုက်ကြည့်လိုက်သည်။ “ မင်း ငိုတာ မထူးဆန်းပါဘူး။ ဒါပေမဲ့ မင်း ကိုယ်နဲ့ တွဲမယ် ဆိုရင် ၊ ဖူမိသားစုနဲ့ လက်ထပ်မယ် ဆိုရင် ဒီလို သတင်းမျိုးတွေက ပိုများလာဖို့ပဲ ရှိတယ်။ မင်း ယောက်ျားလေး အတန်းဖော်တွေ ၊ ယောက်ျားလေး လုပ်ဖော်ကိုင်ဖက်တွေနဲ့ တရင်းတနှီးနေမိတာနဲ့ လူတွေက မင်းကို ဓာတ်ပုံရိုက်ပြီး ဖောက်ပြန်နေပါတယ်လို့ ပြောလိမ့်မယ်။ မင်း အိုဗာတိုင်ဆင်းရလို့ မျက်ကွင်းတွေ ညိုနေလည်း လူတွေက ကိုယ်တို့ကို အချစ်ရေးအဆင်မပြေဘူး ဆိုပြီး ကောလဟာလဖြန့်လိမ့်မယ်။ အဲ့လို ဘဝမျိုးကို မင်း ရင်ဆိုင်ရဲလား ဖန့်ပေါင်။ ”

သူနှင့် ကျန်းပေါင်တို့ စတွဲချိန်ကတည်းက ကျန်းပေါင်ရဲ့ အနာဂတ်ကို မရေမတွက်နိုင်သော လူတွေ အများကြီး ဝိုင်းအာရုံစိုက်တာ ခံရဖို့ ကံကြမ္မာသတ်မှတ်ပြီးသား ဖြစ်သည်။ သူ ကျန်းပေါင်ကို အရင်တုန်းက တစ်ခါမှ သတိမပေးခဲ့ပေမဲ့ အခုတော့ သူတို့ရဲ့ အချစ်ရေးကို လူတွေ သိသွားပြီမို့ ကျန်းပေါင်ဟာ ပထမဆုံးအကြိမ်အဖြစ် မီဒီယာတွေ အာရုံစိုက်တာ ခံနေရ၏။ နောက်ဆုံးမှာ ဖူမင်ရှစ်မှာ သူမနှင့် အကြာကြီး စကားပြောဖို့ အခွင့်အရေးရလာသည်။

ကျန်းပေါင်က သူ့ကို တုံဏှိဘာဝေ ကြည့်ပြီး ထိုဘဝမျိုးက ဘယ်လိုမျိုး ဖြစ်မလဲ ဆိုတာ စိတ်ထဲမှာ ပုံဖော်ကြည့်ဖို့ ကြိုးစားနေမိသည်။

***

All Chapters