အခန်း ၅၄
Vol. 6 Ch. 54
အပိုင်း ( ၅၄ )
ဖူမင်ရှစ်က သူမကို တစ်မိနစ် အချိန်ပေးခဲ့ပြီး ထိုတစ်မိနစ်အလွန်မှာတော့ သူမရဲ့ အဖြေကို မလိုအပ်တော့ဘဲ နောက်ထပ် မေးခွန်းတစ်ခုကို ထပ်မေးလိုက်သည်။ “ အဲ့ဒါဆို မင်း လူတွေ အာရုံစိုက်ခံရမှာ ကြောက်တာနဲ့ပဲ မင်းရဲ့ ခင်ပွန်းလောင်းကို စွန့်ပစ်မှာလား ဖန့်ပေါင်။ ”
သူ့မျက်လုံးတွေက နက်ရှိုင်းနေကာ တည်ငြိမ်သော အကြည့်အောက်မှာတော့ တကယ်လို့ သူမဘက်က စွန့်ပစ်လိုက်မည်ဟု ဖြေလျှင် အပြစ်ပေးတော့မလို အန္တရာယ် အငွေ့အသက်တွေ ရှိနေသည်။ ဒါပေမဲ့ သူမကရော သူမအပေါ် လိုလေသေးမရှိအောင် ဂရုစိုက်ပေးတဲ့ ယောက်ျားတစ်ယောက်ကို သူစိမ်းတချို့ရဲ့ အခြေအမြစ်မရှိတဲ့ အတင်းအဖျင်းတွေကြောင့် စွန့်ပစ်စရာလား … ။
ကျန်းပေါင်က ခေါင်းခါယမ်းကာ သူ့ကို သူမဘက်က အရင် ပွေ့ဖက်လိုက်သည်။ ဖူမင်ရှစ်ကလည်း ပြုံးလိုက်ပြီး သူမရဲ့ ခေါင်းလေးကို ကျေနပ်စွာ ပွတ်ပေးနေခဲ့သည်။
“ ဒါဆိုရင် မင်း ကောလဟာလတွေကို လျစ်လျူရှုတတ်အောင် သင်ယူရလိမ့်မယ်။ ”
ပြဿနာက ဓာတ်ပုံတွေဆီ တစ်ပတ်ပြန်လည်သွားသောအခါ ကျန်းပေါင် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ပါ။ “ ဒါပေမဲ့ အဲ့ဒီလူတွေက ကျွန်မကို ရစရာရှိအောင် စော်ကားပြောဆိုနေကြတာ။ ကျွန်မ … ”
“ အဲ့ကိစ္စတွေကို ကိုယ် ရှင်းပေးပါ့မယ်။ ” ဟု ဖူမင်ရှစ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ ကိုယ် ဖြေရှင်းပြီးသွားတာနဲ့ မင်းရဲ့ အတန်းဖော်တွေ အပါအဝင် အများစုက မင်းကို အားကျလိမ့်မယ်။ ”
ကျန်းပေါင် အသံတိတ်သွားသည်။ သူမက သာမန် တက္ကသိုလ်ကျောင်းသူတစ်ယောက်ပဲ ဖြစ်ချင်တာပါ။ စော်ကားပုတ်ခတ်မှုတွေ မလိုချင်သလို အားကျမှုတွေလည်း မလိုချင် ၊ အာရုံစိုက်မှုတွေရဲ့ အလယ်ဗဟိုလည်း မဖြစ်ချင်။ သို့သော်လည်း အခု အခြေအနေမှာတော့ ဖူမင်ရှစ်နှင့် တွဲခြင်းမှာ ယှဉ်တွဲကပ်ပါလာမည့် ကြိုတင်သိမြင်နိုင်သော လူထုသဘောထား အပါအဝင် တခြား သက်ရောက်မှုတွေနှင့် အသားကျအောင် ကြိုးစားရုံသာ ရှိပါတော့သည်။
ဖူမင်ရှစ်က သူမကို နမ်းပြီးနောက် “ ကိုယ် ဖုန်းသွားဆက်လိုက်ဦးမယ်။ ” ဟု ပြောကာ ထွက်သွားသည်။ ကျန်းပေါင်က သူ ထွက်သွားတာကို ကြည့်နေပြီးမှ ဖုန်းလေးကို ပါဝါဖွင့်လိုက်သည်။ ပါဝါပွင့်သွားသည်နှင့် တစ်ပြိုင်နက် ကျားရှောင်ယုရဲ့ ဖုန်းကောလ်က တန်းဝင်လာ၏။ ကျန်းပေါင်က အဟမ်းအဟမ်းဟု လည်ချောင်းရှင်းကာ ဖုန်းကိုင်လိုက်သည်။
ကျားရှောင်ယုက “ နင် ဘယ်မှာလဲ ကျန်းပေါင်။ နင် အွန်လိုင်းပေါ်က သတင်းတွေ မြင်ပြီးပြီလား။ ” ဟု စိုးရိမ်တကြီး မေးလိုက်သလို ဖန်ရွှမ်းနှင့် ချန်းလီလီကလည်း သူမဘေးမှာ ဝိုင်းဖွဲ့နေသည်။
ကျန်းပေါင်က အင်းလို့ ပြောလိုက်တော့ ကျားရှောင်ယုက “ နင် ဘယ်လိုလုပ်ပြီး လျှို့ဝှက် ဓာတ်ပုံရိုက်ခံလိုက်ရတာလဲ။ ” ဟု ဝမ်းနည်းစွာ မေးသည်။ သူမ ဘာမှ ပြန်မဖြေနိုင်သေးခင်မှာပဲ ကျားရှောင်ယုရဲ့ စကားကို ဖန်ရွှမ်းက ဖြတ်ပြောပြီး ကျန်းပေါင်ကို ဖုန်းထဲကနေ ညွှန်ကြားသည်။
“ အခုအချိန်မှာ အဲ့အကြောင်း မေးနေလို့ ဘာထူးမှာလဲ။ နင့်ရဲ့ ဥက္ကဌဖူကို ကိစ္စတွေကို မြန်မြန် ဖြေရှင်းခိုင်းလိုက်တော့ ကျန်းပေါင်။ နင့်ကိုများ မယားငယ်တွေ ဘာတွေနဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကြောင့် ဒေါသထွက်လို့ သေတော့မယ်။ ”
ကျန်းပေါင်သည် တံခါးဝကို လှည့်ကြည့်ပြီး “ သူ တစ်ယောက်ယောက်ကို ဖုန်းဆက်နေတယ်။ သူလည်း ဖြေရှင်းဖို့ စီစဉ်နေတယ် ထင်ပါတယ်။ ” ဟု တိုးတိုးလေး ပြောလိုက်၏။ ချန်းလီလီကလည်း သူမ အားတက်စေရန်အတွက် ရွှင်ပျသော အသံဖြစ်အောင် ကြိုးစား၍ ဝင်ပြောသည်။
“ နင် အဆင်ပြေလား ကျန်းပေါင်။ နင် အဲ့ဒီကွန်းမန့်တွေကို ကြည့်စရာ မလိုဘူးနော်။ နင်နဲ့ ဖူမင်ရှစ်က တစ်ယောက်ကို တစ်ယောက် အချစ်စစ်နဲ့ ချစ်နေတာကို လူတိုင်း မကြာခင် သိသွားလိမ့်မယ်။ အွန်လိုင်းပေါ်က ကွန်းမန့်တွေကို စိတ်ထဲ ထည့်မနေနဲ့။ နာမည်ကြီး အနုပညာရှင်တွေကိုပဲ ကြည့်လိုက်။ သူတို့ဆို အဆဲမခံဖူးတဲ့ လူ ဆိုတာ မရှိသလောက်ပဲ။ ဒါပေမဲ့ ပုံမှန်အတိုင်း သီချင်းဆို ၊ သရုပ်ဆောင် ဆက်လုပ်နေကြတာပဲ။ နင့်မွေးနေ့ကို ဖူမင်ရှစ်နဲ့ သေချာလေး အချိန်ကုန်ဆုံးပြီးတာနဲ့ အဲ့လူတွေ မျက်နှာဖြတ်ရိုက်ခံရမှာကို စောင့်ကြည့်နေလိုက်။ ”
အခန်းဖော်တွေရဲ့ ဂရုစိုက်ပေးမှုကြောင့် ကျန်းပေါင်ရဲ့ နှလုံးသားထဲမှာ နွေးထွေးသွားသည်။ သူမက စိတ်ရင်းအတိုင်း ပြုံးလိုက်ပြီး “ အေးပါ။ ငါ ပြန်ရောက်ရင် နင်တို့ကို တစ်ဝိုင်း လိုက်ကျွေးပါ့မယ်။ ” ဟု ပြောလိုက်သည်။
“ ခွီး ၊ ဘယ်သူက နင် ကျွေးတာကို စားချင်နေလို့လဲ။ နင့်ရဲ့ ဖူမင်ရှစ်ကိုသာ ငါတို့ကို ဈေးကြီးတဲ့ စားသောက်ဆိုင်အကောင်းစားမှာ လိုက်ကျွေးဖို့ အကြွေးရှိသေးတယ်လို့ သတိပေးလိုက်ပါ။ ” ဟု ကျားရှောင်ယုက ညစ်ကျယ်ကျယ် ရယ်သံလေးဖြင့် ပြောသည်။ နောက်ထပ် စကား နည်းနည်းပါးပါး ပြောပြီးသွားတော့ ကျန်းပေါင် ဖုန်းချလိုက်သည်။
သူမရဲ့ ဖုန်းကို အောက်ချရုံပဲရှိသေး အဘိုးဖူက ဖုန်းဆက်လာပြန်ပါသည်။ “ ဘာမှ ဒေါသမထွက်နဲ့နော် ဖန့်ပေါင်။ နင့်နောက်မှာ အဘိုးတစ်ယောက်လုံး ရှိတယ်။ နင် ဆန္ဒရှိရင် အဘိုး အခုချက်ချင်း တရုတ်ကို ပြန်လာပြီး နင်တို့နှစ်ယောက်အတွက် မင်္ဂလာပွဲ စီစဉ်ပေးမယ်။ နင့်ကို အဲ့ဒီလူ့အမှိုက်တွေ မဟုတ်မဟတ် စွပ်စွဲရဲဦးမလား ဆိုတာ ကြည့်ကြသေးတာပေါ့။ ”
ကျန်းပေါင်သည် ရယ်ရမလား ၊ ငိုရမလား မသိတော့ဘဲ အဘိုးဖူကိုသာ ဒေါသမထွက်ဖို့ ၊ နေကောင်းကျန်းမာဖို့ကိုပဲ အာရုံစိုက်ထားဖို့ ဖြောင်းဖြလိုက်သည်။ အရေးကြီးဆုံး လူတွေနှင့် ဆက်သွယ်ပြီးနောက်မှာ သူမရဲ့ ဖုန်းနံပါတ်ကို ဘယ်နေရာက ရသွားမှန်း မသိသော သတင်းထောက်တွေက တရစပ် ဖုန်းဆက်နေသောကြောင့် ကျန်းပေါင်မှာ ဖုန်းပိတ်ထားဖို့က လွဲလို့ ရွေးချယ်စရာ မရှိတော့ဘဲ လက်ပ်တော့ဖွင့်ကာ ဝေ့ပေါ်ထဲ ဝင်လိုက်သည်။
ဖူမင်ရှစ်ရဲ့ ဖြောင်းဖြစကား အကျိုးသက်ရောက်မှုကြောင့်လား ၊ ဒါမှမဟုတ် အခန်းဖော်တွေရဲ့ ပူပန်စကားကြောင့် သူမမှာ အားကိုးစရာ သူငယ်ချင်းတွေ ရှိသေးတယ်လို့ ခံစားလိုက်ရတာလား မပြောတတ်။ အခု ထိုကွန်းမန့်တွေကို ပြန်ဖတ်ကြည့်ချိန်မှာ ဒေါသထွက်မိဆဲ ဖြစ်သော်လည်း ငိုရလောက်အောင်ထိတော့ ဒေါသမထွက်တော့ပါ။
ကွန်းမန့် တစ်မျက်နှာကို ဖတ်ပြီးနောက် နောက်တစ်မျက်နှာကို ပြောင်းဖို့ လုပ်နေတုန်းမှာပဲ ဝေ့ပေါ်က ရုတ်တရက် ရပ်တန့်သွားသည်။ Refresh လုပ်ပြီးနောက်မှာတော့ Repost အရေအတွက်တွေ အဆမတန် တိုးမြင့်နေသော ထိုဝေ့ပေါ်ပို့စ် ပျောက်ကွယ်သွားတာကို တွေ့လိုက်ရသည်။ ကျန်းပေါင်က လူပြောများနေသော သတင်းတွေကို စစ်ဆေးကြည့်လိုက်တော့ ထိုသတင်းလည်း မရှိတော့ပါ။ တခြား ဆိုရှယ်မီဒီယာ ပလက်ဖောက်းတွေပေါ်က စခရင်ရှော့ Repost တွေလည်း တစ်ခုပြီး တစ်ခု ပျောက်သွားသည်။
ကျန်းပေါင်က ဖန်သားပြင်ကို ကြောင်အမ်းအမ်းလေး စိုက်ကြည့်ပြီး ဘာဖြစ်သွားတာပါလိမ့်ဟု တွေးနေတုန်းမှာပဲ တံခါးခေါက်သံ ထွက်ပေါ်လာ၍ လှည့်ကြည့်လိုက်တော့ လက်ပ်တော့ကို လက်တစ်ဖက်နှင့် ကိုင်လျက် အခန်းထဲ ဝင်လာတဲ့ ဖူမင်ရှစ်ကို တွေ့လိုက်ရသည်။ သူမက ထိုင်ခုံမှ ထကာ ထိုပို့စ် မရှိတော့ကြောင်း ပြောလိုက်သည်။
ဖူမင်ရှစ်က လက်ပ်တော့ကို စားပွဲပေါ် ချရင်း “ သူတို့တွေ အဲ့ပို့စ်ကို မဖျက်ရင် ကိုယ်က တရားစွဲတော့မှာလေ။ ” ဟု ပြောလိုက်သည်။ အံ့ဩမှုကြောင့် ပါးစပ်အဟောင်းသားလေး ဖြစ်သွားတဲ့ ဇနီးလောင်းလေးကို ဖူမင်ရှစ်က သူ့ပေါင်ပေါ် ဆွဲခေါ်ပြီး ဘေးတစောင်းလေး ပွေ့ဖက်ထားလိုက်သည်။ “ လာပါဦး။ ကိုယ့်ကို ဓာတ်ပုံလေးတွေ နည်းနည်း ကူရွေးပေးပါဦး။ ”
ကျန်းပေါင် ခေါင်းလေးကို စောင်းငဲ့ကြည့်လိုက်တော့ ဖူမင်ရှစ်က နှစ်အလိုက် နာမည်တပ်ထားတဲ့ Folder အခွဲလေး နှစ်ခု ပါဝင်တဲ့ Folder ကို ဖွင့်လိုက်တာကို တွေ့လိုက်ရသည်။ ဖူမင်ရှစ်က မနှစ်တုန်းက Folder ကို ဖွင့်လိုက်သောအခါ ရုတ်တရက်ပဲ ဖန်သားပြင်မှာ ဓာတ်ပုံတွေ ပြည့်နှက်သွားသည်။ သူမ အရင်တုန်းက မြင်တောင် မမြင်ဖူးတဲ့ ဓာတ်ပုံတွေ အပါအဝင် ဓာတ်ပုံတိုင်းမှာ သူမ ပါဝင်နေသည်။
ဖူမင်ရှစ်က သူမကို ဘယ်လက်နှင့် ပွေ့ဖက်ထားရင်း “ တချို့ ဓာတ်ပုံတွေကို အဘိုးက တိတ်တိတ်လေး ရိုက်ပေးထားတာ။ တချို့ ဓာတ်ပုံတွေကိုတော့ ကိုယ် တိတ်တိတ်လေး ရိုက်ထားတာ။ ” ဟု ပြောကာ တစ်ချိန်တည်းမှာပဲ ညာလက်နှင့် မောက်စ်ကို နေရာရွှေ့နေခဲ့သည်။ ကျန်းပေါင်ရဲ့ မျက်နှာကတော့ စကားနှင့် မဖော်ပြနိုင်အောင် ပူနွေးသွားသည်။
သူမ ရုပ်ဆိုးတဲ့ ဓာတ်ပုံတွေများ ရှိနေမလား … ။
“ ဒီတစ်ပုံ ဘယ်လို နေလဲ။ ” ဖူမင်ရှစ်က မနှစ်တုန်းက ကျန်းပေါင် စစ်သင်တန်း လေ့ကျင့်ရေးဆင်းတုန်းက ကမ္ဘာဦးပင်အောက်မှာ သူတို့နှစ်ယောက် ရပ်နေတဲ့ ဓာတ်ပုံလေးကို ပြတော့ ကျန်းပေါင်က “ ရှင့်ရဲ့ ဝေ့ပေါ်အကောင့်မှာ တင်မလို့လား။ ” ဟု မေးလိုက်သည်။
ဖူမင်ရှစ်က ခေါင်းညိတ်သည်။ ကျန်းပေါင်ကတော့ ဓာတ်ပုံကို ပြန်ကြည့်ပြီး ခေါင်းခါယမ်းလိုက်သည်။ အကောင့်ထဲမှာ လူသိရှင်ကြား တင်ဖို့အတွက်ဆို ဒီဓာတ်ပုံထဲမှာ ဖူမင်ရှစ် ဝတ်စားထားပုံက ရိုးရှင်းလွန်းသည် ၊ အနည်းငယ် ပုံတုံးနေသည်။
သူက စစ်သင်တန်း လေ့ကျင့်ရေးဆင်းနေတဲ့ ဓာတ်ပုံကို Desktop ပေါ်သို့ ကူးယူလိုက်ပြီး အပန်းဖြေစံအိမ်မှာ ရိုက်ထားတဲ့ စုံတွဲဓာတ်ပုံတွေကိုလည်း ရွေးချယ်လိုက်သည်။ ဓာတ်ပုံတစ်ပုံမှာ သူက ကျန်းပေါင်ကို ပွေ့ဖက်ထားလျက် ဆိုဖာပေါ်မှာ ထိုင်နေပြီး သူမကတော့ ယဲ့လျန်ကို ရင်ခွင်ထဲမှာ ချီထားကာ ဟွီသန်းက သူတို့ရှေ့မှာ ဆောင့်ကြောင့်ထိုင်နေပါသည်။ ဘာလို့ ဒီလောက်တောင် ပြီးပြည့်စုံစွာ တိုက်ဆိုင်နေတာလဲ မသိပေမဲ့ ထိုနေ့မှာ သူမရော ၊ ဖူမင်ရှစ်ရော အင်္ကျီအဖြူတွေ ဝတ်ဆင်ထာားတာမို့ စုံတွဲဝတ်စုံလေးနှင့်တောင် တူနေသည်။
ဖူမင်ရှစ်က သူမကို “ ဒီတစ်ပုံရော ဘယ်လို နေလဲ။ ” ဟု ခပ်တိုးတိုး တိုင်ပင်တော့ ကျန်းပေါင် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက မနှစ်တုန်းက Folder ကို ပိတ်ပြီး ဒီနှစ်ရဲ့ Folder ကို ဖွင့်ကာ နှစ်သစ်တုန်းက အဘိုးဖူရဲ့ နိုင်ငံခြားက အိမ်မှာ ရိုက်ထားသော မိသားစုဓာတ်ပုံလေးကို ရွေးချယ်လိုက်သည်။ ဓာတ်ပုံထဲမှာ အဘိုးဖူက ဆိုဖာပေါ်မှာ ခပ်ပြုံးပြုံး ထိုင်နေပြီး ဖူကျန်းနှင့် ဖန့်ခယ်က သူ့အနောက် ဘယ်ဘက်မှာ ရှိသည် ၊ ကျန်းပေါင်နှင့် ဖူမင်ရှစ်ကတော့ သူ့အနောက် ညာဘက်မှာ ရှိသည်။ ဖူမင်ရှစ်က လက်တစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားပြီး ကျန်လက်တစ်ဖက်ကို ကျန်းပေါင်ရဲ့ ခါးမှာ ပွေ့ဖက်ထားပြီး နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်နေခဲ့သည်။
သူတို့ဘေးမှာတော့ ဖူကျန်းက တည်ငြိမ်သော အမူအရာဖြင့် ရှိနေသလို ဖန့်ခယ်ကလည်း ထုံးစံအတိုင်း အေးစက်စွာ လှပနေခဲ့သည်။ သို့သော်လည်း သူတို့ လက်ပိုက်ထားတဲ့ ရှုထောင့်အရ လင်မယားနှစ်ယောက်ဟာ ဆိုဖာနောက်မှာ ပုန်းကွယ်၍ လက်ချင်း ချိတ်တွဲဆုပ်ကိုင်ထားတာ သေချာသည်။
ကျန်းပေါင်မှာလည်း ဒီဓာတ်ပုံလေး ရှိပြီး မကြာခဏ ထုတ်ကြည့်ဖြစ်ပါသည်။ ထိုဓာတ်ပုံကိုလည်း ဖူမင်ရှစ် ကော်ပီယူလိုက်တာကို မြင်တော့ ကျန်းပေါင်က “ ကျွန်မတို့ ဦးလေးနဲ့ ဒေါ်လေးကို အရင်ဆုံး အသိပေးသင့်တယ် ထင်တယ်။ ” ဟု စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။
ဖူမင်ရှစ်က သူမကို ကြည့်ကာ “ ဘာဖြစ်လို့လဲ။ ” ဟု မေးသော်လည်း ကျန်းပေါင်ကတော့ မျက်လွှာချထားမိသည်။ လူကြီးတွေက သူမနှင့် ဖူမင်ရှစ်ရဲ့ အကြောင်းကို လူတွေ ဒီလောက် မြန်မြန် သိသွားလိမ့်မည်ဟု မျှော်လင့်မထားလောက်ပါ။
“ မင်းက ကိုယ်တို့ဆီက နှစ်သစ်မုန့်ဖိုးကို လက်ခံထားပြီးသားပါ။ ” ဖူမင်ရှစ်က မောက်စ်ကို လွှတ်ပြီး သူမကို လက်နှစ်ဖက်လုံးနှင့် ပွေ့ဖက်လိုက်သည်။ “ မင်းက ဖူမိသားစုရဲ့ နှစ်သစ်မုန့်ဖိုးကို လက်ခံပြီးပြီ။ အဲ့ဒါကြောင့် မင်း နောက်ပြန်လှည့်ချင်ရင်တောင် မရတော့ဘူး။ ”
ကျန်းပေါင်သည် သူမကို ဖန့်ခယ် ပေးထားတဲ့ ကျောက်စိမ်းလက်ကောက်လေးကို ဖျတ်ခနဲ သတိရသွား၏။ ဖူမင်ရှစ်က သူမရဲ့ မျက်နှာရဲရဲလေးကို နမ်းရှိုက်ပြီး စာရိုက်ဖို့ အဆင်သင့်ပြင်လိုက်သည်။ ရိုးရှင်းကာ တည့်တိုးဆန်သော စကားနှင့်အတူ ဓာတ်ပုံတွေကို အောင်မြင်စွာ တင်လိုက်သည်။ သူက ပို့စ်တင်ပြီးသည်နှင့် သူ့ရဲ့ ဖော်လိုဝါစာရင်းကို ဖွင့်ပြီး ကျန်းပေါင် ရက်ပိုင်းသာ သုံးပြီးနောက် စွန့်ပစ်ထားသော အကောင့်ကို ညွှန်ပြလိုက်သည်။ “ မင်း အခုက စပြီး ဒီအကောင့်ကို သုံးလို့ ရပြီ။ ”
ကျန်းပေါင်က အရင်တုန်းက သူမကို ဖူမင်ရှစ် ပေးခဲ့တဲ့ “ သလင်းကျောက်ဖိနပ်စီးထားတဲ့ ကျန်းပေါင် ” ဟူသော နာမည်ပြောင်လေးဆီ အကြည့်ရောက်သွားသည်။ ထိုအချိန်မှာပဲ စိတ်ကူးထဲမှာ တွေးကြည့်တုန်းက ပြဿနာဖြစ်နိုင်မည်ဟု ထင်ရသော တချို့ ကိစ္စတွေဟာ အမှန်တကယ် ရင်ဆိုင်ရချိန်မှာ အတော်လေး ရိုးရှင်းသည်ဟု ခံစားလိုက်ရ၏။
နှလုံးသားထဲမှာ ကျောက်တုံးကြီးတစ်တုံး လေးလံဖိစီးနေခဲ့ပေမဲ့ ထိုကျောက်တုံးကြီးကို အင်အားစိုက်ထုတ်ပြီး တွန်းထုတ်ဖယ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် စိတ်ရော ၊ လူရော ပေါ့ပါးသွားသလိုပါပဲ။
…
ရုပ်ရှင်ရုံကို ရောက်တော့ ဖန့်ရွယ်မှာ ရုပ်ရှင်ကြည့်ချင်စိတ် နည်းနည်းလေးမှ မရှိပါ။ အတင်းအဖျင်း ဘလော့ဂါရဲ့ ဝေ့ပေါ်ပို့စ်လေး ပျောက်ကွယ်သွားတာကို မြင်သည်နှင့် ဖူမင်ရှစ်တစ်ယောက် သူ့အဆက်အသွယ်တွေကို သုံးလိုက်ပြီလို့ ခန့်မှန်းမိသည်။ ထို့နောက် ဖန့်ရွယ်က ဖူမင်ရှစ် တစ်ခုခု ပြောလိမ့်မည် ဟူသော ခံစားချက်ဖြင့် သူ့အကောင့် Feed ကို Refresh လုပ်လိုက်သည်။ ဒါပေမဲ့ သက်သေတွေ ရှိနေပြီမို့ ဖူမင်ရှစ် ကျန်းပေါင်ကို စပွန်ဆာပေးထားတဲ့ သတင်းက အခိုင်အမာ ဖြစ်သွားပါပြီ။ သူ ငြင်းလျှင်တောင် ဘယ်သူမှ သူ့ကို ယုံမှာ မဟုတ်။
အွန်လိုင်းပေါ်က ခြေရာလက်ရာတွေ ပျောက်ကွယ်သွားလျှင်တောင် ဒီသတင်းဟာ တက္ကသိုလ်ဖိုရမ်တွေထဲမှာ ပျံ့နှံ့သွားပြီမို့ ကျန်းပေါင် နာမည်ပျက်သွားပြီ ဖြစ်သည်။
ဖန့်ရွယ်သည် ဖူမင်ရှစ်ရဲ့ အကောင့် Feed ကို ထိုအတွေးနှင့် Refresh လုပ်နေတုန်းမှာပဲ ဝေ့ပေါ်ပို့စ်အသစ်တစ်ခုက မျှော်လင့်မထားစွာဖြင့် တက်လာခဲ့သည်။ ဖန့်ရွယ်ရဲ့ နှလုံးသားလေးက စိတ်လှုပ်ရှားစွာ ခုန်နေကာ ထိုပို့စ်ကို မကြည့်ရဲပါ။
ဖူမင်ရှစ် : ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ ကိုယ့်ဇနီးလောင်းလေး စင်ဒရဲလား ကျန်းပေါင်။
ထိုစာနှင့်အတူ ဓာတ်ပုံ သုံးပုံကို တွဲတင်ထားသည်။ နှစ်ပုံက ကျန်းပေါင်နှင့် ဖူမင်ရှစ်တို့ရဲ့ စုံတွဲဓာတ်ပုံတွေ ဖြစ်ပြီး တတိယမြောက် ဓာတ်ပုံကတော့ … ။ ဖန့်ရွယ်သည် ထိုမိသားစုဓာတ်ပုံကို မြင်ချိန်မှာ သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက သွေးတွေ အေးခဲသွားပြီလားဟု ခံစားလိုက်ရလေသည်။
မင်ရှစ်က ဖူမင်ရှစ်ပဲ ဖြစ်ရမယ် ဆိုတာ ခန့်မှန်းပြီးကတည်းက ဖူမိသားစုဝင် တစ်ယောက်ချင်းစီနှင့် ပတ်သက်သော အချက်အလက်တွေကို အွန်လိုင်းပေါ်မှာ ရှာကြည့်ခဲ့တာမို့ တစ်ချက်လောက် ကြည့်လိုက်ရုံနှင့် ဖူမင်ရှစ်ရဲ့ အဖေနှင့် တခြားလူတွေကို သူမ တန်းမှတ်မိသည်။ ဖူမင်ရှစ်က ကျန်းပေါင်ကို သူ့မိသားစုနဲ့ တွေ့ပေးဖို့ တကယ်ကြီး ခေါ်သွားတာလား … ။ “ ဇနီးလောင်းလေး ” ဆိုတဲ့ ခေါင်းစဉ်က အမှန်ပဲ ဆိုတဲ့ အဓိပ္ပာယ်လား … ။
ဒါပေမဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … ။ လှလည်း လှ ၊ ကျော်လည်း ကျော်ကြားတဲ့ မင်းသမီးတွေ ဒီလောက် အများကြီး ပေါသောနေတာကို မျက်နှာလေးက လွဲပြီး ဘာမှ မရှိတဲ့ ကျန်းပေါင်လို သာမန် တက္ကသိုလ်ကျောင်းသူတစ်ယောက်ကို ဖူမင်ရှစ်က ဘယ်လိုလုပ် လက်ထပ်မှာလဲ … ။
ကျန်းပေါင်သည် လက်တွေ တဆတ်ဆတ် တုန်ယင်နေကာ ဖူမင်ရှစ်ရဲ့ ဝေ့ပေါ်ပို့စ်အောက်က ကွန်းမန့်တွေကို ဖွင့်ကြည့်လိုက်သည်။
“ ဝိုး ၊ သူက တရားဝင် ဇနီးလောင်းပဲ။ ”
“ ကျန်းပေါင်က ဒီဓာတ်ပုံတွေထဲမှာ အရမ်း လှတယ်။ ဥက္ကဌဖူကလည်း အရမ်း ပျော်နေပုံပဲ။ ”
“ သနားစရာကောင်းလိုက်တဲ့ အဘိုးဖူ။ သူ့သား ၊ သူ့ချွေးမ ၊ သူ့မြေးနဲ့ မြေးချွေးမလေးတို့က သူ့ရှေ့မှာ ချစ်ကြည်နူး တစ်တီနူးနေကြတယ်။ ”
“ ငါ ဖူမိသားစုရဲ့ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်း အရွယ်တွေကို တွေ့နေသလို ခံစားရတယ်။ ”
“ ဂုဏ်ပြုပါတယ် ဂုဏ်ပြုပါတယ်။ ငါတို့ကို အန်ပေါင်းပေးဖို့ မမေ့ရဘူးနော် ဥက္ကဌဖူ။ ”
“ A တက္ကသိုလ်က ကျောင်းသူတွေ အကုန်လုံးက မိန်းမကောင်းလေးတွေ ဆိုတာ ငါ သိသားပဲ။ ”
“ ဒီကောင်မလေးက ဥက္ကဖူရဲ့ မိဘတွေနဲ့တောင် တွေ့နေပြီ ဆိုတော့ သူက ဘယ်သူများလဲ။ ”
ဖန့်ရွယ်သည် ထိုကွန်းမန့်ကို မြင်တော့မှ အသက်ဝင်ကာ လှုပ်လှုပ်ရွရွ ဖြစ်လာပြီး အောက်က Reply တွေကို ဖွင့်ဖတ်ကြည့်လိုက်သည်။
“ သူက C စီရင်စုကလို့ ငါ ကြားထားတယ်။ တစ်ယောက်ယောက်က သူ့မိသားစုနောက်ခံအကြောင်း ရှာထားတယ်။ ”
“ ဒါဆို သူက လူချမ်းသာ မိန်းမလှလေး မဟုတ်ဘူးပေါ့။ သူတို့ ဘယ်လို တွေ့ကြတာလဲ။ ”
“ သူ့မှာ ဉာဏ်နီဉာဏ်နက်တွေ ရှိမှာ သေချာတယ်။ ”
ဖန့်ရွယ် မျက်မှောင်ကြုတ်လိုက်သည်။ ဟုတ်တယ် ၊ ကျန်းပေါင်နဲ့ ဖူမင်ရှစ်က ဘယ်လို တွေ့တာလဲ … ။ ဖူမင်ရှစ်ရဲ့ မိသားစုက ကျိကျိတက် ချမ်းသာတာမို့ ကျန်းပေါင်က သူ့အိမ်နီးချင်း ဖြစ်စရာ အကြောင်းလည်း မရှိပါ။ သာမန် တက္ကသိုလ်ကျောင်းသူ ကျန်းပေါင်မှာ ထူးခြားတဲ့ အရည်အချင်း တစ်ခုခု ရှိနေတာများလား … ။
ဖန့်ရွယ်သည် ထိုအတွေးနှင့် ဆက်ဖတ်ရင်း ကျန်းပေါင်ရဲ့ သရုပ်မှန်ကို ဖော်ပြထားတဲ့ Link တစ်ခုကို ရုတ်တရက် တွေ့သွား၏။ ထို Link ကို အမြန် နှိပ်လိုက်တော့ ပထမဆုံး မြင်လိုက်ရတာက “ အဖေက ဆုံးပါးကွယ်လွန်ပြီး အမေက ထွက်ပြေးသွားပေမဲ့ ပင်ပန်းဆင်းရဲမှုတွေကနေ ပျော်ရွှင်မှုတွေကို ပြောင်းလဲပိုင်ဆိုင်ခဲ့ရတဲ့ စင်ဒရဲလား။ ” ဆိုတဲ့ သတင်းခေါင်းစီးပဲ ဖြစ်သည်။
***