အခန်း ၅၅
Vol. 6 Ch. 55
အပိုင်း ( ၅၅ )
ကျန်းပေါင်ရဲ့ “ စင်ဒရဲလား ” ဇာတ်လမ်းကို ဖော်ထုတ်ခဲ့သူက သူမနှင့် ဖူမင်ရှစ်ရဲ့ ဓာတ်ပုံတွေကို တင်ခဲ့တဲ့ အတင်းအဖျင်း ဘလော့ဂါပင် ဖြစ်သည်။
ကျန်းပေါင်ရဲ့ အဖေ ကျန်းယုံမှာ ငယ်ရွယ်စဉ်ကတည်းက ချစ်ကြိုက်ခဲ့ရတဲ့ ရွာနီးချုပ်စပ်က ကောင်မလေးတစ်ယောက် ရှိသည်။ သူတို့က တစ်ယောက်နှင့် တစ်ယောက် လေးလေးနက်နက် ချစ်ကျွမ်းဝင်ခဲ့ပြီး နှစ်ဖက် မိသားစုကလည်း သူတို့ကို မင်္ဂလာပွဲစီစဉ်ပေးဖို့ လုပ်ခဲ့ပေမဲ့ ကောင်မလေးက မတော်တဆမှုနှင့် ကံမကောင်းစွာ သေဆုံးသွားခဲ့သည်။ အစွဲအလမ်းကြီးတဲ့ ကျန်းယုံဟာ သူ့အမေ နာမကျန်းဖြစ်ပြီး သူ့အတွက် လက်တွဲဖော်တစ်ယောက်ကို စီစဉ်မပေးခင် အချိန်ထိ အချစ်ရေးကို လုံးဝ စိတ်မဝင်စားခဲ့ပေ။
အတိတ်တုန်းက လူကြီးမင်းဖူ ( အဘိုးဖူ ) ရဲ့ အကူအညီကြောင့် ကျန်းမိသားစုက ရွာမှာ အတော်လေး အဆင်ပြေ ချောင်လည်သည်။ အသက် ( ၄၀ ) ထဲ ရောက်နေသော်လည်း တိကျသေသပ်သော အသွင်အပြင် ၊ မြင့်မားတောင့်တင်းသော ခန္ဓာကိုယ် ၊ ချောမောသော မျက်နှာနှင့် မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုကို ပေါင်းစပ်လိုက်သောအခါ ဝမ်မိသားစုက လူတွေ အပါအဝင် အမျိုးသမီး များစွာကို ချက်ချင်းပဲ ဆွဲဆောင်နိုင်ခဲ့သည်။
ထို့ကြောင့် အသက် ( ၄၀ ) ကျော် ကျန်းယုံသည် အသက် ( ၂၀ ) အရွယ် ဝမ်ရှုနှင့် လက်ထပ်ခဲ့သည်။ လူကြီးမင်းဖူပင်လျှင် ခရီးဝေးကြီးကို အရောက်လာကာ သူတို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ပေးခဲ့သည်။ ကျန်းပေါင်ကိုတော့ နောက်တစ်နှစ်မှာ မွေးဖွားခဲ့ပြီး ကံမကောင်းစွာဖြင့် ရိုးဖြောင့်လွန်းတဲ့ ကျန်းယုံက သူ့မွေးရပ်မြေကနေ မြို့တော်ကို ပြောင်းရွေ့မသွားချင်ပေ။ ဝမ်ရှုက ကျန်းယုံနှင့်အတူ ကျေးလက်ဒေသမှာ နေထိုင်ရင်း တဖြည်းဖြည်း မကျေမနပ် ဖြစ်လာခဲ့သည်။
သူမရဲ့ လက်ထဲမှာ လူကြီးမင်းဖူ ပေးထားတဲ့ ပိုက်ဆံတွေ ရှိသည်။ အဲ့လိုနှင့် တစ်နေ့မှာတော့ သူမဟာ ဘယ်သူဘယ်ဝါမှန်း မသိသော တခြား ယောက်ျားတစ်ယောက်နှင့် ထွက်ပြေးသွားခဲ့လေသည်။ ဝမ်ရှု ဘယ်နေရာကို ထွက်ပြေးသွားတာလဲ ဆိုတာကတော့ ဒီနေ့အထိ ဘယ်သူမှ မသိတဲ့ ပဟေဋိတစ်ပုဒ်ပဲ ဖြစ်သည်။
သို့သော် အတင်းအဖျင်း ဘလော့ဂါကတော့ အလုပ်ကြိုးစားခဲ့ပြီး အမည်မသိ အရိပ်အမြွက်စကားကို ကြားသည်နှင့် တစ်ပြိုင်နက် ကျန်းပေါင်ရဲ့ မွေးရပ်မြေသို့ လူတွေ စေလွှတ်ကာ သတင်းတွေကို တူးဖော်စေခဲ့သည်။ လူကြီးမင်းဖူနှင့် ကျန်းပေါင်ရဲ့ အဘိုးတို့ကြားက ရဲဘော်ရဲဘက်ဇာတ်လမ်းကို သိသွားရုံသာမက ကျန်းပေါင်မိဘတွေရဲ့ အိမ်ထောင်ရေး အခြေအနေကိုလည်း အိမ်နီးချင်းတွေနှင့် စကားပြောရင်း သိရှိခဲ့သည်။ သူတို့က ဝမ်ရှုတို့မိသားစုအိမ်က မင်္ဂလာဆောင် ဓာတ်ပုံလေးကိုတောင် ခိုးရိုက်ခဲ့သေးသည်။
( ၂ ) လက်မအရွယ် အဖြူအမည်း ဓာတ်ပုံလေးထဲမှာ ကျန်းယုံက ဖြောင့်တန်းသော မျက်ခုံး ၊ တောက်ပသော မျက်လုံးတို့ ရှိနေပြီး ဒီနေ့မှာ ဓာတ်ပုံရိုက်လျှင်တောင် အရွယ်တင် နုပျိုနေဦးမှာ သေချာသည်။ သို့သော် ကျန်းယုံရဲ့ မျက်လုံးတွေကတော့ စိမ်းလန်းစိုပြည်သော ကျေးလက်ဒေသရှိ အမည်မသိ ရေကန်လေးထဲက ရေတွေလို တည်ငြိမ်အေးချမ်းနေသည်။ ကျန်းပေါင်က အဖေဖြစ်သူရဲ့ မျက်လုံးတွေကို အမွေရထားပြီး မျက်လုံးတွေက လွဲလို့ ကျန်အရာအားလုံးကတော့ အမေဖြစ်သူကို ကိုယ်စားပြုသည်။ ဝမ်ရှုကလည်း လှပေမဲ့ သူမရဲ့ မျက်လုံးက ဘဝအတွေ့အကြုံတွေ အများကြီး ရှိနေသလို လည်လည်ဝယ်ဝယ်ရှိပုံပေါ်သည်။
ကျန်းပေါင်က အိပ်ရာကို မှီထားရင်း သူမရဲ့ လက်ထဲက ဓာတ်ပုံလေးကို တုံဏှိဘာဝေ စိုက်ကြည့်နေမိသည်။ သူမ ရွာကနေ ပစ္စည်းတွေ များများစားစား ယူမလာခဲ့ပါ။ ဒီဓာတ်ပုံက သူမ ယူလာခဲ့တဲ့ ပစ္စည်း အနည်းအကျဉ်းထဲက တစ်ခုပါ။
သူမရဲ့ အမေ ထွက်သွားချိန်မှာ သူမက သုံးနှစ်သမီးအရွယ်သာ ရှိသေးသည်။ အမေဖြစ်သူကို ကျန်းပေါင် လုံးဝ မမှတ်မိပါ။ အမေ့ရဲ့ စိတ်နေစိတ်ထားကို ဆွေမျိုးတွေ ၊ အိမ်နီးချင်းတွေဆီက သိခဲ့ရပြီး အမေ ဘယ်လို ပုံပန်းသဏ္ဍာန်ရှိလဲ ဆိုတာကိုတော့ ဒီဓာတ်ပုံလေးကနေ တစ်ဆင့်သာ သိခဲ့ရသည်။ တစ်နေ့မှာ တူညီသော ဓာတ်ပုံလေးကို အွန်လိုင်းပေါ်မှာ တွေ့ရလိမ့်မည်ဟု ထင်မထားခဲ့။
ကျန်းပေါင်က ထိုဓာတ်ပုံကို ကြည့်ပြီးသွားတော့ အတင်းအဖျင်း ဘလော့ဂါရဲ့ ပို့စ်အောက်က ကွန်းမန့်တွေကို ဆက်ဆွဲ၍ ဖတ်ကြည့်လိုက်သည်။
“ ဝမ်ရှုက ကျန်းမိသားစုကို ပိုက်ဆံအတွက် လက်ထပ်ခဲ့တာ သေချာတယ်။ သနားစရာကောင်းတဲ့ ကျန်းယုံက ရိုးသားလွန်းတော့ အဲ့ဒီမိန်းမ လှည့်စားတာ ခံလိုက်ရတယ်။ ”
“ ကျန်းပေါင်က ဝမ်ရှုနဲ့ တူတယ်။ သူ့ကံကြမ္မာကလည်း သူ့အမေလိုပဲ လူချမ်းသာတစ်ယောက်ကို အပိုင်ဖမ်းတာပဲ။ ”
“ တစ်ယောက်ယောက်ရဲ့ အဖေအပေါ် မှီခိုအားကိုးတာက ခေတ်နောက်ကျနေပြီ။ အခုခေတ်က မင်း ယူမယ့် ယောက်ျား ၊ မိန်းမရဲ့ အဘိုးကို မှီခိုရမယ့် ခေတ်ရောက်နေပြီ။ ”
“ ဝမ်ရှုက အရှက်မရှိလိုက်တာ။ သူ ရှိနေတဲ့ နေရာကို တစ်ယောက်ယောက် ထုတ်ဖော်ပေးဖို့ ငါ မျှော်လင့်တယ်။ အဲ့ဒါမှ သူ ဘယ်လိုမျိုး အရှက်မရှိ ဟန်ဆောင်နိုင်ဦးမလဲ ဆိုတာ ကြည့်ရမှာ။ ”
…
ကွန်းမန့် အများစုက ဝမ်ရှုကို အပြစ်တင် ရှုံ့ချနေကြပြီး သူမနှင့် ဖူမင်ရှစ်အကြောင်း ဆွေးနွေးတဲ့ ကွန်းမန့်တွေက အံ့ဩစရာကောင်းလောက်အောင် နည်းသည်။ ကျန်းပေါင် သူမရဲ့ ခံစားချက်တွေကို မဖော်ပြတတ်တော့ပါ။ အမေဖြစ်သူနှင့် တစ်ခါမှ မတွေ့ဖူးခဲ့တဲ့ သူမကို အဖေတစ်ယောက်တည်းကပဲ ပြုစုပျိုးထောင်ခဲ့သည်။ ချမ်းသာကြွယ်ဝစွာ မနေခဲ့ရပေမဲ့ ဘယ်တော့မှ ထမင်းမငတ်ခဲ့ပါ။
အဖေက အမေဟာ သူ့ဘဝထဲမှာ လုံးဝ မရှိခဲ့သလိုမျိုး အမေ့ရဲ့ သစ္စာဖောက်မှုကိုလည်း ဘယ်တော့မှ ပြောလေ့မရှိ။ သားအဖနှစ်ယောက်လုံး ရိုးရှင်းသော မထင်မရှား လယ်သမားဘဝမှာပဲ နေထိုင်ခဲ့ကြသည်။ ကလေးဘဝတုန်းက ကျန်းပေါင် အမေ့အကြောင်း မကြာခဏ တွေးမိသော်လည်း သူမရဲ့ မှတ်ဉာဏ်ထဲမှာ အမုန်းတရားတွေ မရှိပါ။
အခု သူစိမ်းတွေ အများကြီးက သူမရဲ့ အမေကို အွန်လိုင်းပေါ်မှာ ရစရာမရှိအောင် ပြောဆိုဝေဖန်နေခဲ့ပါပြီ။ ကျန်းပေါင် အမေ့ကို မမုန်းသလို နက်ရှိုင်းတဲ့ သားအမိမေတ္တာလည်း မရှိ၍ ကာကွယ်ပေးဖို့ စိတ်ကူးမရှိပါ။ ဒါပေမဲ့ သူမရဲ့ မိသားစုအတွင်းရေးက အတင်းပြောစရာ ဖြစ်လာပြီး အပေါ်ယံ ကရုဏာသက်တဲ့ စကားတွေကို ကြားရတော့ … ။ ဖူမင်ရှစ်ကတော့ သူတို့နှစ်ယောက် တွဲနေသရွေ့ ဒီလို ကိစ္စမျိုးတွေက ပိုများလာဖို့ပဲ ရှိသည်ဟု ပြောထားသည်။
ကျန်းပေါင်က လက်ပ်တော့ကို ပိတ်ပြီး အိပ်ရာပေါ်မှာ လဲလျောင်းလိုက်သည်။ ယဲ့လျန်က တညောင်ညောင် အော်ကာ အိပ်ရာပေါ်ကို ခုန်တက်လာပြီး သူမရဲ့ မျက်နှာကို တိုးဝှေ့ပွတ်သပ်နေခဲ့သည်။ ကျန်းပေါင်က သူ့ရဲ့ အမွေးပွ ခေါင်းလုံးလုံးလေးကို ပွတ်သပ်ပေးပြီး သူမရဲ့ ရင်ဘတ်မှာ ကပ်၍ ဖက်ထားလိုက်သည်။ ထို့နောက် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်မိသည်။ ယဲ့လျန်ဟာ မနှစ်တုန်းကထက် နှစ်ဆလောက် ပိုကြီးလာပေမဲ့ သူ့မျက်လုံးထဲက အစိမ်းရောင်တွေကတော့ ဘာ့ကြောင့်ရယ်မသိ လျော့သွားကာ မိုးပြာရောင်သို့ ပြောင်းလဲသွားတော့မည့် လက္ခဏာတွေ ပြနေသည်။ အရောင် နှစ်ရောင်လုံးက လှပါသည်။
ကျန်းပေါင်က ပြုံးပြီး သူ့ကို နမ်းလိုက်တော့ ယဲ့လျန်က သူမ နမ်းလိုက်တဲ့ နေရာလေးကို လက်ဖဝါးနှင့် ရွံရှာသလိုမျိုး ပွတ်သုတ်နေခဲ့သည်။ သူမသည် ရုတ်တရက်ပဲ စိတ်ညစ်စရာကိုတောင် မေ့သွားကာ ကြောင်လေးနှင့် စိတ်ပါလက်ပါ ဆော့ကစားနေမိလေသည်။ အခန်းထဲကို ဝင်လာတဲ့ ဖူမင်ရှစ်က ကြောင်တစ်ကောင်နှင့် တက်ကြွပျော်ရွှင်စွာ ဆော့ကစားနေတဲ့ ဇနီးလောင်းလေးကို မြင်တော့ မျက်ခုံးပင့်မိသည်။
ကျန်းပေါင်က သူမကို လက်ဖဝါးလေးနှင့် လိုက်ရိုက်နေတဲ့ ယဲ့လျန်နှင့် ဆက်မဆော့တော့ဘဲ အိပ်ရာအစွန်းမှာ ထိုင်လိုက်သည်။ ဖူမင်ရှစ်က သူမရှေ့ကို လျှောက်လာပြီး ဒူးတစ်ဖက်ထောက် ထိုင်ကာ သူမရဲ့ မျက်နှာကို သေချာ ကြည့်ရှုစစ်ဆေးနေတာမို့ ကျန်းပေါင်က သူမရဲ့ မျက်နှာကို ထိကိုင်ကြည့်ရင်း “ ဘာဖြစ်လို့လဲ။ တစ်ခုခု ပေနေလို့လား။ ” ဟု မေးလိုက်သည်။
ဖူမင်ရှစ်က ပြုံးသည်။ “ မင်း တိတ်တိတ်လေး ခိုးငိုထားတာလားလို့ သေချာ ကြည့်နေတာ။ ”
ကျန်းပေါင်က ခေါင်းငုံ့ကာ စိတ်သက်သာရာရသွားသော သက်ပြင်းလေး မှုတ်ထုတ်လိုက်သည်။ “ ဘာမှ မဖြစ်ပါဘူး။ မူလတန်းနဲ့ အလယ်တန်း အတန်းဖော်တွေ အကုန်လုံး ကျွန်မမိသားစုရဲ့ အခြေအနေတွေကို သိတယ်။ ကျွန်မ ဒါတွေနဲ့ ကျင့်သားရနေပါပြီ။ ”
ဖူမင်ရှစ်နှင့် သူမရဲ့ အချစ်ရေးကို မီဒီယာတွေ ထုတ်ဖော်ခြင်းခံရတာက ကျန်းပေါင်အတွက် ပထမဆုံး အတွေ့အကြုံ ဆိုပေမဲ့ သူမရဲ့ မိဘတွေအကြောင်း တခြားလူတွေ ဝေဖန်နေတာကို ကြားရတာကလည်း အသစ်အဆန်းတော့ မဟုတ်ပါ။ ကလေးဘဝတုန်းကဆို အမေက သူမတို့သားအဖကို ဘာလို့ စွန့်ပစ်သွားခဲ့တာလဲဟု တွေးရင်း စောင်အောက်မှာ နှလုံးသားအောင့်မျက်နာကျင်စွာ ခိုးငိုခဲ့ရသည်။ တဖြည်းဖြည်း အရွယ်ရောက်လာတော့မှ ထိုအတွေးတွေကို ရပ်တန့်နိုင်သွားသည်။ ဘာပဲဖြစ်ဖြစ် သူမမှာ သူမကို အရမ်း ချစ်တဲ့ အဖေတစ်ယောက်လုံး ရှိသေးသည်လေ … ။
စိတ်ထဲကို အဖေ့ပုံရိပ် ဝင်ရောက်လာသောအခါ ဝမ်းနည်းမှုလှိုင်းက ကျန်းပေါင်ကို ဖုံးလွှမ်းသွားသည်။ ရုတ်တရက် ဆိုသလိုပဲ အဖေ့ကို ပြင်းပြင်းထန်ထန် သတိရသည် ၊ လွမ်းသည်။
ဖူမင်ရှစ်က အိပ်ရာဘေးမှာ ထိုင်ပြီး ဇနီးလောင်းလေးကို ရင်ခွင်ထဲသို့ ဆွဲခေါ်လိုက်တော့ သူမရဲ့ သွယ်လျသော ပခုံးလေးတွေ တသိမ့်သိမ့် တုန်နေတာကို ခံစားရသည်။ ဒီတစ်ခေါက်တော့ ဖူမင်ရှစ်ရဲ့ နှလုံးသားထဲမှာ အမှန်တကယ် နာကျင်သွားရပါသည်။ သူတို့ရဲ့ ဆက်ဆံရေး ထွက်ပေါ်လာချိန်တုန်းက သူမမှာ အတွေ့အကြုံ မရှိတဲ့အတွက် မီဒီယာတွေရဲ့ ဖိအားကို ခံနိုင်ပါ့မလားဟု စိုးရိမ်ခဲ့တာ ဖြစ်သည်။ အဲ့လိုဆို သူ ကျန်းပေါင်ကို စိတ်ထားတတ်အောင် သင်ပေးနိုင်ပေမဲ့ သူမ အခု ရင်ဆိုင်နေရတာက မီဒီယာတွေ မဟုတ်ဘဲ မိခင်ဖြစ်သူရဲ့ စွန့်ပစ်မှုနှင့် ဖခင်ဖြစ်သူ မရှိတော့ခြင်း ဖြစ်လေသည်။
ကျန်းပေါင်ရဲ့ မွေးရပ်မြေရှိ တစ်ချက်လောက် ကန်လိုက်ရုံနှင့် ပြိုလဲသွားတော့မည့်ပုံပေါ်သော ဒုတိယထပ်က ကျောက်တုံးလသာဆောင်နှင့် နှစ်ထပ်အိမ်ဟောင်းလေးကို ဖူမင်ရှစ် ပြန်သတိရသည်။ ကျန်းပေါင်ဟာ ထိုအိမ်လေးထဲမှာ တစ်ယောက်တည်း ချက်ပြုတ်စားသောက်ရင်း ( ၂ ) နှစ်ကျော် အထီးကျန်စွာ နေထိုင်ခဲ့ရသည်။
ဖူမင်ရှစ်က “ မင်း မင်းရဲ့ အဖေကို လွမ်းတာလား ၊ သူ့ကို လွမ်းတာလား။ ” ဟု နူးညံ့ညင်သာသော အသံဖြင့် မေးလိုက်တော့ ကျန်းပေါင်က ငိုရှိုက်ရင်း “ ကျွန်မရဲ့ အဖေကို လွမ်းတာ။ ” ဟု ပြန်ဖြေသည်။
ဖူမင်ရှစ်က သူမရဲ့ ဆံပင်လေးတွေကို နမ်းရှိုက်လိုက်သည်။ “ နွေရာသီ ကျောင်းပိတ်ရက်စတာနဲ့ မင်းရဲ့ မွေးရပ်မြေကို ကိုယ်တို့ နှစ်ယောက်အတူ ပြန်သွားကြမယ်။ ”
ကျန်းပေါင် ခေါင်းညိတ်လိုက်သည်။
ဖူမင်ရှစ်သည် သူမရဲ့ ဆံပင်လေးတွေကို နူးညံ့စွာ ပွတ်သပ်ပေးနေခဲ့ပြီး ခဏကြာတော့မှ “ မင်း သူနဲ့ တွေ့ချင်ရင် ကိုယ် ကူညီပေးနိုင်ပါတယ်။ ” ဟု ချိတုံချတုံ ပြောလိုက်တော့ သူမက ချက်ချင်းပဲ ခေါင်းခါယမ်းသည်။ သူ့ရင်ခွင်ကို မှီလိုက်ချိန်မှာ မျက်ရည်စတွေ တဖြည်းဖြည်း ရပ်တန့်သွားသည်။ “ ကျွန်မတို့ အတိတ်က အရာအားလုံးကို လွှတ်ချပြီး ကိုယ့်ဘဝနဲ့ကိုယ်ပဲ ဆက်နေသင့်ပါတယ်။ ”
အမေနဲ့ တွေ့ပြီး ဘာလုပ်ရမှာလဲ … ။ အသိအမှတ်ပြုခံရဖို့လား ၊ လက်စားချေဖို့လား … ။ ကျန်းပေါင် ဘာကိုမှ မလိုချင်ပါ။ အမေက အဖေ့ဆီက ပိုက်ဆံတွေ အကုန်လုံး ယူပြီး ထွက်ပြေးသွားပေမဲ့ အဖေက အမေ့ကို မမုန်းသလို သူမလည်း မမုန်းပါ။ သားအမိဆက်ဆံရေးအတွက် ဆိုလျှင်တော့ အမေက သူမကို မလိုချင်တာမို့ သူမကလည်း ကိုယ့်ကိုယ်ကိုယ် အမေမရှိဘူးလို့ သတ်မှတ်ထားသည်။ စိတ်ပိုင်းဆိုင်ရာအရ သူတို့မှာ တစ်ယောက်အပေါ် တစ်ယောက် အကြွေးမရှိ။
…
S မြို့တော်ရှိ အထပ်မြင့်တိုက်ခန်း တစ်ခန်းတွင် အသေးစိပ် မိတ်ကပ်လိမ််းခြယ်ထားသည့် အသက် ( ၄၀ ) ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးသည် ကွန်ပျူတာရှေ့မှာ ထိုင်လျက် ဝေ့ပေါ်ထဲမှာ မရပ်မနား ရှာဖွေဖတ်ရှုနေ၏။ များပြားလွန်းသော ဝေဖန်ရှုံ့ချစကားတွေကို မြင်တော့ ထိုအမျိုးသမီးကြီးရဲ့ မျက်နှာက တစ္ဆေသရဲတစ်ကောင်လို ဖြူရော်သွားသည်။
ဖူမင်ရှစ် တင်ထားတဲ့ စုံတွဲဓာတ်ပုံတွေကို မြင်သောအခါ သူမရဲ့ မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးမှုတွေ ဖုံးလွှမ်းသွားပြီး ပို၍ သဲသဲကွဲကွဲ မြင်ရစေရန် ဓာတ်ပုံတွေကို ချဲ့ကြည့်လိုက်သည်။ ဓာတ်ပုံထဲမှာ ကျန်းပေါင်က ဖြူစင်ပြီး ချစ်စရာကောင်းသော အသွင်အပြင်လေးနှင့် အလွန် လှပနေသည်။ သူမက ထိုဓာတ်ပုံလေးကို စိုက်ကြည့်ရင်း ချိုးနှိမ်ထားခဲ့သော မှတ်ဉာဏ်တွေကို ပြန်လည် မြင်ယောင်လာသည်။
“ သမီး ဗိုက်ဆာတယ် မေမေ။ ”
“ သမီး မအိပ်ချင်ဘူး မေမေ။ ”
“ သမီး ဖေဖေနဲ့ တွေ့ချင်တယ် မေမေ။ ”
သုံးနှစ်အရွယ် ဖန့်ပေါင်ရဲ့ မျက်နှာလေးက ဖောင်းဖောင်းကစ်ကစ်လေးနှင့် မျက်လုံးလေးတွေဟာ တောက်ပနေသည်။ တွေ့သမျှ လူတိုင်းက သူမလေးကို ချစ်စရာကောင်းလိုက်တာဟု ချီးကျူးသွားသည်။ သမီးဖြစ်သူဟာ သူမလိုပဲ လှပသည့်အတွက် ဝမ်ရှုတစ်ယောက် အလွန် ဂုဏ်ယူမိသည်။ သမီးဖြစ်သူအတွက် လိုလေသေးမရှိသော ဘဝကို ပေးချင်ပေမဲ့ ကျန်းယုံကတော့ မြို့ကို သွားဖို့ ခေါင်းမာစွာ ငြင်းဆန်ကာ ပိုက်ဆံ ( ၂ ) သန်းကို ဘဏ်ထဲမှာ မတို့မထိ သိမ်းထားခဲ့သည်။
ဝမ်ရှု ဒီအခြေအနေကို ဆက်သည်းမခံနိုင်သလို ဒီနေရာမှာလည်း တစ်ရက်လောက် ဆက်မနေနိုင်တော့ပေ။ ဝေးလံခေါင်ဖျားပြီး အစစအရာရာ ခေတ်နောက်ကျနေသော နေရာမှာ သူမကို ထွက်သွားဖို့ နောက်ဆံတင်းစေတဲ့ တစ်ခုတည်းသော အရာက သမီးလေးပဲ ရှိသည်။ ဒါပေမဲ့ သမီးကိုပါ သူမနှင့်အတူ ခေါ်သွားလို့ မရပါ။ သူမတစ်ယောက်တည်း ထွက်ပြေးလျှင် ကျန်းယုံက သူမကို လိုက်ဖမ်းမှာ မဟုတ်ပေမဲ့ သမီးကိုပါ ခေါ်သွားလျှင်တော့ သူက ရဲတိုင်လိမ့်မည်။
S မြို့တော်ကို ရောက်တော့ သူမမှာ ပိုက်ဆံရှိနေပြီ ဖြစ်သလို ထက်မြက်သော ယောက်ျားတစ်ယောက်ကိုလည်း ပိုင်ဆိုင်ခဲ့ရသည်။ မှတ်ပုံတင်ထဲက နာမည်ကိုလည်း ပြောင်းပစ်လိုက်သည်။ သူမယောက်ျားရဲ့ စီးပွားရေးကလည်း အောင်မြင်ပြီး သားတစ်ယောက် ၊ သမီးတစ်ယောက်ကိုတောင် မွေးဖွားခဲ့သည်။ ဘဝဟာ တဖြည်းဖြည်းနှင့် အဆင်ပြေ ကောင်းမွန်လာခဲ့သည်။ C မြို့တော်မှာ ကျန်ခဲ့တဲ့ သမီးဖြစ်သူကို ဝမ်ရှု တစ်ခါတလေ သတိရပေမဲ့ လက်ရှိယောက်ျားနှင့် မွေးထားတဲ့ ကလေးနှစ်ယောက်က သူမရဲ့ စိတ်ကို နေရာယူထားတာမို့ နာကျင်စွာ မတမ်းတသလို ညဘက်တွေမှာလည်း အိပ်မက်,မမက်တော့ပါ။
အတိတ်ကို သူမ လုံးလုံးလျားလျား မေ့လျော့တော့မည့် အချိန်မှာ တစ်ချိန်တုန်းက သူမရဲ့ သမီးက ရုတ်တရက် နာမည်ကြီးလာခဲ့သည်။
ထိုအချိန်မှာပဲ သားဖြစ်သူရဲ့ “ သားတို့ ပြန်ရောက်ပြီ မေမေရေ။ ” ဟူသော အသံလေးက အပြင်ကနေ ရုတ်တရက် ထွက်ပေါ်လာသောကြောင့် ဝမ်ရှုသည် ဝေ့ပေါ်ကို ချက်ချင်း ပိတ်ကာ မိတ်ကပ်ကို အမြန် ဖြည့်စွက်၍ သန့်စင်ခန်းထဲမှ ထွက်လာခဲ့သည်။
ခြောက်နှစ်သားအရွယ် လျို့ဟောင်က သူ့လက်ထဲက အရုပ်ကားလေးကို အမေဖြစ်သူအား ပျော်ရွှင်စွာ ပြသနေပြီး သူ့နောက်က လျို့ဝေကတော့ ဟင်းသီးဟင်းရွက်တွေ အပြည့် ပါသည့် ဈေးဝယ်အိတ် တစ်လုံးကို သယ်ထားသည်။ သူတို့ရဲ့ ဆယ်ကျော်သက်အရွယ် သမီးကတော့ လာမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် စာလေ့လာရင်း အထက်တန်းကျောင်းမှာ အလုပ်ရှုပ်နေဆဲပင်။
ဝမ်ရှုသည် သူမရဲ့ အလုပ် ဖြစ်တဲ့ အချက်အပြုတ်ကို ဘာမှ မဖြစ်ခဲ့သလိုပင် အာရုံစိုက်ကာ သားဖြစ်သူနှင့်အတူ အချိန်ကုန်ဆုံးခဲ့သည်။ သားဖြစ်သူ အိပ်ပျော်သွားတော့မှ လျို့ဝေကို အိပ်ခန်းထဲကို ခေါ်ပြီး ဝေ့ပေါ်ထဲက ဓာတ်ပုံတွေကို ပြလိုက်သည်။
အသက် ( ၅၀ ) ကျော် လျို့ဝေဟာ သူ့ရဲ့ စီးပွားရေးလာဘ်မြင်မှုနှင့် ဝမ်ရှု ထောက်ပံ့ပေးတဲ့ ငွေအရင်းအနှီးကြောင့် အခုဆို သူ့နာမည်အောက်မှာ ယွမ် သန်းဆယ်ချီ၍ ပိုင်ဆိုင်နေခဲ့ပြီ ဖြစ်ပြီး အပြင်သွားတဲ့အခါတိုင်း ဥက္ကဌလျို့ဟု ခေါ်ဝေါ်ခံရသည်။ ဝမ်ရှု ပေးတဲ့ ပိုက်ဆံတွေက ဖူမိသားစုထံမှ ဆင်းသက်လာတာမို့ လျို့ဝေက ဒီနှစ်တွေ တစ်လျှောက်လုံးမှာ သူတို့ကို စောင့်ကြည့်ခဲ့သည်။ ထို့ကြောင့် ဓာတ်ပုံတွေကို မြင်သည်နှင့် ဖူမင်ရှစ်ကို သူ တန်းမှတ်မိသည်။
သက်ဆိုင်သော စာအကြောင်းအရာကို ဖတ်ရှုပြီးနောက် သူ့မျက်နှာအမူအရာက အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားသည်။
ဝမ်ရှုဟာ တစ်ချိန်တုန်းက သမီးဖြစ်သူကို အမြဲတမ်း သတိရနေတယ် ဆိုတာ သိတဲ့ လျို့ဝေက သူ့ဇနီးကို စူးစမ်း အကဲခတ်ရင်း “ မင်း ဖန့်ပေါင်ကို သမီးအဖြစ် ပြန်အသိအမှတ်ပြုဖို့ တွေးနေတာလား။ ” ဟု တွေးတွေးဆဆ မေးလိုက်တော့ ဝမ်ရှုက ခြောက်ကပ်ကပ် ပြုံးသည်။ အဲ့ဒီနောက် ဓာတ်ပုံထဲက ကျန်းပေါင်ရဲ့ ရှက်ရွံ့နေသော အပြုံးလေးကို ကြည့်ပြီး “ ကျွန်မက ဒီနှစ်တွေ တစ်လျှောက်လုံး သူ့ကို ဂရုမစိုက် ၊ သတင်းမမေးခဲ့ဘဲနဲ့ ဘယ်လို မျက်နှာနဲ့များ သူ့ကို အသိအမှတ်ပြုရမှာလဲ။ ” ဟု ပြန်ပြောလိုက်သည်။ သူမဘက်က ဖန့်ပေါင်ကို အသိအမှတ်ပြုချင်လျှင်တောင် သမီးဖြစ်သူက သူမကို အမေအဖြစ် လက်မခံချင်လောက်ပါ။
အဲ့ဒီတော့မှပဲ လျို့ဝေက စိတ်အေးသွားသော သက်ပြင်းလေးကို မှုတ်ထုတ်ကာ ဇနီးဖြစ်သူရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။ “ ဒီဓာတ်ပုံက အရမ်း ဟောင်းနေပြီ။ အခု မင်းရဲ့ ပုံစံနဲ့ နည်းနည်းလေးမှ မတူတော့ဘူး ၊ ပြီးတော့ မင်းက နာမည်လည်း ပြောင်းပစ်လိုက်ပြီပဲ။ ငါတို့ ဘာမှ မပြောသရွေ့ ဘယ်သူမှ သိမှာ မဟုတ်ဘူး။ မင်း ဖန့်ပေါင်ကို အသိအမှတ်ပြုလိုက်ရင် သတင်းတွေ ပျံ့သွားပြီး ငါတို့ လူပုံအလယ်မှာ မျက်နှာပြနိုင်တော့မှာ မဟုတ်ဘူး။ ငါတို့ရဲ့ ကလေးတွေလည်း အဆဲခံရလိမ့်မယ်။ ဒီကိစ္စကို မေ့လိုက်ရအောင်။ ”
နည်းလမ်းက ဒီတစ်ခုပဲ ရှိတာမို့ ဝမ်ရှုက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
…
ကျန်းပေါင်ရဲ့ မွေးနေ့အတွက် ဖူမင်ရှစ်က ကိတ်လှလှလေးတစ်လုံး မှာယူပေးထားသည်။ လင်းဖြာတောက်ပနေသော ဖယောင်းတိုင်မီးရောင်တွေက လွဲလို့ မီးတွေ အကုန်လုံးကို မှိတ်လိုက်သောအခါ ဧည့်ခန်းထဲမှာ ရိုမန့်တစ်ဆန်ဆန် အငွေ့အသက်တွေ ဖုံးလွှမ်းသွားသည်။ တစ်နေ့တည်းနှင့် ကိစ္စတွေ အများကြီး ဖြစ်ပျက်သွားတာမို့ ကျန်းပေါင်မှာ မွေးနေ့ပွဲ ကျင်းပချင်စိတ် မရှိတော့ပါ။
သို့သော်လည်း ဖူမင်ရှစ်ရဲ့ ကြိုးစားအားထုတ်မှုတွေကို အလဟဿ မဖြစ်စေချင်သောကြောင့် ပျော်ရွှင်နေသော မျက်နှာလေးကို အကောင်းဆုံး ကြိုးစား၍ လုပ်ယူထားခဲ့သည်။ ကိတ်မုန့်ပေါ်က ဖယောင်းတိုင်လေးတွေကို ညင်သာစွာ မှုတ်လိုက်ပြီးနောက် ဖူမင်ရှစ်ရဲ့တိုက်တွန်းမှုအရ မျက်လုံးမှိတ်၍ တောင်းဆုတစ်ခု ပြုလိုက်သည်။
သူမ ဘာဆုတောင်းသင့်လဲ … ။ များသောအားဖြင့် ဆုတောင်းတွေက ပြည့်ဖို့ မလွယ်ပါ။ သူမရဲ့ အဖေ ကွယ်လွန်သွားကတည်းက ကျန်းပေါင် မွေးနေ့ပွဲ မကျင်းပဖြစ်။ အိမ်မှာ တစ်ယောက်တည်း ရှိနေတဲ့အခါ သူမရဲ့ မွေးနေ့က တခြားနေ့တွေနှင့် ထူးမခြားနားပဲ ဖြစ်သည်။ ဒါပေမဲ့ ဒီနေ့တော့ သူမနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေသူက သူမကို လိုလေသေးမရှိ ဂရုစိုက်ပေးပြီး ပျော်ရွှင်စေချင်တဲ့ ဖူမင်ရှစ် ဟူသော အမျိုးတစ်ယောက် ဖြစ်သည်။
သူမ လိုချင်တဲ့ အရာကို အခုတော့ ရှင်းရှင်းလင်းလင်း သိသွားပါပြီ။ ကျန်းပေါင်ရဲ့ နှုတ်ခမ်းထောင့်စွန်းလေးတွေ ကော့တက်သွားကာ တိတ်ဆိတ်စွာ ဆုတောင်းလိုက်သည်။
ဖယောင်းတိုင်တွေ ထွန်းထားသော ညစာစားပွဲရဲ့ တစ်ဖက်ခြမ်းမှာ ထိုင်နေတဲ့ ဖူမင်ရှစ်က “ မင်း ဘာဆုတောင်းလိုက်တာလဲ။ ” ဟု တိုးဖွသော အသံဖြင့် မေးသည်။ ဖယောင်းတိုင်မီးရောင်တွေက သူ့မျက်လုံးထဲမှာ အလင်းပြန်နေသည်။
ကျန်းပေါင်က ခေါင်းခါယမ်းပြီး ပြုံးလိုက်သည်။ “ ထုတ်ပြောလိုက်ရင် ဆုတောင်းမပြည့်တော့ဘူး။ ”
***