အခန်း ၅၆
Vol. 6 Ch. 56
အပိုင်း ( ၅၆ )
ဖူမင်ရှစ်က သူမကို တွန်းအားမပေးတော့ဘဲ ကိတ်မုန့်လေးကိုသာ လှီးလိုက်သည်။ အပြင်မှာ သတင်းထောက်တွေ စုဝေးနေတဲ့အတွက် သူတို့ ဘယ်နေရာမှ သွားလို့ မရ။ ကျန်းပေါင်ကိုယ်တိုင်ကလည်း ဘယ်ကိုမှ မသွားချင်ပါ။ သူမက ဖူမင်ရှစ်ရဲ့ ရင်ခွင်ကို မှီပြီး ရုပ်ရှင် အတူတူ ကြည့်နေခဲ့ကြသည်။
ပထမ ရုပ်ရှင်က ည ( ၉ ) နာရီမှာ ပြီးဆုံးသွားသောအခါ အွန်လိုင်းပေါ်က အတင်းအဖျင်းတွေအကြောင်း မတွေးမိအောင် ရှောင်ရှားဖို့အတွက် နောက်တစ်ကား ထပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ ည ( ၁၁ ) နာရီမှာ ဒုတိယ ရုပ်ရှင် ပြီးဆုံးသွားချိန်ထိ ကျန်းပေါင်က မျက်လုံးကျယ်ပြီး အားအင်တက်ကြွနေဆဲပင်။
ဖူမင်ရှစ်က သူ့ဇနီးလောင်းလေးရဲ့ တောက်ပသော မျက်လုံးလေးတွေကို ကြည့်ပြီး “ ဆက်ကြည့်ဦးမလား။ ” ဟု ပြုံး၍ မေးလိုက်သည်။ အင်တာနက် မရှိတဲ့ ကျေးလက်ဒေသကနေ မြို့တော်ကို မလာခင်တုန်းက ကျန်းပေါင် ဂန္တဝင် ရုပ်ရှင်ကားကောင်းတွေ မကြည့်ဖူးပေ။ အခု ကြည့်လိုက်တဲ့ ရုပ်ရှင် နှစ်ကားက တူညီတဲ့ စီးရီးတစ်ခုတည်းက ဖြစ်ပြီး နောက်ထပ် အပိုင်းနှစ်ပိုင်း ကြည့်ဖို့ ကျန်နေသေးသည်။
ကျန်းပေါင်ရဲ့ မျက်လုံးလေးတွေက ဝမ်းသာပျော်ရွှင်စွာ တောက်ပသွား၏။ ဖူမင်ရှစ်က သူမ လုပ်ချင်သော အရာကို အဖော်ပြုပေးရန်အတွက် တတိယ အပိုင်းကို ဖွင့်လိုက်သည်။ တတိယ အပိုင်း ပြီးဆုံးသွားချိန်မှာတော့ ည ( ၁ ) နာရီ ထိုးနေပြီ ဖြစ်ပြီး ကျန်းပေါင်လည်း အိပ်ချင်နေပြီမို့ ဖူမင်ရှစ်က သူမကို အပေါ်ထပ်သို့ ပွေ့ချီလာခဲ့လိုက်သည်။ ပွေ့ချီခံရခြင်းက ကျန်းပေါင်အား သူတို့ အရင်တုန်းက သဘောတူထားတာကို သတိရသွားစေသည်။
ဖူမင်ရှစ်က သူမရဲ့ မွေးနေ့ညမှာ ခန္ဓာကိုယ်ချင်း ရင်းနှီးမှု ရယူမည်ဟု ပြောထားသည်။ ကျန်းပေါင်သည် ထိုစကားကို ပြန်သတိရသွားသောကြောင့် အိပ်ငိုက်မှုတွေ ပျောက်ကွယ်သွားသလို စိတ်လှုပ်ရှားစွာ ရင်ခုန်လာသည်။ လည်ချောင်းထဲမှာလည်း တဖြည်းဖြည်း ခြောက်ကပ်ကပ် ဖြစ်လာသည်။
ဖူမင်ရှစ်က သူ့ဇနီးလောင်းရဲ့ ခန္ဓာကိုယ်ပေါ်က ပြောင်းလဲမှုတွေကို သတိထားမိသလို နီရဲတက်လာတဲ့ ပါးလေးကိုလည်း မြင်သည်။ ရင်းနှီးကျွမ်းဝင်နေသော လျှောက်လမ်းကနေ အိပ်ခန်းထဲအထိ သူမကို ပွေ့ချီလာခဲ့ပြီး အိပ်ရာကျယ်ကြီးပေါ်မှာ ညင်သာစွာ ချပေးလိုက်လေသည်။ ကျန်းပေါင်ကတော့ မျက်လုံးစုံမှိတ်၍ သူ ရှေ့ဆက်တိုးမှာကို အရူးမလေးတစ်ယောက်လို စောင့်နေသည်။
သို့သော် ဖူမင်ရှစ်သည် ကျန်းပေါင်က သူတို့ သဘောတူထားတဲ့အတိုင်း ဖြည့်ဆည်းပေးချင်နေတယ် ဆိုတာကို ပြောနိုင်ပါသည်။ ဒီနေ့ စိတ်အခြေအနေနှင့်အတူ သူမရဲ့ စိတ်ထဲမှာ ခံစားချက်တွေ အများကြီး ရှိနေချိန်မှာ ချစ်တင်းနှီးနှောရမှာကို သဘောမကျသောကြောင့် ဖူမင်ရှစ်က အိပ်ရာအစွန်းမှာ ထိုင်ပြီး သူမနှင့် မျက်နှာချင်း ထိကပ်လုနီးပါးအထိ ငုံ့ကိုင်းအုပ်မိုးလိုက်သည်။
“ မင်း ဘာလို့ မျက်လုံးမှိတ်ထားတာလဲ။ ”
ကျန်းပေါင်က ရှက်ရွံ့စွာ ခေါင်းလေးလှည့်သွားပြီး သူမရဲ့ မျက်နှာက ပို၍ နီရဲလာခဲ့သည်။ သူ ကောင်းကောင်း နားလည်ပါသည်။ သူ့ဇနီးလောင်းလေးက အရမ်းကို မြတ်နိုးစရာကောင်းသည်။ ဖူမင်ရှစ်က အနမ်းတစ်ပွင့် ခိုးယူချင်စိတ်ကို မထိန်းချုပ်နိုင်ဘဲ သူမရဲ့ နားရွက်ဖျားလေးကို ဆုပ်ကိုင်ကာ သက်ပြင်းရှိုက်လိုက်သည်။ “ အိပ်တော့။ ဒီညကတော့ ထူးခြားတဲ့ ညမို့လို့ ရှိပစေတော့။ မနက်ဖြန်က စပြီး နောက်ကျတဲ့ထိ မနေရဘူး။ ”
ကျန်းပေါင်ရဲ့ မျက်လုံးလေးတွေက အထိတ်တလန့်နှင့် ပွင့်လာသည်။ ဖူမင်ရှစ်က သူမကို အုပ်မိုးထားလျက် ခပ်ဖွဖွ ရယ်မောလိုက်သော်လည်း ချစ်သူတစ်ယောက်လို နူးညံ့ကြင်နာတဲ့ ရယ်သံတော့ မဟုတ်ပါ။ ထိုအစား သူမအဖေရဲ့ နွေးထွေးမှုနှင့် သူမကို ဂရုစိုက်ပေးခဲ့တာတွေကို ပြန်သတိရစေသည်။ ကျန်းပေါင်က ဆက်တွေးချင်သော်လည်း ဖူမင်ရှစ်က ရုတ်တရက်ပဲ သူမရဲ့ နဖူးပေါ်မှာ အနမ်းတစ်ပွင့် စိုက်ပျိုးသည်။ သူ့နှုတ်ခမ်းတွေရဲ့ အထိအတွေ့က နူးညံ့စွာ ဖိကပ်လာသည်။
“ ကောင်းသော ညပါ။ ” လို့ သူ တိူတိုးလေး ပြောသော ရိုးရိုးရှင်းရှင်း စကားထဲမှာ ဒီညအတွက် နှစ်သိမ့်ပေးသော အားအင်တစ်မျိုး ပါဝင်၏။ ကျန်းပေါင်သည် ရုတ်တရက်ပဲ သုနှင့် ခွဲခွာဖို့ တွန့်ဆုတ်သွားသည်။ သူ ထွက်သွားဖို့ လုပ်နေတာကို မြင်တော့ သူ့အင်္ကျီလက်ကို အလိုလို လှမ်းဆွဲလိုက်မိသည်။ ထဖို့ လုပ်နေတဲ့ ဖူမင်ရှစ်က သူ့ကို ကျန်းပေါင် ဆွဲလိုက်ချိန်မှာ ပြန်ထိုင်လိုက်ရပြီး သူမရဲ့ နဖူးလေးကို ပွတ်ပေးလိုက်သည်။
“ အိပ်လို့ မပျော်ဘူးလား။ ”
ကျန်းပေါင်က သူ့ကို သူမဘေးမှာ နေစေချင်တဲ့ ဆန္ဒအား ထုတ်မပြောနိုင်ဘဲ ပါးလေးနှစ်ဖက်က တဖြည်းဖြည်း နီရဲလာခဲ့သည်။ ဖူမင်ရှစ်ကလည်း သူမ ဘာလိုချင်တာလဲ ဆိုတာ မသေချာဘဲ သူမရဲ့ မျက်နှာလေးကို စိတ်ရှည်စွာ စိုက်ကြည့်နေသည်။ ဖူမင်ရှစ်ရဲ့ မေးခွန်းကို တွေးမိသွားတော့ ကျန်းပေါင်ရဲ့ နှုတ်ခမ်းလေးက တရွေ့ရွေ့ လှုပ်ရှားသွားကာ ဆတ်ခနဲ ခေါင်းညိတ်လိုက်သည်။
ဖူမင်ရှစ်က သူမ အမှန်တကယ် အိပ်မပျော်ဘူးလို့ ထင်သွားပြီး ပြုံးလိုက်သည်။ “ မင်း အိပ်လို့ မပျော်ရင် ကိုယ်တို့ ရုပ်ရှင်ဆက်ကြည့်မလား။ ”
ကျန်းပေါင်က သူ့စကားကြောင့် ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်ဘဲ ရယ်မိသည်။ ဖူမင်ရှစ်က သူမရဲ့ ဆံပင်လေးကို ဖွလိုက်ပြီး အခန်းထဲက သူ့လက်ပ်တော့ကို သွားယူလိုက်သည်။ သူ ပြန်ရောက်တဲ့အခါ ရှူးဖိနပ်ချွတ်၍ ကျန်းပေါင်ဘေးက အိပ်ရာပေါ်ကို တက်လာပြီး ရုပ်ရှင်ဆက်ကြည့်နေလိုက်သည်။ ပင်ပန်းနေပြီ ဖြစ်တဲ့ ကျန်းပေါင်က သူ့ပခုံးကို သက်သောင့်သက်သာရှိစွာ မှီတွယ်ထားခဲ့သည်။ သူမက ခဏလောက် နိုးနိုးကြားကြားရှိဖို့ ကြိုးစားနေပေမဲ့ နောက်ဆုံးမှာတော့ တဖြည်းဖြည်း ခေါင်းငိုက်စိုက်ကျပြီး အိပ်ပျော်သွားခဲ့သည်။
ဖူမင်ရှစ် လှည့်ကြည့်လိုက်တော့ ကျန်းပေါင် အိပ်မောကျနေပြီ ဆိုတာကို မြင်သွားသည်။ သူက လက်ပ်တော့ပိတ်ပြီး သူမကို အိပ်ရာပေါ်မှာ သေချာ လဲလျောင်းနိုင်အောင် ကူညီပေးလိုက်သည်။ အခုမှ အိပ်ပျော်ခါစ ကျန်းပေါင်ဟာ သူမကို ဖူမင်ရှစ် နေရာရွှေ့လိုက်ချိန်မှာ နိုးလာသော်လည်း အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေခဲ့သည်။ သူမရဲ့ အသိစိတ်ကို ခံစားချက်က အနိုင်ယူသွားပြီး ဖူမင်ရှစ် ထွက်သွားမှာ စိုး၍ အိပ်ငိုက်နေတဲ့ အခြေအနေကို အခွင်ဘကောင်းယူပြီး သူ့ခါးကို ဖက်ကာ “ မသွားပါနဲ့။ ” ဟု ပြောလိုက်သည်။
ဖူမင်ရှစ်သည် သူပဲ နားကြားမှားလိုက်တာလား ဟူသော အတွေးဖြင့် နှလုံးသားထဲမှာ မွှေနှောက်လှုပ်ရှားသွား၏။ သို့သော် ကျန်းပေါင်ရဲ့ ခေါင်းလေးက သူ့ခြေထောက်ကို အုံးထားပြီး သနားစရာကောင်းသော ပုံစံလေးဖြင့် တွယ်ကပ်၍ သူမနှင့်အတူ နေခိုင်းစေချင်တာ သိသာသည်။
နောက်ဆုံးတော့ ဖူမင်ရှစ်က ကျန်းပေါင် ခုနတုန်းက ရှက်ရွံ့နေတာကို နားလည်သွားပါသည်။ သူမက သူ့ကို ထွက်မသွားစေချင်ပေမဲ့ ထုတ်ပြောဖို့ ရှက်ရွံ့နေတာ ဖြစ်သည်။ ဖူမင်ရှစ်က သူမရဲ့ ဆံပင်လေးကို ပွတ်သပ်ပေးရင်း လက်ပ်တော့ကို အိပ်ရာဘေးစားပွဲပေါ် တင်ကာ သူ့ရှပ်အင်္ကျီကို ဖြည်းဖြည်းချင်း ချွတ်လိုက်သည်။ ကျေနပ်သွားတဲ့ ကျန်းပေါင်ကလည်း မူလအနေအထားအတိုင်း ငြိမ်နေရာမှ ဖူမင်ရှစ်ရဲ့ ခါးပတ်ဖြုတ်သံကို ကြားသောအခါ အဆမတန် ရင်ခုန်သံမြန်လာသည်။
သို့သော် ဖူမင်ရှစ်က အဆင့်တက်တဲ့ ဘယ်လို အပြုအမူမျိုးကိုမှ မလုပ်ဘဲ သူမရဲ့ မျက်နှာလေးကိုသာ ဖြူဖြူစင်စင် နမ်းကာ သူမကို ရင်ခွင်ထဲမှာ ထွေးပွေ့ထားခဲ့သည်။ ကျန်းပေါင်သည် ထိုညမှာ ဖူမင်ရှစ်ရဲ့ ယောက်ျားပီသကာ ထူးခြားသော ကိုယ်သင်းရနံ့လေးကို ရှူရိုက်ရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့လေသည်။
…
တနင်္ဂနွေနေ့ နေ့လယ်ခင်းတွင် ကျန်းပေါင်သည် အချိန်ပိုင်းအလုပ်ကနေ နားရက်ယူထားပြီး နောက်တစ်နေ့မှာလည်း အတန်းတွေ ရှိနေသောကြောင့် ကျောင်းကို ပြန်လာခဲ့ရ၏။ သူတို့ ထွက်လာတော့ သတင်းထောက်တွေက အပန်းဖြေစံအိမ်ကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေဆဲသာ ရှိသေးသည်။ အံ့ဩစရာကောင်းစွာဖြင့် ကျောင်းဂိတ်ပေါက်ဝကို ပိတ်ထားတဲ့ သတင်းထောက်တွေလည်း ရှိသည်။
ဖူမင်ရှစ်က ကားပေါ်ကနေ အရင်ဆုံး ဆင်းလိုက်သည်။ ခရီးသည်ထိုင်ခုံမှာ ထိုင်နေတဲ့ ကျန်းပေါင်က စုရုံးနေတဲ့ ကျောင်းသားတွေရဲ့ စူးစမ်းသော အကြည့်တွေသာ သူမတို့ဘက်ကို စုပြုံကျရောက်နေတာကို သတိထားမိသွားပြီး စိတ်မသက်မသာ ခံစားလိုက်ရသည်။ အွန်လိုင်းပေါ်က အတင်းအဖျင်းတွေကို လျစ်လျူရှုနိုင်ပေမဲ့ ပတ်ဝန်းကျင်က လူတွေရဲ့ စူးစမ်းမှုကိုတော့ ဖူမင်ရှစ်လို လျစ်လျူမရှုနိုင်ပါ။
သူမ ကြည့်နေစဉ်မှာပဲ ကားနားက သတင်းထောက်တွေဟာ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြလေသည်။ ဖူမင်ရှစ်က ခရီးသည်ထိုင်ခုံတံခါးကို ဖွင့်ကာ သူမကို ငုံ့ကိုင်းပြုံးပြပြီး “ ကားထဲက ထွက်လာလို့ ရပြီ။ ” ဟု ပြောတော့ ကျန်းပေါင်က “ ရှင် သူတို့ကို ဘာပြောလိုက်တာလဲ။ ” ဟု ကြောင်အမ်းအမ်းလေး ပြန်မေးလိုက်မိသည်။ ဖူမင်ရှစ်က သူမရဲ့ လက်ကို ဆုပ်ကိုင်ကာ ကားတံခါးကို ပိတ်ပြီးမှ အရေးမကြီးသလို ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
“ ဘာမှ ထွေထွေထူးထူး ပြောလိုက်တာ မဟုတ်ပါဘူး။ စိတ်မပူနဲ့။ မင်းကို ကျောင်းမှာ ဘယ်သူမှ လာနှောင့်ယှက်တော့မှာ မဟုတ်ဘူး။ ”
ကျန်းပေါင်က ခပ်ဝေးဝေးမှာ ပုန်းလျှိုးကွယ်လျှိုးနှင့် ဓာတ်ပုံရိုက်နေသော်လည်း အနားကို ချဉ်းကပ်မလာတော့သော သတင်းထောက်တွေကို လှည့်ကြည့်ရင်း သူ့စကားကို ယုံကြည်သွားသည်။ အဆောင်ကို ပြန်လာတဲ့ လမ်းမှာ သူတို့နှစ်ယောက်ဟာ မရေမတွက်နိုင်သော အကြည့်ပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ ကျန်းပေါင်ကတော့ တခြား ဘယ်နေရာကိုမှ မကြည့်ဘဲ မြေပြင်ကိုသာ စိုက်ကြည့်နေမိသည်။
“ မင်းက အရမ်း လှတယ်။ ” ဖူမင်ရှစ်က ရုတ်တရက် ခြေလှမ်းရပ်သွားကာ သူမရဲ့ ပခုံးကို ဆုပ်ကိုင်၍ မျက်လုံးတွေကို စိုက်ကြည့်ပြီး ထိုသို့ ပြောသည်။ ကျန်းပေါင်က သူ ဘာလို့ သူမကို ရုတ်တရက်ကြီး ချီးကျူးနေတာလဲ ဆိုတာ နားမလည်နိုင်ဘဲ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်မိသည်။
“ တကယ် ပြောတာ။ ဖက်ရှင်မကျတဲ့ ပုံတုံးတုံး အဝတ်အစားတွေ ဝတ်ထားရင်တောင် မင်းက တခြားလူတွေရဲ့ မျက်လုံးထဲမှာ မိန်းမလှလေး ဖြစ်နေတုန်းပဲ။ ” ဖူမင်ရှစ်ရဲ့ အသံက လေးနက်သလို သူ့မျက်လုံးတွေကလည်း လေးနက်နေသည်။
ကျန်းပေါင်ရဲ့ နားရွက်တွေ တဖြည်းဖြည်း ပူနွေးလာသည်။ သူ ဘာလို့ သူမကို အကြောင်းပြချက်မရှိ လန့်စရာကောင်းအောင် အလွန်အကြူး ချီးမွမ်းခန်းဖွင့်နေတာလဲ … ။
ဖူမင်ရှစ်က တည်ငြိမ်သော အမူအရာဖြင့် “ ကိုယ်က ရုပ်ဆိုးလား။ ” ဟု အဓိပ္ပာယ်မရှိသော မေးခွန်းကို မေးသည်။ ကျန်းပေါင်က ရယ်ချင်စိတ်ကို မထိန်းနိုင်ဘဲ ရယ်ချလိုက်တော့ ဖူမင်ရှစ်ရဲ့ အမူအရာက ပိုလို့တောင် တည်တင်းသွားကာ “ ကိုယ်က ရုပ်ဆိုးလား ၊ ရုပ်မဆိုးဘူးလား ဆိုတာပဲ ဖြေပါ။ ” ဟု ပြောသည်။ ကျန်းပေါင်သည် ရယ်ချင်စိတ်ကို ထိန်းကာ ခေါင်းခါပြလိုက်ရ၏။
“ ဒါဆို ကိုယ်နဲ့ တွဲတာက မင်းကို အရှက်ရစေလား။ ”
ကျန်းပေါင်က သူ ပြောချင်တဲ့ အဓိပ္ပာယ်ကို နားမလည်သော်လည်း ထပ်ခေါင်းခါပြလိုက်သည်။ ဖူမင်ရှစ်က သူမကို နီးနီးကပ်ကပ် စိုက်ကြည့်သည်။ “ ကိုယ်နဲ့ တွဲတာက မင်းအတွက် ရှက်စရာမကောင်းဘူး ဆိုရင် တခြားလူတွေရဲ့ အကြည့်တွေကို ဘာလို့ ဂရုစိုက်နေမှာလဲ။ ”
“ ကျွန်မ နားလည်ပါပြီ။ ” ကျန်းပေါင်က သူ့သင်ကြားမှုတွေကို ဆက်နားမထောင်ချင်၍ လျှောက်သွားလိုက်သော်လည်း သူမ တစ်ဖက်ကို လှည့်ရုံပဲရှိသေး သူမရဲ့ ခြေထောက်တွေကို ရုတ်တရက် ပွေ့ဖက်မြှောက်ချီခံလိုက်ရ၏။ နောက်တစ်စက္ကန့်အတွင်းမှာပဲ ဖူမင်ရှစ်က သူမကို သူ့ပခုံးပေါ်မှာ ကုန်းပိုးပေးထားခဲ့သည်။ လမ်းပေါ်က မျက်လုံးတွေ အားလုံးက သူတို့တီ ရောက်လာသောကြောင့် ကျန်းပေါင်က ဖူမင်ရှစ်ရဲ့ ကျောကုန်းကို အသည်းအသန် ပုတ်ကာ “ ကျွန်မကို အောက်ချပေးပါ။ ” ဟု အသနားခံလိုက်သည်။
ဖူမင်ရှစ်က အဆောင်ရှိရာဘက်ကို ကြည့်ပြီး “ မင်း ရှက်နေတာကို ဖြေရှင်းဖို့ ဆိုရင် အဆိပ်ကို အဆိပ်နဲ့ ဖြေမှပဲ ရလိမ့်မယ်။ ” ဟု ခပ်ပြုံးပြုံး ပြောသည်။
ကျန်းပေါင်ကတော့ သူ့အဆိပ်ကို မလိုချင်၍ ခေါင်းငိုက်စိုက်ချထားပြီး “ ပေါက်ကရတွေ လျှောက်ပြောမနေနဲ့။ ကျွန်မကို မြန်မြန် အောက်ချပေး။ ” ဟု ပြောလိုက်သည်။ သို့သော် ဖူမင်ရှစ်က သူမရဲ့ စကားကို မကြားချင်ယောင်ဆောင်နေသဖြင့် ကျန်းပေါင် နည်းနည်းလေး ဒေါသထွက်သွားပြီး သူ့နာမည် အပြည့်အစုံကို ပထမဆုံးအကြိမ် ခေါ်လိုက်သည်။
“ ဖူမင်ရှစ် … ”
သူက နောက်ဆုံးတော့ ခြေလှမ်းရပ်သွားသည်။ ကျန်းပေါင်က သူမရဲ့ ခြိမ်းခြောက်သော လေသံဟာ အလုပ်ဖြစ်သည်ဟု ထင်သွားပြီး “ ကျွန်မကို မြန်မြန် အောက်ချပေး။ ” ဟု ဆက်ပြောလိုက်သည်။
သို့သော် ဖူမင်ရှစ်က သူမကို လှည့်ကြည့်ပြီး “ အဲ့လိုမျိုး နောက်တစ်ခေါက်လောက် ထပ်ခေါ်ပါဦး။ ” ဟု ပြောသောကြောင့် ကျန်းပေါင်က သူ့ပခုံးကို အမြင်ကတ်ကတ်နှင့် ဆွဲဆိတ်ပစ်လိုက်သည်။ သူတို့ ဆက်လျှောက်လာရင်း ဖူမင်ရှစ်က သူမရဲ့ ခြေသလုံးလေးတွေကို ပုတ်ကာ ညှိနှိုင်းသည်။ “ ကိုယ့်ကို အဲ့လိုမျိုး နောက်တစ်ခေါက်လောက် ထပ်ခေါ်ပေးရင် မင်းကို အောက်ချပေးမယ်။ ”
ကျန်းပေါင် နှုတ်ခမ်းကိုက်မိသည်။ စက္ကန့်ပိုင်းလောက် ကြာတော့မှ “ ဖူမင်ရှစ် ” ဟု မခေါ်ချင် ခေါ်ချင်နှင့် ခပ်တိုးတိုး ခေါ်လိုက်သည်။
ကတိတည်တဲ့ ဖူမင်ရှစ်က သူ့ကို ကလန်ကဆန်လုပ်ချင်နေသော ဇနီးလောင်းလေးကို အောက်ချပေးလိုက်ပြီးနောက် ရင်ခွင်ထဲ ဆွဲခေါ်ကာ အရှေ့အနောက် အရပ် ( ၄ ) မျက်နှာက ကျောင်းသား ၊ ကျောင်းသူအဖွဲ့တွေရှေ့မှာပဲ သူမရဲ့ နှုတ်ခမ်းလေးကို နမ်းရှိုက်လိုက်သည်။ ကျန်းပေါင်သည် ရှက်ရွံ့ခြင်းနှင့်အတူ ဒေါသထွက်သွားကာ ဖူမင်ရှစ်ကို ခပ်ပြင်းပြင်း တွန်းထုတ်လိုက်သော်လည်း သူမဆီက သူ့နှုတ်ခမ်းတွေ ဖယ်ခွာမသွားခင်မှာ သူ့ရယ်သံကို အရင်ဆုံး ကြားရ၏။ ဖူမင်ရှစ်က ကျန်းပေါင် သူ့ကို ဆူပူကြိမ်းမောင်းဖို့ လုပ်နေတာကို အခွင့်ကောင်းယူပြီး သူမရဲ့ နားရွက်နားမှာ ကပ်၍ ရင်ခုန်ဖွယ် စကားလေးကို ပြောလိုက်သည်။
“ ကိုယ် မင်းကို သဘောကျတယ်။ ”
ထိုအကြောင်းကို တစ်ကမ္ဘာလုံး သိစေချင်သည်။
ကျန်းပေါင်သည် အဆောင်ကို ပြန်ရောက်သောအခါ သူမရဲ့ အတန်းထဲက တခြား မိန်းကလေးတွေရဲ့ နွေးထွေးစွာ ကြိုဆိုမှုကို ချက်ချင်းပဲ လက်ခံရရှိခဲ့လေသည်။ ကျန်းပေါင်ရဲ့ အဆောင်အခန်းထဲမှာ မိန်းကလေး ဆယ်ယောက်ကျော် စုဝေးနေပြီး သူမရဲ့ အချစ်ရေးနှင့် ပတ်သက်သော အကြောင်းအရာတွေကို စိတ်အားထက်သန်စွာ မေးမြန်းခဲ့ကြသည်။ ကျန်းပေါင်က သူတို့ရဲ့ မေးခွန်းတွေကြောင့် ခေါင်းပင် မူးလာသည်။
အတွင်းကျကျ မေးခွန်းတွေကိုတော့ မမေး၍ သူတို့ မေးတဲ့ မေးခွန်းအားလုံးကို ဖြေနိုင်သော်လည်း သူမရဲ့ အချစ်ရေးကို အင်တာဗျူးဖြေသလို ပြန်လည်ပြောပြရခြင်းနှင့် အသားမကျသေးပေ။
“ ကဲ ကဲ … ပိုက်ဆံချမ်းသာပြီး ရုပ်ချောတာက လွဲရင် ဥက္ကဌဖူက တခြား ယောက်ျားလေးတွေနဲ့ သိပ်မကွာဘူး။ အားလုံးပဲ ကျန်းပေါင်ကို အနားပေးလိုက်ကြပါဦး။ အိပ်စာမလုပ်ရသေးရင် သွားလုပ် ၊ ရေမချိုးရသေးရင် သွားချိုးကြ။ ” ကျားရှောင်ယုနှင့် ချန်းလီလီက တခြား အတန်းဖော်တွေကို နှင်လွှတ်လိုက်သည်။ နောက်ဆုံးတော့ ဆူညံနေတဲ့ အဖွဲ့ ပြန်သွားသည်။
“ ကျန်းပေါင်။ ”
ကျားရှောင်ယုက အခန်းဆံခါးကို ပိတ်ပြီးနောက် ကျန်းပေါင်ကို ရုတ်တရက် ခုန်အုပ်ကာ ဝက်ဝံတစ်ကောင်လို ပွေ့ဖက်လိုက်သည်။ “ အား … ဥက္ကဌဖူက အရမ်း ချောတာပဲ။ ငါ ခုနတုန်းက လသာဆောင်ကနေ အားလုံး မြင်လိုက်တယ်။ ငါ့ကိုလည်း ကောင်လေးချောချောလေး တစ်ယောက် ကုန်းပိုးပေးဖို့ မျှော်လင့်တယ်။ ”
လသာဆောင်ကနေ ကြည့်ရသလောက် ဖူမင်ရှစ်က အရပ်ရှည်ရှည်နှင့် သန်မာတောင့်တင်းပြီး ကျန်းပေါင်ကတော့ သေးသေးသွယ်သွယ်နှင့် နူးညံ့သိမ်မွေ့သည်။ သူမကို သူ့ပခုံးပေါ်မှာ ကုန်းပိုးထားတဲ့ ကိုယ်နေဟန်ထားဟာ ရုပ်ရှင်ဇာတ်လမ်းတွေထက်တောင် ရိုမန့်တစ်ဆန် ၊ ရင်ခုန်စရာကောင်းပြီး မြင်သူတိုင်းကို ရည်းစားထားချင်စိတ်ပေါက်သွားစေသည်။
ကျန်းပေါင်ကတော့ ပြုံးရုံသာ ပြုံးနိုင်သည်။ သူတို့ ချစ်နေကြောင်းကို ဖူမင်ရှစ် ပေါ်ပေါ်ထင်ထင် မဏ္ဍာပ်တိုင်တက်ပြခြင်းနှင့် အသားမကျသေးသော်လည်း ဖူမင်ရှစ်လို ချစ်သူမျိုး ရထားတာက တခြားသူတွေကို အားကျစေလိမ့်မယ် ဆိုတာ နားလည်သည်။ သူမက အခုအချိန်မှာ အရမ်း နှိမ့်နှိမ့်ချချ ပြုမူပြီး အဲ့ဒါက ဘာမှ မထူးဆန်းပါဘူးလို့ ပြောလျှင် ကျားရှောင်ယုတို့ ဝိုင်းရိုက်တာ ခံရလိမ့်မည်။
ဖန်ရွှမ်းက ရေထည့်ရင်း “ အခုတော့ နင် ခိုးကြောင်ခိုးဝှက် နေ,နေမယ့်အစား နင်တို့နှစ်ယောက်က ချစ်သူတွေ ဆိုတာကို ပေါ်ပေါ်ထင်ထင် ကြွားဝါနိုင်ပြီ။ ” ဟု ပြောသည်။
ထိုအချိန်မှာပဲ ကွန်ပျူတာရှေ့မှာ ထိုင်နေတဲ့ ကျားရှောင်ယုက “ ကြည့်ပါဦး ကြည့်ပါဦး ၊ ကျောင်းဖိုရမ်တွေထဲမှာ နင်တို့နှစ်ယောက်ရဲ့ ဓာတ်ပုံတွေ ရောက်နေပြီ။ ” ဟု အားလုံးကို လှမ်းခေါ်သည်။ ဖူမင်ရှစ်နှင့် ကျန်းပေါင်တို့ ကျောင်းကို ပြန်လာတဲ့ ဓာတ်ပုံတွေကို လူတွေအများကြီး တင်ထားသည်။ ချန်းလီလီက ကြည့်ရှုသူများဆုံး ဓာတ်ပုံလေးကို နှိပ်လိုက်သည်။
ဓာတ်ပုံတွေအပြင် ဗီဒီယို တချို့တောင် တင်ထားခဲ့ပြီး “ အရှိန်အဝါကြီးတဲ့ ဥက္ကဌတွေရဲ့ အပြုအမူ ” ဟု စိတ်ဝင်စားဖွယ် ခေါင်းစဉ်တပ်ထားသော ပထမဆုံး ဗီဒီယိုက ကျန်းပေါင်ရဲ့ စိတ်အာရုံကို ချက်ချင်းပဲ ဖမ်းစားသွားသည်။ ချန်းလီလီက ထိုဗီဒီယိုကလစ်လေးကို ဖွင့်ကြည့်လိုက်သည်။
ရုတ်ရုတ်သဲသဲ ဆူညံသံတွေအလယ်မှာ အနက်ရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး မော်ဒယ်တစ်ယောက်လို သေးသွယ်သော ခါးနှင့် ခြေတံရှည်တွေကို ပေါ်လွင်စွာ ဖော်ပြထားသော ဖူမင်ရှစ်က ကားတံခါးကို တွန်းဖွင့်ကာ ကားပေါ်မှ ဆင်းလာခဲ့သည်။ တုန်ယင်နေတဲ့ ကင်မရာချိန်ရွယ်မှုကတောင် သူ့ရဲ့ အေးစက်တည်ငြိမ်သော အမူအရာကို မထိခိုက်စေနိုင်ပါ။ ဖူမင်ရှစ်က ကားထဲကနေ ထွက်လာပြီးနောက် သတင်းထောက်တွေကို လှည့်ကြည့်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ကျန်းပေါင် ဘွဲ့မရသေးခင် အချိန်ထိ သူ့ပညာရေးကိုပဲ အာရုံစိုက်နိုင်ဖို့ မျှော်လင့်တယ်။ အဲ့ဒါဆို သူ A တက္ကသိုလ်ကနေ ဘွဲ့ရသွားတဲ့နောက်ပိုင်း ခင်ဗျားတို့ ကျွန်တော့်ကို နောက်ယောင်ခံလိုက်တာ ၊ အင်တာဗျူးတာတွေကို မတားဆီးတော့ဘူး။ အချိန်ရရင် ကျန်းပေါင်နဲ့ပါ အတူတူ အင်တာဗျူးဖြေပေးမယ်။ ဒါပေမဲ့ တစ်ယောက်ယောက်က A တက္ကသိုလ်ထဲထိ ဝင်ပြီး သူ့ကို လိုက်နှောင့်ယှက်မယ် ၊ သူ့ရဲ့ ပုံမှန်ဘဝကို ထိပါးမယ် ဆိုရင်တော့ တရားဥပေဒအရ လိုအပ်တဲ့ ကိစ္စတွေကို လုပ်ရလိမ့်မယ်။ အဲ့ဒါဆိုရင် ဘယ်သူ့အတွက်မှ ကောင်းမှာ မဟုတ်ဘူး။ ”
***