အခန်း ၅၇
Vol. 6 Ch. 57
အပိုင်း ( ၅၇ )
သတင်းထောက်တွေက တစ်ယောက်ကို တစ်ယောက် တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေတုန်းမှာပဲ ဖူမင်ရှစ်က စကားဆက်သည်။
“ ဒီနေ့က ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ပဲ ဖြစ်ပါစေ။ ခင်ဗျားတို့ အခုချက်ချင်း ထွက်သွားပေးရင် ကျွန်တော် ဘာမှ မလုပ်ဘူး။ ဒါပေမဲ့ အခုက စပြီး ဘယ်မီဒီယာမဆို A တက္ကသိုလ်ထဲက ကျန်းပေါင်ရဲ့ ဓာတ်ပုံတွေကို တင်ရင် ကျွန်တော့်ရဲ့ ရှေ့နေကို ဓာတ်ပုံဆရာနဲ့ သူတို့ရဲ့ ကုမ္ပဏီကို ဆက်သွယ်ခိုင်းရလိမ့်မယ်။ ”
သူ့စကားဆုံးသည်နှင့် ပြဿနာမရှာချင်သော သတင်းထောက်တွေက တဖြည်းဖြည်း နောက်ဆုတ်သွားကာ သူတို့နှင့် အနီးတစ်ဝိုက်မှာ လျင်မြန်စွာ လူရှင်းသွား၏။ ဖူမင်ရှစ်ရဲ့ အေးစက်သော အမူအရာကလည်း ပြောင်းလဲသွားပြီး ခရီးသည်ထိုင်ခုံဘက်ကို လျှောက်လာခဲ့သည်။ ကားတံခါးနှင့် နီးလာလေ ၊ သူ့မျက်လုံးအကြည့်က နူးညံ့သွားလေ ဖြစ်ပြီး ကားတံခါးကို ဆွဲဖွင့်လိုက်ချိန်မှာတော့ သူ့မျက်နှာပေါ်မှာ အေးစက်မှု တစ်စိုးတစ်စိမျှ မရှိတော့ဘဲ နူးညံ့မှုတွေသာ ကျန်ခဲ့သည်။
နူးညံ့သော ထိုအကြည့်အောက်မှာ ကျန်းပေါင်က ကားထဲကနေ ထွက်လာသည်။ အစပိုင်းမှာ သူမက ကင်မရာကို ကျောပေးထားပေမဲ့ တစ်မိနစ်တောင် မကြာလိုက်ဘဲ စိတ်ရှုပ်ထွေးကာ ကြောင်အမ်းအမ်း ဖြစ်နေသည့် မျက်နှာလေးကို လှည့်လာခဲ့သည်။
ဗီဒီယို အဆုံးသတ်သွားသော်လည်း ကျန်းပေါင်ကတော့ ဖူမင်ရှစ်ရဲ့ စကားတွေကို တစိမ့်စိမ့် ပြန်တွေးနေမိဆဲပင်။ ကျားရှောင်ယုက ဖန်ရွှမ်းကို တံတောင်နှင့် တွတ်ပြီး ဖူမင်ရှစ်ရဲ့ လေသံအတိုင်း အတုခိုး၍ ပြောသည်။ “ ငါ မင်းတို့ကို သတိပေးလိုက်မယ်။ A တက္ကသိုလ်ကို လာပြီး ငါ့ဇနီးလောင်းလေးကို ထပ်နှောင့်ယှက်ရဲ နှောင့်ယှက်ကြည့်။ ဒီဥက္ကဌက မင်းတို့ကို မနက်ဖြန် နေထွက်ချိန်ကို မမြင်နိုင်အောင် လုပ်ပေးမယ်။ ”
ဖန်ရွှမ်းက တဟားဟား အော်ရယ်သည်။ ကျန်းပေါင်က စိတ်ပေါက်ပေါက်နှင့် ကျားရှောင်ယယုကို တွန်းထုတ်ပစ်လိုက်သည်။ ဖူမင်ရှစ်က အဲ့လို စကားမျိုး ဘယ်တော့မှ ပြောမှာ မဟုတ်ပါ။ စိတ်လှုပ်ရှားမှုတွေ ငြိမ်သက်သွားသောအခါ ကျန်းပေါင်လည်း သူမရဲ့ ကိုယ်ပိုင် ဝေ့ပေါ်အကောင့်ကို သွားကြည့်လိုက်သည်။ သူမနှင့် ဖူမင်ရှစ်ရဲ့ သတင်းက #1 မှာ ရေပန်းစားနေပြီး အင်တာနက်အသုံးပြုသူ များစွာက ထိုသတင်းကို အပူတပြင်း ဝိုင်းဖွဲ့ဆွေးနွေးနေခဲ့ကြသည်။
တချို့က သူမကို လူချမ်းသာတစ်ယောက်နှင့် လက်ထပ်နိုင်သည့်အတွက် အားကျသည် ၊ တချို့က သူမရဲ့ ရုပ်ရည်နှင့် မိသားစုနောက်ခံကို ဝေဖန်သည် ၊ တချို့က ဝမ်ရှုကို ကြိမ်းမောင်းသည် ၊ တချို့က သူမရဲ့ အဖေကို ကရုဏာသက်သည်။ တချို့ကတော့ သူမနှင့် ဖူမင်ရှစ်တို့အတွဲဟာ မြဲမှာ မဟုတ်ဘူးလို့ လောင်းကြေးထပ်နေကြသည်။
“ ဆက်မကြည့်နဲ့တော့။ သူတို့တွေက သဘောထားသေးသိမ်တဲ့ အမှိုက်လို လူတွေပဲ။ ” ရုတ်တရက်ပဲ သူမရဲ့ လက်ပ်တော့ဖန်သားပြင်ကို တစ်စုံတစ်ယောက်က ပိတ်လိုက်သောကြောင့် လှည့်ကြည့်လိုက်တော့ ဖန်ရွှမ်းကို တွေ့ရသည်။ ဖန်ရွှမ်းက ထိုသို့ ပြောပြီးချိန်မှာပဲ ချန်းလီလီနှင့် ကျားရှောင်ယုကလည်း သူတို့ရဲ့ ကွန်ပျူတာတွေကို ထားခဲ့ကာ သူမဘေးကို ရောက်လာကြသည်။
လေးယောက်ထဲမှာ ဖန်ရွှမ်းရဲ့ အတွေးအခေါ်တွေက အရင့်ကျက်ဆုံး ဖြစ်ပြီး သူမက ရေခွက်တစ်ခွက်ကို ကိုင်ထားလျက် ကျန်းပေါင်ကို ပြောသည်။ “ ငါတို့က ကာယကံရှင် မဟုတ်တော့ အခုအချိန်မှာ နင် ဘယ်လို ခံစားနေရလဲ ဆိုတာ အပြည့်အဝ နားလည်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ တခြားသူတွေ ဘယ်လိုပဲပြောပြော နင့်ပုံစံ အစစ်အမှန်အတိုင်းပဲ ဆက်နေဖို့ မမေ့နဲ့ ကျန်းပေါင်။ နင် ကြိုက်တဲ့ အရာကို ဆက်လုပ်။ ဘာကိုမှ စိတ်ထဲ မထည့်နဲ့။
နင့်အခြေအနေက နာမည်ကျော် အနုပညာရှင်တွေနဲ့ နည်းနည်းလေး တူတယ်။ စဉ်းစားကြည့်စမ်းပါ ၊ ငါတို့ရဲ့ ဘဝတွေက အရမ်း ပျင်းစရာကောင်းတယ်လေ။ အနုပညာရှင်တစ်ယောက်ရဲ့ ကောလဟာလတွေ ထွက်လာရင် နင်လည်း အတင်းပြောမှာပဲမလား။ ဒါပေမဲ့ ငါတို့ ဘယ်လောက်ပဲ အတင်းပြောပါစေ ၊ အဆုံးသတ်မှာတော့ အဲ့ဒါက ငါတို့ရဲ့ ပျင်းစရာကောင်းတဲ့ ဘဝကို အချိန်ကုန်စေရုံ သက်သက်ပဲ။ အတင်းပြောပြီးသွားရင်ရော အဲ့ဒီ အနုပညာရှင်တွေက ငါတို့နဲ့ ဘာသက်ဆိုင်သွားလို့လဲ။ ညစာ ဘာစားရမလဲ ဆိုတာ ငါတို့ဘာသာ ရွေးချယ်ရတယ် ၊ စာမေးပွဲမကျဖို့လည်း စိုးရိမ်ပူပန်ရသေးတယ်။
နင့်ဘဝမှာ နင်ကပဲ အဓိကကျတယ် ကျန်းပေါင်။ လူတွေက နင့်ကို ချီးမွမ်းတာပဲဖြစ်ဖြစ် ၊ ကဲ့ရဲ့တာပဲဖြစ်ဖြစ် အချိန်တန်ရင် ကိုယ့်ဘဝနဲ့ကိုယ်ပဲ ဆက်သွားရမှာ။ သူတို့က နင် သေလား ၊ ရှင်လားလည်း ဂရုမစိုက်ဘူး။ နင် ပျော်နေလား ၊ ဝမ်းနည်းနေလားလည်း ဂရုမစိုက်ဘူး။ ဒါပေမဲ့ နင်က အဲ့ဒီအရေးမပါတဲ့ စကားတွေကို စိတ်ထဲ ထည့်ပြီး နေ့တိုင်း တွေးနေမယ် ဆိုရင်တော့ တကယ့် အရူးပဲ။ ”
“ ဟုတ်တယ် ဟုတ်တယ်။ အဲ့ဒီ အင်တာနက်ပေါ်က လူတွေကို ဂရုမစိုက်နဲ့။ နင့်ရဲ့ ဥက္ကဌဖူကိုပဲ တွေးနေ။ ” ဟု ကျားရှောင်ယုကလည်း အတိုင်အဖောက်ညီညီ ဝင်ပြောသည်။ “ ငါသာ ဥက္ကဌဖူလို ချစ်သူမျိုး ရမယ် ဆိုရင် ပျော်လွန်းလို့ အိပ်နေရင်းနဲ့တောင် ရယ်ပြီး လန့်နိုးလာလောက်တယ်။ ငါ့မှာ တခြားလူတွေအကြောင်း တွေးနေဖို့ အချိန်ရှိရင် အဲ့အစား သူနဲ့ ပိတ်ရက်တွေကို ဘယ်လို ကုန်ဆုံးရင် ကောင်းမလဲ ၊ သူနဲ့ ဘယ်လို ကလေးမွေးရင် ကောင်းမလဲ ဆိုတာပဲ စဉ်းစားနေလိုက်မယ်။ ”
ကျန်းပေါင်က ပြုံးပြီး ခေါင်းငုံ့ထားမိသည်။
ခေါင်းအုံးတစ်လုံးကို ပွေ့ပိုက်ထားသော ကျားရှောင်ယုက ပင့်သက်ရှိုက်ရင်း လက်တစ်ဖက်ပေါ် မေးတင်လျက် ပြောသည်။ “ ငါ ကျန်းပေါင်ကို တကယ် လေးစားတယ်။ ငါ့မှာသာ ဖူမင်ရှစ်လိုမျိုး ဒီတစ်သက် သုံးမကုန်လောက်အောင် ပိုက်ဆံချမ်းသာတဲ့ ရည်းစားမျိုး ရှိရင် ငါ ဘာလို့ စာလုပ်နေဦးမှာလဲ။ စားလိုက် ၊ သောက်လိုက် ၊ ပျော်လိုက် ပါးလိုက်နဲ့ ကမ္ဘာလှည့်ခရီးသွားပြီးနေပြီ။ ဒါပေမဲ့ ကျန်းပေါင်ကတော့ ဥက္ကဌဖူ ထောက်ပံ့ပေးတဲ့ ပိုက်ဆံနဲ့တင် သူဌေးသမီးလို နေနိုင်ပါရက်နဲ့ စာကြည့်တိုက်ကို နေ့တိုင်း သွားတယ် ၊ တစ်လကို ယွမ် ( ၁၅၀၀၀ ) ရဖို့အတွက် ကြိုးကြိုးစားစားနဲ့ အပင်ပန်းခံပြီး အချိန်ပိုင်းအလုပ် လုပ်တယ်။ ”
“ ဟုတ်တယ်။ ကျန်းပေါင်လို မိန်းကလေးမျိုးက မော်ဒန်ခေတ်မှာ အရမ်း ရှားသွားပြီ။ သူက ကျားရှောင်ယုလို မြှူဆွယ်တတ်တဲ့ မြေခွေးမမျိုး မဟုတ်ဘူး။ ဥက္ကဌဖူ သူ့ကို သဘောကျတာ မထူးဆန်းပါဘူး။ ” ဟု ဖန်ရွှမ်းက စနောက်တော့ ကျားရှောင်ယုက သူမကို မျက်စောင်းထိုးသည်။
“ နင်ကမှ မြှူဆွယ်တတ်တဲ့ မြေခွေးမဟဲ့။ ”
ကျန်းပေါင်သည် သူမဘေးက အခန်းဖော်တွေကို ကြည့်ရင်း တစ်နေ့လုံး လေးလံဖိစီးနေခဲ့သော သူမရဲ့ နှလုံးသားသည်လည်း နောက်ဆုံးတော့ တည်ငြိမ်စပြုလာခဲ့သည်။ ပြီးခဲ့တဲ့ နှစ်ရက်ဟာ သူမအတွက် အိပ်မက်တစ်ခုလို ခံစားရသည်။ သူမရဲ့ မွေးနေ့ မရောက်ခင် အချိန်ထိ မထင်မရှား သာမန် မိန်းကလေးတစ်ယောက်သာ ဖြစ်ခဲ့သော်လည်း အခုတော့ အင်တာနက်တစ်ခွင်မှာ သူမရဲ့ မိသားစုဓာတ်ပုံတွေ ပျံ့နှံ့ကာ သူမရဲ့ မိသားစုနောက်ခံကိုလည်း လူတိုင်း သိသွားခဲ့ပါပြီ။
ဖူမင်ရှစ်နှင့် အတူ ရှိနေချိန်မှာ သူ့နှစ်သိမ့်စကားတွေက သူမကို အရမ်း မခံစားရအောင် ဖြေသိမ့်စေနိုင်ခဲ့သော်လည်း သူ ထွက်သွားသည်နှင့် တစ်ပြိုင်နက် နှလုံးသားဟာ ဆောက်တည်ရာမရ ပြန်ဖြစ်လာခဲ့သည်။ ကံကောင်းစွာဖြင့် သူမကို ဖူမင်ရှစ်ရဲ့ ကောင်မလေး ၊ သို့မဟုတ် သူ့ဇနီးလောင်းအဖြစ် မမြင်ဘဲ အရင်အတိုင်း မပြောင်းမလဲ ဂရုစိုက်ပေးတဲ့ အခန်းဖော်လေးတွေ ရှိနေလို့ တော်ပါသေးသည်။
နောက်တစ်နေ့ မနက်မှာတော့ ကျန်းပေါင်သည် အဆောင်ကနေ ကန်တင်း ၊ ကန်တင်းကနေ စာသင်ခန်းကို သွားရာ လမ်းမှာ အာရုံစိုက်မှုတွေ အများကြီးကို လက်ခံရရှိခဲ့သည်။ A တက္ကသိုလ်က ကြီးတာမို့ ဒီသတင်းကို တခြား တက္ကသိုလ်က ကျောင်းသားတွေလည်း ကြားပြီးလောက်ပေမဲ့ သူမကို ချက်ချင်း မမှတ်မိပါ။ သို့သော် တိရစ္ဆာန်ဆေးပညာ မေဂျာတစ်ခုလုံးမှာတော့ ( အထူးသဖြင့် ပထမနှစ် ကျောင်းသားတွေကြားမှာ ) ကျန်းပေါင်ကို မမှတ်မိတဲ့ လူ မရှိသလောက်ပင်။
ကျန်းပေါင်က အရှေ့တန်းမှာ ထိုင်ကာ ခေါင်းငုံ့၍ စာရွက်လှန်နေရင်း ဖူမင်ရှစ်ရဲ့ နာမည်ကို ပြောနေတဲ့ စကားသံတွေကို မကြာခဏ ကြားနေရသည်။ အတန်းထဲကို ပရော်ဖက်ဆာ ဝင်လာချိန်မှာတောင် သူ့ရဲ့ ပထမဆုံးအကြည့်က သူမဆီ ရောက်လာ၏။
ကျန်းပေါင်လည်း အပြုံးလေး တစ်ခုကို အားယူပြံးပြလိုက်ရသည်။ ပရော်ဖက်ဆာ အများစုက စာတော်တဲ့ ကျောင်းသား ၊ ကျောင်းသူတွေကို သဘောကျတတ်သလို တက္ကသိုလ်ပရော်ဖက်ဆာတွေကလည်း အတူတူပါပဲ။ ပရော်ဖက်ဆာလီက ဒီနေ့ ကျန်းပေါင်ကို မြင်တော့ “ ဆရာတို့အဆန်းထဲမှာ စင်ဒရဲလားလေးတစ်ယောက် ရှိတယ်လို့ သတင်းကြားတယ်။ ” ဟူ၍ပင် စနောက်ခဲ့သည်။
အသက် ငါးဆယ်ကျော်အရွယ် ပရော်ဖက်ဆာလီက ကျန်းပေါင်ကို ခဏလောက် ပြုံးပြပြီးနောက် စာသင်ခုံကို လက်နှစ်ဖက်ဖြင့် ထောက်ကာ တစ်ခန်းလုံးကို တည်ငြိမ်အေးချမ်းသော လေသံနှင့် ပြောခဲ့သည်။ “ စင်ဒရဲလား ဆိုတာ နတ်သမီးပုံပြင်သက်သက်ပဲ။ ကောင်မလေးတွေက စင်ဒရဲလားဖြစ်ချင်တဲ့ အိပ်မက်ရှိသလို ကောင်လေးတွေကလည်း ခြုံကြားကနေ ဘုံဖျားကို မိန်းမလှလေးနဲ့အတူ ရောက်သွားတဲ့ ဇာတ်လမ်းမျိုးကို စိတ်ကူးယဉ်ကြမယ် ထင်တယ်။
ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ စင်ဒရဲလားတွေ အများကြီး မရှိဘူး။ မင်းတို့ ဘယ်လို လူမျိုးနဲ့ ဆုံမှာလဲ ၊ ဘယ်လို အချစ်မျိုးနဲ့ ဆုံမှာလဲ ဆိုတာက မင်းတို့ရဲ့ ကိုယ်ပိုင် ဆွဲဆောင်မှုအပေါ် မူတည်တယ်။ ကိုယ်ပိုင် ဆွဲဆောင်မှု ဆိုတာ အောင်မြင်မှုတွေနဲ့ မဆိုင်ဘူး။ စိတ်နေစိတ်ထားနဲ့ ဘဝနေထိုင်မှုကို ပြောချင်တာပဲ။ တချို့က အကောင်းမြင်စိတ်ရှိပြီး ယုံကြည်မှုရှိတယ် ၊ တချို့က အနေအေးပြီး ရင့်ကျက်တယ် ၊ တချို့က ရေလိုပဲ နူးညံ့သိမ်မွေ့တယ်။ တချို့ကတော့ မီးလိုပဲ တောက်လောင်ပြင်းပြတယ်။ ဒါပေမဲ့ ဘယ်လို ဆွဲဆောင်မှုမျိုးပဲဖြစ်ဖြစ် တခြားလူတွေကို ကူးစက်စေနိုင်တဲ့ ၊ အပြုသဘောဆောင်တဲ့ အကြည်ဓာတ် တစ်မျိုး ရှိဖို့ လိုအပ်တယ်။ ”
ပရော်ဖက်ဆာလီက ရေတစ်ငုံ သောက်ပြီးနောက် ကျန်းပေါင်ရဲ့ စားပွဲခုံသို့ လျှောက်လာကာ သူမရဲ့ ပခုံးပေါ်ကို လက်တင်လိုက်သည်။ “ ကျန်းပေါင်ကို ဥပမာယူကြ။ ကျန်းပေါင်က အရမ်း လှတယ်။ အဲ့ဒါက လူအများ အားကျရလောက်တဲ့ သူ့ရဲ့ မွေးရာပါ ဆွဲဆောင်မှုပဲ။ ဒါပေမဲ့ ကျန်းပေါင်က လှရုံတင် မဟုတ်ဘူး။ ဝီရိယရှိရှိနဲ့ စာကြိုးစားတယ် ၊ ဘာသာတိုင်းမှာ အမှတ်ပြည့်နီးပါး ရတယ်။ တချို့ကတော့ စာမေးပွဲအဆင့်တွေက ဘာကိုမှ သက်သေပြမပေးနိုင်ပါဘူးလို့ ပြောလိမ့်မယ်။
အဆင့်ကောင်းတဲ့ ကျောင်းသားတွေတောင် လူ့အသိုင်းအဝိုင်းထဲ ရောက်သွားရင် သာမန်အလုပ်တွေနဲ့ပဲ အဆုံးသတ်သွားကြတယ်ပေါ့။ ဒါပေမဲ့ ကျန်းပေါင်မှာတော့ သူ့ဘဝနဲ့ ပတ်သက်ပြီး တာဝန်သိစိတ် ရှိတာကို ဆရာ သတိထားမိတယ်။ သူက ကိုယ့်ဘဝကိုယ် တိုးတက်ကောင်းမွန်စေဖို့အတွက် ကြိုးစားနေတာ။ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားချင်စိတ် ရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ရုပ်ချောပြီး ချမ်းသာတဲ့ မင်းသားလေး မရှိရင်တောင် ဘဝကို ကိုယ်ပိုင်အရည်အချင်းနဲ့ ကောင်းကောင်းမွန်မွန် ရပ်တည်နိုင်လိမ့်မယ်။ ဒါ့ကြောင့် ကျန်းပေါင် ဆက်ကြိုးစားသွားဖို့ ဆရာ မျှော်လင့်တယ်။
အခုအချိန်မှာ ဆေးပညာကို သေချာ လေ့လာပြီး အနာဂတ်မှာ အလုပ်နဲ့ အချစ်ရေးအတွက် ကြိုးစားပါ။ မီဒီယာတွေရဲ့ အာရုံစိုက်မှာကြောင့် လမ်းကြောင်းလွဲမသွားပါစေနဲ့။ စင်ဒရဲလား ၊ ဒါမှမဟုတ် ရွှေမင်းသားလေး မဖြစ်သေးတဲ့ ကျောင်းသား ၊ ကျောင်းသူတွေကလည်း ကျန်းပေါင်ကို မနာလိုမဖြစ်ဖို့ ၊ အားမကျဖို့ ဆရာ အကြံပေးချင်တယ်။ ကိုယ် ယူထားတဲ့ မေဂျာကို သေချာ လေ့လာပါ ၊ အသုံးဝင်တဲ့ စွမ်းရည်တွေကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်အောင် သင်ယူထားပါ ၊ ဒါဆိုရင် မင်းတို့ရဲ့ ကိုယ်ပိုင် ဆွဲဆောင်မှုကလည်း အားကောင်းလာမှာပါ။ ”
ပရော်ဖက်ဆာလီရဲ့ စကားဆုံးသောအခါ ကျောင်းသား ၊ ကျောင်းသူအားလုံးရဲ့ လက်ခုပ်သံတွေ ထွက်ပေါ်လာခဲ့သည်။ ကျန်းပေါင်က ပရော်ဖက်ဆာကို သူမဘက်က ရပ်တည်ပေးခြင်းအတွက် ကျေးဇူးတင်စိတ်ဖြင့် မျက်ရည်ဝဲလျက် မော့ကြည့်နေမိသည်။
ကျန်းပေါင်ရဲ့ အနောက်ဘက် ခုံတန်း သုံး ၊ လေးတန်းအကျော်မှာ ထိုင်နေတဲ့ ဖန့်ရွယ်လည်း လက်ခုပ်တီးနေပေမဲ့ သူမ ပြုံးနေတာက ငိုနေတာထက်တောင် အရုပ်ဆိုးနေခဲ့လေသည်။
ကျန်းပေါင်ကို ဖူမင်ရှစ်က တိတ်တိတ်ပုန်း တွဲနေသည်ဟု ထင်ထားခဲ့ပေမဲ့ အခုတော့ သူတို့က ဖူမင်ရှစ်ရဲ့ လူကြီးမိဘတွေဆီကပါ ခွင့်ပြုချက်ရထားတာ ဖြစ်နေသည်။ ကျန်းပေါင်မှာ ထူးခြားသော မြှူဆွယ်စွမ်းရည်တွေ ရှိနေလိမ့်မည်ဟု ထင်ထားသော်လည်း မီဒီယာတွေက ကျန်းပေါင်အဘိုးရဲ့ ဆင်းရဲသော်လည်း ဂုဏ်သိက္ခာရှိသော သမိုင်းကို ဖော်ထုတ်ခဲ့သည်။ ကျန်းပေါင်ရဲ့ အမေကို လူတွေက ဝိုင်းကြိမ်းမောင်းနေချိန်မှာ ကျန်းပေါင်ကတော့ ဖြူစင်သော အသွင်အပြင်ရှိသည့် သနားစရာ စင်ဒရဲလားလေးလို ကရုဏာသက်စရာကောင်းနေခဲ့သည်။
ကျန်းပေါင်ကို လူရယ်စရာ ဖြစ်သွားလိမ့်မည်ဟု ဖန့်ရွယ် မျှော်လင့်ထားခဲ့ပေမဲ့ လက်တွေ့မှာ မျှော်လင့်ထားသလို ဖြစ်မလာဘဲ ကျန်းပေါင်က လူတိုင်း အားကျရသော မိန်းကလေးတစ်ယောက် ဖြစ်သွားခဲ့သည်။ ကျောင်းဖိုရမ်တွေထဲမှာလည်း ကျန်းပေါင်နှင့် ဖူမင်ရှစ်တို့ ချစ်ကြည်နူး တစ်တီတူးနေသော ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေ ပြည့်နှက်နေသည်။ လူတိုင်းက ကျန်းပေါင်ကို ဆုမွန်ကောင်းတွေ တောင်းပေးနေခဲ့ကြသည်။
ကျန်းပေါင်နှင့် ပတ်သက်သော အချက်အလက်တွေကို အတင်းအဖျင်း ဘလော့ဂါဆီ ပို့ပေးခဲ့သူက သူမ ဆိုတာ ဘယ်သူမှ မသိသော်လည်း ကျန်းပေါင်ကို အတုအယောင်ဟု အတင်းပြောခဲ့သော သူမရဲ့ အခန်းဖော်တွေကတော့ သူမကို အခု လျစ်လျူရှုထားပြီး ကျန်းပေါင်ကို မျက်နှာချိုသွေးချင်နေကြ၏။ ဖန့်ရွယ်သည် ရင်ဘတ်ထဲမှာ မွန်းကြပ်နေပြီး မနက်ပိုင်း အတန်းချိန် ( ၄ ) ချိန်လုံးမှာလည်း စိတ်မပါပေ။
( ၄ ) ချိန်မြောက် အတန်း ပြီးဆုံးသွားသောအခါ ဖန့်ရွယ်က ဖုန်းထဲမှာ စာရိုက်နေသလို ဟန်ဆောင်၍ တခြား ကျောင်းသား ၊ ကျောင်းသူတွေ သူမထက် အရင် ထွက်သွားတဲ့အထိ စောင့်နေခဲ့သည်။ သူမ မော့ကြည့်လိုက်ချိန်မှာ အကုန်လုံးနီးပါး မရှိတော့ပေမဲ့ ရှေ့ဆုံးတန်းမှာ ထိုင်ပြီး စာအုပ်ထဲမှာ တစ်ခုခု ငုံ့ရေးနေတဲ့ ကျန်းပေါင်ကို မြင်လျှင် အံ့ဩသွားသည်။ စာသင်ခန်းထဲမှာ သူတို့နှစ်ယောက်က လွဲလို့ တစ်ယောက်မှ မရှိတော့ပါ။ ဖန့်ရွယ်က နှုတ်ခမ်းကိုက်ပြီး ကျန်းပေါင်ရဲ့ ကျောပြင်ကို စိုက်ကြည့်လိုက်သည်။
“ နင် ဘာလို့ အခုထိ မပြန်သေးတာလဲ။ ”
ကျန်းပေါင်က ဖူမင်ရှစ်ကို စောင့်နေတာပင်။ ဖူမင်ရှစ်ဟာ သူမရဲ့ နောက်ဆုံးအတန်းချိန် မပြီးခင်တုန်းကတည်းက သူ ကားပိတ်နေကြောင်း မက်ဆေ့ခ်ျပို့ကာ အတန်းထဲမှာ စောင့်ခိုင်းထားသည်။ သူ ရောက်တဲ့အခါ ဖုန်းဆက်ပြီး သူမကို လာခေါ်လိမ့်မည်။ ဒီလို အခြေအနေမျိုးက အရင်တုန်းကလည်း ဖြစ်နေကျမို့ အေးအေးဆေးဆေး အိမ်စာလုပ်နေတုန်းမှာပဲ ဖန့်ရွယ်ရဲ့ အသံကို ကြားလိုက်ရတာ ဖြစ်သည်။
ကျန်းပေါင်က ဖန့်ရွယ်ကို လှည့်ကြည့်ပြီး စာအရေးမပျက်ဘဲ “ ငါ အိမ်စာလုပ်ပြီးသွားတာနဲ့ ပြန်တော့မှာ။ ” ဟု ရိုးရှင်းစွာ ပြန်ပြောလိုက်သည်။
ဖန့်ရွယ်က စက္ကန့်ပိုင်းလောက် နှုတ်ဆိတ်သွားပြီးမှ ပိုက်ဆံအိတ်ကို လွယ်၍ မတ်တပ်ရပ်လိုက်သည်။ “ ငါ နင့်ကို အခုထိ ဂုဏ်မပြုရသေးဘူး။ အဲ့ဒီတော့ မင်ရှစ်က တကယ်ပဲ ဖူမင်ရှစ် ဖြစ်နေတာပဲ။ ”
ကျန်းပေါင် ဘာမှ ပြန်မပြောဖြစ်ပါ။ ဖန့်ရွယ်က အရင်တုန်းက ဖူမင်ရှစ်ကို မြှူဆွယ်ခဲ့ဖူးတာမို့ သူတို့နှစ်ယောက် သူငယ်ချင်း ဆက်မဖြစ်နိုင်တော့ပေ။ နှစ်ယောက်လုံးအတွက် အနေရခက်စရာကောင်းပါလျက်နှင့် ဖန့်ရွယ်တစ်ယောက် သူမကို ဘာလို့ စကားပြောချင်နေသေးတာလဲ ဆိုတာ နားမလည်။
ကျန်းပေါင်ရဲ့ စိမ်းကားမှုကို သတိထားမိသော ဖန့်ရွယ်က အရင်ဆုံး ထွက်လာခဲ့သည်။ မိန်းလမ်းပေါ်ရှိ လမ်းချိုးလေးတစ်ခုကို ဆင်းလာပြီးနောက် ဖူမင်ရှစ်နှင့် အမှတ်မထင် တွေ့သည်။ ဒီနေ့ ဖူမင်ရှစ်က သာမန် တက္ကသိုလ်ကျောင်းသားလေး မင်ရှစ်လို ရိုးရိုးရှင်းရှင်း ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည်။ သို့သော် နေရောင်ခြည်အောက်မှာ သူမဆီကို လျှောက်လာပုံက ချောမောတည်ငြိမ်နေပြီး သူ ဘယ်သူလဲ ဆိုတာကို သိစရာ မလိုဘဲနှင့်တောင် ဖြတ်သွားဖြတ်လာ မိန်းကလေးများစွာရဲ့ အကြည့်တွေကို ဆွဲဆောင်နိုင်သည်။
ဖန့်ရွယ်သည် သူမကို ဖူမင်ရှစ် သဘောမကျမှန်း သိသော်လည်း စိတ်မထိန်းနိုင်ဘဲ သူ့ကို ခိုးကြည့်မိသည်။ သူမရဲ့ အကြည့်တွေကို သတိထားမိတဲ့ ဖူမင်ရှစ်ရဲ့ မျက်လုံးတွေကလည်း သူမဆီ ရောက်လာပြီး ဖန့်ရွယ်မှန်း မှတ်မိသွားသည်။ သူမဟာ သူ့အတွက် သူစိမ်းတစ်ယောက်လိုပဲ အမူအရာ ပြောင်းလဲမသွားပါ။ ဖန့်ရွယ်ရဲ့ စိတ်ထဲမှာ စိတ်ရှုပ်ထွေး ၊ စိတ်ပျက်မိသလို ဖူမင်ရှစ်က သူမကို အထူးတလည် ဂရုမစိုက်သည့်အတွက် တိတ်တိတ်လေး စိတ်သက်သာရာရမိသည်။
အဲ့ဒါက သူမရဲ့ သေးသိမ်ညံ့ဖျင်းသော လုပ်ရပ်တွေကို သူ မသိဘူးလို့ အဓိပ္ပာယ်ရသည်။ သူမ ထိုဘလော့ဂါဆီ သတင်းပေးတုန်းက အမည်မဖော်ပြခဲ့သလို ကိုယ်ရေးကိုယ်တာ အချက်အလက်တွေလည်း တစ်ခုမှ မပေးခဲ့တာကို ပြန်တွေးမိတော့ ဖန့်ရွယ် ပိုစိတ်အေးသွားသည်။
“ ရှင် ဘာလို့ ဒီနေ့ လာတာလဲ။ ” ဖူမင်ရှစ်ကို မြင်သည်နှင့် ကျန်းပေါင်က ဘေးဘီဝဲယာ ပတ်ဝန်းကျင်ကို မသိစိတ်အရ ကြည့်မိသည်။
ဖူမင်ရှစ်က “ မင်း အသားကျသွားပြီလား ဆိုတာ ကြည့်ချင်လို့လေ။ ” ဟု ပြောရင်း သူမရဲ့ ဆံပင်လေးတွေကို အသည်းယားစွာ ဆွဲဖွလိုက်သည်။ “ အဖြေက သိသာပါတယ်။ ”
ဖန့်ရွယ်သည် မလုံမလဲနှင့် ခေါင်းငုံ့ထားမိသော်လည်း ကိုယ့်ကိုယ်ကိုယ် အလွန် ကျေနပ်သည်။ သူမ ဒီနေ့ အတန်းထဲမှာ စိတ်လွတ်မနေသလို အတန်းဖော်တွေကလည်း ဆိုးဆိုးဝါးဝါး စကားတွေ မပြောဘဲ သူမ ထင်ထားတာထက်တောင် ပိုဖော်ရွေကြသည်။
“ သွားရအောင်။ နေ့လယ်စာစားချိန် ရောက်နေပြီ။ ” ဖူမင်ရှစ်က ပြုံးပြီး သူမရဲ့ စက်ဘီးလေးကို တွန်းကာ သူမကို ကန်တင်းသို့ ခေါ်လာခဲ့လိုက်သည်။ စကားနှင့် ဘယ်လောက်ပဲ ဖြောင်းဖြေနှစ်သိမ့်ပေးပါစေ ၊ ကိုယ်တွေ့ ကြုံရတဲ့ အတွေ့အကြုံကိုတော့ ယှဉ်နိုင်မှာ မဟုတ်။ ကျင့်သားရသွားသည်နှင့် တစ်ပြိုင်နက် အသားတကျ ဖြစ်သွားလိမ့်မည်။ ကျန်းပေါင်က အတွေ့အကြုံ မရှိရုံသာ ဖြစ်ပြီး မပျော့ညံ့ပါ။
***