← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

အပိုင်း ( ၅၈ )

ဖူမင်ရှစ်က အခု သူမကို ထိုကာလအား ဖြတ်ကျော်နိုင်အောင် အဖော်ပြုပေးနေခြင်းသာ ဖြစ်သည်။ နေ့လယ်စာစားကာ အဆောင်ပြန်လိုက်ပို့ပေးပြီးနောက် အပြန်လမ်းမှာ ဖူမင်ရှစ်က သူ့လက်ထောက်ကို ဖုန်းဆက်လိုက်သည်။ အားကိုးရတဲ့ သူ့လက်ထောက်က သူနှင့် ကျန်းပေါင်အကြောင်းကို ဖော်ထုတ်ခဲ့သော ဘလော့ဂါကို လျင်မြန်စွာ ဆက်သွယ်ပြီး ထိုအကောင့်ကို ဈေးကြီးပေး၍ ဝယ်ယူခဲ့သည်။ ရုံးခန်းထဲကို ဖူမင်ရှစ် ဝင်လာချိန်မှာတော့ ထိုဘလော့ဂါရဲ့ ဝေ့ပေါ်အကောင့်ကို Login ဝင်ရန် အသေးစိတ် အချက်အလက်တွေအပြင် သတင်းပေးခဲ့သော အမည်မသိ အကောင့်နှင့် အပြန်အလှန် ပို့ထားတဲ့ မက်ဆေ့ခ်ျတွေကိုပါ ရရှိခဲ့ပြီ ဖြစ်သည်။

ဖူမင်ရှစ်က ထိုမက်ဆေ့ခ်ျတွေကို ခဏလောက် ဖတ်ကြည့်ပြီးနောက် ဘလော့ဂါရဲ့ ဝေ့ပေါ်အကောင့်ထဲကို ဝင်ကာ ထိုဘလောဘဂါအဖြစ် ဟန်ဆောင်၍ ဖန့်ရွယ်ကို မက်ဆေ့ခ်ျပို့လိုက်သည်။ ထိုအချိန်မှာ ဖန့်ရွယ်က အိပ်ရာထဲမှာ စိတ်ပျက်အားလျော့စွာ လဲလျောင်းလျက် ဝေ့ပေါ်ထဲမှာ ကျန်းပေါင်ကို ကြိမ်းမောင်းဆဲဆိုထားတဲ့ ကွန်းမန့် အနည်းငယ်ကို ဖတ်ရင်း အားပြည့်အောင် ကြိုးစားနေခဲ့သည်။

ရုတ်တရက်ပဲ မရင်းနှီးသော ဖော်လိုဝါတစ်ယောက်က သူမကို မက်ဆေ့ခ်ျပို့လာ၍ သိချင်စိတ်ဖြင့် ဖွင့်ကြည့်လိုက်သောအခါ သူမ ကောင်းကောင်းကြီး ရင်းနှီးနေသော ဘလော့ဂါရဲ့ ပရိုဖိုင်ဓာတ်ပုံနှင့် နာမည်ပြောင်ကို မြင်ရသည်။ ဖန့်ရွယ်တစ်ယောက် နှလုံးခုန်သံ ရပ်တန့်လုနီးပါး ဖြစ်သွားကာ ဇောချွေးတွေလည်း ပြန်လာခဲ့သည်။

ဘလော့ဂါ : ငါ့ကို မှတ်မိသေးလား မိန်းကလေးဖန့်။

မိနစ်ပိုင်းလောက် ကြာတော့မှ ဖန့်ရွယ်က [ ကျွန်မ ရှင့်ကို သိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ တစ်ခါမှ စကားမပြောဖူးဘူးလေ။ ရှင့်မှာ ကျွန်မကို ပြောစရာ တစ်ခုခု ရှိလို့လား။ ] ဟု စာပြန်လိုက်သည်။

ဘလော့ဂါ : ခုနတုန်းက ဖူမင်ရှစ်ရဲ့ လက်ထောက်က ငါ့ကို ဆက်သွယ်လာပြီး သတင်းပေးသူရဲ့ အချက်အလက်တွေကို အတင်းအကြပ် တောင်းသွားတယ်။ ငါ ဘယ်လိုမှ မဖုံးကွယ်နိုင်ခဲ့ဘူး။ မင်း ဆက်ငြင်းနေမယ် ဆိုရင် ငါတို့မှာ ဆက်ဆွေးနွေးစရာ မရှိတော့ဘူး။ ငါ သူ့ကို အမှန်အတိုင်း ပြောပြလိုက်တော့မယ်။

ဖန့်ရွယ် ခေါင်းနားပန်းကြီးသွားသည်။ ထိတ်လန့်တုန်လှုပ်မှုကြောင့် လက်တွေ တုန်ခါနေသလို တခြားတစ်ဖက်မှာလည်း သူမရဲ့ သရုပ်မှန်ကို ဒီဘလော့ဂါ သိစရာ အကြောင်းမရှိပါဘူးလို့ တွေးနေမိသည်။ ဒါပေမဲ့ ဒီလူ သူမကို မက်ဆေ့ချ်ပို့တယ် ဆိုကတည်းက သူ့မှာ ဟက်ကာတွေ ငှားထားတာများလား … ။

ဖန့်ရွယ်သည် ဘလော့ဂါရဲ့ မက်ဆေ့ခ်ျကို ဖတ်ကာ နောက်ဆုံး ကောက်ရိုးမျှင်လေးကို ဖက်တွယ်ရင်း [ ကျွန်မ ဝန်ခံလိုက်ရင် ရှင် ကျွန်မကို ဖုံးကွယ်ပေးထားမှာလား။ ] ဟု မေးလိုက်သည်။

ဖူမင်ရှစ်က ထိုမက်ဆေ့ခ်ျကို မြင်သောအခါ ကျန်းပေါင်ကို ပစ်မှတ်ထားနေသူဟာ ဖန့်ရွယ် ဖြစ်ကြောင်း အတည်ပြုနိုင်သွားပြီး ဘလော့ဂါရဲ့ အကောင့်ထဲက Log out လုပ်၍ သူ့လက်ထောက်ကို ဖုန်းဆက်လိုက်သည်။ “ အဲ့ဒီဝေ့ပေါ်အကောင့်ကို ဆက်သုံးနေပါ။ ငါနဲ့ ကျန်းပေါင်အကြောင်း သတင်းပေးတဲ့ လူက ဖန့်ရွယ် ဆိုတာ ဖော်ထုတ်တဲ့ သတိပေးချက်တစ်စောင်ကို သူ့ကို ပိုက်ဆံပေးပြီး ရေးခိုင်းလိုက်။ ငါ မင်းကို လိုအပ်တဲ့ အချက်အလက်တွေကို ခွဲပြီး ပို့ပေးမယ်။ ”

ဖန့်ရွယ် မက်ဆေ့ခ်ျတွေ ဘယ်လောက်ပဲ ပို့ပါစေ ၊ တစ်ဖက်က ဘလော့ဂါက စာမပြန်တော့ပါ။ သူမအပေါ် ကောင်းကင်ကြီး ပြိုကျလာသလို ခံစားရသည်။ သူ ပြောသွားတဲ့ စကားက ဘာကို ဆိုလိုချင်တာလဲ … ။ သူ ဖူမင်ရှစ်ကို သူမအကြောင်း သွားပြောတော့မှာလား … ။ ဖူမင်ရှစ်ကရော သူမကို ဘာလုပ်မှာလဲ … ။

“ အတန်းသွားရတော့မယ့် အချိန်ဖြစ်နေပြီ ဖန့်ရွယ်။ ” အခန်းဖော်တွေက သူမနှင့် ခပ်တန်းတန်း ခပ်စိမ်းစိမ်း နေ,နေကြသော်လည်း အတန်းသွားဖို့တော့ လာခေါ်ပါသေးသည်။ တစ်ယောက်က သူမ မနိုးသေးဘူး ဟူသော အထင်ဖြင့် အိပ်ရာလက်ရန်းကို လာခေါက်သည်။

“ သွားရအောင်လေ။ ”

“ နင်တို့တွေ အရင် သွားနှင့်ပါ။ ငါ ဗိုက်အောင့်နေတယ်။ ” ဖန့်ရွယ်က နံရံဘက်ကို မျက်နှာမူထားရင်း နေမကောင်းသလို ဟန်ဆောင်လိုက်တော့ သူမရဲ့ အခန်းဖော်တွေသူ သူတို့ဘာသာ ထွက်သွားကြသည်။ ဖန့်ရွယ်က ဘလော့ဂါရဲ့ ဝေ့ပေါ်အကောင့်ကို Refresh လုပ်ရင်း သူ စာပြန်လောက်မှာပါ ဟူသော မျှော်လင့်ချက်ဖြင့် မက်ဆေ့ခ်ျတွေ အဆက်မပြတ် ပို့နေခဲ့သည်။

ဘာပြန်စာမှ ရောက်မလာသော်လည်း သူမ Refresh လုပ်လိုက်တဲ့အခါ [ စင်ဒရဲလားတိုင်းမှာ ယုတ်မာကောက်ကျစ်တဲ့ မိန်းကလေး အရံဇာတ်ကောင် တစ်ယောက် ရှိတယ်။ ] ဟူသော Post အသစ်တစ်ခု တက်လာတာကို တွေ့လိုက်ရ၏။

“ နောက်ဆုံးရ သတင်းများအရ ဓာတ်ပုံဆရာတွေဟာ ကျန်းပေါင်ရဲ့ သံသယရှိဖွယ် အတန်းဖော်တစ်ယောက်ကို ခြေရာခံမိခဲ့ပါတယ်။ ကျန်းပေါင်နဲ့ ဖူမင်ရှစ်ဟာ မနှစ်တုန်းက စပြီး တွဲခဲ့ကြတယ်လို့ အတည်ပြုထားပါတယ်။ ဒီနှစ် အစောပိုင်းမှာ ကောလဟာလတွေ မထွက်ခင် အချိန်ထိ ဖူမင်ရှစ်က သူ့ကို ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူးလို့ ယုံကြည်စိတ်ချမှု အပြည့် ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ပထမနှစ်ကျောင်းသူ မိန်းကလေးဖန့်က ဖူမင်ရှစ်ရဲ့ ဓာတ်ပုံတွေကို မြင်ပြီးနောက်မှာ သူ့သူငယ်ချင်းရဲ့ ချစ်သူဟာ ဘီလျံနာ ဖူမင်ရှစ်က လွဲပြီး တခြားသူ မဖြစ်နိုင်ဘူး ဆိုတာကို ရိပ်စားမိခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းက စပြီး အရင်တုန်းက မျက်နှာဗြောင်နဲ့ပဲ နေခဲ့တဲ့ မိန်းကလေးဖန့်ဟာ ရည်ရွယ်ချက် တချို့ကြောင့် မိတ်ကပ်စလိမ်းခဲ့ပါတယ်။ ကျန်းပေါင်နဲ့ ဖူမင်ရှစ်တို့ ကန်တင်းမှာ နေ့လယ်စာစားနေတုန်း မိန်းကလေးဖန့်က သူတို့နဲ့ အတင်း ဝင်ထိုင်တဲ့အခါ ဖူမင်ရှစ်က ကျန်းပေါင်နဲ့ ချက်ချင်း ထထွက်သွားတယ်လို့ ပြောတဲ့ မျက်မြင်သက်သေတွေလည်း ရှိပါတယ်။ ဒီအဖြစ်အပျက် ဖြစ်ပြီးနောက်ပိုင်း သိပ်မကြာခင်မှာပဲ ပါပါရာဇီတစ်ယောက်ဆီကို အမည်မသိ လူတစ်ယောက်က ဖူမင်ရှစ်ရဲ့ လျှို့ဝှက်အချစ်ဇာတ်လမ်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သတင်းပေးခဲ့ပါတယ်။ ”

စကားလုံးတွေက ရှင်းလင်းပြတ်သားမှု မရှိသလို ထိုပို့စ်ထဲမှာ ပါတဲ့ မိန်းကလေးဖန့်က သူမပါလို့ အတိအကျ ပြောထားခြင်း မရှိသော်လည်း ဖန့်ရွယ်သည် အသူရာ ချောက်နက်ကြီးထဲကို ပြုတ်ကျသွားသလို ခံစားလိုက်ရလေသည်။ သူတို့အတန်းထဲမှာ ဖန့်မျိုးရိုး နှစ်ယောက်သာ ရှိတာ ဖြစ်ပြီး ကျန်တစ်ယောက်က ယောက်ျားလေး ဖြစ်သည်။ ကျန်းပေါင်ရဲ့ အတန်းဖော် ဆိုလည်း ဟုတ် ၊ ဖန့်မျိုးရိုး ဆိုလည်း ဟုတ်ပြီး ထိုပို့စ်ထဲမှာ ပါဝင်သော အချက်အလက်များနှင့် ကိုက်ညီသူက သူမတစ်ယောက်တည်းသာ ရှိသည်။ ဒီနှစ်မှ စပြီး မိတ်ကပ်လိမ်းတဲ့ ကျောင်းသူကလည်း သူမပင်။

ငါ ဘာလုပ်ရင် ကောင်းမလဲ … ။

ဖန့်ရွယ်သည် ထိုပို့စ်အောက်က ဝေပေါ်ကွန်းမန့်တွေကို ဝင်ဖတ်ကြည့်လိုက်သည်။

“ ဒီမိန်းကလေးဖန့်က လုံးဝကို အရှက်မရှိဘူးပဲ။ သူက ကိုယ့်သူငယ်ချင်းရဲ့ ကောင်လေးကို မြှူဆွယ်ဖို့ မိတ်ကပ်တောင် လိမ်းခဲ့တယ်။ သူ့အကြံအစည် မအောင်မြင်တော့ မဟုတ်မမှန် သတင်းပေးပြီး ကျန်းပေါင်ကို စပွန်ဆာယူတယ်လို့ နာမည်ဖျက်ခဲ့တယ်။ ယုတ်မာလိုက်တာ။ ”

“ စနိုက်ကြော်မတွေက ကြောက်စရာကောင်းပေမဲ့ သူများရည်းစားကို ကြောင်တောင်နှိုက်ပြီး စနိုက်ကြော်မ ဖြစ်ချင်နေတဲ့ ကောင်မကတော့ အားလုံးထက် ပိုကြောက်စရာကောင်းတယ်။ ”

“ စနိုက်ကြော်မတွေက လူ့အဖွဲ့အစည်းကို ဘာကောင်းကျိုးမှ မရှိဘူး။ ဘလော့ဂါ A က သူ့ဓာတ်ပုံကို ချပြလိမ့်မယ်လို့ မျှော်လင့်တယ်။ ”

ဖန့်ရွယ်သည် ကွန်းမန့်တွေကို ဆက်မဖတ်နိုင်တော့ဘဲ မျက်နှာပေါ်ကို မျက်ရည်တွေ တသွင်သွင် စီးကျလျက် စောင်အောက်မှာ ခန္ဓာကိုယ်လေးကို ကွေးထားရင်း တဆတ်ဆတ် တုန်ယင်နေမိတော့သည်။

စာသင်ခန်းထဲတွင် စာထဲကို စိတ်မပါသော ကျားရှောင်ယုက စာသင်ခုံပေါ်မှာ ခေါင်းမှောက်လျက် ပုံနှိပ်စာအုပ်နှင့် ကွယ်ကာ အောက်က ဖုန်းကို ငုံ့ကြည့်နေခဲ့သည်။ သူမရဲ့ အခန်းဖော် ကျန်းပေါင်က နာမည်ကြီးတစ်ယောက် ဖြစ်လာပြီမို့ အခုတလော ကျားရှောင်ယု စိတ်အဝင်စားဆုံးက သူမ ဖောလိုးထားတဲ့ ဘလော့ဂါတွေ ဘာအသစ်အဆန်းတွေများ တင်ထားလဲ ဆိုတာ ဝေ့ပေါ်ကို နေ့တိုင်း စစ်ဆေးကြည့်ဖို့ ဖြစ်သည်။ ထိပ်တန်း ဘလော့ဂါတစ်ယောက်ရဲ့ ပို့စ်အသစ်ကို မြင်သောအခါ သူမ ချက်ချင်း နှိပ်လိုက်သည်။

“ ဘုရားရေ … ”

ထိုပို့စ်ကို တစ်ဝက်တစ်ပျက် ဖတ်ပြီးချိန်မှာပဲ ကျားရှောင်ယုရဲ့ နှုတ်ကနေ ကျိန်ဆဲသံ လွှတ်ခနဲ ထွက်သွား၏။ စင်မြင့်ပေါ်က ကတိက အပါအဝင် အတန်း ( ၄ ) တန်းက ကျောင်းသားတွေကို စုထားတဲ့ လက်ချာချိန် ဖြစ်နေတာကြောင့် အားလုံးရဲ့ အကြည့်က သူမဆီ ရောက်လာသည်။

ကျားရှောင်ယုသည် ချက်ချင်းပဲ ခေါင်းလေးပုကာ ပုံနှိပ်စာအုပ်နောက်မှာ ပုန်းနေလိုက်ရ၏။ ကတိက,က ဘာမှ မပြောဘဲ စာဆက်သင်နေတော့မှ ကျားရှောင်ယုက “ ဒီပို့စ်ကို ဖတ်ကြည့်ဦး။ ” ဟု ဆိုကာ ကျန်းပေါင်ဆီ ဖုန်းလှမ်းပေးလိုက်သည်။

ကျန်းပေါင်က ဖုန်းကို ယူကာ ဖတ်ကြည့်ပြီးနောက် စိတ်ရှုပ်ထွေးသွားပုံပေါ်သည်။ မိန်းကလေးဖန့် ဆိုတာက တကယ်ပဲ ဖန့်ရွယ်လား … ။ သူမ ဖန့်ရွယ်နှင့် ပတ်သက်၍ ဆိုးဆိုးဝါးဝါး မတွေးချင်သော်လည်း ဖူမင်ရှစ်နှင့်လည်း သိ ၊ မင်ရှစ်နှင့်လည်း သိပြီး သူမအပေါ် မလိုမုန်းထားစိတ်ရှိသူ ဆိုလို့ ဖန့်ရွယ်တစ်ယောက်တည်းသာ ရှိပါသည်။

ကျန်းပေါင်တစ်ယောက် အတွေးထဲမှာ နစ်မြုပ်နေတုန်းမှာပဲ ကျားရှောင်ယုက ဖန့်ရွယ်ရဲ့ ကောက်ကျစ်ယုတ်မာသော လုပ်ရပ်တွေကို ချန်းလီလီနှင့် ဖန်ရွှမ်းအား ပြလိုက်ပြီ ဖြစ်သည်။ A တက္ကသိုလ် စကားဝိုင်းဖိုရမ်ထဲက ကျောင်းသူတစ်ယောက်ကလည်း ထိုပို့စ်ကို စခရင်ရှော့ရိုက်၍ တင်ထားသည်။ ခဏအကြာမှာပဲ ထိုစခရင်ရှော့တွေဟာ ကျန်းပေါင်တို့အတန်းရဲ့ Group Chat ထဲအထိ ရောက်လာခဲ့သည်။

Group Chat တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး မိနစ် အနည်းငယ် အကြာမှာတော့ အမည်မဖော်ပြထားသော တစ်စုံတစ်ယောက်က ဖန့်ရွယ်ကို ကျေးဇူးမသိတတ်ဘူးဟု စတင်ဆဲဆိုခဲ့သည်။

မိန်းကလေးအဆောင်တွင် ဖန့်ရွယ်သည် အင်တာနက်အသုံးပြုသူတွေရဲ့ အွန်လိုင်းအကြမ်းဖက်မှုနှင့် သူမရဲ့ သရုပ်မှန်ကို အတန်းဖော်တွေ ခန့်မှန်းမိသွားပြီး ရစရာမရှိအောင် လူသိရှင်ကြား ဆဲဆိုကြိမ်းမောင်းနေသော စကားတွေကို ကြည့်ရင်း မျက်ရည်တွေ စီးကျလာခဲ့သည်။ ရုတ်တရက်ပဲ ကျောင်းထွက်ချင်စိတ်လည်း ဝင်လာသည်။

သူမ A တက္ကသိုလ်မှာ ဆက်မနေနိုင်တော့ပါ။ အခန်းဖော်တွေ ပြန်ရောက်လာလျှင် သူမကို ဘယ်လို အကြည့်မျိုးနှင့် ကြည့်မလဲ ဆိုတာ စိတ်ကူးတောင် မယဉ်ရဲ။ ဖန့်ရွယ်သည် လူတိုင်းရဲ့ သူမကို ရွံရှာစက်ဆုပ်သော အကြည့်များကို မြင်ယောင်ရင်း မျက်ရည်တွေကို ခဏ ရပ်တန့်လိုက်သည်။ ထို့နောက် ချက်ချင်း ဆိုသလိုပဲ ထထိုင်ကာ သူမရဲ့ အထုပ်အပိုးတွေကို အမြန်ဆုံး အရှိန်နှုန်းဖြင့် စတင်သိမ်းဆည်းတော့သည်။

ဖန့်ရွယ် ကျောင်းထွက်သွားသည်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ပြန်ဖြေဖို့ အထက်တန်းကျောင်း ပြန်တက်တာလား ၊ ဒါမှမဟုတ် သူမမှာ တခြား အစီအစဉ်တွေ ရှိနေတာလား ဆိုတာကိုတော့ ဘယ်သူမှ မသိပါ။ ပွဲဆူအုံကြွတာတွေ မရှိတဲ့အခါ ဖူမင်ရှစ်နှင့် ကျန်းပေါင်တို့ရဲ့ အွန်လိုင်းပေါ်က အချစ်ဇာတ်လမ်းဟာလည်း လျင်မြန်စွာ တည်ငြိမ်သွားခဲ့သည်။ အာရုံစိုက်မှုတွေအောက်ကနေ ကာယကံရှင် နှစ်ယောက်လုံး ပျောက်ကွယ်သွားပြီး အသေးအဖွဲ အရံဇာတ်ကောင်လေး ဖန့်ရွယ်ကလည်း လှိုင်းဂယက် အနည်းကိုသာ ထစေခဲ့သည်။

ဖန့်ရွယ်မိဘတွေနှင့် A တက္ကသိုလ်ကြားက ညိနှိုင်းဆွေးနွေးမှုတွေအပြီးမှာ ကျောင်းရဲ့ အွန်လိုင်းဖိုရမ်တွေက ဖန့်ရွယ်နှင့် ပတ်သက်သော ဆွေးနွေးမှုတွေကို ပိတ်ပင်ခဲ့သည်။ သက်ဆိုင်ရာ ပို့စ်တွေ အားလုံးလည်း ပျောက်ကွယ်သွားသည်။

ချန်းလီလီက ထိုင်ခုံကို လှည့်ကာ လသာဆောင်မှာ အဝတ်လှန်းနေတဲ့ ကျန်းပေါင်ကို ကြည့်ရင်း ကျားရှောင်ယုနှင့် အတင်းပြောလိုက်သည်။ “ နင် ဘယ်လို ထင်လဲ။ ဖူမင်ရှစ်က သူတို့ကို သတင်းပေးခဲ့တဲ့ လူက ဖန့်ရွယ် ဆိုတာကို ဖော်ထုတ်ဖို့ အကွက်ကျကျ စီစဉ်ခဲ့တာလား။ ”

ကျားရှောင်ယုက “ သူနဲ့ ထိုက်တန်ပါတယ်။ ” ဟု ဆိုကာ ဆီးသီးအစေ့ကို ထွေးထုတ်လိုက်သည်။ “ သူက အပြစ်မရှိတဲ့ ကျန်းပေါင်ကို ကျောင်းထဲမှာ အနိုင်ကျင့်ပြီး ဖူမင်ရှစ်ကို မြှူဆွယ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အဲ့ဒါက အလုပ်မဖြစ်ခဲ့ဘူး။ ငါတို့ သူ့ရဲ့ သေးသိမ်ညံ့ဖျင်းတဲ့ လုပ်ရပ်တွေကို လျစ်လျူရှုပေးနိုင်ပေမဲ့ သူက ကျန်းပေါင်ရဲ့ ကိုယ်ရေး အချက်အလက်တွေကို ပါပါရာရာဆီ ပို့ပေးပြီး ကျန်းပေါင်ကို စပွန်ဆာယူနေပါတယ်လို့ မဟုတ်မမှန် စွပ်စွဲခဲ့တယ်။ အဲ့ဒါက သေးသိမ်ညံ့ဖျင်းတာ မဟုတ်တော့ဘူး ၊ ကောက်ကျစ်ယုတ်မာတာ ဖြစ်သွားပြီ။

ဖူမင်ရှစ် ကိစ္စတွေကို မရှင်းလင်းခင်တုန်းက အင်တာနက်အသုံးပြုသူတွေက ကျန်းပေါင်ကို ဘယ်လောက်တောင် ဆိုးဆိုးဝါးဝါး ပြောဆိုစော်ကားခဲ့လဲ ဆိုတာ နင် မှတ်မိသေးလား။ သူတို့ ဖန့်ရွယ်ကို အခု ပြောဆိုနေတာထက် ဆယ်ဆလောက် ပိုဆိုးတယ်။ ငါ ဖန့်ရွယ်အကြောင်း သေချာ သိတယ်။ သူ့မှာ မည်းညစ်တဲ့ စိတ်နှလုံးရှိတယ်။ ငါတို့ သူ့ကို သင်ခန်းစာ မပေးရင် သူ နောက်တစ်ယောက်ကို ထပ်ဒုက္ခပေးလိမ့်မယ်။ ”

ချန်းလီလီက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

ဖန်ရွှမ်းက သက်ပြင်းချသည်။ “ ဖူမင်ရှစ်က လူတွေရဲ့ အမြင်ကို ထိန်းချုပ်တဲ့ နေရာမှာ အရမ်း တော်တယ်။ သူက ဖန့်ရွယ်ကို ကျန်းပေါင်ကို အနိုင်ကျင့်တဲ့အတွက် အပြစ်ပေးချင်နေတာ သေချာတယ်။ ဖန့်ရွယ်နဲ့ နာမည် ၊ ဓာတ်ပုံတောင် မပါဘဲ ဒီတိုင်း ကောလဟာလသက်သက်နဲ့တင် လူတွေက ဖန့်ရွယ်ရဲ့ လက်ချက်မှန်း ခန့်မှန်းနိုင်သွားကြပြီ။ ဖန့်ရွယ်က ယုတ်မာပေမဲ့ သူ့ဓာတ်ပုံကို အရင်ဆုံး ဖြန့်တဲ့ လူကလည်း သူတော်ကောင်းတော့ မဟုတ်ဘူး။ ငါက အွန်လိုင်း အကြမ်းဖက်မှုတွေကို သဘောမကျဘူး။ ဒါက တရားမျှတတဲ့ ရလဒ်ပဲ။ ဖန့်ရွယ်လည်း သင်ခန်းစာရသွားပြီ ၊ ပြဿနာလည်း ပြီးသွားပြီ ၊ သူ သိုသိုသိပ်သိပ် နေထိုင်မယ် ဆိုရင် သာမန်ဘဝအတိုင်း ဆက်နေလို့ ရသေးတယ်။ ကိစ္စတွေကို ထပ်ပြီး အကျယ်ချဲ့နေရင် ကျန်းပေါင်ကိုလည်း ထိခိုက်စေလိမ့်မယ်။ ”

အင်တာနက်ပေါ်မှာ ဖန့်ရွယ်ရဲ့ မကောင်းမှုတွေ လျင်မြန်စွာ ပျံ့နှံ့သွားခြင်းရဲ့ နောက်ကွယ်မှာ ကြိုးကိုင်နေသူက ဖူမင်ရှစ် ဖြစ်ဖို့ များသည်။

အဝတ်လှန်းပြီးနောက် မှန်တံခါးကို ဆွဲ့ဖွင့်၍ ဝင်လာသော ကျန်းပေါင်က လူစုထိုင်နေသော အခန်းဖော် သုံးယောက်ကို ကြည့်ကာ “ နင်တို့ ဘာတွေ ပြောနေကြတာလဲ။ ” ဟု မေးလိုက်သည်။

ချန်းလီလီက ကျိတ်ရယ်သည်။ “ ဖူမင်ရှစ် လာလည်ရင် လသာဆောင်မှာ လှန်းထားတဲ့ အတွင်းခံတွေထဲက ဘယ်ဟာက နင့်အတွင်းခံလဲ ဆိုတာ ခွဲနိုင်မှာလားလို့ ခန့်မှန်းနေကြတာ။ ”

လေးယောက်ထဲမှာ ချန်းလီလီရဲ့အတွေးက အမှောင်မိုက်ဆုံး ဖြစ်သည်။ ကျန်းပေါင်က မသင့်လျော်သော အကြောင်းအရာတွေကို ခေါင်းထဲကနေ ချက်ချင်း ထုတ်ပစ်ကာ အဝတ်ဇလုံကို သွားချထားလိုက်၏။ ဖန့်ရွယ် ကျောင်းပြောင်းသွားတဲ့နောက်ပိုင်း ကျန်းပေါင် ဘယ်သွားသွား အနည်းငယ် အနေရခက်သည်။

လူတွေက အားနည်းသူကို သနားတတ်တာ သဘာဝမို့ ဖန့်ရွယ်က ကျန်းပေါင်ကို အနိုင်ကျင့်တဲ့အခါ အမည်မသိ ပွဲကြည့်သူတွေက ဖန့်ရွယ်ရဲ့ ရက်စက်မှုကို ဝိုင်းဝန်းဝေဖန်ခဲ့ကြသည်။ သို့သော်လည်း ဖန့်ရွယ် ကျောင်းထွက်သွားချိန်မှာတော့ လူတချို့က ကျန်းပေါင် တရားလွန်သွားပြီဟု ထင်ခဲ့ကြသည်။ သူမလည်း ဘာမှ မလုပ်မိပါဘဲ ဖန့်ရွယ် ကျောင်းထွက်တာ သူမကြောင့်ဟု ဆိုသည်။

ကျန်းပေါင်ကတော့ လူတွေရဲ့ အကြည့်တွေ ၊ အတင်းအဖျင်းတွေကို ကိုယ့်လိပ်ပြာကိုယ်လုံစွာ လျစ်လျူရှုထားပြီး သူမရဲ့ ဘဝကို အေးအေးချမ်းချမ်း နေထိုင်နေခဲ့လေသည်။ နွေရာသီ နှစ်ဆုံးစာမေးပွဲတွေ ပြန်လည် တစ်ပတ်လည်လာချိန်မှာတော့ ကျန်းပေါင်ရဲ့ ဘဝက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

အတန်းထဲက ဘယ်သူကမှ သူမအကြောင်း ဆက်မဆွေးနွေးတော့ပါ။ ဖူမင်ရှစ် သူမနှင့် လာတွေ့လျှင်လည်း လူစိတ်ဝင်စားမှု သိပ်မခံရတော့ဘဲ တစ်ခါတလေ နှစ်ယောက်အတူ အပြင်သွားတော့မှသာ ဓာတ်ပုံလေးတွေ ထွက်လာလေ့ရှိသည်။ ဒါပေမဲ့ ကျန်းပေါင်ကတော့ အဲ့ဒီလို အသေးအဖွဲ အတင်းအဖျင်းတွေကို အခုအချိန်မှာ လျစ်လျူရှုထားနိုင်ပါပြီ။

A တက္ကသိုလ် တိရစ္ဆာန်ဆေးရုံမှာ သူမ နှစ်ဝက်ကျော် အချိန်ပိုင်းအလုပ် လုပ်ခဲ့သည်။ တစ်ရက်ကို နှစ်နာရီသာ လုပ်သည် ဆိုပေမဲ့ ပိတ်ရက်တွေမှာလည်း တတ်နိုင်သမျှ ကူညီပေးတတ်တာမို့ တဖြည်းဖြည်းနှင့် ဝန်ထမ်းတွေက သူမကို တိရစ္ဆာန်တွေနှင့် အံ့ဩစရာကောင်းလောက်အောင် ခင်မင်ရင်းနှီးသော ပထမနှစ် ကျောင်းသူလေးအဖြစ် မှတ်မိလာခဲ့ကြသည်။

အစပိုင်းမှာ ကျန်းပေါင်ရဲ့ တာဝန်က ဆေးရုံကို ရောက်လာတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို သန့်ရှင်းရေးလုပ်ပေးရုံသာ ဖြစ်သော်လည်း ဒီအလုပ်မှာ သင်ယူထားတာတွေလည်း ပိုများလာ ၊ လူတွေနှင့်လည်း ပိုရင်းနှီးလာချိန်မှာ စီနီယာတွေ အလုပ်သင်ဆင်းတော့မှသာ ရနိုင်မည့် ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှု တချို့ကို သူမက ပထမနှစ်ကတည်းက ရယူနိုင်ခဲ့သည်။ ထို့ကြောင့် နှစ်လတိတိ လုပ်ပေးရမည့် အချိန်ပိုင်းအလုပ် တစ်ခုကို နွေရာသီ ကျောင်းပိတ်ရက်ရှည် မရောက်ခင်မှာ မမျှော်လင့်ဘဲ ရရှိခဲ့သည်။

ကျန်းပေါင် စိတ်လှုပ်ရှား ပျော်ရွှင်မိသော်လည်း ဖူမင်ရှစ် သဘောကျမှာ မဟုတ်မှန်း ခန့်မှန်းမိသောကြောင့် သူ့စိတ်ခံစားချက်ကို အနှောင့်အယှက် မဖြစ်စေချင်၍ ညစာစားပြီးနောက် တက္ကသိုလ်ပရဝုဏ်ထဲမှာ လမ်းပတ်လျှောက်တော့မှ ထိုအကြောင်းကို တမင် ပြောပြခဲ့သည်။

ဖူမင်ရှစ်က အနည်းငယ် ရယ်သည်။ သူ့ရယ်သံက ရယ်တယ် ဆိုတာထက် လှောင်ပြောင်သရော်တာနှင့် ပိုတူပါသည်။ ကျန်းပေါင်ကတော့ ခေါင်းငုံ့ထားပြီး သစ်သီးဖျော်ရည်ဘူးလေးကိုသာ စုပ်သောက်နေမိသည်။ ခြေလှမ်း ဆယ်လှမ်းလောက် လျှောက်ပြီးသောအခါ ဖူမင်ရှစ်က သူမရဲ့ ရှေ့ကနေ ပိတ်ရပ်ပြီး “ လစာက ဘယ်လောက်လဲ။ ” ဟု ညင်သာစွာ မေးသည်။

သစ်သီးဖျော်ရည်ဘူးလေးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသော ကျန်းပေါင်က “ တစ်လကို ယွမ် ( ၂၀၀၀ ) တဲ့။ စနေ ၊ တနင်္ဂနွေ ဆိုရင်တော့ အလုပ်ပိတ်ပေးတယ်။ ” ဟု ပြန်ဖြေလိုက်သည်။

ဂျူလိုင်လနှင့် ဩဂတ်စ်မှာ ထိုအလုပ်ကို လုပ်ခြင်းက သူမရဲ့ တစ်နှစ်စာ ကျူရှင်လခတွေ ၊ နေထိုင်စရိတ်တွေကို ဖြေရှင်းပေးလိမ့်မည်။ ပုံမှန် အချိန်ပိုင်းအလုပ်က ရသော လစာကိုပါ ပေါင်းလိုက်လျှင် ကိုယ့်ပိုက်ဆံနှင့်ကိုယ် ကျောင်းတက်နိုင်လိမ့်မည်ဟု ကျန်းပေါင် ယုံကြည်ချက်ရှိသည်။ သူမ စီစဉ်ထားသလို ပညာသင်ဆုပါ ရခဲ့လျှင်တော့ ပထမနှစ်အတွက် ဖူမင်ရှစ် ထောက်ပံ့ပေးခဲ့သော ကျူရှင်လခတွေ ၊ အစားအသောက် စရိတ်တွေကို ပြန်ဆပ်နိုင်ပြီး ခြိုးခြိုးခြံခြံ ချွေချွေတာတာနှင့် ဘွဲ့ယူနိုင်လိမ့်မည်။

***

All Chapters