← Chapters

အခန်း ၆၁

Vol. 7 Ch. 61

အခန်း ၆၁

Vol. 7 Ch. 61

အပိုင်း ( ၆၁ )

ဖူမင်ရှစ်က အဘွားကော ဘေးအိမ်ထဲကို ဝင်ရောက်ပျောက်ကွယ်သွားတဲ့အထိ ကြည့်နေပြီးမှ ရေချိုးခန်းထဲ ဝင်ကာ သူ့ကိုယ်သူ ဖြေလျှော့လိုက်သည်။ ထို့နောက် မျက်နှာသစ် ၊ သွားတိုက်ကာ ရေဇလုံကို ယူပြီး အပေါ်ထပ်တက်လာခဲ့သည်။ အနည်းငယ် ပွင့်ဟနေသော အခန်းတံခါးကို ဖူမင်ရှစ် ညင်သာစွာ တွန်းဖွင့်ဝင်လာခဲ့လိုက်သည်။ မနက်ခင်း နေရောင်ခြည့်က အခန်းထဲမှာ လင်းဖြာကျနေသည်။

ကျန်းပေါင်က ခုတင်ပေါ်မှာ အိပ်ပျော်နေဆဲ ဖြစ်ပြီး ပခုံးသား ဖြူဖြူလေးတွေက အပူရှိန်ကြောင့် ခပ်ရဲရဲ ဖြစ်နေသည်။ လှပသော ခြေတံရှည်လေးတွေကတော့ လုံးဝ အဝတ်ကင်းမဲ့နေပြီး မရှိမဖြစ် အရေးကြီးသော အစိတ်အပိုင်းလေးတွေကိုသာ စောင်နှင့် အုပ်ထားသည်။ အခန်းထဲမှာ သာယာမှုအပြီး ကျန်ရှိလေ့ရှိသော ရနံ့တစ်မျိုး ရှိနေသည်။ မနေ့ညတုန်းက ရနံ့လား ၊ ခုနတုန်းက ရနံ့လား ဆိုတာကိုတော့ ဖူမင်ရှစ် မခွဲခြားတတ်ပါ။

ဖူမင်ရှစ်က ရေဇလုံကို အောက်ချကာ ခုတင်ဘေးသို့ လျှောက်သွားလိုက်သည်။ ကျန်းပေါင်က မျက်နှာလေး နီရဲလျက် ၊ ပန်းနုရောင် နှုတ်ခမ်းလေး‌တွေ အနည်းငယ် ဖူးရောင်လျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်။ သူမရဲ့ ချော‌မွတ်သော ပခုံးသားလေးဆီ အကြည့်ရောက်သွားချိန်မှာ ဖူမင်ရှစ်ရဲ့ လည်ချောင်းထဲတွင် ခြောက်သွေ့လာသည်။ သူမနှင့် ချစ်တင်းမနှောခင်တုန်းက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ခဲ့သော်လည်း အခုတော့ ဘယ်တော့မှ မလုံလောက် မကျေနပ်နိုင်သလိုမျိုး သူမကို ပွေ့ဖက်ထားချင်သည် ၊ အဆုံးမရှိ ကျယ်ပြန့်သော ပျားရည်အိုင်ထဲမှာ အတူ ကူးခတ်ချင်သည်။

သူမရဲ့ မျက်နှာလေးကို နမ်းရှိုက်ရင်း “ ထတော့။ အဘွားကောက ကိုယ်တို့ကို မနက်စာစားဖို့ ခေါ်ထားတယ်။ ” ဟု နူးညံ့စွာ ပြောလိုက်သည်။

ကျန်းပေါင်က သူ ပြောတဲ့ စကားကို သေချာ မကြားလိုက်ဘဲ မျက်မှောင်ကြုတ်မိသည်။ သူမ အိပ်ပျော်နေတာကို နှောင့်ယှက်သည့် စကားသံကြောင့် တစ်ဖက်ကို လှည့်ပြီး ဆက်အိပ်နေလိုက်သည်။ ထိုကဲ့သို့ တစ်ဖက်ကို လှည့်ရင်း စောင်က လျှောကျသွားကာ သူမရဲ့ ခန္ဓာကိုယ်အရှေ့ပိုင်းရော ၊ အနောက်ပိုင်းရော လှစ်ဟာပေါ်လွင်သွားခဲ့သည်။ ဖူမင်ရှစ်ရဲ့ မျက်လုံးတွေက မှောင်မည်းသွားပြီး သူမရဲ့ ပခုံးပေါ်ကနေ လက်မောင်းအောက်ပိုင်းအထိ တဖြည်းဖြည်း ဆင်း၍ အနမ်းခြွေလိုက်သည်။

ခပ်စူးစူး မုတ်ဆိတ်မွေးငုတ်တိုတွေရဲ့ အထိအတွေ့ကြောင့် ကျန်းပေါင်တစ်ယောက် ခန္ဓာကိုယ်လေးကို အလိုလို ကျုံ့လိုက်မိသည်။ သူမရဲ့ ခန္ဓာကိုယ်ကို အနည်းငယ်သာ လှုပ်ရသေးချိန်မှာပဲ ဖူမင်ရှစ်က သူမအပေါ်ကို ရုတ်တရက် ဖိကပ်လာသည်။ အခုတော့ အပြည့်အဝ အိပ်ရာနိုးသွားပြီ ဖြစ်တဲ့ ကျန်းပေါင်က နှုတ်ခမ်းကိုက်ပြီး သူ့ခေါင်းကို အနေရခက်စွာ တွန်းဖယ်လိုက်သည်။ သူမရဲ့ လက်က သူ့မျက်နှာကို ထိနေသော်လည်း အားမသုံးရဲပါ။

ဖူမင်ရှစ်က အခွင့်အရေးကို မိမိရရ အသုံးချပြီး သူမကို ပြင်းပြသော အနမ်းများဖြင့် အကြိမ်ပေါင်းများစွာ နမ်းရှိုက်နေခဲ့လေသည်။

တစ်နေ့လုံး ၊ တစ်ညလုံး မမောနိုင်မပန်းနိုင် ၊ မရပ်မနား စားသုံးခံနေရသော ကျန်းပေါင်သည် အနည်းငယ် စိတ်မသက်မသာ ဖြစ်လာပြီး အသက်လုရှုနေရသည်။ အဲ့ဒီတော့မှပဲ ဖူမင်ရှစ်က သူမကို မလွှတ်ချင် လွှတ်ချင်နှင့် လွှတ်ပေးသည်။ သူက ထပ်နမ်းချင်နေသေးပေမဲ့ ကျန်းပေါင်က စောင်ကို အမြန် ဆွဲ၍ ပတ်ခြုံထားလိုက်သည်။

ဖူမင်ရှစ်က ရွေးချယ်စရာ မရှိတော့၍ ထိုအတွေးကို စွန့်လွှတ်ပြီး သူမရဲ့ မျက်နှာလေးကို ထပ်နမ်းလိုက်သည်။ “ မနက်စာ သွားစားရအောင်။ မင်း မနက်စာ စားပြီးမှ ထပ်အိပ်လို့ ရတယ်။ ”

“ ရှင် အရင် ထွက်သွားပေး။ ” ဟု ကျန်းပေါင်က မျက်လုံးမှိတ်ထားလျက် ပြောလိုက်သည်။ သူမ အဝတ်အစားတွေ ပြန်ဝတ်ဖို့ လိုသေးသည်။

ဖူမင်ရှစ်သည် သူမ ရှက်နေမှန်း သိသောကြောင့် ရယ်မောလိုက်ပြီး သူမရဲ့ ဆံပင်လေးတွေကို ဆွဲဖွကာ ကော်ရစ်ဒါမှာ ထွက်စောင့်နေပေးလိုက်သည်။ ကျန်းပေါင်က တံခါးပိတ်သံကို ကြားတော့မှ မျက်လုံးဖွင့်ကာ အခန်းထဲကို ဝေ့ဝဲကြည့်ရှုရင်း မျက်နှာကျက်‌ပေါ်မှာ တဝီဝီ လည်ပတ်နေဆဲ ဖြစ်သော ပန်ကာဆီ အကြည့်ရောက်သွားသည်။ ဒီမနက် အပါအဝင် ဖူမင်ရှစ်က သူမကို လေးကြိမ်တိတိ စားသုံးခဲ့သည်။

အကြိမ်တိုင်းမှာ ပန်ကာလည်သံ တဝီဝီနှင့် ခုတင်မြည်သံ တကျွိကျွိကိုလည်း ကြားခဲ့ရတာမို့ သူမရဲ့ ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး မျက်နှာ‌ကျက်ပေါ်က ပန်ကာတွေနှင့် သစ်သားခုတင်တွေကို မြင်တိုင်း မနေ့ညတုန်းက အဖြစ်အပျက်တွေကို ပြန်သတိရလောက်သည်။

မနေ့ညတုန်းက သူမ ဝတ်ထားတဲ့ အဝတ်အစားတွေ အကုန်လုံး အိပ်ရာပေါ်မှာ ပြန့်ကျဲနေသည်။ ခါးတွေ ၊ ခြေထောက်တွေ ကိုက်ခဲနာကျင်နေဆဲ ဖြစ်သော ကျန်းပေါင်သည် အံကြိတ်ရင်း ထိုအဝတ်အစားတွေကို တစ်ခုချင်း ပြန်ဝတ်လိုက်၏။ ဖိနပ်စီးရင်း မလှမ်းမကမ်းရှိ ပလတ်စတစ် အမှိုက်ပုံးလေးဆီ အကြည့်ရောက်သွားတော့ စတုရန်းပုံ အထုပ်လေး ( ၄ ) ထုပ်ကို ချက်ချင်းပဲ သတိထားမိသည်။

နည်းလည်း မနည်း ၊ များလည်း မများဘဲ လေးကြိမ်အတွက် ကွက်တိ ဖြစ်ပါသည်။ စိတ်ထဲကို မနေ့ညတုန်းက မှတ်ဉာဏ်တွေ ပြန်လည်ဝင်ရောက်လာသောအခါ ကျန်းပေါင် အနည်းငယ် ကြောက်စိတ်ဝင်လာသည်။ သူမ မှတ်မိသလောက် ဖူမင်ရှစ်ဟာ တစ်ကြိမ်ထက် တစ်ကြိမ် ပိုကြာလာခဲ့ပြီး သူမ အဲ့ဒါကို လုံးဝ ခံနိုင်ရည် မရှိပါ။ ဥပမာပေးရလျှင် ကိတ်မုန့်ဆိုင်မှာ ပြင်သစ်ပေါင်မုန့်ချောင်းရှည်ကြီးတွေကို တွေ့တဲ့အခါ ကုန်အောင် စားနိုင်မှာ မဟုတ်မှန်း သိနေတာမို့ အရွယ်အစား သေးငယ်တဲ့ ပေါင်မုန့်လေးတွေကိုပဲ သူမ ဝယ်လေ့ရှိသည်။

ကျန်းပေါင်သည် အတွေးထဲမှာ ခဏလောက် နစ်မျောနေပြီးမှ မျက်နှာသွားသစ်ဖို့ အိပ်ရာထဲမှ ထွက်လိုက်၏။ သို့သော် သူမ မတ်တပ်ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် ခြေထောက်တွေက စတင် တုန်ယင်လာသည်။ ကျန်းပေါင် တစ်ယောက်တည်း စိတ်ပျက်လက်ပျက်လေး ပြုံးမိကာ နေရာမှာ တစ်မိနစ်လောက် ငြိမ်ငြိမ်လေး ရပ်ပြီး အနေအထား ချိန်ညှိပြီးတော့မှ ထပ်လှုပ်ရှားလိုက်သည်။

ကျန်းပေါင် ကိုယ်လက်သန့်စင်နေတဲ့ အသံတွေကို ကြားတော့ ဖူမင်ရှစ်က အခန်းထဲကို ပြန်ဝင်လာပြီး သူမ မျက်နှာသစ်နေတုန်း အိပ်ရာကို ကူရှင်းပေးခဲ့သည်။ နွေရာသီစောင်ကို သပ်သပ်ရပ်ရပ် ခေါက်လိုက်ပေမဲ့ အိပ်ရာခင်းကတော့ … ။ ဖူမင်ရှစ်သည် မိုးပြာရောင် အိပ်ရာခင်း အလယ်ရှိ အနီကွက်လေးတွေကို ကြည့်ကာ ရပ်တန့်သွားပြီးမှ အိပ်ရာခင်းကို ချွတ်ကာ ရေစိမ်လိုက်သည်။

ကျနပေါင် မျက်နှာသစ်ပြီး ပြန်ထွက်လာချိန်မှာ ဖူမင်ရှစ်က ထိုအိပ်ရာခင်းကို ဆေးကြောနေပြီ ဖြစ်သည်။ ကျန်းပေါင်က ဖူမင်ရှစ် အိပ်ရာခင်းကို ဆေးကြောနေတာကို မြင်တော့ တစ်ဖက်လှည့်ကာ မျက်နှာရေသုတ်ရင်း သူ့ကို ကျောပေးထားခဲ့သည်။

ဖူမင်ရှစ်က သူမကို အနောက်ကနေ ဖက်ကာ ကုပ်ပိုးလေးကို နမ်းရင်း “ ပြီးခဲ့တဲ့ ညကို ကိုယ်တို့ရဲ့ မင်္ဂလာဦးညအဖြစ် သတ်မှတ်လို့ ရလား။ ” ဟု ပြောလိုက်တော့ မျက်နှာရေသုတ်နေတဲ့ သူမရဲ့ လက်တွေက ချက်ချင်းပဲ အရှိန်လျော့သွားသည်။ “ ဖန့်ပေါင် … ” သူက သူမရဲ့ နားရွက်လေးကို နမ်းသည်။ “ ကိုယ်တော့ စွဲလမ်းနေပြီ ထင်တယ်။ ”

သူ့လေသံဟာ အရမ်းကို အန္တရာယ်များလွန်းသောကြောင့် ကျန်းပေါင်က “ အောက်ကို ဆင်းရအောင်။ အဘွားကောကို စောင့်ရအောင် မလုပ်နဲ့။ ” ဟု ဖြတ်ပြောလိုက်သည်။

ဖူမင်ရှစ်က ရယ်မောလိုက်ပြီးနောက် ခန္ဓာကိုယ်ကို တည့်မတ်ကာ သူမနှင့်အတူ လှေကားအောက်ကို ဆင်းလာခဲ့သည်။ ကျန်းပေါင်ကတော့ ခြေထောက်တွေ တုန်ယင်အားနည်းနေသေးတာမို့ လှေကားလက်ရန်းကို ကြောက်ရွံ့စွာ ဆုပ်ကိုင်ထားရသည်။ အဲ့ဒါကို သတိထားမိတဲ့ ဖူမင်ရှစ်က သူမကို အလွယ်တကူ ပွေ့ချီကာ လှေကား တစ်ထစ်ချင်း ဆင်းလာခဲ့ပြီး ပထမထပ်ကို ရောက်သောအခါ လျှပ်တစ်ပြက် အနမ်းလေးဖြင့် အောက်ချပေးလိုက်သည်။

အဘွာကောရဲ့ အိမ်ကို ရောက်ချိန်မှာတော့ ဖူမင်ရှစ်သည် ဟန်မပျက် တည်ငြိမ်လျက်ပင်။

အဘွားကောက ခေါက်ဆွဲပန်းကန်‌‌တွေကို ယူလာရင်း “ နှစ်ယောက်လုံး များများ စားကြနော်။ ” ဟု အပြုံးလေးဖြင့် ပြောသည်။ အမြင်စူးရှတဲ့ ကျန်းပေါင်က သူမနှင့် ဖူမင်ရှစ်ရဲ့ ပန်းကန်ထဲမှာ ကြက်ဥတွေ ရှိနေပေမဲ့ အဘွားကောရဲ့ ပန်းကန်ထဲမှာ မရှိကြောင်း သတိထားမိသွားသည်။

ကျန်းပေါင်က မျက်နှာရဲရဲလေးနှင့် “ အဘွားကရော ဘာလို့ မစားတာလဲ။ ” ဟု ဆိုကာ ကြက်ဥတစ်လုံးကို အဘွားကောရဲ့ ပန်းကန်ထဲ ပြောင်းထည့်ပေးဖို့ လုပ်နေတာကို အဘွားကောက လက်ကာ၍ တားသည်။ “ အဘွားက အိုနေပြီ။ နင်တို့နှစ်ယောက်က ငယ်သေးတယ်။ ကျန်းမာရေးအတွက် အားရရှိတာတွေ စားရမယ်။ ”

ကျန်းပေါင် ဘယ်လိုပဲ နားထောင်ပါစေ ၊ ထိုစကားတွေရဲ့ နောက်ကွယ်မှာ ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်တစ်မျိုး ရှိနေသည်ဟု ခံစားရသည်။ သူမ ဖူမင်ရှစ်ကို ရှက်ရွံ့စွာ တိတ်တိတ်လေး ခိုးကြည့်လိုက်ပေမဲ့ သူကတော့ အဘွားကောနှင့် သူမရဲ့ စကားဝိုင်းက သူနှင့် ဘာမှ မဆိုင်သလိုမျိုး ခေါင်းငုံ့၍သာ ခေါက်ဆွဲစားနေခဲ့သည်။

ကျန်းပေါင်လည်း မလုံမလဲဖြစ်သွားပြီး အဘွားကောကို မကြည့်ရဲတော့ဘဲ ခေါင်းငုံ့ကာ ခေါက်ဆွဲစားနေလိုက်တော့သည်။ မနက်စာ စားပြီးနောက်မှာ ပန်းကန်ဆေးခြင်းကို ကျန်းပေါင်က တာဝန်ယူပေးခဲ့သည်။ ဖူမင်ရှစ်ကတော့ လိုအပ်တဲ့ ပစ္စည်းတွေကို ပြင်ဆင်ဖို့အတွက် ခဏ အိမ်ပြန်သွားသည်။

ထိုအချိန်မှာပဲ အဘွားကောက အိမ်တံခါးကို တစ်ချက် ကြည့်ပြီး ကျန်းပေါင်နားကို မသိမသာ လျှောက်လာကာ “ နင်တို့ အကာအကွယ်ရော သုံးခဲ့လား ဖန့်ပေါင်။ ” ဟု တိုးတိုးလေး မေးသည်။

ကျန်းပေါင်သည် သူမရဲ့ လက်ထဲက ဆေးလက်စ ပန်းကန်လုံးကို လွတ်ကျတော့မလိုတောင် ဖြစ်သွားကာ မျက်နှာကလည်း ချက်ချင်းပဲ နီရဲတက်လာခဲ့လေသည်။ ခုတင်အသံတွေက အချိန်အကြာကြီး ကျယ်လောင်စွာ မြည်နေတာမို့ အဘွားကော အရာအားလုံးကို ကြားသွားလောက်တယ် ဆိုတာ အခုမှ သိသည်။

“ အဘွားကို ရှက်နေစရာ မလိုပါဘူး။ ” အဘွားကောက ကျန်းပေါင်ကို ချစ်စနိုး စနောက်ပြီး “ လေးနက်စွာ ” ဆက်မေးသည်။ “ အကာအကွယ်ကို နင် ယူလာတာလား ၊ ဖူမင်ရှစ် ယူလာတာလား။ ”

ကျန်းပေါင်က “ သူ ယူလာတာပါ။ ” ဟု မပွင့်တပွင့် ပြောလိုက်တော့ အဘွားကောက ချက်ချင်းပဲ စိတ်ပူသွားကာ ကျန်းပေါင်ကို အခန်းထဲ ဆွဲခေါ်သွားပြီး စိတ်ရင်းနှင့် အကြံပေးလိုက်သည်။

“ ယောက်ျားတွေအားလုံးက အတူတူနဲ့ အနူနူချည်းပဲ ကျန်းပေါင်။ အိပ်ရာထဲကို မရောက်ခင်တုန်းကတော့ နင့်ရဲ့ အီးနံ့ကတောင် သူ့အတွက် မွှေးပါတယ်လို့ ပြောလိမ့်မယ်။ ဒါပေမဲ့ အတူတူလည်း အိပ်ပြီးသွားရော ၊ သူတို့က တဖြည်းဖြည်းနဲ့ အရင်ကလောက် ဂရုမစိုက်တော့ဘူး။ မင်ရှစ်က လူကောင်းလေးနဲ့ တူပေမဲ့ အနာဂတ်မှာ ဘယ်လို အရာမျိုးတွေ စောင့်ကြိုနေမှာလဲ ဆိုတာ ဘယ်သူ သိနိုင်မှာလဲ။ အရင်ဆုံး ကလေးယူထားတာ အကောင်းဆုံးပဲ။ အဲ့ဒါမှ အနာဂတ်မှာ တစ်ခုခု ဖြစ်လာရင် ကလေးရှိနေတဲ့အခါ သူ နင့်ကို မစွန့်ပစ်နိုင်တော့ဘူး။ နင်လည်း လက်ဗလာနဲ့ ဇာတ်သိမ်းသွားမှာကို တွေးပူနေစရာ မလိုဘူး။ ”

ကျန်းပေါင်က အနေရခက်စွာ ပြုံးလိုက်သည်။ “ ကျွန်မက အခုထိ ကျောင်းတက်နေတုန်းပဲ … ”

“ ဒီငတုံးမလေးနှယ် … ကျောင်းက စောင့်လို့ ရပါတယ်အေ။ နင်တို့နှစ်ယောက်က အတူတူတောင် အိပ်ပြီးသွားပြီပဲ။ ဘာလို့ ကျောင်းတက်မယ့် အကြောင်းကို တွေးပူနေသေးတာလဲ။ ” ဟု အဘွားကောက စိတ်တိုင်းမကျသလို ပြောသည်။

မွေးကတည်းကနေ ဒီအသက်အရွယ်ထိ ဝေးလံခေါင်ဖျားသော ရွာလေးမှာ ကြီးပြင်းနေထိုင်ခဲ့သည့် အဘွားကောဟာ စာမသင်ခဲ့ရသူပီပီ ရှေးကျသည့် အတွေးအခေါ်နှင့် အမြင်များ ရှိနေဆဲ ဖြစ်သည်။ ဖန့်ပေါင်ကတော့ အချစ်ကို မော်ဒန်ခေတ် ရှုထောင့်အရ ယုံကြည်သည်။ အဘွားကောရဲ့ စကားကို လက်မခံနိုင်သော်လည်း သူမအတွက် စိတ်ပူပေးနေမှန်း သိတာမို့ ဝတ်ကျေတန်းကျေ ခေါင်းညိတ်ကာ ခဏလောက် စကားစမြည် ပြောပြီးနောက် ဆင်ခြေရှာ၍ ထွက်လာခဲ့သည်။

ဧည့်ခန်းထဲမှာ ဖူမင်ရှစ် ရှိ‌နေသည်။ သူ့ကျောပိုးအိတ်ထဲမှာလည်း ငွေစက္ကူတွေနှင့် ဝိုင်ပုလင်းကို ထုတ်ပိုးထားပြီး ယောက္ခထီးဖြစ်သူရဲ့ အုတ်ဂူကို သွားရောက်လည်ပတ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ထိုအချိန်မှာ စိတ်မသက်မသာ အမူအရာနှင့် ပြန်လာသော ကျန်းပေါင်ကို မြင်တော့ သူက “ ဘာဖြစ်လို့လဲ။ ” ဟု မေးလိုက်သည်။

ကျန်းပေါင်က သူ့ကို ပြုံးပြလိုက်သည်။ “ ဘာမှ မဖြစ်ပါဘူး။ ရှင် အားလုံး ပြင်ဆင်ပြီးပြီလား။ ”

ဖူမင်ရှစ် ခေါင်းညိတ်လိုက်သည်။ သူတို့က ဒီနေ့ ကျန်းပေါင်အဖေရဲ့ အုတ်ဂူဆီ သွားမှာ ဖြစ်သည်။ ကျောပေါ်မှာ ကျောပိုးအိတ် လွယ်လျက် ၊ လက်တစ်ဖက်မှာ ငါးမျှားတံနှင့် ကျန်လက်တစ်ဖက်မှာတော့ တူးဆွရန် ဂေါ်ပြားတစ်လက်ကို ကိုင်လျက် ဖူမင်ရှစ်သည် အဆင်သင့် ဖြစ်နေခဲ့သည်။ မနှစ်တုန်းက သူ့အဘိုးနှင့်အတူ သွားခဲ့တာမို့ ကျေးလက်ဒေသမှာ ဘိုးဘေးတွေကို အရိုအသေပေးတဲ့အခါ ဘာလုပ်ရမလဲ ဆိုတာ သူ သိသည်။

ကျန်းပေါင် မော့ကြည့်လိုက်လျှင် သာမန် ရွာသားတစ်ယောက်ကဲ့သို့ ခရီးအတွက် ပစ္စည်းအပြည့်အစုံဖြင့် ပြင်ဆင်ထားတဲ့ ဖူမင်ရှစ်ကို တွေ့ရသည်။ အဘွားကောရဲ့ စကားကြောင့် မွှေနှောက်လှုပ်ရှားခဲ့သော စိတ်မသက်မသာ ခံစားချက်တို့ တဖြည်းဖြည်း လျော့သွားသည်။

သူမ ဖူမင်ရှစ်နှင့် အတူ အိပ်ခဲ့ခြင်းက သူ့ကို သဘောကျလို့ ၊ သူတို့ရဲ့ အချစ်ရေးဟာ ထိုအခြေအနေထိ တိုးတက်သွားလို့ ဖြစ်သည်။ အနာဂတ်မှာ သူတို့ လမ်းခွဲရမှာ မကြောက်သလို သူတို့ မျှဝေခဲ့တဲ့ ဘယ်လို နီးစပ်မှုကိုမဆို နောင်တမရပါ။ ခန္ဓာကိုယ်ချင်း ထိတွေ့ရင်းနှီးပြီးနောက်မှာ ဖူမင်ရှစ်က အဘွားကော ပြောသလို လုံးဝ မတူညီသည့် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားမှာကိုပဲ စိုး ရိမ်သည်။ အဲ့ဒါဆို သူမ အသည်းကွဲရလိမ့်မည်။

သို့သော်လည်း သူမကို စောင့်ဆိုင်းနေသော အပြုံးမျက်နှာနှင့် အမျိုးသားကို မြင်ချိန်မှာတော့ ဖူမင်ရှစ်က ဘယ်တော့မှ အဲ့လိုမျိုး ပြောင်းလဲလွယ်မှာ မဟုတ်ဘူးလို့ စိတ်ထဲကနေ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောလိုက်သည်။ သူ့အပေါ် ထားရှိတဲ့ ခံစားချက်တွေကို ယုံကြည်သည်။

“ သွားရအောင်။ ” ကျန်းပေါင်က ပြုံးလိုက်ပြီး သူ့ဘေးကို လျှောက်သွားလိုက်သည်။ ကျန်းမိသားစု ခြံဝင်းအိမ်လေးနှင့်အတူ ဘေးတစ်ဖက်တစ်ချက်မှာ တောပန်းရိုင်းတွေ ပေါက်နေတဲ့ မြေလမ်းကျဉ်းလေးကနေ သူတို့နှစ်ယောက် ဘေးချင်း ယှဉ်၍ လျှောက်လာခဲ့ကြသည်။ ရွာရဲ့ တစ်ခုတည်းသော ကွန်ကရစ်လမ်းကို ဖြတ်ကျော်ပြီး ရှေ့ဆက်လျှောက်လာခဲ့ရာ ခဏအကြာမှာပဲ တောင်ခြေကို ရောက်လာခဲ့သည်။ ရှေ့ဆက် သွားရမယ့် ခရီးက တောင်တက်လမ်း ဖြစ်သည်။

ကျန်းပေါင်က ပစ္စည်း တချို့ကို ကူသယ်ပေးမည်ဟု တောင်းဆိုသော်လည်း ဖူမင်ရှစ်က သူမကို ရှေ့ကနေသာ ဦးဆောင်သွားခိုင်းပါသည်။ တောင်ထိပ်မှာ အေးမြလန်းဆန်းသော လေပြည်လေညှင်းလေးတွေ တိုက်ခတ်နေသည်။ ကျန်းပေါင်က တောင်ထိပ်ကို သွက်လက်စွာ ပြေးတက်သွားပြီး တောင်အောင်ကို ငုံ့ကြည့်လိုက်သောအခါ တောင်စောင်းကို တက်နေဆဲ ဖြစ်တဲ့ ဖူမင်ရှစ်ကို တွေ့ရသည်။

ဖူမင်ရှစ် မော့ကြည့်လိုက်တော့ မျက်စိတစ်ဆုံး ကျယ်ပြောလှသော ကောင်းကင်ပြာကို ကျောပေး၍ လက်နှစ်ဖက်ကို ဆန့်တန်းဖြန့်ကားလျက် တောင်ထိပ်မှာ ရပ်နေသော သူ့ဇနီးလောင်းလေးကို မြင်ရသည်။ သူမရဲ့ ဖြူဖြူနုနု မျက်နှာလေးဟာ တောက်ပသော အပြုံးလေးနှင့်အတူ ပန်းတစ်ပွင့်ကဲ့သို့ ဖူးပွင့်လတ်ဆတ်နေသည်။

ဖူမင်ရှစ်သည် ပစ္စည်းတွေကို ချရင်း “ မလှုပ်နဲ့ဦးနော်။ အဲ့တိုင်းလေးပဲ နေ။ ” ဟု ပြောလိုက်၏။ ကျန်းပေါင်ကလည်း ဖူမင်ရှစ် သူမကို ဓာတ်ပုံရိုက်‌ချင်နေကြောင်း နားလည်သွားကာ ငြိမ်ငြိမ်လေး ရပ်ပြီး သူ့ဖုန်းကို ထုတ်နေတာကို ကြည့်နေသည်။ ဓာတ်ပုံတွေကို သဘောကျတဲ့ သူမဟာ ပျော်ရွှင်စွာ ပြုံးနေခဲ့သည်။

ဖူမင်ရှစ်က ဖုန်းကို တစ်လှည့် ၊ သူ့ရှေ့က နူးညံ့စင်ကြယ်သော ကောင်မလေးကို တစ်လှည့် ကြည့်ရင်း ၊ အဲ့ဒီနောက် ဟိုးတောင်အောက်ခြေရှိ အထီးကျန်သော ကွန်ကရစ်လမ်းလေးကို တစ်လှည့် ငုံ့ကြည့်ရင်း ဘဝမှာ နေပျော်ခြင်း ဟူသော ခံစားချက်ကို အတိုင်းအဆမရှိ ခံစားလိုက်ရသည်။ ဒီနေရာကို လာပြီး သူမကို ခေါ်ယူဖို့ သဘောတူခဲ့ခြင်းက သူ့ဘဝမှာ ပြုလုပ်ခဲ့သမျှ ဆုံးဖြတ်ချက်တွေထဲမှာ အမှန်ကန်ဆုံး ဖြစ်သည်။

ကျန်းမိသားစုရဲ့ အုတ်ဂူတွေမှာ ခြုံနွယ်ပိတ်ပေါင်း ထူထပ်နေသည်။ ကျန်းပေါင်နှင့် ဖူမင်ရှစ်က ထိုခြုံနွယ်တွေကို အတူတကွ ဆွဲနှုတ်ပစ်လိုက်ပြီး ဖူမင်ရှစ်က မြေကြီးအနက်ထဲထိ အမြစ်တွယ်နေတဲ့ အပင်တွေကို ဂေါ်ပြားနှင့် ပေါက်၍ ဆွဲနှုတ်နေခဲ့သည်။ ရွှေဇွန်းကိုက်ပြီး မွေးလာတဲ့ သူ့အတွက် ဒီလို အလုပ်တွေမှာ ကျွမ်းကျင်မှုမရှိကြောင်း သိသာသော်လည်း ကျန်းပေါင်ကတော့ သူ့ကို ကြည့်နေရတာကို သဘောကျသည်။ သူနှင့် ပတ်သက်သမျှ အရာအားလုံးဟာ အံ့ဩဖွယ်ကောင်းလောက်အောင် ဆွဲဆောင်မှုရှိသည်ဟု ခံစားရသည်။

ဖူမင်ရှစ်က အပင်နှုတ်ပြီး၍ လှည့်ကြည့်လိုက်ချိန်မှာ သူ့ကို ငေးမောနစ်ဝင်စွာ စိုက်ကြည့်နေသော သူ့ဇနီးလောင်းလေးကို မြင်သွားသည်။ သူတို့ မျက်လုံးချင်း ဆုံတော့ သူမရဲ့ ချစ်စရာ မျက်နှာလေးပေါ်မှာ သူနှင့် ရင်းနှီးကျွမ်းဝင်နေသည့် ပန်းရောင်လေး ယှက်သန်းသွားပြီး ချက်ချင်းပဲ ခေါင်းငုံ့သွား၏။ ဖူမင်ရှစ်က ဒီလို နေရာမျိုးမှာတော့ သူမကို မစနောက်ဘဲ ပြုံးရုံသာ ပြုံးနေမိပါသည်။

ဘိုးဘေးတွေရဲ့ အုတ်ဂူကို အရိုအသေမပေးခင်ထိ စိတ်ခံစားချက်က ပေါ့ပါးနေပေမဲ့ အဖေဖြစ်သူရဲ့ အုတ်ဂူရှေ့မှာ ဒူးထောက်ချိန်မှာတော့ ကျန်းပေါင်သည် သူမရဲ့ အဖေကို သတိရသွားကာ ငိုချင်စိတ်ကို မထိန်းချုပ်နိုင်တော့ပေ။ မိဘတွေ ကွယ်လွန်သွားတဲ့အခါ ကလေးတွေက သူတို့ဘဝနှင့်သူတို့ ဆက်လက် ရှင်သန်ကြရသော်လည်း အဲ့ဒါက မိဘတွေကို မလွမ်းဘူး ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါ။

ပြင်းပြသော လွမ်းဆွတ် သတိရမှုကြောင့် ကျန်းပေါင်ရဲ့ စိတ်ထဲမှာ အတိတ်ပုံရိပ်တွေကို ပီပြင်ပြတ်သားစွာ ပြန်လည်မြင်ယောင်မိသလို မျက်ရည်တွေကလည်း ရေကာတာကျိုးသကဲ့သို့ အတားအဆီးမရှိ စီးကျလာခဲ့လေသည်။

ဖူမင်ရှစ်က သူမ ငိုလို့ ဝလောက်တဲ့ အချိန်ထိ စောင့်နေပြီးမှ သူ့ရင်ခွင်ထဲကို ဆွဲခေါ်ကာ နှစ်သိမ့်ပေးလိုက်သည်။ ခဏလောက် ငိုပြီးသွားတော့ ကျန်းပေါင်က မော့ကြည့်သည်။ သည်းထန်စွာ ရှိုက်ငိုထားတဲ့အတွက်ကြောင့် သူမရဲ့ မျက်လုံးလေးတွေဟာ မို့အစ်နေပါသည်။

ဖူမင်ရှစ်က သူမရဲ့ နှာခေါင်းလေးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ “ ခဏနေလို့ တောင်အောက်ကို ဆင်းရင် သူများတွေက ကိုယ် မင်းကို အနိုင်ကျင့်ထားတယ်လို့ ထင်သွားဦးမယ်။ ”

ကျန်းပေါင်က ခေါင်းလေး ပြန်ငုံ့ပြီး သစ်သားတုတ်လေးကို အသုံးပြုကာ အထပ်လိုက် ဖြစ်နေတဲ့ ငွေစက္ကူတွေကို သေချာ လောင်ကျွမ်းသွားစေရန် မွှေ့ရမ်းပေးလိုက်သည်။

“ စိတ်ချပါ အဖေ။ ကျွန်တော် ဖန့်ပေါင်ကို တစ်ဘဝလုံးအတွက် ကောင်းကောင်း ဂရုစိုက်ပေးသွားမှာပါ။ ” ဖူမင်ရှစ်က ရုတ်တရက် ဒူးထောက်ပြီး တည်ငြိမ်စွာ ကတိပြုသည်။

ကျန်းပေါင်က ဖူမင်ရှစ်ရဲ့ သုံးနှုန်းခေါ်ဝေါ်မှုကြောင့် အံ့ဩသွားပြီး သူ့ကို ကြောင်အမ်းအမ်းလေး ကြည့်နေမိသည်။ သူမအဖေရဲ့ အုတ်ဂူရှေ့မှာ ကတိပြုပြီးသွားသော ဖူမင်ရှစ်က မတ်တပ်ပြန်ရပ်ကာ သူမကို ပြုံး၍ ကြည့်သည်။ “ ကိုယ် မင်းကို ခေါ်တဲ့ နာမ်စားကိုလည်း မကြာခင် တခြား နာမ်စားနဲ့ ပြောင်းခေါ်ရတော့မယ်။ ”

ကျန်းပေါင်ရဲ့ နှလုံးသားထဲမှာ နွေးထွေးသွားသည်။ အဘွားကောသာ ဖူမင်ရှစ် အခု ပြောတဲ့ စကားတွေကို ကြားလျှင် အတွေးအမြင် ပြောင်းသွားနိုင်သည်။ ကျန်းပေါင်သည် ဘိုးဘေးတွေကို အရိုအသေပေးပြီးနောက် တခြား လမ်းကြောင်းတစ်ခုကနေ ဖူမင်ရှစ်အား တောင်အောက်သို့ ခေါ်လာခဲ့လိုက်သည်။

***

All Chapters