အခန်း ၆၃
Vol. 7 Ch. 63
အပိုင်း ( ၆၃ )
ကျန်းပေါင်က ဖုန်းလေးကို အိတ်ထဲ ပြန်ထည့်လိုက်ကာ နှလုံးသားထဲမှာ နွေးထွေးကြည်နူးသွားမိသည်။ လေး ၊ ငါးရက်လောက် မတွေ့ခဲ့ရတဲ့ သူ့ကို သူမလည်း လွမ်းလှပါပြီ။ ရထားလိုင်းတွေကို ပြောင်းစီးပြီး နောက်ထပ် မှတ်တိုင် သုံးခုကို ကျော်လာပြီးနောက် A တက္ကသိုလ်ရဲ့ မြေအောက်ရထား ထွက်ပေါက်အနီးသို့ သူမ ရောက်လာခဲ့သည်။
သို့သော်လည်း ကျန်းပေါင်သည် အပြင်ထွက်နေသော လူအုပ်ကြားထဲကနေ တိုးထွက်နေတုန်းမှာပဲ မသမာသော လူတစ်ယောက်က သူမရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို အနောက်ကနေ ဖျစ်ညှစ်သွားခဲ့သည်။ ပထမတော့ ကျန်းပေါင်လည်း ထိတ်လန့်တုန်လှုပ်ကာ ကြောင်အနေသည်။ ဘာဖြစ်သွားတာလဲ ဆိုတာ သဘောမပေါက်သေးခင်မှာပဲ ထွက်ခွာနေတဲ့ တခြား ခရီးသည်တွေ တွန်းထုတ်တာ ခံလိုက်ရသည်။
နောက်ဆုံးမှာတော့ သတိဝင်လာချိန်မှာ ချက်ချင်း လှည့်ကြည့်လိုက်ပေမဲ့ ထွက်ပေါက်မှာ ဝင်ထွက်သွားလာနေသူတွေ များလွန်း၍ သူမကို ကိုယ်ထိလက်ရောက် စော်ကားသွားသူက ဘယ်သူလဲ ဆိုတာ ခွဲခြားဖို့ မဖြစ်နိုင်တော့ပေ။
ချန်းလီလီလည်း အလားတူ အဖြစ်အပျက်မျိုးကို ပြီးခဲ့တဲ့ စာသင်နှစ်တုန်းက ကြုံတွေ့ခဲ့ပြီး ထိုကိစ္စကို ရက်ပေါင်းများစွာ ဒေါသူပုန်ထခဲ့ရသည်။ အခုတော့ ပျားပန်းခတ်မျှ ဝင်ထွက်သွားလာနေတဲ့ ဖြတ်သွားဖြတ်လာတွေကို ကြည့်ရင်း သူမလည်း ထပ်တူ စော်ကားခံခဲ့ရပြီ ဖြစ်သည်။ ကျန်းပေါင် ဒေါသလည်းထွက် ၊ စိတ်လည်း ပျက်သည်။ ဖူမင်ရှစ်နှင့် မကြာခင်မှာ ပြန်လည် ဆုံစည်းရတော့မည် ဟူသော အသိကတောင် သူမရဲ့ ရင်ဘတ်ထဲက ဒေါသတွေကို မဖြေဖျောက်ပေးနိုင်။
အားနှင့် ဆွဲဆိတ်သွားခဲ့တဲ့ ထိုလူက တကယ့်ကို နှာဘူးတစ်ယောက်ပင်။ အစပိုင်းမှာ ထိတ်လန့်တုန်လှုပ်မှုကိုသာ ခံစားခဲ့ရပေမဲ့ အခုတော့ နာကျင်စပြုလာသည်။ နာကျင်မှု တိုးလာလေ ၊ ပိုဒေါသထွက်လာလေမို့ ကျန်းပေါင်တစ်ယောက် နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်ပြီး သူမရဲ့ ဘေးပတ်ဝန်းကျင်မှာ ဝင်ထွက်သွားလာနေတဲ့ အမျိုးသားတွေကို မသိမသာ အကဲခတ်ကြည့်လိုက်သည်။
သူမ အလွန် ဒေါသထွက်နေသောကြောင့် တစ်စုံတစ်ယောက်က သူမရဲ့ ခါးကို ရုတ်တရက် လာကိုင်သောအခါ ထပ်မံထိတ်လန့်သွားပြီး ထအော်မိတော့မလိုတောင် ဖြစ်သွားလေသည်။
“ ဘာဖြစ်လို့လဲ။ ” ကျန်းပေါင်ရဲ့ ပျက်ယွင်းနေသော မျက်နှာအမူအရာကို ကြည့်ပြီး ဖူမင်ရှစ် မျက်မှောင်ကြုတ်လိုက်မိသည်။ ကျန်းပေါင်ကလည်း သူ့ကို မြင်သည်နှင့် ချက်ချင်းပဲ သူ့ရင်ခွင်ထဲ တိုးဝင်ကာ မျက်ရည်စက်လေး တချို့ တိတ်တိတ်လေး စီးကျသွားခဲ့သည်။ မခံမရပ်နိုင် ခံစားချက်တွေ ငြိမ်သက်သွားကာ မျက်ရည်တွေကလည်း လျင်မြန်စွာ ရပ်တန့်သည်။
ဖူမင်ရှစ်က သူမရဲ့ ပခုံးကို ဆုပ်ကိုင်ရင်း နီရဲနေသော မျက်ဝန်းလေးတွေကို မြင်သောအခါ သူတို့ ဖုန်းချခဲ့တဲ့ ဆယ်မိနစ်ဝန်းကျင် အချိန်အတွင်း တစ်ခုခု ဖြစ်ခဲ့ပြီ ဆိုတာ သဘောပေါက်သွားသည်။ ဘေးဘီဝဲယာမှာ လူတွေ အများကြီး ရှိနေချိန်မှာ မေးခွန်းတွေ ရှည်ရှည်ဝေးဝေး မေးမြန်းနေဖို့ အဆင်မပြေတာမို့ ကျန်းပေါင်ကို မြေအောက်ရထား ဘူတာရုံထဲမှ အရင်ဆုံး ခေါ်ထုတ်လာခဲ့လိုက်သည်။
ကားထဲ ရောက်သည်နှင့် တစ်ပြိုင်နက် ဖူမင်ရှစ်က မျက်မှောင်ကြုတ်လျက် “ မင်း တစ်ယောက်ယောက်နဲ့ ရန်ဖြစ်ခဲ့တာလား။ ” ဟု မေးလိုက်၏။ သူ့အမေးကို ဖြေချင်စိတ် မရှိတဲ့ ကျန်းပေါင်က ခေါင်းငုံ့ထားပြီး ခေါင်းခါပြသည်။
ဖူမင်ရှစ်က သူမရဲ့ အိတ်ကို ယူပြီး စစ်ဆေးကြည့်လိုက်တော့ ပိုက်ဆံအိတ် ၊ မှတ်ပုံတင် စသည်ဖြင့် အရာအားလုံး ရှိသည်။ မြေအောက်ရထားလိုင်းနှင့် ပတ်သက်သော သတင်းတွေ မကြာခဏ တက်လာလေ့ရှိသော်လည်း သာမန် အသေးအဖွဲ ကိစ္စလေးတွေသာ ဖြစ်ပါသည်။ အခု သူမက ဘယ်သူနဲ့မှလည်း ရန်မဖြစ်ထားဘူး ၊ ဘာပစ္စည်းမှလည်း အခိုးမခံရဘူး ဆိုရင် … ။
နောက်ထပ် ဖြစ်နိုင်ချေတစ်ခုကြောင့် ဖူမင်ရှစ်ရဲ့ မျက်နှာမည်းမှောင်သွားပြီး ဂရုတစိုက် တွေးတွေးဆဆ မေးလိုက်သည်။ “ မင်းကို တစ်ယောက်ယောက်က အသားယူခဲ့တာလား။ ”
ကျန်းပေါင်က ပြတင်းပေါက် အပြင်ဘက်ကို မျက်နှာလွှဲသွားပြီး နှုတ်ခမ်းလေးတွေကို ခပ်တင်းတင်း စေ့ပိတ်ထားခဲ့သည်။ ဖူမင်ရှစ်သည် လက်သီးတင်းတင်း ဆုပ်ကာ အရှေ့ကို စက္ကန့်ပိုင်းလောက် တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီးနောက် သူ့ဇနီးလောင်းလေးကို ရင်ခွင်ထဲမှာ ထွေးပွေ့ပြီး “ မင်း အဆင်ပြေရဲ့လား။ ” ဟု နူးညံ့သော အသံဖြင့် မေးလိုက်သည်။
ကျန်းပေါင်က ဒေါသထွက်နေရုံက လွဲလို့ သူမ ဘာမှ မဖြစ်ကြောင်း ခပ်တိုးတိုး ပြန်ပြော၏။ သူမ ထိခိုက်မှုမရှိတာ သေချာတော့မှ ဖူမင်ရှစ်ရဲ့ အသံက အနည်းငယ် တည်ငြိမ်အေးဆေးသွားပါသည်။ “ မင်း အဲ့ဒီလူကို ဓာတ်ပုံရော ရိုက်ထားလိုက်လား။ ”
ကျန်းပေါင်က ခေါင်းခါပြကာ သူ့ရင်ခွင်ထဲကို တိုးဝင်၍ “ ရထားထဲက ထွက်တဲ့ အချိန်မှာ ဖြစ်သွားတာ ဆိုတော့ ကျွန်မ ဘယ်သူမှန်း မမြင်လိုက်ဘူး။ ” ဟု တိုးလျစွာ ပြောလိုက်သည်။
ဓာတ်ပုံတစ်ပုံတောင် မရှိတဲ့အခါ ထိုလူကို လက်တုံ့ပြန်ဖို့ အခြေခံအားဖြင့် မျှော်လင့်ချက် မရှိတော့ပါ။ သူ့မိန်းကလေးကို တစ်စုံတစ်ယောက် အနိုင်ကျင့်သွားတဲ့ ကိစ္စမှာ ဖူမင်ရှစ်က ကျန်းပေါင်ထက်တောင် ဒေါသထွက်ပေမဲ့ သူ ဒေါသထွက်နေလည်း အချည်းနှီးပင်။ ထို့ကြောင့် ကျန်းပေါင်ကို နှစ်သိမ့်ရုံသာ တတ်နိုင်သည်။ “ ဒီည အရသာရှိတဲ့ ဟင်းတွေ အများကြီး စားကြမယ်။ အဲ့အကြောင်း ဆက်မတွေးနဲ့တော့နော်။ ”
ကျန်းပေါင်က သက်ပြင်းမောတစ်ချက် မှုတ်ထုတ်ကာ ထိုင်ခုံမှာ ပြန်မှီထိုင်ပြီး ဖူမင်ရှစ်အား သူ့ရဲ့ နိုင်ငံခြားခရီးစဉ်အကြောင်း မေးလိုက်သည်။
ဖူမင်ရှစ်သည် အမြဲတမ်း တစ်ပုံစံတည်း လည်ပတ်နေတဲ့ သူ့အလုပ်မှာ ကျန်းပေါင် စိတ်ဝင်စားစရာ အကြောင်းအရာတွေ မရှိ၍ အဘိုးဖူရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်စွာ တိုးတက်လာသည့် အကြောင်းနှင့် ဒီနှစ်ထဲမှာ ပြန်လာမည့် အကြောင်းကိုသာ ပြောပြလိုက်၏။
ကျန်းပေါင်က အဘိုးဖူ နေကောင်းကျန်းမာတယ် ဆိုတဲ့ သတင်းကို ကြားသောအခါ ဝမ်းသာပျော်ရွှင်သွားပြီး ဖူမင်ရှစ် နိုင်ငံခြားမှာ ရိုက်လာခဲ့သော ဓာတ်ပုံတွေကို ကြည့်နေသည်။
ဖူမင်ရှစ်က အပန်းဖြေစံအိမ်ရှေ့မှာ ကားရပ်လိုက်ပြီးနောက် ကျန်းပေါင်ကို “ မင်း ယာဉ်မောင်းလိုင်စင် လုပ်တော့။ ” ဟု အဆက်အစပ်မရှိ ရုတ်တရက် ပြောလိုက်သည်။ ကျန်းပေါင် သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်တော့ သူ့မျက်နှာက မည်းမှောင်မှုန်ကုပ်နေခဲ့လေသည်။ “ မင်း ကိုယ့်ဘာသာ ကားမောင်းတတ်သွားတာနဲ့ မြေအောက်ရထားတွေ ဆက်မစီးနဲ့တော့။ ”
လူဦးရေ ထူထပ်လွန်းသော မြို့တော်မှာ ကျန်းပေါင်တစ်ယောက် ကိုယ်တိုင် ကားမောင်းဖို့ နေနေသာသာ ပြင်ပလမ်းမတွေပေါ်မှာ စက်ဘီးတောင် မစီးရဲပေ။ “ ကျွန်မ အဲ့လို လူမျိုးတွေနဲ့ အမြဲတမ်း ကြုံနေရတာ မဟုတ်ပါဘူး။ ” ဟု ခပ်တိုးတိုး ပြောလိုက်တော့ ဖူမင်ရှစ်က သူမကို ဘာမှ ပြန်မပြောဘဲ စိုက်၍သာ ကြည့်နေသည်။
ကျန်းပေါင်က သူ့အတွက် အလိုက်တသိ ရေခပ်ပေးလိုက်တော့မှ ဖူမင်ရှစ်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်သွားသည်။ “ ကောင်းပြီ။ ဒါပေမဲ့ မင်း အခုက စပြီး အပြင်ထွက်တဲ့အခါ မြေအောက်ရထား မစီးရတော့ဘူး။ တက္ကစီပဲ ငှားစီးရမယ်။ ”
ကျန်းပေါင်က အလျင်အမြန် ခေါင်းညိတ် သဘောတူလိုက်သည်။ နောက်ပိုင်းမှ သူ့ကို အသိမပေးဘဲ သူမဘာသာ မြေအောက်ရထား ခိုးစီးလို့လည်း ရသည်လေ။ သို့သော်လည်း ထိုယာဉ်မောင်းလိုင်စင်ကိစ္စနှင့် ပတ်သက်သော ငြင်းခုံမှုတွေက အိမ်ရောက်တဲ့အထိ မပြီးနိုင်သေးဘဲ အဒေါ်ဝမ်ကပါ သူမကို ဖြောင်းဖြနေခဲ့သည်။
“ အခုခေတ်မှာ တက္ကသိုလ်ကျောင်းသားတိုင်း ယာဉ်မောင်းလိုင်စင် ရှိတယ် သခင်မလေးရဲ့။ သခင်မလေးလည်း တစ်နေ့ကျရင် လုပ်ရမယ့် အတူတူ အခု အားလပ်ချိန် ရှိနေတုန်းလေး စောစောစီးစီး လုပ်ထားလိုက်ပါလား။ မဟုတ်ရင် သခင်မလေး အလုပ်စလုပ်တဲ့ အချိန်ကျ အဲ့အတွက် တကူးတက အချိန်သက်သက်ပေးရလိမ့်မယ်။ ”
ဖူမင်ရှစ်က ကျန်းပေါင်ကို “ ကိုယ် မပြောဘူးလား ” ဟူသော အကြည့်တစ်ချက်ဖြင့် လှမ်းကြည့်သည်။ အဒေါ်ဝမ် ထွက်သွားသောအခါ သူက ကျန်းပေါင်အတွက် ရေတစ်ခွက် ခပ်ပေးပြီးမှ ဆိုဖာမှာ ထိုင်ကာ စကားဆက်သည်။ “ မင်း ကိုယ့်ကားကို မလိုချင်ဘူးမလား။ ကိုယ် ကားအသစ်လည်း မဝယ်ပါဘူး။ ဂိုထောင်ထဲမှာ ကိုယ့်အမေ သိပ်မစီးဖြစ်တဲ့ ကားငါးစီး ရှိတယ်။ ဒါပေမဲ့ သူ့ကားတွေ အားလုံးက ယွမ်တစ်သိန်းကျော်တော့ မတော်တဆ တိုက်မိတာတွေ ဘာတွေ ဖြစ်ရင် မင်း မနှမြောရအောင်လို့ ဈေးသက်သာတဲ့ ကားတစ်စီးကို ဝယ်ပေးတာ ပိုကောင်းမယ်။ ”
ကျန်းပေါင်ကို လက်ဆောင်တွေ ပေးရာမှာ သူမက ဈေးသက်သာတဲ့ ပစ္စည်းတွေကိုသာ သဘောကျကြောင်း ဖူမင်ရှစ် နားလည်နေပါပြီ။
“ ကျွန်မ ယာဉ်မောင်းလိုင်စင် အရင် လုပ်လိုက်ပါဦးမယ်။ ” သူ့ရဲ့ တပူပူ တကျည်ကျည် တိုက်တွန်းမှုကြောင့် အခုအချိန်မှာ ကျန်းပေါင် လုပ်နိုင်တဲ့ ရွေးချယ်မှုက ဒီတစ်ခုပဲ ရှိသည်။
“ ကိုယ် မင်းအတွက် စာရင်းသွင်းပေးမယ်။ ”
ကျန်းပေါင် အသံတိတ် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ဖူမင်ရှစ် သန့်စင်ခန်းသွားနေတုန်း ယာဉ်မောင်းလိုင်စင်ကြေးကို ဖုန်းထဲကနေ တိတ်တိတ်လေး ရှာကြည့်လိုက်သည်။ ယာဉ်မောင်းလိုင်စင် တစ်ခု ရဖို့ ဘယ်လောက်တောင် ဈေးကြီးကြောင်း သိသွားချိန်မှာတော့ ကျန်းပေါင် ပြန်လည် စိတ်ညစ်သွားရပါသည်။ ဖူမင်ရှစ် ပြန်ရောက်တော့ သူမ တွန့်ဆုတ်စွာ ပြောလိုက်သည်။
“ ကျွန်မ အခုတလော အလုပ်ရှုပ်နေတာ ၊ ပြီးတော့ ဒုတိယနှစ်မှာ အတန်းချိန်တွေ များတယ်။ နောက်ကျတဲ့အထိ အတန်းတက်ရမှာ။ အခု ယာဉ်မောင်းလိုင်စင် လုပ်ထားရင်တောင် မောင်းဖြစ်ဖို့ အခွင့်အရေးရမယ် မထင်ဘူး။ ”
ကျန်းပေါင်က သူမကို ဘာမှ မပြောဘဲ စိုက်ကြည့်နေသော ဖူမင်ရှစ်အား ရေခပ်ပေး၍ မျက်နှာချိုသွေးလိုက်သောအခါ ဖူမင်ရှစ်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်သွားသည်။ “ ကောင်းပြီ။ ဒါပေမဲ့ အခုက စပြီး အပြင်သွားရင် တက္ကစီပဲ စီးရမယ်။ မြေအောက်ရထား မစီးရဘူး။ ”
ကျန်းပေါင်သည် အမြန် ခေါင်းညိတ် သဘောတူလိုက်သော်လည်း စိတ်ထဲမှာတော့ နောက်ပိုင်းမှာ သူ့ကို အသိမပေးဘဲ ကိုယ့်ဘာသာ မြေအောက်ရထား တိတ်တိတ်လေး စီးဖို့ တွေးထား၏။ ထိုညမှာ ဖူမင်ရှစ်က သူမကို ဈေးကြီးသော စားသောက်ဆိုင်မှာ ညစာ လိုက်ကျွေးခဲ့သည်။ တစ်ချက်လောက် ကြည့်ရုံနှင့် ဘယ်လောက် ဈေးကြီးလဲ ဆိုတာ ပြောနိုင်ပေမဲ့ အရသာကလည်း စားသောက်ဆိုင်ရဲ့ အဆင့်အတန်းနှင့် လုံးဝ ကိုက်ညီမှုရှိသည်။
ကျန်းပေါင်တစ်ယောက် အရသာရှိရှိ ကျေနပ်စွာ စားသောက်ရင်း ညနေတုန်းက မြေအောက်ရထား အဖြစ်အပျက်ကိုတောင် မေ့လျော့သွားသည်။ သို့သော် သတိမမေ့တဲ့ ဖူမင်ရှစ်ကတော့ ညဘက်မှာ ကျန်းပေါင်ရဲ့ အိပ်ခန်းထဲကို ခိုးကြောင်ခိုးဝှက် ဝင်ရောက်လာပြီး အခန်းမီးဖွင့်ကာ သူမကို ခေါင်းစခြေဆုံး စစ်ဆေးခဲ့သည်။ နောက်ဆုံးမှာတော့ သူမရဲ့ ညာဘက် တင်ပါးပေါ်က အညိုအမည်း နှစ်ခုကို ရှာတွေ့သွားသည်။
လက်ရာကြီးက သိသာထင်ရှားနေဆဲ ဖြစ်ပြီး သူမကို ဘယ်လောက်တောင် မညှာမတာ ဖျစ်ညှစ်သွားခဲ့လဲ ဆိုတာ ဖော်ပြနေသည်။ သူကိုယ်တိုင်ပင် ကျန်းပေါင်အပေါ် အဲ့ဒီလောက် ခွန်အားသုံးရက်ခဲ့တာ မဟုတ်ပါ။ လက်ရာ နှစ်ခုကို ဖိထားရင်း ဖူမင်ရှစ်ရဲ့ မျက်နှာက တဖြည်းဖြည်း မည်းမှောင်သည်ထက် မည်းမှောင်လာသည်။
ကျန်းပေါင်ကတော့ ဖူမင်ရှစ် ဘာလုပ်နေတာလဲ ဆိုတာ သတိမထားမိပေ။ အရင်တုန်းက နူးညံ့ခဲ့တဲ့ အမျိုးသားဟာ ရုတ်တရက် ထိန်းချုပ်မှုကင်းမဲ့သွားပြီ ဆိုတာပဲ သူမ သိလိုက်သည်။ နောက်ဆုံး ရပ်တန့်သွားချိန်မှာတော့ ကျန်းပေါင်သည် အသက်လုရှူနေရပြီး လှုပ်ရှားချင်စိတ် မရှိတော့ဘဲ ခေါင်းအုံးတွေကို ပင်ပန်းနွမ်းနယ်စွာ မှီထားရလေသည်။
ဖူမင်ရှစ်က သူမရဲ့ ချွေးစိုနေတဲ့ ကုပ်ပိုးလေးကို ငုံ့နမ်းသည်။ “ အခုက စပြီး မင်း အပြင်မသွားခင် ကိုယ့်ကို ဖုန်းဆက်ပါ။ ကိုယ် အားတယ် ဆိုရင် မင်း သွားချင်တဲ့ နေရာကို ကိုယ် လိုက်ပို့ပေးမယ်။ ”
ထိုအဖြစ်အပျက်ကို မေ့လျော့နေတဲ့ ကာယကံရှင် ကျန်းပေါင်က ဖူမင်ရှစ် တနုံ့နုံ့ဖြစ်နေတာကို မြင်သောအခါ မျက်လုံးမှိတ်ထားလျက်သားဖြင့် သူ့ကို ပွတ်သီးပွတ်သပ်လုပ်လိုက်သည်။ “ ရှင် ကျွန်မ တစ်ခုခု ဖြစ်မှာကို စိတ်ပူနေတာလား။ ”
ဖူမင်ရှစ်က “ မင်းပုံစံက အရမ်းကို အနိုင်ကျင့်ဖို့ လွယ်ကူတဲ့ ပုံစံပေါက်နေတယ်။ ” ဟု စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ တကယ်လို့သာ ကျန်းပေါင်မှာ သူ့အမေလို အရှိန်အဝါရှိလျှင် ဘယ်သူကမှ ထိရဲမှာ မဟုတ်။
ကျန်းပေါင်က မကျေနပ်သလိုလေး နှာခေါင်းရှုံ့လိုက်သည်။ “ ဒါဆို အဲ့ဒါကြောင့် ရှင် ကျွန်မကို နေ့တိုင်း အနိုင်ကျင့်နေတာပေါ့။ ”
နောက်ဆုံးတော့ ဖူမင်ရှစ်ထံမှ ရယ်သံထွက်လာကာ သူမရဲ့ နားရွက်နားကို ကပ်၍ တီးတိုး ပြောသည်။ “ မင်းကို နေ့တိုင်း အနိုင်ကျင့်တယ်တဲ့လား။ မင်းအပေါ် အကြွေးတင်နေတဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွက် အကြွေးပြန်ဆပ်အောင် ကိုယ့်ကို သတိပေးဖို့ ကြိုးစားနေတာလား။ ”
ကျန်းပေါင်ရဲ့ မျက်နှာလေး နီရဲသွားကာ ခေါင်းအုံးမှာ မျက်နှာအပ်၍ ထိုစကားကို ငြင်းဆန်လိုက်သည်။ ထိုညမှာ ဖူမင်ရှစ်ဟာ ကျန်းပေါင်နှင့် နောက်ထပ် နှစ်ကြိမ် ချစ်တင်းနှီးနှောခဲ့ပြီး သူမကို နောက်တစ်နေ့မနက် ( ၁၀ ) နာရီမှ အိပ်ရာနိုးစေတဲ့ထိ ပင်ပန်းနွမ်းလျစေခဲ့သည်။ လတ်ဆတ်စွာ နုသစ်ရင့်မှည့်လာသည့် မက်မွန်သီးလေးနှင့် တူသော သူမရဲ့ မျက်နှာလေးမှာ နှင်းဆီသွေးရောင် လွှမ်းနေပြီး ဘယ်သူ့ကိုမဆို ဆွဲဆောင်နိုင်ဖို့ လုံလောက်အောင် နုနယ်ပျိုမျစ်နေသည်။
ထိုင်ခုံမှာ အလုပ်,လုပ်နေတဲ့ ဖူမင်ရှစ်က အိပ်ရာပေါ်က လှုပ်ရှားသံတွေ ကြား၍ လှည့်ကြည့်သောအခါ သူ့ဇနီးလောင်းလေးရဲ့ အိပ်ရာထခါစ ချစ်စရာကောင်းသော ပုံစံလေးကို မြင်လိုက်ရပါသည်။ သူမရဲ့ မျက်နှာလေးပေါ်ကို အသည်းယားစွာ အနမ်းတစ်ပွင့် ကြဲချရင်း “ ကောင်းသော မနက်ခင်းပါ။ ” ဟု ပြောလိုက်သည်။
သူ့မျက်လုံးအကြည့်က စူးစူးနစ်နစ်ရှိလွန်း၍ ကျန်းပေါင်တစ်ယောက် မနေ့တုန်းက နေ့လယ်စာ စားရင်း သူမရဲ့ အခန်းဖော်တွေ စနောက်ခဲ့တာကို ဘာ့ကြောင့်မှန်းမသိ သတိရသွားကာ ဇဝေဇဝါနှင့် မေးလိုက်သည်။ “ ကျွန်မမှာ ဘာတွေများ ထူးခြားပြောင်းလဲနေလို့လဲ။ ရှောင်ယုတို့ကလည်း ကျွန်မ ပြောင်းလဲသွားတယ်လို့ ပြောတယ်။ ”
ဖူမင်ရှစ်က သူမရဲ့ မျက်လုံးလေးတွေကို နမ်းကာ “ မင်းက အခု ပိုလှလာတယ်။ ” ဟု ပြောလိုက်သည်။
“ တကယ်လား။ ”
သူမက အမှန်တရားကို မယုံကြည်သည့်အတွက် ဖူမင်ရှစ်က သူမရဲ့ မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ နောက်ထပ် အမှန်တရားတစ်ခုကို ပြောပြလိုက်သည်။ “ ပိုပြီးတော့လည်း ဆွဲဆောင်မှုရှိလာတယ်။ ”
ရှက်ရွံ့သွားသော ကျန်းပေါင်သည် သူ့အား သူမကို ဆက်မကြည့်စေချင်တော့ဘဲ သူ့မျက်လုံးတွေကို လက်နှင့် အုပ်မိုးဖုံးကွယ်ထားလိုက်တော့သည်။
ဩဂတ်စ်လ နှောင်းပိုင်းတွင် မြို့တော်ရှိ တက္ကသိုလ်များသည် စာသင်နှစ် အသစ်ကို အောင်အောင်မြင်မြင် စတင်ခဲ့ကြသည်။ ကျောင်းသားသစ်များကို ကြိုဆိုသည့် စီနီယာအဖွဲ့ကလည်း A တက္ကသိုလ်ကို ရောက်လာသော ပထမနှစ်တွေကို ကြိုဆိုခဲ့သည်။
ကျန်းပေါင်ရဲ့ အတန်းချိန်တွေကတော့ စက်တင်ဘာလမှ စမှာမို့ အချိန်ပိုင်းအလုပ်ကို ဆက်လုပ်နေခဲ့ပေမဲ့ အသစ်ရောက်လာတဲ့ ကျောင်းသားသစ်လေးတွေကို မြင်တိုင်း A တက္ကသိုလ်ကို မနှစ်တုန်းက ရောက်လာခဲ့တဲ့ သူမရဲ့ အတွေ့အကြုံကို ပြန်တွေးမိကာ ကိုယ့်ကိုယ်ကိုယ် အသက်ကြီးပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။
နေ့လယ်ရောက်တော့ ကျန်းပေါင်သည် ကန်တင်းမှာ နေ့လယ်စာ စားပြီးနောက် စက်ဘီးကို ဆေးရုံသို့ ပြန်နင်းလာခဲ့သည်။ လုပ်စရာရှိတာတွေ လုပ်ပြီးတဲ့အခါ တိရစ္ဆာန်လူနာ အသစ်တွေနှင့် မေးမြန်းဆွေးနွေးနေသော ဆရာဝန်တွေအနား နေကာ အတွေ့အကြုံရယူဖို့ ကြိုးစားသည်။
ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်က သူမကို “ လော်ဘီကြမ်းပြင်က ညစ်ပတ်နေတယ် ကျန်းပေါင်။ သန့်ရှင်းရေး သွားလုပ်လိုက်ပါဦး။ ” ဟု ညွှန်ကြားသည်။ ကျန်းပေါင်ကလည်း ခေါင်းညိတ်ပြပြီး သန့်ရှင်းရေးပစ္စည်းတွေကို ယူ၍ ထွက်လာခဲ့လိုက်သည်။ အလှည့်ကျဖို့ စောင့်နေတဲ့ ခွေးလေးတစ်ကောင်က ကြမ်းပြင်ပေါ်မှာ မတော်တဆ သေးပေါက်ချခြင်းပင်။ ခွေးပိုင်ရှင်က အလွန် အားတုံ့အားနာ ဖြစ်နေရှာသည်။
ကျန်းပေါင်က ပြုံးရုံသာ ပြုံးပြီး ကြမ်းတိုက်သည့် တုတ်တံနှင့် သန့်ရှင်းရေးလုပ်လိုက်သည်။ သူမ သန့်ရှင်းရေးလုပ်နေတုန်းမှာပဲ ဆေးရုံထဲကို ဝင်လာသော အသက် ( ၄၀ ) ကျော်အရွယ် အမျိုးသမီးကြီးတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုအမျိုးသမီးကြီးမှာ ဆေးခန်းပြမည့် အိမ်မွေးတိရစ္ဆာန်လည်း ပါမလာဘဲ ဒီဆေးရုံကို အခုမှ ပထမဆုံး ရောက်ဖူး၍ လမ်းပျောက်ကာ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေပုံပေါ်၏။
“ အဒေါ် တစ်ခုခု အကူအညီလိုလို့လားဟင်။ ” ဟု ကျန်းပေါင်က အရင်ဆုံး သွားမေးလိုက်သည်။
“ ရတယ် ရတယ်။ အဒေါ်က … ” ဝမ်ရှုသည် တစ်ဖက်ကို လှည့်ကြည့်လိုက်သောအခါ ကျန်းပေါင်ကို မြင်သွားပြီး ပြောလက်စ စကားတို့ တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားရသည်။ သူမ ဆွံ့အငြိမ်သက်သွားပြီး ကျန်းပေါင်ကို မျက်လုံးအပြူးသွားနှင့် စူးစိုက်ကြည့်နေမိသည်။
ကျန်းပေါင်သည်လည်း သူမကို ခေါင်းစခြေဆုံး ကြည့်နေသော အမျိုးသမီးကြီးကို ကြည့်ရင်း ထူးဆန်းသော ခံစားချက်တစ်မျိုးကို ခံစားလာရသည်။ ဒီအမျိုးသမီးကြီးရဲ့ မျက်နှာကို တစ်နေရာမှာ မြင်ဖူးသလို ၊ ရင်းနှီးနေသလို ခံစားရပေမဲ့ သေချာ စဉ်းစားကြည့်လိုက်တော့လည်း ဘယ်နေရာမှာ မြင်ဖူးတာလဲ ဆိုတာ အတိအကျ မမှတ်မိပြန်ပါ။
“ သမီးလေးက ဒီက သူနာပြုလား။ ” ဝမ်ရှုက ကိုယ့်ကိုယ်ကိုယ် အမူအရာပျက်နေမှန်း သတိထားမိသွားသောကြောင့် ဘေးဘီဝဲယာကို ခဏလောက် လှည့်ပတ်ကြည့်ပြီးမှ သမီးဖြစ်သူရဲ့ မျက်နှာလေးကို အကြည့်ပြန်ပို့လိုက်သည်။
ကျန်းပေါင် ပြုံးလိုက်၏။ “ ကျွန်မက အလုပ်သင်ပါ။ အဒေါ် ဘာအကူအညီလိုလို့လဲ။ ”
သမီးဖြစ်သူရဲ့ အပြုံးမှာ ကလေးအရွယ်တုန်းက အငွေ့အသက်လေးတွေ အနည်းငယ် စွဲထင်နေဆဲ။ ဝမ်ရှုသည် သမီးဖြစ်သူကို အကြာကြီး ငေးကြည့်ချင်သော်လည်း ရိပ်မိသွားမည် စိုး၍ ခေါင်းခါယမ်းကာ အထဲကို ချောင်းကြည့်ပြီး “ အဒေါ် လူတစ်ယောက်ကို စောင့်နေရင်းနဲ့ ဒီတိုင်း ဘာရယ်မဟုတ် ဝင်ကြည့်တာပါ။ သမီးလည်း အလုပ်ရှုပ်နေတာပဲ။ အဒေါ် အခု သွားတော့မယ်နော်။ ” ဟု ပြောလိုက်သည်။
သူမက ပါးစပ်က ပြောရင်း ခြေထောက်တွေကလည်း လျှောက်ထွက်သွားသော်လည်း ထွက်မသွားခင်မှာ ကျန်းပေါင်ကို နောက်ဆုံးအနေနှင့် တွန့်ဆုတ်စွာ စိုက်ကြည့်သွားခဲ့သည်။ ထူးဆန်းသော အကြည့်ကြောင့် ကျန်းပေါင်လည်း ထိုအမျိုးသမီးကြီးရဲ့ ကျောပြင်ကို ငေးစိုက်ကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။
အမျိုးသမီးကြီးဟာ ဆေးရုံထဲက ထွက်သွားပြီးနောက်မှာတောင် သူမကို သမင်လည်ပြန် လှည့်ကြည့်ခဲ့သည်။ သို့သော် သူမ ဒီနေရာမှာပဲ နေရာမရွေ့ ရပ်နေလိမ့်မည်ဟု မျှော်လင့်မထားပုံဖြင့် ထိတ်လန့်သွားတာ သိသိသာသာပင် အပြေးတစ်ပိုင်း ခြေလှမ်းများဖြင့် ခပ်သုတ်သုတ် ထွက်ခွာသွားခဲ့သည်။
ကျန်းပေါင်သည် ထိုအမျိုးသမီးကြီးရဲ့ အပြုအမူကို နားမလည်နိုင်ဘဲ စိတ်ရှုပ်ထွေးလျက်ပင် သန့်ရှင်းရေးပစ္စည်းတွေကို အခန်းထဲသို့ ပြန်ယူလာခဲ့လိုက်သည်။ သို့သော် ရင်းနှီးကျွမ်းဝင်နေသလို ထူးဆန်းစွာ ခံစားရသော အမျိုးသမီးကြီးရဲ့ မျက်နှာကို သူမရဲ့ စိတ်ထဲကနေ ခါထုတ်ပစ်လို့ မရပေ။ ထို့နောက် ကျန်းပေါင် လမ်းလျှောက်လာရင်း ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် တောင့်တင်းသွားကာ လက်ထဲက ကြမ်းတိုက်တုတ်တံ လွတ်ကျလုနီးပါး ဖြစ်သွား၏။
A တက္ကသိုလ်ဂိတ်ပေါက်ရဲ့ အပြင်ဘက်တွင်လည်း ဝမ်ရှုသည် ပါးစပ်ကို လက်နှင့် အုပ်၍ ကားထဲကို လျင်မြန်စွာ ပုန်းလျှိုးကွယ်လျှိုး ဝင်လိုက်သော်လည်း သူမ သေချာတောင် မထိုင်နိုင်သေးခင်မှာပဲ မျက်ရည်တွေ စတင် စီးကျလာခဲ့ပြီး မျက်နှာကို လက်နှင့် အုပ်လျက် ရှိုက်ကြီးတငင် ငိုကြွေးခဲ့သည်။ လျို့ဝေ ရောက်လာပြီး သူမကို ဖက်ထားပေးသည့်တိုင်အောင် ပခုံးလေးတွေ တုန်ရီလျက် ဆက်လက် ငိုကြွေးနေဆဲ ဖြစ်သည်။
***