အခန်း ၆၄
Vol. 7 Ch. 64
အပိုင်း ( ၆၄ )
ဝမ်ရှုသည် မြို့တော်ရှိ ထိပ်တန်း တက္ကသိုလ်တစ်ခုမှာ သမီးဖြစ်သူ တက်ရောက်နေတယ် ဆိုတဲ့ သတင်းကို ကြားပြီးကတည်းက ဂဏှာမငြိမ် ဖြစ်ခဲ့သည်။ တစ်ခါတရံ မြို့တော်ကို တိတ်တဆိတ် လာပြီး A တက္ကသိုလ်ရှိ သမီးဖြစ်သူကို ခိုးကြည့်ဖို့ ဆုံးဖြတ်မိတာလည်း ရှိသည်။ သူတို့ရဲ့ သွေးသားတော်စပ်မှုကို ချမပြဘဲ ဒီတိုင်းလေးပဲ အဝေးကနေ ကြည့်ချင်ရုံသာ။ တစ်ခါတရံတော့လည်း သမီးဖြစ်သူ တက္ကသိုလ်မှာ ကောင်းကောင်း အခြေကျသွားသည်နှင့် တစ်ပြိုင်နက် သူမ ချက်ချင်း ထွက်သွားမည်ဟု ကိုယ့်ကိုယ်ကိုယ် တားမြစ်နေတတ်ပြန်သည်။
တစ်နွေရာသီလုံး စိတ်ထဲမှာ လွန်ဆွဲရင်း မြို့တော်ကို အမှန်တကယ် ရောက်လာကာ သမီးဖြစ်သူရဲ့ ကျောင်းရှေ့ထိ ရောက်ခဲ့သော်လည်း သတ္တိမရှိသောကြောင့် လေဆိပ်ကို ပြန်ထွက်လာခဲ့သည်။ သို့သော် လေယာဉ်ပေါ်ကို တက်ခါနီးမှာ တစ်စုံတစ်ခုက သူမရဲ့ နှလုံးသားကို ဆွဲငင်နေသကဲ့သို့ ရုတ်တရက် စိတ်ပြောင်းသွားပြီး A တက္ကသိုလ်သို့ အပြေး ပြန်လာဖြစ်ခဲ့သည်။
ဖူမင်ရှစ်နှင့် တွဲနေတဲ့ ကျန်းပေါင်ဟာ အခုဆို အတော်အသင့် နာမည်ကြီးသော ဆယ်လီတစ်ယောက် ဖြစ်နေပြီ ဖြစ်ပြီး သူမနှင့် ပတ်သက်သော အတင်းအဖျင်း သတင်းတွေကလည်း မကြာခဏ တက်လာသည်။ ထိုသတင်းတွေကို သာမန်လူတွေက အာရုံမစိုက်လောက်ပေမဲ့ ဝမ်ရှုကတော့ ဘယ်သတင်းကိုမှ လွတ်သွားသည် မရှိပါ။ ထို့ကြောင့် ကျန်းပေါင် တိရစ္ဆာန်ဆေးရုံမှာ အချိန်ပိုင်းအလုပ် လုပ်နေတာကိုလည်း သိသည်။
“ သူက အပျိုကြီးဖားဖား ဖြစ်နေပြီ။ ”
အချိန် အတော် ကြာတော့မှ ဝမ်ရှုထံမှ ရှိုက်သံ ဗလုံးဗထွေးနှင့် စကားသံ ထွက်လာသည်။ ဓာတ်ပုံထဲမှာ မြင်ရခြင်းက အပြင်မှာ လူစင်စစ်ကို မျက်မြင်တွေ့ရခြင်းနှင့် မတူ။ သမီးဖြစ်သူကို မျက်မြင်ထင်ရှား တွေ့လိုက်ရခြင်းက ဝမ်ရှုရဲ့ နှလုံးသားကို ပိုလို့တောင် နာကျင်စေခဲ့ပြီး သူမ လူကယ်ဘဝတုန်းက ချခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ဘဝမှာ ပထမဆုံးအကြိမ် မေးခွန်းထုတ်မိသည်။
လျို့ဝေနောက်ကို လိုက်လာတဲ့အတွက် သူမ လိုချင်တဲ့ အဆင့်မြင့်သော မြို့ပြနေထိုင်မှုဘဝကို ရခဲ့ပေမဲ့ သမီးဖြစ်သူကို ဆုံးရှုံးခဲ့ရသည်။ ညတိုင်း သူမရဲ့ ရင်ခွင်ထဲမှာ တိုးဝှေ့အိပ်ပျော်လေ့ရှိတဲ့ ဖန့်ပေါင်လေးကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
“ သူ့ကို မင်းက သူ့အမေပါလို့ နှစ်ကိုယ်ကြားပဲ သိအောင် ပြောပြပြီး တိုးတိုးတိတ်တိတ် အဆက်အသွယ်လုပ်ရင်ရော။ ” လျို့ဝေသည် နှလုံးသားကွဲကြေနေသော ဇနီးဖြစ်သူကို မြင်ချိန်မှာ စိတ်ပျော့သွားသော်လည်း ထိုစကားလုံးတွေကို ပြောပြီးသည်နှင့် နောင်တရသွား၏။ တစ်ယောက်နှင့် တစ်ယောက် မှတ်မိသွားတဲ့ သားအမိတွေက နောက်ပိုင်းမှာလည်း ထပ်မံ တွေ့ဆုံချင်စိတ်ကို တွန်းလှန်နိုင်မှာ မဟုတ်ပေ။
ကျန်းပေါင်က သူတို့ကို ခွင့်လွှတ်ပေးလျှင်တောင် လူအများက သူတို့ကို ရစရာမရှိအောင် ကျိန်ဆဲလိမ့်မည်။ လျို့ဝေသည် ဇနီးဖြစ်သူကို သနားသော်လည်း ကံကြမ္မာကို လောင်းကြေးမထပ်ရဲပါ ၊ သူတို့မိသားစုရဲ့ တည်ငြိမ်အေးချမ်းမှုကို လောင်းကြေးမထပ်ရဲပါ။
ဝမ်ရှုက ငိုရှိုက်နေရင်းမှ “ သွားရအောင် သွားရအောင်။ ” သူ့ကို တိုက်တွန်းသည်။ လျို့ဝေက ဇနီးဖြစ်သူရဲ့ ပခုံးလေးကို ပုတ်၍ နှစ်သိမ့်ပေးရင်း ဒရိုင်ဘာကို ကားထွက်ဖို့ အချက်ပေးလိုက်သည်။
ဆေးရုံထဲမှာတော့ ကျန်းပေါင်သည် တစ်နေ့ခင်းလုံး အလုပ်ကို စိတ်မပါဘဲ အတွေးတစ်ခုတည်းကသာ သူမရဲ့ စိတ်ကို လွှမ်းမိုးထားခဲ့လေသည်။ အလုပ်ဆင်း၍ အပြင်ထွက်လာချိန်မှာတောင် အမျိုးသမီးကြီးကို ဘေးပတ်ဝန်းကျင်မှာ ဝေ့ဝဲရှာဖွေကြည့်မိသည်။ ထိုအမျိုးသမီးကြီးဟာ တစ်ကြိမ် ရောက်လာပြီးပြီမို့ နောက်တစ်ကြိမ်လည်း ထပ်ရောက်လာနိုင်သည်ဟု ခံစားရသည်။ သို့သော်လည်း အပြင်ဘက်မှာတော့ လူစိမ်းတချို့မှ လွဲ၍ သူမကို လာကြိုသော ဖူမင်ရှစ်သာ ရှိပါသည်။
ကျန်းပေါင်သည် အပန်းဖြေစံအိမ်သို့ ကားစီးလာတဲ့ လမ်းတစ်လျှောက်လုံး ဘာမှ မဖြစ်ခဲ့သလို ကြိုးစားဟန်ဆောင်နေပေမဲ့ ဝေ့ပေါ်အကောင့်ထဲကို ဝင်ပြီး ဆက်တိုက် Refresh လုပ်နေမိသည်။ ထိုအမျိုးသမီးကြီးက သူမကို အမှန်တကယ် ရှာဖွေချင်လျှင် လူချင်း တွေ့ဆုံမှုအပြင် ဒီလို အွန်လိုင်းချန်နယ်တွေကိုလည်း အသုံးပြုနိုင်သည်လေ။ သို့သော် သူမတစ်ယောက်တည်း အိပ်မက်,မက်နေသလိုမျိုး ဘာမက်ဆေ့ခ်ျမှ ရှိမနေပါ။ ဆေးရုံမှာ တွေ့ခဲ့တဲ့ အမျိုးသမီးကြီးကလည်း တကယ်တမ်းမှာ သူမ မျှော်လင့်နေတဲ့ လူ ဟုတ်ချင်မှ ဟုတ်မှာပင်။
ကျန်းပေါင် သူမရဲ့ ခံစားချက်တွေကို မဖော်ပြတတ်တော့ပါ။ နည်းနည်းတော့ ဝမ်းနည်းသည်။ ဝမ်ရှုက သမီးဖြစ်တဲ့ သူမကို မလိုချင်၍ တစ်ကြိမ် စွန့်ပစ်ခဲ့ပြီးသား ဖြစ်သည်။ ဒီနေ့ သူမ တွေ့ခဲ့တဲ့ အမျိုးသမီးကြီးကလည်း ဝမ်ရှု ဖြစ်နေလျှင် ဝမ်ရှုက သူမကို လာရှာခဲ့ပေမဲ့ အကြောင်းပြချက် တချို့ကြောင့် အသိအမှတ်မပြုခဲ့တာ ဖြစ်သည်။ သူမကို အမေဖြစ်သူက နောက်တစ်ခေါက် ထပ်စွန့်ပစ်သွားသလို ခံစားရသည်။
ကျန်းပေါင်ရဲ့ စိတ်ထဲမှာ ဝမ်းနည်းမှုတို့ လှိုက်တက်လာကာ ငိုချင်လာသည်။ ထိုညမှာ ကျန်းပေါင်သည် ဖူမင်ရှစ်ရဲ့ ရင်ခွင်ထဲကို တိုးဝင်ကာ သူ့ပခုံးမှာ မျက်နှာအပ်ထားရင်း “ ကျွန်မ သူ့ကို မြင်ခဲ့တယ် ထင်တယ်။ ” ဟု ပြောလိုက်သည်။ “ နေ့ခင်းတုန်းက ဆေးရုံကို သူ့အရွယ် အမျိုးသမီးကြီးတစ်ယောက်က ရောက်လာတယ်။ အဲ့အမျိုးသမီးကြီးက သူနဲ့ တစ်ပုံစံတည်းပဲ။ ”
အသက် ( ၄၀ ) ကျော်အရွယ် အမျိုးသမီးတစ်ယောက်ဟာ မင်္ဂလာဆောင်ဓာတ်ပုံထဲက ( ၂၀ ) ကျော်အရွယ် ပုံစံနှင့်တော့ သေချာပေါက် တူမှာ မဟုတ်ပေမဲ့ ကျန်းပေါင်က ထိုမင်္ဂလာဆောင်ဓာတ်ပုံကို မကြာခဏ ကြည့်လေ့ရှိတာမို့ ဝမ်ရှုရဲ့ ငယ်ရွယ်နုပျိုသော အသွင်အပြင်ကို သိသည်။ ပြီးတော့ သူမရဲ့ အဖေနှင့် တူသော မျက်လုံးတွေက လွဲလို့ ကျန်အစိတ်အပိုင်းအားလုံးကို ဝမ်ရှုထံမှ အမွေရထားတာမို့ ရင်းနှီးကျွမ်းဝင်သော ခံစားချက်ဟာ စိတ်ထင်သက်သက် မဖြစ်နိုင်ပေ။
ကျန်းပေါင်ရဲ့ မျက်ရည်တွေကြောင့် ဖူမင်ရှစ်ရဲ့ ဆန္ဒရမ္မက်တွေအားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားကာ သူမရဲ့ ခန္ဓာကိုယ်လေးကို တင်းကြပ်စွာ ပွေ့ဖက်၍ “ သူ တစ်ခုခု ပြောသွားသေးလား။ ” ဟု မေးလိုက်သည်။
ကျန်းပေါင်က မျက်ရည်တွေကြားမှ ခေါင်းခါယမ်းပြသည်။ “ ဘာမှ မပြောဘူး။ သူ ကျွန်မကို တွေ့တာနဲ့ ဒီတိုင်း ပြန်ထွက်သွားတာ။ ”
ဖူမင်ရှစ်သည် ခဏလောက် တိတ်ဆိတ်စွာ တွေးတောပြီးနောက် အကြောင်းပြချက်ကို ခန့်မှန်းနိုင်သွားကာ ခပ်တိုးတိုး ပြောလိုက်၏။ “ သူ မင်းကို သူ့သမီးလို့ အသိအမှတ်ပြုချင်ရင်တောင် သူ့မှာ အဲ့လို လုပ်ဖို့ သတ္တိမရှိလောက်ဘူး။ ”
ကျန်းပေါင် ခါးသီးစွာ ရယ်မောမိသည်။ ဒါဆို ဝမ်ရှုအတွက် သမီးအရင်း ဖြစ်တဲ့ သူမဟာ ဝေးလံခေါင်ဖျားတဲ့ တောင်ခြေရွာလေးကနေ ခေါ်ထုတ်သွားခံရဖို့ မထိုက်တန်သလို လက်ရှိ မိသားစုကို အထိခိုက်ခံပြီး သမီးတစ်ယောက်လို့ အသိအမှတ်ပြုဖို့လည်း မထိုက်တန်ဘူးပေါ့ … ။ အဲ့ဒါဆိုလည်း ဘာလို့ လာနေသေးလဲ။ ဒီနှစ်တွေ တစ်လျှောက်လုံး လာမတွေ့ခဲ့ဘဲ ဒီနေ့မှ ရုတ်တရက် ပေါ်လာတယ် ဆိုတော့ သူ့မှာ သမီး ရှိသေးတာကို ဒီနေ့မှ မှတ်မိသွားလို့ လာတွေ့တာလား … ။
ကျန်းပေါင်သည် ဒီနေ့ အဖြစ်အပျက် မတိုင်ခင် အချိန်ထိ အမေဖြစ်သူနှင့် ပတ်သက်သော မျှော်လင့်ချက် ကောက်ရိုးမျှင်လေးတွေကို ဖမ်းဆုပ်ထားဆဲ ဖြစ်ပြီး တစ်နေ့မှာ ဝမ်ရှုက သူမကို လာရောက် အသိအမှတ်ပြုလိမ့်မည်ဟု စိတ်ကူးယဉ်ခဲ့ဖူးသည်။ ဝမ်ရှုဘက်ကသာ အမှားပြင်ဆင်ချင်စိတ် ရှိလျှင် သူမဘက်ကလည်း အမေတစ်ယောက်အဖြစ် အသိအမှတ်ပြုပေးနိုင်သည်။ သို့သော်လည်း ဒီနေ့အပြီးမှာတော့ ကျန်းပေါင် ဘာမျှော်လင့်ချက်ကိုမှ ဆုပ်ကိုင်မထားတော့ပါ။
“ မငိုပါနဲ့တော့။ သူ့မှာလည်း သူ့ရဲ့ ကိုယ်ပိုင်ဘဝ ရှိနေပြီ ၊ မင်းမှာလည်း ကိုယ်နဲ့အတူ မင်းရဲ့ ကိုယ်ပိုင်ဘဝ ရှိနေပြီလေ။ ” ဖူမင်ရှစ်က ပြေကျနေသော သူမရဲ့ ဆံနွယ်လေးတွေကို သပ်တင်ပေးကာ နူးညံ့စွာ နမ်းရှိုက်လိုက်သည်။
ကျန်းပေါင်သည် မျက်ရည်တွေကို အားတင်း၍ ကြိုးစားထိန်းချုပ်လိုက်၏။ မျက်လုံးပြန်ဖွင့်ချိန်မှာ အမြင်အာရုံက ဝေဝါးနေပေမဲ့ ဝေဝေဝါးဝါး မြင်ရသော ဖူမင်ရှစ်ရဲ့ ပုံရိပ်ကပင်လျှင် အလွန် ချောမောကာ နူးညံ့သိမ်မွေ့သည်။ သူမရဲ့ အဖေလည်း လူ့လောကထဲကနေ ထွက်သွားပြီ ဖြစ်သလို အမေကလည်း သူမကို မလိုချင်ပေမဲ့ သူမမှာ ဖူမင်ရှစ် ရှိနေပါသေးသည်။ အခုဆို ဖူမင်ရှစ် ပေးတဲ့ မိသားစုအသစ်လည်း ရနေပြီ။
သူမရဲ့ နှလုံးသားထဲက နေရာလွတ်လေးမှာ နောက်ထပ် ခံစားချက်တစ်မျိုးက ဝင်နေရာယူသွားသည်။ ကျန်းပေါင်သည် ဖူမင်ရှစ်ရဲ့ လည်ပင်းကို လက်နှစ်ဖက်နှင့် လှမ်းဖက်ကာ မမှီမကမ်းလေး နမ်းလိုက်သည်။ သူမရဲ့ မျက်လုံးလေးတွေကတော့ စိတ်နှလုံးအေးစက်သော မိခင်ဖြစ်သူ စွန့်ပစ်တာ ခံလိုက်ရသည့် ကြက်ပေါက်လေးတစ်ကောင်လိုမျိုး မျက်ရည်စတွေနှင့် စိုလက်နေပြီး သူမကို နွေးထွေးစွာ ကမ်းလင့်ကြိုဆိုမည့် ရင်ခွင်သစ်တစ်ခုကို သနားစဖွယ် ရှာဖွေနေသည်။
ဖူမင်ရှစ်ရဲ့ နှလုံးသားက ရေအိုင်လေးတစ်အိုင်အဖြစ် အရည်ပျော်ကျသွားကာ ကလေးတစ်ယောက်ကို နှစ်သိမ့်ပေးသကဲ့သို့ ချော့မော့ဖြောင်းဖြရင်း သူမရဲ့ ကျောပြင်လေးကို ပုတ်ပေးနေခဲ့သည်။ ဒါပေမဲ့ ကျန်းပေါင်ကတော့ ဒီလောက်နှင့် လုံလောက်သည်ဟု မခံစားရပါ။ သူမ ပိုပူလောင်သော ပြင်းပြမှုကို လိုချင်သည်။
သူမရဲ့ လက်ကလေးက ဖူမင်ရှစ်ရဲ့ ခါးအောက်ပိုင်းသို့ ရှက်ကိုးရှက်ကန်းနှင့် အဓိပ္ပာယ်ပါပါ ရွေ့လျားသွားစဉ်မှာပဲ ဖူမင်ရှစ်က ထိုလက်ကို ဆတ်ခနဲ ဖမ်းဆုပ်လိုက်သည်။ “ ရှေ့ဆက်မတိုးနဲ့နော်။ မဟုတ်ရင် ကိုယ် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ ”
ဖူမင်ရှစ်က သူမနှင့် နဖူးချင်း ဖိကပ်လျက် မျက်လုံးမှိတ်ထားသည်။ သူမ အခုအချိန်မှာ လိုအပ်တာက စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ပေးမှု ဖြစ်သည်။ ဖူမင်ရှစ်လည်း သူမအလိုကို လိုက်လျောချင်ပေမဲ့ သူမနားမှာဆို ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း အားနည်းသည်။ ကျန်းပေါင် ရှေ့ဆက်တိုးလျှင် ဒီနှစ်သိမ့်မှုက မဖြူစင်တော့ဘဲ သူမကို စိတ်ပျက်စေမှာလည်း စိုးရိမ်သည်။
ကျန်းပေါင်သည် စိတ်ထဲကနေ ညည်းတွားလိုက်သော်လည်း သူ့အား ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ဖို့ မတောင်းဆိုခဲ့ပေ။ ခဏကြာသောအခါ သူမက သတ္တိစုစည်းပြီး သူ့ကျောပြင်ကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်၍ သူ့ရှပ်အင်္ကျီကို တဖြည်းဖြည်း လိပ်တင်လိုက်သည်။
ဖူမင်ရှစ်ကလည်း သဘောပေါက်သွားကာ သူမရဲ့ ညအိပ်ဝတ်စုံ ပခုံးသိုင်းကြိုးလေးကို ပါးစပ်နှင့် ငုံ့ကိုက်၍ သူမရဲ့ အပြုအမူအတိုင်း ဖြည်းဖြည်းချင်း ဆွဲချွတ်ပေးလိုက်သည်။
မှောင်မိုက်သော ညသန်းခေါင်ယံအချိန်တွင် မောဟိုက်သော အသက်ရှူသံတို့နှင့်အတူ ချွေးစက်များ စီးကျနေခဲ့သည်။ ကျန်းပေါင်က အခုအချိန်မှာ ကမ္ဘာကြီးပေါ်မှာ သူမနှင့် အနီးစပ် ၊ အစေးကပ်ဆုံးဖြစ်သော ဒီအမျိုးသားကို မြတ်မြတ်နိုးနိုး ဖက်တွယ်ထားသည်။ ကျန်းပေါင် သူမရဲ့ ပြဿနာတွေကို တဖြည်းဖြည်း မေ့လျော့သွားကာ သူ့အကြောင်းကိုပဲ တွေးမိတော့သည်။ သူ့ကိုပဲ လိုချင်သည် ၊ သူ့ကိုပဲ သူမရဲ့ အရာအားလုံးကို ပုံအပ်ချင်သည်။
…
ချက်ချင်း ဆိုသလို အိပ်မောကျသွားသော ကျန်းပေါင်က ဖူမင်ရှစ်က ခုတင်ပေါ်သို့ ပွေ့ချီလာခဲ့လိုက်သည်။ သူမရဲ့ မျက်တောင်ရှည်တွေကြားမှာ ကပ်ငြိနေသည့် မျက်ရည်စက်လေးကို ဖူမင်ရှစ်က ခေါင်းငုံ့၍ လျှာနှင့် လျက်ကာ ဖယ်ရှားပေးလိုက်သည်။
ကျန်းပေါင်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပေမဲ့ သူကတော့ နည်းနည်းလေးမှ မပင်ပန်းပါ။ သူမကို စောင်ခြုံပေးပြီးနောက် အခန်းထဲမှာ တိတ်ဆိတ်စွာ ထွက်လာကာ သူ့ကိုယ်ပိုင်အခန်းထဲသို့ ပြန်သွား၍ လက်ထောက်ကို ဖုန်းဆက်လိုက်သည်။ “ A တက္ကသိုလ်နဲ့ တိရစ္ဆာန်ဆေးရုံ ဂိတ်ပေါက်တွေရဲ့ ဒီနေ့ နေ့ခင်းတုန်းက စီစီတီဗီမှတ်တမ်း ဗီဒီယိုတွေကို နည်းလမ်းရှာပြီး ရအောင် ယူခဲ့ပါ။ ”
ကျန်းမိသားစုကို ပေးခဲ့တဲ့ ပိုက်ဆံတွေက အဘိုးဖူ ပေးထားတာ ဖြစ်ပြီး ကျန်းပေါင်ရဲ့ အဖေကလည်း ဝမ်ရှုအပေါ် အငြိုးမထားခဲ့ပေ။ ဖူမိသားစုက ဒီလို မဖြစ်စလောက် ငွေပမာဏလေးကို စုံစမ်းဖို့ ပျင်းရိလွန်းပေမဲ့ ဝမ်ရှုက နောက်တစ်ကြိမ် ထပ်ပေါ်လာကာ ကျန်းပေါင်ကို ရှိုက်ကြီးတငင် ငိုကြွေးစေခဲ့သည်။ ဖူမင်ရှစ် တမင် ချိုးနှိမ်ထားတဲ့ ဒေါသတွေက ပြန်လည် မြင့်တက်လာသည်။
ဖြစ်နိုင်တာကတော့ ကျန်းပေါင်မှာ ပိုက်ဆံမရှိလို့ ကျောင်းထွက်လိုက်ရပြီး အိမ်အိုဟောင်းလေးမှာ တစ်ယောက်တည်း စာလေ့လာနေချိန်မှာ ဝမ်ရှုကတော့ မူလတုန်းက ကျန်းပေါင်နှင့် သက်ဆိုင်ခဲ့သော ပိုက်ဆံတွေကို ပျော်ပျော်ပါးပါး သုံးဖြုန်းကာ တခြား ကလေးတွေနှင့်အတူ ဈေးဝယ်ထွက်နေလောက်သည်။ ဒီည သူ့ရင်ခွင်ထဲမှာ ကျန်းပေါင် ငိုကြွေးနေချိန်မှာလည်း ဝမ်ရှုက ရေနွေးကြမ်းသောက်ရင်း မိသားစုနှင့်အတူ အေးချမ်းစွာ တီဗီကြည့်နေလောက်သည်။
နှစ်ရက်အကြာမှာတော့ လက်ထောက်က ဖူမင်ရှစ်အား စီစီတီဗီမှတ်တမ်း ဗီဒီယိုနှစ်ခုကို ပို့ပေးခဲ့သည်။ ဖူမင်ရှစ်သည် ရုံးခန်းထဲမှာ တစ်ယောက်တည်း ထိုင်ရင်း ကျန်းပေါင် ပြောတဲ့ အသက် လေးဆယ်ကျော်အရွယ် အမျိုးသမီးကို ဗီဒီယိုထဲမှာ မကြာခင် ရှာတွေ့သွား၏။ ထိုအမျိုးသမီးကြီးက ကျန်းပေါင်နှင့် ရုပ်ချင်း ဆင်ပြီး အနုစိပ် လိမ်းခြယ်ထားသော မိတ်ကပ်နှင့် လိမ္မာပါးနပ်သော မျက်လုံးများက မင်္ဂလာဆောင်ဓာတ်ပုံထဲက ပုံရိပ်နှင့် ကိုက်ညီသည်။
ဖူမင်ရှစ်က ကျောင်းဂိတ်ပေါက်က ဗီဒီယိုကို နောက်တစ်ခေါက် ပြန်ကြည့်ရင်း ဝမ်ရှုရဲ့ လက်ရှိ ယောက်ျားကိုလည်း သတိထားမိသွားသည်။ သူက နှစ်ယောက်ကို သက်သက်စီ စခရင်ရှော့ယူကာ သူ့လက်ထောက်အား ဒီနှစ်ယောက်က ဘယ်သူဘယ်ဝါလဲ ဆိုတာ စုံစမ်းခိုင်းလိုက်သည်။
ကျန်းပေါင်ကတော့ ဖူမင်ရှစ်ရဲ့ လှုပ်ရှားမှုတွေကို ဘာမှ မသိရှာပေ။ နွေရာသီ အချိန်ပိုင်းအလုပ် ပြီးဆုံးသွားပြီးနောက် လစာရသောအခါ ကျန်းပေါင်တစ်ယောက် ပျော်ရွှင်သွားပြီး ကိုယ့်ကိုယ်ကိုယ် အလိုလိုက်၍ အပျော်အပါးအတွက် အနည်းငယ် ပိုက်ဆံသုံးခဲ့သည်။ ထိုညမှာ သူမက ဖူမင်ရှစ်ကို အပြင်ကို ခေါ်သွားပြီး ညစာလိုက်ကျွေးခဲ့သည်။
ရုပ်ရှင်ကြည့်ပြီးနောက် အိမ်အပြန်လမ်းမှာ ကျန်းပေါင်က “ ရှောင်ယုတို့တွေလည်း မနက်ဖြန်ဆို ကျောင်းကို ပြန်လာကြပြီ။ ” ဟု အဓိပ္ပာယ်ပါပါ ပြောတာကို ဖူမင်ရှစ်က နားမလည်ချင်ယောင် ၊ မသိချင်ယောင်ဆောင်နေခဲ့သည်။ “ ဒါဆို အဆင်ပြေတဲ့ အချိန်တစ်ချိန် ရွေးလိုက်လေ။ ပြီးခဲ့တဲ့ စာသင်နှစ်တုန်းက ကတိပေးထားသလို ကိုယ် သူတို့ကို ညစာလိုက်ကျွေးမယ်။ ”
ဒါက ကျန်းပေါင် ပြောချင်တဲ့ စကား မဟုတ်။ သူမက ဖူမင်ရှစ်ကို ကြည့်ပြီး “ ကျွန်မ အဆောင်ကို မနက်ဖြန်ည ပြန်တော့မယ်။ ” ဟု ခပ်တိုးတိုး ပြောလိုက်သည်။ တကယ်တော့ အခန်းဖော်တွေနှင့် နောက်ဆုံးတစ်ခေါက် တွေ့ဆုံမှုမှာ သူမ လိမ်ပြောခဲ့တာ ဖြစ်သည်။ ဒီနွေရာသီရဲ့ အချိန်အများစုကို သူမ အပန်းဖြေစံအိမ်မှာပဲ နေဖြစ်ပြီး ဖူမင်ရှစ် အလုပ်ကိစ္စနှင့် ခရီးထွက်တော့မှသာ အဆောင်ကို ပြန်သွားလေ့ရှိသည်။ ဒါပေမဲ့ အခုတော့ ကျောင်းပြန်ဖွင့်ပြီမို့ ဒီလိုမျိုး … ပြင်းပြသော ဘဝမှာ မနေချင်တော့ပါ။ သူမ စာကိုသာ အခြေတကျ တည်ငြိမ်စွာ အာရုံစိုက်ချင်သည်။
ဖူမင်ရှစ်က လမ်းကိုသာ ကြည့်၍ ကားဆက်မောင်းနေခဲ့ပြီး သုံးမိနစ်တိတိ ကြာတော့မှ သူ့ဆီက စကားသံ ထွက်လာသည်။ “ အနည်းဆုံး တစ်ပတ်မှာ တစ်ညတော့ ဗီလာကို ပြန်လာခဲ့ပါ။ ”
ဒီအခြေအနေတွေကို ညှိနှိုင်းဆွေးနွေးနိုင်တာနှင့်ပင် ဝမ်းသာစရာကောင်းလှပါပြီ။ ကျန်းပေါင် နာခံစွာ ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း ထိုညမှာ ဖူမင်ရှစ် သူမရဲ့ ခန္ဓာကိုယ်ပေါ်ကို ဖိကပ်အုပ်မိုးထားချိန်မှာတော့ ကျန်းပေါင် ရုတ်တရက် နောင်တရသွားလေသည်။ သူမ ထိုစကားကို မနက်ဖြန်မှ ပြောခဲ့သင့်သည်။
နောက်တစ်နေ့ ရောက်သောအခါ ကျန်းပေါင်သည် ကျောင်းကို ညိုမည်းသော မျက်ကွင်းများနှင့် ပြန်သွားခဲ့ရသည်။ ကျားရှောင်ယု ၊ ဖန်ရွှမ်းနှင့် ချန်းလီလီတို့ဟာ သူမရဲ့ မျက်ကွင်းတွေကို ကြည့်ပြီး ပေါက်ကရ အတွေးတွေကို လျှောက်တွေးနေခဲ့ကြသည်။ သူတို့နှင့် ပြိုင်ပြီး မျက်နှာမပြောင်နိုင်သော ကျန်းပေါင်ကပဲ ရေချိုးခန်းထဲကို ထွက်ပြေးလာခဲ့ရသည်။
အဲ့ဒီနောက် ညနေဘက်မှာ ဖူမင်ရှစ်က သူတို့ကို ညစာလိုက်ကျွေးခဲ့သည်။ ကျားရှောင်ယုတို့သုံးယောက်က ဖူမင်ရှစ်ရှေ့ ရောက်တော့ အနေအထိုင်သိမ်မွေ့သော တက္ကသိုလ်ကျောင်းသူလေးတွေအဖြစ် အသွင်ပြောင်းလဲသွားပြီး ယဉ်ကျေးသိမ်မွေ့ဟန်ပေါ်စေရန် သူ့ထက်ငါ အပြိုင်အဆိုင် ကြိုးစားနေခဲ့ကြသည်။
ဒုတိယနှစ်ရောက်လာတဲ့ ကျန်းပေါင်မှာ အထူးပြု ဘာသာရပ်တွေ တဖြည်းဖြည်း ပိုများလာသည်။ တာဝန်ကျေပွန်ဖို့အတွက် အပန်းဖြေစံအိမ်ကို တစ်ပတ် တစ်ကြိမ် ပြန်သွားပြီး ဘဝရဲ့ ကျန်ရှိတဲ့ အချိန်တွေကိုတော့ စာမှာသာ အာရုံစိုက်ထားခဲ့သည်။ ကျောင်းက ကျောင်းသားတွေအနေဖြင့် စကောလားရှစ် လျှောက်နိုင်ပြီ ဖြစ်ကြောင်း အသိပေးချိန်မှာတော့ ကျန်းပေါင်သည် အမြင့်ဆုံး စကောလားရှစ်ကို ဆုံးဖြတ်ချက်ပြတ်သားစွာ လျှောက်ခဲ့သည်။ အကဲဖြတ်မှု ပြီးဆုံးသွားတဲ့အခါ သူမ မျှော်လင့်တဲ့အတိုင်း စကောလားရှစ် ရခဲ့ပါသည်။
“ ငါတို့ကို တစ်ဝိုင်းကျွေး။ ငါတို့ကို တစ်ဝိုင်းကျွေး။ ” ကျန်းပေါင် စကောလားရှစ်ရကြောင်း သတင်းကြားသည့် နေ့မှာပဲ အခန်းဖော် သုံးယောက်က တညီတညွှတ် အော်ဟစ်ခဲ့ကြသည်။
ကျန်းပေါင်က သူတို့ကို ပျော်ရွှင်စွာပဲ ငါးကင်လိုက်ကျွေးခဲ့သည်။ ငါးကင်စားပြီးနောက် အဆောင်ကို ပြန်ရောက်သည်နှင့် ကျန်းပေါင်က ဖူမင်ရှစ်ထံ ပိုက်ဆံလွှဲလိုက်သည်။ ထိုပမာဏထဲမှာ သူတို့ စတွေ့တဲ့ အချိန်ကနေ အခုချိန်ထိ ခေါင်းစဉ်အမျိုးမျိုး တပ်၍ သူမရဲ့ ကတ်ဒ်ထဲကို ဖူမင်ရှစ် လွှဲပေးခဲ့တဲ့ ပိုက်ဆံတွေအပြင် ထမင်းစားကတ်ဒ်ထဲက ယွမ် ( ၁၀၀၀၀ ) လည်း ပါဝင်သည်။ ဒီအတောအတွင်း ကျန်းပေါင် ပိုက်ဆံသိပ်မသုံးခဲ့တာမို့ တစ်နှစ်တာ အချိန်ပိုင်းအလုပ် လုပ်ပြီးချိန်မှာ ထိုပိုက်ဆံတွေအားလုံးကို ပြန်ဆပ်ဖို့ မခက်ခဲပေ။
ခဏအကြာမှာပဲ ဖူမင်ရှစ်ရဲ့ ဖုန်းကောလ်လေး ရောက်လာသည်။ ကျန်းပေါင်က ပြုံးလိုက်ပြီး လသာဆောင်ကို ထွက်လာကာ ဖုန်းကိုင်လိုက်သည်။
“ မင်း ဒါ ဘာကို ဆိုလိုချင်တာလဲ။ ” ဖုန်းလိုင်းတစ်ဖက်ရှိ ဖူမင်ရှစ်ကလည်း လသာဆောင်မှာ ရှိနေခဲ့ပြီး သူ့အသံက ကြောက်စရာကောင်းအောင် အေးစက်နေသည်။
“ ကျွန်မ စကောလားရှစ် ရသွားပြီ။ အဲ့ဒါကြောင့် ရှင့်ဆီကို အဲ့ပိုက်ဆံတွေ ပြန်လွှဲပေးတာပါ။ ကတ်ဒ်ထဲမှာ ယွမ် ( ၂၀၀၀ ) လောက် ကျန်သေးတော့ ကျွန်မ သုံးဖို့ လောက်ပါတယ်။ ” ဟု ကျန်းပေါင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူမရဲ့ ရယ်သံလေးကို ကြားတော့မှ ဖူမင်ရှစ်ရဲ့ ရုတ်တရက် ဒေါသတွေက ချက်ချင်း ဆိုသလို လျော့ပါးပျောက်ကွယ်သွားသည်။ လတ်စသတ်တော့ ဒီကောင်မလေးက အမှီအခိုကင်းကင်းနှင့် ကိုယ့်အားကိုယ်ကိုးချင်ရုံသာ ဖြစ်သည်။ သူက ကျန်းပေါင်ကို သူနှင့် လမ်းခွဲချင်နေတယ်လို့ ထင်သွားတာပင်။
ည ကိုးနာရီအချိန် ၊ ခွဲစိပ်ခန်း၏ အပြင်ဘက်တွင် ဖြစ်သည်။ ခုံတန်းပေါ်မှာ ထိုင်နေသော ဖူမင်ရှစ်က လက်ကောက်ဝတ်က နာရီကို လက်မြှောက်၍ ကြည့်ကာ ဆက်စောင့်နေခဲ့သည်။ ဆယ့်ငါးမိနစ် အကြာမှာတော့ ခွဲစိပ်ခန်းတံခါး ပွင့်သွားပြီး နှာခေါင်းစည်းတပ်ထားသည့် ဆရာဝန်တစ်ယောက်က လေးနက်တည်ငြိမ်သော အမူအရာဖြင့် ထွက်လာသည်။ သူက ဖူမင်ရှစ်နှင့် ဖူမင်ရှစ်ဘေးက စုံတွဲကို ကြည့်ပြီး ခေါင်းခါယမ်းပြသည်။ “ စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ”
စုံတွဲထဲမှ အမျိုးသမီးဟာ မျက်ရည်စက်တွေ တလိမ့်လိမ့် စီးကျလာတာမို့ အမျိုးသားက သူမကို ပွေ့ဖက်နှစ်သိမ့်ပေးနေ၏။ ဖူမင်ရှစ်ရဲ့ အကြည့်က တိရစ္ဆာန်ဆရာဝန်ကို ဖြတ်ကျော်၍ အဖြူရောင် သူနာပြုယူနီဖောင်းလေးကို ဝတ်ဆင်ထားကာ ဝက်ပေါက်စလေးကို မျက်လုံးရဲရဲနှင့် ပွေ့ချီထားသော ကျန်းပေါင်ထံ ရောက်သွားသည်။
***