အခန်း ၆၅
Vol. 7 Ch. 65
အပိုင်း ( ၆၅ )
ဖူမင်ရှစ် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားမိသည်။ အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကောင် ထိခိုက်ဒဏ်ရာရလို့ ၊ သို့မဟုတ် သေဆုံးသွားလို့ ကျန်းပေါင် ငိုတာကို သူ မြင်ဖူးတာ ဘယ်နှခေါက်တောင် ရှိပြီလဲ မသိတော့ပေ။
“ ပင်ပန်းနေလား။ ” ဆေးရုံထဲမှ နှစ်ယောက်အတူ လျှောက်ထွက်လာရင်း ဖူမင်ရှစ်က ကျန်းပေါင်ရဲ့ လက်ကလေးကို ဆုပ်ကိုင်ကာ မေးလိုက်သည်။ သူမရဲ့ ခန္ဓာကိုယ်မှာ သူ ရင်းနှီးနေပြီ ဖြစ်သည့် ပိုးသတ်ဆေးနံ့ ၊ ဆေးရုံနံ့ဖျော့ဖျော့ကို ရသည်။
“ ကျွန်မ အဆင်ပြေပါတယ်။ ဗိုက်ဆာရုံလေးပါပဲ။ ” ကျန်းပေါင် သူ့ကို ပြုံးပြလိုက်သည်။ ဝက်ကလေးအတွက် စိတ်မကောင်းဖြစ်မိပေမဲ့ တိရစ္ဆာန်ဆေးရုံမှာ ( ၂ ) နှစ် အချိန်ပိုင်းအလုပ်နှင့် ( ၁ ) နှစ် အလုပ်သင်ဆင်းပြီးပြီ ဖြစ်၍ မလွယ်ကူသော အခြေအနေမျိုးစုံကို အတော်လေး ကျင့်သားရနေပါပြီ။ ဆေးရုံထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ဝမ်းနည်းသော ခံစားချက်တွေကို ကျန်းပေါင် အလျင်အမြန် ဖယ်ရှားနိုင်သည်။
ဖူမင်ရှစ်က သူမရဲ့ ခေါင်းလေးကို ပုတ်ပေးကာ နီးစပ်ရာ စားသောက်ဆိုင်သို့ ခေါ်သွားပြီး ညစာစားပြီးမှ အပန်းဖြေစံအိမ်သို့ ပြန်မောင်းလာခဲ့လိုက်သည်။ သူတို့နှစ်ယောက်လုံးရဲ့ အိပ်ခန်းတွေက တတိယထပ်မှာ ရှိသော်လည်း ကျန်းပေါင်က စာဖတ်ဖို့နှင့် လိုအပ်သော အချက်အလက်တွေ ရှာဖွေဖို့က လွဲလို့ သူမရဲ့ ကိုယ်ပိုင်အခန်းထဲကို သွားလေ့မရှိဘဲ ဖူမင်ရှစ်ရဲ့ အခန်းထဲမှာသာ ညတိုင်း နေလေ့ရှိသည်။
ရေချိုးခန်းထဲကို ဝင်ခဲ့သော သူမနောက်ကို ဖူမင်ရှစ်ကပါ အတူ လိုက်ဝင်လာသည်။ ကျန်းပေါင်က သူမရဲ့ ခန္ဓာကိုယ်မှာ ဆေးရုံအနံ့တွေ စွဲနေသေးတာကြောင့် အရင် ရေချိုးချင်ကြောင်း ပြောပြီး သူ့ကို ရေချိုးခန်းထဲက ထွက်သွားခိုင်းလိုက်သည်။ ဒီလို အနံ့မျိုးတွေကို ဖူမင်ရှစ် သဘောမကျမှာ သူမ စိုးရိမ်သည်။
“ မင်း အိမ်သာထဲကို ကျသွားရင်တောင် ကိုယ့်အတွက်တော့ မင်းက မွှေးကြိုင်နေဦးမှာပဲ။ ” ဖူမင်ရှစ်က သူမရဲ့ တီရှပ်လေးကို ကူချွတ်ပေးကာ သူမကို နမ်းရှိုက်လိုက်သည်။ ကျန်းပေါင်က အပြုံးလေးဖြင့် မျက်လုံးမှိတ်ထားသည်။ ဖူမင်ရှစ်က သူမကို ဘေစင်နှင့် ဖိကပ်လိုက်သည်။
ကျန်းပေါင်က ဘေစင်ကို လက်တစ်ဖက်နှင့် ကိုင်ထားကာ ကျန်လက်တစ်ဖက်နှင့် မှန်ကို ကိုင်ထားခဲ့သည်။ နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ထားသော်လည်း အသံမထွက်အောင် မထိန်းချုပ်နိုင်ပါ။ ဖူမင်ရှစ်က ထိုအသံတွေကို နားထောင်ရတာ သဘောကျသည်။ သူ့ရဲ့ နက်မှောင်သော မျက်လုံးတွေက သူမရဲ့ နီရဲသည်ထက် နီရဲလာသော ပါးပြင်လေးတွေကို စိုက်ကြည့်နေခဲ့သည်။ နောက်ဆုံးတော့ သူမရဲ့ နှုတ်ခမ်းလေးတွေ တဖြည်းဖြည်း ပွင့်ဟလာပြီး သူ့နာမည်ကို ရေရွတ်၍ အသနားခံခဲ့သည်။
ကျန်းပေါင်က မကြာခင်မှာ တက္ကသိုလ် ပဉ္စမနှစ်ကို ရောက်တော့မည် ဖြစ်သည်။ ကုန်လွန်ခဲ့သော ( ၂ ) နှစ်အတွင်း သူမ အနည်းငယ် အရပ်ရှည်လာပေမဲ့ ကြိုးကြိုးစားစား လေ့ကျင့်မှုတွေနှင့်တောင် ဖူမင်ရှစ်ကို မနည်း အမီလိုက်နေရ၏။ သူမဘက်က လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားသလို ဖူမင်ရှစ်ကလည်း လျင်မြန်စွာ တိုးတက်လာကာ အသစ် အသစ်သော လှည့်ကွက်ပေါင်းစုံကို သင်ယူရင်း မောနိုင်မပန်းနိုင် ကျေနပ်နေခဲ့သည်။
“ ကျောင်းပြန်ဖွင့်ရင် ကျွန်မ အလုပ်သင်ဆင်းတော့မယ်။ အရည်အချင်းစစ် စာမေးပွဲနဲ့ စာတမ်းရေးဖို့အတွက်လည်း ပြင်ဆင်ရဦးမယ်။ ကျွန်မ အဆောင်ကို ပြန်သွားသင့်တယ်။ ” ကျန်းပေါင်က ရေချိုးပြီးနောက် ဖူမင်ရှစ်ရဲ့ ရင်ခွင်ထဲမှာ မှီရင်း ထိုအကြောင်းကို ခပ်တိုးတိုး ပြောလိုက်သည်။
“ မင်း ဘွဲ့ရတာနဲ့ ကိုယ်တို့ လက်ထပ်ကြမယ်။ ” ဖူမင်ရှစ်က သူမရဲ့ လက်ကလေးကို ဆုပ်ကိုင်ကာ သူ့ရင်ဘတ်ပေါ် တင်လိုက်သည်။ ဒါက သူ့ဘက်က လိုက်လျောနိုင်တဲ့ တစ်ခုတည်းသော အခြေအနေ ဖြစ်သည်။ ကျန်းပေါင်ကလည်း ခေါင်းညိတ် သဘောတူလိုက်သည်။ သခင်ကြီးဖူက တဖြည်းဖြည်း အသက်ကြီးလာပြီမို့ သူမလည်း လက်ထပ်ဖို့ ကိစ္စကို အချိန်မဆွဲချင်တော့ပါ။
နောက်စာသစ်နှစ်တစ်နှစ်ရဲ့ အစတွင် ဂုဏ်သတင်းကြီးသော A တက္ကသိုလ်ရဲ့ အသက်အကြီးဆုံး ကျောင်းသူ ဖြစ်သည့် ကျားရှောင်ယုသည် လသာတောင်မှာ ရပ်ရင်း သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်သည်။ “ နောက်နှစ် ဒီလို အချိန်ဆို ငါတို့ရဲ့ အဆောင်အခန်းလေးက တခြားလူတွေရဲ့ အခန်း ဖြစ်တော့မယ်နော်။ အချိန်ကုန်တာ မြန်လိုက်တာ။ ”
“ ဟုတ်ပါ့။ မကြာခင် ဘွဲ့ရတော့မှာ ဆိုပေမဲ့ ငါကတော့ အခုထိ ကောင်လေး မရသေးဘူး။ ” ချန်းလီလီက မေးပေါ် လက်တင်ရင်း သက်ပြင်းလေး ချကာ ညည်းညူလိုက်သည်။
ဖန်ရွှမ်းက “ အမယ်လေး။ နင့်ကို ပိုးပန်းတဲ့ ကောင်လေးတွေမှ အများကြီးကို နင့်ဘာသာ ပြန်မကြိုက်ခဲ့တာ။ နင်သာ လိုချင်ရင် ရည်းစားတွေ ဟောတစ်ယောက် ဟောတစ်ယောက် ထားခဲ့လို့ ရတယ်။ ” ဟု ဝင်ပြောတော့ ချန်းလီလီက ကျန်းပေါင်ကို မျက်စောင်းလှည့်ထိုးသည်။
“ အဲ့ဒါတွေအားလုံးက ကျန်းပေါင်ကြောင့်ပဲ။ သူက ဥက္ကဌဖူလို ပြီးပြည့်စုံတဲ့ ကောင်လေးကို ရထားတော့ ငါ့စံချိန်စံနှုန်းတွေကလည်း အရမ်း မြင့်သွားပြီး တော်ရုံလူကို စိတ်မဝင်စားတော့တာလေ။ ကျန်းပေါင် … နင် ငါတို့ကို ဥက္ကဌဖူရဲ့ လူမှုအသိုင်းအဝိုင်းထဲက သူ့လိုမျိုး စိန်တုံးလေးတွေကို ကူရှာပေးရမယ်နော်။ နင် ရှာတွေ့တာနဲ့ ငါတို့နဲ့ ချက်ချင်း မိတ်ဆက်ပေး။ ”
ကျန်းပေါင်က လသာဆောင်အောက်ရှိ တက္ကသိုလ်ပရဝုဏ်ကို ငုံ့ကြည့်ရင်း ပြုံးမိသည်။ သူမ တက္ကသိုလ်တက်နေစဉ်အတွင်း ဖူမင်ရှစ်ရဲ့ မိသားစုက လွဲလို့ သူ့လူမှုအသိုင်းအဝိုင်းထဲက လူတစ်ယောက် ၊ နှစ်ယောက်ကိုသာ တွေ့ဖူးသည်။
“ သွားရအောင်။ နေ့လယ်စာစားဖို့ အချိန်ရောက်ပြီ။ ” မကြာခင်မှာ အတန်းဆင်းတော့မှာမို့ ကျားရှောင်ယုက လူတွေ ထပ်ရောက်လာလျှင် အကြာကြီး တန်းစီရမှာ စိုး၍ ထမင်းစားကတ်ဒ်ကို အရင်ဆုံး ယူကာ တိုက်တွန်းနှိုးဆော်လိုက်သည်။
ကောင်မလေး ( ၄ ) ယောက်သည် နေ့လယ်စာစားရန် အပေါ်ထပ် ကန်တင်းသို့ အတူတူ တက်လာခဲ့ကြသည်။ ဖန်ရွှမ်းနှင့် ချန်းလီလီက အစားအသောက်တွေ ယူပြီးနောက် ထိုင်ခုံသွားရှာနေစဉ်မှာ ကျန်းပေါင်နှင့် ကျားရှောင်ယုကတော့ ဟင်းတွေ ရွေးချယ်ရင်း ကျန်ရစ်ခဲ့သည်။ ကျန်းပေါင်တို့နှစ်ယောက် ဟင်းရွေးပြီး၍ ထွက်လာချိန်မှာ ဖန်ရွှမ်းတို့က တောင်ဘက်ရှိ ပြတင်းပေါက်ဘေးက စားပွဲကို ရွေးချယ်ထားကြောင်း တွေ့လိုက်ရသည်။
ကျန်းပေါင်က ကျားရှောင်ယုနှင့် စကားစမြည်ပြောကာ လျှောက်လာရင်း ကျားရှောင်ယုက ကျန်းပေါင်ကို ရုတ်တရက် စိတ်လှုပ်ရှားစွာ တံတောင်နှင့် တွတ်သည်။ “ ဟဲ့ ဟဲ့။ ဟိုမှာ ကြည့်စမ်း။ ချောလိုက်တာဟယ်။ ”
ကျန်းပေါင်လည်း ကျားရှောင်ယုရဲ့ အကြည့်အတိုင်း လိုက်ကြည့်လိုက်တော့ ဖန်ရွှမ်းတို့ ထိုင်နေသော စားပွဲရဲ့ နှစ်ဝိုင်းအကျော်မှာ ခပ်လှမ်းလှမ်းက ကြည့်လျှင်တောင် တောက်ပသန့်ရှင်းသော အသွင်အပြင်ရှိသည့် မီးခိုရောင် ရှပ်အင်္ကျီနှင့် အမျိုးသားတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရလေသည်။ ပြီးတော့ သူ့မျက်နှာက … ။
ကျန်းပေါင်ရဲ့ ခြေလှမ်းတွေ အရှိန်လျော့သွားကာ သူ့ကို အံ့ဩစွာ ကြည့်နေမိသည်။ ထိုအမျိုးသားကလည်း သူမရဲ့ အကြည့်ကို အာရုံခံမိသကဲ့သို့ လှည့်ကြည့်လာသောအခါ ကျန်းပေါင်ကို မြင်သွားသည်။ သူလည်း အလွန် အံ့အားသင့်သွားပုံပေါ်ပြီး စက္ကန့်ပိုင်းလောက် ကြာတော့မှ သူမ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အတည်ပြုနိုင်သွားပုံဖြင့် ပြုံးချိုကြည်လင်စွာ လက်ဝှေ့ယမ်းပြသည်။ “ တိုက်ဆိုင်လိုက်တာဗျာ။ ”
ကျန်းပေါင်သည် ထိုအမျိုးသားဟာ အမေရိကားမှာ စာလေ့လာနေသည်ဟု သူမ မှတ်မိနေသော ချန်ယိ ဖြစ်ကြောင်း သေချာသွားသောအခါ ပြုံးလိုက်မိပြီး အစပိုင်း အံ့ဩမှုတွေလည်း ပျောက်ကွယ်သွားသည်။ သူတို့က WeChat မှာ အကောင့်အပ်ထားပြီး ချန်ယိက နောက်ဆုံးထွက် တိရိစ္ဆာန်ဆေးပညာ သုတေသနစာတမ်းတွေနှင့် အိမ်မွေးတိရိစ္ဆာန် ခွဲစိပ်မှုအကြောင်းတွေကို မကြာခဏ တင်လေ့ရှိသည်။ ကျန်းပေါင်က ထိုပို့စ်တွေကို မြင်တိုင်း လေ့လာသင်ယူလိုသော သဘောထားဖြင့် သေချာ ဖတ်ကြည့်စမြဲပင်။
ထို့ကြောင့် WeChat မှာ ချန်ယိနှင့် စကားပြောဖြစ်တာ ရှားသော်လည်း မကြာခဏ တက်လာသော သူ့ပို့စ်တွေကို ဖတ်ရသောကြောင့် ကျန်းပေါင် သူ့ကို စွဲစွဲထင်ထင် မှတ်မိနေသည်။ ကျန်းပေါင်သည် သူမကို စောင့်နေပုံပေါ်သော ချန်ယိကြောင့် ထမင်း ၊ ဟင်းတွေ ထည့်ထားသော သူမရဲ့ လင်ဗန်းကို သယ်လျက် ယုံကြည်ချက်ရှိစွာ လျှောက်သွားပြီး ပြုံး၍ နှုတ်ဆက်လိုက်သည်။ “ ရှင် တရုတ်ပြည်ကို ပြန်ရောက်နေတာလား။
သူတို့ ပထမဆုံးအကြိမ် တွေ့တုန်းက ကျန်းပေါင်က ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရင်း သူမဟာ A တက္ကသိုလ်မှာ တက်ရောက်နေကြောင်း ပြောခဲ့တာမို့ ချန်ယိက သူဟာလည်း A တက္ကသိုလ်ရဲ့ ကျောင်းသားဟောင်း ဖြစ်ကြောင်း ပြောပြခဲ့သည်။ ထို့ကြောင့် ကျောင်းကန်တင်းမှာ သူနှင့် အမှတ်မထင် တွေ့ဆုံရခြင်းက ကျန်းပေါင်ကို အရမ်းကြီး ထိတ်လန့်မသွားစေပါ။ မွေးရပ်မြေကို ပြန်ရောက်တဲ့အခါ အမိတက္ကသိုလ်ကို လာရောက်လည်ပတ်တာ သဘာဝပဲ ဖြစ်သည်။
ချန်ယိက ခေါင်းညိတ်ပြီး ကျန်းပေါင်ကို သူ့စားပွဲမှာ ဝင်ထိုင်ဖို့ ဖိတ်ခေါ်သည်။ ကျန်းပေါင် အလိုလို နောက်လှည့်ကြည့်လိုက်တော့ သူမရဲ့ အခန်းဖော်သုံးယောက်က သူမကို အဓိပ္ပာယ်ပါပါ မျက်ခုံးပင့်ပြနေကြသည်။ ကျန်းပေါင်က သူတို့ကို အိုးတိုးအမ်းတမ်း ပြန်ပြုံးပြလိုက်သည်။ အကြာကြီး ဝေးကွာနေခဲ့တဲ့ မိတ်ဆွေဟောင်းတစ်ယောက်က အတူ နေ့လယ်စာစားဖို့ ဖော်ရွေစွာ ဖိတ်ခေါ်တာကို ငြင်းဆန်လျှင် မယဉ်ကျေးရာ ရောက်လိမ့်မည်။
ကျန်းပေါင်က သူနှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး စကားစဖို့ ကြိုးစားလိုက်သည်။ “ ရှင် ကျောင်းကို ဘယ်လိုလုပ် ရောက်လာတာလဲ။ ”
ချန်ယိက သူမကို သေချာ ကြည့်မိသည်။ သူ ကျန်းပေါင်နှင့် လူကိုယ်တိုင် နောက်ဆုံးတစ်ခေါက် တွေ့ခဲ့တုန်းက ကျန်းပေါင်ဟာ သူ့ညီမဝမ်းကွဲရဲ့ နှစ်သစ်ကူးပါတီမှာ ဖူမင်ရှစ်နှင့်အတူ စုံတွဲခုတ်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံး ၊ လေးနှစ် ဆိုတဲ့ အချိန်က ဖျတ်ခနဲ ကုန်ဆုံးသွားသည်။ အခုအချိန်မှာ လူကြီးပိုဆန်စွာ ဝတ်စားထားတာက လွဲလို့ ကျန်းပေါင်မှာ ကြီးကြီးမားမား ပြောင်းလဲသွားပုံ မပေါ်ပါ။ အရင်အတိုင်း ဖြူစင်လှပနေဆဲ ဖြစ်ပြီး အရင်ကထက်တောင် ပိုလှလာသည်ဟု ထင်ရ၏။
ချန်ယိသည် သူမကို အကဲခတ်ပြီးနောက် သဘာဝကျစွာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ ကျွန်တော်က A တက္ကသိုလ်ဆေးရုံမှာ မနက်ဖြန်ဆို တရားဝင် အလုပ်စဆင်းပြီလေ။ အဲ့ဒါကြောင့် ဆေးရုံကို ဒီနေ့ တစ်ချက် လာကြည့်တာပါ။ ”
ကျန်းပေါင် အံ့အားသင့်သွားရပြန်သည်။ သူမ ခဏလောက် စဉ်းစားပြီးမှ ရှင်းပြလိုက်သည်။ “ တိုက်ဆိုင်လိုက်တာ။ ကျွန်မလည်း အခု အဲ့မှာ အလုပ်သင် ဆင်းနေတာလေ။ ဘွဲ့ရပြီးရင်လည်း အဲ့မှာပဲ ရေရှည် ရာထူးတစ်နေရာ ရဖို့ များတယ်။ ” A တက္ကသိုလ် တိရစ္ဆာန်ဆေးရုံမှာ အလုပ်ရဖို့ မလွယ်ကူသော်လည်း ထိုဆေးရုံရှိ ဆရာဝန် အများစုက ကျောင်းသားဟောင်းတွေချည်းသာ။ ကျန်းပေါင်က အလုပ်သင်ကာလအတွင်း ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့တာမို့ သူမအတွက် အလုပ်ရဖို့ အလွန် ရာခိုင်နှုန်းများသည်။
ချန်ယိက အံ့ဩစွာ မျက်ခုံးပင့်သွားပြီး ကျန်းပေါင်ကို ရယ်ရယ်မောမောနှင့် မျက်လုံးတစ်ဖက် မှိတ်ပြသည်။ “ ကျွန်တော်က အသစ် ဆိုတော့ ကျွန်တော့်ကို ဂရုစိုက်ပေးဖို့ မိန်းကလေးကျန်းကိုပဲ အားကိုးရတော့မှာပဲ။ ”
သူ့ရဲ့ ဟာသဉာဏ်က ကျန်းပေါင်ကို ပျော်ရွှင်စွာ ပြုံးရယ်မိစေပါသည်။ မိတ်ဆွေဟောင်းနှင့် ပြန်လည် ဆုံတွေ့ရခြင်းက အမှန်တကယ် ပျော်စရာကောင်းသည်။ သူတို့နှစ်ယောက် ခဏလောက် စကားစမြည် ပြောပြီးနောက် ချန်ယိ နေ့လယ်စာစားလို့ ပြီးတော့မည် ဆိုတာကို သတိထားမိသော ကျန်းပေါင်က သူမရဲ့ အခန်းဖော်တွေကို လက်ညိုးထိုးပြပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။ “ ကျွန်မရဲ့ သူငယ်ချင်းတွေဆီ ပြန်သွားလိုက်ဦးမယ်။ ဒါဆို မနက်ဖြန် ဆေးရုံမှာ တွေ့ကြမယ်နော်။ ”
ချန်ယိက ခေါင်းညိတ်ပြပြီး ကျန်းပေါင်ရဲ့ အခန်းဖော် သုံးယောက်ကိုပင် ပုလဲလုံးလေးတွေ စီထားသည့်သဖွယ် ဖြောင့်တန်းညီညာသော သွားလေးများ ပေါ်အောင် ပြုံးရယ်ပြခဲ့သည်။
“ သူက ဘယ်သူလဲ။ သူက ဘယ်သူလဲ။ ”
ကျားရှောင်တို့သုံးယောက်က သူတို့ကိုယ်သူတို့ မနည်း ထိန်းချုပ်ထားခဲ့ရတာ ဖြစ်သည်။ ချန်ယိ ထွက်သွားသည်နှင့် တစ်ပြိုင်နက် သူတို့က ကျန်းပေါင်ကို ချက်ချင်းပဲ စစ်ဆေးမေးမြန်းကြသည်။ “ နင့်မှာ ဥက္ကဌဖူ ရှိနေပြီးသားနော်။ ဒီအလန်းဇယားလေးက ငါတို့အတွက်ပဲ။ နင် ငါးရံ့နှစ်ကောင်ကို လက်ဝါးကြီးအုပ်ချင်ရင် ဥက္ကဌဖူက နင့်ကို ခွင့်လွှတ်ပေးရင်တောင် ငါတို့ကတော့ မရဘူး။ ”
“ ပေါက်ကရတွေ လျှောက်မပြောကြစမ်းပါနဲ့။ ” ကျန်းပေါင်က သူတို့ကို စိတ်ပျက်လက်ပျက် မျက်စောင်းထိုးပြီး အကြောင်းစုံ ရှင်းပြလိုက်သည်။
အသေးစိပ် မေးမြန်းပြီးနောက် ချန်ယိဟာ ပန်းခြံထဲမှာ ကျန်းပေါင်ကို ချဉ်းကပ်ပြီး နှစ်သစ်ကူးပါတီပွဲကို လာဖို့ ဖိတ်ကြားခဲ့သူ ဖြစ်ကြောင်း သိသွားချိန်မှာတော့ ဖန်ရွှမ်းက နှုတ်ခမ်းစေ့ပြီး သက်ပြင်းချလိုက်သည်။ “ ကျန်းပေါင်ကို ဟိုးအရင်ကတည်းက သဘောကျခဲ့တဲ့ နောက်ထပ် ယောက်ျားတစ်ယောက် ဖြစ်နေတာပဲ။ ကျန်းပေါင်မှာသာ ဥက္ကဌဖူ မရှိရင် ချန်ယိက ကျန်းပေါင်ကို အသည်းအသန် လိုက်နေလောက်ပြီ ဆိုတာ ငါ့ဘွဲ့နဲ့ လောင်းပြီး ပြောရဲတယ်။ ”
ကျားရှောင်ယုနှင့် ချန်းလီလီကလည်း ထိုစကားကို ခေါင်းညိတ် ထောက်ခံသည်။ ကျန်းပေါင်ကတော့ ထမင်းကိုသာ ငုံ့စားနေမိသည်။ သူမရဲ့ အခန်းဖော်တွေဟာ ပေါက်ကရ ထင်မြင်ယူဆချက်တွေကို မှတ်ချက်ချရတာ ကြိုက်ကြသည်။ သူတို့အမြင်မှာ သူမကို စကားလာပြောတဲ့ ဘယ်ယောက်ျားမဆို မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ရှိနေသည်ပင်။ သူတို့က ခွေးလေး ဘက်ကီနှင့် သူ့ညီမဝမ်းကွဲ ရှောင်ယာကနေတစ်ဆင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး သာမန် အသိအကျွမ်း ဆိုတာထက် မပိုပေ။
ဖန်ရွှမ်းက “ နင် စောင့်နေပါ။ ခဏနေရင် ဥက္ကဌဖူကို ဒီအကြောင်း ဖုန်းဆက်ပြောပြပြီး သူ ဘယ်လို တုံ့ပြန်မလဲ ဆိုတာ ကြည့်လိုက်။ ” ဟု အားရဝမ်းသာ ပြောသည်။ အဆောင်အခန်းထဲကို ပြန်ရောက်သောအခါ ကျန်းပေါင်သည် အခန်းဖော်သုံးယောက်ရဲ့ တိုက်တွန်းမှုအရ ဖူမင်ရှစ်ထံ ဖုန်းဆက်ပြီး ဒီ “ မသင်္ကာစရာ အခြေအနေ ” အကြောင်း အစီရင်ခံရသည်။
သူမက အသိအကျွမ်းဟောင်းတစ်ယောက်နှင့် ကျောင်းကန်တင်းမှာ ဆုံခဲ့ကြောင်း ပြောပြီး ဖူမင်ရှစ် ချန်ယိကို မှတ်မိသေးလားဟု မေးလိုက်သည်။
ဖူမင်ရှစ် ဘယ်လိုလုပ် မမှတ်မိဘဲ နေမှာလဲ … ။ ကျန်းပေါင်က အမေရိကမှာ အတော်လေး စိတ်ဝင်စားစရာကောင်းသော တရုတ် အမျိုးသားတစ်ယောက်နှင့် ဆုံတွေ့ခဲ့တာလေ … ။
ဖူမင်ရှစ်က ကြမ်းပြင်ကနေ မျက်နှာကျက်အထိ တစ်ဆက်တည်း ရှည်လျားသော ပြတင်းပေါက်ကြီးဆီ လျှောက်သွားရင်း “ မင်း အကြာကြီး နေတော့မှ သူနဲ့ ပြန်တွေ့ရတော့ အရမ်း ပျော်နေမယ် ထင်တယ်။ ” ဟု ပြောလိုက်သည်။
“ ပုံမှန်ပါပဲ။ ကျွန်မတို့က ဘာပဲဖြစ်ဖြစ် အဲ့လောက်လည်း ရင်းနှီးတာ မဟုတ်ဘူးလေ။ ” ကျန်းပေါင်ကတော့ ဘာမှ သိပ်မတွေးဘဲ အမှန်အတိုင်း ရိုးရိုးသားသား ပြန်ဖြေခဲ့သည်။
ဖူမင်ရှစ်ကတော့ နှုတ်ဆိတ်နေဆဲ ဖြစ်သည်။ ထိုအချိန်မှာပဲ သူ့လက်ထောက်လေးက ရုံးခန်းတံခါးကို ညင်သာစွာ လာခေါက်ပြီး အလုပ်ကိစ္စနှင့် ဖုန်းကောလ်တစ်ခု ဆက်နေကြောင်း လာသတိပေးသည်။ သူက “ ဒီည အတူတူ ညစာစားရအောင်။ ” ဟု ရိုးရှင်းစွာ ပြောပြီး တွေးတွေးဆဆ အမူအရာဖြင့် ဖုန်းချလိုက်သည်။
မြို့တော်မှာ တိရစ္ဆာန်ဆေးရုံတွေ အများကြီး ရှိတဲ့ထဲမှာ ချန်ယိက A တက္ကသိုလ် တိရစ္ဆာန်ဆေးရုံကိုမှ ဘာလို့ အထူးတလည် ရွေးချယ်ခဲ့တာလဲ … ။ ‘ အနေဝေးခြင်းက နှလုံးသားမှာ မြတ်နိုးမှုတွေကို ပိုမိုကြီးထွားလာစေသည် ’ ဟူသော စကားပုံက သူ့စိတ်ထဲကို အလိုအလျောက် ရောက်လာသောအခါ ဖူမင်ရှစ်တစ်ယောက် နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ပိတ်လိုက်သည်။
အလုပ်သင်ဆင်းပြီးနောက် ကျန်းပေါင် ထိုအချိန်ပိုင်းအလုပ်ကို ဆက်လုက်စရာ မလိုတော့ပါ။ ဖူမင်ရှစ်က ညနေ ( ၆ ) နာရီကျော်ကျော်မှာ သူမကို ညစာစားဖို့ သွားခေါ်ခဲ့သည်။ ဖူမင်ရှစ် ကားမောင်းနေချိန်မှာ ကျန်းပေါင်ကတော့ ခရီးသည်ထိုင်ခုံမှာ ထိုင်ပြီး သူ့ကို တိတ်တိတ်လေး အကဲခတ်နေသည်။
သူမရဲ့ အခန်းဖော်သုံးယောက်လုံးက ချန်ယိကြောင့် ဖူမင်ရှစ် ခြိမ်းခြောက်ခံရသလို ခံစားနေရလိမ့်မည်ဟု ပြောသည်။ အားလုံးက တညီတညွှတ် ဝိုင်းပြောတော့ ကျန်းပေါင်လည်း အခန်းဖော်တွေရဲ့ ထင်မြင်ယူဆချက်ကို အဟုတ်ထင်မိတော့မလို ရှိသည်။ အရမ်းတော့ မယုံပေမဲ့ သံသယစိတ်ကိုတော့ ထိန်းချုပ်မရပါ။
“ မင်း ဘာတွေ တွေးနေတာလဲ။ ” ကားလမ်းပိတ်နေစဉ်မှာ ဖူမင်ရှစ်က သူမဘက်ကို လှည့်ကြည့်ပြီး တည်ငြိမ်နက်ရှိုင်းသော မျက်လုံးများဖြင့် စိုက်ကြည့်၍ မေးသည်။ ကျန်းပေါင်က အလျင်အမြန် ခေါင်းခါယမ်းပြလိုက်ပေမဲ့ သူမရဲ့ လက်တွေက စိတ်လှုပ်ရှားစွာ ဂဏှာမငြိမ် ဖြစ်နေသည်။
ဖူမင်ရှစ်က သူမရဲ့ ဂဏှာမငြိမ်သော လက်ကလေးတွေကို ကြည့်ကာ သူမဘေးကို ရုတ်တရက် တိုးကပ်သွားပြီး “ ကိုယ့်ကို လွမ်းနေတာလား။ ” ဟု ခပ်တိုးတိုး မေးလိုက်တော့ ကျန်းပေါင်ရဲ့ မျက်နှာက အနီရောင်သန်းသွားသည်။
သူတို့ ဟိုကိစ္စကို ဘယ်နှကြိမ်ပဲ လုပ်ပြီးပါစေ ၊ ဖူမင်ရှစ် ဒီလိုမျိုး ရင်ခုန် စိတ်လှုပ်ရှားစရာ စကားတွေကို ပြောတိုင်း ကျန်းပေါင် တောင့်မခံနိုင်ပါ။ တစ်ခါတလေ ဖူမင်ရှစ်ဘက်က ဘာမှတောင် ပြောစရာ မလိုလိုက်ဘဲ သူမအနားကို ကပ်လာကာ အဓိပ္ပာယ်ပါပါ မျက်ဝန်းတွေနှင့် ကြည့်လိုက်သည်နှင့် ကျန်းပေါင်ရဲ့ နှလုံးသားက အရှိန်ပြင်းပြင်းနှင့် ရင်ခုန်သံမြန်လာတတ်သည်။
အရှေ့က ကားတွေက ပြန်လည် မောင်းနှင်နေသောကြောင့် ဖူမင်ရှစ်က သူမထံမှ အနမ်းတစ်ပွင့်ကို ခိုးယူမည့် စိတ်ကူးကို ယာယီ လက်လျှော့ကာ ကားမောင်းခြင်းကို ပြန်အာရုံစိုက်ထားလိုက်သည်။ ဟိုတယ်မှာ ညစာစားပြီးနောက် သူတို့ ည ( ၈ ) နာရီဝန်းကျင်မှာ ပြန်လာခဲ့သည်။ ကျန်းပေါင်က ဖူမင်ရှစ်က သူမကို ကျောင်းသို့ ပြန်ပို့ပေးလိမ့်မည်ဟု ယူဆလျက် ခေါင်းငုံ့၍ ဂိမ်းဆော့ရင်း အလုပ်ရှုပ်နေခဲ့သည်။
ဂိမ်းထဲမှာ ဘယ်လောက်ထိ အာရုံရောက်နေသလဲ ဆိုရင် ဘယ်နေရာကို ရောက်ပြီလဲလို့ အမှတ်တမဲ့ ကြည့်တော့မှ ဖူမင်ရှစ်ရဲ့ အပန်းဖြေစံအိမ်သို့ သွားသော လမ်းပေါ်ကို ရောက်နေကြောင်း သတိထားမိပြီး အံ့အားသင့်သွားလေသည်။
“ ရှင် … ”
“ ကိုယ် မင်းကို မနက်ဖြန်မနက်မှ ကျောင်းကို ပြန်လိုက်ပို့ပေးမယ်။ ” ဖူမင်ရှစ်ရဲ့ မျက်လုံးတွေက အရှေ့တည်တည်ရှိ လမ်းပေါ်မှာသာ ရှိနေပြီး မျက်နှာပေါ်မှာ ဘာအမူအရာမှ သိပ်မပြတာမို့ ဒီအကြောင်းအရာကို ဆက်မဆွေးနွေးချင်ကြောင်း ထင်ထင်ရှားရှား ပေါ်လွင်နေပါသည်။ ကျန်းပေါင် သူမရဲ့ ဖုန်းကို ပြန်ငုံ့ကြည့်လိုက်ပေမဲ့ လက်တွေက မလှုပ်ရှားတော့ပါ။ သူမရဲ့ စိတ်ထဲမှာ ဖူမင်ရှစ်တစ်ယောက်တည်းက နေရာယူထားသည်။
သူ့အပြုအမူကို အကဲခတ်ရသလောက် စိတ်မကြည်တဲ့ ပုံပဲ … ။ သူ့အလုပ်မှာ တစ်ခုခု ပြဿနာတက်လာတာလား ၊ ဒါမှမဟုတ် သူမရဲ့ အခန်းဖော်တွေ ခန့်မှန်းတာ မှန်နေတာလား … ။ အရင်တုန်းက ချန်ယိမှာ သူမကို ပိုးပန်းဖို့ အတွေးတွေ ရှိခဲ့တယ် ဆိုရင်တောင် ဖူမင်ရှစ်အနေနဲ့ ဘာစိတ်ပူနေစရာ လိုလို့လဲ … ။ အရပ် ၊ ရုပ်ရည် ၊ ငွေကြေး ၊ ဘယ်နေရာကပဲကြည့်ကြည့် ဖူမင်ရှစ်က ချန်ယိထက် အပြတ်အသတ် သာလွန်သည်။ သူမရဲ့ နှလုံးသားထဲမှာ သူတစ်ယောက်တည်းသာ ရှိသည့် အကြောင်းကိုတော့ ပြောနေစရာတောင် မလိုချေ။
***