← Chapters

အခန်း ၆၆

Vol. 7 Ch. 66

အခန်း ၆၆

Vol. 7 Ch. 66

အပိုင်း ( ၆၆ )

ကျန်းပေါင်က ကားမောင်းနေသော သူ့ကို အာရုံပျံ့လွင့်အောင် ဘာစကားမှ မပြောခဲ့ပါ။ ကားထဲက ထွက်လာပြီးနောက်ပိုင်းမှသာ ဖူမင်ရှစ်ရဲ့ ရင်ခွင်ထဲကို တိုးဝင်၍ “ အလုပ်မှာ တစ်ခုခု ဖြစ်ခဲ့လို့လား။ ” ဟု တွန့်ဆုတ်စွာ မေးလိုက်သည်။

ဖူမင်ရှစ်က သူမရဲ့ မေးခွန်းကို ကြားတော့ ချက်ချင်း ပြန်မေးသည်။ “ မင်း ဘာလို့ အဲ့လို ထင်ရတာလဲ။ ”

ကျန်းပေါင်က သူ့ကို ခေါင်းစခြေဆုံး ကြည့်ပြီးနောက် အကြည့်လွှဲလိုက်သည်။ “ ရှင့်ကို ကြည့်ရတာ နည်းနည်း မပျော်မရွှင်ဖြစ်နေသလိုပဲ။ ”

ဖူမင်ရှစ်က ဘာမှ ပြန်မပြောဘဲ နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ ပြောနိုင်တာ ဘာမှ မရှိပါ။

သူတို့ အိမ်ပြန်ရောက်ပြီ ဆိုကတည်းက သေချာပေါက် တစ်ခုခု လုပ်ရလိမ့်မည်။ ဖူမင်ရှစ်က သူမ ခံနိုင်ရည်မရှိလောက်အောင်ပင် ခါတိုင်း ညတွေထက် ပိုတိတ်ဆိတ်နေသည် ၊ ပိုအရိုင်းဆန်နေသည်ဟု ကျန်းပေါင် ခံစားရသည်။

“ ဖြည်းဖြည်း။ ” ဟု သူမက သူ့ခါးကို ပွေ့ဖက်ရင်း ပြောလိုက်သည်။ ဖူမင်ရှစ်က အစပိုင်းမှာ အရှိန်လျော့သွားပေဲ့ ခဏအကြာမှာပဲ ခုနတုန်းက အရှိန်အတိုင်း ပြန်ဖြစ်သွားကာ သူမစကားကို နားမထောင်တော့ပေ။ မသက်မသာ ခံစားလာရသော ကျန်းပေါင်က ခဏလောက် တောင့်ခံနေပြီးမှ သူမ နေရတာ အဆင်မပြေကြောင်း ခပ်တိုးတိုး ပြောလိုက်သည်။

အဲ့ဒီတော့မှပဲ ဖူမင်ရှစ်က ရပ်တန့်သွားကာ သူ့နဖူးနှင့် သူမရဲ့ ညှပ်ရိုးကု ဖိကပ်လိုက်သည်။ စက္ကန့် သုံးဆယ် ကြာသောအခါ သူမကို နူးညံ့ညင်သာစွာ နမ်းသည်။ “ တောင်းပန်ပါတယ်။ ”

သူ ကျန်းပေါင်ကို နာကျင်အောင် လုပ်ဖို့ ရည်ရွယ်ချက်မရှိပေမဲ့ ဒီနေ့က စပြီး ချန်ယိကို သူမ နေ့တိုင်း မြင်တွေ့ရတော့မည် ဖြစ်ကြောင်း တွေးမိတိုင်း သူ့ရင်ဘတ်ထဲမှာ တင်းကြပ်လာသည်။

ကျန်းပေါင်က သူမရဲ့ အခန်းဖော်တွေလောက် လူကဲခတ်မတော်ပေမဲ့ ဒီည ဖူမင်ရှစ်ရဲ့ ပုံမှန်မဟုတ်သော အပြုအမူကို အကဲခတ်မိသလောက် သူ ချန်ယိကြောင့် ဒေါသထွက်နေတယ် ဆိုတာ သိသည်။ ထိုအတွေးကြောင့် ကျန်းပေါင် ရယ်ချင်သွားပြီး သူမရဲ့ ရင်ဘတ်ကို မျက်နှာအပ်ထားတဲ့ ဖူမင်ရှစ်ရဲ့ ဆံပင်တွေကြားထဲ လက်ထည့်ကာ နူးညံ့စွာ ပြောလိုက်သည်။ “ ဒီနေ့ နေ့လယ်စာစားရင်းနဲ့ ကျွန်မဘေးမှာ ရုပ်ချောတဲ့ ယောက်ျားတစ်ယောက်ကို မြင်ရင် ရှင် သဝန်တိုလိမ့်မယ်လို့ ရှောင်ယုတို့က စတယ်။ ”

ဖူမင်ရှစ်က အေးစက်စက် ရယ်မောကာ သူမရဲ့ မေးစေ့ကို နှာခေါင်းနှင့် ပွတ်သပ်လိုက်သည်။ “ ကိုယ်က အဲ့ကောင်ကြောင့် သဝန်တိုရမှာတဲ့လား။ ”

သဝန်တိုနေပါလျက်နှင့် မဝန်ခံချင်တာ အသိအသာပဲ ဖြစ်သည်။ ကျန်းပေါင်က သူ့မျက်နှာကို ပွတ်သပ်လိုက်သည်။ “ အဲ့ဒါဆို ရှင် ဘာလို့ မပျော်မရွှင် ၊ မကျေမနပ် ဖြစ်နေတာလဲ။ ”

ဖူမင်ရှစ်က သူမရဲ့ လက်ကို ဆုပ်ကိုင်ပြီး လက်ချောင်းလေးတွေကို ခပ်ဖွဖွ ကိုက်လိုက်သည်။ “ ကိုယ့်ဇနီးလောင်းလေးကို အချိန်မရွေး ခိုးယူနိုင်မယ့် လူတစ်ယောက် အဆင်သင့်ရှိနေတာကို သဘောမကျရုံပါပဲ။ ”

“ သူ့မှာ အဲ့လို ရည်ရွယ်ချက်မျိုး လုံးဝ မရှိပါဘူး။ ” ကျန်းပေါင် စိတ်ညစ်မိသလို ရှက်တောင် ရှက်သွားမိသည်။ သူမနှင့် ချန်ယိတို့ အမေရိကမှာ တွေ့ဆုံဖူးတဲ့ အကြိမ်ရေက လက်ငါးချောင်းတောင် မပြည့်ပါ။ ဝေးကွာနေခဲ့တဲ့ သုံး ၊ လေးနှစ် အကြာမှာ သူမက ဘာတွေများ လှပထူးချွန်နေလို့ ချန်ယိက သူမကို အမှတ်တရ ဖြစ်နေမှာလဲ။ ဒီအကြောင်းကို ချန်ယိသာ မတော်တဆ သိသွားလျှင် သူတို့ရဲ့ စိတ်ကြီးဝင်မှုကို လှောင်ရယ်လောက်သည်။

“ သူ့မှာ အဲ့လို ရည်ရွယ်ချက်မျိုး မရှိဘူးလို့ မင်းက ဘယ်လိုလုပ် သိတာလဲ။ ” ဖူမင်ရှစ်က သူမရဲ့ မျက်နှာလေးကို ဖျစ်ညှစ်ကာ မှိန်ဖျော့ဖျော့ မီးရောင်အောက်မှာ သူမရဲ့ နှာခေါင်းလေးကို အသည်းယားစွာ ကိုက်လိုက်သည်။ “ ကိုယ်သာ မင်းကို အဲ့ဒီနှစ်တုန်းက မနမ်းခဲ့ရင် ကိုယ် မင်းကို ဟိုးအရင်ကတည်းက သဘောကျနေတာ ကြာခဲ့ပြီ ဆိုတာကိုရော မင်း သတိထားမိမှာမလို့လား။ ”

ကျန်းပေါင် ဇက်လေး ပုသွားသည်။

“ ငတုံးမလေး။ လူတစ်ယောက်က မင်းကို သဘောကျနေတာကိုတောင် သတိမထားမိဘဲနဲ့။ ” ဖူမင်ရှစ်က သူမကို တုံးအသည်ဟု ဆူပူရင်း သူတို့ ခုနတုန်းက လုပ်ခဲ့တာကို ဆက်လုပ်သည်။ သူမရဲ့ လက်တွေကို ဖူမင်ရှစ်က ဖိချထားတဲ့အခါ ကျန်းပေါင် နှုတ်ခမ်းကိုက်ရုံသာ တတ်နိုင်သည်။ သို့သော် သူမရဲ့ ညည်းသံတိုးတိုးက အသံထွက် ငိုကြွေးသံထက်တောင် ညိုငင်ဖမ်းစားနိုင်သည်။

ဖူမင်ရှစ်က သူမရဲ့ နားရွက်လေးကို နမ်းလိုက်သည်။ “ ဒီလိုမျိုး မင်းကို ဘယ်ယောက်ျားက သဘောမကျဘဲ နေနိုင်မှာလဲ။ ” သူမကို မြင်ရုံနှင့် ယောက်ျားလေးတွေက သူမရဲ့ မျက်နှာနှင့် ခန္ဓာကိုယ်ဟန်ကို သဘောကျလိမ့်မည်။ သူမနှင့် ထိတွေ့ဆက်ဆံပြီးနောက်မှာတော့ သူမရဲ့ ဖြူစင်မှု ၊ အရှက်အကြောက်ကြီးမှုနှင့် သူမကို အနိုင်ကျင့်ရလွယ်ကူစေသော တုံးအစွာ အကြောက်အလန့်ကင်းမှုကို သဘောကျလိမ့်မည်။

ကျန်းပေါင်က နားထဲမှာ ယားကျိကျိ ဖြစ်လာတာမို့ ရုန်းဖယ်ချင်သော်လည်း ဖူမင်ရှစ်က သူ့သဝန်တိုမှုကို ဖြေဖျောက်ဖို့ အဆင်သင့်ဖြစ်နေပုံဖြင့် သူမကို စွဲမြဲစွာ လိုက်ဖမ်းပြီး ခွန်အားပိုသုံးခဲ့လေသည်။ သူမက သူ အကြောင်းအကျိုးမဲ့ သဝန်တိုနေတာကို သဘောမကျသော်လည်း ယိုင်နဲ့နဲ့ နှလုံးသားက သူ့ကို အပြစ်မမြင်ရက်ပေ။ ကျန်းပေါင်သည် ခဏလောက် ရုန်းကန်နေပြီးနောက် သူ အကြမ်းပတမ်း မလှုပ်ရှားခင်မှာ သူ့လည်ပင်းကို လက်နှစ်ဖက်နှင့် ဖက်လိုက်၏။ ထို့နောက် နှလုံးသားထဲမှ လာသော စကားနှင့် သူ့ကို နှစ်သိမ့်ပေးလိုက်သည်။ “ တစ်ယောက်ယောက်က ကျွန်မကို သဘောကျရင်တောင် ရှင် စိတ်ပူဖို့ မလိုပါဘူး။ ကျွန်မဘဝမှာ ကျွန်မ သဘောကျတဲ့ လူက … ရှင်တစ်ယောက်တည်းပဲ ရှိတယ်။ ”

ဖူမင်ရှစ်ရဲ့ လှုပ်ရှားမှုတွေ ရပ်တန့်သွားကာ သူ့မျက်လုံးတွေက သူမကို စိုက်ကြည့်နေသည်။

ကျန်းပေါင် မျက်နှာလွှဲလိုက်၏။ “ ကျွန် … ကျွန်မက ရှင့်ကိုပဲ သဘောကျတာ။ ရှင့်တစ်ယောက်ကိုပဲ။ ”

မနက်ခင်း ရှစ်နာရီကျော်အချိန်တွင် ဖူမင်ရှစ်ရဲ့ ကားက A တက္ကသိုလ် တိရစ္ဆာန်ဆေးရုံအနီးတွင် ရပ်တန့်သွားသည်။ ကျန်းပေါင်က ခါးပတ်ကြိုးဖြုတ်ကာ ကားတံခါးကို တွန်းဖွင့်၍ ဖူမင်ရှစ်အား နှုတ်ဆက်ရင်း “ ကျွန်မတို့ ဒီတစ်ပတ် ပိတ်ရက်မှာ တွေ့ကြမလား။ ” ဟု မေးလိုက်သည်။

ဖူမင်ရှစ်က သူမကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ စီနီယာနှစ်မှာ ကျန်းပေါင် တက်ရမယ့် အတန်းချိန်တွေ သိပ်မရှိသော်လည်း အသေးအဖွဲ ကိစ္စလေးတွေတော့ အများကြီး ရှိသည်။ အချိန်ပိုင်းအလုပ်အပြင် စာမေးပွဲတွေ ၊ သုတေသန စာတမ်းတွေအတွက်လည်း ပြင်ဆင်ရဦးမည်မို့ ဖူမင်ရှစ် သူမရဲ့ အားလပ်ချိန်တွေကို အများကြီး မလုယူချင်ပေ။

သို့သော်လည်း ဖူမင်ရှစ်သည် ဆေးရုံဆီသို့ သွားနေသော ကျန်းပေါင်ကို ကြည့်ရင်း ဆေးရုံထဲသို့ ဝင်ထွက်သွားလာနေသော တခြားလူတွေကိုလည်း သေချာ မကြည့်ဘဲ မနေနိုင်ပါ။ ကျန်းပေါင်က ဆေးရုံထဲကို မဝင်ခင် သူ့ကို လှည့်ကြည့်လာတော့မှ သူမ အထင်လွဲမည် စိုး၍ ဖူမင်ရှစ်က ကားစက်နှိုးပြီး ထွက်လာခဲ့လိုက်သည်။

ခင်ပွန်းလောင်း မရှိတော့တဲ့အခါ ကျန်းပေါင်က ဆေးရုံထဲကို သွက်သွက်လက်လက် ဝင်လာခဲ့သည်။ သူနာပြုချန်ကျားက သူမကို မြင်သည်နှင့် “ ကျန်းပေါင်ရေ။ ” ဟု စိတ်လှုပ်ရှားစွာ လက်ဝှေ့ယမ်းပြပြီး သူမရဲ့ လက်မောင်းကို အပြေးအလွှား လာဖက်၍ မနက်ပိုင်း အတင်းအဖျင်း ၊ သတင်းတွေကို မျှဝေသည်။

“ ငါတို့ဆီကို ဆရာဝန်အသစ် ရောက်နေတယ်ဟေ့။ ချောလိုက်တာမှ မင်းသားရှုံးတယ်။ အရမ်း ချောတာပဲ။ လာခဲ့ ၊ ငါ နင့်ကို သူနဲ့ တွေ့ရအောင် ခေါ်သွားပေးမယ်။ သူလည်း A တက္ကသိုလ်ကပဲ။ ”

ကျန်းပေါင်သည် အိုးတိုးအမ်းတမ်း ပြုံးကာ ဆရာဝန်အသစ်ကို မသိချင်ယောင်ဆောင်ပြီး ချန်ကျားနောက်ကို လိုက်လာခဲ့လိုက်၏။

အမေရိကမှာ PhD ဘွဲ့ယူလာသော နိုင်ငံခြားပြန် ဆရာဝန် ချန်ယိကို ဆေးရုံက တန်ဖိုးထားတာကြောင့် သူ့အတွက် တောက်ပကျယ်ဝန်းသော ရုံးခန်းတစ်ခန်းကို ပေးထားသည်။ အလုပ်ကို စောစော ရောက်လာသော သူနာပြုငယ်ငယ်လေးတွေက သူ့ရုံးခန်းတံခါးရှေ့မှာ စုပြုံနေကြသည်။

ကျန်းပေါင်ကတော့ မနေ့ညတုန်းက ဖူမင်ရှစ်ရဲ့ သဝန်တိုနေသော အပြုအမူကသာ သူမရဲ့ စိတ်ကို လွှမ်းမိုးနေတာမို့ ချန်ယိကို သာမန်ကာလျှံကာလောက်ပဲ ကြည့်လိုက်သည်။ သူမရဲ့ ခံစားချက်တွေကို ဖော်ပြပြီးနောက်မှာ ဖူမင်ရှစ်က သူမကို အနှေးနှင့် အမြန် လွှတ်ပေးလိမ့်မည်ဟု ထင်ထားခဲ့ပေမဲ့ လွှတ်ပေးရမည့်အစား ပို၍ ကြမ်းတမ်းလာသဖြင့် ဒီမနက် အိပ်ရာထနိုင်ဖို့ အခက်တွေ့ခဲ့ရသည်။

အခု ဖူမင်ရှစ်ဟာ သဝန်တိုရတာကို သဘောကျကြောင်း သူမ သိသွားပြီမို့ ကျန်းပေါင်သည် ချန်ယိကို ခဏလောက်ပဲ သွားကြည့်ကာ ကိုယ့်အလုပ်ကိုယ် သွားပြန်လုပ်နေလိုက်သည်။ ကုသမှုခံယူနေတဲ့ တိရစ္ဆာန်လေးတွေရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးရသည် ၊ အညစ်အကြေးစွန့်ထားခဲ့သည် ရှိသော် သေချာ သန့်ရှင်းရေးလုပ်ရသည်။

အလုပ်သင်တစ်ယောက်အနေနှင့် ကျန်းပေါင်ရဲ့ တာဝန်က အတည်အကျ မရှိဘဲ အခြေအနေပေါ် မူတည်၍ ပြောင်းလဲနေသည်။ ဒီနွေရာသီ အလုပ်သင်ကာလမှာသာ နည်းပညာဆိုင်ရာ တာဝန်တချို့ကို သူမအား ပေးခဲ့တာ ဖြစ်သည်။ တစ်ခါတလေ အိမ်မွေးတိရစ္ဆာန်လေးတွေကို ဆေးထိုးပေးရာမှာ ကူညီပေးသည် ၊ တစ်ခါတရံတော့ ခွဲစိပ်ခန်းထဲမှာ အရမ်း အလုပ်ရှုပ်နေလျှင်လည်း သွားကူပေးရသည်။

“ ဒေါက်တာလီက လက်ထောက်လိုနေတယ် ကျန်းပေါင်။ နည်းနည်း သွားကူပေးလိုက်ပါဦး။ ”

တာဝန်ရသည်နှင့် ကျန်းပေါင်တစ်ယောက် ဒေါက်တာလီ့ဘေးကို ချက်ချင်း ထွက်လာခဲ့လိုက်သည်။ သူမ ရုံးခန်းထဲကို ဝင်လာသည်နှင့် ဆံပင်ကောက်ကောက်နှင့် ဒေါက်ဖိနပ်စီးထားသော မိန်းမတစ်ယောက်ဟာ သူမကို ကျောပေးထားလျက် ဒေါက်တာလီနှင့် စကားပြောနေတာကို တွေ့လိုက်ရသည်။

စစ်ဆေးသည့် စားပွဲပေါ်မှာ မလှုပ်မယှက် ငြိမ်သက်နေတာကတော့ အရွယ်ရောက် Samoyed ခွေးလေး ဖြစ်သည်။ ဘေးတစောင်း လှဲနေတဲ့ ခွေးလေးရဲ့ မျက်လုံးမှာ ပြည်တည်နေပြီး မျက်လုံးထောင့်ကနေ ပြည်တွေ စီးကျနေ၏။ သူမကို မြင်တော့ Samoyed လေးရဲ့ အမြီးက လှုပ်ယမ်းလာကာ တစ်ဝက်တစ်ပျက် ပိတ်ထားသော မျက်လုံးတွေလည်း ပွင့်လာသည်။ ပါးစပ်ကလည်း အနည်းငယ် ပွင့်ဟလာပြီး ပြုံးရယ်နေပုံပေါ်သည်။

ကျန်းပေါင်က Samoyed လေးရဲ့ အမြီးကို ကြည့်လိုက်တော့ ထင်တဲ့အတိုင်း အမွေးတွေ အကွက်လိုက် ကျွတ်နေတာကို တွေ့ရသည်။

“ သာ့ပိုင် … ” ဆေးရုံရဲ့ လုပ်ရိုးလုပ်စဉ်ကို သတိရသွားသော ကျန်းပေါင်က စစ်ဆေးသည့် စားပွဲရှေ့ကို သွက်လက်စွာ လျှောက်သွားကာ သာ့ပိုင်ရဲ့ ကျောကုန်းလေးကို ယုယုယယ ပွတ်သပ်ပေးလိုက်သည်။ ထိုသို့ ပွတ်သပ်နေရင်း မနှစ်မြို့စရာ အနံ့ဆိုးတစ်ခုကို အနီးကပ် ရလိုက်သောကြောင့် သာ့ပိုင်ရဲ့ အမြီးကို မြောက်ကြည့်လိုက်တော့ သာ့ပိုင်က ပုံမှန်မဟုတ်သော အရောင် ၊ အနံ့တို့နှင့် ဝမ်းလျှောနေကြောင်း တွေ့လိုက်ရလေသည်။

ဆေးရုံမှာ အလုပ်သင်ဆင်းရင်း ကျန်းပေါင် ရောဂါအမျိုးမျိုးကို တွေ့ဖူးသည်။ ထို့ကြောင့် သာ့ပိုင်ကို ခဏလောက် စမ်းသပ်စစ်ဆေးပြီးနောက် သူမရဲ့ နှလုံးသားထဲမှာ တုန်လှုပ်သွားသည်။ ကျန်းပေါင်က အရင်က တစ်ခါမှ မမြင်ဖူးသော အမျိုးသမီးကို ကြည့်ရင်း ဒေါက်တာလီအား “ သာ့ပိုင်မှာ ဘယ်လို ရောဂါမျိုး ဖြစ်နေတာလဲ ဒေါက်တာလီ။ ” ဟု စိုးရိမ်တကြီး မေးလိုက်သည်။

“ ခွေးတွေမှာ အဖြစ်များတဲ့ ချောင်းဆိုးမှိုင်ရောဂါ နောက်ဆုံးအဆင့် ဖြစ်နေတာ။ ရောဂါက အရမ်း ပြင်းထန်နေပြီ။ အောင်အောင်မြင်မြင်နဲ့ ကုသနိုင်ရင်တောင် အခွင့်အရေးနည်းတယ်။ ”

ကျန်းပေါင်က ဒေါက်မြင့်ဖိနပ်စီးထားသော အမျိုးသမီးကို အကဲခတ်လိုက်သည်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲရလဒ်တွေ ထွက်တဲ့ နှစ်တုန်းက ကျောင်းမလျှောက်ခင်မှာ ဟွီသန်းကို ခေါ်ပြီး ဒီ A တက္ကသိုလ် တိရစ္ဆာန်ဆေးရုံကို လာခဲ့ဖူးသည်။ အဲ့ဒီတုန်းက တန်းစီစောင့်ရင်း Samoyed လေးတစ်ကောင်ကို မွေးထားသော စုံတွဲလေးနှင့် တွေ့ခဲ့သည်။ သာ့ပိုင်က ထို Samoyed ခွေးလေး ဖြစ်ပြီး နောက်ပိုင်းမှာ သူမ အလုပ်သင်ဆင်းတော့လည်း တစ်ခါတရံ ထိုစုံတွဲလေးက သာ့ပိုင်ကို ဆေးကုသမှုခံယူဖို့အတွက် ခေါ်လာတတ်သည်။

သာ့ပိုင်က ကျနိးပေါင်ကို အလွန် သဘောကျသောကြောင့် ကျန်းပေါင်ကလည်း ထိုစုံတွဲလေးနှင့် တဖြည်းဖြည်း ရင်းနှီးလာကာ သူတို့ အမှတ်မထင် တွေ့ဆုံတဲ့အခါတိုင်း စကားစမြည် ပြောလေ့ရှိသည်။ သူတို့နှစ်ယောက်နှင့် သူမ နောက်ဆုံး တွေ့ခဲ့တာ လွန်ခဲ့တဲ့ ခြောက်လတုန်းက ဖြစ်သည်။ ကျန်းပေါင်သည် တစ်ခါမှ မမြင်ဖူးသည့် ဒေါက်မြင့်ဖိနပ်စီး အမျိုးသမီးကို ကြည့်ရင်း စိတ်ထဲမှာ အနည်းငယ် သံသယဝင်လာမိသည်။

ကျန်းပေါင်က လေသံကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းချုပ်၍ “ ရှင်က သာ့ပိုင်ရဲ့ ပိုင်ရှင်လား။ ” ဟု မေးလိုက်သည်။ ဒေါက်မြင့်ဖိနပ်နှင့် အမျိုးသမီးက ကျန်းပေါင်ကို ခေါင်းစခြေဆုံး ကြည့်ကာ သာ့ပေါင်ကို ပြန်ကြည့်ပြီး မျက်မှောင်ကြုတ်သည်။

“ နင်က သာ့ပိုင်နဲ့ သိတာလား။ ”

ကျန်းပေါင် ခေါင်းညိတ်ပြလိုက်သည်။ “ အရင်တုန်းက ကျန်းခယ်နှင့် ဟွားဖန့်တို့ သာ့ပိုင်ကို ဆေးခန်းလာပြရင်းနဲ့ တွေ့ဖူးပါတယ်။ ”

ထိုစကားကို ကြားတော့ ဒေါက်ဖိနပ်နှင့် အမျိုးသမီးရဲ့ နှုတ်ခမ်းက ခပ်မဲ့မဲ့ ဖြစ်သွားသည်။ “ သူတို့ ပြတ်သွားပြီလေ။ ငါက ကျန်းခယ်ရဲ့ လက်ရှိ ကောင်မလေးပဲ။ ” သူမက ထိုသို့ ပြောပြီးနောက် ကျန်းပေါင်ကို လျစ်လျူရှုကာ ဒေါက်တာလီကို ပြောလိုက်သည်။ “ ကျွန်မ ဆေးရုံ သုံးခုကို ရောက်ပြီးသွားပြီ။ သူ့ကို ကုလို့ မရဘူးလို့ပဲ အားလုံးက ပြောကြတယ်။ ဒီဆေးရုံမှာလည်း မျှော်လင့်ချက်မရှိဘူး ဆိုတော့ သူ့ကို အသက်ရှင်ရက် နာကျင်နေတဲ့ ဘဝက လွတ်သွားအောင် ဆေးထိုးသတ်ပေးပါ။ ”

ကုသလို့ မပျောက်ကင်းတဲ့ ရောဂါဖြစ်နေသော အိမ်မွေးတိရစ္ဆာန် များစွာအတွက် ဆေးကုသမှုက နှောင့်နှေးကြန့်ကြာနေလျှင် အဓိပ္ပာယ်မဲ့ ပင်ပန်းနာကျင်ရရုံသာ ရှိလိမ့်မည်။ ဘာပဲဖြစ်ဖြစ် အချိန်တစ်ခု ကြာလျှင် သေမည့်အတူတူ ပိုင်ရှင်တွေက ဆေးထိုးသတ်ဖို့ပဲ ရွေးချယ်လေ့ရှိသည်။ ကျန်းပေါင် အဲ့လို အဖြစ်အပျက်မျိုးတွေကို သုံး ၊ လေးကြိမ်လောက် မြင်ဖူးပေမဲ့ သူမကို အားကိုးတကြီး ကြည့်နေသည်ဟု ခံစားရသော သာ့ပိုင်ကြောင့် “ ရှင် အဲ့ကိစ္စကို ကျန်းခယ်နဲ့ရော ဆွေးနွေးပြီးပြီလား။ ” ဟု မနေနိုင် မထိုင်နိုင် ဝင်မေးလိုက်သည်။

“ အဲ့ဒါ နင်နဲ့ ဘာဆိုင်လို့လဲ။ ” ဒေါက်ဖိနပ်နှင့် အမျိုးသမီးရဲ့ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာကာ ကျန်းပေါင်ကို စူးစူးရဲရဲ ကြည့်နေခဲ့သည်။ တစ်ဖက်လူကို နားချလည်း အသုံးမဝင်ကြောင်း သိသွားသော ကျန်းပေါင်က ဒေါက်တာလီ့ကိုသာ “ ကျန်းခယ်က သာ့ပိုင်ရဲ့ ပိုင်ရှင် ဆိုတော့ ကျွန်မတို့ သူ့သဘောထားကို အရင် မေးသင့်တယ်မလား။ ” ဟု စစ်ကူခေါ်လိုက်သည်။

ဒေါက်တာလီက နှာခေါင်းရိုးပေါ်မှ မျက်မှန်ကို တွန်းတင်ကာ ဒေါက်ဖိနပ်နှင့် အမျိုးသမီးအား အတည်ပြု ပြောဆိုလိုက်သည်။ “ ပိုင်ရှင် တချို့က သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ကုသလို့ မရမှန်း သိရက်နဲ့တောင် အချိန်တစ်ခုထိ တတ်နိုင်သလောက် ကြိုးစားကြည့်ချင်ကြတယ်။ မင်းကောင်လေးကို အရင် မေးကြည့်သင့်တယ်။ ”

“ သူက အလုပ်ကိစ္စနဲ့ ခရီးသွားနေလို့ နောက်လမှ ပြန်ရောက်မှာ။ ” ဒေါက်ဖိနပ်နှင့် အမျိုးသမီးက အလွန် စိတ်မရှည်နိုင်အောင် ဖြစ်နေသည်။ “ ရှင်တို့ သူ့ကို ဆေးထိုးပေးမှာလား ၊ မထိုးပေးဘူးလားပဲ ပြောပါ။ မထိုးပေးဘူး ဆိုလည်း ကျွန်မ တခြားနေရာကိုပဲ သွားတော့မယ်။ ” ကျန်းခယ် ခရီးက ပြန်ရောက်လာလျှင် သူမအား သာ့ပိုင်ကို ကောင်းကောင်း ဂရုမစိုက်ဘူးလို့ အပြစ်တင်မှာကို ကြောက်၍သာ ဒီနေရာထိ တကူးတက လာခဲ့ဖြင်း ဖြစ်သည်။ မဟုတ်ရင် တခြား တွေ့ကရာ ဆေးခန်း သေးသေးလေးတစ်ခုမှာ ဆေးထိုးပြီးပါပြီ။

သာ့ပိုင်ကို ခေါ်ထုတ်သွားတာက တစ်ဖက်လးရဲ့ လွတ်လပ်ခွင့် ဖြစ်ပြီး ဒေါက်တာလီက ပြဿနာမတက်ချင်ပါ။ ထို့ကြောင့် တခြားနေရာကို သွားဖို့သာ လက်ဟန်ခြေဟန်နှင့် ပြောလိုက်သည်။

ကျန်းပေါင်လည်း ပြဿနာမတက်ချင်ပေမဲ့ ခွေးတွေရဲ့ ချောင်းဆိုးမှိုင်ရောဂါ နောက်ဆုံးအဆင့်ကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ မှတ်တမ်းတွေ ရှိသည်။ အောင်မြင်မှု ရာခိုင်နှုန်း နည်းပါး၍သာ ပိုင်ရှင်တချို့က မအောင်မြင်တဲ့ ကုသမှုအပေါ် ပိုက်ဆံကုန်ခံရမှာ စိုးရိမ်ပြီး ဆေးထိုးသတ်ဖို့ ရွေးချယ်ခြင်းပင်။ သို့သော် ကျန်းခယ်က သာ့ပိုင်ကို အလွယ်တကူ လက်လျှော့မယ့် လူမျိုး လုံးဝ မဟုတ်ပေ။

ကျန်းပေါင်သည် ဒေါက်ဖိနပ်နှင့် အမျိုးသမီးက ကျန်းခယ် မရှိတာကို အခွင့်ကောင်းယူကာ သာ့ပိုင်ကို တခြားနေရာ ခေါ်သွားပြီး ဆေးထိုးလိုက်မှာ စိုးရိမ်သောကြောင့် နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ပြီး သူမကို တားဆီးလိုက်သည်။ “ ကျန်းခယ်က သာ့ပိုင်ကို အရမ်း ဂရုစိုက်တာ။ ဘာပဲဖြစ်ဖြစ် ရှင် သူ့ကို ဖုန်းဆက်သင့်တယ်။ လိုရမယ်ရပေါ့ … ။ ”

“ အဲ့ဒါ နင်နဲ့ ဘာဆိုင်လို့လဲ။ နင် ငါ့ကို ထပ်ပြီး နှောင့်ယှက်နေရင် ငါ နင့်ကို HR ဌာနမှာ ကွန်ပလိန်းတက်လိုက်မှာနော်။ ” ဒေါက်ဖိနပ်နှင့် အမျိုးသမီးက ထိုသို့ အေးစက်စွာ ပြောပြီးနောက် သာ့ပိုင်ကို စိတ်ပျက်ရွံရှာသော အမူအရာနှင့် ပွေ့ချီပြီး ခွေးလှောင်အိမ်ထဲ ထည့်လိုက်သည်။

သာ့ပိုင်က ကျန်းပေါင်အား လည်ပင်းဆန့်၍ ကြည့်ကာ လည်ချောင်းထဲကနေ သနားစရာကောင်းစွာ တအီအီ အသံပြုနေသည်။ ဒီနေရာက ထွက်သွားပြီးနောက် သာ့ပိုင်ရဲ့ ကံကြမ္မာကို ကြိုမြင်နေတဲ့ ကျန်းပေါင်က ဖုန်းကို ထုတ်ပြီး ဒေါက်ဖိနပ်နှင့် အမျိုးသမီးကို ခြိမ်းခြောက်လိုက်သည်။ “ ကျွန်မက ကျန်းခယ်နဲ့ သူငယ်ချင်းပဲ။ ရှင် မဆက်ရင် ကျွန်မ ဆက်မယ်။ ”

တကယ်တော့ ကျန်းပေါင်မှာ ကျန်းခယ်ရဲ့ ဖုန်းနံပါတ် မရှိပါ။ သို့သော် သာ့ပိုင် အသက်ရှင်သန်စေရေးအတွက် အပြင်ထွက်ပြီး ဖုန်းဆက်ချင်ယောင်ဆောင်လိုက်သည်။

“ နင် ရူးနေလား။ ငါ သူ့ကို ကြိုက်တဲ့ နေရာ ခေါ်သွားပြီး ဆေးကုသမှုခံယူလို့ ရတယ်။ ငါက ဘာလို့ နင့်စကားကို နားထောင်ရမှာလဲ။ ” ဒေါသပေါက်ကွဲသွားတဲ့ ဒေါက်ဖိနပ်စီး အမျိုးသမီးက ခြေလှမ်း နှစ်လှမ်း ၊ သုံးလှမ်းနှင့် ကျနိးပေါင်ဘေးကို ပြေးလာကာ သူမရဲ့ ဖုန်းကို လုယူပြီး ကြမ်းပြင်ပေါ်မှာ ပေါက်ခွဲလိုက်သည်။ ထို့နောက် ကျန်းပေါင်ကို မောက်မာစွာ ခပ်စူးစူး ကြည့်လိုက်သည်။ “ လုပ်လေ။ သူ့ကို ဆက်ပါဦး။ နင် ဖုန်းဆက်နိုင်ဦးမလား ကြည့်ချင်တယ်။ ”

ကျန်းပေါင်က ကြမ်းပြင်ပေါ်မှာ ကွဲကြေသွားသော ဖုန်းလေးကို ကြည့်ကာ မျက်နှာနီရဲတက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးလည်း တုန်ယင်လာခဲ့သည်။

ဒေါက်တာလီက “ စကားကောင်းကောင်း ပြောရအောင်ပါ။ မင်း ဘာလို့ သူ့ဖုန်းကို ပေါက်ခွဲလိုက်တာလဲ။ ” ဟု ဖြန်ဖြေပေးသည်။

“ ရှင် သူ့ကိုပဲ အရင်ဆုံး မေးသင့်တယ်။ ကျွန်မ ဒီမှာ ဆေးကုသမှုခံယူလို့ မရတော့ဘူးမလား။ ” ဒေါက်ဖိနပ်နှင့် အမျိုးသမီးက ခွေးလှောင်အိမ်ကို ယူပြီး ချက်ချင်း ထွက်သွားဖို့ ဟန်ပြင်သည်။

သို့သော်လည်း တံခါးဝမှာ နောက်ထပ် လူတစ်ယောက် ရုတ်တရက် ပေါ်လာခဲ့သည်။ လက်ထဲမှာ ဖုန်းကိုင်ထားသော ချန်ယိက ဒေါက်မြင့်ဖိနပ်စီးထားသော အမျိုးသမီးကို အေးစက်တည်ငြိမ်မှာ ကြည့်နေသည်။

“ သူတစ်ပါးရဲ့ ပိုင်ဆိုင်မှုကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာက တရားဥပဒေကို ဆန့်ကျင်တာပဲ။ မင်း အခုချက်ချင်း လျော်ကြေးပေးပြီး မတောင်းပန်ရင် ငါ ရဲစခန်းကို ဖုန်းဆက်မယ်။ ”

အဖြူရောင် ဂျူတီကုတ်ကို ဝတ်ဆင်ထားသော သူ့ခန္ဓာကိုယ်ဟန်က ခြေတံရှည်တွေနှင့် မြင့်မတ်တည်ကြည်နေသည်။

***

All Chapters