← Chapters

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇

Vol. 7 Ch. 67

အပိုင်း ( ၆၇ )

ဒေါက်ဖိနပ်နှင့် အမျိုးသမီးက ပထမတော့ ကြောင်အမ်းအမ်း ဖြစ်နေပြီးမှ သတိဝင်လာကာ ကျန်းပေါင်ကို ရုတ်တရက် လက်ညိုးထိုးသည်။ “ သူက ကျွန်မရဲ့ လွတ်လပ်ခွင့်ကို အရင်ဆုံး ထိပါးခဲ့တာ။ လုပ်လေ ၊ ရဲခေါ်လိုက်စမ်းပါ။ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမလဲ ဆိုတာ ကြည့်ကြသေးတာပေါ့။ ”

ထိုစကားကို ကြားသောအခါ ချန်ယိက ပြုံးပြီး ကျန်းပေါင်ကို “ ကျွန်တော် ရဲခေါ်လိုက်ရမလား။ ” ဟု မေးသည်။ ကျန်းပေါင်ရဲ့ မျက်နှာက အနည်းငယ် ကြည်လင်သွားပြီး သာ့ပိုင်ကို လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ သူမ ကျန်းခယ်ရဲ့ ရည်းစားဟောင်း ဟွားဖန့်နှင့် WeChat မှာ အကောင့်အပ်ဖူးတာမို့ အနည်းဆုံးတော့ ရဲတွေ လာတာကို စောင့်နေရင်း ဟွားဖန့်ဆီကနေတစ်ဆင့် ကျန်းခယ်ကို ဆက်သွယ်လို့ ရလောက်သည်။

သူတို့ အမှန်တကယ် ရဲခေါ်ဖို့ ပြင်နေတာကို မြင်တော့မှ ဒေါက်ဖိနပ်နှင့် အမျိုးသမီးရဲ့ သဘောထားက ပြောင်းလဲသွားကာ ကျွတ်ခနဲ စုပ်သပ်၍ ကျန်းပေါင်ကို စိုက်ကြည့်သည်။ “ ထားလိုက်ပါတော့။ ငါ ခုနတုန်းက အရမ်း စိတ်လိုက်မာန်ပါ ဖြစ်သွားတယ်။ ပြောပါ ၊ နင့်ဖုန်းက ဘယ်လောက်တန်လဲ။ ငါ နင့်ကို မူရင်းဈေးအတိုင်း ပြန်လျော်ပေးမယ်။ ” သူမမှာ ပိုက်ဆံပေါပါသည်။ ကျန်းခယ်အား ဒီလို အိုနာကျိုးကန်း ခွေးတစ်ကောင်ကို ဆက်မမွေးစေချင်ရုံသာ ဖြစ်သည်။ ကျန်းခယ် ဒီခွေးကို ကြည့်တိုင်း သူ့ရည်းစားဟောင်းကို လွမ်းဆွတ် သတိရနေသည်ဟု သူမ ခံစားရသည်။

ကျန်းပေါင်က သူမရဲ့ ဖုန်းကို ကောက်ယူကာ ပါဝါဖွင့်ဖို့ ကြိုးစားရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ “ ကျန်းခယ်ကို အရင်ဆုံး ဖုန်းဆက်လိုက်ပါ။ သူ ဆေးထိုးဖို့ သဘောတူရင် ရှင် ကျွန်မဖုန်းကို ပြန်လျော်စရာ မလိုပါဘူး။ ” တကယ်ပဲ ကျန်းခယ်က သဘောတူလျှင်တော့ မဆိုင်တဲ့ ကိစ္စကို ဝင်ရောက်စွက်ဖက်သူက သူမပဲမို့ ကိုယ့်အရှုံးကိုယ် လက်ခံရပါလိမ့်မည်။

ဒေါက်ဖိနပ်နှင့် အမျိုးသမီးက ကျန်းပေါင်ရဲ့ စကားကြောင့် ရှူးရှူးရှားရှား ဖြစ်သွားပြန်ကာ မျက်နှာက အကျည်းတန်တော့မလို ရှိသည်။ “ ဒါဆို တကယ်လို့ ငါ ကျန်းခယ်ကို ဖုန်းမဆက်ရင် နင်က ရဲစခန်းကို ဖုန်းဆက်မယ် ဆိုတဲ့ အဓိပ္ပာယ်လား။ ”

ကြမ်းပြင်ပေါ်မှာ ရက်ရက်စက်စက် ပေါက်ခွဲခံလိုက်ရသော ဖုန်းဟာ လုံးဝ အသုံးပြုလို့ မရတော့ပေ။ ကျန်းပေါင်က တစ်ဖက်လူကို စိုက်ကြည့်လိုက်သည်။ “ ဟုတ်ပါတယ်။ ”

ဒေါက်ဖိနပ်နှင့် အမျိုးသမီးသည် အပေါ်ယံအရ နူးညံ့သိမ်မွေ့သည်ဟု ထင်ရသော သူနာပြုတစ်ယောက်က ငိုလည်း မငို ၊ အော်ကြီးဟစ်ကျယ်လည်း မလုပ် ၊ ကြောက်လည်း မကြောက်ဘဲ အလွန် ခေါင်း‌မာနေတာကို မြင်သောအခါ တွန့်ဆုတ်သွားလေသည်။ သူမ သည်းခံစိတ်မွေးပြီး ကောင်လေးကို ဖုန်းဆက်လိုက်ကာ တစ်ဖက်က ဖုန်းကိုင်သည်နှင့် တစ်ပြိုင်နက် တရစပ် ပြောချလိုက်သည်။

“ သာ့ပိုင်က ချောင်းဆိုးမှိုင်ရောဂါ နောက်ဆုံးအဆင့်ကို ရောက်နေပြီး အရမ်း နေမကောင်းဖြစ်နေတယ် ကျန်းခယ်။ ဆရာဝန်က သူ ပြန်ကောင်းဖို့ မျှော်လင့်ချက်မရှိလို့ ရှောရှောရှူရှူနဲ့ ဘဝကူးနိုင်အောင် ဆေးထိုးပေးသင့်တယ်တဲ့။ ရှင် သဘောတူလား။ ”

သူမသည် ထိုစကားတွေကို မနားစတမ်း တရစပ် ပြောပြီးနောက်မှာပဲ ‘ သာ့ပိုင်က ဘယ်တုန်းက အဲ့လောက်တောင် နေမကောင်းဖြစ်သွားတာလဲ ’ ဆိုတဲ့ မယုံကြည်နိုင်ဖြစ်နေသော ကျန်းခယ်ရဲ့ မေးခွန်းကို ကြားလိုက်ရသည်။ သူမက ကျန်းခယ်ဘက်က သဘောတူသလို ဟန်ဆောင်၍ ဖုန်းချဖို့ ပြင်လိုက်သော်လည်း ဖုန်းကို ရုတ်တရက် လုယူတာ ခံလိုက်ရ၏။ လှည့်ကြည့်လိုက်တော့ ချန်ယိက သူမကို မသင်္ကာသော အကြည့်နှင့် စိုက်ကြည့်ပြီး ကျန်းခယ်နှင့် ဖုန်းပြောနေသည်။

“ ခင်ဗျားခွေးကို အသက်ကယ်နိုင်မယ့် အခွင့်အရေး ( ၂၀ ) ရာခိုင်နှုန်း ရှိတယ်။ ကျွန်တော်တို့ဆေးရုံက တိရစ္ဆာန်ပိုင်ရှင်တွေရဲ့ ဆန္ဒကို လေးစားပါတယ်။ ခင်ဗျားရဲ့ ကောင်မလေးက သူနာပြု အကြံပေးတာကို နားမထောင်ဘဲ ခွေးကို ဆေးထိုးသတ်ဖို့ပဲ ဇွတ်အတင်းလုပ်နေတယ်။ ”

သူ့စကား မဆုံးသေးခင်မှာပဲ ဖုန်းတစ်ဖက်က ဒေါသသံကို ကြားလိုက်ရကာ စစ်ဆေးခန်း တစ်ခန်းလုံးထဲမှာ ပဲ့တင်ထပ်သွားသည်။ “ သူ့ကို ဆေးကုပေးပါ။ ပိုက်ဆံ ဘယ်လောက် ကုန်,ကုန် ၊ ကုသစရိတ်ကို ကျွန်တော် ပေးပါ့မယ်။ ကျွန်တော် မနက်ဖြန် လေယာဉ်နဲ့ ပြန်လာခဲ့မယ်။ ကျွန်တော် မရောက်ခင် အချိန်ထိ သာ့ပိုင်ကို ဂရုစိုက်ပေးထားပါ။ သူ့ကို ကောရှောင်နဲ့ နှစ်ယောက်တည်း လွှတ်ပေးမထားပါနဲ့။ ”

“ ကောင်းပါပြီ။ ဒါဆို မနက်ဖြန် တွေ့တာပေါ့။ ” အဓိက ပြဿနာ ပြေလည်သွားသောအခါ ချန်ယိက ကောရှောင် ဆိုသော အမျိုးသမီးကို ဖုန်းပြန်ပေးလိုက်သည်။ ကောရှောင်ရဲ့ မျက်နှာဟာ နှင်းတွေထက်တောင် ဖြူဖတ်ဖြူရော် ဖြစ်နေပြီး ဖုန်းကို ဆတ်ခနဲ လုယူ၍ လှည့်ထွက်သွားသည်။

သို့သော် ချန်ယိက သူမကို တားပြီး ကျန်းပေါင်ကို “ မင်းရဲ့ ဖုန်းက ဘယ်လောက် ပေးရလဲ။ ” ဟု မေးလိုက်၏။ ယွမ် ထောင်ချီတန်သော ဖုန်းတစ်လုံးက ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးသွားပြီ ဖြစ်၍ ကျန်းပေါင် အလွန် စိတ်ညစ်နေမိသည်။ သူမ ကိန်းဂဏန်းတစ်ခုကို ပွင့်လင်းစွာ ရွတ်ပြပြီး ကောရှောင်အား “ ရှင် ကျွန်မနဲ့ အတူတူ လိုက်ပြီး ဖုန်းပြင်ပေးရမယ်။ ဖုန်းပြင်စရိတ်အတွက် ရှင် အကုန်အကျခံပေးပါ။ ” ဟု ပြောလိုက်သည်။

“ ငါ့မှာ အဲ့လောက် အချိန်မရှိဘူး။ ” ကောရှောင်သည် ကျန်းခယ်နှင့် လမ်းခွဲဖို့ ဆုံးဖြတ်ပြီးပြီ ဖြစ်သည်။ သူမက ကျန်းပေါင်ရဲ့ ဘဏ်အကောင့်ကို တောင်းကာ ငွေလွှဲပေးပြီးနောက် လှည့်တောင် မကြည့်ဘဲ ထွက်သွားသည်။

သူမရဲ့ ဆုံးဖြတ်ချက်ကို လေးစားသော ကျန်းပေါင်ကလည်း ကောရှောင် ငွေလွှဲတာကို ကြည့်နေပြီးနောက် သွားခွင့်ပေးလိုက်သည်။ ထို့နောက် ဒေါက်တာလီဘက်ကို လှည့်ပြီး တောင်းပန်လိုက်သည်။ “ ကျွန်မ ပြဿနာရှာမိသလို ဖြစ်သွားရင် တောင်းပန်ပါတယ် ဒေါက်တာလီ။ ”

“ ရတယ် ရတယ်။ အရင်ဆုံး သာ့ပိုင်အတွက် အခြေခံ သန့်ရှင်းရေးသာ သွားလုပ်ပေးလိုက်ပါ။ ” ဒေါက်တာလီက ကြင်နာစွာ ပြုံးနေခဲ့သည်။

ကျန်းပေါင်က ချန်ယိကိုလည်း ကျေးဇူးတင်စကားပြောလိုက်တော့ ချန်ယိက ပြုံးပြပြီး အပြင်ဘက်ကို လက်သန်ခြေဟန်နှင့် ညွှန်ပြသည်။ “ ကျွန်တော် ဒီနားက ဖြတ်သွားရင်းနဲ့ ဝင်လာပါ။ ဒါဆို ကျွန်တော် သွားတော့မယ်နော်။ ”

ကျန်းပေါင် ခေါင်းညိတ်ပြပြီး သာ့ပိုင်ကို ခွေးလှောင်အိမ်ထဲက ထုတ်လိုက်သည်။ သူမသည် သနားစရာကောင်းသော သာ့ပိုင်လေးကို အနီးကပ် ကြည့်ရင်း သူ့ရဲ့ အရိုးပေါ် အရေတင် ခန္ဓာ‌ကိုယ်လေးကို ပွတ်သပ်ပေးကာ နှလုံးသားထဲမှာ နာကျင်သွား၏။ ကောရှောင်လို ရက်စက်သော တိရစ္ဆာန်ပိုင်ရှင်မျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ကျန်းပေါင်က အပေါ်ယံ မြင်ရသလောက် အကြောက်အလန့်မကင်းပါ။

ကျန်းခယ်က သာ့ပိုင်ကို အလွယ်တကူ လက်မလျှော့ခဲ့တာပဲ ကံကောင်းသည်ဟု ပြောရမည်။ ထို့နောက် ကျန်းပေါင်သည် ဒေါက်တာလီကို ကူရင်း အလုပ်ရှုပ်နေခဲ့ပြီး သူမရဲ့ ဖုန်းကို လုံးဝ မေ့လျော့သွား၏။ ( ၁၀ ) နာရီဝန်းကျင် ရောက်တော့ ဝန်ထမ်းတစ်ယောက်က သူမကို ရုတ်တရက် လာခေါ်သည်။ “ ကျန်းပေါင်ရေ။ ဒီမှာ နင့်ဧည့်သည် ရောက်နေပြီ။ ”

ကျန်းပေါင်တစ်ယောက် ဇဝေဇဝါဖြစ်သွားပြီး လော်ဘီကို ထွက်ကြည့်လိုက်တော့ ရုပ်ချောချော ၊ ခန္ဓာကိုယ်ဟန် မြင့်မြင့်မတ်မတ်နှင့် အနက်ရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားလျက် လူကြားထဲမှာ ထင်းထွက်နေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရလေသည်။ ထိုပုံရိပ်ပိုင်ရှင်ကတော့ သူမရဲ့ ခင်ပွန်းလောင်း ဖူမင်ရှစ်ပဲ ဖြစ်သည်။

ကျန်းပေါင် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ဖူမင်ရှစ်က ဘာလို့ ဒီအချိန်ကြီး ရောက်လာတာလဲ။

“ ပြဿနာ တစ်ခုခု ဖြစ်ထားလို့လားဟင်။ ” ကျန်းပေါင်သည် ဖူမင်ရှစ်ဆီ ရောက်သောအခါ သူ့မျက်နှာက သိပ်ပုံမှန်မဟုတ်တာကို သတိထားမိသွားပြီး အလွန် စိုးရိမ်သွား၏။ ဖူမင်ရှစ်က သူမကို တိတ်ဆိတ်စွာ ကြည့်နေသည်။

မနက်ပိုင်းတုန်းက သူ အလုပ်အားသည်နှင့် ကျန်းပေါင်ကို တစ်ထိုင်တည်း မက်ဆေ့ခ်ျနှစ်စောင် ပို့‌ခဲ့ပေမဲ့ ကျနိးပေါင်က စာမပြန်ခဲ့ပါ။ ဖုန်းဆက်တော့လည်း “ ဆက်သွယ်၍ မရနိုင်ပါ ” ဟူ၍သာ ပြောနေသောကြောင့် ဖူမင်ရှစ်တစ်ယောက် စိတ်မပူဘဲ မနေနိုင်တော့ဘဲ သူမကို လာတွေ့ခြင်း ဖြစ်သည်။ အခု သူမကို အကောင်းပကတိအတိုင်း တွေ့လိုက်ရတော့ သူ ဘာကြောင့် ရောက်လာတာလဲ ဆိုတဲ့ အကြောင်းအရင်းကို ပြောမပြချင်တော့ပေ။

ဖူမင်ရှစ်သည် “ ကိုယ် ဒီနားတစ်ဝိုက်ကို ဖြတ်သွားရင်းနဲ့ မင်းကို သတိရလို့ ဝင်လာတာပါ။ ” ဟု ပြောရင်း ကျန်းပေါင်ရဲ့ သူနာပြုခေါင်းဆောင်းလေးကို ပုတ်လိုက်၏။ မုသားစကားကို လွယ်ကူချောမွေ့စွာ ပြောထွက်သွားတာ တော်သေးသည်ဟု ဆိုရမည်။

သူတို့ဘေးမှာ ဆေးခန်းပြဖို့ တန်းစီနေသော အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေ အများကြီး ရှိသည်။ ဖူမင်ရှစ်က လော်ဘီထဲမှာ ဒီလိုမျိုး ကြင်ကြင်နာနာ အပြုအမူကို လုပ်လိုက်သောကြောင့် ကျန်းပေါင်ရဲ့ မျက်နှာလေးက ရဲခနဲ ဖြစ်သွားပြီး အပြင်ထွက်၍ စကားပြောဖို့ ဖူမင်ရှစ်အား လက်ဟန်ခြေဟန်နှင့် ပြောလိုက်သည်။ ဖူမင်ရှစ်က ဆေးရုံထဲကို တစ်ချက် ကြည့်ပြီးမှ ဖြည်းဖြည်းချင်း လှည့်ထွက်လာကာ သူမကို မေးလိုက်သည်။

“ မင်းရဲ့ ဖုန်း ကျကွဲသွားတာလား။ ကိုယ် ဖုန်းဆက်တာ ဘယ်လိုမှ ဆက်လို့ မရဘူး။ ”

ကျန်းပေါင် သက်ပြင်းချလိုက်သည်။ “ ကျွန်မ သေချာ မထားခဲ့တော့ ကြမ်းပြင်ပေါ်ကို ပြုတ်ကျပြီး စခရင် ကွဲသွားတာ။ ပြန်ပြင်ပြီး သုံးလို့ ရပါ့ဦးမလား ဆိုတာတောင် မသိတော့ပါဘူး။ ” အလုပ်ရှိ စိတ်ညစ်စရာ ပြဿနာက ပြေလည်သွားပြီမို့ ဖူမင်ရှစ် အလကားသက်သက် ဒေါသထွက်မည် စိုး၍ ကျန်းပေါင် ထိုကိစ္စအကြောင်း ထပ်မပြောပြချင်တော့‌ပါ။

“ ကိုယ် တစ်ချက် ကြည့်ပေးမယ်လေ။ ” ဖူမင်ရှစ်က ကုမ္ပဏီကို ပြန်ဖို့ အလျင်မလိုသဖြင့် ဆေးရုံဝင်ပေါက်မှာ ရပ်ပြီး ကျန်းပေါင်အား သူမရဲ့ ဖုန်းကို သွားယူခိုင်းလိုက်သည်။ ကျန်းပေါင်က ခေါင်းညိတ်ကာ ဆေးရုံထဲ ပြန်ဝင်သွားသည်။

ပေကျင်းမြို့ရဲ့ စက်တင်ဘာလ အစောပိုင်းဟာ အပြင်မှာ အတော်လေး ပူနေပါသေးသည်။ ဖူမင်ရှစ်သည် ဝင်ပေါက်မှာ ခဏလောက် ရပ်နေပြီးမှ ဆေးရုံထဲ ပြန်ဝင်ကာ လေအေးပေးစက်မှ ထုတ်လွှတ်နေသော လေအေးအေးကို ခံယူနေလိုက်သည်။ သူက ဘောင်းဘီအိတ်ကပ်ထဲမှာ လက်ထည့်၍ လော်ဘီထဲတွင် ရပ်နေရင်း ဝင်ထွက်သွားလာနေသည့် ဆေးရုံဝန်ထမ်းများကို မျက်ဝန်းနက်များဖြင့် အကဲခတ်နေခဲ့သည်။ ထိုသို့ အကဲခတ်နေရင်း လူတစ်ယောက်ထံမှာ ဖူမင်ရှစ်ရဲ့ အကြည့်တွေ စွဲမြဲရပ်တန့်သွားလေသည်။

တစ်ချိန်တည်းမှာပဲ ဆေးမှတ်တမ်းစာအုပ်နှင့် ထွက်လာသော ချန်ယိကလည်း လော်ဘီထဲရှိ အရပ်ရှည်ရှည်နှင့် အမျိုးသားကို သတိထားမိသွားသည်။ သူတို့နှစ်ယောက် အကြည့်ချင်း ဆုံသွားချိန်မှာ ချန်ယိက ဒီလူကို တစ်နေရာရာမှာ တွေ့ဖူးလားလို့ စဉ်းစားနေပေမဲ့ တစ်ဖက်လူက သူ့ကို ပြုံးပြလာခဲ့သည်။ အလွန် အပေါ်ယံဆန်သော အပြုံးမျိုး ဖြစ်ပြီး နည်းနည်းလေးတောင် အေးစက်နေသော်လည်း ထိုအမျိုးသားရဲ့ ရုပ်ရည်သွင်ပြင်က ထိုအပြုံးနှင့် အလွန် ကြည့်ကောင်း၏။ လူကြားထဲမှာ ထင်းထွက်နေတဲ့ သူ့ကို လျစ်လျူရှုဖို့ ခဲယဉ်းသည်။

ထိုအချိန်မှာပဲ သူ့ဘေးကနေ ဖြတ်လျှောက်သွားသော သူနာပြုတစ်ယောက်ရဲ့ ကျောပြင်ကို မြင်တော့ ထိုသူနာပြုဟာ ကျန်းပေါင် ဖြစ်ကြောင်းနှင့် သူမက အနောက်တိုင်းဝတ်စုံနှင့် ထိုအမျိုးသားဆီ သွားနေတာ ဖြစ်ကြောင်းကိုလည်း ချန်ယိ တန်းသိသွားသည်။ နောက်ဆုံးတော့ ထိုအမျိုးသားက ကျန်းပေါင်ရဲ့ ကောင်လေး ဖြစ်ကြောင်း ချန်ယိ မှတ်မိသွားပါသည်။

စက္ကန့်ပိုင်းလောက် တုံ့ဆိုင်းနေပြီး ချန်ယိ သူတို့နှစ်ယောက်ဆီ လျှောက်သွားလိုက်သည်။ ဖူမင်ရှစ်က သူ့ကို မှတ်မိနေသောကြောင့် သူလည်း ယဉ်ကျေးမှုအရ နှုတ်ဆက်သင့်သည်လေ။

“ ဘယ်လို ကျကွဲသွားတာလဲ။ ” ဖူမင်ရှစ်က ကျန်းပေါင်ရဲ့ ဆိုးဆိုးဝါးဝါး ကွဲကြေနေသော ဖုန်းကို ကြည့်ပြီး မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ ဒီနှစ်တွေ တစ်လျှောက်မှာ ကျန်းပေါင်က အများကြီး ရင့်ကျက်လာပေမဲ့ မပြောင်းလဲတဲ့ တစ်ခုတည်းသော အရာက သူမရဲ့ ခြိုးခြံချွေတာမှု ဖြစ်သည်။ သူမမှာ ရှိသမျှ လျှပ်စစ်ပစ္စည်းတွေကို တရိုတသေ အသုံးပြုခဲ့တာမို့ အားလုံးက အသစ်နီးပါးအတိုင်းပင်။ ဒုတိယထပ်က ပြုတ်ကျတာ မဟုတ်လျှင်တော့ သာမန် ပြုတ်ကျခြင်းက ဒီလောက် ဆိုးဝါးမှာ မဟုတ်ပါ။

ကျန်းပေါင် ပြန်မဖြေနိုင်သေးခင်မှာပဲ ချန်ယိ ရောက်လာတာကို မြင်သောအခါ ဖူမင်ရှစ်က စီးပွားရေးပါတနာတွေနှင့် ပြောဆိုဆက်ခံချိန်မှာ ပြုံးနေကျ ယဉ်ကျေးသော အပြုံးကို နောက်တစ်ကြိမ် ပြန်လည်လုပ်ယူလိုက်သည်။ “ မတွေ့ရတာ ကြာပြီနော် လူကြီးမင်းချန်။ ခင်ဗျား ဒီမှာ အလုပ်လာလုပ်နေတယ် ဆိုတဲ့ အကြောင်းကို ကျန်းပေါင် မနေ့တုန်းက မပြောခဲ့ရင် ကျွန်တော် အခု ခင်ဗျားကို မှတ်မိမှာ မဟုတ်ဘူး။ ”

“ လူကြီးမင်းဖူကတော့ ဘာမှ သိပ်ပြောင်းလဲမသွားသလိုပဲဗျာ။ ” ချန်ယိက ပြုံး၍ လက်ကမ်းသည်။ ဖူမင်ရှစ်က သူနှင့် ခဏလောက် လက်ဆွဲနှုတ်ဆက်ပြီးမှ လက်ဖြုတ်လိုက်သည်။ သူတို့နှစ်ယောက်က တစ်ယောက်နှင့် တစ်ယောက် မရင်းနှီးတာမို့ မထူးဆန်းစွာပင် ချန်ယိက စကားပြောစရာ ခေါင်းစဉ် ရှာဖို့ ကြိုးစားနေခဲ့သည်။ ဖူမင်ရှစ်ရဲ့ လက်ထဲမှာ ကျန်းပေါင်ရဲ့ ဖုန်းကို ကိုင်ထားတာကို မြင်သောအခါ သူတို့တွေ ခုနတုန်းက ပြဿနာအကြောင်း ပြောနေကြတာလို့ ထင်သွားပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။

“ ဒီနေ့ ကျန်းပေါင်ကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် အခုအချိန်လောက်ဆို အဲ့ဒီ Samoyed ခွေးလေး ဆေးထိုးသတ်ခံရပြီးလောက်ပြီ။ ကျန်းပေါင် အပြောအဆိုခံလိုက်ရတာကတော့ စိတ်မကောင်းစရာကောင်းတာပေါ့ဗျာ။ သူ့ကို ကောင်းကောင်း နှစ်သိမ့်ပေးလိုက်ပါ လူကြီးမင်းဖူ။ ကျွန်တော် လုပ်စရာလေး ရှိလို့ သွားလိုက်ပါဦးမယ်။ အခွင့်ကြုံရင် ကျွန်တော်တို့ တွေ့ကြတာပေါ့။ ”

ထိုသို့ ပြောပြီးနောက် သူ လှည့်ထွက်လာခဲ့သည်။ သူ့မျက်နှာပေါ်မှာတော့ ခံစားချက် အရိပ်အယောင် တချို့ ထင်ကျန်ရစ်ခဲ့သည်။ ကျန်းပေါင်နှင့် ဖူမင်ရှစ်ရဲ့ အချစ်ကို ဒီလောက်ထိ လေးနက်ပြီး နှစ်ယောက်အတူ ရှိနေလိမ့်ဦးမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ကံကောင်းစွာဖြင့် ပါတီပွဲမှာ ဖူမင်ရှစ်က အချိန်မီ ရောက်လာခဲ့သောကြောင့်သာ ကျန်းပေါင်အပေါ် သဘောကျစိတ်ကို အရမ်း မဆိုးသေးခင်မှာ ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်သည်။ မဟုတ်ရင် နှစ်ချီ၍ ဝေးကွာပြီးနောက် ပြန်လည် ဆုံစည်းချိန်မှာ သူ့စိတ်ခံစားချက်က အခုလောက် တည်ငြိမ်နိုင်မှာ မဟုတ်တာ သေချာသည်။

သို့သော်လည်း ကျန်းပေါင်က အရမ်း လှပသလို အရမ်းလည်း ဖြူစင်ရိုးသားသည်။ သူသာ ဖူမင်ရှစ် ဆိုလျှင် သူမကို အရိပ်တကြည့်ကြည့်နှင့် မျက်စိအောက်က အပျောက်မခံဘဲ တခြားလူတွေကို အခွင့်အရေးပေးမှာ မဟုတ်ပါ။ စမ်းသပ်ခန်းတံခါးကို တွန်းဖွင့်ဝင်ပြီး အလုပ်ထဲမှာ ပြန်အာရုံစိုက်ထားလိုက်သော ချန်ယိသည် သူ့စကားတွေကြောင့် ကျန်းပေါင် အနည်းငယ် ပြဿနာတက်တော့မည် ဆိုတာကို‌တော့ မသိခဲ့။

“ အပြောအဆိုခံလိုက်ရတယ် … ဟုတ်လား … ” ဖူမင်ရှစ်က ကွဲကြေနေတဲ့ ဖုန်းကို သေချာ ကြည့်ရင်း ခေါင်းငိုက်စိုက်ချထားကာ မလုံမလဲဖြစ်နေသော သူ့ဇနီးလောင်းလေးကို စစ်မေးလိုက်သည်။

ကျန်းပေါင်သည် ထိုကိစ္စကို ဆက်ဖုံးကွယ်မထားနိုင်တော့သောကြောင့် ဖူမင်ရှစ်ကို အပြင်သို့ တွန်းထုတ်လာကာ ပြောပြလိုက်၏။ “ … ကျွန်မ အဲ့အချိန်တုန်းက နည်းနည်း ကြောက်ခဲ့ပေမဲ့ အခုတော့ ဘာမှ မဖြစ်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ရှင်ကလည်း ကျွန်မကို ဖုန်းလဲဖို့ အမြဲတမ်း ပြောနေတာပဲလေ။ အဲ့ဒီတော့ ဒါက ဖုန်းအသစ်ဝယ်ဖို့ အခွင့်အရေးကောင်းတစ်ခုပဲ။ ” ဖြစ်စဉ်ကို အကျဉ်းချုံ့ ရှင်းပြပြီးနောက် ကျန်းပေါင်က ဒီကံဆိုးမှုကြောင့် အလွန် ဝမ်းသာနေပုံဖြင့် ဖူမင်ရှစ်အား အပြုံးလေးနှင့် ကြည့်လိုက်သည်။

ဖူမင်ရှစ်ကတော့ ဘာအမူအရာမှ မပြဘဲ မျက်နှာတည်နေသည်။ “ မင်း ဘာလို့ အဲ့အကြောင်းကို ခုနတုန်းက မပြောခဲ့တာလဲ။ ”

ကျန်းပေါင်က ခေါင်းငုံ့ပြီး “ ရှင် ဒေါသထွက်မှာ စိုးရိမ်လို့ပါ။ ” ဟု ခပ်တိုးတိုး ပြောလိုက်သည်။

ဖူမင်ရှစ် ဒေါသထွက်ပါသည်။ သူ့ရဲ့ ကျန်းပေါင်လေးကို အနိုင်ကျင့်ခဲ့တဲ့ ထိုအမျိုးသမီးကို ဒေါသထွက်သလို ထိုအချိန်မှာ သူမဘက်က ရပ်တည်ဖို့ မရှိပေးနိုင်ခဲ့တဲ့ သူ့ကိုယ်သူလည်း ဒေါသထွက်သည်။ ဖူမင်ရှစ်က ဘာမှ အမှားလုပ်မထားတဲ့ သူ့ဇနီးလောင်းလေးကို ပွေ့ဖက်ရင်း “ နောက်တစ်ခါ အဲ့လို ကိစ္စမျိုးတွေမှာ ဝင်မပါနဲ့။ ” ဟု တိုးလျလျ ပြောလိုက်သည်။

ဒီနေ့ အဖြစ်အပျက်မှာ ဖုန်းပေါက်ခွဲရရုံတင် ဆိုပေမဲ့ အနာဂတ်မှာ ကျန်းပေါင် ပိုရက်စက်သော လူတွေနှင့် ကြုံတွေ့ရမှာကို သူ စိုးရိမ်သည်။ အခုခေတ်မှာ ဆေးဘက်ဆိုင်ရာ အငြင်းပွားမှုတွေနှင့် ပတ်သက်သော သတင်းတွေလည်း အများကြီး ရှိသည်။ နောက်ပိုင်းမှာ ကျန်းပေါင်အတွက် တရားမျှတမှု ရအောင် သူ ကူညီပေးနိုင်ပေမဲ့ ကျန်းပေါင်ကို တစ်စုံတစ်ယောက်က ရိုက်နှက်ကြိမ်းမောင်းတာကို တွေးကြည့်ရုံနှင့် … ။

ဖူမင်ရှစ်သည် ဆေးရုံအတွင်းပိုင်းကို ဝေ့ဝဲကြည့်ရင်း ‘ တိရစ္ဆာန်ဆရာဝန် ဖြစ်ရတာလည်း တော်တော်လေး အန္တရာယ်များတာပဲ ’ ဟု ရုတ်တရက် ခံစားလိုက်ရလေသည်။

“ စိတ်မပူပါနဲ့။ အိမ်မွေးတိရစ္ဆာန်တွေကို မွေးတဲ့ လူအများစုက အရမ်း သဘောကောင်းပြီး ပြောဆိုဆက်ဆံရ လွယ်ကူပါတယ်။ ဒီလို ကိစ္စမျိုးတွေ သိပ်မကြုံရပါဘူး။ ” ကျန်းပေါင်သည် ဖူမင်ရှစ်ရဲ့ ရင်ခွင်ထဲမှ ရုန်းထွက်ရင်း ဘေးဘီဝဲယာကို အရင်ဆုံး ကြည့်လိုက်သောအခါ လူတွေက သူတို့နှစ်ယောက်ကို အမှန်တကယ်ပဲ ဝိုင်းကြည့်နေတာကို သတိထားမိသွား၍ ဖူမင်ရှစ်ကို “ ကဲပါ ၊ ရှင်လည်း အလုပ်ကို ပြန်သွားတော့နော်။ ကျွန်မလည်း လုပ်စရာ အလုပ်တွေ ရှိသေးတယ်။ ” ဟု အမြန် တိုက်တွန်းလိုက်ပါသည်။

“ ချန်ယိကို ကိုယ့်ကိုယ်စား နှုတ်ဆက်ပေးပါ။ ပြီးတော့ သူ့ကို ဒီည ညစာစားဖို့ ခေါ်လာခဲ့။ ” ဖူမင်ရှစ်က ကျန်းပေါင်ရဲ့ လက်ကို ရုတ်တရက် လှမ်းဆွဲရင်း အပြုံးလေးဖြင့် ပြောလိုက်သည်။ သူ့ကို တအံ့တဩ ကြည့်‌လာတဲ့ ကျန်းပေါင်ရဲ့ ခေါင်းလေးကို ဖူမင်ရှစ်က ကျွမ်းကျင်စွာ ပွတ်သပ်ပေးလိုက်သည်။ “ သူက မင်းကို ကူညီပေးခဲ့တော့ ကိုယ် ကျေးဇူးဆပ်ရမယ်လေ။ ”

ကျန်းပေါင် နားလည်သွားသော်လည်း ချန်ယိကို ဖူမင်ရှစ် သဘောမကျကြောင်း တွေးမိသဖြင့် တစ်ခုခု မှားယွင်းနေကြောင်း ခံစားရဆဲ ဖြစ်သည်။ ထို့ကြောင့် “ သူ့မှာ အချိန်ရှိလားလို့ ကျွန်မ သူ့ကို အရင်ဆုံး မေးလိုက်ဦးမယ်။ ” ဟု ပြောလိုက်၏။

ဖူမင်ရှစ်က ခေါင်းညိတ်ပြသည်။

ကျန်းပေါင် ထွက်သွားချင်သော်လည်း သူက သူမရဲ့ ခါးကို ပွေ့ဖက်ထားဆဲပင်။ ကျန်းပေါင် ကြောင်အမ်းအမ်းလေး လှည့်ကြည့်လိုက်တော့ ဖူမင်ရှစ်က ရုတ်တရက် နီးကပ်လာပြီး သူ့နှုတ်ခမ်းတွေဟာ သူမမျက်နှာပေါ်ကို တန်းတန်းမတ်မတ် ကျရောက်လာခဲ့သည်။ ခပ်ဖွဖွတောင် စုပ်ယူနေခဲ့သောကြောင့် သူမကို ရင်အခုန်လွန်ကာ ရှက်ရွံ့သွားစေပါသည်။

“ သွားတော့။ ” ဖူမင်ရှစ်က ချိုမြိန်ဖွယ် အနမ်းလေးကို ရသွားတော့မှ ကျေနပ်သွားသည်။

ကျန်းပေါင်ရဲ့ မျက်နှာလေးကတော့ ပိုလို့တောင် နီရဲတက်လာသည်။ ဆေးရုံထဲကို ပြန်မဝင်ခင်မှာ သူ့ကို ကားဖြည်းဖြည်းမောင်းရန် သတိပေးဖို့လည်း မမေ့လျော့ခဲ့ပါ။ ကျန်းပေါင်က ဖူမင်ရှစ်ကို လိုက်ပို့ပေးပြီးနောက် အလုပ်ဆက်လုပ်နေခဲ့သည်။

***

All Chapters