← Chapters

အခန်း ၆၉

Vol. 7 Ch. 69

အခန်း ၆၉

Vol. 7 Ch. 69

အပိုင်း ( ၆၉ )

စကားလုံးတွေက ဘယ်လောက်ပဲ သနားစရာကောင်းပါစေ ၊ ဝမ်ရှုရဲ့ စဉ်းစားဆင်ခြင်မှုကင်းမဲ့သော လုပ်ရပ်တွေအကြောင်း ပြန်တွေးကြည့်ရုံနှင့် ကျန်းပေါင်ရဲ့ နှလုံးသားက တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။ သူမမှာ မိခင်နှင့် ပတ်သက်သော အမှတ်တရတွေ မရှိသလို အခုအချိန်မှာ ထိုကွက်လပ်ကို ဖြည့်ဖို့ ဘယ်သူ့ကိုမှလည်း မလိုအပ်တော့ပါ။

နောက်ရက်တွေမှာ ဝမ်ရှုဟာ အကောင့်အသစ်တွေကို တစ်ခုပြီး တစ်ခု ဖွင့်ကာ သူမအား မက်ဆေ့ခ်ျတွေ ပို့နေခဲ့သည်။ ကျန်းပေါင်ရဲ့ စိတ်ခံစားချက်က အစပိုင်းမှာ ရှုပ်ထွေးခဲ့ပေမဲ့ တဖြည်းဖြည်း တည်ငြိမ်သည်ထက် တည်ငြိမ်လာကာ နောက်ပိုင်းမှာတော့ ဝေ့ပေါ်ထဲကို‌တောင် ဝင်မကြည့်တော့ဘဲ စိတ်ထဲက လုံးဝ ထုတ်ထားလိုက်တော့သည်။

သောကြာနေ့ရောက်တော့ ဖူမင်ရှစ်က ပိတ်ရက်ကို သူ့အပန်းဖြေစံအိမ်မှာ ဖြတ်သန်းကုန်ဆုံးရန် သူမအား လာကြိုခဲ့သည်။ ကျန်းပေါင်က ဝမ်ရှုနှင့် ပတ်သက်သော ဘာအကြောင်းအရာကိုမှ မပြောပြဘဲ ဟွီသန်း ၊ ယဲ့လျန်တို့နှင့် ဆော့ကစားသည် ၊ ဖူမင်ရှစ်နှင့်အတူ ရုပ်ရှင်ကြည့်သည် ၊ ညဘက်ရောက်တော့ သူ့ကြောင့် ထုံးစံအတိုင်း ပင်ပန်းအားကုန်ရသည်။

ဘဝဟာ အလွန် ပျော်ရွှင်စရာကောင်းသောကြောင့် ကျန်းပေါင်သည် ဝမ်ရှု ပို့ထားသော မက်ဆေ့ခ်ျတွေကိုပင် မေ့လျော့လုနီးပါး ဖြစ်နေခဲ့သည်။ သို့သော် မျှော်လင့်မထားစွာဖြင့် တနင်္လာနေ့ ညနေပိုင်း အလုပ်ဆင်းချိန်မှာ အမျိုးသမီးတစ်ယောက်က ဆေးရုံဂိတ်ပေါက်မှာ သူမကို တားဆီးခဲ့သည်။ စက်တင်ဘာလမို့ ညနေ ( ၅ ) နာရီ ၊ ( ၆ ) နာရီဝန်းကျင် ဆိုတဲ့ အချိန်က အတော်လေး လင်းလင်းထင်းထင်း ရှိသေးသည်။

ထိုအမျိုးသမီးကြီးရဲ့ မိတ်ကပ်ပါးပါး လိမ်းခြယ်ထားသော မျက်နှာနှင့် မျက်ရည်ဝိုင်းသော မျက်လုံးတို့ကို ရင်ဆိုင်ရချိန်မှာ သူမရဲ့ သရုပ်မှန်ကို ကျန်းပေါင် အလွယ်တကူပဲ မှတ်မိသွားသည်။ သို့သော် သူမ ဝန်မခံချင်သောကြောင့် စက်ဘီးဆီကိုသာ တန်းသွားလိုက်သည်။

“ သမီး အမေ့ကို မှတ်မိတယ်မလား ဖန့်ပေါင်။ ” သူတို့ အရင်တစ်ခေါက် တွေ့ခဲ့တုန်းက သမီးဖြစ်သူဟာ သူမကို ပြုံးပြပြီး ဘာကူညီပေးရမလဲလို့ မေးခဲ့ပေမဲ့ ဒီနေ့တော့ အလွန် အေးစက်နေသည်။ ဝမ်ရှုသည် သမီးဖြစ်သူက သူမကို မှတ်မိနေပြီ ဖြစ်ကြောင်း ချက်ချင်း ခန့်မှန်းနိုင်သွားကာ ကျန်းပေါင်နောက်ကို အတင်း လိုက်၍ မျက်ရည်တွေကို ထိန်းချုပ်ရင်း တိုးတိတ်စွာ အသနားခံလိုက်သည်။ “ အမေ သမီးကို သတိရနေခဲ့တာပါ ဖန့်ပေါင်။ တစ်နေရမှာ စကားပြောရအောင်လေ သမီးရယ် … နော် … ”

ကျန်းပေါင်ကတော့ သူမရဲ့ အိတ်ကို စက်ဘီးခြင်းတောင်းထဲ ထည့်ကာ ဝမ်ရှု ပြောနေသော စကားတွေကို မကြားသကဲ့သို့ပင် စက်ဘီးကို တွန်း၍ ထွက်ခွာလာခဲ့သည်။

ဆက်လက်ထိန်းချုပ်နိုင်စွမ်း မရှိတော့သည့် ဝမ်ရှုက ကျန်းပေါင်ကို တင်းကြပ်စွာ ပွေ့ဖက်ကာ ငိုကြွေးခဲ့လေသည်။ “ အမေ မှားမှန်း သိပါတယ် ဖန့်ပေါင်ရယ်။ အမေ သမီးကို တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး အမေ့ကို စကားတစ်ခုခုတော့ ပြောပါကွယ်။ အမေ တောင်းပန်ပါတယ် … ”

အမျိုးသမီးကြီးမှာ ရနံ့တစ်မျိုး ရှိသည်။ ရေမွှေးနံ့လား ၊ သို့မဟုတ် သူမရဲ့ မျက်နှာပေါ်မှာ အသုံးပြုထားတဲ့ စကင်ကဲပစ္စည်းတွေရဲ့ မွှေးရနံ့လားတော့ ကျန်းပေါင် မသိပါ။ ဘာပဲဖြစ်ဖြစ် ထိုရနံ့ကို သူမ သဘောမကျ။ ရုပ်ပိုင်းဆိုင်ရာ သဘောမကျမှုကြောင့် ငိုချင်စိတ်ကို ချိုးနှိမ်ထားကာ စက်ဘီးလက်ကိုင်ကို ဆုပ်ကိုင်၍ တခြား တစ်နေရာကို အကြည့်လွှဲလျက် “ သတင်းထောက်တွေ ဓာတ်ပုံရိုက်သွားမှာ မကြောက်ဘူးလား။ ” ဟု မေးလိုက်သည်။

သူမ ဒုတိယနှစ် မတက်ခင် အချိန်တုန်းက ဆေးရုံမှာ သူမကို တိုးတိုးတိတ်တိတ် လာရှာခဲ့တာက သူ့အကြောင်း လူတွေ သိသွားမှာ ကြောက်လို့ ၊ သူမကို အသိအမှတ်မပြုချင်လို့ပဲ မဟုတ်လား … ။

“ အမေ မကြောက်တော့ပါဘူးကွယ်။ သမီးသာ အမေ့ကို ခွင့်လွှတ်လက်ခံပေးမယ်ဆို တခြားလူတွေ အမေ့ကို ‌ဆဲဆိုကြိမ်းမောင်းရင်တောင် အမေ မကြောက်တော့ပါဘူး။ ” ဝမ်ရှုသည် သမီးဖြစ်သူကို တင်းကြပ်စွာ ပွေ့ဖက်၍ ခုနတုန်းကလောက် သည်းထန်စွာ မငိုကြွေးတော့ဘဲ မျှော်လင့်တကြီး ကြည့်လိုက်သည်။ “ ဖန့်ပေါင် … သမီး … ”

ဝမ်ရှုတစ်ယောက် စကားဆုံးအောင်ပင် ပြောခွင့် မရလိုက်ဘဲ သူမရဲ့ ဘယ်လက်ကို ရုတ်တရက် အကြမ်းပတမ်း ဆုပ်ကိုင်ခံလိုက်ရသည်။ သူမရဲ့ လက်ကောက်ဝတ်အရိုးတွေကို ချိုးခြေချင်နေသကဲ့သို့ ပြင်းထန်သော အင်အားနှင့် ဆုပ်ကိုင်ခံလိုက်ရခြင်း ဖြစ်သောကြောင့် ဝမ်ရှုသည် နာကျင်စွာ အော်ဟစ်ကာ ကျန်းပေါင်ကို ချက်ချင်း လွှတ်ပေးလိုက်ရ၏။ သူမရဲ့ ညာလက်ကို ရုတ်သိမ်းလိုက်တော့မှ သူမအနောက်ရှိ လူက သူမကို ရုတ်တရက် ဆောင့်တွန်းလိုက်တာမို့ ဝမ်ရှု အငိုက်မိပြီး လဲကျတော့မလို ဖြစ်သွားသည်။

ကျန်းပေါင်က ဖူမင်ရှစ်ကို ထိတ်လန့်စွာ ကြည့်နေခဲ့သည်။ ဖူမင်ရှစ်က သူမကို လက်တစ်ဖက်နှင့် ပွေ့ဖက်ပြီး သူမရဲ့ ခေါင်းလေးကို နှစ်သိမ့်ပေးသလို နမ်းကာ ကိုယ့်ကိုယ်ကိုယ် ဟန်ချက်ညီအောင် ပြန်ထိန်းနေသော အမျိုးသမီးကြီးကို အေးစက်စွာ လှည့်ကြည့်လိုက်သည်။ “ ခင်ဗျား သတင်းထောက်တွေ ဓာတ်ပုံရိုက်မှာကို မကြောက်တာလား ၊ ဒါမှမဟုတ် ဒီနေ့ သတင်းထောက်တွေ မလာဘူး ဆိုတာ သေချာနေလို့ မကြောက်တာလား။ ဒါကတော့ ခင်ဗျား ကိုယ့်အကြောင်းကိုယ် အသိဆုံး ဖြစ်မှာပါ။ ”

ထိတ်လန့်မှုကြောင့် ဖြူဖတ်ဖြူရော် ဖြစ်နေသော ဝမ်ရှု၏ မျက်နှာက ပိုလို့တောင် သွေးဆုတ်ဖြူဆုတ်သွားသည်။ သူမ ရှင်းပြချင်သော်လည်း ဖူမင်ရှစ်ရဲ့ အေးစက်တင်းမာသော အကြည့်နှင့် ရင်ဆိုင်ရချိန်မှာ‌ ထပ်လိမ်ဖို့ သတ္တိမရှိတော့ပေ။

ကျန်းပေါင်ရဲ့ မျက်နှာကလည်း ဖြူရော်သွားသည်။ ဒီတစ်ခေါက် ဝမ်ရှု သူမကို လာတွေ့တာကိုလည်း အကွက်ကျကျ သေချာ စီစဉ်ထားတာလား … ။

“ ကျုပ်ကို အပတ်တိုင်း သတင်းပို့ဖို့ လူတစ်ယောက်ကို ပိုက်ဆံပေးထားတယ်။ သူတို့က ခင်ဗျား လေဆိပ်ထဲကနေ အဲ့ဒီ လူနဲ့ ထွက်လာတာကို တွေ့တယ်လို့ ပြောတယ်။ ” ဖူမင်ရှစ်က ကျန်းပေါင်ကို ရင်ခွင်ထဲမှာ ပွေ့ဖက်ထားလျက် ဝမ်ရှု ကြားနိုင်လောက်သော အသံဖြင့် ကျန်းပေါင်အား ရှင်းပြလိုက်သည်။ “ ကိုယ် သတင်းတွေ ဝယ်ပြီး သူတို့ကို တစ်ချိန်လုံး စောင့်ကြည့်ခိုင်းထားတာ။ သူ့ယောက်ျား လျို့ဝေက A တက္ကသိုလ်ဂိတ်ပေါက်ရဲ့ အပြင်ဘက်မှာ တစ်ပတ်လောက် စောင့်ကြည့်ပြီး ကျောင်းဖွင့်ရက်တွေဆို သတင်းထောက်တွေ မရှိဘူး ဆိုတာ သေချာ သိသွားတယ်။ အဲ့ဒါကြောင့် သူ ဒီနေ့ကို မင်းကို လာတွေ့ရဲတာပဲ။ ”

ကျန်းပေါင်မှာ အတွေ့အကြုံသိပ်မရှိသော်လည်း အရင်အပတ်တုန်းက ဝမ်ရှု ပို့ထားသော မက်ဆေ့ခ်ျများနှင့် ဆက်စပ်ကြည့်ပြီး သူမဘက်က ဝမ်ရှုကို အမေအဖြစ် လက်ခံခွင့်လွှတ်ပေးလျှင် မြို့တော်ကို ချက်ချင်း လာပြီး သူမနှင့် လာတွေ့မည် ဟူသော စကားကို ပြန်သတိရသွားသောအခါ ဒီတစ်ခေါက် သူမကို ဝမ်ရှု အသိအမှတ်ပြုချင်တဲ့ ရည်ရွယ်ချက်ကလည်း သူ ပြောထားသလောက် မရိုးရှင်းကြောင်း နားလည်သွားလေသည်။

“ ကိုယ် လူတစ်ယောက်ကို စုံစမ်းခိုင်းထားခဲ့တယ်။ ဒီနှစ်တွေအတွင်း သူတို့က S မြို့တော်ကို ယွမ် ( ၁၀ ) သန်းကျော် တန်ကြေးရှိတဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပြောင်းလာခဲ့ကြတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း လျို့ဝေရဲ့ ကုမ္ပဏီက အရှုံးပေါ်လို့ ဒေဝါလီခံသွားရတဲ့အပြင် ယွမ် ( ၄ ) သန်းကျော်ပါ အကြွေးတင်နေတယ်။ ” အမျိုးသမီးကြီးက ငိုယိုရင်း ကျန်းပေါင်ထံမှ မျက်ရည်ခြူဖို့ ကြိုးစားနေစဉ်မှာ ဖူမင်ရှစ်က ဝမ်ရှု့ရဲ့ သရုပ်မှန်ကို ဖော်ထုတ်ပစ်လိုက်သည်။ သူ့လေသံကတော့ သူတို့နှင့် မသက်ဆိုင်သော လူတစ်ယောက်အကြောင်း ပြောနေသည့်သဖွယ် လှောင်ပြောင်သရော်သည့် အရိပ်အယောင်တွေပင် မပါဝင်ဘဲ တည်ငြိမ်ပြတ်သားလှသည်။

“ သူ မင်းကို လာရှာလိမ့်မယ် ဆိုတာ ကိုယ် ကြိုတွက်ထားပေမဲ့ အရင်တစ်ပတ်တုန်းက သူတို့ ခိုးကြောင်ခိုးဝှက်နဲ့ ဘာတွေ ကြံစည်နေတာလဲ ဆိုတာ ကိုယ် မသိခဲ့ဘူး။ အဲ့ဒါကြောင့် မင်း စိတ်ပူနေမှာ စိုးလို့ ကြိုမပြောပြခဲ့တာပါ။ ”

သူက ကျန်းပေါင်ရဲ့ နားရွက်နားကို ကပ်ကာ ခပ်တိုးတိုး ပြောသည်။ သူ့အသံထဲမှာ တောင်းပန်တိုးလျိုးသည့် အငွေ့အသက်တွေ အနည်းငယ် ပျော်ဝင်နေပါသည်။ ဒါပေမဲ့ သူ ဘာအတွက် တောင်းပန်တာလဲ … ။ ကျန်းပေါင်ကတော့ ဖူမင်ရှစ်ရဲ့ တောင်းပန်မှုကို မလိုအပ်ပေ။ သူမရဲ့ စိတ်ထဲမှာ အေးစက်မှုတွေကသာ နေရာယူသွားသည်။

သူမ ဝမ်ရှုရဲ့ မက်ဆေ့ခ်ျကို ပထမဆုံးအကြိမ် လက်ခံရရှိချိန်တုန်းက ဝမ်ရှုရဲ့ နှလုံးသားဟာ အမှန်တကယ် ပြောင်းလဲသွားပြီး သူမတို့ရဲ့ သားအမိဆက်ဆံရေးကို ပြန်လည်ပြုပြင်ချင်နေတာလို့သာ ထင်ခဲ့တာ ဖြစ်ကာ နောက်ကွယ်မှာ ဒီလို အကွက်ကျကျ စီစဉ်မှုတွေ ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါ။

သူမကို သမီးအဖြစ် အရင်ဆုံး အသိအမှတ်ပြုပြီး ဖူမင်ရှစ်ကို အသုံးချချင်နေတာ မဟုတ်လား … ။

“ မငိုပါနဲ့ ဖန့်ပေါင်ရယ်။ အမေက အဲ့လို သဘောမျိုးနဲ့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး … ”

ဝမ်ရှုသည် ပိုက်ဆံချေးဖို့ ရောက်လာတာ မှန်သော်လည်း သူမကြောင့် သမီးဖြစ်သူ အလွန် နာကျင်နေတာကို မြင်သောအခါ နောင်တရပြီး ဝမ်းနည်းသွားလေသည်။ သူမ ကျန်းပေါင်ကို ဖက်ရန် ပြေးသွားလိုက်သော်လည်း မျက်ထောင့်နီကြီးနှင့် စိုက်ကြည့်သော ဖူမင်ရှစ်ကြောင့် ရပ်တန့်သွားရသည်။ အဲ့ဒီတော့မှ ဝမ်ရှုက ခေါင်းငုံ့၍ မျက်ရည်သုတ်ကာ ခါးသီးစွာ ငိုကြွေးခဲ့သည်။ “ အမေ့ကို ဒီလို မဆက်ဆံပါနဲ့ ဖန့်ပေါင်။ အမေက သမီးကို အသုံးချဖို့ ရည်ရွယ်ချက်ရှိရှိ ကြံစည်ခဲ့တာ မဟုတ်ပါဘူး။ အမေတို့ ဘယ်လိုမှ အဆင်မပြေတော့လို့ပါ။ သမီးရဲ့ ညီမလေးတွေက နိုင်ငံခြားမှာ ကျောင်းတက်ဖို့ လိုသေးတယ် ၊ သမီးရဲ့ မောင်လေးကလည်း မူလတန်းကျောင်းတက်နေတုန်းပဲ ရှိသေး … ”

“ ကျုပ် သိသလောက်တော့ ခင်ဗျားတို့ ပိုင်တဲ့ အိမ်ကို အနည်းဆုံး ယွမ် ( ၄ ) သန်းလောက်နဲ့ ရောင်းပစ်လိုက်လို့ ရပါတယ်။ ခင်ဗျား ကောင်းကောင်း ရောင်းနိုင်ရင် အကြွေးတွေလည်း ပြန်ဆပ်နိုင်ပြီး ဒုတိယအဆင့် ၊ ဒါမှမဟုတ် တတိယအဆင့် မြို့တစ်မြို့မှာ အိမ်အသစ်တစ်လုံး ဝယ်နိုင်မှာပဲ။ ” အမျိုးသမီးကြီးက မျက်ရည်ခံထိုးရင်း ကျန်းပေါင်ရဲ့ ကရုဏာတရားကို ခြူယူဖို့ ကြိုးစားနေသော်လည်း ဆက်နားမထောင်နိုင်တော့တဲ့ ဖူမင်ရှစ်က စိတ်မရှည်နိုင်စွာ စကားဖြတ်ပြောလိုက်သည်။

ကျန်းပေါင် စိတ်ပျော့လွယ်တာကို သူ သိသည်။ သူမ မကူညီပေးလျှင်တောင် ဝမ်ရှုတို့မိသားစု အဆင်မပြေဖြစ်နေတာကို သိလျှင် စိတ်မသက်မသာ ခံစားရလိမ့်မည်။ ထို့ကြောင့်ပဲ ကျန်းပေါင်အဖေထံမှ ပိုက်ဆံတွေနှင့် ဝမ်ရှုတို့လင်မယား စီးပွားရှာထားတဲ့ ပိုင်ဆိုင်မှုတွေကို ဒီသုံးနှစ်အတွင်း အကွက်ကျကျ စီစဉ်၍ ပြန်လည်သိမ်းယူခဲ့တာ ဖြစ်သည်။ ဒါပေမဲ့ လျို့မိသားစု လေးယောက်ကို ဘဝပျက်လောက်အောင်ထိတော့ မလုပ်ခဲ့ပါ။

သူ အရာအားလုံးကို သိနေတာပဲ … ။ ဝမ်ရှုသည် အလိမ်ပေါ်သွားသည့်အတွက် အနည်းငယ် ရှက်ရွံ့သွားသော်လည်း မျက်ရည်တွေ ဖုံးလွှမ်းနေတဲ့ သူမရဲ့ မျက်နှာပေါ်မှာ ဘာခံစားချက်ကိုမှ မပြသစေဘဲ စိတ်တင်း၍ ပြောလိုက်သည်။ “ ငါတို့က အသက်ကြီးပါပြီ။ ငါတို့အနေနဲ့ မြို့သေးသေးလေးမှာ နေရလည်း ကိစ္စမရှိပေမဲ့ ကျန်းပေါင်ရဲ့ မောင်နှမတွေက မြို့ကြီးပြကြီးတွေမှာပဲ ကြီးပြင်းလာခဲ့တာ။ ”

“ ကြည့်ရတာ သူတို့ကမှ ခင်ဗျားရဲ့ သားသမီးအစစ်တွေ ထင်တယ်။ ” ဖူမင်ရှစ်က ပိုလို့တောင် အေးစက်စွာ ရယ်မောလိုက်သည်။ “ ခင်ဗျား ကျန်းမိသားစုဆီက ယွမ် ( ၂ ) သန်းကို ယူသွားတုန်းက ကျန်းပေါင်တို့မိသားစုမှာ တီဗီတစ်လုံးတောင် မရှိခဲ့ဘူး။ ခင်ဗျားသမီးက သိန်းချီတန်တဲ့ ဂါဝန်တွေကို ဝတ်နေချိန်မှာ ကျန်းပေါင်ကတော့ အထက်တန်းကျောင်း တက်ဖို့တောင် ပိုက်ဆံမရှိခဲ့ဘူး။ ဒီနှစ်တွေ တစ်လျှောက်လုံး ခင်ဗျား တစ်ခါလေးတောင် အိမ်ပြန်လာပြီး ကျန်းပေါင်နဲ့ တွေ့ဖို့ စိတ်ကူးမရှိခဲ့ဘူး။ ခင်ဗျားက အခု ခင်ဗျားသမီးကို နိုင်ငံခြားမှာ ကျောင်းထားဖို့အတွက် ကျုပ်တို့ဆီက ဘယ်လို မျက်နှာနဲ့ အကူအညီတောင်းရဲတာလဲ။ ”

ဝမ်ရှုသည် သူ့စကားကြောင့် ခေါင်းမဖော်နိုင်အောင်ပင် ရှက်ရွံ့သွား၏။ သူမက ဖူမင်ရှစ်ကို ပြန်လည် မချေပနိုင်သောကြောင့် သမီးဖြစ်သူကိုသာ အသနားခံသော မျက်လုံးများဖြင့် ကြည့်ကာ လွတ်လမ်းတစ်ခု ၊ ထွက်ပေါက်တစ်ခု ရှာတွေ့ဖို့ မျှော်လင့်နေခဲ့သည်။

ကျန်းပေါင်ကတော့ ရှိုက်ကြီးတငင် ငိုကြွေးထား၍ သူမရဲ့ ခန္ဓာကိုယ်ကြွက်သားတွေအားလုံး ထုံကျင်ကိုက်ခဲနေခဲ့ပြီ ဖြစ်သည်။ အနီးစပ်ဆုံး သွေးသားရင်းတစ်ယောက် သူမကို ဒုတိယအကြိမ် လာရှာတာက ဒီလို အကြောင်းပြချက်မျိုးနှင့်တဲ့လား … ။

“ သွားရအောင်။ ” ကျန်းပေါင်က ဖူမင်ရှစ်ရဲ့ ရင်ဘတ်ကို မှီကာ တင်းကြပ်စွာ ပွေ့ဖက်ထားခဲ့သည်။ သူမ ဝမ်ရှုကို ထပ်မကြည့်ချင်သလို ဝမ်ရှုဆီက နောက်ထပ် စကားတစ်ခွန်းမှလည်း မကြားချင်တော့ပေ။

ဖူမင်ရှစ်က စက်ဘီးခြင်းတောင်းထဲမှာ ထည့်ထားသော ကျန်းပေါင်ရဲ့ လက်ကိုင်အိတ်ကို အရင်ဆုံး ယူပြီးနောက် ကျန်းပေါင်ကို သူ့ရင်ခွင်ထဲမှာ ခပ်တင်းတင်း ပွေ့ဖက်ထားလိုက်သည်။ ထို့နောက် ဝမ်ရှုဘေးမှ ဖြတ်လျှောက်လာရင်း ခြေလှမ်းရပ်ကာ “ ခင်ဗျားတို့ ဒီည ထွက်သွားပါ။ ကျန်းပေါင်ကို နောက်တစ်ခေါက် ထပ်နှောင့်ယှက်ရဲရင် ခင်ဗျားတို့ တစ်မိသားစုလုံး အရှက်တကွဲ အကျိုးနည်းဖြစ်အောင် ကျုပ် လုပ်ပစ်မယ်။ ” ဟု အေးစက်စွာ ပြောလိုက်သည်။

ဝမ်ရှုက သူ့ကို တစ္ဆေသရဲတစ်ကောင်ကို ကြည့်သလို အထိတ်တလန့် မော့ကြည့်သည်။ ဖူမင်ရှစ်ကတော့ ကျန်းပေါင်ကို သူ့ရဲ့ အနက်ရောင် Maybach ကားကြီးထဲသို့ ပွေ့ခေါ်သွားပြီး လျှပ်စီးကဲ့သို့ အလျင်နှင့် မောင်းနှင်ထွက်ခွာသွားပြီ ဖြစ်သည်။ ဝမ်ရှုတစ်ယောက် ထိုနေရာမှာပဲ ကြက်သေ,သေကာ ကြောင်အရပ်တန့်နေသည်မှာ သူမရဲ့ ခင်ပွန်း လျို့ဝေ ရောက်လာတာကိုတောင် သတိမပြုမိ။

အခြေအနေတွေ ဆိုးဆိုးဝါးဝါး ဖြစ်ကုန်ပြီဟု ခံစားရသော လျို့ဝေက “ လူကြီးမင်းဖူ ဘာပြောသွားတာလဲ။ ” ဟု စိုးရိမ်တကြီး မေးသည်။

ဝမ်ရှုက သူ့ကို ကြည့်ပြီး မျက်ရည်တွေကြားမှ ရုတ်တရက် ဟားတိုက် ရယ်မောလိုက်မိသည်။ ဒဏ်ခတ်ခံရတာ … ။ ဒါ ကံကြမ္မာက သူမကို ဒဏ်ခတ်လိုက်တာပဲ … ။ သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးချောလေးကို ပိုက်ဆံအတွက် စွန့်ပစ်ခဲ့တာကြောင့် အခုတော့ သမီးရော ၊ ပိုက်ဆံရော ဆုံးရှုံးလိုက်ရပါပြီ။

ဝမ်ရှုကြောင့် ကျခဲ့သော မျက်ရည်များသည် မိုးကြိုးမုန်တိုင်းကဲ့သို့ပင် လျင်မြန်စွာ ကျဆင်းလျက် လျင်မြန်စွာ ပျောက်ကွယ်သွားကာ ကျန်းပေါင်ရဲ့ မျက်လုံးတွေကိုသာ မို့အစ်နီရဲ၍ ကျန်ရစ်စေခဲ့၏။ သူမ မျက်နှာသစ်ပြီး၍ ပြန်ထွက်လာသောအခါ ရေချိုးခန်းအပြင်ဘက်မှာ ရပ်နေသည့် ဖူမင်ရှစ်ကို မြင်လိုက်ရသည်။

သူ့ရဲ့ မျက်ဝန်းနက်နက်တွေက သူမကို စိုးရိမ်ပူပန်စွာ ကြည့်နေသည်။ ကျန်းပေါင် ခေါင်းငုံ့လိုက်ပြီး ဘာပြောရမလဲဟု တွေးနေတုန်းမှာပဲ ဖူမင်ရှစ်က လက်နှစ်ဖက်ကို ဆန့်တန်း၍ လျှောက်လာကာ သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်လေသည်။ သူ ခုနတုန်းက ဝတ်ထားတဲ့ ရှပ်အင်္ကျီက သူမရဲ့ မျက်ရည်တွေနှင့် စိုစွတ်နေတာမို့ အဖြူစွတ်စွတ် အင်္ကျီတစ်ထည်ကိုလဲလှယ်ဝတ်ဆင်ထားကာ သန့်ရှင်းစင်ကြယ်၍ နှစ်လိုဖွယ်ကောင်းသည့် ထူးခြားသော ကိုယ်သင်းနံ့လေးကို ရသည်။

ကျန်းပေါင်က သူ့ရင်ခွင်ထဲကို တိုးဝင်ရင်း “ ကျွန်မ ရှင့်ကို ပြဿနာထဲ ဆွဲသွင်းမိသလို ဖြစ်သွားလားဟင်။ ” ဟု အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။ ဝမ်ရှုတို့လင်မယား မြို့တော်ကို ရောက်လာတဲ့ အဓိက ရည်ရွယ်ချက်က ပိုက်ဆံချေးဖို့ ဖြစ်သည်။ သူတို့ တခြားနည်းလမ်းတွေ ရှာပြီး ဖူမင်ရှစ်ကို နှောင့်ယှက်မှာ ကျန်းပေါင် စိုးရိမ်သည်။

“ သူတို့မှာ အဲ့လို လုပ်နိုင်တဲ့ အရည်အချင်းမျိုး မရှိပါဘူး။ ” ဖူမင်ရှစ်က ကျန်းပေါင်ရဲ့ ခေါင်းပေါ်ကို မေးတင်၍ သူ့မေးစေ့နှင့် ပွတ်သပ်ရင်း ပိုင်ပိုင်နိုင်နိုင်ရှိသော အမူအရာဖြင့် ပြောလိုက်၏။

ကျန်းပေါင်က ရယ်မောကာ လက်မြှောက်၍ သူ့ခါးကို ပွေ့ဖက်လိုက်သည်။ ခဏကြာတော့မှ “ အနာဂတ်မှာ သူတို့ ရှင့်ကို ဘာအကူအညီပဲတောင်းတောင်း ၊ သူတို့ကို လျစ်လျူရှုထားလိုက်ပါ။ ” ဟု ညိုးငယ်စွာ ပြောလိုက်သည်။ သူမ ဝမ်ရှုအပေါ် ဘာအကြွေးမှ တင်မနေသလို ဖူမင်ရှစ်အနေဖြင့်လည်း အကြွေးတင်နေတာ မရှိပါ။ ဖူမင်ရှစ်က သူမကို လိုလေသေးမရှိ ဂရုစိုက်ပေးပြီး ခေါင်းစဉ်အမျိုးမျိုး တပ်၍ သူမထံ လွှဲပြောင်းပေးသော ပိုက်ဆံတွေအတွက်ပင် အားနာနေရဆဲ ဖြစ်သည်။

ဝမ်ရှုက ဖူမင်ရှစ်ဟာ သူတို့အခက်အခဲကို ကူညီဖြေရှင်းပေးသင့်တယ်လို့ ဘာမျက်နှာနဲ့ လာအကူအညီတောင်းရဲတာလဲ … ။ သူမရဲ့ အမေတူ အဖေကွဲ မောင်နှမတွေအတွက်လား … ။ ဝမ်ရှုအတွက် သူ့သမီး နိုင်ငံခြားမှာ ကျောင်းမတက်နိုင်ခြင်းက နစ်နာမှုကြီးတစ်ခု ဖြစ်နေတာကို တွေးမိသောအခါ ကျန်းပေါင်ရဲ့ နှလုံးသားထဲမှာ နာကျင်မှုတွေ လျှံတက်လာသည်။

ဝမ်ရှု သူမကို အသိအမှတ်ပြုသည်ဖြစ်စေ ၊ မပြုသည်ဖြစ်စေ ကျန်းပေါင် ဂရုမစိုက်ပါ။ ဒါပေမဲ့ ဘာ့ကြောင့် သူမရဲ့ နှလုံးသားကို နောက်တစ်ခေါက် ထိခိုက်နာကျင်စေအောင် လုပ်ရတာလဲ … ။

“ မင်း စိတ်ပူရင် ကိုယ့်ပိုက်ဆံတွေအားလုံးကို မင်းဆီ လွှဲပေးလိုက်မယ်။ မင်း ကိုယ့်ကို လတိုင်း အသုံးစရိတ် နည်းနည်းပါးပါး ပေးပေါ့။ ”

ဖူမင်ရှစ်က သူ့ဇနီးလောင်းလေးကို စိတ်ပေါ့ပါးစေဖို့အတွက် အပြုံးလေးဖြင့် စနောက်သည်။ ကျန်းပေါင်ကတော့ လက်ရှိအချိန်မှာ သူမချစ်သူ စကားပြောတာကို နားထောင်ဖို့ပဲ သဘောကျသည်။ သူမက သူ့ရင်ဘတ်မှာ မျက်နှာအပ်ထားရင်း “ ရှင် တစ်လကို အသုံးစရိတ် ဘယ်လောက် လိုချင်လဲ။ ” ဟု တမင်သက်သက် မေးလိုက်သည်။

ဖူမင်ရှစ်က သူမကို ပွေ့ဖက်ထားရင်း ခဏလောက် စဉ်းစားနေပြီးနောက် သူမရဲ့ ပါးလေးကို နမ်း၍ “ ( ၂၀ ) ထက်တော့ နည်းလို့ မရဘူး။ ” ဟု ပြောသည်။ ကျန်းပေါင်က သူ့စကားကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားပြီး “ သန်း ( ၂၀ ) လား။ ” ဟု ပြန်မေးလိုက်တော့ ဖူမင်ရှစ်က ဟက်ခနဲ ရယ်မောပြီး သူမရဲ့ နားရွက်ကို လှမ်းကိုက်သည်။

“ အကြိမ် ( ၂၀ ) ကို ပြောတာ။ ”

ကျန်းပေါင်ရဲ့ မျက်နှာလေးက အနီရောင်လွှမ်းသွားသည်။ အရင်လတုန်းက အကြိမ်ရေကို တိတ်တိတ်လေး ရေတွက်ကြည့်လိုက်တော့ မနက်ပိုင်းရော ၊ ညပိုင်းရောပါ ပေါင်းလျှင် အမှန်တကယ်ပဲ အကြိမ်ရေ ( ၂၀ ) ကျော်ပါသည်။

“ အရင်ဆုံး အောက်ထပ်ဆင်းပြီး တစ်ခုခု စားရအောင်။ ” ဖူမင်ရှစ်က သူ့ဇနီးလောင်းလေးကို နှစ်သိမ့်ပေးကာ ထုံးစံအတိုင်း သူမကို ပွေ့ချီ၍ အောက်ထပ်ရှိ ထမင်းစားခန်းထဲသို့ ခေါ်လာခဲ့လိုက်သည်။ အဒေါ်ဝမ်က ကျန်းပေါင် စိတ်အဆင်မပြေ ဖြစ်နေတာကို ခန့်မှန်းမိလို့လား မပြောတတ်ဘဲ ဒီည ကျန်းပေါင်အကြိုက် ဟင်းလျာတွေအားလုံးကို ချက်ပေးထားသည်။

တိုဟူးအစပ် ၊ ကြက်တောင်ပံအစပ် ၊ ငါးခေါင်းငရုတ်ဆီဟင်း … စသည်ဖြင့် ဖွယ်ဖွယ်ရာရာ ပြင်ဆင်ပေးထားသည်။ တစ်ချက်လောက် ကြည့်လိုက်ရုံနှင့် မစပ်တဲ့ ဟင်းလျာ ဆိုလို့ လီလီပန်းဥဟင်းချိုသာ ရှိသည်။ အစားအသောက်တွေကို ကြည့်ပြီး ကျန်းပေါင် သွားရည်ယိုလာသည်။ အစာအိမ်ထဲမှာ ဟောင်းလောင်းပေါက် ဖြစ်နေတဲ့အခါ စိတ်ညစ်စရာတွေကို တွေးဖို့ အချိန်မရှိတော့ပါ။

***

All Chapters