အခန်း ၇၀
Vol. 7 Ch. 70
အပိုင်း ( ၇၀ )
ဖူမင်ရှစ်က “ နောက်တစ်ချောင်း ထပ်စားပါဦး။ ” ဟု ဆိုကာ ကျန်းပေါင်ရဲ့ ပန်းကန်ထဲကို ကြက်တောင်ပံတစ်ချောင်း ထပ်ထည့်ပေးလိုက်သည်။ ကျန်းပေါင်က ခေါင်းငုံ့ပြီး ကြက်တောင်ပံလေးကို တစ်တိတစ်တိ ကိုက်ဝါးနေခဲ့သည်။ သူမ ကြက်တောင်ပံစားလို့ မပြီးသေးခင်မှာပဲ သူတို့နှစ်ယောက်ကြားမှာ ချထားတဲ့ ဖုန်းက ရုတ်တရက် မြည်လာသည်။
ခေါ်ဆိုသူ ID ကို ကြည့်လိုက်တော့ ‘ ယောက္ခမ ’ ဟု ရေးမှတ်ထားတာကို မြင်ချိန်မှာ ကျန်းပေါင် မျက်လုံးပြူးသွားသည်။ သူမ ပထမနှစ်တက်နေစဉ် ဆောင်းရာသီ ကျောင်းပိတ်ရက်အတွင်း ဖန့်ခယ်တို့လင်မယားနှင့် မာကျောက်ဝိုင်းမှာ ဖုန်းနံပါတ် လဲလှယ်ခဲ့သည်။ သို့သော် ဒီနေ့ ဒီအချိန်ထိ ကျန်းပေါင်ဘက်က နှစ်သစ် နှုတ်ဆက်စကားတွေ ပို့တဲ့အခါ ယဉ်ကျေးမှုအရ စာပြန်တာက လွဲလို့ ဖန့်ခယ်ဘက်က သူမကို အရင် စဆက်သွယ်တာ ပထမဆုံးအကြိမ် ဖြစ်သည်။
ဒီခံစားချက်ဟာ သမ္မတထံမှ ဖုန်းဆက်ခံရခြင်းထက်တောင် အံ့ဩ မယုံကြည်နိုင်ဖွယ် ၊ စိတ်လှုပ်ရှားဖွယ်ကောင်းသည်။
“ မင်း အရင် စားနှင့်ပါ။ ” မိသားစု ဆက်တဲ့ ဖုန်းကောလ် ဖြစ်နေသောကြောင့် ဖူမင်ရှစ်က ကျန်းပေါင်ရဲ့ လက်ထဲမှာ စားမကုန်သေးသော ကြက်တောင်ပံကို ကြည့်ကာ ဖုန်းကို လျင်မြန်စွာ ဆုပ်ကိုင်လိုက်သည်။ ကျန်းပေါင်ကတော့ ဘာလုပ်လို့ လုပ်ရမှန်း မသိဘဲ သူ့ကို အူကြောင်ကြောင်လေး ကြည့်နေခဲ့သည်။
ဖူမင်ရှစ်က ဖုန်းကိုင်,ကိုင်ချင်းမှာ ဘာမှ မပြောဘဲ တမင် ငြိမ်နေတုန်းမှာပဲ ဖုန်းလိုင်းတစ်ဖက်က “ ဖန့်ပေါင်လား။ ” ဟူသော ကြည်လင်အေးစက်ပြီး သဟဇာတဖြစ်သည့် ဖန့်ခယ်ရဲ့ အသံကို ကြားရသည်။ အေးစက်စက် လေသံက သူမရဲ့ ပင်ကို အသံပင်။ ကျန်းပေါင်က ဖန့်ခယ်တို့လင်မယားနှင့် နှစ်သစ်ကူးပွဲတော်မှာ လေးကြိမ်တိတိ ညစာစားဖူးသည်။ သုံးကြိမ်မြောက်မှာတော့ ဖန့်ခယ်က ကျန်းပေါင်ကို သခင်ကြီးဖူ ခေါ်ဝေါ်သကဲ့သို့ပင် ကျန်းပေါင်ရဲ့ အိမ်နာမည်ကို စတင် ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
ကျန်းပေါင်က ယောက္ခမဖြစ်သူကို နှုတ်ဆက်ဖို့ ပြင်နေသော်လည်း ဖူမင်ရှစ်က သူမထက် ဦးအောင် “ သူ အပေါ်ထပ်ကို ရောက်နေတယ်။ အမေ ဘာပြောစရာ ရှိလို့လဲ။ ” ဟု လုပြောလိုက်သည်။ ဖူမင်ရှစ်သည် သူ့ကို မျက်စောင်းထိုးနေသော ကျန်းပေါင်ကို ထမင်းဆက်စားဖို့သာ လက်ဟန်ခြေဟန်နှင့် ညွှန်ကြားလိုက်၏။
ဖန့်ခယ်က ဖုန်းကိုင်သူဟာ သူမရဲ့ သား ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားသော်လည်း သားပဲဖြစ်ဖြစ် ၊ ချွေးမပဲဖြစ်ဖြစ် ဘာမှ မထူခြားပါ။ စာအုပ်ထဲက မော်ဒယ်ဓာတ်ပုံတွေကို လှန်လှောကြည့်ရှုပြီးနောက် ဖန့်ခယ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ အမေတို့ အောက်တိုဘာလထဲမှာ ထုတ်ကုန်သစ်တွေကို ကြေညာဖို့ ရှိတယ်။ ဒါပေမဲ့ ဝတ်စုံတစ်စုံက မော်ဒယ်နဲ့ သိပ်မလိုက်ဖက်ဘူး။ ကျန်းပေါင်က အမြင်ရှိပါတယ်။ သူ့ကို ကြိုးစားကြည့်ဖို့ စိတ်ဝင်စားလားလို့ မေးကြည့်လိုက်ပါ။ သူ စိတ်ဝင်စားတယ် ဆိုရင် သူ့ကို မနက်ဖြန်ည လူရွေးပွဲဖြေဖို့အတွက် ခေါ်လာခဲ့ပါ။ ”
ပြောစရာရှိတာ ပြောပြီးသည်နှင့် ချက်ချင်း ဖုန်းချလိုက်သည်။ အလုပ်များသော စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ယောက်အတွက် သားဖြစ်သူနှင့် အလ္လာပသလ္လာပ စကားတွေ ပြောဖို့ အချိန်မရှိပေ။
ဖူမင်ရှစ်က ဖုန်းကို ဖြည်းဖြည်းချင်း ချလိုက်ပြီး အံ့ဩဆွံ့အနေသော သူ့ဇနီးလောင်းလေးကို “ မင်း အမေ ပြောတာ ကြားလိုက်လား။ ” ဟု မေးလိုက်တော့ ကျန်းပေါင်က စိုးရိမ်ပူပန်နေသည့် အမူအရာဖြင့် ခေါင်းညိတ်ပြကာ “ Runway စင်မြင့်ပေါ်မှာ လျှောက်ရမှာလား။ ” ဟု မေးသည်။
သူမ အသတ်ခံရမည် ဆိုလျှင်တောင် ထိုနေရာကို မသွားရဲပါ။ ပထမအချက်ကတော့ သူမမှာ မော်ဒယ်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟန်မရှိဘဲ ဒုတိယအချက်ကတော့ သူမမှာ မော်ဒယ်တွေရဲ့ စရိုက်သဘာဝ မရှိတာကြောင့် ဖြစ်သည်။ သူမ မဖြစ်မနေ သွားရလျှင်တောင် စင်မြင့်ပေါ်မှာ တောင့်တောင့်ကြီး ရပ်နေပြီး လမ်းတောင် ကောင်းကောင်း လျှောက်နိုင်မှာ မဟုတ်လောက်။
ဖူမင်ရှစ်က ရယ်သံတစ်ဝက်ဖြင့် ရှင်းပြသည်။ “ အဲ့လိုမျိုး မဟုတ်ပါဘူး။ ဒါက ဓာတ်ပုံရိုက်ဖို့အတွက်ပဲ။ မင်း အဝတ်အစားတွေ ဝတ် ၊ မိတ်ကပ်လိမ်းပြီးတာနဲ့ ဓာတ်ပုံဆရာက မင်းကို ဘယ်လို ပို့စ်ပေးရမလဲ ဆိုတာ သင်ပေးလိမ့်မယ်။ မင်းလည်း ဓာတ်ပုံရိုက်ရတာ ကြိုက်တယ်မလား။ တစ်ခါလောက် စမ်းကြည့်ပါလား။ လုပ်ရတာလည်း အရမ်းကြီး မခက်ဘူး ၊ အချိန်လည်း သိပ်မကုန်ဘူး။ ”
သူက သူမကို စနောက်နေတာပါ။ ကျန်းပေါင် ရှက်သွားပြီး ထမင်းဆက်စားနေပေမဲ့ သူမရဲ့ စိတ်ထဲမှာ ယုံကြည်ချက် မရှိပေ။ ဓာတ်ပုံတွေကို ပရိုမိုးရှင်းလုပ်ပြီး ရောင်းချဖို့အတွက် အွန်လိုင်းပေါ်မှာ တင်ရုံသာမက မဂ္ဂဇင်းတွေထဲမှာလည်း ထည့်မှာ ဖြစ်သည်။ အတွေ့အကြုံ လုံးဝ မရှိတဲ့ သူမကြောင့် တစ်ခုခု မှားယွင်းချွတ်ချော်သွားရင် ဘယ်လို လုပ်မလဲ … ။
ထမင်းစားပြီးနောက် ဖူမင်ရှစ်သည် ကျန်းပေါင်ကို စာကြည့်ခန်းထဲသို့ ခေါ်သွားခဲ့သည်။ စာကြည့်ခန်းထဲမှာ သူ့အမေရဲ့ ဖက်ရှင်မဂ္ဂဇင်း တချို့ ရှိပုံပေါ်သည်။ ကျန်းပေါင်က ဆိုဖာမှာ ထိုင်ပြီး ထိုဖက်ရှင်မဂ္ဂဇင်းတွေကို လှန်ကြည့်နေမိသည်။ အထဲမှာ ပါတဲ့ အဝတ်အစားတွေက အလွန် လှပပါသည်။
တချို့က အလွန် အနုစိပ်ပြီး သူမ သေချာပေါက် မဝတ်နိုင်သည့် ဆန်းသစ်သော အထက်တန်းစား ဖက်ရှင်ဒီဇိုင်းတွေ ဖြစ်သည်။ တချို့က ကြွကြွရွရွရှိသော ပွဲတက်ဝတ်စုံတွေ ဖြစ်ပြီး တချို့ကတော့ နေ့စဉ် ဝတ်ဆင်ဖို့အတွက် ရိုးရှင်းပေမဲ့ စတိုင်ကျသော ဖက်ရှင်ဒီဇိုင်းတွေ ဖြစ်သည်။ အားလုံးမှာ ယေဘုယျ တူညီတဲ့ အချက်ကတော့ မော်ဒယ်တွေရဲ့ အနုစိပ် ခြယ်မှုန်းထားသော မိတ်ကပ်တွေနှင့် အားကျချင်စရာ ခန္ဓာကိုယ်ဟန်တို့ ဖြစ်သည်။
“ ကျွန်မက အရမ်း အရပ်ပုတယ်။ ” ကျန်းပေါင်က မော်ဒယ်ဓာတ်ပုံတွေကို ကြည့်ရင်း သူမရဲ့ အားနည်းချက်ကို ထောက်ပြလိုက်သည်။
အမျိုးမျိုးသော ဖက်ရှင်ဒီဇိုင်းတွေရဲ့ ဆွဲဆောင်မှုအောက်မှာ ကျန်းပေါင်ရဲ့ မျက်လုံးတွေ အရောင်တောက်နေပြီး သူမ ကြိုးစားကြည့်ချင်နေတယ် ဆိုတာ ဖူမင်ရှစ် သိသော်လည်း သူမက အရင်တုန်းက မထုတ်ပြဖူးသော အရာတွေနှင့် ပတ်သက်၍ ယုံကြည်ချက်မရှိဘဲ ကိုယ့်ကိုယ်ကိုယ် အထင်သေးနေ၏။ သူ့အမေမှာ စူးရှသော မျက်လုံးတွေ ရှိသည်။ တကယ်လို့သာ ကျန်းပေါင်က အမှန်တကယ် မသင့်တော်လျှင် တကူးတက ဖုန်းဆက်နေမှာ မဟုတ်ပေ။
“ ဒေါက်ဖိနပ်တွေ စီးလိုက်။ ” ဓာတ်ပုံတွေကို နှစ်ယောက်အတူ ကြည့်နေရင်း ဖူမင်ရှစ်က ကျန်းပေါင်ကို သူ့ရင်ခွင်ထဲ ဆွဲခေါ်လိုက်သည်။ ကျန်းပေါင်ကတော့ ယုံကြည်ချက် မရှိသေးပါ။
သူက မဂ္ဂဇင်းထဲက မော်ဒယ်တစ်ယောက်ကို ရုတ်တရက် လက်ညိုးထိုးကာ “ ဒီပို့စ်အတိုင်း လိုက်လုပ်ကြည့်။ ” ဟု ပြောလိုက်သည်။
ဓာတ်ပုံထဲက မော်ဒယ်ဟာ အနက်ရောင်နှင့် အဖြူရောင် စကတ်တိုလေးကို ဝတ်ဆင်ထားပြီး ဥရောပစတိုင် အဆောက်အအုံအပြင်ဘက်ရှိ လှေကားထစ်တွေပေါ်မှာ ထိုင်နေသည်။ ဘယ်လက်ကို ကြမ်းပြင်ပေါ်မှာ တင်ထားပြီး ညာလက်ကတော့ သူမရဲ့ မေးစေ့ကို ဆုပ်ကိုင်ထားကာ ခေါင်းလေးကို ပျင်းရိပျင်းတွဲ စောင်းငဲ့ထားသည်။ တစ်ဝက်တစ်ပျက် မှေးစင်းထားသည့် ဆွဲဆောင်မှုရှိသော မျက်လုံးတွေနှင့် သူမရဲ့ ပုံစံက နေပူဆာလှုံနေသည့်သဖွယ် ၊ သူမနှင့် မျက်နှာချင်းဆိုင်ရှိ ယောက်ျားတချို့ကို အကဲဖြတ်နေသည့်သဖွယ် ဖြစ်လေသည်။
ကျန်းပေါင်က ခေါင်းခါ၍ ငြင်းဆန်လိုက်သည်။ သူမရဲ့ မျက်နှာပေါ်မှာ အနီရောင်လွှမ်းနေသည်။
“ အခု ဒီနေရာမှာ ကိုယ်ပဲ ရှိတာတောင် မင်းက ပို့စ်ပေးဖို့ ရှက်နေရင် မနက်ဖြန်ည လူတွေ အများကြီးနဲ့ဆို ဘယ်လိုလုပ် အဆင်ပြေတော့မှာလဲ။ ” ဖူမင်ရှစ်က မဂ္ဂဇင်းကို လုယူပြီး သူမကို တိုက်တွန်းလိုက်သည်။
ကျန်းပေါင်က ပင်ကိုသဘာဝအရ ရှက်တတ်သူ ဖြစ်သည်။ ဖူမင်ရှစ်က သူမလက်ထဲမှ မဂ္ဂဇင်းကို လုယူသွားသောအခါ ထွက်သွားဖို့ ထလိုက်ပေမဲ့ သူမ မြဲမြဲ မရပ်နိုင်သေးခင်မှာပဲ ဖူမင်ရှစ်က သူမကို သူ့ပေါင်ပေါ် ဆွဲခေါ်ကာ အကြိမ်ပေါင်းများစွာ တရစပ် နမ်းလိုက်သည်။ “ လုပ်ပါ။ ကိုယ် ကြည့်ချင်တယ်။ မင်း မဂ္ဂဇင်းအတွက် တကယ် မော်ဒယ်လုပ်ရင် ကိုယ် အဲ့ဒီ မဂ္ဂဇင်းကို အများကြီး ဝယ်ပြီး တစ်ဘဝလုံး သိမ်းထားမှာ။ ကိုယ်တို့ အသက်ကြီးပြီး အဘိုးကြီးနဲ့ အဘွားကြီး ဖြစ်သွားရင် မင်းနဲ့အတူ ပြန်ကြည့်ဖို့လေ။ ”
ကျန်းပေါင် မျက်လုံးမှိတ်လိုက်တော့ သူမရဲ့ မျက်တောင်ရှည်ကြီးတွေက စိတ်လှုပ်ရှားစွာ တဖျတ်ဖျတ် လှုပ်ခတ်သွားသည်။ ဖူမင်ရှစ်က ကျန်းပေါင်ရဲ့ ကန့်ကွက်စကားတွေကို လျစ်လျူရှုကာ သူမကို ပွေ့ချီလိုက်ပြီး လက်တစ်ဖက်မှာ မဂ္ဂဇင်းစာအုပ်ကို ဆုပ်ကိုင်၍ တတိယထပ်သို့ ထွက်လာခဲ့လိုက်သည်။
“ မင်းမှာလည်း အဲ့လို စကတ်လေး ရှိတာ ကိုယ် မှတ်မိသေးတယ်။ မင်းအခန်းထဲကို သွားပြီး အဲ့စကတ်ကို လဲဝတ်ပြီး စမ်းကြည့်ရအောင်။ ”
ရိုးစင်းလွန်းသော ကျန်းပေါင်သည် လူအာရုံစိုက်ခံရသည့် အလုပ်တွေနှင့် မရင်းနှီးပေ။ မတူကွဲပြားတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ကြီးပြင်းလာသူ ဖြစ်တဲ့အလျောက် လူစိမ်းတွေနှင့် ထိတွေ့ဆက်ဆံရခြင်းမှာ မကျွမ်းကျင်သလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိသော စိတ်နေစိတ်ထားမျိုးလည်း မရှိ။ သို့သော်လည်း ဖူမင်ရှစ်က ဇွဲကောင်းစွာ တိုက်တွန်းရုံသာမက သူမကို အတင်းအကြပ် အင်္ကျီချွတ်ခိုင်းကာ ပွဲတက်ဝတ်စုံကို လဲလှယ်ဝတ်ဆင်ခိုင်းသည်။
ထို့နောက် ကျယ်ဝန်းသော လသာဆောင်ပေါ်မှာ အတင်း ပို့စ်ပေးခိုင်းသည်။ ကျန်းပေါင်မှာ သူ့အလိုကျ လိုက်လျောဖို့က လွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။ ဖူမင်ရှစ်က ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတစ်ယောက်ကဲ့သို့ တည်ငြိမ်လေးနက်သော အမူအရာဖြင့် လသာဆောင်တစ်ဖက်မှာ ကင်မရာကို ကိုင်၍ ဆောင့်ကြောင့်ထိုင်နေခဲ့သည်။ “ မျက်လုံးဖွင့်။ ”
ကျန်းပေါင်သည် ကြမ်းပြင်ကို လက်တစ်ဖက်နှင့် ထောက်၍ ကျန်လက်တစ်ဖက်နှင့် သူမရဲ့ မေးစေ့ကို ဆုပ်ကိုင်ထားကာ တုန်တုန်ရီရီနှင့် မရဲတရဲ မျက်လုံးဖွင့်ကြည့်လိုက်၏။ သူမရဲ့ မျက်နှာက အထွဋ်အထိပ်ရောက်ပြီးခါစ အချိန်မှာ ဆွဲဆောင်မှုရှိသော မျက်နှာလေးကဲ့သို့ပင် ပါးနီလိမ်းထားတာထက်တောင် နီစွေးနေခဲ့သည်။
ဖူမင်ရှစ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်း တစ်နေရာက တင်းမာနေပြီ ဖြစ်သော်လည်း သူ့ဇနီးလောင်းလေးရဲ့ လေ့ကျင့်မှုကို ကူညီပေးရန်အတွက် လူကြီးလူကောင်းတစ်ယောက်သဖွယ် ဟန်ဆောင်ထားဖို့သာ တတ်နိုင်ပါသည်။
ဖူမင်ရှစ်က ကင်မရာမှန်ဘီလူးကို ကြည့်နေရင်းမှ “ ပြတင်းပေါက်ကို မကြည့်နဲ့။ ကိုယ့်ကိုပဲ ကြည့်။ ” ဟု သတိပေးလိုက်သည်။ ရှက်ကိုးရှက်ကန်း လှည့်ကြည့်သော ကျန်းပေါင်ရဲ့ ပုံစံက အထိတ်တလန့်ဖြစ်သွားသော သမင်လေးတစ်ကောင်သဖွယ် အပြစ်ကင်းစင်ကာ ပြစ်မှုကျူးလွန်ချင်စရာကောင်းလေသည်။
“ မင်းကိုယ်မင်း ယောက်ျားတိုင်း မက်မောတဲ့ မိန်းမတစ်ယောက်လို့ စိတ်ကူးယဥ်ကြည့်လိုက်။ အဲ့အချိန်မှာ ကိုယ်က မင်းဘေးက ဖြတ်သွားတော့ မင်း ကိုယ့်ကို နည်းနည်းလေး စိတ်ဝင်စားသွားပေမဲ့ ကိုယ့်ကို မင်းရဲ့ အသည်းနှလုံးတစ်ခြမ်းလို့ မထင်တဲ့အတွက် မင်းအကြည့်က အကဲဖြတ်တဲ့ အကြည့်မျိုး ဖြစ်နေတယ်။ ” ဖူမင်ရှစ်က ကျန်းပေါင်ရဲ့ မျက်လုံးတွေထဲကို စိုက်ကြည့်ရင်း သူမရဲ့ အခြား တစ်ဖက်ခြမ်းကို မြင်ချင်သလို သူမ မြှူဆွယ်တာကိုလည်း အရသာခံချင်သည်။
သို့သော် ကျန်းပေါင်က အဲ့ဒီလို မလုပ်နိုင်သလို ယောက်ျားတိုင်း မက်မောတဲ့ မိန်းမတစ်ယောက်ရဲ့ ပုံစံကိုလည်း စိတ်ကူးယဉ်မကြည့်နိုင်ပေ။ ထို့ကြောင့် ဖူမင်ရှစ်လည်း သူ့ရဲ့ ဖြူစင်သော ဇနီးလောင်းလေးကို ကြည့်ပြီး လက်လျှော့လိုက်ကာ ဓာတ်ပုံ သုံး ၊ လေးပုံလောက် လျှပ်တစ်ပြက် ရိုက်လိုက်ပြီး ကျန်းပေါင်ဘေးမှာ သွားထိုင်၍ ဓာတ်ပုံတွေကို နှစ်ယောက်အတူ ကြည့်လိုက်သည်။
ကျန်းပေါင်က လှပါသည်။ ဖူမင်ရှစ်ကလည်း သူမကို ဓာတ်ပုံရိုက်ပေးလာတာ ( ၄ ) နှစ် ကြာခဲ့ပြီမို့ သူ့ရဲ့ ဓာတ်ပုံရိုက်စွမ်းရည်တွေက လက်ရည်တက်လာခဲ့ပြီ ဖြစ်သည်။ ကျန်းပေါင်ရဲ့ အကြည့်က ပို့စ်နှင့် မလိုက်ဖက်တာကို မသိချင်ယောင်ဆောင်လိုက်လျှင် ဘယ်လိုပဲ ကြည့်ကြည့် လှပသော ဓာတ်ပုံများ ဖြစ်ပါသည်။
ဓာတ်ပုံတွေကို စိတ်အားထက်သန်စွာ ကြည့်နေသော ကျန်းပေါင်သည် သူမရဲ့ ကုပ်(ဂုတ်)ပိုးပေါ်ကို ဖူမင်ရှစ်ရဲ့ နှုတ်ခမ်းတွေ ကျရောက်လာတော့မှ အန္တရာယ်ကို နားလည်သွားပြီး ထိတ်ခနဲ ရင်တုန်သွား၏။ ဖူမင်ရှစ် တောင့်တနေတာ အချိန် အတော် ကြာခဲ့ပါပြီ။ သူ သူမကို ဘယ်လိုလုပ် လွှတ်ပေးနိုင်မှာလဲ … ။ သူက ကျန်းပေါင်ကို လသာဆောင်ပေါ်သို့ တွန်းလှဲလိုက်ပြီး သူ့အသက်ရှုသံတွေက ပူပြင်းလာခဲ့သည်။
“ ဒီစကတ်လေးကိုတော့ ပျက်စီးအောင် မလုပ်ပါနဲ့ … ” ကျန်းပေါင်ရဲ့ ခေါင်းပေါ်တွင် ဟင်းလင်းပြင် တည်ရှိနေသည့် ကောင်းကင်မှာ အမှောင်ထု ဖုံးလွှမ်းလုနီးပါး ဖြစ်နေသော်လည်း ကျန်းပေါင်ကတော့ အောက်ထပ်က အဒေါ်ဝမ် ကြားသွားမည် စိုး၍ အပြင်မှာ မလုပ်ချင်ပါ။
“ ကိုယ် မင်းကို မနက်ဖြန်ကျ အသစ်တစ်ထည် ဝယ်ပေးမယ်။ ” ဖူမင်ရှစ်က ငြင်းဆန်မှုကို လက်မခံဘဲ သူမရဲ့ ဇစ်လေးကို ဆွဲချလိုက်သည်။
ခင်ပွန်းလောင်းထံမှ အာဟာရဓာတ် ဖြည့်တင်းပေးမှုကြောင့် နောက်တစ်နေ့တွင် ကျန်းပေါင်ရဲ့ အသားအရေက နှင်းဆီရောင်သမ်းနေပြီး သူမရဲ့ မျက်လုံးတွေကလည်း မို့ဖောင်းမနေတော့ပါ။
နောက်တစ်နေ့ နေ့လယ် သုံးနာရီတွင် ဖူမင်ရှစ် သူမကို လာကြိုသည်။ ကျန်းပေါင်က ကြီးကြပ်ရေးမှူးကို နှုတ်ဆက်ကာ အလုပ်စောစောဆင်းပြီး အပန်းဖြေစံအိမ်သို့ ပြန်သွား၍ အဝတ်လဲရသည်။ ထို့နောက် ဖန့်ခယ်နှင့်အတူ ညစာစားဖို့အတွက် စားသောက်ဆိုင်သို့ အပြေးအလွှား သွားရသည်။
ဖန့်ခယ်က ငါးမိနစ် ၊ ခြောက်မိနစ်လောက် နောက်ကျပြီးမှ ရောက်လာ၏။ ဖန့်ခယ်သည် အနက်ရောင် ကိုယ်ကြပ်ဂါဝန်တိုလေးကို ဝတ်ဆင်ထားသည့် ကျန်းပေါင်အား ခပ်ဝေးဝေးကတည်းက ထင်းခနဲ လှမ်းမြင်ကာ နှစ်ကြိမ်လောက် စိုက်ကြည့်ပြီးမှ အကြည့်လွှဲလိုက်သည်။ ကျန်းပေါင်က “ ဒေါ်လေး ရောက်လာပြီပဲ။ ” ဟု ဆိုကာ ယဉ်ကျေးစွာ ထရပ်သော်လည်း ဖူမင်ရှစ်ကတော့ ထိုင်ခုံမှ မထ။
“ သူစိမ်းတွေလို အရမ်း ယဉ်ကျေးနေဖို့ မလိုပါဘူး။ ” ဖန့်ခယ်က သားဖြစ်သူကို တစ်ချက်တောင် မကြည့်ဘဲ ကျန်းပေါင်ဘေးမှာ ဝင်ထိုင်ကာ မေးလိုက်သည်။ “ မင်ရှစ်က လူရွေးပွဲက ဒီည ဆိုတဲ့ အကြောင်းရော နင့်ကို ပြောပြထားလား။ ”
ကျန်းပေါင်က စိုးရိမ်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောပြွမ်းနေသော ခံစားချက်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဖန့်ခယ်ကတော့ “ ဓာတ်ပုံ နည်းနည်းပါးပါး ရိုက်ရုံပါပဲ။ ဘာမှ စိုးရိမ်မနေနဲ့။ ဒါက နင်နဲ့ မသင့်တော်ရင် အစကတည်းက ငါ နင့်ကို လာအကူအညီတောင်းမှာ မဟုတ်ဘူး။ ” ဟု ပေါ့ပေါ့ပါးပါး ပြောပါသည်။
ဒါကို ဖန့်ခယ်ရဲ့ အားပေးစကားဟု သတ်မှတ်နိုင်တာမို့ ကျန်းပေါင် ပြုံးပြီး ဖူမင်ရှစ်ကို လှမ်းကြည့်လိုက်သည်။ သူမက ဖန့်ခယ်နှင့် မရင်းနှီးဘူးလေ … ။ ဖူမင်ရှစ်က ဘာလို့ စကားတစ်ခွန်းမှ မပြောတာလဲ … ။ လူတိုင်း အသံတိတ်နေတော့ အနေရခက်လာသည်။
ဖူမင်ရှစ်က သူ့ဇနီးလောင်းလေးရဲ့ စူပုပ်ပုပ် အကြည့်ကို မြင်တော့မှ “ ဓာတ်ပုံဆရာက ယောက်ျားလား ၊ မိန်းမလား။ ” ဟု မေးလိုက်သည်။
ဖန့်ခယ်က သားဖြစ်သူကို မျက်ခုံးပင့်ကာ ရန်စသလို ကြည့်လိုက်သည်။ “ မင်းထက် အများကြီး ပိုချောတဲ့ ယောက်ျားလေး ဓာတ်ပုံဆရာပဲ။ ”
လူကြီးမိဘရှေ့မှာ ရိုင်းပျစွာ ပြုမူနေသော ဖူမင်ရှစ်ကြောင့် ကျန်းပေါင် မူလတုန်းက အတော်လေး အားနာခဲ့ရသော်လည်း ဖန့်ခယ်ရဲ့ စကားတွေကို ကြားချိန်မှာတော့ အသံထွက် ရယ်မိတော့မလို ဖြစ်သွားသည်။ ဖူမင်ရှစ်က ဘာမှ ပြန်မပြောဘဲ ‘ မဖြစ်နိုင်ဘူး ’ ဟု အဓိပ္ပာယ်ရသည့် ထေ့ငေါ့ငေါ့ အပြုံးနှင့်သာ ပြုံးနေခဲ့သည်။
ကျန်းပေါင်က စားပွဲအောက်ကနေ သူ့ခြေထောက်ကို ခပ်ဖွဖွ တက်နင်းလိုက်သည်။ ဖူမင်ရှစ်ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းက မလှုပ်ရှားသော်လည်း သူ့ခြေထောက်တွေက သူမရဲ့ ဒေါက်မြင့်ဖိနပ်ကို မြဲမြံစွာ ဖိညှပ်ထား၏။ ကျန်းပေါင် နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ကာ မျက်စောင်းထိုးတော့မလို လုပ်တော့မှ ဖူမင်ရှစ်က သူမရဲ့ ခြေထောက်ကို ပြန်လွှတ်ပေးသည်။
ကျန်းပေါင် သူ့ကို ထပ်ရန်မစရဲတော့ဘဲ ဖန့်ခယ် ပြောနိုင်ချေရှိသည့် ရောက်တတ်ရာရာ စကားတွေကို အချိန်မရွေး တုံ့ပြန်စေနိုင်ရန် အဆင်သင့်ပြင်ထားရင်း ညစာကိုသာ စိတ်လှုပ်ရှားစွာ စားနေမိတော့သည်။ ဖန့်ခယ်က ဘာမှ ထွေထွေထူးထူး မပြောပါ။ ညစာ စားပြီးနောက် သူမက သူတို့နှစ်ယောက်ကို ဦးဆောင်ခေါ်သွားခဲ့ပြီး ကျန်းပေါင်ကတော့ မထူးဆန်းစွာပင် ဖူမင်ရှစ်ရဲ့ ကားနှင့် ပါလာခဲ့သည်။
မိနစ် နှစ်ဆယ်ကျော် အကြာမှာတော့ မိသားစုသုံးယောက်လုံး ဖန့်ခယ်ရဲ့ ကုမ္ပဏီအဆောက်အအုံကို ရောက်သွားခဲ့ကြသည်။ ဖူမင်ရှစ်က ကျန်းပေါင်အား ကုမ္ပဏီထဲကို လိုက်ပြပေးပြီးမှ လူရွေးပွဲသို့ ခေါ်လာခဲ့သည်။
“ မတွေ့တာ ကြာပြီနော် ဘော့စ်ဖူ။ ” ဓာတ်ပုံဆရာက ရွှေအိုရောင် ဆံပင်တွေကို စည်းနှောင်ထားပြီး မုတ်ဆိတ်မွေးရေးရေး ရှိသည့် ခပ်ချောချော နိုင်ငံခြားသားတစ်ယောက် ဖြစ်သည်။ မျက်လုံးပြာများကတော့ အထူးတလည် ဆွဲဆောင်မှုရှိသည်။ သူက ဖူမင်ရှစ်ကို မြင်သည်နှင့် တရုတ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောကာ နှုတ်ဆက်သော်လည်း သူ့မျက်လုံးပြာတွေကတော့ ကျန်းပေါင်ဆီ ဝေ့ဝဲရောက်ရှိလာသည်။
ကျန်းပေါင်က ယဉ်ကျေးမှုအရ ပြုံးပြလိုက်တော့ ဓာတ်ပုံဆရာရဲ့ မျက်လုံးတွေ အရောင်တောက်သွားသည်။ အောက်တိုဘာလထုတ် မဂ္ဂဇင်းအတွက် အချောသတ်ရန် နတ်သမီးဝတ်စုံတစ်ထည်သာ ကျန်တော့တာ ဖြစ်ပြီး လူရွေးရာမှာ အလွန် ကြေး(ဂျီး)များတဲ့ ဘော့စ်ဖန့်က မော်ဒယ်များစွာနှင့် စမ်းသပ်ခဲ့သော်လည်း စိတ်တိုင်းမကျခဲ့ပေ။
အခု ဓာတ်ပုံဆရာသည် ကျန်းပေါင်ကို မြင်သောအခါ သူမဟာ ထိုနတ်သမီးဝတ်စုံနှင့် အံဝင်ခွင်ကျ လိုက်ဖက်သူ ဖြစ်ကြောင်း ချက်ချင်းပဲ ခန့်မှန်းနိုင်သွားလေသည်။ “ မင်းက အချိန်ကိုက် ကွက်တိ ရောက်လာတာပဲ မိန်းကလေးကျန်း။ ”
ဓာတ်ပုံဆရာက နောက်ဆုံးမှာ သူ့အလုပ်ကို လက်စသတ်နိုင်တော့မည့်အတွက် အလွန် စိတ်လှုပ်ရှား ပျော်ရွှင်သွားကာ ကျန်းပေါင်ကို ပွေ့ဖက်နှုန်ဆက်ရန် ခြေလှမ်းကျဲများနှင့် လျှောက်လာခဲ့သည်။ သို့သော် ဖူမင်ရှစ်က ကျန်းပေါင်ကို ဖျတ်ခနဲ လှမ်းဆွဲ၍ သူ့နောက်သို့ တွန်းပို့လိုက်သည်။ အံ့ဩသွားပုံပေါ်သော ဓာတ်ပုံဆရာက ဖူမင်ရှစ်ကိုသာ ပွေ့ဖက်နှုတ်ဆက်ပြီးနောက် ကျန်းပေါင်ကို ကြည့်၍ “ သူက တကယ့် နတ်သမီးလေးပဲ။ ” ဟု ဖူမင်ရှစ်အား ဂုဏ်ပြု စကားဆိုလိုက်သည်။
ဖူမင်ရှစ်ရဲ့ နှုတ်ခမ်းတွေ ကော့တက်သွားကာ ကျန်းပေါင်ကို လှည့်ကြည့်လိုက်သည်။ “ သူက မင်းကို အရမ်း ရုပ်ဆိုးတယ်လို့ ပြောတယ်။ ”
ကျန်းပေါင် ရယ်မိသည်မှာ တံထွေးသီးမတတ်ပင်။
ကျန်းပေါင်သည် ဖူမင်ရှစ်ရဲ့ အားတက်သရော အားပေးတိုက်တွန်းမှုကြောင့် အောင်အောင်မြင်မြင်နှင့် ဓာတ်ပုံရိုက်ပြီးသွားခဲ့သည်။ ကြော့ရှင်းသော စကတ်ရှည် ၊ တောက်ပသော ကင်မရာမီးရောင်တွေ ၊ မိတ်ကပ်လိမ်းချိန်ကနေ နောက်ဆုံး ဓာတ်ပုံရိုက်ချိန်ထိ အရာအားလုံးဟာ ဘဲရုပ်ဆိုးမလေးကနေ ငန်းဖြူလေးတစ်ကောင်အဖြစ် ပြောင်းလဲသွားသော နတ်သမီးအိပ်မက်သဖွယ် ခံစားရသည်။ ထိုအိပ်မက် မက်နေစဉ် အချိန်တစ်လျှောက်လုံးမှာ ဖူမင်ရှစ်က အမြဲတမ်း အတူ ရှိနေခဲ့ပြီး သူမကို ဂရုစိုက်ပေးသည် ၊ အသိအမှတ်ပြု ချီးကျူးသည် ၊ ညကောင်းကင်ကဲ့သို့ နက်ရှိုင်းတည်ငြိမ်သော မျက်ဝန်းနက်များဖြင့် အားပေးသည်။
***