← Chapters

အခန်း ၇၁

Vol. 7 Ch. 71

အခန်း ၇၁

Vol. 7 Ch. 71

အပိုင်း ( ၇၁ )

“ မင်း ဒီအလုပ်မျိုးကို သဘောကျလား။ ”

သူမ မိတ်ကပ်မဖျက်ရသေးခင်မှာ ဖူမင်ရှစ်က ဝန်ထမ်းတွေ တစ်ယောက်မှ မရှိတော့သည့် အဝတ်လဲခန်းထဲကို ဝင်လာခဲ့သည်။ သူက ကျန်းပေါင်ရဲ့ ထိုင်ခုံနောက်မှီပေါ် လက်တင်၍ ခန္ဓာကိုယ်ကို ငုံ့ကိုင်းကာ မေး၏။ အခုလေးတင် မက်ခဲ့ရသော နတ်သမီးအိပ်မက်ကနေ အပြည့်အဝ မနိုးထနိုင်သေးသော ကျန်းပေါင်က သူ့မေးခွန်းကို အဆက်မပြတ် ခေါင်းညိတ်ပြ၍ ဖြေလိုက်သည်။

သူမ အဝတ်အစား လှလှလေးတွေကို သဘောကျသည် ၊ ငယ်ရွယ်နုပျိုချိန်မှာ ဓာတ်ပုံရိုက်ခံရတာကို သဘောကျသည် ၊ လူတိုင်းရဲ့ အံ့ဩဘနန်း အကြည့်တွေကို သဘောကျသည် ၊ တိမ်တွေပေါ်မှာ လမ်းလျှောက်နေရသလို ခံစားချက်ကိုလည်း သဘောကျသည်။

“ မင်းက မျက်နှာရော ၊ ခန္ဓာကိုယ်ရော လှတယ်။ မင်း ဖက်ရှင်လောကထဲကို ဝင်နိုင်အောင် ကြိုးစားကြည့်လို့ ရပါတယ်။ ” ဖူမင်ရှစ်က သူမရဲ့ နားရွက်မှာ ဝတ်ဆင်ထားတဲ့ ကျောက်မျက်နားဆွဲလေးကို ခပ်ဖွဖွ တို့ထိရင်း လေးလေးနက်နက် ပြောသည်။ “ တစ်နှစ်မှာ မဂ္ဂဇင်း သုံး ‌၊ လေးအုပ်လောက် ရိုက်။ ကုန်ပစ္စည်း နည်းနည်းပါးပါး ကြေညာပေးပေါ့။ ဒီအလုပ်က တိရစ္ဆာန်ဆရာဝန်အလုပ်ထက် အများကြီး သက်သာတယ် ၊ ပိုက်ဆံလည်း ပိုရှာနိုင်လိမ့်မယ်။ ”

ကျန်းပေါင်က လူသစ်တစ်ယောက် ဖြစ်သော်လည်း သူမအတွက် အခွင့်အလမ်းတွေကို သူ ရှာပေးနိုင်ပါသည်။ ဖူမင်ရှစ်က တိရစ္ဆာန်ဆရာဝန်အလုပ်နှင့် တခြား ဝင်ငွေနည်းသော အလုပ်တွေကို အထင်သေးတာ မဟုတ်ပေမဲ့ သူ့ဇနီးလောင်းလေး အလုပ်ပင်ပန်းပြီး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော လူနာရှင်တွေအား ခေါင်းငုံ့ခံနေရတာကို မကြိုက်ပါ။

ကျန်းပေါင်ရဲ့ ဝေဝေဝါးဝါး ဖြစ်နေသော မျက်လုံးလေးတွေက တဖြည်းဖြည်း ပြန်လည် ကြည်လင်လာခဲ့သည်။ သူမက တောင်ပေါ်ပန်းတစ်ပွင့်ကဲ့သို့ ရိုးရှင်းလန်းဆန်းသော အပြုံးလေးဖြင့် ဖူမင်ရှစ်ကို ပြုံး၍ ကြည့်လိုက်သည်။ “ ကျွန်မ တိရိစ္ဆာန်ဆရာဝန်အလုပ်ကိုပဲ ပိုသဘောကျတယ်။ ”

တချို့ အရာတွေက တစ်ဘဝလုံးစာအတွက် တည်မြဲနိုင်ပေမဲ့ တချို့ အရာတွေကတော့ ခဏတာ စိတ်လှုပ်ရှားမှုအတွက်သာပင်။ ကျန်းပေါင်အတွက်တော့ ဖက်ရှင်းမဂ္ဂဇင်းတွေမှာ ဓာတ်ပုံရိုက်ရခြင်းက ဖူမင်ရှစ် သူမကို အလွန် ဈေးကြီးသော စားသောက်ဆိုင်မှာ ရံဖန်ရံခါ လိုက်ကျွေးခြင်းနှင့် တူသည်။ ဈေးကြီးတဲ့ အစားအသောက်တွေက ရံဖန်ရံခါအတွက် အဆင်ပြေပြီး ဘဝမှာ စိတ်လှုပ်ရှားစရာ အနည်းငယ် ပေါင်းထည့်ပေးနိုင်သော်လည်း သူမ နေ့စဉ် စားသောက်နေသည့် ရိုးရိုးရှင်းရှင်း အိမ်ချက်လက်ရာကိုသာ ပိုသဘောကျပါသည်။

“ ဟုတ်ပါပြီ။ မင်း သဘောကျတဲ့ အလုပ်ကိုပဲ ရွေးချယ်ပါ။ ” ဖူမင်ရှစ်က ဘာမှ မတတ်နိုင်တော့ဘဲ သူမရဲ့ နားရွက်ဖျားလေးကို ဖျစ်ညှစ်ရင်း ပြောလိုက်သည်။ ငွေကြေးနှင့် ဂုဏ်ဝါက လူတစ်ယောက်ကို အမြင်ကန်းစေနိုင်ပေမဲ့ သူ့အနာဂတ် ဇနီးလောင်းလေးမှာတော့ ဒီလိုမျိုး မြင့်မြတ်သည့် အတွေးအခေါ်တွေ ရှိသည်။

ဓာတ်ပုံရိုက်ကွင်းကြောင့် လှုပ်ခတ်ခဲ့သော လှိုင်းဂယက်များ ပြန်လည် တည်ငြိမ်သွားသည်။ ကျန်းပေါင်က ဆေးရုံရှိ အလုပ်သင်အလုပ်မှာပဲ စိတ်ရော ၊ လူရော မြုပ်နှံကာ တိရစ္ဆာန်ဆရာဝန်အဖြစ် အရည်အချင်းပြည့်မီကြောင်း စာမေးပွဲဖြေရန် အာရုံစိုက်ထားခဲ့သည်။ ကျန်းပေါင်သည် မဂ္ဂဇင်းအကြောင်း တဖြည်းဖြည်း မေ့လျော့သွားသည်မှာ စက်တင်ဘာလကုန်တွင် အဆောင်ထဲမှာ စာလုပ်နေတုန်း ပစ္စည်းပို့သမားက သူမထံ ရုတ်တရက် ဖုန်းဆက်လာပြီး ပစ္စည်းလာယူခိုင်းချိန်ထိ ဖြစ်လေသည်။

ဖုန်းချပြီးနောက် ကျန်းပေါင်က သူမရဲ့ အခန်းဖော်သုံးယောက်ကို “ ငါ အခုတလော ဘာပစ္စည်းမှလည်း မဝယ်ထားပါဘူး။ သူတို့ လူမှားဆက်တာလား။ ” ဟု တွေးတွေးဆဆ မေးလိုက်သည်။ ဖူမင်ရှစ်က နိုင်ငံခြားကို ထပ်ထွက်သွားပေမဲ့ သူမကို ဘယ်ပစ္စည်းမှ တိုက်ရိုက် မပို့ဘဲ လူကိုယ်တိုင် ပေးလေ့ရှိသည်။ ဒီပစ္စည်းဟာ ဖူမင်ရှစ်ထံမှ သူမ မခံစားရပါ။

ကျားရှောင်ယုက အိပ်ရာထဲကနေ ခေါင်းလေး ထွက်ပြူလာပြီး “ နိုင်ငံခြားကနေ ဥက္ကဌဖူ ပို့လိုက်တဲ့ ပစ္စည်း တစ်ခုခူများလား။ ” ဟု ပြောသည်။

ကျန်းပေါင်သည် ရှူးဖိနပ်တွေကို ပြောင်းလဲဝတ်ဆင်ပြီး ပစ္စည်းယူရန် ထွက်လာခဲ့လိုက်သည်။ ပစ္စည်းပို့သမားက ပစ္စည်းကို A တက္ကသိုလ် ဂိတ်ပေါက်မှာ ထားခဲ့သည်။ ကျန်းပေါင်က သူမရဲ့ ပစ္စည်းကို လျင်မြန်စွာ ရှာတွေ့သွား၏။ လက်နှစ်ဖက်နှင့် ကိုင်ရသော ဘူးကြီးတစ်ဘူး ဖြစ်ပြီး ကတ်ပြားပေါ်ရှိ ပေးပို့သူအမည်မှာ “ ဟွားထင်း ” ဟု ရေးထားသည်။

ကျန်းပေါင်သည် ထိုအက္ခရာ နှစ်လုံးကို မြင်သည်နှင့် ရုတ်တရက် ရင်ခုန်သံမြန်လာပြီး ဒီဘူးကြီးထဲမှာ ပါတဲ့ ပစ္စည်းကိုလည်း ခန့်မှန်းနိုင်သွားသည်။

“ ဝိုး … ဘူးကြီးက အကြီးကြီးပဲ။ ”

ကျန်းပေါင်ရဲ့ အခန်းတံခါးဖွင့်သံကို ကြားသည်နှင့် အခန်းဖော်သုံးယောက်က တံခါးရှိရာဆီသို့ ပြိုင်တူ လှမ်းကြည့်သည်။ ကျားရှောင်ယုဆိုလျှင် အိပ်ရာထဲကနေတောင် လျင်မြန်စွာ အလူးအလဲ ထွက်လာခဲ့သည်။ ချန်းလီလီက တိုးဝှေ့၍ ကြည့်ရင်း “ ဒါ ဘာကြီးလဲ။ ” ဟု မေးသည်။

ကျန်းပေါင်က “ ငါလည်း မသိဘူး။ ” ဟု ပြန်ပြောကာ ဘူးကြီးကို ချခဲ့ပြီး ကတ်ကြေးရှာရန် ထွက်လာခဲ့လိုက်သည်။ ဖန်ရွှမ်းက ကတ်ပြားပေါ်က ပေးပို့သူ ကုမ္ပဏီနာမည်ကို မြင်သောအခါ “ ဟွားထင်းတဲ့။ ဒါ နင့်ယောက္ခမရဲ့ ကုမ္ပဏီ မဟုတ်လား။ ” ဟု ထအော်သောကြောင့် ကျန်းပေါင်က သူမကို အသံတိုးခိုင်းရသည်။

“ ပွဲတက်ဝတ်စုံ ဖြစ်မယ် ထင်တယ်။ ” ဖန်ရွှမ်း အလွန် စိတ်လှုပ်ရှားနေသည်။ ဟွားထင်းက အဓိကအားဖြင့် သာမန်လူတွေ တော်ရုံတန်ရုံ ဝယ်လေ့မရှိသော တန်ဖိုးကြီး ပွဲတက်ဝတ်စုံတွေကို ထုတ်လုပ်ရောင်းချသည်။ သာမန်လူတွေအဖို့ ထိုပွဲတက်ဝတ်စုံတွေကို ဝယ်ပြီး ဝတ်ဆင်စရာ ပွဲအခမ်းအနားတွေလည်း ထူးထူးခြားခြား မရှိပါ။

ကျန်းပေါင်လည်း အလွန် စိတ်လှုပ်ရှားနေပြီး ဘူးကို ဂရုတစိုက် ဖွင့်ကြည့်လိုက်သည်။ အထဲမှာ ဟွားထင်းမှ ပေးပို့လိုက်တဲ့ လက်ဆောင်ဘူးလေး ပါဝင်သည်။ ထိုလက်ဆောင်ဘူးလေးကို ဖွင့်ကြည့်လိုက်တဲ့အခါ အဖြူရောင် ပိတ်ကျဲစလေးကို တစ်စွန်းတစ်စ မြင်လိုက်ရသည်။ ဒါက အမှန်တကယ်ပဲ ဓာတ်ပုံရိုက်ကွင်းအတွက် သူမ ဝတ်ခဲ့တဲ့ နတ်သမီးဝတ်စုံလေး ဖြစ်ကြောင်း ကျန်းပေါင် အတည်ပြုနိုင်သွားပါသည်။

“ လှလိုက်တာဟယ် … ” ဖန်ရွှမ်းက စကတ်ရှည်လေးကို ဖြန့်ကြည့်လိုက်ချိန်မှာ ကျားရှောင်ယုနှင့် ချန်းလီလီတို့လည်း အံ့ဩဆွံ့အသွားပြီး သူတို့ရဲ့ မျက်လုံးထဲမှာ ကြယ်ရောင်တွေ တောက်ပလာခဲ့သည်။

အဲ့ဒီတော့မှပဲ ကျန်းပေါင်လည်း ဘူးထဲရှိ မဖွင့်ရသေးသော မဂ္ဂဇင်းစာအုပ်လေး တစ်အုပ်ကို သတိထားမိသွားသည်။ မဂ္ဂဇင်းအဖုံးကတော့ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တစ်ဟုန်ထိုး နာမည်ကြီးလာခဲ့သည့် နာမည်ကျော် အနုပညာရှင်တစ်ယောက်၏ ပုံရိပ် ဖြစ်သည်။

“ ဒါ မင်ဝေပဲ။ ” အနားရောက်လာသော ချန်းလီလီက မဂ္ဂဇင်းအဖုံးကို မြင်တော့ မျက်လုံးတွေ ပိုလို့တောင် အရောင်တောက်သွားသည်။ သူမက မင်ဝေရဲ့ အမာခံဖန်တစ်ယောက် ဖြစ်ပြီး သူမရဲ့ ဖုန်းဝေါလ်ပေပါကလည်း မင်ဝေ ဖြစ်သည်။

ကျန်းပေါင်က သူမထက် ပိုစိတ်လှုပ်ရှားနေသော အခန်းဖော်လေးအား မဂ္ဂဇင်းကို အရင် ပေးလိုက်သည်။ ချန်းလီလီက ဘာမှ မလုပ်သေးခင် “ ငါ ဖွင့်ကြည့်လို့ ရလား။ ” ဟု မေးသည်။

ကျန်းပေါင် အပြုံးလေးဖြင့် ခေါင်းညိတ်လိုက်သည်။

ချန်းလီလီက မဂ္ဂဇင်းကို ဖွင့်ဖောက်ပြီးနောက် အပြင်ဘက် အဖုံးကို အရင်ဆုံး ကြည့်ရင်း ဒီမဂ္ဂဇင်းဟာ မနက်ဖြန်မှာ စတင်ရောင်းချမည့် အမှတ်စဉ်အသစ် တစ်ခု ဖြစ်ကြောင်း သတိပြုမိသွားသည်။ မင်ဝေရဲ့ ဖက်ရှင်စတိုင်လ်ကို ဝေဝေဆာဆာ ချီးကျူးကာ ခေါင်းစီးပိုင်းရှိ နှုတ်ဆက်စကားကို ဖတ်ပြီးနောက် နောက်တစ်မျက်နှာကို လှန်ဖို့ လုပ်နေတုန်းမှာပဲ ‘ ကျွန်တော်ရဲ့ ကောင်းချီးလေး ကျန်းပေါင် ’ ဟူသော ခေါင်းစဉ်အသေးလေး တစ်ခုကို ချန်းလီလီ ရုတ်တရက် ဆိုသလို သတိပြုမိသွားသည်။

ချန်းလီလီသည် ထို “ ကျန်းပေါင် ” ဟာ သူမနံဘေးရှိ အခန်းဖော် ဖြစ်နိုင်ကြောင်း ခန့်မှန်းမိသောအခါ မဂ္ဂဇင်းကို ချက်ချင်းပဲ လှန်လိုက်ပြီး မင်ဝေနှင့် တခြား နာမည်ကြီး အမျိုးသမီး ငွေကြယ်ပွင့်တွေ ၊ မော်ဒယ်တွေရဲ့ နောက်မှာ ရင်းနှီးကျွမ်းဝင်နေသော မျက်နှာလေးကို လျင်မြန်စွာ ရှာတွေ့သွားလေသည်။ ကမ္ဘာမြေပေါ် နတ်သက်ကြွေလာသည့် နတ်သမီးလေးသဖွယ် ဝတ်ဆင်ထားသည့် ကျန်းပေါင်ရဲ့ ဓာတ်ပုံကို တစ်လှည့် ၊ ဝတ်စုံကြောင့် ပို၍ ကြော့ရှင်းလှပနေသေည့် သူမရဲ့ အခန်းဖော်ကို တစ်လှည့် ကြည့်ပြီး ချန်းလီလီတစ်ယောက် မျက်လုံးမခွာနိုင်တော့ပေ။ သူမက “ နင် ဒီဓာတ်ပုံထဲမှာ အရမ်း အရမ်း လှနေတယ် ကျန်းပေါင်။ ” ဟု ခပ်တိုးတိုး ပြောလိုက်သည်။

အခုထိ နောက်ဆုံးရလဒ်ကို မကြည့်ရသေးသော ကျန်းပေါင်က စိတ်လှုပ်ရှားစွာ အနားကပ်သွားလိုက်သည်။ ကျားရှောင်ယုနှင့် ဖန်ရွှမ်းကလည်း ဝတ်စုံကို ယာယီ ချခဲ့ကာ ခေါင်း ( ၄ ) လုံး စုဆုံသွားပြီး စာဖတ်သူက စာဖတ်သည် ၊ ဓာတ်ပုံတွေကို ကြည့်သူက ကြည့်ကြသည်။

‘ အိပ်မောကျနေတဲ့ မိန်းမလှလေး ’ ဟူသော Concept နှင့် ချုပ်လုပ်ထားသော ကျန်းပေါင်ရဲ့ နတ်သမီးဝတ်စုံလေးက ပခုံးတစ်ဝိုက်ကို လှစ်ဟထားသည့် အဖြူရောင် စကတ်ရှည်လေး ဖြစ်ပြီး အဖျားပိုင်းမှာ ချစ်စရာကောင်းသော ချီဖွန်ပန်းပွင့်လေးတွေနှင့် အလှဆင်ထားသည်။

စုစုပေါင်း ဓာတ်ပုံ နှစ်ပုံ ရှိပြီး ဘယ်ဘက် ဓာတ်ပုံမှာ ကျန်းပေါင်က သဘာဝဆန်သော အပြင်အဆင်တွေ ဖုံးလွှမ်းနေသည့် သစ်ပင်အိမ်လေးထဲမှာ လဲလျောင်းနေသည်။ အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က အိပ်ရာဘေးမှာ ရပ်နေပြီး ကျန်းပေါင်ရဲ့ နှုတ်ခမ်းလေးတွေကို ငုံ့နမ်းနေသည်။ နှုတ်ခမ်းချင်း အမှန်တကယ် ထိကပ်ပြီး နမ်းနေခြင်းပင်။ ကျန်းပေါင်က အိပ်မောကျနေရာမှ မင်းသားလေးကြောင့် နိုးလာသည့်သဖွယ် ကလေးတစ်ယောက်ကဲ့သို့ ကြည်လင်ဖြူစင်သော မျက်လုံးလေးများဖြင့် သူ့ကို ကြည့်နေခဲ့သည်။

ညာဘက် ဓာတ်ပုံထဲမှာတော့ ကျန်းပေါင်က မြို့ပြလမ်းမပေါ်မှာ ရပ်နေပြီး သူမရဲ့ မျက်လုံးတွေထဲမှာ ကမ္ဘာသစ်အကြောင်း စူးစမ်းချင်စိတ်တွေ ပြည့်နှက်နေကာ သူမရဲ့ လက်ကို အမျိုးသားတစ်ယောက်ရဲ့ လက်က ဆုပ်ကိုင်ထားသည်။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ အမျိုးသားရဲ့ လက်ကိုသာ ပြထားပြီး ကင်မရာရှုထောင့်က ကျန်းပေါင်နှင့် နတ်သမီးဝတ်စုံကိုသာ အဓိက ချိန်ရွယ်ထား၏။

သို့သော်လည်း ပထမဓာတ်ပုံထဲတွင် ဘေးတစောင်း မြင်ရသော မျက်နှာအရ ထိုအမျိုးသားဟာ ဖူမင်ရှစ်ဖြစ်ကြောင်း မှတ်မိရန် မခက်ခဲပေ။

ဖန်ရွှမ်းက ကျန်းပေါင်ရဲ့ လက်မောင်းကို ညင်သာစွာ လှုပ်ယမ်းရင်း “ နင်တို့နှစ်ယောက် ဒါကတော့ မများလွန်းဘူးလားဟာ။ နေ့စဉ်ဘဝမှာ ကြူးပြရတာ မလုံလောက်သေးလို့ နင့်ယောက္ခမရဲ့ မဂ္ဂဇင်းထဲအထိ ကြူးပြနေတာလား။ ” ဟု ပြောလိုက်သော်လည်း သူမရဲ့ မျက်လုံးတွေကတော့ ဓာတ်ပုံတွေနှင့် ဓာတ်ပုံအောက်ရှိ အင်တာဗျူးဆီ အကြည့်ရောက်နေဆဲ ဖြစ်သည်။ အင်တာဗျူးသူက ဟွားထင်းရဲ့ အယ်ဒီတာ ဖြစ်ပြီး အင်တာဗျူးဖြေသူကတော့ ဖူမင်ရှစ် ဖြစ်သည်။ “ ကျွန်တော်ရဲ့ ကောင်းချီးလေး ကျန်းပေါင် ” လို့ ခေါင်းစဉ်တပ်ထားတာ အံ့ဩစရာ မရှိတော့။

“ ဥက္ကဌဖူက ရိုမန့်တစ်ဆန်လိုက်တာ။ ” ကျားရှောင်ယုက ကျန်းပေါင်ရဲ့ တခြား လက်မောင်းတစ်ဖက်ကို ပွေ့ဖက်လိုက်ပြီး သူမရဲ့ နှလုံးသားက အရည်ပျော်ကျနေခဲ့သည်။

ကျန်းပေါင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးလည်း အရည်ပျော်ကျနေခဲ့ပါသည်။ ဖူမင်ရှစ်အား ဓာတ်ပုံရိုက်ကွင်းသို့ သူမနှင့်အတူ အဖော်လိုက်ပေးရုံသာဟု ထင်ထားခဲ့တာ ဖြစ်ပြီး အင်တာဗျူးပါ လုပ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ဖူမင်ရှစ် သူမရဲ့ အခန်းဖော်တွေရှေ့မှာ သူမကို ဖော်ပြဖူးသော စကားလုံးတွေကို ဖတ်ရင်း ကျန်းပေါင် ရှက်လာသောကြောင့် ဆက်မဖတ်တော့ဘဲ ဝတ်စုံလေးကို ကြည့်ရန် ထွက်လာခဲ့လိုက်သည်။

ချန်းလီလီက ကျားရှောင်ယုရဲ့ ညင်ညင်သာသာ ပုတ်ပြီး နောက်ဆုံးစာပိုဒ်ကို လက်ညိုးထိုးပြလိုက်သည်။ ကျားရှောင်ယုကလည်း မဆိုင်းမတွ ပါဝင်ပြီး လည်ချောင်းရှင်းလိုက်သည်။ ထို့နောက် အင်တာဗျူးသူရဲ့ လေသံအတိုင်း အတုခိုး၍ “ တကယ်လို့သာ ဥက္ကဌဖူက ကျန်းပေါင်ကို စကားလုံး တစ်လုံးတည်းနဲ့ ဖော်ပြရမယ် ဆိုရင် ဘယ်လို ဖော်ပြမလဲ။ ” ဟု အင်တာဗျူးထဲကအတိုင်း ဖတ်ပြလိုက်သည်။

ကျန်းပေါင်ရဲ့ လှုပ်ရှားမှုတွေ ရုတ်တရက် ရပ်တန့်သွားကာ နားစွင့်ထားမိသည်။ ထိုအခိုက်မှာ ချန်းလီလီရဲ့ နောက်ဆက်တွဲ စကားကို ကြားရ၏။ “ သူက ကျွန်တော့်ရဲ့ … အာ … နေပါဦး ၊ ဒီစကားလုံးကို ဘယ်လို အသံထွက်တာပါလိမ့်နော်။ ငါ မှတ်တောင် မှတ်မိတော့ဘူး။ ဒုက္ခပဲ။ ”

ကျန်းပေါင် ရယ်မောမိသည်။ အလယ်တန်း‌ကျောင်းသားတစ်ယောက်တောင် ထိုစကားလုံးကို ဖတ်တတ်တာမို့ ချန်းလီလီက ဟန်ဆောင်နေခြင်းသာ ဖြစ်ပါသည်။

“ နင် ဒီစကားလုံးကိုတောင် မမှတ်မိဘဲနဲ့ CET-4 စာမေးပွဲ ( တရုတ်နိုင်ငံရှိ တက္ကသိုလ်ကျောင်းသားများအတွက် အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲ ) ကို ဘယ်လိုလုပ် အောင်လာတာလဲ။ ဥက္ကဌဖူက ကျန်းပေါင်ကို သူ့ရဲ့ နတ်သမီးလေးလို့ ပြောထားတာ။ နတ်သမီး ဆိုတဲ့ စကားလုံးကို တရုတ်လို ‘ ထျန်းရှစ် ’ လို့ အသံထွက်တယ်။ အဲ့ဒီတော့ ဥက္ကဌဖူက ကျန်းပေါင်ကို သူ့ရဲ့ ‘ ထျန်းရှစ် ’ လို့ ပြောထားတာ။ ” ကျားရှောင်ယုက တမင်တကာ အဓိပ္ပာယ်ကောက်လွဲသယောင် ဟန်ဆောင်ပြီး ‘ ရှစ် ’ ဟူသော အက္ခရာကို အသံဖိ၍ ဖတ်ပြသည်။

ကောင်မလေးများသည် ခွေးစာတွေ စားလို့ ပြီးသွားသောအခါ ကျန်းပေါင်အနားကို သွားပြီး စစ်ဆေးမေးမြန်းခဲ့ကြသည်။ “ နင် ဒီမဂ္ဂဇင်းကို ဘယ်တုန်းက ရိုက်ထားတာလဲ။ နင်တို့ရဲ့ မင်္ဂလာပွဲအတွက် အကြိုလေ့ကျင့်တာလား။ ”

“ ဘယ်ကသာ။ အမေက အရင်တုန်းက သူတို့ ရှာထားတဲ့ မော်ဒယ်က အဆင်မပြေလို့ ငါ့ကို လူရွေးပွဲလာဖြေခိုင်းတာပါ။ ပြီးတော့ သူတို့က ဒီတိုင်း ဓာတ်ပုံရိုက်သွားတာပဲ။ ငါ တခြား အစီအစဉ်တွေအကြောင်း ဘာမှ မသိဘူး။ ” ကျန်းပေါင်က မျက်နှာရဲရဲလေးနှင့် ရှင်းပြလိုက်သည်။ ဖူမင်ရှစ်က တကယ့်ကို … သူမကို ဘာသတင်းမှ အသိမပေးဘဲ ဖန့်ခယ်က ဓာတ်ပုံရိုက်ကွင်းအတွက် သူမကို လစာပေးလားဟု ဘာရယ်မဟုတ် မေးချင်ယောင်ဆောင်ခဲ့သည်။

ထိုနောက်ပြောင်မှုကို သတိရသွားသောအခါ ကျန်းပေါင် အံ့ဩသွားသည်။ ဖန့်ခယ်က ဒီဝတ်စုံကို သူမအတွက် စိတ်ရင်းနှင့် ပေးချင်တာရော ဟုတ်ရဲ့လား … ။ ဖူမင်ရှစ်က သူ့အမေကို လစာပေးဖို့ တပူပူ တကျည်ကျည် ပြောနေလို့ ပေးတာများလား … ။ ဒုတိယတစ်ခုသာ ဆိုလျှင်တော့ အလွန် ရှက်စရာကောင်းလှသည်။

ကျန်းပေါင်သည် ဖူမင်ရှစ်ကို ဖုန်းဆက်ရန်အတွက် ဖုန်းကို ဆုပ်ကိုင်၍ လသာဆောင်သို့ ထွက်ခဲ့လိုက်သည်။ တတူတူ မြည်သံ သုံးကြိမ်တိတိ ထွက်ပေါ်လာပြီးချိန်မှာပဲ ဒီအချိန်ဆို ပဲရစ်မြို့မှာ မနက်အစောကြီး ရှိသေးတာကို ကျန်းပေါင် သတိရသွားကာ ဖုန်းချဖို့ ပြင်လိုက်သည်။ ဒါပေမဲ့ သူမ ဖုန်းမချရသေးခင်မှာပဲ တစ်ဖက်က ဖုန်းကိုင်လိုက်ကာ ဖူမင်ရှစ်ရဲ့ ဩရှရှ အသံကို ကြားရသည်။ “ ကိုယ့်ကို လွမ်းနေတာလား။ ”

သူ အိပ်နေတာကို နှောင့်ယှက်မိသည့်အတွက် ကျန်းပေါင် အတော်လေး အားနာသွားကာ သူမရဲ့ အသံက အများကြီး နူးညံ့ညင်သာသွားသည်။ “ ဘာမှ မဟုတ်ပါဘူး။ ရှင် ပြန်အိပ်တော့နော်။ ”

“ ကိုယ် နိုးနေပါပြီ။ ဘာပြောမလို့ ဆက်တာလဲ။ ” ဖူမင်ရှစ်က သူ့မျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ ကျန်းပေါင်က အပေါ်ယံအရ နုနုနယ်နယ်နှင့် သူတစ်ပါးအပေါ် မှီခိုအားကိုးတတ်ပုံပေါ်သော်လည်း တကယ်တမ်းမှာ အလွန် အမှီအခိုကင်းသူ ဖြစ်သည်။ စကားစမြည် ပြောဖို့အတွက်နှင့် သူ့ကို ဖုန်းဆက်မှာ မဟုတ်။ သူမဘက်က စ၍ ဖုန်းဆက်တိုင်း သေချာပေါက် ကိစ္စတစ်ခုခု ရှိသည်။ တစ်ခါတလေမှာတော့ “ ဒီလိပ်လေးက ချစ်စရာကောင်းလား။ ” ဆိုတဲ့ အူကြောင်ကြောင် မေးခွန်းမျိုး ဖြစ်နေတတ်သည်။

သူ အိပ်နေတာ မဟုတ်သောကြောင့် ကျန်းပေါင်က နှုတ်ခမ်းစူပြီး “ ဒေါ်လေးက အခုလေးတင်ပဲ ဝတ်စုံလေး ပို့ပေးလိုက်တယ်။ ကျွန်မ ဓာတ်ပုံရိုက်တုန်းက ဝတ်ခဲ့တဲ့ ဝတ်စုံလေးလေ။ အဲ့ဒါ ရှင် ကျွန်မကို ပေးဖို့ ဒေါ်လေးကို အတင်း တောင်းထားတာတော့ မဟုတ်ပါဘူးနော်။ ”

ဖူမင်ရှစ်က မျက်လုံးတွေ မှေးပိတ်လျက် ရယ်မောမိသည်။ “ မင်းရဲ့ ခင်ပွန်းလောင်းက သူ့အမေဆီက အဝတ်အစားတွေ တောင်းရလောက်တဲ့ထိ မဆင်းရဲပါဘူး။ ”

ကျန်းပေါင်လည်း အဲ့ဒီတော့မှပဲ စိတ်သက်သာရာရသွားကာ သက်ပြင်းချနိုင်သည်။

“ အရူးမလေးပေါင် … မင်း ကိုယ့်ကို လွမ်းလား။ ”

ကျန်းပေါင် နှုတ်ခမ်းကိုက်လိုက်သည်။ “ ရှင်ကမှ အရူးကြီးဖူလေ။ တော်ပြီ … ဘာမှ ထပ်မပြောနဲ့တော့။ ကျွန်မ စာလုပ်တော့မယ်။ ”

ကျန်းပေါင်သည် ဖူမင်ရှစ်ရဲ့ စနောက်မှုနှင့် မရိုးဖြောင့်သော လေသံကို ကြာကြာ နားမထောင်နိုင်သဖြင့် ဆုံးဖြတ်ချက်ပြတ်သားစွာ ဖုန်းချလိုက်ပြီး အဆောင်အခန်းထဲကို ပြန်ဝင်လာခဲ့လိုက်၏။ အခန်းထဲကို ရောက်တော့ သူမရဲ့ အခန်းဖော်သုံးယောက်က သူမအား ဝတ်စုံလေးကို အစမ်း ဝတ်ပြခိုင်းသည်။

နောက်တစ်နေ့တွင် ဟွားထင်း မဂ္ဂဇင်းရဲ့ အမှတ်စဉ်အသစ်ကို ဈေးကွက်ထဲမှာ ဖြန့်ချီရောင်းချခဲ့သည်။ နေ့လယ်ရောက်တော့ ချန်းလီလီက မင်ဝေနှင့် မဂ္ဂဇင်းရဲ့ အင်တာဗျူးကို အွန်လိုင်းပေါ်မှာ အာရုံစိုက်ခံနေရသော စခရင်ရှော့နှင့်အတူ ကျန်းပေါင်နှင့် ဖူမင်ရှစ်ရဲ့ ဓာတ်ပုံတွေကလည်း နာမည်ကြီးနေကြောင်း မက်ဆေ့ခ်ျပို့လာခဲ့သည်။ အခြေအနေတွေဟာ ပထမနှစ်တုန်းက သူမနှင့် ဖူမင်ရှစ်ရဲ့ ဆက်ဆံရေးအကြောင်း လူတွေ သိသွားတုန်းကလို မဟုတ်‌တော့ပါ။ အခုဆို သူမတို့နှစ်ယောက်က နာမည်ကြီး ဆယ်လီစုံတွဲတစ်တွဲ ဖြစ်နေပါပြီ။

ကွန်းမန့် အများစုက ချီးကျူးစကားတွေ ၊ ဆုတောင်းစကားတွေ ဖြစ်ပြီး အင်တာနက်အသုံးပြုသူတွေက ယောက္ခမကံကောင်းသော သူမကို အားကျနေကြသည်။ ကျန်းပေါင်လည်း သူမရဲ့ အနာဂတ် ယောက္ခမလောင်း၏ ကျက်သရေရှိသော ဓာတ်ပုံကို ကြည့်ရင်း နှလုံးသားထဲမှာ နွေးထွေးသွားသည်။ ဖူမင်ရှစ်နှင့် ဆုံတွေ့ရခြင်းက သူမအတွက် ကောင်းချီးတစ်ခု ဖြစ်သည်။

ဖူမင်ရှစ်သည် အမျိုးသားနေ့အားလပ်ရက် သုံးရက်မြောက်နေ့တွင် နိုင်ငံခြားမှ ပြန်ရောက်လာပြီး ကျန်းပေါင်ရဲ့ ကျောင်းသို့ တန်းတန်းမတ်မတ် လာကာ သူမကို လာကြိုခဲ့သည်။ ကျန်းပေါင်က ဝတ်စုံကိုလည်း သူမနှင့်အတူ ယူလာခဲ့သည်။ ဒီလို ဈေးကြီးသော အဝတ်အစား ၊ အသုံးအဆောင်တွေက ကျောင်းမှာ အသုံးမဝင်၍ အပန်းဖြေစံအိမ်ကို ယူသွားရမည်။

ကားထဲကို ရောက်သည်နှင့် တစ်ပြိုင်နက် ကျန်းပေါင်က မဂ္ဂဇင်းစာရွက်ကို လှန်ပြီး “ ဒီအပိုင်းကို ထည့်တာ ရှင့်စိတ်ကူးလား။ ” ဟု မေးလိုက်တော့ ဖူမင်ရှစ်က ခေါင်းညိတ်ပြသည်။ သူ့ရဲ့ မျက်ဝန်းနက်တွေက သူမကို စူးစိုက်ကြည့်နေပြီး ကားထဲမှာပဲ အရင်ဆုံး နမ်းရင် ကောင်းမလား ၊ အပန်းဖြေစံအိမ်ကို ရောက်အောင် အမြန်ဆုံး မောင်းသွားပြီးမှ အပေါ်ထပ်မှာ စိတ်ကြိုက် နမ်းရမလားဟု လွန်ဆွဲနေသည်။

ကျန်းပေါင်က ရှက်ကိုးရှက်ကန်းနှင့် ခေါင်းငုံ့လိုက်ပြီး “ ရှင် ဒီအပိုင်းကို ထည့်ဖို့ ဘယ်လိုလုပ် စိတ်ကူးရသွားတာလဲ။ ” ဟု ခပ်တိုးတိုး မေးလိုက်သည်။ သူက သူမကို ရွှန်းရွှန်းစားစား မျက်လုံးများနှင့် ကြည့်နေသည်။

“ ကိုယ် မင်းရဲ့ ဓာတ်ပုံရိုက်ကွင်းကို မြင်တော့ စိတ်ကူးထဲကို အတွေးဝင်လာတာ။ ” ဖူမင်ရှစ်က ကားစက်နှိုးလိုက်သည်။ သူမကို ထပ်မကြည့်ရဲတော့တာလား ၊ သို့မဟုတ် သူမကို ဒီနေရာမှာပဲ လိုချင်နေတာလားတော့ မသိပါ။

သူ့ဖယ်ရိုမုန်းတွေက အလွန် အားကောင်းသည်။ ကျန်းပေါင်ကလည်း နှုတ်ဆိတ်နေပြီး ရင်ခုန်သံတွေ ပရမ်းပတာ ဖြစ်လာခဲ့သည်။ နာရီဝက်အကြာမှာတော့ ကားက ကားဂိုဒေါင်ထဲမှာ ထိုးရပ်သွားသည်။ ကျန်းပေါင် သူမရဲ့ ခါးပတ်ကြိုးကို ဖြုတ်ဖို့ ပြင်နေတုန်းမှာပဲ ဖူမင်ရှစ်က သူမကို ရုတ်တရက် ပွေ့ဖက်လာခဲ့သည်။

သူမ တစ်ဖက်ကို လှည့်လိုက်တော့ ဖူမင်ရှစ်က သူမအပေါ်မှာ အုပ်မိုးထားပြီ ဖြစ်ပြီး သူမရဲ့ ခေါင်းကို လက်တစ်ဖက်နှင့် ဆုပ်ကိုင်ကာ မွတ်မွတ်သိပ်သိပ် နမ်းနေခဲ့သည်။ အချိန် ခဏတာ ခွဲခွာပြီးနောက် ပြန်လည် ဆုံစည်းသော ချစ်သူတွေရဲ့ အချစ်ဟာ ပိုအားကောင်းလာသည်။

***

All Chapters