အခန်း ၇၃
Vol. 7 Ch. 73
အပိုင်း ( ၇၃ )
ကျန်းပေါင်သည် စိတ်အားတင်း၍ ဖူမင်ရှစ်အား သူမရဲ့ လက်ကို ဆုပ်ကိုင်ခေါ်ဆောင်ခွင့်ပြုလိုက်ကာ စင်မြင့်ပေါ်သို့ ဖြည်းညင်းစွာ တက်လာခဲ့သည်။ သူတို့က စီနီယာ အမှုဆောင်တွေနှင့် သူတို့ရဲ့ ဇနီးတွေကြားမှာ အသက်အငယ်ဆုံး စုံတွဲ ဖြစ်သည်။ ကျားရှောင်ယုရဲ့ ကျယ်လောင်သော အော်သံကြောင့် ကျန်းပေါင်နှင့် ဖူမင်ရှစ်သည် တတိယမြောက် စုံတွဲနေရာမှာ ရပ်နေရသည်။
အစီအစဉ်တင်ဆက်သူရဲ့ မေးခွန်းတွေအရ သူတို့ရဲ့ အဖြေတွေကို အဖြေဘုတ်ပြားပေါ်မှာ ချရေးရသည်။ ကျန်းပေါင်က အောက်ကို ငုံ့မကြည့်ရဲဘဲ အဖြေဘုတ်ပြားကိုသာ စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေမိသည်။
“ ကျေးဇူးပြုပြီး ဖန်သားပြင်ကို တစ်ချက် ကြည့်ပေးပါ။ မေးခွန်းတွေကို အရင်ကတည်းက အားလုံး ထည့်သွင်းတာပါ။ ကျွန်တော် သုံးအထိ ရေပါမယ်။ တစ် … နှစ် … သုံး … ရပ်တော့။ ”
“ ကောင်းပြီ။ ပထမ မေးခွန်း ဖြစ်ပါတယ်။ ‘ သင်တို့ ပထမဆုံး စတွေ့တဲ့ အချိန်မှာ မိန်းကလေး လုပ်နေတဲ့ အရာကို ကျေးဇူးပြုပြီး ရေးပေးပါတဲ့ ’ ။ အင်း … ဒီမေးခွန်းက ဥက္ကဌဖူအတွက် ပိုအရေးသာမယ် ထင်တယ်။ ဘာလို့ဆို ဥက္ကဌကောနဲ့ တခြား လူတွေက အိမ်ထောင်သက်ရင့်နေတဲ့ စုံတွဲတွေ ဆိုတော့ သူတို့ရဲ့ မှတ်ဉာဏ်တွေကလည်း ဝေဝါးနေပြီကိုး။ ”
ကျန်းပေါင်က မျက်နှာရဲရဲလေးနှင့် ခဏလောက် စဉ်းစားပြီးမှ အဖြေဘုတ်ပြားပေါ်မှာ ချရေးလိုက်သည်။ ဖူမင်ရှစ်ကလည်း သူမလိုပဲ ချက်ချင်း ချရေးသည်။ အချိန်စေ့တဲ့အခါ ကျန်းပေါင်က “ ဘဲကျောင်းနေတာပါ ’ ဟု ရေးထားပြီး ဖူမင်ရှစ်ရဲ့ အဖြေကတော့ ‘ ဝါးရုံတောထဲမှာ ခွေးနှင့်အတူ လမ်းလျှောက်ရင်း ဘဲကျောင်းနေတာပါ ’ ဟူ၍ ဖြစ်၏။ ထိုမေးခွန်းကို စုံတွဲ သုံးတွဲသာ မှန်အောင် ဖြေနိုင်သည်။
“ ဒုတိယ မေးခွန်း ဖြစ်ပါတယ်။ သင်တို့ ပထမဆုံးအကြိမ် နမ်းခဲ့တာ ဘယ်နေရာမှာလဲ။ ”
ကျန်းပေါင်ရော ၊ ဖူမင်ရှစ်ရော အဆောင်အောက်ရှိ စက်ဘီးပါကင်မှာ ဖြစ်ကြောင်း ဖြေနိုင်ခဲ့သည်။
“ တတိယ မေးခွန်း ဖြစ်ပါတယ်။ အရဲကိုးပြီး ခန့်မှန်းကြည့်ပါ လူကြီးမင်းတို့။ သင်တို့ရဲ့ ဘယ်အစိတ်အပိုင်းကို မိန်းကလေးက သဘောအကျဆုံးလဲ ဆိုတာ ခန့်မှန်းကြည့်ပါ။ ”
ဒီတစ်ခေါက်တော့ ကျန်းပေါင် တွန့်ဆုတ်သွားရသည်။ ဖူမင်ရှစ်က ဘယ်နေရာကပဲကြည့်ကြည့် ချောမောသည်။ သူမ အကြိုက်ဆုံး အစိတ်အပိုင်းတစ်ခုကို ရွေးရမယ် ဆိုရင် သူ့မျက်လုံးတွေများ ဖြစ်မလား … ။ ထိုမေးခွန်းကို ကျန်းပေါင် တွန့်ဆုတ်စွာ ဖြေဆိုခဲ့သလို ဖူမင်ရှစ်လည်း ယုံကြည်ချက်မရှိပေမဲ့ နှစ်ယောက်လုံး ကံကောင်းစွာ မှန်သွားခဲ့သည်။
“ စတုတ္ထမြောက် မေးခွန်း ဖြစ်ပါတယ်။ အင်း … ဒီမေးခွန်းကတော့ ခက်သားပဲ။ ယောက်ျားလေးရဲ့ အကြိုက်ဆုံး ရုပ်ရှင်မင်းသမီးက ဘယ်သူပါလဲ။ ”
ကျန်းပေါင် စိတ်ရှုပ်ထွေးသွားရသည်။ ဖူမင်ရှစ်က နာမည်ကြီး အနုပညာရှင်တွေကို သဘောကျ အားပေးတတ်ပုံ မပေါ်ပါ။ သို့သော်လည်း အချိန်ရေတွက်ခြင်း စတင်နေပြီမို့ သူတို့ အတူတူ ကြည့်ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားထဲမှ မင်းသမီး Scarlett Johansson ရဲ့ နာမည်ကိုသာ ချရေးလိုက်တော့သည်။ ဒါပေမဲ့ ဖူမင်ရှစ်ရဲ့ အဖြေကတော့ ‘ ကျန်းပေါင် ’ ဟူ၍ ဖြစ်သည်။
ကျန်းပေါင်သည် ထိုအဖြေကို အစီအစဉ်တင်ဆက်သူ ဖတ်ပြတာကို ကြားချိန်မှာ ပျံသန်းပျောက်ကွယ်သွားလိုက်ချင်သည်။ သူမက အနုပညာရှင်တစ်ယောက်မှ မဟုတ်တာလေ … ။
“ ကျွန်တော်ကပဲ လူကြီးမင်းဖူကိုယ်စား မေးပေးပါရစေ မိန်းကလေးကျန်း။ ဘာလို့ မိန်းကလေးကျန်းက လူကြီးမင်းဖူ အကြိုက်ဆုံး ရုပ်ရှင်မင်းသမီးက Scarlett Johansson လို့ ထင်ရတာလဲ။ ကျွန်တော်တို့ရဲ့ လူကြီးမင်းဖူက မိန်းကလေးကျန်းကိုပဲ သဘောအကျဆုံး ဆိုတာ အသိအသာကြီးပါဗျာ။ ” အစီအစဉ်တင်ဆက်သူက နွေးထွေးသော လက်ခုပ်သံတွေအလယ်မှာ ကျန်းပေါင်ဆီ လျှောက်လာပြီး ပြုံး၍ မေးသည်။
ကျန်းပေါင်သည် သူမဘေးရှိ ဖူမင်ရှစ်ရဲ့ မျက်နှာအမူအရာကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်ရင်း အိုးတိုးအမ်းတမ်း ရှင်းပြလိုက်၏။ “ တကယ်တော့ သူ ဘယ်အနုပညာရှင်ကို သဘောကျလဲ ဆိုတာ ကျွန်မ မသိပါဘူး။ ကျွန်မတို့ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက Scarlett Johansson ရဲ့ ရုပ်ရှင်ကား တစ်ကားကို အတူတူ ကြည့်ထားတော့ ခုနတုန်းက အရမ်း စိတ်လှုပ်ရှားနေတာနဲ့ အဲ့နာမည် တစ်ခုတည်းကိုပဲ စဉ်းစားနိုင်ခဲ့လို့ပါ။ ”
အစီအစဉ်တင်ဆက်သူက ခေါင်းတညိတ်ညိတ်နှင့် ဖူမင်ရှစ်ကို ဆက်မေးသည်။ “ လူကြီးမင်းဖူကရော မိန်းကလေးကျန်းကို ပြောချင်တာ ရှိပါသလား။ ”
ကျန်းပေါင် တိတ်တိတ်လေး နားစွင့်ထားတုန်းမှာပဲ ဖူမင်ရှစ်ရဲ့ အဓိပ္ပာယ်ပါသော အသံဟာ သူမနံဘေးမှ ထွက်ပေါ်လာခဲ့သည်။ “ နောက်မေးခွန်းကို အာရုံစိုက်ပြီး ဖြေပါ။ ကိုယ်တို့ အိမ်ပြန်ရောက်တာနဲ့ စာရင်းရှင်းကြမယ်။ ”
‘ စာရင်းရှင်းမယ် ’ ဆိုတဲ့ စကားလုံးဟု မထူးဆန်းသော သာမန် စကားလုံးတစ်လုံး ဖြစ်သော်လည်း ချစ်သူစုံတွဲတွေကြားမှာတော့ အဓိပ္ပာယ်နှစ်ခွ ထွက်နိုင်သော စကားလုံးပင်။
ကျန်းပေါင်သည် ဘာမှ မဖြစ်သကဲ့သို့ အဖြေဘုတ်ပြားဘက်ကို လှည့်နေလိုက်သော်လည်း သူမရဲ့ မျက်နှာကတော့ စနောက်သော အားပေးသံတွေကြားထဲမှာ နီရဲနေခဲ့လေသည်။
တစ်ယောက်နှင့် တစ်ယောက် မည်မျှ နားလည်ကြောင်း စစ်ဆေးမှု – နောက်ဆုံး မေးခွန်း။
စုံတွဲ ငါးတွဲသည် နောက်ဆုံး မေးခွန်းအတွက် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေစဉ်မှာပဲ အစီအစဉ်တင်ဆက်သူက ဖန်သားပြင်ကြီးကို ကျောပေး၍ တစ်ကနေ သုံးအထိ ရေတွက်ပြီးနောက် “ ရပ်တော့။ ” ဟု ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ဖန်သားပြင်ပေါ်ရှိ မေးခွန်းကို ဖတ်ပြီးနောက်မှာတော့ အစီအစဉ်တင်ဆက်သူက ရယ်မောလိုက်သည်။
“ ခုနတုန်းက မေးခွန်းက လူကြီးမင်းတို့ ကိုယ့်ဒုက္ခကိုယ်ရှာခဲ့တာ ဆိုရင် ဒီမေးခွန်းကတော့ မိန်းကလေးတို့ဘက်ကနေ ပြေရာပြေကြောင်း ကမ်းလှမ်းမယ့် လမ်းစတစ်ခုပါပဲ။ ကဲ … ကျေးဇူးပြုပြီး မိန်းမလှလေး ငါးယောက်က မင်းတို့အတွက် မင်းတို့ရဲ့ လက်တွဲဖော် လုပ်ပေးခဲ့တဲ့ အရာတွေထဲမှာ စိတ်နှလုံးအနွေးထွေးရဆုံး အရာတစ်ခုကို ချရေးပေးပါ။ လူကြီးမင်းတို့ကလည်း သူမတို့ကို စိတ်လှုပ်ရှားအောင် လုပ်နိုင်ခဲ့တဲ့ အချိန်ကို ကျေးဇူးပြုပြီး အတတ်နိုင်ဆုံး ပြန်စဉ်းစားပေးပါ။ ”
ခုနတုန်းက ရယ်ရွှယ်ဖွယ်ကောင်းသော စစနောက်နောက် မေးခွန်းတွေနှင့် ယှဉ်လျှင် ဒီမေးခွန်းက သံသယကင်းရှင်းစွာပင် စိတ်နှလုံးနွေးထွေးစရာကောင်းသည်။
နူးညံ့သော ဂီတသံက ပွဲအခမ်းအနားနှင့် သဟဇာတဖြစ်စွာ ချိုမြိန်ပျံ့လွင့်နေသည်။ ကျန်းပေါင်က အဖြေဘုတ်ပြားကို ကြည့်ရင်း ဖူမင်ရှစ်နှင့်အတူ အချိန်ကုန်ဆုံးခဲ့သော မြင်ကွင်းတွေက သူမရဲ့ စိတ်ထဲကို လျှပ်ပြက်သလို ဝင်ရောက်လာခဲ့သည်။ သူ့ကြောင့် အမြဲတမ်း စိတ်နှလုံးနွေးထွေးခဲ့ရပုံပါပဲ။ သူမကို ဂရုတစိုက် ခါးပတ်ကြိုး တပ်ပေးတာ ၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် ကျူရှင်ဆရာ ငှားပေးတာ ၊ စစ်ရေးလေ့ကျင့်နေစဉ် အချိန်မှာ သူမအတွက် ရေယူလာပေးတာ … စသည်ဖြင့် … ။
ဘယ်တစ်ခုက အနွေးထွေးရဆုံးလဲ … ။
တစ်ခုတည်းကိုသာ ရွေးချယ်ရမည် ဆိုလျှင်တော့ သူမအတွက် စဉ်းစားချိန် မလုံလောက်သလို ခံစားရပါသည်။ အစီအစဉ်တင်ဆက်သူကလည်း စုံတွဲတွေကြားသို့ လျှောက်လာပြီး အချိန်မီ သတိပေးသည်။ “ အားလုံးပဲ စိတ်မပူကြပါနဲ့။ မင်းတို့မှာ ဒီမေးခွန်းကို စဉ်းစားဖို့ သုံးမိနစ် အချိန်ရပါတယ်။ စိတ်အေးလက်အေး စဉ်းစားကြပါ။ ယွမ် ( ၂ ) သန်း ဆုက မင်းတို့ရဲ့ လက်ထဲမှာပါ။ အားလုံးကလည်း စိတ်ရှည်လက်ရှည် စောင့်နေတာ မဟုတ်လား။ ”
ပရိသတ်တွေကလည်း အစီအစဉ်တင်ဆက်သူရဲ့ မေးခွန်းကို စိတ်အားထက်သန်သော လက်ခုပ်သံများဖြင့် တုံ့ပြန်ကြပါသည်။
သုံးမိနစ် ဆိုတဲ့ အချိန်က ကြာလွန်းတာလည်း ဖြစ်နိုင်သလို တိုတောင်းလွန်းတာလည်း ဖြစ်နိုင်သည်။ စုံတွဲအားလုံးက အဖြေတွေကို ချရေးပြီးသွားတဲ့အခါ အစီအစဉ်တင်ဆက်သူက သူတို့ရဲ့ အဖြေဘုတ်ပြားတွေကို တစ်ဖက်သို့ လှန်ခိုင်းပြီး အမှတ်စဉ်အတိုင်း ထွက်လာခိုင်းသည်။
ပထမဆုံး စုံတွဲ က အလယ်မှာ ရပ်ရပြီး အမျိုးသားက အမျိုးသမီးအား သူ့အဖြေကို အရင်ဆုံး ပြောပြရသည်။ ထို့နောက် အမျိုးသမီးက သူမအတွက် နွေးထွေးစရာအကောင်းဆုံးဟု ခံစားရသော အခိုက်အတန့်ကို ပြောပြလိမ့်မည်။ ဒါကို ဖွင့်ဟဝန်ခံချက်ဟု ဆိုလျှင် မှန်သလို အမှတ်တရလမ်းသွယ်လေးသို့ ခရီးတစ်ခေါက် ထွက်ခြင်းဟု ဆိုလျှင်လည်း မမှားပေ။
ဒီလို အခြေအနေမျိုးမှာ ကျန်းပေါင် စင်မြင့်ပေါ် တက်ရခြင်းနှင့် ပတ်သက်သော စိတ်လှုပ်ရှားမှုတွေ အားလုံးကို မေ့လျော့သွားပြီး အဖြေဘုတ်ပြားလေးကို ဆုပ်ကိုင်၍ ဖူမင်ရှစ်အား တိတ်တိတ်လေး ခိုးကြည့်လိုက်သည်။ ဖူမင်ရှစ်ကလည်း သူမကို ကြည့်နေပြီး အကြည့်ချင်း ဆုံတော့ ခပ်ယဲ့ယဲ့ ပြုံးပြသည်။ သူ့ရဲ့ တောက်ပသော မျက်ဝန်းနက်များဟာ ခန်းမထဲရှိ မီးရောင်တွေထက်တောင် တောက်ပနေသည်။
ကျန်းပေါင် သူ့ကို ပြန်ပြုံးပြပြီး မျက်လွှာချထားလိုက်သည်။ သူမရဲ့ အဖြေကို ဖူမင်ရှစ် မခန့်မှန်းနိုင်လောက်ဘူးဟု ခံစားရသော်လည်း ဒီမေးခွန်းအတွက် သူတို့ အံဝင်ခွင်ကျ မဖြစ်လျှင်တောင် ကျေနပ်သည်။
“ ကျွန်မရဲ့ စိတ်ထဲမှာ အနွေးထွေးရဆုံး အခိုက်အတန့်ကတော့ ကျွန်မ လေးလသားအရွယ် ထောင်ထောင်လေးကို ကိုယ်ဝန်လွယ်ထားတဲ့ အချိန်မှာပါ။ ရှင်က အလုပ်ကနေ အိမ်ပြန်ရောက်တော့ ကျွန်မကို ကလေးအဝတ်အစားလေး နှစ်စုံ ပြပြီး ကျွန်မ ကြိုက်ရဲ့လားလို့ မေးတယ်လေ။ ” စကားပြောသူက လီကျုံးရဲ့ ဇနီး ဖြစ်သည်။ သူမက အသက် ( ၄၀ ) နီးပါးအရွယ် ခပ်ပြည့်ပြည့် အမျိုးသမီးတစ်ယောက် ဖြစ်ကာ စကားပြောရင်း သူမရဲ့ မျက်လုံးတွေကို လက်ကိုင်ပဝါလေးနှင့် ပွတ်သုတ်နေခဲ့သည်။
သူမရဲ့ အဖြေကို မျှော်လင့်မထားသော လီကျုံးက ဇနီးဖြစ်သူကို တအံ့တဩ ကြည့်နေခဲ့သည်။
အစီအစဉ်တင်ဆက်သူက အမျိုးသမီးလီအား ထိုကဲ့သို့ အသေးအဖွဲ ကိစ္စလေးက သူမကို ဘာလို့ ဒီလောက်ထိ နွေးထွေးစေတာလဲဟု မေးသောအခါ အမျိုးသမီးလီက ရှိုက်သံတစ်ဝက်နှင့် ပြန်ဖြေခဲ့သည်။ “ သူက အရမ်း အလုပ်ရှုပ်နေခဲ့တာ။ ကျွန်မရဲ့ ကိုယ်ဝန်ဆောင်ကာလ ပထမ သုံးလမှာ သူ ကျွန်မကို တစ်ခါမှ အဖော်ပြုမပေးခဲ့ဘူး။ သူ ကလေးတွေကို သဘောမကျဘူးလို့ ကျွန်မ ထင်နေခဲ့တာပါ။ ဒါပေမဲ့ အဲ့အချိန်မှာ … ”
သူမရဲ့ စကားမဆုံးသေးခင်မှာပဲ လီကျုံးက သူမထံ လျှောက်သွားပြီး ဇနီးဖြစ်သူကို ထွေးပွေ့လိုက်သည်။ ပရိသတ်တွေက လက်ခုပ်သံများနှင့် တုံ့ပြန်ကြသလို ကျန်းပေါင်သည်လည်း အမျိုးသမီးလီကို ငေးကြည့်ရင်း သူမရဲ့ စကားမှာ မျောနေမိသည်။
အစီအစဉ်တင်ဆက်သူက ဒုတိယမြောက် စုံတွဲကို ဖိတ်ခေါ်တော့မှ ဒီတစ်ခေါက် စင်မြင့်ပေါ်သို့ တက်ရမည့် စုံတွဲက သူမနှင့် ဖူမင်ရှစ်တို့ ဖြစ်ကြောင်း ကျန်းပေါင် သဘောပေါက်သွားသည်။ သူမရဲ့ ပါးလေးတွေက ချက်ချင်းပဲ နီစွေးရဲတက်လာခဲ့သည်။ စိတ်လှုပ်ရှားနေသော ကျန်းပေါင်သည် ခေါင်းငုံ့ထားချင်သော်လည်း သူမကို ဖူမင်ရှစ်ရဲ့ ဝန်ထမ်းတွေ ရယ်ပွဲဖွဲ့မည် စိုး၍ ကိုယ့်ကိုယ်ကိုယ် တိတ်တိတ်လေး အားပေးရသည်။ ငါတို့အားလုံးက အိမ်မွေးတိရစ္ဆာန်တွေပဲ … ။
အစီအစဉ်တင်ဆက်သူက “ လူကြီးမင်းဖူက အရင်ဆုံး ဖြေပေးပါ။ ” ဟု ဆိုကာ ဖူမင်ရှစ်အား မိုက်ခရိုဖုန်းကို ကမ်းပေးသည်။ သို့သော် ဖူမင်ရှစ်က မေးခွန်းကို သူ့အရှေ့က ဘော့စ်နှစ်ယောက်ကဲ့သို့ ချက်ချင်း မဖြေဘဲ ကျန်းပေါင်ဆီသို့ တစ်လှမ်းချင်း လျှောက်လာကာ သူတို့နှစ်ယောက်ကြား အကွာအဝေးကို ခြေလှမ်း ခြောက်လှမ်းစာမှ ခြေလှမ်း နှစ်လှမ်းစာထိ နီးကပ်စေခဲ့သည်။
ထို့နောက် ပရိသတ်ဘက်သို့ မျက်နှာမူ၍ “ ကျွန်တော့်အရှေ့က လူကြီးမင်းတွေက အများကြီး ပြောပြီးသွားပြီ ဆိုတော့ ဒီတစ်ခေါက် ကျွန်တော် ကျန်းပေါင်နဲ့ အလှည့်ပြောင်းပါရစေ။ ကျွန်တော့်ထက် သူ အရင် ဖြေတာကို ကြားချင်ပါတယ်။ ” ဟု ပြောလိုက်သည်။ ပရိသတ်တွေကလည်း “ ကောင်းတယ် ကောင်းတယ်။ ” ဟု ဖူမင်ရှစ်ရဲ့ စကားကို အပြည့်အဝ အားပေးထောက်ခံကြသည်။
ဖူမင်ရှစ်က ပြုံးပြီး မိုက်ခရိုဖုန်းကို ကျန်းပေါင်ထံ လွှဲပြောင်းပေးလိုက်သည်။ ကျန်းပေါင်က ပိုလို့တောင် စိတ်လှုပ်ရှားလာပြီး ဖူမင်ရှစ်ကို မကြည့်ရဲတော့ဘဲ မိုက်ခရိုဖုန်းကို ဖျစ်ညှစ်လျက် အဖြေဘုတ်ပြားပေါ်မှ အဖြေကို တိုးတိုးဖွဖွ ဖတ်ပြလိုက်သည်။ “ ကျွန် … ကျွန်မရဲ့ စိတ်ကို အနွေးထွေးစေဆုံး အရာကတော့ … ရှင် ကျွန်မ ရှိနေတဲ့ တောင်ပေါ်ကို ရောက်လာပြီး … ကျွန်မအတွက် အိမ် ဆိုတဲ့ အရာကို ပေးခဲ့တာပါ။ ”
သူမရဲ့ အသံက တဖြည်းဖြည်း တိုးလျသည်ထက် တိုးလျသွားသော်လည်း နောက်ဆုံး စကားလုံးတွေကိုတော့ မိုက်ခရိုဖုန်းမှ တစ်ဆင့် ကြည်လင်ပြတ်သားစွာ ကြားရသည်။ ထိုစကားလုံးတွေက တစ်စုံတစ်ယောက်ရဲ့ နှလုံးသားထဲမှာ ပန်းတွေ ဖူးပွင့်ဝေဆာလာသကဲ့သို့ သိမ်မွေ့ပြီး လူတွေရဲ့ စိတ်နှလုံးကို နူးညံ့သွားစေကာ အချစ်ကို မတွေ့ခင် အချိန်ထိ တောင်ပေါ်ရွာကလေးမှာ တစ်ယောက်တည်း နေခဲ့ရသော ကောင်မလေးအား ပွေ့ဖက်နှစ်သိမ့်ပေးချင်စိတ် ဝင်လာစေသည်။
သို့သော် ပရိသတ်တွေက သူမနှင့် အလှမ်းဝေးလွန်းသောကြောင့် ဖူမင်ရှစ်ဟု အမည်ရသော အမျိုးသားကိုပဲ အားကျစွာ ကြည့်နေခဲ့ကြသည်။ ဖူမင်ရှစ်က ခြေတစ်လှမ်းစီ လျှောက်လှမ်းသွားကာ သူ့ကောင်မလေးကို ညင်သာစွာ ပွေ့ဖက်၍ သူမရဲ့ ခေါင်းလေးကို အပေါ်မှ အုပ်မိုးနမ်းရှိုက်လိုက်၏။ ခုနတုန်းကထက် ပိုကျယ်သော လက်ခုပ်သံတွေ မိုးထိညံမတတ် ထွက်ပေါ်လာသည်။ ဖူမင်ရှစ်က ခေါင်းလေးကို စောင်းငဲ့၍ သူမကို ပြုံးပြလိုက်သည်။ အရူးမလေး … ထင်တဲ့အတိုင်း ငိုနေပါရောလား … ။
လက်ခုပ်သံတွေ ရပ်သွားတော့မှ ဖူမင်ရှစ်က ကျန်းပေါင်ကို ခပ်ဖြည်းဖြည်း လွှတ်ပေးလိုက်သည်။ ကျန်းပေါင်က တစ်ဖက်ကို မျက်နှာလွှဲကာ မျက်ရည်သုတ်ရင်း သူ့ကို ရှက်ကိုးရှက်ကန်း ပြုံးပြသည်။ သူမရဲ့ မျက်လုံးမှာ မျက်ရည်လေးတွေ စိုစွတ်နေဆဲပင် ရှိသေးသည်။
ဖူမင်ရှစ်က မိုက်ခရိုဖုန်းကို ဆုပ်ကိုင်လျက် ကျန်းပေါင်အား စက္ကန့်ပိုင်းလောက် စိုက်ကြည့်နေပြီးမှ စင်မြင့်အောက်ရှိ ပရိသတ်ဘက် လှည့်ကာ ဟာသပြောလိုက်သည်။ “ ပထမဆုံးအနေနဲ့ နောက်ဆုံးဂဏန်း ( ၄ ) နဲ့ ( ၅ ) သမားတွေက လက်လျှော့လို့ ရပါပြီ။ ကျန်းပေါင်နဲ့ ကျွန်တော် ဒီမေးခွန်းကို မှန်အောင် မဖြေနိုင်ပေမဲ့ သူ့အဖြေကို ကျွန်တော် တကယ် သဘောကျတယ်။ အဲ့ဒါကြောင့် ခဏနေရင် ခင်ဗျားတို့အတွက် ကံစမ်းမဲဖောက်ပေးပါ့မယ်။ ဆုကတော့ … နှစ်ပတ်လည် အစည်းအဝေးရဲ့ ဆုထက်တော့ များလို့ မရဘူးပေါ့လေ။ ဒါ့ကြောင့် ကျွန်တော် ပေးမယ့် ဆုကြေးတန်ဖိုးကို တစ်ယွမ် လျှော့လိုက်ပါ့မယ်။ ( ၁၉၉၉၉၉၉ ) ယွမ်ပေါ့။ ”
ဖူမင်ရှစ်ရဲ့ စကားဆုံးသည်နှင့် နောက်ဆုံးဂဏန်း ( ၄ ) နှင့် ( ၅ ) ရှိသော ပရိသတ်နှစ်ယောက်က အတူတူ မတ်တပ်ရပ်ပြီး အားရဝမ်းသာ လက်ခုပ်တီးကြသည်။ နှစ်ပတ်လည် အစည်းအဝေးအတွက် ပျော်ရွှင်ဖွယ်ရာ လေထုသည် အထွဋ်အထိပ်ကို ရောက်သွားခဲ့ပြီး လက်ခုပ်သံတွေဟာ အချိန် အတော် ကြာတော့မှ တဖြည်းဖြည်း စဲသွားခဲ့လေသည်။
ထိုအချိန်မှ ဖူမင်ရှစ်က ကျန်းပေါင်ဘက်သို့ မိုက်ခရိုဖုန်းမှ တစ်ဆင့် ပြောလိုက်သည်။ “ ကိုယ် အခု ဆက်ပြောမယ့် စကားက မင်းကို ပိုပြီးတော့တောင် စိတ်လှုပ်ရှားစေနိုင်တယ်။ ”
အရပ်ရှည်ကာ ရုပ်ချောသော အမျိုးသားသည် သူမကို စူးစိုက်ကြည့်နေခဲ့ပြီး ဩရှတိုးလျသော အသံဖြင့် သူ့ခံစားချက်တွေကို ဖွင့်ဟဝန်ခံကာ တစ်ချိန်တည်းမှာပဲ မထိတထိ စကားတွေနှင့် သူမကို ရင်ခုန်အောင် လုပ်နေပုံပေါ်သည်။ ကျန်းပေါင် မျက်နှာရဲသွားသလို ရင်ခုန်သံလည်း မြန်လာသည်။ သူမသည် ဖူမင်ရှစ် အဲ့ဒီလို ယုံကြည်ချက်နှင့် ဘာပြောမှာလဲ ဆိုတာ မခန့်မှန်းနိုင်ဘဲ ရင်ခုန်စွာ ကြည့်နေမိသည်။
ဖူမင်ရှစ်ဟာ သူမနှင့် ပရိသတ်တွေရဲ့ မျှော်လင့်စောင့်စားနေသော အကြည့်တွေအောက်မှာ ခြေလှမ်း တစ်ဝက်စာ နောက်ဆုတ်လိုက်ပြီး သူမကို ပြုံးပြသည်။ ပထမတော့ သူက သူမကို အပြုံးလေးနှင့် ကြည့်နေခဲ့တာ ဖြစ်ပြီး သူ့ခန္ဓာကိုယ်ကပါ တဖြည်းဖြည်း ငုံ့ကိုင်းလာခဲ့သည်။ ကျန်းပေါင်သည် သူ့မျက်နှာချောချောကို ကြောင်အမ်းအမ်းလေး လိုက်ကြည့်နေရင်းမှ ဖူမင်ရှစ်က အခု ဒူးတစ်ယောက် ထောက်ထားပြီ ဖြစ်ကြောင်း အချိန်နှောင်းမှ သတိထားမိသွားလေသည်။
“ ကိုယ်နဲ့ လက်ထပ်ဖို့ ဆန္ဒရှိလား ကျန်းပေါင်။ ”
ဖူမင်ရှစ်က မိုက်ခရိုဖုန်းကို ဘေးချလိုက်ပြီး ကျန်းပေါင်ရဲ့ လက်ကလေးကို ဆုပ်ကိုင်၍ မေးလိုက်သည်။ သူ့မျကဝန်းနက်တွေကတော့ သူမကို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့ပါသည်။
သူမကို မြို့တော်သို့ ခေါ်လာသော လမ်းမှာကတည်းက သူ့ဇနီးလောင်းအဖြစ် စတင် သတ်မှတ်ခဲ့တာ ဖြစ်ပြီး အခုထိလည်း သူ့ဘက်က ထိုအတိုင်း သဘောထားခဲ့သည်။ အခုအချိန်မှာ သူတို့နှစ်ယောက် ချစ်မေတ္တာသက်ဝင်နေပြီ ဖြစ်သလို စေ့စပ်တဲ့ အချိန်ကာလကလည်း သဘာဝကျကျ ရောက်ရှိလာခဲ့ပေမဲ့ သူမကို တစ်ခါမှ တရားဝင် လက်ထပ်ခွင့် မတောင်းရသေးကြောင်း သူ သတိရသွားသည်။
မူလတုန်းက သူမ ဘွဲ့ရတဲ့ အချိန်ထိ စောင့်ဖို့ စီစဉ်ထားခဲ့သော်လည်း ဒီညမှာ အခြေအနေတွေက မျှော်လင့်မထားစွာဖြင့် အံဝင်ခွင်ကျ ဖြစ်နေသည်။ ဖူမင်ရှစ်သည် အခွင့်အရေးကို မိမိရရ ဆုပ်ကိုင်ပြီး အစီအစဉ်တွေကို ဘေးဖယ်၍ စိတ်၏ စေ့ဆော်မှုအတိုင်း လက်ထပ်ခွင့်တောင်းလိုက်၏။
စင်မြင့်အောက်ကနေ လက်ခုပ်သံတွေ နောက်တစ်ကြိမ် သောင်းသောင်းဖြဖြ ထွက်ပေါ်လာသည်။ သို့သော် ကျန်းပေါင်ရဲ့ အမြင်အာရုံမှာတော့ ဒူးထောက်နေသော အမျိုးသားတစ်ယောက်တည်းသာ ရှိသည်။ သူမကို ဖူမင်ရှစ် အလွန် သဘောကျကြောင်း ၊ တစ်နေ့မှာ သူမကို သေချာပေါက် လက်ထပ်မှာ ဖြစ်ကြောင်း ကျန်းပေါင် သိသလို သူတို့နှစ်ယောက်ဟာ စေ့စပ်ပြီးသားမို့ ဒီလို ပုံသေကားကျ အရာမျိုး လုပ်စရာ မလိုဘူးလို့တောင် ခံစားခဲ့ရသည်။
ဒါပေမဲ့ သူမကို လက်ထပ်ခွင့်တောင်းနေသည့် ဖူမင်ရှစ်က အလွန် ကြည့်ကောင်းသည်။ နှလုံးသားထဲမှာ ဖူးပွင့်လာသော ကြည်နူးမှုတွေကို ကျန်းပေါင် မထိန်းချုပ်နိုင်ပါ။ “ ပျော်ရွှင်မှု ” ဟူသော စကားလုံးသည် နှစ်သစ်ကို ကြိုဆိုသည့် မီးရှူးမီပန်းတွေနှင့် တူပြီး ဖူမင်ရှစ်က ထိုမီးရှူးမီးပန်းတွေကို တောက်ပထွန်းညှိ၍ သူမရဲ့ နှလုံးသားထဲမှာ လင်းလက်ဖြာဝေစေခဲ့သည်။
ကျန်းပေါင်တစ်ယောက် ပျော်ရွှင်မှုတွေနှင့် မိန်းမောကာ ဘယ်လို တုံ့ပြန်ရမှန်းမသိ ဖြစ်နေတုန်းမှာပဲ သူမရဲ့ လက်ပေါ်မှာ အင်အားတစ်ခု ရောက်လာတာကို ရုတ်တရက် ခံစားလိုက်ရ၏။ ကျန်းပေါင် ဘာမှ မတုံ့ပြန်နိုင်သေးခင်မှာပဲ ဖူမင်ရှစ်က သူမကို ရင်ခွင်ထဲ ဆွဲသွင်းကာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်၍ နှုတ်ခမ်းချင်း ထိတယ် ဆိုရုံလေး နမ်းသည်။ ထို့နောက် လူချင်း ပြန်ခွာရင်း သူမရဲ့ နားရွက်နားသို့ ကပ်၍ “ ကိုယ်တို့ အိမ်ရောက်ရင် ဒါကို ဆက်လုပ်မယ်။ ” ဟု ခပ်တိုးတိုး ပြောသည်။
ကျန်းပေါင်ရဲ့ မျက်နှာလေး ရဲတက်လာကာ ဖူမင်ရှစ်နောက်မှာ ပုန်းနေချင်သွားသည်။ ဖူမင်ရှစ်က ပခုံးကို သိုင်းဖက်၍ ဘေးတစ်ဖက်သို့ ခေါ်လာပြီး စင်မြင့်အလယ်နေရာကို နောက်ထပ် စုံတွဲ နှစ်တွဲအတွက် နေရာဖယ်ပေးခဲ့သည်။
နောက်ထပ် နွေးထွေးစရာကောင်းသော အခိုက်အတန့် ( ၅ ) ခု အပြီးမှာတော့ အကြာကြီး စောင့်ခဲ့ရသော ကံစမ်းမဲနှိုက်သည့် အစီအစဉ် ရောက်လာခဲ့သည်။ ပထမအကြိမ်မှာ ကုမ္ပဏီမှ ပေးသော ဆုကို အရပ်ရှည်ရှည် ၊ ပိန်ပိန်ပါးပါးနှင့် ဝန်ထမ်းတစ်ယောက်က ရသွားပြီး ဒုတိယအကြိမ်မှာတော့ ဖူမင်ရှစ်က ကျန်းပေါင်ရဲ့ လက်ကို ဆွဲ၍ စင်မြင့်ပေါ် တက်ပြီး လက်မှတ်တစ်စောင်ကို ကံစမ်းမဲနှိုက်ခဲ့သည်။
လက်မှတ်နံပါတ်ကို ထုတ်ဖော်ပြောကြားချိန်မှာ ကျန်းပေါင် ကျားရှောင်ယုရဲ့ စိတ်လှုပ်ရှားစွာ အော်သံကို ကြားလိုက်ရသလို ထင်မိသော်လည်း ကျားရှောင်ယု ကံမကောင်းရှာပါ။ ကံစမ်းမဲပေါက်သွားသူက တည်ငြိမ်ခန့်ညားသော အသွင်အပြင်ရှိသည့် ဦးလေးကြီးတစ်ယောက်ပင်။
အဲ့ဒီလိုနှင့် ရှန်းကျစ်အုပ်စု နှစ်ပတ်လည် အစည်းအဝေးကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ခဲ့သည်။ စီနီယာ အမှုဆောင်တွေက စားသောက်ပွဲ ရှိသေးတာကြောင့် ကျန်းပေါင်က ဧည့်သည်အခန်းထဲမှာ ဖူမင်ရှစ်ကို ဆက်လက် အဖော်ပြုပေးရသည်။ ည ( ၁၀ ) နာရီ ကျော်တော့မှ သူတို့နှစ်ယောက် ဟိုတယ်မှ ပြန်ခဲ့ကြသည်။
***