← Chapters

အခန်း ၇၄

Vol. 7 Ch. 74

အခန်း ၇၄

Vol. 7 Ch. 74

အပိုင်း ( ၇၄ )

မြို့ပြရဲ့ ညမြင်ကွင်းဟာ ကြည်နူးဖွယ်ရာ သက်ဝင်လှုပ်ရှားနေသည်။ ဒရိုင်ဘာက အရှေ့မှာ ထိုင်ကာ ကားမောင်းနေချိန်မှာ သူတို့နှစ်ယောက်ကတော့ နောက်ခန်းမှာ ထိုင်နေခဲ့ကြသည်။ ဖူမင်ရှစ်က အရက်သောက်ထားတာကြောင့် သူ့လက်ဖဝါးက မီးကဲ့သို့ ပူပြင်းနေသည်ဟု ခံစားရသည်။ ကျန်းပေါင် သူတို့ရဲ့ ဆုပ်ယှက်ထားသော လက်တွေကို ကြည့်ရင်း တိတ်တိတ်လေး လှည့်ကြည့်လိုက်တော့ ဖူမင်ရှစ်ရဲ့ တောက်ပသော မျက်ဝန်းနက်များနှင့် အကြည့်ချင်း ဆုံသည်။

ကျန်းပေါင် အမြန် အကြည့်လွှဲလိုက်သည်။

ဖူမင်ရှစ်ကတော့ သူမရဲ့ လက်ကို ဖျစ်ညှစ်၍ သူ့စိတ်ကို ဆက်လက် ချုပ်တည်းထားခဲ့သည်။

ကားက အပန်းဖြေစံအိမ်ရှေ့မှာ ရပ်သွားသည်။ ကျန်းပေါင်က ကားပေါ်မှ ဆင်းချင်သော်လည်း ဖူမင်ရှစ်က သူမကို ဆင်းခွင့်မပေးဘဲ သူကိုယ်တိုင် ကားတစ်ဖက်ကို လှည့်ပတ်လာကာ ကားတံခါးဖွင့်ပေး၍ ကျန်းပေါင် လှစ်ခနဲ ပြုံးလိုက်မိသည်။ သူ အရက်မူးနေတာပဲ ဖြစ်ရမည်။ မဟုတ်ရင် သတင်းထောက်တွေ သတင်းရေးနိုင်စေရန်အတွက် ဒီလိုမျိုး ပိုပိုကဲကဲ ဂရုစိုက်ပြနေမည် မဟုတ်။ ပုံမှန်အားဖြင့် ဖူမင်ရှစ်ဟာ ကားပေါ်မှ သီးခြားစီ ဆင်းတာကို ပိုသဘောကျသူ ဖြစ်သည်။ သူ ဘယ်သူ့အတွက် လူကြီးလူကောင်းလို ပြုမူနေတာလဲ … ။

သို့သော်လည်း အပြင်ဘက်ကနေ ကားတံခါး ပွင့်သွားပြီး ဖူမင်ရှစ်ရဲ့ လူကြီးလူကောင်းဆန်သော အမူအရာကို မြင်ချိန်မှာတော့ ကျန်းပေါင်ရဲ့ နှလုံးသားထဲမှာ ကြည်နူးသွားသည်။ ကျန်းပေါင် ထိုကြည်နူးမှုကို တစိမ့်စိမ့် ခံစားနေ‌တုန်းမှာပဲ ဖူမင်ရှစ်က သူမအား မင်းသမီးလေးတစ်‌ပါးကို ပွေ့ချီသကဲ့သို့ ရုတ်တရက် ပွေ့ချီလိုက်သည်။

ကျန်းပေါင်သည် စက္ကန့်ပိုင်းလောက် ကြောင်အနေပြီးမှ ကိုယ့်ကိုယ်ကိုယ် ဟန်ချက်ညီအောင် ထိန်းကာ “ ရှင် ကောင်းကောင်းရော လမ်းလျှောက်နိုင်သေးရဲ့လား။ ” ဟု စိုးရိမ်ပူပန်စွာ မေးလိုက်၏။ သူ အရက်မူးနေတာမို့ လှေကားပေါ် တက်ချိန်မှာ အန္တရာယ်များမည်ကို စိတ်ပူစရာကောင်းသည်။

ဖူမင်ရှစ်က သူမရဲ့ တင်ပါးကို ဖျစ်ညှစ်ရင်း “ ကိုယ့်ကို အထင်မသေးပါနဲ့။ ” ဟု ပြန်ပြောသည်။

မျက်စိတစ်မှိတ်အတွင်း လူကြီးလူကောင်း ဖြစ်ကာ လျှပ်တစ်ပြက်ပဲ လူရမ်းကားတစ်ယောက်အဖြစ် အသွင်ပြောင်းလဲသွားသည်။ သူ့အပြုအမူ ၊ အကြည့် အရာအားလုံးမှာ ရမ်းကားသော အငွေ့အသက်တွေ ဖုံးလွှမ်းနေသည်။ သို့သော်လည်း ထိုအရာကပဲ ကျန်းပေါင်ရဲ့ နှလုံးသားကို ဆန်းကြယ်စွာ မငြိမ်မသက် လှုပ်ခတ်စေသည်။

ကျန်းပေါင် မျက်နှာလေး ရဲသွားပြီး ဖူမင်ရှစ်ရဲ့ ပခုံးကို မှီထားလိုက်သည်။ ဖူမင်ရှစ် လှေကားနားသို့ ရောက်လာချိန်မှာတော့ “ ဖြည်းဖြည်း တက်နော်။ ” ဟု အကြံမပေးဘဲ မနေနိုင်ပါ။ ဖူမင်ရှစ်က ‘ အင်း ’ တစ်လုံးတည်းသာ ခပ်တိုးတိုး တုံ့ပြန်ပေမဲ့ ကျန်းပေါင်ကတော့ သူ့ခြေလှမ်း တစ်လှမ်းစီတိုင်းကို စိုးရိမ်ပူပန်စွာ ရေတွက်နေမိသည်။ ဖူမင်ရှစ်ရဲ့ လမ်းလျှောက်နှုန်းက ပုံမှန်အတိုင်းပဲ ဖြစ်သည်။

ပထမထပ်နှင့် ဒုတိယထပ်ကို တက်လာအပြီး တတိယထပ် အလယ်ကို ရောက်တော့မှ ကျန်းပေါင် စိတ်အေးသွားသည်။ သို့သော် ထိုအချိန်မှာပဲ ဖူမင်ရှစ်က ရုတ်တရက် ယိမ်းယိုင်သွားသောကြောင့် ကျန်းပေါင် သူ့ပခုံးကို ကြောက်လန့်တကြား ပွေ့ဖက်လိုက်ပြီး ဇောချွေးတွေ ပြန်လာသည်။

သူမရဲ့ ခေါင်းပေါ်ကနေ ဖူမင်ရှစ်ရဲ့ ပျော်ရွှင်သော ရယ်သံ ထွက်ပေါ်လာသည်။ ကြောက်စိတ်မပြေသေးတဲ့ ကျန်းပေါင်သည် သူ့ရင်ဘတ်ကို ဒေါသတကြီး ဆွဲလိမ်လိုက်မိသည်။ ဒါက စ,စရာ နောက်စရာ ကိစ္စမှ မဟုတ်တာ … ။

“ မင်း ကိုယ့်ကို မယုံတဲ့အတွက် သင်ခန်းစာပေးခံရတာပဲ။ ” ဖူမင်ရှစ်သည် နောက်ဆုံး လှေကားထစ်ကို တက်ပြီးနောက် ခြေလှမ်း အနည်းငယ် ဆက်လျှောက်ပြီး ညစ်ကျယ်ကျယ် ပြောလိုက်သည်။ သူမက သူ့ရဲ့ အဖိုးတန်ဆုံး ရတနာလေးပင်။ သူ ပြုတ်ကျလျှင်တောင် သူမကို ထိခိုက်ခံမှာ မဟုတ်။

အခန်းထဲ ရောက်တဲ့အခါ ကျန်းပေါင်က အခန်းမီးဖွင့်ချင်သော်လည်း ဖူမင်ရှစ်ကတော့ တစ်ဖက်သို့ လှည့်၍ ကျွမ်းကျင်စွာ အနေအထားပြောင်းကာ ကျန်းပေါင်အား နံရံနှင့် ဖိကပ်ထားလိုက်သည်။ ပိန်းပိတ်အောင် မှောင်မည်းနေသော အခန်းထဲမှာ သူ့ခန္ဓာကိုယ်မှ အရက်နံ့ပြင်းပြင်း ပျံ့လွင်လာပေမဲ့ ကျန်းပေါင် ထိုအနံ့ကို သဘောကျသည်။ သူမရဲ့ နှုတ်ခမ်းပေါ်ကို ဖူမင်ရှစ်ရဲ့ နှုတ်ခမ်းတွေ ကျရောက်လာချိန်မှာ ကျန်းပေါင်လည်း သူ့မျက်နှာကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းနှင့် လျှာတွေ ရောထွေးသွားသည်။

အနမ်းရှည်ကြီး ပြီးဆုံးသွားတော့ ဖူမင်ရှစ်က နဖူးချင်းဖိကပ်ပြီး “ ပျော်လား။ ” ဟု မေးသည်။

ကျန်းပေါင် ခေါင်းညိတ်ပြလိုက်သည်။ “ အင်း။ ”

“ ကိုယ် လက်စွပ်တို့ ၊ နှင်းဆီပန်းတို့ ပြင်ဆင်မထားမိတာ ဆိုးတာပဲ။ ” ဟု ဖူမင်ရှစ်က အနည်းငယ် နောင်တရစွာ ပြောလိုက်သည်။ စိတ်လိုက်မာန်ပါ လုပ်တာ ဘယ်တော့မှ မကောင်း။

ကျန်းပေါင် ပြုံးလိုက်ပြီး သူ့လည်ပင်းကို သိုင်းဖက်၍ “ ကျွန်မအတွက် ရှင် ရှိနေတာနဲ့တင် လုံလောက်ပါပြီ။ ” ဟု နူးညံ့စွာ ပြောလိုက်သည်။ သူမအတွက် လက်စွပ်တွေ ၊ နှင်းဆီပန်းတွေ မလိုအပ်ပါ။ လက်ထပ်ခွင့်တောင်းရာမှာ သူမ အလိုချင်ဆုံး အရာက သူ့ကိုသာ ဖြစ်သည်။

“ မင်း အခု ချိုမြိန်တဲ့ စကားလေးတွေ ပြောတတ်လာပြီပဲ။ ” ဖူမင်ရှစ်က သူမကို လက်တစ်ဖက်တည်းနှင့် ပြောင်းလဲပွေ့ချီလိုက်ပြီး ညာလက်က သူမရဲ့ ဂါဝန်ဇစ်သို့ ရောက်သွားကာ ရုတ်တရက် စကားလမ်းကြောင်းပြောင်းလိုက်သည်။ “ ဒီည မင်း အဖြေမှားဖြေခဲ့တာကို ကိုယ် မှတ်မိသေးတယ်။ ”

ကျန်းပေါင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားတာက အိမ်ပြန်ရောက်လျှင် စာရင်းရှင်းမယ်ဟု ပြောထားသော သူ့စကားကြောင့်လား ၊ သို့မဟုတ် သူ့လက် ပွတ်သပ်နေတဲ့ နေရာကြောင့်လား မသိပါ။

“ မင်းကို ဘယ်လို အပြစ်ပေးရင် ကောင်းမလဲ။ ”

မှောင်မည်းနေသော အခန်းထဲမှာ ထိုအမျိုးသားက ကျေနပ်ပျော်ရွှင်နေသော ဩရှရှ အသံနှင့် သူမနားရွက်နားသို့ ကပ်၍ တိုးလျလျ ပြောသည်။

နှစ်ပတ်လည် အစည်းအဝေး ပြီးဆုံးသွားပြီးနောက် သိပ်မကြာခင်မှာပဲ နွေဦးပွဲတော် ရောက်ရှိလာခဲ့သည်။ ပွဲတော် မတိုင်ခင်မှာ ဖူမင်ရှစ်က ကျန်းပေါင်ရဲ့ လူကြီးမိဘတွေကို ဂါရဝပြုရန်အတွက် ကျန်းပေါင်နှင့်အတူ သူမရဲ့ မွေးရပ်မြေသို့ လိုက်သွားခဲ့ပြီး ထိုမွေးရပ်မြေမှာ နှစ်ရက် နေထိုင်ပြီးမှ နှစ်သစ်ကူးပွဲတော်ကို ဖူမိသားစု ခြံဝန်းအိမ်မှာ မိသားစုစုံညီ ဖြတ်သန်းရန်အတွက် မြို့တော်သို့ ပြန်လာခဲ့သည်။

မိသားစုဝင်တွေ ပြန်လည် ဆုံစည်းသည့် ညစာစားပွဲမှာ အဘိုးဖူက လူငယ်စုံတွဲလေးကို “ မင်းတို့ ဘယ်တော့လောက် ကလေးယူဖို့ စီစဉ်ထားလဲ။ ” ဟု ခပ်ပြုံးပြုံး မေးသည်။

အဘိုးဖူရဲ့ မေးခွန်းက သဘာဝကျသော်လည်း ကျန်းပေါင်သည် မကြားချင်ယောင်၍ ခေါင်းငုံ့ကာ ဖက်ထုပ်လေးတွေကို ငုံ့စားနေခဲ့သည်။ ထိုအခါ ဖူမင်ရှစ်က အဟမ်း အဟမ်းဟု ချောင်းဟန့်ပြီး “ ကျွန်တော်တို့က ဇွန်လမှာ လက်ထပ်မှာ ဆိုတော့ ဒီနှစ်ထဲမှာ သတင်းကောင်းတွေ ကြားရလောက်မှာပါ။ ” ဟု ပြောလိုက်သည်။

အဘိုးဖူ သဘောပေါက်သွားသည်။ သူ့မြေးဟာ မင်္ဂလာဆောင်ပြီးမှ ကလေးယူဖို့ စီစဉ်ထားတာပင်။ မကျေမနပ် ဖြစ်သွားသော အဘိုးဖူက စုံတွဲလေးကို လက်ချိုး၍ ရေတွက်ပြလိုက်သည်။ “ တော်တော်များများက အရင်ဆုံး ကိုယ်ဝန်ရအောင် လုပ်ပြီးမှ မင်္ဂလာဆောင်ကြတာ။ မင်းတို့နှစ်ယောက် အေပရယ်လကတည်းက စလို့ ရပြီ။ မင်္ဂလာဆောင်တဲ့ အချိန်မှာ ကျန်းပေါင်ရဲ့ ကိုယ်ဝန်က နှစ်လ ၊ သုံးလပဲ ရှိဦးမှာ ဆိုတော့ သတို့သမီးဝတ်စုံ ဝတ်ဖို့လည်း အဆင်ပြေမှာပါ။ ”

အဘိုးဖူသည် နှစ်သစ်မှာ မြစ်ကလေးကို ချီရန် စိတ်အားထက်သန်လှပြီ ဖြစ်သည်။ ကျန်းပေါင်က အဘိုးဖူရဲ့ ဆန္ဒကို ငြင်းပယ်ဖို့ အားနာသောကြောင့် ဖူမင်ရှစ်က သူမမှာ ဘွဲ့မယူခင် စာတမ်းပြုစုဖို့အတွက် ပြင်ဆင်ရဦးမည် ဖြစ်ကြောင်း ရှင်းပြလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ဖူမင်ရှစ်က အဘိုးဖူကို ထောက်ခံပုံဖြင့် ဘာမှ မပြောဘဲ ပြုံးရုံသာ ပြုံးနေခဲ့လေသည်။ ထို့ကြောင့် ကျန်းပေါင်တစ်ယောက် စိတ်ပူစပြုလာခဲ့သည်။

ထိုညမှာ ဖူမင်ရှစ်က သူမရဲ့ ခန္ဓာကိုယ်ပေါ်တွင် အုပ်မိုးဖိကပ်ထားချိန်မှာ ကျန်းပေါင်က သူ့ပခုံးကို တွန်းဖယ်၍ “ ရှင် အေပရယ်လမှာ စမ်းကြည့်ချင်နေတာတော့ မဟုတ်ပါဘူးနော်။ ” ဟု မေးလိုက်သည်။ အကာအကွယ် မသုံးဘဲနဲ့လေ … ။

ဖူမင်ရှစ်က အဲ့ဒီလောက် အလောတကြီး ဖြစ်မနေပါ။ သူက ကျန်းပေါင်ရဲ့ လက်ကလေးကို ဆုပ်ကိုင်ပြီး သူမရဲ့ ခေါင်းပေါ်သို့ မြှောက်၍ ငုံ့နမ်းလိုက်သည်။ “ ကိုယ်တို့ ခဏနေရင် ဟန်နီးမွန်းအကြောင်း ဆွေးနွေးကြမယ်။ ”

အဲ့ဒီတော့မှ ကျန်းပေါင် စိတ်သက်သာရာရသွားသော သက်ပြင်းလေးကို မှုတ်ထုတ်နိုင်တော့သည်။ ဖူမင်ရှစ်က သူမကို ကြည့်ပြီး ခပ်တိုးတိုး ရယ်မိသည်။ အဘိုးရဲ့ အစီအစဉ်က အရမ်း ကတိုက်ကရိုက်နိုင်လွန်းပါသည်။ သူ ကျန်းပေါင်ကို မင်္ဂလာပွဲအတွက် ပျော်ပျော်ရွှင်ရွှင်သာ ပြင်ဆင်စေချင်သည်။ စောစော ကလေးယူလိုက်လျှင် ကျန်းပေါင် ဘွဲ့ယူရမည့် ကိစ္စတွေနှင့် အလုပ်ရှုပ်နေတုန်း ပင်ပန်းစရာတိုးလာစေလိမ့်မည်။ သူ ကျန်းပေါင်အပေါ် အဲ့ဒီလို မလုပ်ရက်ပေ။

နှစ်သစ်ကူးပြီးနောက်မှာ ကျောင်းတွေကို ပြန်လည် ဖွင့်လှစ်ခဲ့သည်။ ဘွဲ့ယူရတော့မည့် ပဉ္စမနှစ်ကျောင်းသား ၊ ကျောင်းသူတွေအတွက် ခြောက်လ ဟူသော အချိန်ဟာ တသွင်သွင် စီး‌ဆင်းနေသည့် ရေအလျင်ထက်တောင် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဘွဲ့ရကျောင်းသူ ၊ ကျောင်းသားတွေအား ကျောင်းအဆောင်မှ ထွက်သွားခိုင်းသော အသိပေးစာတွေကို တက္ကသိုလ်ဘက်မှ အချန်မီ ပို့လာခဲ့သည်။

ဘယ်လောက်တောင် ရက်စက်လိုက်သလဲ … ။

ကျန်းပေါင်နှင့် သူမရဲ့ အခန်းဖော် သုံးယောက်လုံး အောင်မြင်စွာ စာတမ်းပြစုနိုင်ခဲ့သည်။ ကျားရှောင်ယုနှင့် ချန်းလီလီတို့က အလုပ်ရှာတွေ့ထားပြီ ဖြစ်ပြီး လူချမ်းသာ မိန်းမလှလေး ဖန်ရွှမ်းကတော့ နိုင်ငံခြားသို့ ခရီးသွားရန် စီစဉ်ထားကာ ခရီးက ပြန်ရောက်တော့မှ အလုပ်ရှာလိမ့်မည် ဖြစ်သည်။

တက္ကသိုလ်ပရဝုဏ်ထဲမှ မထွက်ခွာမီ နောက်ဆုံးညတွင် အမျိုးသမီး လေးယောက်သည် အပြင်မှာ စားကောင်းသောက်ဖွယ်တွေကို စားသောက်ပြီးနောက် အဆောင်သို့ ပြန်လာပြီး ကျောင်းသားဘဝ ပြီးဆုံးသွားချိန်မှာ ကြုံတွေ့ရမည့် ဘဝအကြောင်းကို စိတ်ကူးယဉ်နေခဲ့ကြသည်။

ကျားရှောင်ယုက ကျန်းပေါင်ကို ဖက်ပြီး “ ငါတို့ထဲမှာ ဘွဲ့ရပြီးတာနဲ့ လူချမ်းသာ မိသားစုနဲ့ တန်းလက်ထက်မယ့် ကျန်းပေါင်က အောင်နိုင်သူကြီးပဲ။ ငါတို့လို သာမန်လူတွေကတော့ အားကျရုံပဲ တတ်နိုင်တယ်ဟေ့။ ” ဟု အော်ပြောခဲ့သည်။ “ ဪ ဟုတ်သားပဲ။ နင် မင်္ဂလာမဆောင်ခင် အချိန်ထိ ဆေးရုံမှာ အလုပ်ဆက်လုပ်ဦးမှာလား ကျန်းပေါင်။ ”

ကျန်းပေါင်က ခေါင်းခါယမ်းပြလိုက်သည်။ “ မင်္ဂလာမဆောင်ခင် လုပ်စရာ အလုပ်တွေ အများကြီး ရှိသေးတယ်။ ငါ ဆေးရုံကို ဩဂတ်စ်လမှ စလုပ်နိုင်မယ်လို့ ပြောထားတယ်။ ”

“ နင်က အရူးမပဲ။ ဥက္ကဌဖူက အဲ့လောက် ချမ်းသာတာကို နင်က ဘာအတွက် အလုပ်,လုပ်စရာ လိုမှာလဲ။ အိမ်မှာပဲ နေပြီး သူ့ရဲ့ မဟေသီ လုပ်စမ်းပါ။ ” ဖန်ရွှမ်းက ကျန်းပေါင်ကို ဂြိုလ်သားတစ်ကောင်ကဲ့သို့ ကြည့်နေခဲ့သည်။

ကျန်းပေါင်ကတော့ ပြုံးရုံသာ ပြုံးလိုက်သည်။ နေ့တိုင်း ဘာမှ လုပ်စရာ မရှိလျှင် အရမ်း ပျင်းစရာကောင်းလိမ့်မည်မို့ သူမ လုပ်စရာ အလုပ်တစ်ခုခုတော့ လိုအပ်နေပါသေးသည်။

ချန်းလီလီက “ နင် သတို့သမီးဝတ်စုံ စမ်းဝတ်တဲ့ အချိန်ကျရင် ငါတို့ကို အသိပေးနော်။ ဓာတ်ပုံတွေ ပို့ဖို့လည်း မမေ့နဲ့။ ” ဟု အားရဝမ်းသာ ပြောသည်။

ကျန်းပေါင် ခေါင်းညိတ်ပြလိုက်သည်။ သူမ နိုင်ငံခြားအထိ သွားပြီး သတို့သမီးဝတ်စုံ မဝယ်ရဘူး ဆိုလျှင်တော့ သူမရဲ့ အခန်းဖော်တွေကို သေချာပေါက် ဖိတ်ကြားမည် ဖြစ်သည်။

သူတို့ လေးယောက်သည် ကျန်းပေါင်ရဲ့ မင်္ဂလာဆောင် ၊ သူတို့ရဲ့ လုပ်ငန်းခွင်နှင့် အချစ်အတွက် မျှော်လင့်ချက်တွေအကြောင်း စကားစမြည် ပြောရင်း မနက် တစ်နာရီထိုးတော့မှ အာတွေလည်း ခြောက် ၊ လျှာတွေလည်း ညောင်းကာ အသီးသီး အိပ်ရာဝင်ခဲ့ကြသည်။

နောက်တစ်နေ့ ရောက်တော့ ကျားရှောင်ယုက တက္ကသိုလ်ပရဝုဏ်ထဲမှ အရင်ဆုံး ထွက်ခွာသွားသည်။ ချန်းလီလီနှင့် ဖန်ရွှမ်းကလည်း အထုပ်အပိုးတွေ သိမ်းဆည်းပြီးသည်နှင့် အလျှိုလျှို ထွက်သွားကြသည်။ ကျန်းပေါင်က သူမရဲ့ အခန်းဖော် တစ်ယောက်ချင်းစီကို လိုက်ပို့ပေးရင်း အဆောင် အခန်းလွတ်ထဲမှာ ဖူမင်ရှစ်ကို စောင့်ဆိုင်းနေခဲ့လေသည်။

သူမရဲ့ နှလုံးသားထဲမှာ တည်ငြိမ်အေးချမ်းမှုကို မရနိုင်ဘဲ သူမ ငါးနှစ်လုံးလုံး နေခဲ့သည့် အဆောင်အခန်းလေးကို လှည့်ပတ်ကြည့်ရင်း အမှတ်တရကို လွမ်းဆွတ် သတိရလာမိသည်။

ထိုအခိုက်မှာပဲ တံခါးခေါက်သံ ကြားလိုက်ရ၏။

ကျန်းပေါင် အပြုံးတွေကို မဖုံးဖိနိုင်တော့ဘဲ တံခါးဆီ သွားကာ “ ဘယ်သူလဲ။ ” ဟု ခပ်တိုးတိုး မေးလိုက်သည်။ “ မင်းရဲ့ အိမ်ဦးနတ်ပါ။ ” ဟူသော ဆွဲဆောင်မှုရှိသည့် ယောက်ျားအသံ တိုးတိုးက တံခါးအပြင်ဘက်ကနေ ထွက်ပေါ်လာသည်။

ကျန်းပေါင် ကြည်နူးသွားကာ အခန်းတံခါးကို အနည်းငယ် ဖွင့်ဟပေးလိုက်သည်။ ဖူမင်ရှစ်က ထိုအဟလေးကြားမှ မရမက တိုးဝင်လာကာ သူမကို တံခါးနှင့် ဖိကပ်၍ နမ်းရှိုက်နေခဲ့သည်။

ငါးနှစ် … သူ ငါးနှစ်တိတိ စောင့်ခဲ့ပြီးပါပြီ။ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက သူကိုယ်တိုင် ကျန်းပေါင်အား ဒီအဆောင်အခန်းလေးထဲကို ခေါ်လာခဲ့သည်။ အခုတော့ သူမကို သူ ပိုင်ဆိုင်သော စည်းစိမ်ဥစ္စာတွေရဲ့ သခင်မအဖြစ် သူနှင့်အတူ တစ်သက်လုံး ရှိနေစေရန် ခေါ်သွားပါတော့မည်။

“ အားလုံး ထုပ်ပိုးသိမ်းဆည်းပြီးပြီလား။ ”

“ အင်း။ ”

“ ကောင်းတယ်။ ဒါဆို အိမ်ပြန်ရအောင်။ ”

ကျန်းပေါင် ဘွဲ့ယူပြီးနောက်တွင် ဖူမင်ရှစ်က သူမကို ခေါ်၍ ဥရောပတစ်ခွင် ခရီးထွက်ခဲ့သည်။ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို UK ရှိ ရဲတိုက်တစ်လုံးတွင် ကျင်းပမည် ဖြစ်ပြီး မင်္ဂလာပွဲ မကျင်းပသေးမီမှာ ကျန်းပေါင်အတွက် သတို့သမီးဝတ်စုံ စမ်းသပ်ဝတ်ဆင်ရန်အတွက် ရောမမြို့သို့ အရင်ဆုံး ထွက်လာခဲ့သည်။

ကျန်းပေါင်ရဲ့ သတို့သမီးဝတ်စုံက နတ်သမီးဝတ်စုံနှင့်ပင် တူသော လှပရှည်လျားသည့် အဖြူရောင် ဂါဝန်ရှည်ကြီး ဖြစ်သည်။ ကျန်းပေါင်ပင်လျှင် မှန်ထဲက သူမရဲ့ ပုံရိပ်ကို ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် မတူညီသည့် လူတစ်ယောက်လို ခံစားလိုက်ရသည်။ အပြင်မှာ စောင့်နေမည့် သတို့သားလောင်းကို သတိရသွားသောအခါ သတို့သမီးဝတ်စုံ ဝတ်ဆင်ထားသော သူမအား ဖူမင်ရှစ်ကို အားလုံးထက် အရင်ဆုံး မြင်စေချင်မိသည်။

အမျိုးသမီးတစ်ယောက်က သတို့သမီးဝတ်စုံ ဝတ်ထားချိန်မှာ အလှဆုံးဟု ဆိုကြသည်။ ကျန်းပေါင် သူ့မျက်လုံးထဲက အံ့ဩမှု အရိပ်အယောင်တွေကို ကြည့်ရန် မစောင့်နိုင်တော့ပါ။ အတော်လေး စိတ်ရှည်သော ဖူမင်ရှစ်ကလည်း ကျန်းပေါင် သတို့သမီးဝတ်စုံ ဝတ်ပြီး ထွက်လာတာကို မြင်သောအခါ အပြုံးလေးဖြင့် လျှောက်သွားပြီး လက်ကမ်းပေးသည်။ ထို့နောက် သူမရဲ့ ပါးရဲရဲလေးတွေကို ကြည့်ပြီး “ မင်းနဲ့ ကောင်းကောင်း တော်ရဲ့လား။ ” ဟု မေးသည်။

ကျန်းပေါင် ခေါင်းညိတ်ပြလိုက်သည်။ အံဝင်ခွင်ကျရှိလွန်းတဲ့အတွက် သူမရဲ့ ရင်ဘတ်ကိုတောင် ပို၍ လုံးဝန်းပြည့်တင်းပုံပေါ်သွားစေကာ ကျန်းပေါင် ကိုယ့်ကိုယ်ကိုယ် ကြည့်ဖို့တောင် ရှက်မိသည်။

ဖူမင်ရှစ်က သူမရဲ့ နားရွက်နားသို့ ကပ်၍ “ မင်း အရမ်း လှနေတယ်။ ” ဟု တိုးဖွဖွ ပြောသည်။

ကျန်းပေါင်က စနောက်သလို အမူအရာလေးနှင့် သူမရဲ့ ဖုန်းကို လှုပ်ယမ်းပြလိုက်သည်။ “ ကျွန်မ ဓာတ်ပုံတွေလည်း ရိုက်ထားတယ်။ ရှင် အဲ့ဓာတ်ပုံတွေကို အရင်ဆုံး ကြည့်ချင်လား။ ”

ဖူမင်ရှစ်က ကျနိးပေါင်ရဲ့ လက်ကို သူ့မျက်နှာနားသို့ ဆွဲယူပြီး နှုတ်ခမ်းနှင့် ထိကပ်တယ် ဆိုရုံလေး နမ်းရှိုက်လိုက်သည်။ သူ့ရဲ့ မျက်ဝန်းနက်တွေကတော့ သူမကို ယစ်ယစ်မူးမူး ကြည့်နေသည်။ “ ခဏလောက် ထပ်စောင့်ပါဦး။ ”

သတို့သမီးဝတ်စုံကို စမ်းသပ်ဝတ်ဆင်ပြီးနောက် ဖူမင်ရှစ်က ကျန်းပေါင်အား ရောမမြို့တစ်ပတ်သို့ လမ်းလျှောက်ထွက်ရန် ခေါ်သွားခဲ့သည်။ ကျန်းပေါင်က ဓာတ်ပုံရိုက်ရတာ သဘောကျသည်။ Colosseum ( ရောမခေတ် အမိုးမဲ့ ပွဲကြည့်စင်ဝိုင်း ) ၊ Pantheon ( နတ်ဘုရားတွေကို ကိုးကယ်ပူဇော်သည့် ဘုရားကျောင်း ) ၊ Piazza di Spagna ( ရောမမြို့ရှိ နာမည်ကြီး မြို့လယ်ရင်ပြင် ) စသည့် နေရာတွေမှာ လည်ပတ်နေသော ကျန်းပေါင်ရဲ့ ပုံစံဟာ မြို့ပြသို့ ပထမဆုံးအကြိမ် ရောက်လာသည့် ကျေးတောသူမလေးတစ်ယောက်နှင့် တူသည်။

သူမက နာမည်ကျော် လည်ပတ်စရာတွေကို တစ်နေရာပြီး တစ်နေရာ မရပ်မနား လည်ပတ်ရင်း အရာရာတိုင်းကို စူးစမ်းချင်နေခဲ့သည်။ သူမ သဘောကျ နှစ်သက်သော အဆောက်အအုံတွေ ၊ နေရာတွေကို မြင်တိုင်း အပြုံးလေးဖြင့် ပြေးသွားကာ ဖူမင်ရှစ်ကို နူးညံ့ကြည်လင်သော မျက်လုံးလေးများနှင့် လှည့်ကြည့်သည်။ ထိုမျက်လုံးထဲမှာ အားတုံ့အားနာဖြစ်နေသော အရိပ်အယောင်တွေ ယှက်သန်းနေသည်။

ဒီလိုမျိုး ဓာတ်ပုံတွေ အများကြီး ရိုက်ခိုင်းလိုက်တော့ ဖူမင်ရှစ်က သူမကို တစ်ကိုယ်ကောင်းဆန်တယ်လို့ မထင်ဘူးလား … ။

ဖူမင်ရှစ်က ဘယ်လိုလုပ် အဲ့လို တွေးနိုင်မှာလဲ … ။ သူနှင့် သက်ဆိုင်သော ကောင်မလေးကို ကင်မရာမှန်မှ တစ်ဆင့် ငေးကြည့်ရင်း ‘ အဖိုးတန်သော အလှတရားလေးတစ်ခု ’ လို့သာ ခံစားရသည်။ နေဝင်ဆည်းဆာချိန်တွင် Trevi Fountain ( ရောမမြို့ရှိ နာမည်ကျော် ရေပန်း ) သို့ သွားသော လမ်းမှာ ရုတ်တရက် မိုးဖွဲလေးတွေ စတင် ကျလာခဲ့ပြီး မကြာခင် မိုးသည်းလာတော့မည့် လက္ခဏာတွေ ရှိသည်။

လူတချို့က သွက်လက်စွာ စတင် ပြေးလွှားနေပေမဲ့ လူတချို့ကတော့ မိုးရေအောက်မှာ စိတ်အေးလက်အေး လမ်းလျှောက်နေခဲ့ကြသည်။ ကျန်းပေါင်သည် Trevi Fountain သို့ ရောက်အောင် သွားချင်သော်လည်း ဖူမင်ရှစ် မိုးမိပြီး နေမကောင်းဖြစ်မှာ စိတ်ပူရသည်။ ဖူမင်ရှစ်က သူမနှင့် မတူဘဲ ငယ်ရွယ်စဉ်ကတည်းက အလိုလိုက်ခံထားရသော သခင်လေး ဖြစ်သည်။ တကယ်လို့ သူ နေမကောင်းဖြစ်သွားရင် … ။

ကျန်းပေါင်က ခေါင်းလေးကို စောင်းငဲ့၍ “ ဟော်တယ်ကို ပြန်ကြမလား။ ” ဟု အသံတိုးတိုးလေးနှင့် အကြံပြုလိုက်သည်။ သူမရဲ့ မျက်နှာပေါ် ကျဆင်းလာသော မိုးရေစက် အမှုန်အမွှားလေးတွေရဲ့ အထိအတွေ့က မက်မွန်ပန်းပွင့်လေးတွေနှင့် တူသည်။ သူမရဲ့ ပန်းရောင်နှုတ်ခမ်းလေးတွေက ဟိုတယ်ကို ပြန်ဖို့ ပြောနေပေမဲ့ မှုန်ရီသော မျက်လုံးလေးတွေကတော့ ရေပန်းဆီ သွားချင်ကြောင်း ဖော်ပြနေသည်။

ဖူမင်ရှစ်က သူမရဲ့ နဖူးလေးကို ပုတ်ကာ “ ဒီလို မိုးရွာနေတာက အရမ်း ရိုမန့်တစ်ဆန်တယ်လို့ မထင်ဘူးလား။ ” ဟု စကားဦးသန်းလိုက်သည်။

ကျန်းပေါင် ပျော်ရွှင်စွာ ရယ်မောပြီး ခြေဖျားထောက်လိုက်တော့ ဖူမင်ရှစ်က သူမရဲ့ ပခုံးကို ကျွမ်းကျင်စွာ ပွေ့ဖက်ကာ သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်၏။ ထို့နောက် သူမရဲ့ မျက်နှာပေါ်ကို အနမ်းမိုးတွေ သည်းသည်းထန်ထန် ရွာကျလာသည်။ သူတို့ရဲ့ မျက်နှာပေါ်ကို မိုးဖွဲလေးတွေ အဆက်မပြတ် ကျဆင်းနေတာမို့ အနည်းငယ် အေးစက်နေပေမဲ့ အနမ်းတွေကတော့ ပူနွေးသည်။ သူတို့ခန္ဓာကိုယ်ပေါ်ကို မိုးစက်မိုးပေါက်တွေ ကျလာသောအခါ မြူခိုးငွေ့များ ထလာပြီး ဖြတ်သွားဖြတ်လာတွေရဲ့ မြင်ကွင်းကို အလိုအလျောက် ပိတ်ဆို့သွားသည်။

သူတို့နှစ်ယောက်က ထီးမပါသော်လည်း လက်တွဲ၍ Trevi ရေပန်းဆီသို့ လျှောက်လာခဲ့ကြသည်။

ကျန်းပေါင်က တခြားလူတွေ ဘယ်လို လုပ်သလဲ ဆိုတာ ကြည့်ပြီး ဖူမင်ရှစ် ပေးသော အကြွေစေ့လေးကို ယူလိုက်ပြီးနောက် တစ်ဖက်သို့ လှည့်ကာ ရေပန်းကို ကျောပေး၍ အကြွေစေ့လေးကို ရေထဲသို့ မျက်လုံးမှိတ်လျက် ပစ်လိုက်သည်။ ထို့နောက် စိတ်ထဲကနေ ဆုတစ်ခု တောင်းလိုက်သည်။ ဒီအချိန်မှာတော့ သူမဟာ နတ်ဘုရားတွေကို ယုံကြည်သက်ဝင်ဆုံး ဖြစ်သည့် ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက်ပင်။

ဖူမင်ရှစ်က ကင်မရာထုတ်၍ သူမကို ဓာတ်ပုံရိုက်ဖို့ မေ့သွားသော်လည်း ထိုပုံရိပ်လေးကို စူးစိုက်ကြည့်ကာ သူ့မှတ်ဉာဏ်ထဲမှာ စွဲမြဲနေအောင် တံဆိပ်ခတ်နှိပ်ထားလိုက်သည်။ ဖူမင်ရှစ်သည် ကျန်းပေါင်လည်း ဆုတောင်းပြီးပြီမို့ မိုးရေထဲမှာ ကြာကြာ ဆက်နေလျှင် အအေးမိမည် စိုး၍ သူမကို ရင်ခွင်ထဲ ဆွဲသွင်းကာ ဟိုတယ်သို့ ပြေးလာခဲ့၏။

***

All Chapters