← Chapters

အခန်း ၇၆

Vol. 7 Ch. 76

အခန်း ၇၆

Vol. 7 Ch. 76

အပိုင်း ( ၇၆ - ဇာတ်သိမ်း )

အဘိုးဖူရဲ့ အားရဝမ်သာရှိလှသော ရယ်သံကြီးက ထမင်းဝိုင်းကို ဖုံးလွှမ်းထားသည်။ ဘယ်လောက်တောင် စိတ်ချမ်းသာစရာကောင်းလိုက်သလဲ … ။ နောက်နှစ်ဟာ သူ့အသက် ( ၉၀ ) ပြည့်သည့် မွေးနေ့ ဖြစ်သလို သူ့မိသားစုရဲ့ လေးဆက်မြောက် မျိုးဆက်လေးလည်း တိုးလာလိမ့်ဦးမည်။

“ အရင်ဆုံး အိမ်မှာ အနားယူပြီး သန္ဓေသားကို အာဟာရဖြစ်စေမယ့် အရာလေးတွေ လုပ်ပေး။ နင် နောက်နှစ်မှာ မီးတွင်းထဲက ထွက်လာတဲ့ အချိန်ကျ ပျင်းနေရင် ဆေးရုံမှာ အလုပ်ပြန်လုပ်လို့ ရတယ်။ ” ဖန့်ခယ်က သခင်ကြီးဖူလို ထုတ်မပြပေမဲ့လည်း မကြာခင်မှာ ‌အဘွားဖြစ်တော့မည့် လူတစ်ယောက်အနေနှင့် ချွေးမဖြစ်သူအပေါ် စိုးရိမ်ပူပန်မှု တချို့ ပြသပါသေးသည်။

ဆေးရုံတက်ရတာ အရမ်း ပင်ပန်းစရာကောင်းပြီး ဒါက ကျန်းပေါင်ရဲ့ ပထမဆုံး ကိုယ်ဝန်ဆောင်ခြင်းမို့ သူမမှာ ဘာအတွေ့အကြုံမှလည်း မရှိပါ။ ထို့ကြောင့် ချွေးမအတွက် ဖန့်ခယ် စိုးရိမ်ပူပန်မိသည်။

ကျန်းပေါင် ခေါင်းညိတ်ပြလိုက်၏။ ဖူမင်ရှစ်ကလည်း အပြန်လမ်းမှာ အလားတူ စကားကို ပြောခဲ့သည်။ အခုမှ ကိုယ်ဝန်ရခါစ ကျန်းပေါင်လည်း ကိုယ့်ကိုယ်ကိုယ်အတွက် အနည်းငယ် စိုးရိမ်မိသည်။ သို့သော် ဆေးရုံဒါရိုက်တာက သူမအား သူမ အဆင်ပြေတဲ့ အချိန်မှာ အလုပ်သို့ အသိပေးနိုင်ကြောင်းနှင့် စိတ်မပူဖို့ ပြောခဲ့သည်။ ကျန်းပေါင် မတုံးပါ။

ဒါရိုက်တာက ဖူမင်ရှစ်ရဲ့ မျက်နှာကြောင့် သူမအပေါ် လေးလေးစားစား ဆက်ဆံနေပြီး အနာဂတ်မှာ သူမက လုပ်ငန်းခွင်သို့ ပြန်လာမှာ မဟုတ်ဘဲ သူဌေးကတော်တစ်ယောက်ရဲ့ ဘဝမှာသာ အာရုံစိုက်ထားလိမ့်မည်ဟု ထင်နေကြောင်း ကျန်းပေါင် ခန့်မှန်းမိသည်။ ဒါပေမဲ့ ကျန်းပေါင်မှာ သူမရဲ့ ပရော်ဖက်ရှင်နယ် အရည်အချင်းတွေအပေါ် ယုံကြည်မှုရှိသည်။

ကလေးမွေးပြီးမှ အလုပ်ကြိုးစားလျှင်လည်း အရမ်းကြီး နောက်ကျဦးမည် မဟုတ်၍ ကျန်းပေါင်သည် အပန်းဖြေစံအိမ်မှာ အေးအေးချမ်းချမ်း နေထိုင်ရင်း သန္ဓေသားကို အာဟာရဖြစ်စေရန် ဂရုစိုက်နေခဲ့သည်။

ဖူမင်ရှစ်မှာ အလုပ်တွေ ရှိသေးတာမို့ သခင်ကြီးဖူကလည်း သူ့မြေးချွေးမလေး တစ်ယောက်တည်း မပျင်းရိစေရန်အတွက် အပန်းဖြေစံအိမ်ကို ပြောင်းလာခဲ့သည်။ သူ အမေရိကားမှာ မွေးမြူခဲ့သော လက်ဗရာဒါ ခွေးမည်းလေး တစ်ကောင်ကိုပါ ခေါ်လာခဲ့သောကြောင့် အခုဆိုလျှင် အပန်းဖြေစံအိမ်မှာ ခွေးမည်းလေး နှစ်ကောင်နှင့် ကြောင်မည်းလေး တစ်ကောင် ရှိနေခဲ့ပြီ ဖြစ်သည်။

သခသ်ကြီးဖူနှင့် အဒေါ်ဝမ်ကလည်း နေ့အချိန်အတွင်းမှာ စကားစမြည် ပြောရင်း ၊ ဖဲကစားရင်း သူမ မပျင်းရိရအောင် အဖော်ပြုပေးကြသည်။ ညဘက်မှာတော့ ဖူမင်ရှစ်က ကယုကယင် စကားလေးတွေ ပြောပြီး သူမကို အနီးကပ် ဂရုစိုက်ပေးသည်။ အလုပ်ပိတ်ရက် ဆိုလျှင် သူငယ်ချင်းတွေလည်း ရောက်လာပြီး သူမကို အဖော်ပြုပေးသည်။

ကျန်းပေါင်သည် ကိုယ်ဝန်ဆောင်ကာလ နေ့ရက်တွေကို အတော်လေး သက်သောင့်သက်သာရှိစွာ ဖြတ်သန်းနေခဲ့လေသည်။ သူမရဲ့ မျှော်မှန်ထားသော မွေးရက်က မတ်လ ( ၁၆ ) ရက်နေ့ ဖြစ်သော်လည်း နှစ်ရက် နောက်ကျပြီးမှ မွေးခန်းထဲ ဝင်ခဲ့ရသည်။

မတ်လတွင် ပေကျင်းမြို့မှာ ချမ်းချမ်းစီးစီးရှိသေးပေမဲ့ သားဖွားခန်းထဲမှာတော့ နွေဦးကဲ့သို့ နွေးထွေးနေသည်။ အဘိုးဖူ ၊ ဖန့်ခယ်နှင့် ဖူကျန်းတို့က သူမကို ခဏလောက် အဖော်ပြုပေးပြီးမှ အပြင်ထွက် စောင့်နေကာ ဖူမင်ရှစ်တစ်ယောက်တည်းကိုသာ ဇနီးဖြစ်သူဘေးမှာ နေပေးရင်း စကားပြောရန် ထားခဲ့သည်။ ကျန်းပေါင်ရဲ့ ဗိုက်ထဲမှာ နာကျင်မှုလှိုင်းတွေ တရိပ်ရိပ် လှိုက်တက်လာပြီး မျက်နှာပေါ်ကို ချွေးစေးတွေ စီးကျလာလိုက် ၊ ဖူမင်ရှစ်က ထိုချွေးစေးတွေကို ပဝါလေးနှင့် သုတ်ပေးလိုက်နှင့် သံသရာလည်နေသည်။

ဖူမင်ရှစ်က သူမရဲ့ လက်ကလေးကို ဆုပ်ကိုင်ထားကာ လုံးဝန်းပြည့်ဖောင်းသော မျက်နှာလေးကို ကြည့်လိုက်သည်။ သူကိုယ်တိုင်လည်း အရမ်း စိတ်လှုပ်ရှားနေပေမဲ့ သူမအတွက် တည်ငြိမ်ချင်ယောင်ဆောင်ဖို့ လိုသည်။ ဖူမင်ရှစ်က သူမမျက်နှာပေါ်က ချွေးလေးတွေကို ဆက်လက် သုတ်ပေးရင်း “ ကြောက်နေတာလား။ ” ဟု မေးလိုက်သည်။

ကျန်းပေါင်က အမြဲတမ်း မလိမ်မညာဘဲ အမှန်အတိုင်း ပြောတတ်တဲ့ ကလေးတစ်ယောက်မို့ စိုးရိမ်ပူပန်စွာ ခေါင်းညိတ်ပြလိုက်သည်။

“ ဘာမှ မဖြစ်ပါဘူး။ ကိုယ်တို့အားလုံး မင်းကို အပြင်မှာ စောင့်နေမယ်နော်။ ဒီဆေးရုံမှာ ရှိတဲ့ ဆရာဝန်တွေက အကောင်းဆုံးပဲ။ ခဏနေရင် ပြီးသွားမှာပါ။ ” ဖူမင်ရှစ်က ထောက်ထားညှာတာသော ၊ အားပေးတိုက်တွန်းသော အမူအရာဖြင့် ခန္ဓာကိုယ်ကို ငုံ့ကိုင်းလိုက်သည်။ ကိုယ်ဝန်ဆောင်ရတာ ခက်ခဲကြမ်းတမ်းသည်။

ကျန်းပေါင် ဗိုက်ပူကြီးနှင့် လမ်းလျှောက်နေတာကို မြင်တိုင်း သူမ တစ်ခုခု မတော်တဆ ဖြစ်သွားမည် စိုး၍ ဖူမင်ရှစ် အလွန် စိတ်ပူခဲ့ရသည်။ သူ့ရင်ခွင်ထဲသို့ တိုးဝင်၍ သူမရဲ့ ကြောက်ရွံ့မှုတွေအကြောင်း ငိုကြွေးခဲ့သော ညတချို့ကိုလည်း သူ ဘယ်တော့မှ မမေ့ခဲ့ပေ။

“ တကယ်တော့ ကိုယ် မင်းအတွက် လက်ဆောင်တစ်ခု ပြင်ဆင်ထားတယ်။ မင်းရဲ့ မီးနေသည်ကာလ ပြီးသွားရင် ကိုယ် မင်းကို ခေါ်သွားပြီး အဲ့လက်ဆောင်ကို လိုက်ပြမယ်။ ” သူက ကျန်းပေါင်ရဲ့ နှုတ်ခမ်းထောင့်လေးကို နမ်းရင်း စိတ်ဝင်စားဖွယ် ပြောလိုက်သည်။

“ ကျွန်မကို ဘာလက်ဆောင်လဲ ဆိုတာ အရင်ဆုံး ပြောပြ။ ” ကျန်းပေါင်က အလွန် သိချင်သွားသည်။

ဖူမင်ရှစ်က သူမရဲ့ ချစ်စရာကောင်းသော နှုတ်ခမ်းလေးကို ရွှတ်နောက်နောက် ဖျစ်ညှစ်ရင်း စစနောက်နောက် ပြောလိုက်သည်။ “ မင်းက ကိုယ့်အတွက် ကလေးတစ်ယောက် အရင်ဆုံး မွေးပေးခဲ့တာ ဆိုတော့ ကိုယ်ကလည်း မင်းကို အပြန်အလှန်အနေနဲ့ လက်ဆောင်တစ်ခု ပေးမယ်။ ”

ကျန်းပေါင် စိတ်မရှည် ဖြစ်လာကာ “ ရှင် ကျွန်မကို အနည်းဆုံးတော့ အရိပ်အမြွက်လေး ပေးလို့ မရဘူးလား။ ” ဟု အသံတိုးတိုးလေးနှင့် ပြောလိုက်တော့ ဖူမင်ရှစ်က ခဏလောက် စဉ်းစားပြီးနောက် ပြုံးလိုက်သည်။ ထို့နောက် သူမကို ဖျတ်ခနဲ နမ်းကာ နှုတ်ခမ်းကို ပြန်ခွာ၍ မျက်လုံးထောင့်လေးကို စိတ်လိုလက်ရ နမ်းလိုက်သည်။ “ မင်း အရိပ်အမြွက် ရပြီလား။ ”

ကျန်းပေါင်က ကြောင်အမ်းအမ်းနှင့် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိသည်။ အနမ်းနှင့် ပတ်သက်တဲ့ လက်ဆောင်တစ်ခုခုလားဟု သူမ တွေးနေတုန်းမှာပဲ ကလေးမွေးရန် အချိန်ကျလာခဲ့သည်။ သူမက သူ့ကို ထွက်မသွားစေချင်၍ နောက်ဆံငင်စွာ ကြည့်နေခဲ့သော်လည်း ဖူမင်ရှစ်မှာ ရွေးချယ်စရာ မရှိတော့ပါ။ ဖူမင်ရှစ်က သူမရဲ့ နားရွက်နားသို့ ကပ်ကာ စကားလုံး တချို့ကို တီးတိုး ပြောပြီးနောက် တွန့်ဆုတ်စွာ ထွက်သွားသည်။

ကျန်းပေါင်သည် သူမရဲ့ မြင်ကွင်းထဲကနေ ဖူမင်ရှစ် ပျောက်ကွယ်သွားသည်ထိ စိုက်ကြည့်နေခဲ့သော်လည်း သူ ပြောသွားခဲ့သည့် “ မင်းကို ချစ်တယ် ” ဟူသော စကားကြောင့် သူမရဲ့ နှလုံးသားထဲမှာ နွေးထွေးကြည်နူးနေသည်။ သူမ သူ့ကိုလည်း ချစ်သည် ၊ မကြာခင် မွေးလာတော့မည့် ကလေးကိုလည်း ချစ်သည်။

ကျန်းပေါင်သည် ဆေးရုံကို မနက်ပိုင်းမှာ ရောက်ခဲ့ပြီး ည ရှစ်နာရီမှာ ခြောက်ပေါင် အလေးချိန်ရှိသည့် သားယောက်ျားလေးတစ်ယောက်ကို မွေးခဲ့သည်။ ကျန်းပေါင်က နှင်းကဲ့သို့ အသားအရေ ဖြူဖွေးပြီး ဖူမင်ရှစ်ကလည်း အသားဖြူသော လူချောတစ်ယောက်မို့ သူတို့နှစ်ယောက်ရဲ့ သားလေးဟာ မိဘတွေထံမှ မျိုးရိုးဗီဇကောင်းများကို အမွေရထားသည်။

အသားအရေက ဖြူစင်ကြည်လဲ့ပြီး လူတွေကို သတိအနေအထားဖြင့် လိုက်ကြည့်နေသော မျက်ဝန်း နက်နက်ရီရီလေးတွေကတော့ ကျန်းပေါင်ထံမှ အမွေရထားတာ သိသာသည်။ မျက်လုံးတွေက လွဲလို့ တခြား အစိတ်အပိုင်းကတော့ ဖူမင်ရှစ်နှင့် တူသည်။ စိတ်နေစိတ်ထားကတော့ … ။ မွေးကင်းစ ကလေးတစ်ယောက်ဆီက စိတ်နေစိတ်ထားကို ဘယ်လို အမျိုးအစား ခွဲခြားနိုင်မှာလဲ … ။

ဖူကလေးဟာ ဗိုက်ဝတဲ့အထိ စားပြီးနောက် အိပ်သည် ၊ နိုးလာတဲ့အခါ ဆက်စားသည်။ သူ စိတ်ကြည်လင်နေတဲ့အခါ လက်သေးသေးလေးတွေကို လှုပ်ရှားပြီး သူ့ဘာသာ ဒယိမ်းဒယိုင်နှင့် မတ်တပ်ရပ်သည်။ တစ်ခါတရံ စပျစ်သီးလုံး အရွယ်ရှိသော မျက်ဝန်းနက်လေးတွေနှင့် စိုက်ကြည့်တတ်ပြီး ပါးစပ်လေးကိုလည်း ဖွင့်ဟပြုံးရယ်တတ်သည်။

ကျန်းပေါင်တစ်ယောက် အလွန် ပျော်ရွှင်နေသော်လည်း အခြားတစ်ဖက်၌ ဖန့်ခယ်ကတော့ ဒီလောက် အသက်ငယ်သေးတဲ့ ကလေးတစ်ယောက်ဟာ လူတွေကို သေချာ မြင်နိုင်ဦးမှာ မဟုတ်ဘူးဟု ပြောကာ ကျန်းပေါင်ရဲ့ ပျော်ရွှင်မှုတွေကို အရှိန်သတ်စေခဲ့သည်။

သို့သော်လည်း ကျန်းပေါင်ကတော့ ပျော်ရွှင်နေဆဲ ဖြစ်ပါသည်။ ဖူကလေး ရွှင်လန်းတက်ကြွနေလျှင် သူမက ကလေးထိန်းအား သားဖြစ်သူကို ပွေ့ချီခေါ်ယူခိုင်း၍ နမ်းရှိုက်ယုယလေ့ရှိသည်။

ဖူကလေးရဲ့ တစ်လပြည့် မွေးနေ့တွင် ဖူမိသားစုသည် စားသောက်ပွဲကြီးတစ်ခု ကျင်းပခဲ့သည်။ ကျန်းပေါင်က မွှေးကြိုင်လန်းဆန်းနေအောင် ရေချိုးပြီးနောက် ဖူမင်ရှစ်အား သူတို့ရဲ့ သားဖြစ်သူကို ပွေ့ချီခိုင်း၍ သူမကတော့ ဖူမင်ရှစ်ရဲ့ လက်မောင်းကို တွဲ၍ အပြင်ထွက်လာကာ ဧည့်သည်တွေကို လိုက်နှုတ်ဆက်ခဲ့သည်။ ကလေးမွေးပြီးခါစမို့ ကျန်းပေါင်ရဲ့ မျက်နှာက အနည်းငယ် ဖောင်းအစ်နေဆဲ ဖြစ်ပြီး ရင်ဘတ်ကလည်း ခါတိုင်းထက် မို့မို့ဖောင်းဖောင်း ဖြစ်နေသည်။

လင်မယားနှစ်ယောက် ဘေးချင်းယှဉ်တွဲ လမ်းလျှောက်လာရင်း ဖူမင်ရှစ်ရဲ့ တံတောင်ဆစ်က မတော်တဆလိုလို ဘာလိုလိုနှင့် ကျန်းပေါင်ရဲ့ ရင်ဘတ်ကို မကြာခဏ ထိတိုက်နေခဲ့သည်။ တစ်ကြိမ် ၊ နှစ်ကြိမ်လောက်က မတော်တဆ ဆိုပေမဲ့ အကြိမ်ရေ များလာတဲ့အခါမှာတော့ … ။

ကျန်းပေါင်က ဖူမင်ရှစ်ကို မော့ကြည့်လိုက်သည်။ ဖူမင်ရှစ်က အရှေ့သို့ အကြည့်မပျက်သော်လည်း တွန့်ကွေးနေသော သူ့နှုတ်ခမ်းထက်မှာ ညစ်ကျယ်ကျယ် အပြုံးတစ်ပွင့် ရှိနေခဲ့သည်။

သို့သော်လည်း ကျန်းပေါင်ရဲ့ ကျန်းမာရေးအတွက် ဖူမင်ရှစ်က နောက်ထပ် လဝက်တိတိ စောင့်ဆိုင်းခဲ့ပြီးမှ ဇနီးဖြစ်သူကို အိပ်ရာပေါ် တွန်းလှဲကာ နည်းလမ်းပေါင်းစုံဖြင့် တစ်ညလုံး ချစ်တင်းနှောခဲ့သည်။ ကာလရှည်ကြာ လွင်တီးခေါင်ပြင်သည် ချိုမြိန်သော မိုးစက်ကလေးများဖြင့် ထိတွေ့ခဲ့သည်။

ကျန်းပေါင်သည် ခန္ဓာကိုယ် တစ်ခုလုံးရော ၊ နှလုံးသားရော ထုံကျင်ကိုက်ခဲနေလျက် ဖူမင်ရှစ်ရဲ့ ရင်ဘတ်ပေါ်မှာ မှောက်အိပ်၍ သူ့ရင်ခုန်သံကို နားထောင်နေမိသည်။ ထို့နောက် ရုတ်တရက် ဆိုသလိုပဲ တစ်စုံတစ်ခုကို သတိရသွားကာ သူ့ကို မော့ကြည့်၍ “ ရှင် ကျွန်မကို လက်ဆောင်ပေးမယ်လို့ ပြောထားတယ် မဟုတ်ဘူးလား။ ” ဟု မေးလိုက်သည်။

ဖူမင်ရှစ်က သူမရဲ့ ပခုံးလေးကို ဖျစ်ညှစ်၍ ပြုံးသည်။ “ ကိုယ် မင်းကို မနက်ဖြန် ပေးပါ့မယ်။ ”

ကျန်းပေါင်သည် သူ ပဟေဋိဆန်နေသည်ဟု ခံစားရသော်လည်း သူ့ရင်ခွင်ထဲမှာ တိုးဝှေ့၍ အိပ်ပျော်သွားခဲ့၏။ ပြောစကားအတိုင်း ကတိတည်သူ ဖူမင်ရှစ်ဟာ နောက်တစ်နေ့မှာ သားဖြစ်သူကို အဘိုးနှင့် ကလေးထိန်းထံ ခဏ အပ်ထားခဲ့ပြီး ကျန်းပေါင်ကို ခေါ်၍ ကားနှင့် ထွက်လာခဲ့သည်။ ဆယ့်ငါးမိနစ်ဝန်းကျင် ကားမောင်းပြီးနောက်မှာ သူ ကြိုတင်ပြင်ဆင်ထားသော မျက်လုံးပတ်သည့် အဝတ်စလေးကို ထုတ်၍ ကျန်းပေါင်ရဲ့ မျက်လုံးကို ပဟေဋိဆန်စွာ ရစ်ပတ်စည်းနှောင်လိုက်သည်။

ကျန်းပေါင်က ဘာတွေ ဖြစ်နေတာလဲ ဆိုတာ မသိဘဲ ဖူမင်ရှစ်ရဲ့ ဦးဆောင်မှုအတိုင်း မမြင်မကန်း လိုက်လာရုံသာ တတ်နိုင်သည်။ မီတာပေါင်း ရာနှင့် ချီ၍ လမ်းလျှောက်ပြီးချိန်မှာတော့ ဖူမင်ရှစ်က သူမရဲ့ နောက်မှာ ရပ်၍ မျက်လုံးကို ရစ်ပတ်ထားသည့် အဝတ်စလေးကို ဖယ်လိုက်၏။

ကျန်းပေါင်ရဲ့ မျက်လုံးတွေက ပြင်ပ အလင်းရောင်နှင့် အသားကျသွားသည်နှင့် တစ်ပြိုင်နက် သူမ ပထမဆုံး မြင်လိုက်ရတဲ့ အရာက ဆိုင်တစ်ဆိုင်ရဲ့ အရှေ့ပိုင်း အပြင်အဆင် ဖြစ်လေသည်။ အပြင်ပိုင်းကို သစ်လွင်သော ပန်းသီးစိမ်းရောင်နှင့် အလှဆင်ထားပြီး အတွင်းပိုင်းကတော့ တောက်ပကျယ်ဝန်းကာ သက်သောင့်သက်သာရှိသော ပရိဘောဂတွေနှင့် နေရာယူ ဖြည့်တင်းထားသည်။ အပြင်အဆင်ကို ကြည့်ရုံနှင့် အသစ်စက်စက် ဖွင့်ခါစ တိရစ္ဆာန်ဆေးရုံတစ်ခု ဆိုတာ သိသာထင်ရှားပြီး တံခါးတွေကိုတော့ သော့ပိတ်ထားပါသည်။

ကျန်းပေါင် အမှတ်တမဲ့ မော့ကြည့်လိုက်တော့ ဒီတိရစ္ဆာန်ဆေးရုံရဲ့ ဆိုင်းဘုတ်မှာ “ ကျန်းပေါင် ” ဟု နာမည်တပ်ထားတာကို အံ့ဩဖွယ်ကောင်းစွာ တွေ့လိုက်ရသည်။ ထိုအချိန်မှာပဲ ဖူမင်ရှစ်က သူမကို အနောက်ဖက်‌ကနေ သိုင်းဖက်၍ ဆိုင်သော့ကို သူမရဲ့ လက်ထဲ ထည့်ပေးရင်း “ မင်း ဒါကို သဘောကျရဲ့လား။ ” ဟု မေးသည်။

သူ ပေးမယ့် လက်ဆောင် ဆိုတာ ဒီတိရစ္ဆာန်ဆေးရုံတစ်ခုလုံးလား … ။

ကျန်းပေါင် ပြောစရာ စကားမရှိအောင်ပင် အံ့ဩဆွံ့အသွားမိသည်။ ဖူမင်ရှစ်က သူမရဲ့ ခေါင်းပေါ် မေးတင်၍ ဆေးရုံကို ကြည့်လိုက်သည်။

“ ဒုဆေးရုံအုပ် ၊ ဆရာဝန်တွေ ၊ သူနာပြုတွေနဲ့ တခြား ဝန်ထမ်းတွေကို အလုပ်ခန့်ပြီးပြီ။ အားလုံးက တခြား နာမည်ကြီးဆေးရုံတွေကနေ ခေါ်ထားတဲ့ ကျွမ်းကျင် ပညာရှင်တွေပဲ။ မနက်ဖြန်က စပြီး ဒီဆေးရုံကို တရားဝင် စဖွင့်လို့ ရပြီ။ မင်း ဆေးရုံအုပ် လုပ်ရတာ ပျင်းလာရင် သူတို့ကို အချိန်မရွေး ဝင်ကူပေးလို့ ရတယ်။ မင်း မိသားစုနဲ့ ပိုအချိန်ကုန်ချင်ရင်လည်း တခြားလူတွေရဲ့ အတွေးအမြင်တွေကို ဂရုမစိုက်ဘဲ အချိန်မရွေး အားလပ်ရက် ယူလို့ ရတယ်။ ”

သူမကို အပူအပင်ကင်းကင်းနှင့် လွတ်လပ်သော ဘဝမှာ နေထိုင်ပြီး ဆန္ဒရှိသော အရာရာတိုင်းကို လုပ်နိုင်ဖို့ မျှော်လင့်သည်။ ထို့ကြောင့် သူမအတွက် တိရစ္ဆာန်ဆေးရုံ လက်ဆောင်ပေးတာက အကောင်းဆုံး အစီအစဉ် ဖြစ်သည်။ ဖူမင်ရှစ်က သူမရှေ့မှာ ရပ်ပြီး သူမရဲ့ အမူအရာကို အကဲခတ်၍ “ မင်း သဘောကျလား။ ” ဟု မေးလိုက်သည်။

ကျန်းပေါင် သူ့လက်ဆောင်ကို အမှန်တကယ်ပင် သဘောကျသော်လည်း သူမရဲ့ ပရော်ဖက်ရှင်နယ် အရည်အချင်းတွေက အခုမှ အလုပ်သင်အဆင့်သာ ရှိပါသေးသည်။ သူမက ဆေးရုံအုပ် လုပ်ဖို့ ဘယ်လိုလုပ် အရည်အချင်း ပြည့်မီနိုင်မှာလဲ … ။

ကျန်းပေါင်က ဖူမင်ရှစ်အား သူမရဲ့ စိတ်ကို အမှန်အတိုင်း ပြောပြလိုက်တော့ ဖူမင်ရှစ်က စိတ်သက်သာရာသွားသော သက်ပြင်းလေးကို မှုတ်ထုတ်လိုက်သည်။ ကျန်းပေါင်က ဒီအချိန်ထိ သူ့ပိုက်ဆံနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေသေးလျှင် သူ အလွန် စိတ်ဆိုး ဒေါသထွက်မိမှာ ဖြစ်သည်။

“ မင်းက အခု လောလောဆယ်မှာ အရည်အချင်းမပြည့်မီသေးပေမဲ့ လေ့လာမှုအားကောင်းတဲ့ လူ ဆိုတော့ မင်းအသက် သုံးဆယ်လောက် ဆိုရင် လိုအပ်တဲ့ အရည်အချင်းတွေ အကုန်လုံး ပြည့်စုံလောက်ပါပြီ။ ” ဟု ဖူမင်ရှစ်က အပြုံးလေးဖြင့် ပြောလိုက်သည်။

ကျန်းပေါင် သဘောပေါက်သွားသည်။ ဖူမင်ရှစ်က သူမလက်ထဲကို ဆေးရုံတစ်ခုလုံး ထည့်ပေးလိုက်ပေမဲ့ ဆေးရုံကို ဘယ်လို ဦးဆောင်ရမလဲ ၊ အတွေ့အကြုံ တိုးတက်အောင် ဘယ်လို လုပ်ရမလဲ ၊ ဝန်ထမ်းတွေနှင့် လူနာတွေနှင့် ယုံကြည်မှုကို ဘယ်လို ရယူရမလဲ ဆိုတာကတော့ သူမရဲ့ ကိုယ်ပိုင် အရည်အချင်းအပေါ်သာ မူတည်သည်။ သူက သူမကို လှေကားတစ်စင်း ပေးရုံသာ ဖြစ်ပြီး ‘ ဘယ်လောက် မြင့်မြင့်ထိ တက်နိုင်မလဲ ’ ဆိုတာကတော့ ဒီနေ့က စပြီး သူမအပေါ်မှာ လုံးလုံးလျားလျား မူတည်သည်။

“ ကျေးဇူးပါ။ ကျွန်မ တကယ် သဘောကျတယ်။ ” ကျန်းပေါင်က ဖူမင်ရှစ်ရဲ့ လည်ပင်းကို လက်နှစ်ဖက်နှင့် သိုင်းဖက်၍ တောက်ပစွာ ပြုံးပြလိုက်သည်။ သူက သူမ လိုအပ်သော အရာတွေကို ဖြည့်ဆည်းပေးချင်ပေမဲ့ သူမ စိတ်ပါဝင်စားသော အရာတွေကိုလည်း လေးစားမှုရှိသည်။ ဖူမင်ရှစ်က အမြဲတမ်း သူမအတွက် အသေးစိပ် စဉ်းစားပေးသည်။

ထိုအမျိုးသားရဲ့ နှုတ်ခမ်းတွေက ညစ်ကျယ်ကျယ် အပြုံးတစ်ပွင့်အဖြစ် ကွေးညွှတ်သွားသည်။ “ ကိုယ်ကတော့ မင်း ကိုယ့်ကို ဘယ်လို ကျေးဇူးပြန်ဆပ်မလဲ ဆိုတာပဲ ပိုစိတ်ဝင်စားတယ်။ ”

ကျန်းပေါင်က သူ့ကို ခပ်သာသာလေး ထုရိုက်ရန် ဟန်ပြင်လိုက်သော်လည်း ဖူမင်ရှစ်က သူမရဲ့ လက်ကို ဆုပ်ကိုင်တားဆီးကာ သူ့ရင်ခွင်ထဲ ဆွဲသွင်း၍ အနမ်းမိုးတွေ ရွာချခဲ့လေသည်။

***

All Chapters