← Chapters

အခန်း ၇၇

Vol. 7 Ch. 77

အခန်း ၇၇

Vol. 7 Ch. 77

အပိုင်း ( ၇၇ - အချပ်ပို )

ဖူရှောင်ပေါင်လေး တစ်နေ့တခြား အရွယ်ရောက် ကြီးပြင်းလာသည်နှင့်အမျှ ကျန်းပေါင်ရဲ့ တိရစ္ဆာန်ဆေးရုံ လုပ်ငန်းကလည်း အရှိန်ရလာခဲ့သည်။ ဆေးရုံ အကြီးကြီး မဟုတ်သော်လည်း ဆေးရုံဝန်ထမ်းတွေက ချိုသာဖော်ရွေပြီး စက်ပစ္စည်းကိရိယာတွေက အဆင်မြင့်သည် ၊ ဆေးရုံစရိတ်ကလည်း သင့်တင့်မျှတသောကြောင့် အွန်လိုင်းပေါ်မှာ ဂုဏ်သတင်းကောင်းတွေ ရလာခဲ့သည်။

ဒါရိုက်တာတစ်ယောက်အနေဖြင့် ကျန်းပေါင်သည် နည်းပညာအသစ်တွေကို မိတ်ဆက်ပေးရန် အာရုံစိုက်ရသလို ဆေးရုံဝန်ထမ်းတွေအား နှစ်တိုင်း နိုင်ငံခြားသို့ စေလွှတ်၍ ဆေးပညာအသစ်တွေကို သင်ယူစေသည်။ မနက်ဖြန်တော့ ကျန်းပေါင် အမေရိကားသို့ ငါးရက်တာ ခရီးထွက်ရမည် ဖြစ်သည်။ ကျန်းပေါင် ခွဲခွာရန် တွန့်ဆုတ်မိသော ပထမဆုံး လူက သားဖြစ်သူ ဖြစ်ပြီး ဒုတိယ လူကတော့ သားရဲ့ အဖေ ဖြစ်သည်။

“ မေမေ။ ”

ကျန်း‌ပေါင်တစ်ယောက် ခရီးစဉ်မှာ ထည့်သွားရမည့် အဝတ်အစားတွေကို ရွေးချယ်နေတုန်းမှာပဲ သူမရဲ့ သားက သူမကို အနောက်ကနေ ရုတ်တရက် လှမ်းခေါ်သည်။ ကျန်းပေါင် လှည့်ကြည့်လိုက်တော့ ဇစ်ဖွင့်ထားသော ခရီးဆောင်သေတ္တာထဲမှာ ထိုင်နေသည့် သားဖြစ်သူဟာ သူမကို သွားဖုံးလေးတွေ ပေါ်အောင်ပင် ပြုံးပြ၍ မျက်ဝန်းနက်များဖြင့် တောက်ပစွာ ကြည့်နေသည်။

ကျန်းပေါင်က အလွန် ချစ်စရာကောင်းနေသော သားဖြစ်သူကို မလှုပ်ရန် ပြောလိုက်ပြီး ခေါက်လက်စ အဝတ်ကို အောက်ချ၍ ဖုန်းယူပြီး ဓာတ်ပုံရိုက်လိုက်သည်။ ချစ်စရာကောင်းစွာ ပို့စ်ပေးတတ်နေပြီ ဖြစ်သော ဖူရှောင်ပေါင်လေးကလည်း ပိုလို့တောင် ချိုမြိန်စွာ ပြုံးကာ ငြိမ်ငြိမ်လေး ဓာတ်ပုံရိုက်ခံခဲ့သည်။

ကျန်းပေါင်က ဓာတ်ပုံတွေကို ဖူမင်ရှစ်ထံ ပို့ပေးလိုက်ကာ စကတ်ကို အရင် ခေါက်ပြီးမှ ခရီးဆောင်သေတ္ထာဘေးမှာ ဆောင့်ကြောင့်ထိုင်၍ သားဖြစ်သူကို မေးလိုက်သည်။ “ မေမေ ဘာလုပ်နေတာလဲ ဆိုတာ ရှောင်ပေါင် သိလား။ ”

ဖူရှောင်ပေါင်က ခရီးဆောင်သေတ္တာကို လက်နှင့် ပုတ်ပြီး “ ခရီးသွားဖို့ အဝတ်ခေါက်နေတာပါ။ ” ဟူ၍ သွက်သွက်လက်လက်လေး ပြန်ဖြေသည်။

“ တော်လိုက်တဲ့ ကလေးလေးကွယ်။ ” ကျန်းပေါင်က သားဖြစ်သူကို အနမ်းလေးတစ်ပွင့်နှင့် ဆုချပြီးနောက် ဆက်မေးလိုက်သည်။ “ မေမေ ဘယ်သွားမှာလဲ ဆိုတာကိုရော သိလား။ ”

“ အမေရိကား။ ” အလွန် ဉာဏ်ကောင်းသော ဖူရှောင်ပေါင်သည် မိဘတွေ ပြောသော အကြောင်းအရာ အများစုကို မှတ်မိနေပြီ ဖြစ်သည်။

ကောင်ကလေးက ခရီးဆောင်သေတ္တာထဲမှာ ခုန်ပေါက်လူးလွန့်၍ ကျန်းပေါင် ခေါက်ထားသော အဝတ်အစားတွေကို ရှုပ်ပွသွားစေခဲ့သော်လည်း ကျန်းပေါင်ကတော့ လုံးဝ စိတ်မဆိုးဘဲ “ ဟုတ်တယ်။ မေမေက အမေရိကားမှာ စာသွားသင်မလို့လေ။ မေမေ့မှာ ရှောင်ပေါင်လေးကို ဂရုစိုက်ပေးဖို့ အချိန်ရှိမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် မေမေ ခရီးထွက်သွားတဲ့ အချိန်မှာ ဖေဖေက ရှောင်ပေါင့်ကို ချော့သိပ်ရင် လိလိမ္မာမ္မာနဲ့ အိပ်ရမယ်နော်။ ” ဟု ညင်သာစွာ ပြောလိုက်သည်။

ခရီးဆောင်သေတ္ထာထဲက ကောင်ကလေးဟာ ထိုစကားကို ကြားသည်နှင့် ခရီးဆောင်သေတ္တာကို စိတ်မဝင်စားတော့ဘဲ သူ့အမေကို ပါးစပ်အဟောင်းသားနှင့် အူကြောင်ကြောင်လေး စိုက်ကြည့်နေခဲ့သည်။ ထိုသို့ စိုက်ကြည့်နေရင်း ဘာမပြော ညာမပြောနှင့် မျက်ရည်တွေ ဘူးသီးလုံးလောက် ကျလာကာ သူ့အမေထံ ရှိုက်ကြီးတငင်နှင့် လက်လှမ်းခဲ့သည်။

ကျန်းပေါင်လည်း အလွန် စိတ်မကောင်းဖြစ်သွားကာ သားဖြစ်သူကို ပွေ့ချီပြီး ကျောလေးကို ပုတ်ပေးရင်း နှစ်သိမ့်ပေးလိုက်သည်။ “ မငိုပါနဲ့ ရှောင်ပေါင်လေးရယ်။ သောကြာနေ့မှာ မေမေ ပြန်လာရင် သားအတွက် အမေရိကားကနေ အရုပ်တွေ အများကြီး ဝယ်လာခဲ့မယ်လေ နော်။ ”

“ ဟင့်အင်း … သားလည်း လိုက်ချင်တယ်။ ” အမေဖြစ်သူနှင့်သာ အမြဲတမ်း အတူ ရှိနေချင်သော ဖူရှောင်ပေါင်လေးက သူ့အမေရဲ့ ပခုံးပေါ်မှာ သနားစရာကောင်းစွာ ငိုကြွေးနေခဲ့လေသည်။

ကျန်းပေါင်လည်း သားဖြစ်သူကို ခေါ်သွားချင်ပေမဲ့‌ ခေါ်သွားလို့ အဆင်ပြေမှာ မဟုတ်သောကြောင့် သူ ခဏလောက် ငိုပြီးတဲ့အထိ စောင့်ပြီးမှ အိပ်ရာပေါ်မှာ ထိုင်ကာ စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။ “ ရှောင်ပေါင်လေး စုတ်ဖွားကို မှတ်မိသေးလား။ သား စုတ်ဖွားလို့ ခေါ်တဲ့ မေမေ့ဆေးရုံက Golden Retriever လေးလေ။ ”

ဖူရှောင်ပေါင်သည် စိတ်ရှုပ်ထွေးသွားသော အမူအရာလေးနှင့် သူ့မျက်လုံးတွေကို ပွတ်သုတ်နေ၏။ ကျန်းပေါင်က သူမရဲ့ ဖုန်းထဲက ဓာတ်ပုံတွေကို ရှာပြီး သားဖြစ်သူကို ပြလိုက်တော့ ဖူရှောင်ပေါင်က ဓာတ်ပုံလေးကို စိုက်ကြည့်ကာ ချက်ချင်းပဲ ဖုန်းကို ဆုပ်ကိုင်လျက် ဖုန်းထဲက Golden Retriever လေးရဲ့ ဓာတ်ပုံကို လက်ညိုးထိုးရင်း “ စုတ်ဖွား။ ” ဟု အော်ပြောသည်။

ကျန်းပေါင် ခေါင်းညိတ်ပြလိုက်သည်။ “ ဟုတ်တယ်။ အဲ့ဒါ စုတ်ဖွားပဲ။ ဟိုတလောက သူ နေမကောင်းဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ အမေ့မှာ သူ့ကို ဆေးကုပေးဖို့ လုံလောက်တဲ့ အရည်အချင်း မရှိတော့ စုတ်ဖွားလေး သေသွားခဲ့တယ်။ ဒီတစ်ခေါက်တော့ အမေ အမေရိကားကို သွားပြီး အဲ့ဒီက တိရစ္ဆာန်ဆရာဝန်တွေ ခွေးတွေကို ဆေးကုတဲ့ ပုံစံကို လေ့လာတော့မယ်။ အဲ့ဒါမှ မေမေလည်း သူတို့ကို ဆေးကုပေးနိုင်မှာမလား။ ”

ဖူရှောင်ပေါင်က အနည်းငယ် နားလည်သွားပုံဖြင့် ဆတ်ခနဲ ခေါင်းညိတ်ပြသည်။ ကျန်းပေါင်က သားဖြစ်သူကို နမ်းပြီးနောက် ဟွီသန်းကို လှမ်းခေါ်လိုက်တော့ စက္ကန့်ပိုင်းအတွင်းမှာပဲ ဟွီသန်းနှင့် ယွဲ့လျန်တို့ အတူတူ ပြေးလာခဲ့ကြသည်။

ယွဲ့လျန်က အိပ်ရာပေါ်သို့ ခုန်တက်ကာ ကျန်းပေါင်ကို တိုးဝှေ့နေပြီး ဟွီသန်းကတော့ ကျန်းပေါင်ရှေ့မှာ ဆောင့်ကြောင့်ထိုင်၍ သူ့သခင်မကို အူကြောင်ကြောင်လေး စိုက်ကြည့်နေခဲ့သည်။ ကျန်းပေါင်က ဟွီသန်းရဲ့ ခေါင်းလေးကို ပွတ်သပ်ပေးနေရင်း သားဖြစ်သူကို ပြုံးပြကာ တာဝန်ပေးလိုက်သည်။ “ အမေ ကျောင်းသွားတက်နေတဲ့ အချိန်မှာ ရှောင်ပေါင်လေးက ဟွီသန်းနဲ့ ယွဲ့လျန်တို့ ရန်မဖြစ်အောင် အမေ့ကို ကူထိန်းပေးထားနော်။ ”

ဟွီသန်းက အမေဖြစ်သူရဲ့ စကားကို အမြဲ နားထောင်သူပီပီ ချက်ချင်း ခေါင်းညိတ်ပြကာ ဟွီသန်းကိုပင် သူမအတိုင်း အတုခိုး၍ “ ရန်မဖြစ်ရဘူး။ ” ဟု ဆူပူနေခဲ့သည်။ ဟွီသန်းက အပြစ်ကင်းစင်သော အမူအရာလေးနှင့် ခေါင်းလေးကို စောင်းငဲ့ကာ သူ့သခင်လေးရဲ့ ခြေအိတ်ကို လျှာနှင့် ရုတ်တရက် လျက်လိုက်သည်။

ချက်ချင်း ဆိုသလိုပဲ ဖူရှောင်ပေါင်ထံမှ ရယ်သံလေး ထွက်ပေါ်လာပြီး သူ့အမေ ခရီးထွက်သွားတော့မည့် အကြောင်းကို မေ့သွားခဲ့သည်။ သို့သော်လည်း ညဘက်ရောက်တော့ ကောင်ကလေးဟာ ထိုအကြောင်းကို ပြန်သတိရသွားပုံဖြင့် အိပ်ရာမဝင်ခင် ထပ်မံ ငိုကြွေးခဲ့ပြီး အိပ်ပျော်သွားသည်အထိ အမေဖြစ်သူရဲ့ ညအိတ်ဝတ်စုံ အင်္ကျီစကို ဆုပ်ကိုင်ထားခဲ့သည်။

ကျန်းပေါင်က ခုတင်ခေါင်းရင်းကို မှီကာ အဖိုးတန်သားလေးကို ကြည့်ရင်း ဒီတစ်ခေါက်တော့ စိတ်အလိုလိုက်၍ သားဖြစ်သူကို သူမနှင့်အတူ နိုင်ငံခြားသို့ ခေါ်သွားချင်စိတ် ဝင်လာခဲ့သည်။ ထိုအချိန်မှာပဲ ရေချိုးခန်းထဲမှ ထွက်လာသော ဖူမင်ရှစ်က သူမရဲ့ နောက်ဆံတင်းနေသော အမူအရာကို မြင်သောအခါ ရင်ဘတ်ထဲမှာ အနည်းငယ် တစ်ဆို့ဆို့ ခံစားလိုက်ရသည်။

သူကတော့ မနက်ဖြန်မှာ နိုင်ငံခြားသို့ သွားတော့မည့် ချစ်ဇနီးလေးနှင့်အတူ အချိန်ကုန်ဆုံးရန် အိမ်စောစောပြန်လာခဲ့ပေမဲ့ သူ အိမ်ပြန်ရောက်လာချိန်မှာ သူ့ဇနီးက သူ့ကိုတောင် မကြည့်ဘဲ သားဖြစ်သူကိုသာ ဂရုစိုက်နေခဲ့သည်။ ဒီမိသားစုထဲမှာ သူ့အနေအထားက ခွေးတွေ ၊ ကြောင်တွေထက်တောင် တစ်ဆင့်နိမ့်သည်။

ဖူမင်ရှစ်က “ စောစော အိပ်ကြရအောင်။ ” ဟု ပြောပြီး အိပ်ရာအစွန်းတစ်ဖက်သို့ လျှောက်သွားကာ သားဖြစ်သူကို သူ့ကိုယ်ပိုင်အိပ်ရာလေးထဲ ထည့်ရန် အဆင်သင့်ပြင်လိုက်သည်။ သို့သော် သားဖြစ်သူနှင့် မခွဲချင်သေးသော ကျန်းပေါင်က မျက်လုံးတောင် ပင့်မကြည့်ဘဲ သူ့ကို ခပ်တိုးတိုး တားဆီးသည်။

“ သူ့ကို ခဏလောက် ထပ်ဖက်ထားပါရစေဦး။ ”

ဖူမင်ရှစ်က နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်ပြီး အိပ်ရာပေါ်သို့ တွယ်တက်လာခဲ့သည်။ ပထမတော့ သူ့ဇနီးကို ကျောပေး၍ အိပ်နေခဲ့ပေမဲ့ သုံးမိနစ်လောက် အကြာမှာတော့ ဖြည်းဖြည်းချင်း လှည့်လာကာ စောင်အောက်သို့ တိုးဝင်၍ သူ့ဇနီးရဲ့ ခြေထောက်တွေကို ဖက်လိုက်သည်။

စောင်အပြင်ဘက်ကနေ ကြည့်လျှင် ဖူရှောင်ပေါင်လေး စောင်အောက်မှာ တွားသွားနေသကဲ့သို့ လှုပ်ရှားနေသော သူ့ခေါင်းကိုသာ မြင်ရပါလိမ့်မည်။ ဒါပေမဲ့ ကျန်းပေါင်ကတော့ သူ ဘာလုပ်နေတာလဲ ဆိုတာ သိသည်။ ခုနတုန်းက သားဖြစ်သူအတွက် စိတ်မကောင်းဖြစ်နေသော သူမရဲ့ နှလုံးသားကို ဖူမင်ရှစ်ရဲ့ လှည့်ကွက်တွေက လုယူသွားသည်။

ကျန်းပေါင်က သူမရဲ့ ခြေထောက်ကို အနည်းငယ် ကန်ရင်း “ ကဲ … ရှောင်ပေါင်လေးကို သူ့အိပ်ရာထဲ သွားထားလိုက်တော့။ ” ဟု ပြောလိုက်သည်။

လိုချင်တဲ့ အရာကို ရသွားသော ဖူမင်ရှစ်က တဟားဟား ရယ်မောလိုက်ပြီး စောင်ကို မြှောက်၍ သူ့ရဲ့ အနည်းငယ် နီရဲနေသော မျက်နှာချောချောနှင့် ရီဝေဝေ မျက်ဝန်းနက်တွေကို ထုတ်ဖော်ပြသသည်။ တက္ကသိုလ် ပထမနှစ်ကနေ သူတို့ရဲ့ သား အသက် ( ၃ ) နှစ် ပြည့်တဲ့ လက်ရှိအချိန်ထိ ( ၈ ) နှစ် ၊ ( ၉ ) နှစ်လောက် အတူ နေလာခဲ့သော်လည်း ဖူမင်ရှစ်ရဲ့ ဒီလို အမူအရာကို မြင်တိုင်း ကျန်းပေါင် ရင်ခုန်သံမြန်ကာ စိတ်လှုပ်ရှားမိဆဲ ဖြစ်သည်။

ဖူမင်ရှစ်က သူတို့ရဲ့ သားကို အိပ်ရာလေးထဲ သွားထည့်နေစဉ်မှာ ကျန်းပေါင်ကလည်း စောင်အောက်ကို အမြန် ဝင်နေလိုက်သည်။

“ မင်းက သားနဲ့ ခွဲဖို့ အရမ်း တွန့်ဆုတ်နေပေမဲ့ ကိုယ်နဲ့ ခွဲဖို့ကျတော့ နည်းနည်းလေးမှ တွန့်ဆုတ်တဲ့ အရိပ်အယောင် မပြဘူးနော်။ ” ဖူမင်ရှစ်က အိပ်ရာထဲသို့ ပြန်ရောက်လာသောအခါ သူ့ဇနီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဖိကပ်အုပ်မိုး၍ မေးလိုက်သည်။

ကျန်းပေါင်က “ ကျွန်မတို့ လက်ထပ်ထားတာ ကြာလှပြီလေ။ ဘာကို နောက်ဆံတင်းနေစရာ လိုလို့လဲ။ ” ဟု တမင်သက်သက် ပြောလိုက်တော့ ဖူမင်ရှစ်က သူမရဲ့ နှာခေါင်းထိပ်လေးကို နမ်းရင်း “ ဒါပေမဲ့ ကိုယ်ကတော့ မင်းနဲ့ မခွဲချင်ဘူး။ ” ဟု ပြန်ပြောသည်။ ကျန်းပေါင် ကြည်နူးစွာ ရယ်မောပြီး သူ့ကို ပွေ့ဖက်လိုက်မိပါသည်။ သူမရဲ့ ပါးစပ်ကသာ နောက်ဆံမတင်းဘူးဟု ပြောသော်လည်း ထိုညမှာ သူ့ရနံ့ကို တောင့်တ၍ သူ့ရင်ခွင်ကို တိုးဝှေ့ခဲ့သည်။

နောက်တစ်နေ့မှာ ကျန်းပေါင်သည် မနက် ( ၆ ) နာရီ မထိုးခင်ကတည်းက ထွက်သွားခဲ့သည်။ သူမ ထွက်သွားချိန်မှာ ဖူရှောင်ပေါင်က အပြည့်အဝ အိပ်ရာမနိုးသေးပေ။ ဖူမင်ရှစ်က သူ့ဇနီးကို လိုက်ပို့ပေးပြီးနောက် အိမ်ပြန်လာကာ သားဖြစ်သူကို ချောင်းကြည့်လိုက်သည်။

သူ မဂ္ဂဇင်းတစ်စောင်ကို ယူပြီး ခုတင်ခေါင်းရင်းကို မှီ၍ စာဖတ်နေလိုက်သည်။ စာမျက်နှာ အနည်းငယ်ကို လှန်ပြီးနောက်မှာပဲ ကလေးခုတင်ထဲမှ တအဲ့အဲ့ အသံလေးတွေ ထွက်လာသည်။ ဖူမင်ရှစ်က မဂ္ဂဇင်းကို ချက်ချင်း ချပြီး ကလေးခုတင်ဆီသို့ ခြေလှမ်းကျဲများဖြင့် လျှောက်လာခဲ့လိုက်သည်။ ဖူရှောင်ပေါင်ရဲ့ မျက်လုံးဝိုင်းလေးတွေ ပွင့်နေပြီး သူ့အဖေကို မြင်တော့ တောက်ပစွာ ပြုံးပြသည်။

“ လိမ္မာလိုက်တဲ့ ကောင်လေး။ ဒီနေ့ ဖေဖေက မင်းနဲ့ အတူတူ ဆော့ပေးမယ်နော်။ ” ဟု ဖူမင်ရှစ်က ပြောလိုက်သည်။ လူမြင်ကွင်းမှာဆို သူက အေးစက်တည်ငြိမ်ပေမဲ့ အိမ်မှာ ဆိုလျှင်တော့ လူငယ်အဖေတစ်ယောက်သာ ဖြစ်သည်။ ဖူမင်ရှစ်က သားဖြစ်သူကို ရေချိုးခန်းထဲသို့ ပွေ့ချီသွားကာ သေးတည်ပေးပြီး လက်ဆေး ၊ မျက်နှာသစ်ကာ နို့ဘူးတိုက်လိုက်သည်။

ဖူရှောင်ပေါင်လေးက ဗိုက်ပြည့်သွားတဲ့နောက် အခန်းထဲမှာ ကျီးကန်းတောင်မှောက် လျှောက်ကြည့်နေရင်း အမေဖြစ်သူကို ရှာမတွေ့သောကြောင့် ဂဏှာမငြိမ် ဖြစ်လာပြီး တံခါးကို လက်ညိုးထိုး၍ “ မေမေ။ ” ဟု ခေါ်နေသည်။ ဖူမင်ရှစ်က သားဖြစ်သူကို အောက်ထပ်သို့ ပွေ့ချီလာရင်း “ မေမေက ပိုတော်တဲ့ ဆရာဝန်ကောင်းတစ်ယောက် ဖြစ်ဖို့ ကျောင်းသွားတက်တယ်။ ” ဟု ရှင်းပြလိုက်သည်။

အပြင်ပန်းမှာသာ သူ့ပုံစံက အေးစက်တည်ငြိမ်နေသော်လည်း စိတ်ထဲမှာတော့ သားဖြစ်သူ အော်ငိုမှာကို ကြောက်ကာ တထိတ်ထိတ် ရင်တုန်နေရပါသည်။ ဖူရှောင်ပေါင်လေးက မျက်လုံးဝိုင်းကြီးတွေကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ မျက်နှာ‌ပေါ်မှာ တိမ်ညိုတွေ အုံ့မှိုင်းလာသော်လည်း ကံကောင်းထောက်မစွာဖြင့် မငိုခဲ့ပေ။

ဖူမင်ရှစ်က “ သွားရအောင်။ ဖေဖေ မင်းကို ကုမ္ပဏီကို ခေါ်သွားမယ်။ ” ဟု ပြောကာ ကလေးထိန်း ပြင်ဆင်ပေးထားသော ကလေးအသုံးအဆောင် ပစ္စည်းတွေကို ယူ၍ သားဖြစ်သူကို သူ့ရဲ့ မာစီးဒီးဘန့်ကား နောက်ခန်းထဲသို့ ပွေ့ချီလာခဲ့လိုက်သည်။

ဖူရှောင်ပေါင်က သူ့အဖေရဲ့ ကားကို အလွန် သဘောကျသည်။ ကားစီးတဲ့အခါတိုင်း ကားထဲက ပစ္စည်းတွေကို သေချာ ကြည့်ရှုထိကိုင်ကြည့်ရင်း ပါးစပ်သေးသေးလေးနှင့် “ ဒါကို ဘယ်လို ခေါ်တာလဲ ဖေဖေ။ ” ဟု မရပ်မနား မေးလေ့ရှိသည်။

ဖူမင်ရှစ်ကလည်း ခန္ဓာကိုယ်ကို စောင်းငဲ့ရင်း “ ကားပြတင်းပေါက်လို့ ခေါ်တယ်။ ” ဟု စိတ်ရှည်လက်ရှည် ဖြေနေခဲ့၏။ မကြာခင်မှာပဲ မာစီးဒီးဘန့်ကားကြီးက ကုမ္ပဏီရှေ့မှာ ရပ်တန့်သွားသည်။ ဖူမင်ရှစ်က ကားထဲမှ အရင်ဆုံး ထွက်ပြီးနောက် သားဖြစ်သူကို ပွေ့ချီလိုက်သည်။

သူက အနက်ရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ဖူရှောင်ပေါင်လေးကတော့ အဖြူရောင် အနောက်တိုင်းဝတ်စုံလေးကို ဝတ်ဆင်ထားသည်။ သားအဖနှစ်ယောက်မှာ အဖေက ရင့်ကျက်ချောမောကာ တည်ငြိမ်ပြီး သားကတော့ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်သည်။ သူတို့နှစ်ယောက် ကားပေါ်မှ ဆင်းလာသည်နှင့် တစ်ပြိုင်နက် ကုမ္ပဏီထဲသို့ ဝင်ထွက်သွားလာနေသော ဝန်ထမ်းတွေ ၊ ဖြတ်သွားဖြတ်လာတွေ အားလုံး သူတို့ကို ဓာတ်ပုံရိုက်ကာ အလွန် ချစ်စရာကောင်းကြောင်း ကျယ်လောင်စွာ အံ့ဩတကြီး ရေရွတ်နေကြသည်။

ဖူရှောင်ပေါင်လေးသည် အဖေဖြစ်သူဘက်ကို လှည့်ပြီး “ ဖေဖေ … သူတို့က သားတို့ကို ဓာတ်ပုံတွေ ဝိုင်းရိုက်နေတယ်နော်။ ” ဟု ပြော၏။

ဖူမင်ရှစ်က သားဖြစ်သူရဲ့ လိပ်ပြာပုံသဏ္ဍာန် နက်ခ်တိုင်လေးကို ဆွဲဆန့်ပေးရင်း “ သားက သူတို့ ဓာတ်ပုံရိုက်တာကို မကြိုက်ဘူးလား။ ” ဟု အပြုံးလေးဖြင့် မေးလိုက်တော့ ဖူရှောင်ပေါင်ရဲ့ နှုတ်ခမ်းတွေ ခပ်တင်းတင်း စေ့ပိတ်ထားသည်။

“ သိပ်မကြိုက်ဘူး။ သားက မေမေ ဓာတ်ပုံရိုက်ပေးတာကိုပဲ ကြိုက်တာ။ ”

“ ဒါဆို သူတို့ ဓာတ်ပုံရိုက်လို့ မရတော့အောင် မြန်မြန် ဝင်ကြမယ်လေ။ ” ဖူမင်ရှစ်က ကုမ္ပဏီထဲကို ချက်ချင်း ဝင်ခဲ့လိုက်သည်။ ဘော့စ်တစ်ယောက်အနေဖြင့် သာမန် ဝန်ထမ်းတွေက သခင်လေးကို အသည်းယားသော်လည်း သူ့ဆီ ပြေးသွားပြီး ကပ်ဖားရပ်ဖားလုပ်ဖို့ထက် အဝေးကနေ အသည်းယားစွာ ငေးကြည့်နေရုံသာ တတ်နိုင်သည်။

အကြီးပိုင်း ဝန်ထမ်းတွေမှာတော့ အဲ့ဒီလို စိုးရိမ်ပူပန်မှုတွေ မရှိပါ။ အသက် လေးဆယ်ကျော် မန်နေဂျာအမျိုးသမီးတစ်ယောက်က ကလေးကို ပွေ့ချီလာသော ဖူမင်ရှစ်ကို မြင်သည်နှင့် ပြုံးပြီး လာရောက်နှုတ်ဆက်သည်။ ဖူမင်ရှစ်က အေးစက်တည်ငြိမ်သော်လည်း လူမှုရေးမသိတတ်သူတော့ မဟုတ်၍ သူ့သားကို သူမအား အန်တီဟု ခေါ်ဖို့ သင်ပေးလိုက်သည်။

သူ့ပခုံးကို မှီထားသော ဖူရှောင်ပေါင်လေးကလည်း သူ သင်ပေးသည့်အတိုင်း တစ်သွေမတိမ်း ခေါ်လေရာ ထိုမန်နေဂျာအမျိုးသမီးမှာ ဖူရှောင်ပေါင်လေးကို ချစ်လွန်း၍ အသည်းယားစွာ မစနောက်ဘဲ မနေနိုင်တော့ပေ။ “ ရှောင်ပေါင်လေး … အန်တီ့ကို လှတယ်လို့ ထင်လားဟင် … ”

ဖူရှောင်ပေါင်က သူမကို ခဏလောက် စိုက်ကြည့်ပြီးနောက် အဖေဖြစ်သူကို ပြန်ကြည့်ကာ ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်သည်။

မန်နေဂျာအမျိုးသမီး : “ ဒါဆို ရှောင်ပေါင်လေးက အန်တီ့ကို လှတယ်လို့ မြင်တယ်ပေါ့နော်။ ဒါပေမဲ့ သားမေမေကတော့ အန်တီ့ထက် ပိုလှမှာပေါ့။ ”

“ မေမေ။ ” ဖူရှောင်ပေါင်က မဆိုင်းမတွပဲ အလွန် ကျယ်လောင်သော အသံဖြင့် “ သားမေမေက ကမ္ဘာပေါ်မှာ အလှဆုံးပဲ။ ” ဟု ပြန်ပြောခဲ့သည်။

မန်နေဂျာအမျိုးသမီးက ဖူရှောင်ပေါင်လေးကို သဘောတကျ ရယ်မောပြီးနောက် ဘော့စ်ဖူကို ခေါင်းညွှတ်နှုတ်ဆက်ကာ သူမရဲ့ အလုပ်စားပွဲဆီသို့ အမြန် ပြန်ပြေးသွားသည်။

ဖူမင်ရှစ်သည် တစ်မနက်လုံး ရုံးခန်းထဲမှာ အလုပ်,လုပ်ရင်း သားဖြစ်သူကို အဖော်ပြုပေးခဲ့သည်။ နေ့လယ်စာ စားပြီးနောက် ဖူရှောင်ပေါင်လေးက အိပ်ငိုက်လာပြီး အမေဖြစ်သူကို စတင် လွမ်းဆွတ်လာကာ မရပ်မနား အော်ငိုခဲ့သည်။ ဖူမင်ရှစ် အကြာကြီး ချော့မော့နေခဲ့သော်လည်း အချည်းနှီးသာ။

ရွေးချယ်စရာ မရှိတော့သော ဖူမင်ရှစ်သည် သူ့သားကို အဘွားဖြစ်သူထံ ပို့လိုက်ရတော့သည်။ ဖူရှောင်ပေါင်လေးက ဖက်ရှင်ကျကျ ဝတ်ဆင်ထားကာ လှပသော အဘွားကို မြင်တော့မှ အငိုတိတ်ပြီး လိလိမ္မာမ္မာ အိပ်သွားခဲ့သည်။

အဲ့ဒီလိုနှင့် ဖူမင်ရှစ်သည် ငါးနှစ်အရွယ် သားလေးကို သူတစ်ယောက်တည်း ငါးရက်တိတိ ဂရုစိုက်ရင်း အလုပ်ရှုပ်နေခဲ့သည်။ သောကြာနေ့မနက်မှာတော့ ဖူမင်ရှစ်က တစ်စုံတစ်ယောက်ကို ကြိုရန်အတွက် သားဖြစ်သူကို ခေါ်၍ လေဆိပ်သို့ ထွက်လာခဲ့သည်။

လေဆိပ်ဆိုက်ရောက်ခန်းမထဲမှာ လူတွေ ပြည့်ကြပ်နေပြီး သပ်ရပ်ချောမောစွာ ဝတ်တက်ထားသော ဖူမင်ရှစ်တို့သားအဖသည် လူများစွာရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့သည်။ တချို့ ဆိုလျှင် သူတို့သားအဖကို နာမည်ကြီး အနုပညာတွေလို့တောင် အထင်မှားပြီး ခပ်ဝေးဝေးကနေ ဝိုင်းကြည့်နေခဲ့ကြသည်။

ဖူမင်ရှစ်က အေးစက်တည်ငြိမ်သော အမူအရာရှိသော်လည်း ဖူရှောင်ပေါင်ကလေးကတော့ ထွက်ပေါက်ကို မျက်လုံးဝိုင်းကြီးများနှင့် မျှော်လင့်တကြီး ကြည့်နေရင်း စိတ်ပျက်စပြုလာသည်။ “ မေမေက ဘာလို့ အခုထိ မရောက်သေးတာလဲ ဖေဖေ။ ”

ဖူမင်ရှစ်က သားဖြစ်သူရဲ့ လက်ကလေးကို ဖျစ်ညှစ်ရင်း “ သူ မကြာခင် ရောက်လာတော့မှာပါ။ ” ဟု နူးညံ့သော အသံဖြင့် နှစ်သိမ့်ပေးလိုက်သည်။

ဖူရှောင်ပေါင်က နှုတ်ခမ်းလေး ဆူပြီး ထွက်ပေါက်ဘက်သို့ ပြန်လှည့်ကြည့်လိုက်ချိန်မှာပဲ လူတွေ အများကြီး ထွက်လာတာကို မြင်လိုက်ရလေသည်။ ကမ္ဘာပေါ်မှာ အလှဆုံး ဖြစ်သည့် သူ့အမေက အားလုံးရဲ့ အလယ်မှာ လျှောက်လှမ်းလာခဲ့သည်။ ဖူရှောင်ပေါင်လေးက “ မေမေ။ ” ဟု ပျော်ရွှင်စွာ အဆက်မပြတ် ခေါ်ရင်း သူ့ခန္ဓာကိုယ် ပြည့်ပြည့်ဖောင်းဖောင်းလေးကလည်း အရှေ့ဘက်သို့ ယိမ်းယိုင်သွားခဲ့ပါသည်။

သားဖြစ်သူကို မြဲမြံစွာ ပွေ့ချီထားသည့် ဖူမင်ရှစ်သည် ရက်အတန်ကြာ မတွေ့ခဲ့ရသော ဇနီးဖြစ်သူကို မြင်ချိန်တွင် မျက်လုံးထဲမှာ အပြုံးပန်းတွေ ဖူးပွင့်ဝေဆာသွားခဲ့သည်။ ကျန်းပေါင်ကလည်း သူမကို စောင့်ကြိုနေသော ခင်ပွန်းနှင့် သားဖြစ်သူကို မြင်ချိန်မှာ ခြေလှမ်းတွေကို အရှိန်တင်လိုက်မိသည်။

“ မေမေ။ ” ဖူရှောင်ပေါင်က အလိုလိုက်ခံထားရ‌သော ကလေးတစ်ယောက်သဖွယ် အမေဖြစ်သူရဲ့ ရင်ခွင်ထဲသို့ တိုးဝင်၍ တင်းကြပ်စွာ ပွေ့ဖက်ထားခဲ့သည်။ ကျန်းပေါင်က သူလေးကို တရှုံ့ရှုံ့ နမ်းရှိုက်နေခဲ့ပြီး ထိုသို့ နမ်းရှိုက်နေတုန်းမှာပဲ တစ်စုံတစ်ယောက်က သူမတို့သားအမိနှစ်ယောက်ကို ပွေ့ဖက်လိုက်၏။

ကျန်းပေါင် အံ့ဩစွာ မော့ကြည့်လိုက်တော့ ဖူမင်ရှစ်ကို မြင်ရသည်။ ဖူမင်ရှစ်က ပတ်ဝန်းကျင်ရှိ လူတွေအားလုံးကို ဂရုမစိုက်ဘဲ သူမကို ငုံ့နမ်းလိုက်သည်။ ထို့နောက် သူ့နှုတ်ခမ်းက သူမရဲ့ ဆံနွယ်တွေကို ပွတ်တိုက်သွားပြီး “ နောက်ဆုံးတော့ မင်း ပြန်လာပြီ။ ” ဟု နူးညံ့တိုးဖွစွာ ပြောသည်။

ကျန်းပေါင် ပြုံးမိသွားပြီး သားဖြစ်သူကို ပွေ့ချီထားလျက် သူ့ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။

သူမရဲ့ ခင်ပွန်းနှင့် ကလေးက သူမကို စောင့်နေတာကို ပြန်မလာဘဲ နေစရာလား … ။

အခုတော့ သူမ ပြန်ရောက်လာပြီမို့ သူမရဲ့ ကမ္ဘာကြီးလည်း ပြန်လည် ပြည့်စုံသွားပြီ ဖြစ်သည်။

ပြီးပါပြီ။

***

All Chapters