အခန်း ( ၇၁-၇၂)
Vol. 7 Ch. 71-72
အခန်း ၇၁ ချမ်းသာသူနှင့် ဆင်းရဲသား
လမင်းကြီးသည် ကောင်းကင်ထက်၌ ဝင်းပစွာ သာယာနေပြီး ခြံဝင်းကျယ်ကြီးတစ်ခုလုံးကို လင်းထိန် နေစေ၏ ။
ခမ်းနားလှပသော ခန်းမဆောင်အတွင်း၌ စားသောက်ပွဲများကို ပြင်ဆင်ထားပြီး ဖြစ်သည် ။
ဝေရှင်းဝူသည် စပျစ်ရည်ခွက်ကို မြှောက်ကာ အားပါးတရ သောက်ရင်း ပြောလေသည် ။
"ဒီလို သာယာတဲ့ အချိန်မျိုးမှာ ရေကန်အနားက ဇရပ်လေးမှာ စိတ်ကြိုက် သောက်ရရင်တော့ တကယ်ကို အရသာရှိမှာပဲ။ ဒီနေရာကကျဉ်းနေတော့ ရေကန်လည်းမရှိ ၊ ဇရပ်လည်း မရှိဖြစ်နေတယ်။ အစ်ကိုဝူနဲ့ အစ်ကိုရှုတို့ကို အားနာမိပါတယ်ဗျာ "
ဝေရှင်းဝူ၏ အမြင်တွင် လုပ်ဖော်ကိုင်ဖက်များကို ဤကဲ့သို့ ပန်းခြံခန်းမ၌ ဧည့်ခံခြင်းမှာ နှိမ့်ချလွန်းသည်ဟု ထင်သော်လည်း ဝူကျိရှန်းမှာမူ စိတ်ထဲ၌ တုန်လှုပ်နေမိ၏။
မြို့တော်အရာရှိဖြစ်စေ ၊ နယ်အရာရှိဖြစ်စေ ရာထူးစလက်ခံချိန်တွင် အိမ်ငှားနေထိုင်ကြရစမြဲဖြစ်ပြီး ထိုက်ယွမ်မြို့၏ အိမ်ငှားခမှာ မနည်းလှပေ။
ဇနီးသည်နှင့် ချင်းချင်းတို့ကို ထားရန်အတွက် ဝူကျိရှန်းမှာ ငွေအမြောက်အမြား အကုန်အကျခံကာ ဝခြံဝင်းလေးတစ်ခုကို ငှားခဲ့ရသည်။
သူတို့နှင့်အဆင့်တူဖြစ်သော ဝေရှင်းဝူမှာမူ ခြံဝင်းသုံးဆင့်ပါသော အိမ်ကြီးအိမ်ကောင်းကိုဝယ်ယူထားသည့်အပြင် အစေခံ အုပ်စုလိုက်ကိုပင် ထားနိုင်လေရာ သူ၏ မိသားစု နောက်ခံမှာ သာမန်မဟုတ်နိုင်ပေ။
၎င်းတို့ သုံးဦးစလုံးမှာ ဆေးဘက်ဆိုင်ရာဌာန၏ ဒုတိယညွှန်ကြားရေးမှူးများ ဖြစ်ကြ၏။
လုပ်ဖော်ကိုင်ဖက်ချင်း သီးသန့်ဆုံတွေ့ကြခြင်း ဖြစ်သဖြင့် ရုံးလုပ်ငန်းကိစ္စအချို့ကိုလည်းပြောမိကြ လေသည်။
"ညီအစ်ကိုတို့ .. နန်းတော်ကနေ ဒီဆေးဘက်ဆိုင်ရာဌာနကို တည်ထောင်တာဟာ ကူးစက်ရောဂါတွေကို ကာကွယ်ဖို့နဲ့ လူနာတွေကို ကုသပေးဖို့"
ဝူကျိရှန်းက စကားစရုံရှိသေး ဝေရှင်းဝူက စိတ်မရှည်စွာ လက်ကာပြလေ၏။
"အစ်ကိုဝူ .. ထမင်းစားပွဲမှာ အစိုးရကိစ္စတွေ မပြောရအောင်ဗျာ။ ဌာနမှူးတောင် ရာထူးလာမယူသေးတာ ၊ ဒီကိစ္စတွေ ပြောနေလို့ ဘာထူးမှာလဲ "
ဌာန၏ အကြီးအကဲ ရောက်မလာသေးသဖြင့် မည်သည့်အရာကိုမျှ လုပ်ဆောင်၍ မရသေးပေ။
စောစောစီးစီး ရောက်လာသင့်သော ဌာနမှူးမှာ ယခုတိုင် လမ်းခရီး၌ ကြန့်ကြာနေခြင်းမှာလည်း ထူးဆန်းလှသည် ။ နောင်တွင် အလုပ်များကို မည်သို့ ဆက်လက် လုပ်ဆောင်ကြမည်နည်း ။
"သူ ခဏတဖြုတ်နဲ့ ရောက်လာမှာ မဟုတ်ဘူး "
ဝေရှင်းဝူမှာ အတော်မူးနေပြီဖြစ်သဖြင့် စကားကို ရဲရဲတင်းတင်းပင် ပြောနေတော့၏။
"ကျုပ်တို့ ဌာနမှူးက အရင်က အခွန်ဝန်ကြီးဌာနရဲ့ အဆင့် ၆ အရာရှိဗျ။ အခု မြို့တော်ကနေ ဒီလိုနေရာမျိုးကို အဆင့် ၆ နဲ့ပဲ ပြောင်းရွှေ့ခံရတာဆိုတော့ သူ ဘယ်လာချင်ပါ့မလဲ"
အခွန်ဝန်ကြီးဌာနမှ အဆင့် ၆ အရာရှိနှင့် ထိုက်ယွမ်ခရိုင် ဆေးဘက်ဆိုင်ရာဌာနမှ အဆင့် ၆ ဌာနမှူးမှာ အဆင့်တူသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် ကွာခြားချက်ကြီးမားလှ၏။
အခွန်ဝန်ကြီးဌာနတွင် အဆင့် ၆ အရာရှိလေးမျှသာ ဖြစ်သော်လည်း ဂုဏ်သရေရှိသော ရာထူးဖြစ်သည်။ လာဘ်မစားလျှင်ပင် တစ်နှစ်ပတ်လုံး မသိမသာ ရရှိသော ဝင်ငွေများမှာ များပြားလှ၏။
အထူးသဖြင့် ဘဏ္ဍာရေး အာဏာကို ကိုင်တွယ်ထားသော အခွန်ဝန်ကြီးဌာနကဲ့သို့ နေရာမျိုးမှာ အမြတ်အစွန်း အပေါဆုံးပင် ဖြစ်သည်။
ထိုခေတ်ကာလတွင် နယ်အရာရှိများက မြို့တော်အရာရှိများကို လာဘ်ထိုးသည့် အလေ့အထမှာ အမည်နာမ တစ်မျိုးဖြင့် ရှိနှင့်နေပြီး ဖြစ်သည်။
အကယ်၍ နယ်အရာရှိများသည် နန်းတော်မှ ချပေးသော ဘဏ္ဍာငွေများကို ချောချောမွေ့မွေ့ ရရှိလိုပါက ဝန်ကြီးဌာနရှိ လူများကို နည်းမျိုးစုံဖြင့် ဖားယားကြရသဖြင့် အကျိုးအမြတ်မှာ နည်းပါးမည်မဟုတ်ပေ။
ထို့ပြင် ပွဲတော်ရက်များနှင့် မွေးနေ့ပွဲများတွင်လည်း လက်ဆောင်ပဏ္ဏာများ ရရှိသေးရာ တစ်ဦးတစ်ယောက်မျှနယ်သို့ မထွက်ချင်ကြ ပေ။
ဝန်ကြီးဌာနအတွင်း၌သာ နေပါက ထူးခြားသော စွမ်းဆောင်ရည် မရှိလျှင်ပင် လုပ်သက်အရ ရာထူးတက်ရန် လွယ်ကူသည် ။
နယ်သို့ ရောက်သွားပါကမိမိကိုယ်တိုင် လမ်းဖောက်နိုင်ရမည်။နောက်ခံတောင့်တင်းရမည် ဖြစ်၏။
သို့မဟုတ်ပါက ရာထူးတက်ရန်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသည်ထက် ခက်ခဲပေလိမ့်မည်။
အခွန်ဝန်ကြီးဌာနမှ ထိုက်ယွမ်မြို့သို့ အဆင့်တူ ပြောင်းရွှေ့ခြင်းမှာ ရာထူးတိုးပေးသယောင်နှင့် နှိမ့်ချလိုက်ခြင်းသာ ဖြစ်သည်။
"ကျုပ်တို့ ဌာနမှူးက အခွန်ဝန်ကြီးဌာနက လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဝိုင်းပယ်ခြင်းကို အမြဲခံရတာ။ အဆင့် ၆ အရာရှိအဖြစ် ခုနစ်နှစ် ၊ ရှစ်နှစ်ကြာတဲ့အထိ ရာထူးမတက်ခဲ့ဘူး။ အသက်ကလည်း ခြောက်ဆယ်နီးနေပြီ ၊ အနားမယူခင် ရာထူးတက်ဖို့ မျှော်လင့်နေတာကိုမှ ဒီကို ပြောင်းခံရတာဆိုတော့ သူ ဘယ်လို စိတ်ပါပါ့မလဲ"
ဝေရှင်းဝူက အားရပါးရ ရယ်မောရင်း ပြောလေသည် ။
"သူ အခု မြို့တော်မှာပဲ ဆက်နေနိုင်ဖို့အတွက် နည်းမျိုးစုံသုံးပြီး ကြိုးစားနေတယ်လေ"
ရှုစီဝင်ကတည်ငြိမ်စွာပင်မေးလိုက်၏။
"အစ်ကိုဝေက နန်းတွင်းက လျှို့ဝှက်ချက်တွေကို အများကြီး သိနေတာဆိုတော့ မျိုးရိုးမြင့် မိသားစုက ဖြစ်ရမယ်"
"ငါ့အဖေက အန်းနန်နယ်စား ဝေထုံယွမ်ပဲ "
အန်းနန်နယ်စား ဝေထုံယွမ်မှာ မင်မင်းဆက်ကို ထူထောင်ရာ၌ ကူညီခဲ့သော စစ်သူကြီးတစ်ဦး ဖြစ်သည်။ စူးကျိုးနှင့် လုကျိုးတိုက်ပွဲများတွင် ထူးချွန်သော စစ်မှုထမ်းကောင်းများ ရရှိခဲ့ဖူးသလို စစ်သူကြီးစူတုနှင့်အတူ ထိုက်ယွမ်ကို တိုက်ခိုက်သိမ်းပိုက်ရာတွင်လည်း နာမည်ကျော်ကြားခဲ့သူ ဖြစ်၏။
အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ ထိုခေတ်က နိုင်ငံတော်တည်ထောင်ခဲ့သော သူရဲကောင်းကြီး အများစုမှာ ကွယ်လွန်ကုန်ကြပြီဖြစ်ရာ အသက်ရှိထင်ရှား ရှိသူမှာ နည်းပါးလှသည်။
ထို့ပြင် အန်းနန်နယ်စားမှာ ဧကရာဇ် ကျူးယွမ်ကျန်း၏ ဇာတိမြေဖြစ်သော ဖုန်းယန်မှ ဖြစ်သည်။
"အဖေ့ဆန္ဒအရတော့ ငါ့ကို နယ်မှာ အတွေ့အကြုံယူစေချင်တာ ။ဒါပေမဲ့ နယ်မှာက အရမ်းအလုပ်ရှုပ်တယ်ဗျ။ အဲဒီအချိန်မှာပဲ နန်းတော်က ဆေးဘက်ဆိုင်ရာဌာနကို ဖွင့်လိုက်တာနဲ့ ငါလည်း ဒီတာဝန်ကို ယူလိုက်တာပဲ"
ဝေရှင်းဝူကဲ့သို့ နောက်ခံကောင်းသောသူအတွက် အာဏာမရှိ ၊ ငွေကိုင်စရာမလိုသော အဆင့် ၆ အရာရှိလေး ဖြစ်ဖို့မှာ စကားတစ်ခွန်း ပြောရုံမျှနှင့် လွယ်ကူလှသည်။
သို့သော် ထိုစကားများသည် ရှုစီဝင်၏ နားထဲ၌ ခါးသီးလှ၏ ။
သူသည် ငယ်စဉ်ကတည်းက စာကို ကြိုးစားသင်ယူခဲ့ရသည် ။ လူငယ်ဘဝ တစ်ခုလုံးကို စာမေးပွဲများအတွက်သာ အချိန်ပေးခဲ့ရပြီး အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ဖူး၏။ အသက်လေးဆယ် ရောက်မှသာ စာမေးပွဲအောင်မြင်ပြီး ကျင်ရှီး ဖြစ်လာခဲ့သည်။
စာမေးပွဲအောင်မြင်သော်လည်း ရာထူးတစ်ခု ရရှိရန်အတွက် သည်းခံကာ စောင့်ဆိုင်းခဲ့ရသေးသည်။
ရာထူးတစ်ခု ရရန်အတွက် ရှုစီဝင်သည် မိသားစုပိုင်ဆိုင်မှုများကို ရောင်းချကာ နည်းမျိုးစုံဖြင့် လာဘ်ထိုးခဲ့ရသဖြင့် အိမ်ခြေရာခြေမဲ့ ဖြစ်လုနီးပါး ဖြစ်ခဲ့ရ၏။
အားထုတ်မှု အမြောက်အမြား လုပ်ဆောင်ပြီးမှသာ ရှန်းရှီးဆေးဘက်ဆိုင်ရာဌာန၏ဒုတိယ ညွှန်ကြားရေးမှူး ဖြစ်လာခဲ့ခြင်းဖြစ်သည် ။
တာဝန်ထမ်းဆောင်ရန် လာစဉ်ကပင် မိသားစုပိုင် စပါးကျီထဲမှ စပါးများကို ရောင်းချပြီး ခရီးစရိတ် ရှာခဲ့ရသည်။
ထိုက်ယွမ်မြို့သို့ ရောက်သောအခါတွင်လည်း အိမ်ငှားရန် ငွေမရှိသဖြင့် တည်းခိုခန်းတစ်ခု၌သာ ယာယီ တည်းခိုနေရ၏။
ဝေရှင်းဝူကို ကြည့်ပါဦး။
သူသည် စာကို ကြိုးစားစရာ မလိုသလို အကြိမ်ကြိမ် စာမေးပွဲ ဖြေနေစရာလည်း မလိုပေ။ သူ၏ မိသားစုက စကားတစ်ခွန်း ပြောလိုက်ရုံနှင့် အရာရှိ ဖြစ်လာသည်။
ဝတ်ကောင်းစားလှများ ဝတ်နိုင်ကာ အိမ်ကြီးအိမ်ကောင်းနှင့် အစေခံများစွာကို ထားနိုင်သည်။ ဤသည်ကို မည်သူကမနာလိုမရှုစိမ့်ဘဲနေနိုင်ပါ့မည်နည်း။
၎င်းတို့မှာ တစ်ဦးနှင့်တစ်ဦး သိပ်မရင်းနှီးကြသေးသဖြင့်ထိုစားသောက်ပွဲမှာ ယဉ်ကျေးမှုအရ တွေ့ဆုံခြင်းမျှသာ ဖြစ်သည် ။
ထို့ကြောင့် ဝူကျိရှန်းနှင့် ရှုစီဝင်တို့မှာ ယဉ်ကျေးစွာပင် စပျစ်ရည် အနည်းငယ် သောက်ကာ စကားစမြည် ပြောဆိုပြီးနောက် ပြန်ရန် နှုတ်ဆက်ကြလေသည်။
မပြန်မီ ဝေရှင်းဝူက လက်ခုပ်တီးလိုက်ရာ လှပသော အစေခံမိန်းကလေးတစ်ဦးက အနီရောင် ဗန်းတစ်ခုကို ယူဆောင်လာ၏ ။
ဗန်းပေါ်တွင် ငွေရောင်လက်ကိုင်ပါသော ကျောက်စိမ်းရူယီ တစ်စုံ ရှိနေသည်။
ရူယီမှာ ထိုခေတ်က ချမ်းသာသော မိသားစုများအကြား အပြန်အလှန် ပေးလေ့ရှိသော လက်ဆောင်ပစ္စည်း ဖြစ်သည်။
ထိုရူယီမှာခုနစ်လက်မခန့်သာရှည်၏ ။ ငွေရောင်လက်ကိုင်များမှာ သိပ်တန်ဖိုးမရှိသော်လည်း ချိုးငှက်ဥခန့်ရှိသော ကျောက်စိမ်းတုံး နှစ်တုံးမှာမူ စိမ်းမြမြနှင့် ကြည်လင်နေပြီး သာမန် ကျောက်စိမ်းများ မဟုတ်ကြောင်း သိသာလှသည်။
"ညီအစ်ကိုတို့နဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်ရတာ ဝမ်းသာပါတယ်။ ကျွန်တော့မှာ ထွေထွေထူးထူး ပေးစရာ မရှိလို့ ဒီကစားစရာလေးတွေကို လက်ခံပေးကြပါ"
အရာရှိလောကတွင် လက်ဆောင်ပေးခြင်းမှာ သဘာဝဖြစ်သည်။ ထိုကျောက်စိမ်းရူယီမှာတန်ဖိုးတအားမကြီး၍နောင်တွင် ဝေရှင်းဝူကို တန်ဖိုးတူ လက်ဆောင်တစ်ခု ပြန်ပေးလျှင် ရနိုင်သည်။
ယဉ်ကျေးမှုအရ အပြန်အလှန် ရှိရမည် မဟုတ်ပါလား။
ဝူကျိရှန်းက ယဉ်ကျေးစွာ စကားတုံ့ပြန်ပြီးနောက် ကျောက်စိမ်းရူယီကို အင်္ကျီအိတ်ထဲသို့ ထည့်လိုက်၏ ။
ရှုစီဝင်မှာမူ သိသိသာသာပင် ဝေခွဲမရဖြစ်နေပြီး အကြောင်းပြချက်အမျိုးမျိုး ပေးကာ ငြင်းဆန်နေသော်လည်း နောက်ဆုံးတွင် အားနာနာနှင့်ပင် လက်ခံလိုက်ရသည်။
သူတစ်ပါး၏ စားသောက်ပွဲကို တက်ရောက်ပြီး တန်ဖိုးကြီးလက်ဆောင်ကို လက်ခံမိပြီဖြစ်ရာ နောင်တွင် အလားတူ ပြန်ပေးရပေလိမ့်မည် ။
သို့သော် ရှုစီဝင်မှာ ငွေကြေး မချမ်းသာသဖြင့်ထိုကျေးဇူးကို ပြန်ဆပ်ရန် ခက်ခဲနေပေသည်။
သို့သော် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ရာ ပြတ်ပြတ်သားသား ငြင်းဆန်ရန်မှာလည်း ခက်ခဲလှ၏ ။
ထို့ပြင် ဝူကျိရှန်းပင် လက်ခံလိုက်ပြီဖြစ်ရာ သူက မည်သို့ ငြင်းနိုင်ပါတော့မည်နည်း။
`
အခန်း ၇၂ အထက်လူကြီးလာပြီ
ချူဖူဟုခေါ်သော နွေရာသီ၏ အပူဆုံးကာလသို့ ရောက်ရှိလာသည်နှင့်အမျှ ရာသီဥတုမှာ အလွန်အမင်း ပူပြင်းလာရုံသာမကဘဲ အသက်ရှူရခက်ခဲလောက်အောင်ပင် အိုက်စပ်နေလေသည်။
ညောင်ပင်အိုကြီးပေါ်ရှိ ပုစဉ်းရင်ကွဲများမှာ အားအင်ကုန်ခမ်းစွာ အော်မြည်နေကြပြီး လေတစ်ချက်ပင် မတိုက်ခတ်ပေ။
ချွေးစေးများမှာ အထပ်ထပ် ထွက်လာပြီး အိုက်စပ်သော အပူရှိန်မှာ လူကို ရူးသွပ်မတတ် ဖြစ်စေ၏။
ဝူကျိရှန်းသည် အရာရှိဝတ်စုံကို ချွတ်လိုက်ပြီး ပါးလွှာသော ပိုးသားအတွင်းခံအင်္ကျီကိုသာ ဝတ်ဆင်ကာ စင်္ကြံအရိပ်အောက်၌ ထိုင်နေ၏။
သူသည် သမားတော်ကြီးစွန်း ပေးအပ်ခဲ့သောပန်ချောင်စိရိ ဆေးကျမ်းကို ဖတ်ရှုနေခြင်း ဖြစ်သည်။
ပထမဆုံးကြည့်စဉ်ကမူ သာမန်ဆေးကျမ်းတစ်စောင်ဟုသာ ထင်ခဲ့သော်လည်း စာမျက်နှာအချို့ကို လှန်လှောဖတ်ရှုပြီးနောက်တွင် တရုတ်တိုင်းရင်းဆေးပညာနှင့် ဆေးဖက်ဝင်အပင်များ၏ နက်ရှိုင်းလှသော အတက်ပညာကို တဖြည်းဖြည်း မြင်တွေ့လာရသည်။
ထိုစာအုပ်သည် သမားတော်ကြီးစွန်း၏ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်မှုများကို စုစည်းထားခြင်းဖြစ်ရာ သာမန်ဆေးကျမ်းတစ်စောင်ထက် များစွာသာလွန်၏။
ဆေးဖက်ဝင်အပင်များကို အသုံးချပုံကို အကျယ်တဝင့် ဖော်ပြထားသည့်အပြင် လက်တွေ့ကုသခဲ့သော ဖြစ်ရပ်များစွာလည်း ပါဝင်ရာ ထိုအသေးစိတ်အချက်အလက်များမှာ အံ့သြစရာ ကောင်းလှသည်။
ဥပမာအားဖြင့် တန်းရှန်း ဟုခေါ်သော အလေ့ကျပေါက်သည့် ဆေးပင်တစ်မျိုးကို ကြည့်လျှင် ဝူကျိရှန်းအနေဖြင့် ထိုဆေးပင်သည် အရောင်ကျစေခြင်း ၊ နာကျင်မှုကို သက်သာစေခြင်း ၊ သွေးအေးစေခြင်းနှင့် အဆိပ်အတောက် ပြေစေခြင်းတို့အတွက် အသုံးပြုနိုင်သည်ဟုသာ သိထားခဲ့၏ ။
သို့သော် ထိုစာအုပ်ထဲတွင် ဖော်ပြထားချက်မှာ သူ၏ စိတ်ကူးထက်ပင် ကျော်လွန်နေလေသည်။ စိုက်ပျိုးရာမြေနှင့် ရာသီဥတု မတူညီပါက ဆေးပင်တွင် ပါဝင်သော အစွမ်းသတ္တိများမှာလည်း အနည်းငယ် ကွဲပြားသွားတတ်သည် ။
ကျဲ့ကျန်းနယ်မှ ထွက်သော တန်းရှန်းနှင့် ဤဒေသမှ ထွက်သော တန်းရှန်းကို အသုံးပြုပုံချင်း မတူညီပေ။
ထို့ပြင် ဆေးဖော်စပ်နည်းများမှာလည်း အရေးကြီးပြန်သည်။ ဆေးပင်တစ်မျိုးတည်းပင် ဖြစ်သော်လည်း လေပူပေး၍ အခြောက်ခံခြင်းနှင့် ကန့်ငွေ့မှိုင်းတိုက်ခြင်းမှာ တားမြစ်ချက်များ ကွဲပြားသွားတတ်၏။
ယခင်က ဝူကျိရှန်းသည် သမားတော်ကြီးစွန်းနှင့် ယှဉ်ပြိုင်ရန်သာ အာရုံစိုက်ခဲ့မိသဖြင့် သမားတော်ကြီး၏ နက်နဲသော ပညာရပ်များကို သတိမထားမိခဲ့ပေ။
အကယ်၍သာ ထိုသူကို ပိုမိုတိုင်ပင်ခွင့် ရခဲ့ပါက အကျိုးကျေးဇူး များစွာရှိမည်မှာ သေချာသော်လည်း ယခုမူ သူ၏ စာအုပ်များကိုသာ ဖတ်နိုင်တော့သည်။
ဆယ်ရက်ကျော် ကြာသွားခဲ့သော်လည်း အကြီးအကဲဖြစ်သူ ဌာနမှူးမှာ ရာထူးနေရာယူရန် ရောက်မလာသေးပေ။သို့ဖြစ်ရာ ဒုတိယညွှန်ကြားရေးမှူး သုံးဦးမှာလည်း အလုပ်မရှိဘဲ အချိန်ကုန်လွန်နေကြရ၏။
ပုံမှန်အားဖြင့် ဝူကျိရှန်းမှာ ဆေးကျမ်းများကိုသာ ဖတ်နေတတ်ပြီး ရှုစီဝင်မှာမူ ကျင်စီးလုကျူး ကျမ်းစာကို အမြဲ ကိုင်ထားတတ်သည် ။ ၎င်းတို့မှာ အမိုးတစ်ခုအောက်၌ ရှိနေကြသော်လည်း ရေတွင်းရေနှင့် ရေကန်ရေကဲ့သို့ တစ်ဦးကိုတစ်ဦး မနှောင့်ယှက်ဘဲ ခပ်ကွာကွာသာ နေကြ၏ ။
ယနေ့တွင်မူ ရှုစီဝင်မှာ သိသိသာသာပင် စိတ်မတည်မငြိမ် ဖြစ်နေသည်။
သူသည် စာအုပ်ကို အကြိမ်ကြိမ် ချလိုက်ပြီး ဆေးကျမ်းဖတ်နေသော ဝူကျိရှန်းကို ခိုးကြည့်နေမိ၏။ အတော်ကြာမှ သူသည် သတ္တိမွေးကာ စကားစလိုက်သည် ။
"အရာရှိဝူ"
"ဘာကိစ္စရှိလို့လဲ"
ရှုစီဝင်မှာ အလွန်အားနာနေပုံရ၏။
"ကျွန်တော့်မှာ အားနာစရာ တောင်းဆိုချက်တစ်ခု ရှိလို့ပါ ။အရာရှိဝူက ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "
"ဘာကိစ္စလဲ ပြောပါ ။ အရမ်းကြီး ယဉ်ကျေးမနေပါနဲ့ "
ရှုစီဝင်၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားသည် ။
"ဒါက .. ပြောရမှာ တကယ်ကို ရှက်ဖို့ကောင်းပါတယ် ။ ကျွန်တော့်မှာ ငွေကြေး အခက်အခဲလေး ရှိနေလို့ပါ ။ အစ်ကိုဝူမှာ အပိုငွေလေး ရှိရင် ကျွန်တော့်ကို ကျွန်တော့်ကို ခဏလောက် "
၎င်းတို့မှာ ရာထူးလက်ခံထားသည်မှာ ကြာပြီဖြစ်သော်လည်း အကြီးအကဲ ရောက်မလာသေးသဖြင့် လစာ တစ်ပြားတစ်ချပ်မျှ မရကြသေးပေ ။ ရှုစီဝင်ယူဆောင်လာသော ခရီးစရိတ်မှာလည်း ကုန်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
ပုံမှန်ဆိုလျှင် ချွေတာစားသောက်ပြီး လစာကို သည်းခံစောင့်ဆိုင်းနိုင်သော်လည်း သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသော ဝေရှင်းဝူမှာ ချမ်းသာသော သခင်လေး ဖြစ်နေသဖြင့် ၎င်းတို့ကို မကြာခဏ ကျွေးမွေးလေ့ရှိသည် ။
၎င်းတို့အားလုံးမှာ ရာထူးတူ ဒုတိယညွှန်ကြားရေးမှူးများ ဖြစ်ကြ၏။
တစ်ကြိမ် နှစ်ကြိမ်ဆိုလျှင် ကိစ္စမရှိသော်လည်း အမြဲတမ်း သူတစ်ပါး ကျွေးတာကို စားနေရခြင်းမှာ မလျော်ကန်ပေ ။
ထို့ကြောင့် ဝူကျိရှန်းမှာ ကျေးဇူးကြွေးကို ဆပ်သည့်အနေဖြင့် နှစ်ကြိမ်ခန့် ပြန်လည် ကျွေးမွေးခဲ့ဖူးသည်။
သို့သော် ရှုစီဝင်မှာမူ မိမိကိုယ်ကိုယ် စားသောက်ရန်ပင် အခက်တွေ့နေရရာ အခြားသူများကို မည်သို့ ပြန်ကျွေးနိုင်ပါ့မည်နည်း။
ဝူကျိရှန်းသည်လည်း မချမ်းသာသော်လည်း ရှုစီဝင်ထက်စာလျှင် အခြေအနေ ပိုကောင်းသည် ။
ရုံးခန်းတစ်ခုတည်းတွင် အတူတူ အလုပ်လုပ်နေရသော လုပ်ဖော်ကိုင်ဖက် ဖြစ်သဖြင့် သူက ငွေချေးရန် တောင်းဆိုသည်ကို မငြင်းရက်ပေ။
"မိတ်ဆွေတွေပဲ ။အခက်အခဲရှိတာ ဝေမျှရမှာပေါ့ ။အစ်ကိုရှု ဘယ်လောက် လိုချင်လို့လဲ "
"ငွေ ငါးကျပ်လောက် ရှိမလား "
ဝူကျိရှန်းက ပြုံးလိုက်ပြီး ဆယ့်နှစ်ကျပ်သားရှိသော ငွေတုံးလေးတစ်တုံးကို ထုတ်ပေးလိုက်၏။
"အစ်ကိုရှု ဒါလေးကို အရင်ယူထားလိုက်ပါ "
"ကျေးဇူးတင်ပါတယ် ။ကျေးဇူးတင်ပါတယ် "
ရှုစီဝင်က တိုးတိုးလေး ပြောရင်း ကျေးဇူးတင်စကား ဆိုလေသည်။
"နန်းတော်က လစာရတာနဲ့ ကျွန်တော် ချက်ချင်း ပြန်ပေးပါ့မယ် "
"ကိစ္စမရှိပါဘူး ။ဒါက ပြောလောက်တဲ့ အရာမှ မဟုတ်တာ "
"ပြီးတော့ "
ရှုစီဝင်က မျက်နှာချင်းဆိုင်ရှိ အရှေ့ဘက် အဆောင်ကို ခိုးကြည့်လိုက်ရင်း ပြောသည် ..။
"ဒီကိစ္စကိုအရာရှိဝေကို မသိစေပါနဲ့ဦး "
စာပေပညာရှင်များမှာ သိက္ခာကို အလွန်တန်ဖိုးထားကြသည် ။
ရာထူးစလက်ခံချိန်မှာပင် လုပ်ဖော်ကိုင်ဖက်ထံမှ ငွေချေးရခြင်းမှာ သူတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ထင်မြင်ကြ၏။
ထို့ပြင် ရှုစီဝင်သည် မျက်နှာချင်းဆိုင်မှ ဝေရှင်းဝူကိုသူကဲ့သို့ စာပေကို ကြိုးစားသင်ယူပြီးမှ အရာရှိဖြစ်လာသော ပညာတတ်မျိုး မဟုတ်ဘဲ အပျော်အပါးမက်သော သူဌေးသားတစ်ဦးအဖြစ်သာ သတ်မှတ်ထားသည်။
ထို့ကြောင့်ပင် သူက ချမ်းသာသော ဝေရှင်းဝူထံ၌ မချေးဘဲ ဝူကျိရှန်းထံ၌ လာ၍ ချေးခြင်း ဖြစ်သည် ။
ဇွန်လ၏ ရာသီဥတုမှာမျက်နှာအမျိုးမျိုး ချက်ချင်း ပြောင်းလဲတတ်လေသည် ။
ဘယ်ကမှန်းမသိသော လေအေးတစ်ချက် တိုက်ခတ်လာပြီးနောက် ခဏအတွင်းမှာပင် မိုးတိမ်များ မှောင်အတိ ကျလာကာ လျှပ်စီးများ လက်ပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာတော့၏။ ထို့နောက် သည်းထန်စွာ မိုးရွာသွန်းလေတော့သည်။
ဆေးဘက်ဆိုင်ရာဌာနမှာ မူလကတည်းက ဟောင်းနွမ်းနေပြီဖြစ်ရာ မိုးသည်းထန်စွာ ရွာသွန်းချိန်၌ ပို၍ပင် အထီးကျန်စရာ ကောင်းနေတော့သည်။
အရှေ့ဘက်နှင့် အနောက်ဘက် အဆောင်နှစ်ခုလုံးမှာ မိုးယိုနေသဖြင့် ခဏအတွင်းမှာပင် ရေပင်လယ်များ ဖြစ်သွားတော့၏။
မကြာမီ ဒုတိယညွှန်ကြားရေးမှူး သုံးဦးစလုံးမှာလည်း မိုးရေစိုရွှဲကာ ကြွက်စုတ်များကဲ့သို့ ဖြစ်ကုန်ကြသည်။
"ဒါ ဘယ်လို ရုံးခန်းမျိုးလဲဗျာ "
ငယ်စဉ်ကတည်းက အလိုလိုက်ခံခဲ့ရသော ဝေရှင်းဝူမှာထိုကဲ့သို့ ဒုက္ခမျိုး မခံစားခဲ့ဖူးပေ ။ ထို့ကြောင့် တတွတ်တွတ် ဆဲဆိုနေတော့၏။
"ကျွန်တော်တို့ သုံးယောက်စလုံးက နန်းတွင်းအရာရှိတွေပါ ။အခုတော့ ဒီလိုစုတ်ပြတ်နုံချာတဲ့နေရာမှာ မိုးစိုခံနေရတယ်။ တကယ်ကို ဒေါသထွက်ဖို့ ကောင်းတာပဲ"
၎င်းတို့အားလုံးမှာ အရာရှိအဖြစ် လာရောက်တာဝန်ယူကြခြင်း ဖြစ်သော်လည်း ယခုမူ သနားစရာ အခြေအနေသို့ ရောက်နေကြရသည်။
ရှုစီဝင်မှာမူ ဝေရှင်းဝူကဲ့သို့ မဆဲဆိုဘဲ သူတော်စင်၏ ဟောကြားချက်များကို တိုးတိုးလေး ရွတ်ဆိုနေ၏။
"ကောင်းကင်ဘုံက လူတစ်ယောက်ကို ကြီးမြတ်တဲ့ တာဝန်တွေ ပေးတော့မယ်ဆိုရင် အရင်ဆုံး အဲဒီလူရဲ့ စိတ်ကို ဆင်းရဲဒုက္ခတွေနဲ့ စမ်းသပ်တယ် ။ ကြွက်သားတွေ အရိုးတွေကို ပင်ပန်းနွမ်းနယ်စေတယ် ။ ငတ်မွတ်မှုတွေကို ခံစားစေတယ် "
ဝူကျိရှန်းမှာမူ ဒေါသလည်းမထွက်သလို ရှုစီဝင်ကဲ့သို့ သူတော်စင် စကားများဖြင့်လည်း မိမိကိုယ်ကိုယ် အားမပေးပေ။ သူသည် ရွာကျနေသော မိုးကို ကြည့်ရင်း ပြုံးနေမိရုံသာ။
မိုးစိုခံနေရစဉ်အတွင်း အမျိုးသား သုံးဦး၏ တုံ့ပြန်ပုံများမှာ မတူညီကြဘဲ တစ်စုံတစ်ခုကို ကြိုတင်နိမိတ်ပြနေသယောင် ရှိလေသည်။
ထိုအချိန်မှာပင် ဆေးဘက်ဆိုင်ရာဌာန၏ တံခါးဝသို့ ရထားလုံးတစ်စီး ဆိုက်ရောက်လာ၏။
ရထားလုံးပေါ်မှ အရာရှိဝတ်စုံ ဝတ်ဆင်ထားသော ဆံပင်ဖြူအဖိုးအိုတစ်ဦးနှင့် သူနှင့်အသက်ရွယ်တူ အဘွားအိုတစ်ဦး ဆင်းလာကြသည် ။ ကြည့်ရသည်မှာ ဇနီးမောင်နှံ ဖြစ်ဟန်တူ၏။
ထိုအဖိုးအို၏ ရုပ်ရည်ကို ကြည့်လိုက်ရုံနှင့်ပင် ဝူကျိရှန်းက ထိုသူမှာ သူတို့၏ အထက်လူကြီး ဖြစ်သော ဆေးဘက်ဆိုင်ရာဌာန၏ ဌာနမှူးဖြစ်ကြောင်း သိလိုက်လေသည်။
ရှုစီဝင်မှာ မိုးသည်းထန်နေသည်ကိုပင် ဂရုမစိုက်ဘဲ အရင်ဆုံး ပြေးထွက်သွား၏။
သူသည် အရာရှိဝတ်စုံကို အမြန်ချွတ်လိုက်ပြီး အဖိုးအို၏ ခေါင်းပေါ်တွင် မိုးမစိုစေရန် အုပ်မိုးပေးလိုက်သည် ။
"ခွင့်ပြုပါ ။လူကြီးမင်းက အရှင်ချင်းကျန့်ယုံ ဖြစ်ပါသလားခင်ဗျာ "
"ဟုတ်ပါတယ် "
အဖြေရပြီးနောက်တွင် ရှုစီဝင်မှာ ပို၍ပင် ရိုသေကိုင်းညွတ်သွားသည် ။
သူသည် အထက်လူကြီးကို သူ၏ ဝတ်စုံဖြင့် မိုးကာပေးရင်း ဌာနအတွင်းသို့ ဖိတ်ခေါ်ခေါ်ဆောင်သွားတော့၏။
"ဟွန်း "
ဝေရှင်းဝူက နှာခေါင်းရှုံ့လိုက်ပြီး ဝူကျိရှန်းကို တံတောင်နှင့် အသာတို့ကာ ပြောလေသည်။
"တွေ့လား သူကတော့ အထက်လူကြီးကို ဖားနေပြီ ။စာတတ်ပေတတ်ဆိုတဲ့ လူတွေက ဒီလိုချည်းပဲ "
ဝေရှင်းဝူ၏ မိသားစုနောက်ခံမှာ တောင့်တင်းလှသဖြင့် အဆင့် ၆ ဌာနမှူးကို သူက ဂရုမစိုက်ပေ။
သို့သော် ဆင်းရဲသားဘဝမှ တက်လာသော ရှုစီဝင်အတွက်မူ အထက်လူကြီး၏ အထင်ကြီးမှုကို ရရန် ရိုရိုသေသေ ဆက်ဆံရမည်မှာ သဘာဝပင် ဖြစ်သည် ။
လုပ်ဖော်ကိုင်ဖက် နှစ်ဦး၏ လုံးဝကွဲပြားနေသော သဘောထားများကို ကြည့်ပြီးဝူကျိရှန်းကရယ်မောလိုက်၏။
"ဌာနမှူးချင်း ရောက်လာပြီဆိုတော့ ကျွန်တော်တို့လည်း တက်တက်ကြွကြွ ကြိုဆိုသင့်တာပေါ့ ။သွားပြီး နှုတ်ဆက်ကြရအောင် "