← Chapters

အခန်း (၇၃-၇၄)

Vol. 7 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 7 Ch. 73-74

အခန်း ၇၃ ငယ်ထိပ်မြွေပေါက်ခြင်း

အဘိုးအို ချင်းကျန့်ယုံ၏ အိုမင်းလှသော ရုပ်ရည်ကိုကြည့်၍ အထင်မသေးသင့်ပေ။

သူသည် ငယ်စဉ်ကပင် နာမည်ကျော်ကြားခဲ့သော ပါရမီရှင် စာပေပညာရှင်တစ်ဦး ဖြစ်ခဲ့၏။

ထိုစဉ်က အသက် ၁၇ နှစ်အရွယ်သာ ရှိသေးသော ချင်းကျန့်ယုံ ရေးသားခဲ့သည့် မြက်ခင်းပြင်ထက် လမ်းလျှောက်ခြင်းနှင့် ချင်းထန်ဒီရေလှိုင်းကို ကြည့်ရှုခြင်း အမည်ရှိ စာစီစာကုံးမှာ အလွန်ပင် လက်ရာမြောက်လှသဖြင့် ခေတ်တစ်ခေတ်၏ ပါရမီရှင်အဖြစ် တင်စားခြင်း ခံခဲ့ရသည်။

သူသည် အသက် ၂၁ နှစ်တွင် ပြည်နယ်အဆင့် စာမေးပွဲကို အောင်မြင်ခဲ့ပြီး ၂၇ နှစ်တွင် နန်းတွင်းစာမေးပွဲကို အောင်မြင်ခဲ့၏။

ထိုခေတ်ကာလ၏ အသုံးအနှုန်းအရ ဆိုရလျှင် သူသည် အနာဂတ် အလွန်တောက်ပသော လူငယ်ပညာရှိတစ်ဦးပင် ဖြစ်သည်။

ကံဆိုးသည်မှာ သူသည် အရာရှိဘဝကို မစတင်ရသေးမီမှာပင်မြို့ရိုးပေါ်ရှိ အလံများမှာ လဲလှယ်ခြင်း ခံလိုက်ရသည်။

တစ်ချိန်က အနှိုင်းမဲ့ခဲ့သော မွန်ဂိုအင်ပါယာကြီး ပြိုလဲသွားခဲ့ပြီး ချန်ယိုလျန် တည်ထောင်သော ဟန်အုပ်ချုပ်ရေးက ယွမ်မင်းဆက်ကို အစားထိုးခဲ့၏။

ထိုအချိန်က ဟူကွမ်ဒေသ၏ အခြေအနေမှာ ရှုပ်ထွေးနေသဖြင့် ပါးနပ်သော ချင်းကျန့်ယုံသည် တောမှီအကျော်အမော်အသွင်ဖြင့် နှစ်အနည်းငယ်မျှ ပုန်းအောင်းနေခဲ့သည်။

သူ မမျှော်လင့်ထားသည်မှာ ချန်ယိုလျန်သည် မွန်ဂိုစစ်တပ်၏ ပြန်လည်တိုက်ခိုက်မှုကို အမှန်တကယ်ပင် ခုခံနိုင်ခဲ့ပြီး ကမ္ဘာကို စိုးမိုးလိုသော အရိပ်အယောင်များ ပြသလာခြင်းပင် ဖြစ်၏။

ထို့ကြောင့် ချင်းကျန့်ယုံသည် ချန်ယိုလျန်ထံ၌ သစ္စာခံလိုက်လေသည် ။

သူသည် အဆင့် ၆ အရာရှိရာထူးကို ရရုံရှိသေးသော်လည်း ချန်ယိုလျန်မှာ ပိုယန်အိုင်တိုက်ပွဲ၌ ရှုံးနိမ့်သွားခဲ့ပြီး ခဏတာမျှသာ တည်မြဲခဲ့သော ချန်ဟန်အုပ်ချုပ်ရေးမှာလည်း ပြိုကွဲသွားတော့၏။

ထို့နောက် ချင်းကျန့်ယုံသည် စူးကျိုးမြို့သို့ ခရီးနှင်ကာ ထိုစဉ်က သီလနှင့် ပြည့်စုံသည်ဟု နာမည်ကြီးသော ကျန်းရှီချန်ထံ၌ ခိုလှုံခဲ့ပြန်သည် ။

ကျန်းရှီချန်က သူ့ကို ကောင်းမွန်စွာ ဆက်ဆံခဲ့ပြီး နောက်ထပ် အဆင့် ၆ အရာရှိရာထူးကို ပေးအပ်ခဲ့၏။

သို့သော် ရလဒ်မှာ ရက်အနည်းငယ်အကြာတွင် ကျန်းရှီချန်သည်လည်း ကျူးယွမ်ကျန်း၏ တိုက်ခိုက်မှုကို ခံရကာ ရှုံးနိမ့်သွားခဲ့ပြန်သည်။

အရာရှိဖြစ်ရန် စိတ်ပိုင်းဖြတ်ထားသော ချင်းကျန့်ယုံသည် ကျူးယွမ်ကျန်းထံသို့ ခြေဦးလှည့်ခဲ့ပြန်သည် ။

နှစ်အနည်းငယ် ကြာပြီးနောက် သူ၏ စာပေစွမ်းရည်ကို အခြေခံကာ အတွင်းဝန်ရုံးသို့ ဝင်ရောက်နိုင်ခဲ့ပြီး လက်ထောက်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ။ ၎င်းမှာလည်း အဆင့် ၆ ရာထူးပင် ဖြစ်၏။

အတွင်းဝန်ရုံးမှာ မင်မင်းဆက်၏ စီမံခန့်ခွဲရေး ဗဟိုချက်ဖြစ်သဖြင့် အဆင့် ၆ အရာရှိရာထူးမှာပင် အလွန်အရေးပါလှသည် ။

ချင်းကျန့်ယုံ၏ အရည်အချင်းနှင့် အတွေ့အကြုံအရ ဆိုလျှင် နှစ်အနည်းငယ် ကြာပါက သူသည် အရေးပါသော အရာရှိကြီးတစ်ဦး ဖြစ်လာနိုင်သည် ။

ကံမကောင်းစွာဖြင့်ပင် ဟုန်းဝူဧကရာဇ် ကျူးယွမ်ကျန်းသည် အတွင်းဝန်ရုံး တစ်ခုလုံးကို ဖျက်သိမ်းလိုက်သဖြင့် ချင်းကျန့်ယုံမှာ အခွန်ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခဲ့ရလေသည်။

အခွန်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးမှာလည်း အဆင့် ၆ အရာရှိပင် ဖြစ်သည်။ အတွင်းဝန်ရုံးလောက် အရေးမပါသော်လည်း ဝန်ကြီးဌာနအတွင်း၌ပင် ရှိနေသေးသဖြင့် နှစ်အနည်းငယ် အတွေ့အကြုံရလျှင် ရာထူးတက်နိုင်သေးသည် ။

ကံဆိုးသည်မှာ ချင်းကျန့်ယုံသည် ဖုန်းယန်ဇာတိလည်း မဟုတ်သလို မှူးမတ်မျိုးနွယ်စုဝင်လည်း မဟုတ်ပေ။

ထို့ပြင် သူသည် ယခင်က ချန်ယိုလျန်နှင့် ကျန်းရှီချန်တို့ထံ၌ အမှုထမ်းခဲ့ဖူးသဖြင့် အခွန်ဝန်ကြီးဌာနတွင် အလွန်ပင် အနှိမ်ခံခဲ့ရပြီး ရာထူးတက်ရန် အခွင့်အရေး လုံးဝမရှိဘဲ ဘေးဖယ်ခြင်း ခံထားရသူ ဖြစ်သည်။

ယခုတစ်ကြိမ်တွင်မူ သူသည် ထိုက်ယွမ်မြို့သို့ စေလွှတ်ခြင်း ခံခဲ့ရပြီး ဆေးဘက်ဆိုင်ရာဌာန၏ ဌာနမှူးအဖြစ် တာဝန်ပေးခြင်း ခံရသည် ။

၎င်းမှာလည်း အဆင့် ၆ ရာထူးပင် ဖြစ်နေသေးသော်လည်း အမှန်တကယ်တွင်မူ နယ်နှင်ဒဏ်ပေးလိုက်ခြင်းနှင့် အလားသဏ္ဌာန်တူလှ၏။

ချင်းကျန့်ယုံ၏ ဘဝနှင့် အရာရှိသက်တမ်းမှာ လှိုင်းလေထန်ခဲ့ပြီး လောကဓံကို အကြိမ်ကြိမ် ခံစားခဲ့ရသည်။ ရာထူးများစွာ ထမ်းဆောင်ခဲ့ဖူးသော်လည်း အဆင့် ၆ ထက် ဘယ်သောအခါမျှ မကျော်လွန်ခဲ့ပေ။

သူ၏ အတိတ်ကို ပြန်လည်စဉ်းစားမိသည့်အခါ သူသည် သက်ပြင်းကိုသာအကြိမ်ကြိမ်ချမိရ၏။ သူ၏ စိတ်ထဲ၌ ငယ်စဉ်က ရည်မှန်းချက်များနှင့် ကြီးမြတ်သော ရည်ရွယ်ချက်များမှာ ကွယ်ပျောက်ခဲ့သည်မှာ ကြာပြီဖြစ်သည် ။

သူသည် ယခုအခါ အသက် ၅၈ နှစ် ရှိနေပြီဖြစ်သည်။ မင်မင်းဆက်၏ မရေးမသားဘဲ ထားရှိသော စည်းမျဉ်းများအရ ဤအသက်အရွယ်တွင် ဤအဆင့်ရှိသော အရာရှိများမှာ ရာထူးတက်ရန် မည်သို့မျှ မဖြစ်နိုင်တော့ပေ။

မည်သည့်အရာကို လုပ်သည်ဖြစ်စေ ၊ မျှော်လင့်ချက် မရှိတော့လျှင် မည်သည့်အရာမျှ မရှိတော့ခြင်းပင် ဖြစ်၏။

အရာရှိဘဝတွင် ရာထူးတက်ရန် မဖြစ်နိုင်တော့သဖြင့် အဘိုးအို ချင်းကျန့်ယုံသည် ပေါ့ပေါ့ဆဆပင် နေထိုင်တော့သည် ။ လူမှုဆက်ဆံရေးနှင့် ကိစ္စရပ်များကို ကိုင်တွယ်ရာ၌ သူသည်ပြီးစလွယ်လုပ်‌ ဆောင်ခြင်းမူဝါဒကိုလက်ကိုင်ထားတော့၏။

ရာထူးလက်ခံသည် ဆိုသော်လည်း ဆေးဘက်ဆိုင်ရာဌာန၌ အချိန်ဖြုန်းနေခြင်းသာ ဖြစ်သည်။

မည်သို့ပင်ဆိုစေ သူသည် ရာထူးတက်မည်မဟုတ်‌တော့ပေ။ လာဘ်မစားသရွေ့ မင်မင်းဆက်က သူ့ကို အပြစ်ပေးနိုင်မည် မဟုတ်သလို ကောင်းကင်ကြီး ပြိုကျလာလျှင်ပင် သူ ဂရုစိုက်နေမည် မဟုတ်တော့ပေ ။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အဘိုးအို ချင်းကျန့်ယုံသည် နေ့တိုင်း အလုပ်ကို အချိန်မှန် လာပြီး အချိန်မှန် ပြန်လေသည် ။

အလုပ်လုပ်သည် ဆိုသည်မှာ ရုံးဆင်းချိန်ကို စောင့်နေခြင်းသာ ဖြစ်၏ ။ အစိုးရကိစ္စများမှာမူ သူ ကိုင်တွယ်နိုင်လျှင် အနည်းငယ် လုပ်သည် ။ မလုပ်နိုင်လျှင်မူ အချိန်ဆွဲကာ လျစ်လျူရှုထားလိုက်သည်။

ဖြစ်ချင်ရာ ဖြစ်ပါစေတော့။

သူ့ရှေ့ရှိ စားပွဲပေါ်တွင် အခွန်ဝန်ကြီးဌာနမှ တရားဝင်စာရွက်စာတမ်းများ ရှိနေသော်လည်း အဘိုးအို ချင်းကျန့်ယုံမှာ လုံးဝ ဂရုမစိုက်ပေ။

သူသည် ဝူကျိရှန်းကို ခေါ်လိုက်ပြီး ပျင်းရိစွာပင်ညွှန်ပြလိုက်ပြီး

"လက်ထောက် ညွှန်ကြားရေးမှူးဝူ ။ဒီစာရွက်စာတမ်းကို တစ်ချက်လောက် ကြည့်လိုက်ပါဦး "

၎င်းမှာ အသေးစိတ် ဝယ်ယူရမည့် စာရင်းတစ်ခု ဖြစ်သည်။

ဆန်းချီ ၈၀၀၀ ကျင်း ၊ ချွမ်းရှုံ ၆၅၀၀ ကျင်း ၊ ဆက်ဖလာဝါ ၆၅၀၀ ကျင်း ၊ ဆက်ဖလာဝါနှင့် တန်းရှန်း ၅၀၀၀ ကျင်းစီအပြင် နံ့သာဖြူ ၊ ပရုတ်နှင့် ဝှိုက်ဖရော့စ် အစရှိသော အခြားဆေးဖက်ဝင် ပစ္စည်းပေါင်း ရာနှင့်ချီ၍ ပါဝင်နေသည် ။

ဆေးဖက်ဝင် ပစ္စည်းအားလုံး ပေါင်းလိုက်လျှင် ကျင်းပေါင်း သောင်းနှင့်ချီ ရှိနေသည်။ဒီလောက်အများကြီးကဘာအတွက်လဲ။

"ဒါတွေက နယ်စပ်စစ်တပ်အတွက် ဝယ်ယူရမည့် ဆေးပစ္စည်းတွေပဲ"

ဆေးဘက်ဆိုင်ရာဌာနကို တည်ထောင်ရခြင်း၏ မူလရည်ရွယ်ချက်မှာ ကူးစက်ရောဂါများကို ထိန်းချုပ်ရန်နှင့် ပြည်သူ့ဆေးကုဌာနများ တည်ထောင်ရန် ဖြစ်သည် ။

သို့သော် ၎င်း၏ ပထမဆုံး တာဝန်မှာ စစ်တပ်အတွက် ဆေးပစ္စည်းများ ဝယ်ယူရန် ဖြစ်နေ၏။

ကျင်းနယ်စပ်ရှိ စစ်တပ်အများစုမှာ ကျင်းမင်းသား၏ ထိန်းချုပ်မှုအောက်တွင် ရှိပြီး ယခင်က စစ်ဘက်ဆိုင်ရာ ရိက္ခာအားလုံးကို ကျင်းမင်းသား နန်းတော်မှ လူများက စီစဉ်ဝယ်ယူကြခြင်း ဖြစ်သည်။

သို့သော် ယခုစာရွက်စာတမ်းမှာ အခွန်ဝန်ကြီးဌာနမှ လာခြင်း ဖြစ်၏။

ကျင်းမင်းသား၏ စစ်တပ်မှာ ဆေးပစ္စည်းများ လိုအပ်ပါက အရင်ဆုံး စစ်ဝန်ကြီးဌာနသို့ တင်ပြရသည်။

ထို့နောက် စစ်ဝန်ကြီးဌာနက အခွန်ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရပြီး အခွန်ဝန်ကြီးဌာနမှတစ်ဆင့် ထုတ်ပြန်ကာ ဝယ်ယူမှု ပြီးဆုံးသောအခါမှ ဆေးပစ္စည်းများကို စစ်တပ်သို့ လွှဲပြောင်းပေးရသည် ။ အဘယ်ကြောင့် ဤမျှ လှည့်ပတ်နေရသနည်း။ ကျင်းမင်းသားကိုယ်တိုင် ဝယ်ယူလိုက်လျှင် ပို၍ မမြန်ဆန်ပေဘူးလား။

အရာရှိလောကတွင် ဘဝတစ်ဝက်ကျော် ရှင်သန်ခဲ့သော ချင်းကျန့်ယုံမှာမူထိုလှည့်ကွက်ကို ကောင်းစွာ သိမြင်ထားသည် ။

ဤသည်မှာ ကျင်းမင်းသား၏ အာဏာကို ထောက်ပို့ကဏ္ဍမှတစ်ဆင့် လျှော့ချရန် ကြိုးပမ်းသည့် လက္ခဏာပင် ဖြစ်၏။

ဤသည်မှာ မင်နန်းတော်နှင့် ဒေသန္တရ မင်းသားများအကြား အဆင့်မြင့် ကစားပွဲတစ်ခု ဖြစ်သော်လည်း သူသည် အဆင့် ၆ ဌာနမှူးလေးမျှသာ ဖြစ်သည်။ သူသည် ဤကဲ့သို့သော နိုင်ငံရေးကိစ္စများကို မကိုင်တွယ်ချင်သလို ဝူကျိရှန်းကို ရှင်းပြရန်လည်း ပျင်းရိနေမိ၏။

"အရမ်းကြီး စိတ်မပူပါနှင့်။မင်း တာဝန်ကို မင်း လုပ်ရုံပါပဲ "

ဆေးဘက်ဆိုင်ရာဌာနရှိ အဆင့်မြင့် အရာရှိများထဲတွင် ဝူကျိရှန်း တစ်ဦးတည်းသာ ဆေးပညာနှင့် နီးစပ်သူ ဖြစ်သည် ။ ကျန်သူများမှာ ဆေးပညာအကြောင်း ဘာမျှမသိသော အရာရှိများသာ ဖြစ်ကြ၏။ ထို့ကြောင့် ထိုကိစ္စကို ဝူကျိရှန်းထံသာ လွှဲအပ်ရပေမည်။

၎င်းမှာ တရားဝင် တာဝန်တစ်ခု ဖြစ်သဖြင့် ရိုးရိုးသားသားပင် လုပ်ဆောင်ရန်သာ ရှိတော့သည် ။

ဆေးပစ္စည်းများ၏ အရည်အသွေး ကောင်းမွန်စေရန်နှင့် အပြည့်အဝ ဝယ်ယူပြီး ကျင်းမင်းသားထံ လွှဲပြောင်းပေးနိုင်လျှင်ထိုကိစ္စမှာ ပြီးဆုံးသွားမည်ဖြစ်ရာ အလွန်အမင်း မခက်ခဲလှပေ။

"ငွေစာရင်းရုံးကို သွားပြီး ဆေးပစ္စည်း ဝယ်ဖို့အတွက် ငွေ ၄၀၀၀ ကို ထုတ်လိုက်ပါ "

ငွေ ၄၀၀၀။

ဝူကျိရှန်းသည် ထိုပမာဏကို ကြားလိုက်ရချိန်တွင် သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ ငါပဲ နားကြားမှားတာလား ၊ ဒါမှမဟုတ် အရာရှိမင်းချင်းပဲ စကားမှားသွားတာလား ဟူ၍ပင် ဖြစ်သည် ။

ထိုများပြားသော ဆေးပစ္စည်း အမျိုးအစားများနှင့် ပမာဏကို ဝယ်ယူရန်အတွက် အကြမ်းဖျင်း တွက်ချက်ကြည့်လျှင်ပင် ငွေ ၅ သောင်းမှ ၆ သောင်းခန့် လိုအပ်မည် ဖြစ်သည်။ ယခုမူ သူ့ကို ငွေ ၄၀၀၀ သာ ပေးသည်။

ငွေ ၄၀၀၀ က ဘာလုပ်လို့ ရမှာလဲ။ ဆန်းချီ ကျင်း ၈၀၀၀ အတွက်တင် ထိုငွေထက် ပိုကုန်မည် ဖြစ်သည်။

ဤသည်မှာ ရှန်ကျန်းမြို့လယ်ရှိ ခမ်းနားသော အိမ်ကြီးတစ်လုံးကို ငွေ ၄၀၀၀ နှင့် ဝယ်ခိုင်းနေသကဲ့သို့ပင် ဖြစ်ရာ မည်သို့မျှ မဖြစ်နိုင်ပေ။

"အရာရှိမင်း ။ဒီငွေ ၄၀၀၀ က တကယ်ကို နည်းလွန်းပါတယ် ။ကျွန်တော့်ကို ငွေ ထပ်ချပေးပါဦး "

"မင်း ငွေဘယ်လောက် လိုချင်လို့လဲ "

"ငွေ ၅ သောင်းလောက်ဆိုရင်တော့ အဆင်ပြေမှာပါ "

"၅ သောင်း ဟုတ်လား "

ဌာနမှူးချင်းကျန့်ယုံက ရယ်မောလိုက်၏ ။

"ငါ ရာထူးလာယူတုန်းက မင်နန်းတော်က စုစုပေါင်း ငွေ ၂ သောင်းပဲ ပေးလိုက်တာ ။အဲဒီထဲမှာမှ သုံးရမယ့်ငွေက ၁ သောင်းပဲ ရှိတယ် ။မင်းကို ပေးဖို့ ငါက အဲဒီလောက် ငွေတွေ ဘယ်က ရမှာလဲ"

ထိုစကားကို ကြားလိုက်ရချိန်တွင် ရှိနေသူများအားလုံးမှာ ဆွံ့အသွားကြတော့သည်။

မည်သို့ပင်ဆိုစေ ဆေးဘက်ဆိုင်ရာဌာနမှာ အခွန်ဝန်ကြီးဌာန၏ လက်အောက်ခံ ရုံးတစ်ခု ဖြစ်သော်လည်း နန်းတော်က ဤမျှ နည်းပါးသော ရန်ပုံငွေကိုသာ ပေးပြီး ထိုအထဲမှ တစ်ဝက်မှာလည်း စာရင်းအရသာ ရှိနေခြင်းမှာ အလွန်ပင် လွန်လွန်းလှသည် ။

ထိုစာရင်းအရ ရှိနေသော ငွေမှာ အမည်ခံသာ ဖြစ်ပြီး နောက်ဘဏ္ဍာရေးနှစ်ကျမှသာ အမှန်တကယ် ရရှိမည့် ငွေဖြစ်သည်။

ဆိုလိုသည်မှာ ဆေးဘက်ဆိုင်ရာဌာန တစ်ခုလုံးတွင် အမှန်တကယ် အသုံးပြုနိုင်သော ငွေမှာ ၁ သောင်းသာ ရှိသည်ဟု ဆိုလိုခြင်း ဖြစ်၏။

မင်မင်းဆက်၏ အစောပိုင်းနှစ်များတွင် ဘဏ္ဍာရေး အခြေအနေမှာ ကောင်းမွန်နေဆဲ ဖြစ်သည်။ ရန်ပုံငွေ ဤမျှ နည်းပါးရခြင်း၏ အဓိက အကြောင်းရင်းမှာ ၎င်းတို့သည် ဘဏ္ဍာရေး ခွဲဝေမှု အချိန်ကို ကျော်လွန်သွားသောကြောင့် ဖြစ်၏။

မင်မင်းဆက်၏ ဘဏ္ဍာရေး စနစ်မှာ နှစ်ကုန်ပိုင်းတွင် စာရင်းများကို ပြန်လည် ညှိနှိုင်းလေ့ရှိပြီး နောက်တစ်နှစ်အတွက် ဘဏ္ဍာငွေကို ကြိုတင် သတ်မှတ်လေ့ရှိသည်။

ဆေးဘက်ဆိုင်ရာဌာနမှာ အသစ်တည်ထောင်ထားခြင်း ဖြစ်သဖြင့် ဘဏ္ဍာငွေ အပြည့်အဝ ရရှိရန်အတွက် နောက်တစ်နှစ် နွေဦးရာသီအထိ စောင့်ရပေမည်။

လုပ်ထုံးလုပ်နည်းများအရ ဆိုလျှင် နောက်တစ်နှစ် မတ်လ သို့မဟုတ် ဧပြီလလောက်မှသာ တရားဝင် ဘဏ္ဍာငွေ စာရင်းထဲတွင် ပါဝင်လာမည် ဖြစ်သည် ။

ထိုငွေ ၁ သောင်းမှာ ဘဏ္ဍာရေး စာရင်းပြင်ပမှ အပိုအသုံးစရိတ် ဖြစ်သဖြင့် ဤမျှသာ ရှိနေခြင်းပင် ဖြစ်၏။

ဌာနတစ်ခုလုံးတွင် ငွေ ၁ သောင်းသာ ရှိပြီး ရုံးလုပ်ငန်းများနှင့် အခြား အသုံးစရိတ်များကိုလည်း ထိန်းသိမ်းရဦးမည် ဖြစ်သည် ။ ဝူကျိရှန်းကို ငွေ ၄၀၀၀ ပေးသည်မှာပင် အတော်လေး များနေပြီ ဖြစ်သည်။

"မင်းလည်း မင်နန်းတော်ရဲ့ အခက်အခဲကို နားလည်ပေးရမယ်"

နန်းတော်၏ အခက်အခဲကို သူ အပြည့်အဝ နားလည်နိုင်သော်လည်း ငွေမရှိဘဲ သူက ဆေးပစ္စည်းများကို မည်သို့ ဝယ်ယူရမလဲ။

"ဆေးပစ္စည်း ဝယ်ယူရေးဟာ နိုင်ငံတော်အတွက် အရေးကြီးတဲ့ ကိစ္စဖြစ်လို့ မဖြစ်မနေ အောင်မြင်ရမယ်။ ဒီတာဝန်ကို မင်းဆီမှာပဲ အပ်နှံထားလိုက်မယ် "

`

အခန်း ၇၄ နတ်ဆေး လင်ဇီး

"သခင်လေး ပြန်လာပြီ ။ချင်းချင်း အမြန် သွားပြင်တော့ "

ထုံးစံအတိုင်းပင် ဝူကျိရှန်း အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ညစာမှာ အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

ပဲနောက်ဆန်ပြုတ် ၊ အသားမုန့်လုံးလေးများနှင့် ရာသီစာ ဟင်းလျာအချို့ ပြင်ဆင်ထားလေ၏။

စားပွဲပြင်ပြီးနောက် ချင်းချင်းသည် ဝူကျိရှန်းနှင့် သူ၏ ဇနီးသည်တို့ကို အနားမှနေ၍ ရိုသေစွာ ပြုစုပေးနေသည။

"မင်း ပြုစုပေးနေဖို့ မလိုပါဘူး ။အဲဒီမှာ ရပ်မနေနဲ့တော့ "

ဝူကျိရှန်းက သူ၏ ဘေးရှိ ခုံလွတ်ကို တူဖြင့် ညွှန်ပြကာ ပြောလိုက်သည်။

"ထိုင်ခုံယူပြီး ငါတို့နဲ့အတူတူ လာစားချေ "

ချင်းချင်းနှင့် သခင်မလေးရွန့်တို့မှာ ညီအစ်မကဲ့သို့ ရင်းနှီးကြသော်လည်း သူမမှာ အစေခံတစ်ဦးသာ ဖြစ်သဖြင့် စည်းကမ်းများကို လိုက်နာရဆဲ ဖြစ်သည် ။

သခင်နှင့် သခင်မတို့ စားသောက်နေစဉ် သူမမှာ ဘေးမှ စောင့်နေရပြီး ၎င်းတို့ စားပြီးမှသာ သူမ စားရစမြဲ ဖြစ်၏။

ကံကောင်းသည်မှာ ဝူကျိရှန်းသည် ထိုကဲ့သို့ အဆင့်အတန်း ခွဲခြားမှုများကို ဂရုမစိုက်ဘဲ ချင်းချင်းကို အတူတူ စားရန် အမြဲ ခေါ်လေ့ရှိသည် ။

ချင်းချင်းက ဝမ်းသာအားရပင် ထိုင်ခုံလေးကို ဆွဲယူလိုက်ပြီး ဝူကျိရှန်း ၊ သခင်မလေးရွန့်တို့နှင့် စားပွဲတစ်ခုတည်းတွင် အတူတူ စားသောက်လေတော့သည် ။

"သခင်လေးက ချင်းချင်းကို အလိုလိုက်လွန်းနေတယ် "

သခင်မလေးရွန့်က ပြုံးရင်း ပြောလေသည်။

"ဒါပေမဲ့ ဒီမှာက ကျွန်မတို့ သုံးယောက်ထဲ ရှိတာဆိုတော့ စည်းကမ်းတွေ အများကြီး မလိုတာလည်း ကောင်းပါတယ်လေ "

ထိုက်ယွမ်မြို့သို့ ရောက်လာပြီး မိဘများနှင့် ဝေးကွာသွားချိန်မှစ၍ သူမမှာ တစ်နေ့ နှစ်ကြိမ် မိဘများကို ဂါရဝပြုရသည့် ကိစ္စများနှင့် ရှုပ်ထွေးလှသော စည်းကမ်းများကို ဂရုစိုက်စရာ မလိုတော့သဖြင့် ပို၍ လွတ်လပ်သည်ဟု ခံစားရသည်။

ဆန်ပြုတ်တစ်ပန်းကန် ကုန်သွားပြီးနောက် ဝူကျိရှန်းက တူကို ချလိုက်၏။

"ငါ ဗိုက်ဝသွားပြီ ။မင်းတို့ ဆက်စားကြဦး "

၎င်းတို့မှာ အတူနေ ဇနီးမောင်နှံ ဖြစ်ကြရာ ဝူကျိရှန်းက ဘာမျှမဖြစ်သကဲ့သို့ နေထိုင်နေသော်လည်း သခင်မလေးရွန့်ကသတိထားမိလေသည် ။

"သခင်လေး စိတ်အနှောင့်အယှက် ဖြစ်နေပုံရတယ် ။ ရုံးမှာ တစ်ခုခု ဖြစ်လို့လားဟင်"

ဝူကျိရှန်းသည် အိမ်သို့ ရုံးကိစ္စများ ယူမလာချင်သော်လည်း မနေနိုင်ဘဲ ညည်းတွားမိတော့၏။

"ရုံးကိစ္စတွေက တကယ်ကို ရှုပ်ထွေးနေတယ် ။ငါ့ကို ဆေးပစ္စည်း ကျင်းသောင်းနဲ့ချီ ဝယ်ခိုင်းပြီး ငွေကတော့ ၄၀၀၀ ပဲ ပေးတယ်လေ "

အကြောင်းစုံကို သိပြီးနောက်တွင် သခင်မလေးရွန့်က ခပ်ဖျော့ဖျော့လေး ပြုံးလိုက်သည်။

"ရုံးအလုပ်ဆိုတာ ဒီလိုပါပဲ။ အခက်အခဲတွေကတော့ ရှိမှာပဲလေ ။ ကံကောင်းတာက ဒီကိစ္စက သိပ်မလောသေးတော့ ဖြည်းဖြည်းချင်း နည်းလမ်းရှာကြတာပေါ့"

စစ်တပ်အတွက် ဆေးပစ္စည်း ဝယ်ယူရေးမှာ အမှန်တကယ်ပင် သိပ်မလောလှသေးပေ။ နှစ်မကုန်မီ ပေးပို့နိုင်လျှင် ရပြီဖြစ်ရာ နည်းလမ်းရှာရန် အချိန်အများကြီး ရှိသေးသည်။

သို့သော် ငွေမရှိခြင်းမှာ အကြီးမားဆုံး အခက်အခဲ ဖြစ်၏။ မည်သို့ပင် ပြောဆိုစေကာမူ ငွေမရှိဘဲ ဆေးပစ္စည်းများ ဝယ်၍ မရနိုင်သလို အချိန်တန်လျှင် တာဝန်မှာ ဝူကျိရှန်းပေါ်သို့သာ ကျရောက်လာပေလိမ့်မည်။

"ကျွန်မမှာ နည်းလမ်းတစ်ခု ရှိတယ်"

ထက်မြက်သော ချင်းချင်းက ချက်ချင်းပင် အကြံကောင်းတစ်ခု ရသွားသည် ။

"ပစ္စည်းက အသေဖြစ်ပေမဲ့ လူက အရှင်ပဲလေ။သခင်လေးက ဆေးပစ္စည်း အနည်းငယ်ကို အရင်ဝယ်ပြီး စစ်တပ်ကို ပို့လိုက်ပါ ။ပြီးရင် ကျင်းမင်းသားဆီကနေ ငွေပြန်တောင်းလိုက် ၊ အဲဒီငွေနဲ့ နောက်ထပ် ဆေးပစ္စည်းတွေ ထပ်ဝယ်ပေါ့"

ချင်းချင်း၏ အကြံပြုချက်အရ ဆိုလျှင် ဝူကျိရှန်းသည် ပုရွက်ဆိတ် အိမ်ပြောင်း"သည့် နည်းလမ်းကို သုံးကာ အနည်းငယ်စီ ဝယ်ယူပြီး ကျင်းမင်းသားထံမှ ငွေပြန်ထုတ်ကာ အကြိမ်ကြိမ် လုပ်ဆောင်ခြင်းဖြင့် ဤတာဝန်ကို အောင်မြင်စွာ ပြီးဆုံးစေနိုင်သည်။

၎င်းမှာ ပြောရလျှင် လွယ်ကူပြီး ကျိုးကြောင်းဆီလျော်လှသော်လည်း လက်တွေ့မှာမူ ထိုသို့ မဟုတ်ပေ ။

ယခင်ကဆိုလျှင် ထိုနည်းလမ်းမှာ အလုပ်ဖြစ်နိုင်သော်လည်း ယခုမူ မဖြစ်နိုင်တော့ပေ ။

အဘယ်ကြောင့်ဆိုသော် နန်းတော်သည် ကျင်းမင်းသား၏ အာဏာကို လျှော့ချလိုသဖြင့် ထောက်ပို့ကဏ္ဍမှ စတင် ကိုင်တွယ်နေခြင်း ဖြစ်သည်။ ဤကိစ္စမှာ အခွန်ဝန်ကြီးဌာနသို့ လွှဲပြောင်းထားပြီး ဖြစ်သဖြင့် ကျင်းမင်းသားမှာ ဆုံးဖြတ်ပိုင်ခွင့် မရှိတော့သလို ငွေလည်း ပြန်ပေးမည် မဟုတ်ပေ ။ ဝူကျိရှန်းအနေဖြင့် အခွန်ဝန်ကြီးဌာနထံမှသာ ငွေပြန်တောင်းရပေလိမ့်မည် ။

အခွန်ဝန်ကြီးဌာန၏ ရန်ပုံငွေမှာ နှစ်ကုန်မှသာ ရနိုင်မည်ဖြစ်ပြီး အမှန်တကယ် ငွေလက်ထဲ ရောက်လာရန်မှာ နောက်တစ်နှစ် မတ်လ သို့မဟုတ် ဧပြီလလောက်အထိ စောင့်ရပေမည် ။ ထိုအချိန်ကျမှဆိုလျှင် အရာအားလုံး နောက်ကျသွားပေလိမ့်မည်။

ထို့ပြင် အမြောက်အမြား ဝယ်ယူခြင်းနှင့် အနည်းငယ်စီ ဝယ်ယူခြင်းမှာ ဈေးနှုန်းချင်း လုံးဝ မတူညီပေ ။

လက်ကားဈေးနှင့် လက်လီဈေးမှာ လည်းမတူနိုင်ပေ။

"ဒါ ငါ့ရဲ့ ပထမဆုံး တာဝန်ပါ ။ ဒီလို ပြဿနာအိုးကြီးနဲ့ တိုးရတယ်လို့။ ဟင်း "

ဝူကျိရှန်းမှာ သက်ပြင်းအရှည်ကြီး ချမိတော့သည်။

"ထားလိုက်ပါတော့ ။ထားလိုက်ပါတော့"

သခင်မလေးရွန့်က ပြုံးရင်း ပြောလေသည် ။

"ရုံးကိစ္စတွေကို အိမ်ထဲအထိ သယ်မလာပါနဲ့ ။သခင်လေးကို ပစ္စည်းကောင်းလေးတစ်ခုပြစရာ ရှိတယ်"

ပြောပြောဆိုဆိုဖြင့် သခင်မလေးရွန့်သည် သူမ၏ နောက်ရှိ စားပွဲရှည်ပေါ်မှ ပစ္စည်းတစ်ခုကို ယူကာ ပြုံးလျက် ပြလေသည်။

လင်ဇီး။၎င်းမှာ လင်ဇီးမှို တစ်ပွင့် ဖြစ်သည်။

ထိုလင်ဇီးမှာ လက်ဝါးခန့် အရွယ်အစား ရှိပြီး အညှာမှာ တုတ်ခိုင်ကာ အပွင့်မှာလည်း ပြည့်ဖြိုးနေသည် ။ ထူးခြားသော ခရမ်းရောင် သန်းနေပြီး အပြည့်အဝ ရင့်မှည့်နေပြီ ဖြစ်သည် ။

"လင်ဇီးလား .. ဒါ ဘယ်က ရတာလဲ "

သခင်မလေးရွန့် စကားမပြောမီ ချင်းချင်းက ကြားဖြတ်၍ စကားဖောင်ဖွဲ့တော့သည် ။

"ဒီနေ့ သခင်မလေးနဲ့ ဈေးဝယ်ထွက်တုန်းက ဒီရှားပါးတဲ့ နတ်ဆေးပင်ကို ရောင်းနေတာ တွေ့လို့ သခင်လေးရဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့ ဝယ်လာတာပါ"

ငါ့ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့ ဟုတ်လား။ငါက အခုမှ လူပျိုလူရွယ် သန်သန်မာမာကြီးပါ ။ဘာအားမှ ဖြည့်နေဖို့ မလိုပါဘူး။

"ဒီလင်ဇီးက ထူးခြားတဲ့ အာနိသင်တွေ ရှိပြီး အကောင်းဆုံး နတ်ဆေးဖြစ်တယ်လို့ လူတွေ ပြောတာ ကြားဖူးတယ်။ ခန္ဓာကိုယ်ကို အားဖြည့်ပေးရုံတင်မကဘူး ၊ အသက်ကိုလည်း ရှည်စေတယ်ဆိုပဲ "

လင်ဇီးမှာ တကယ်ပင် တန်ဖိုးကြီးသော ဆေးဖက်ဝင် ပစ္စည်းတစ်မျိုး ဖြစ်သော်လည်း နတ်ဆေးဟု ခေါ်ဝေါ်ခြင်းမှာမူချဲ့ကားပြောဆိုခြင်းသာဖြစ်သည်။

မည်သို့ပင် ချဲ့ကားပြောဆိုစေကာမူ လင်ဇီးမှာ မှိုတစ်မျိုးသာ ဖြစ်သည်။ ၎င်းမှာ နတ်ဘုရားများ၏ အမြိုက်ဆေး မဟုတ်သဖြင့် အံ့ဖွယ် အာနိသင်များ မရှိနိုင်ပေ။

"ဒါကို ဘယ်လောက် ပေးခဲ့ရလဲ"

"သူတို့က ငွေ ၅၀ တောင်းတာ ။ဒါပေမဲ့ သခင်မလေးနဲ့ ကျွန်မနဲ့ အစွမ်းကုန် ဈေးဆစ်လိုက်လို့ ငွေ ၁၂ ကျပ်ပဲ ပေးလိုက်ရတယ်။တကယ်ကို တန်တယ် မဟုတ်လား"

ထိုခေတ်က ကုန်ဈေးနှုန်းနှင့် ဆိုလျှင် ငွေ ၁၂ ကျပ်မှာ မနည်းလှပေ။ ထိုကဲ့သို့ ပစ္စည်းမျိုးကို ဝယ်လိုက်ခြင်းမှာ လူအအဆုံးထဲက တစ်ယောက် ဖြစ်သွားခြင်းပင် ဖြစ်သည်။

သို့သော် ထိုခေတ်က လူများမှာ အစွဲအလမ်း တစ်ခု ရှိကြသည်။ နှစ်တစ်ရာသက်တမ်းရှိ လင်ဇီးနှင့် နှစ်တစ်ထောင်သက်တမ်းရှိ နှင်းကြာပန်း ကဲ့သို့သော ဆေးပစ္စည်းများမှာ အံ့ဖွယ်အစွမ်းများ ရှိသည်ဟု ယုံကြည်ကြပြီး အချို့ကမူ ၎င်းတို့ကို စားသုံးပါက အသက်ရှည်ခြင်း သို့မဟုတ် မသေနိုင်သော အစွမ်းပင် ရနိုင်သည်ဟု ယုံကြည်ကြ၏။

"အသက် မရှည်စေရင်တောင် အားတော့ ဖြစ်စေမှာပါ ။ စားလိုက်ရင် ခန္ဓာကိုယ်အတွက် အများကြီး အကျိုးရှိမှာပဲ ။အထူးသဖြင့် ဒီခရမ်းရောင် လင်းဇီးမျိုးက အနည်းဆုံး နှစ်ပေါင်း ရာနဲ့ချီ သက်တမ်း ရှိမှာ ။ငွေရှိတိုင်းတောင် ဝယ်လို့ ရတာ မဟုတ်ဘူး "

လင်ဇီးတွင်လည်း အမျိုးအစားများစွာ ရှိရာ ဤကဲ့သို့ ခရမ်းရောင်သန်းနေသော အမျိုးအစားကို အထူးအဆင့် ဟု သတ်မှတ်ကြသည်။ ၎င်းမှာ နှစ်ပေါင်း ရာနှင့်ချီ သက်တမ်းရှိပြီး ကမ္ဘာမြေ၏ စွမ်းအင်နှင့် နေလတို့၏ အဆီအနှစ်ကို စုပ်ယူထားသည်ဟု ကောလာဟလများ ရှိကြ၏ ။

"သူများတွေ လျှောက်ပြောတာကို မယုံပါနဲ့ "

ဝူကျိရှန်းက လင်ဇီးကို ကောက်ယူလိုက်ပြီး အသေးစိတ် ရှင်းပြလေသည်။

"ဒီခရမ်းရောင် လင်ဇီးဆိုတာ အတုကြီးပါ ။ အပေါ်က ခရမ်းရောင်က ဆိုးဆေးနဲ့ ဆိုးထားတာ ၊ ပွတ်ကြည့်လိုက်ရင်တောင် ဆိုးဆေးတွေ ထွက်လာဦးမယ် "

လင်ဇီးသည် သဘာဝအတိုင်း ခရမ်းရောင် အနည်းငယ် သန်းနိုင်သော်လည်း ၎င်းမှာ သဘာဝကျသော အရောင်မျိုးသာ ဖြစ်သည်။ ယခု လင်ဇီးမှာမူ ခရမ်းရောင်မှာသတ္တုရောင်ကဲ့သို့ တဖိတ်ဖိတ် တောက်နေသဖြင့် အတုလုပ်၍ အရောင်ဆိုးထားခြင်းမှာ သိသာလှသည်။

သမားတော်ကြီးစွန်း၏ပန်ချောင်စိရိ ဆေးကျမ်းထဲတွင် ဤအကြောင်းအရာများ ပါဝင်သည် ။

ထိုကဲ့သို့ ပစ္စည်းမျိုးမှာ သခင်မလေးရွန့်နှင့် ချင်းချင်းတို့ကဲ့သို့ နားမလည်သူများကိုသာ လှည့်စားနိုင်မည် ဖြစ်သည် ။

သမားတော်စွန်း နှင့် ဝူကျိရှန်း ကဲ့သို့သော ကျွမ်းကျင်သူနှင့် တွေ့ပါက ချက်ချင်းပင် အလိမ်ပေါ်ပေလိမ့်မည်။

"ဒါက အတုကြီးလား "

ချင်းချင်းမှာ ချက်ချင်းပင် ဒေါသထွက်သွားတော့သည် ။

"မနက်ဖြန်ကျရင် အဲဒီ လိမ်လည်တဲ့လူကို သွားရှာပြီး ပြန်အပ်ရမယ် ။လမ်းပေါ်မှာ ဒီလို ဗြောင်လိမ်တာ တကယ်ကို လွန်လွန်းတယ် "

ပြန်အပ်မယ် ဟုတ်လား။မင်း စိတ်ကူးယဉ်နေတာပဲ။

လင်ဇီးရောင်းတဲ့ လူလိမ်က ငွေအမြောက်အမြား ရသွားပြီဆိုတော့ အခုဆို ခြေရာဖျောက်သွားလောက်ပြီ ။ သူက မင်း ပြန်အပ်တာကို စောင့်နေပါ့မလား။

"ဒါကို သင်ခန်းစာယူလိုက်ပါ .. နောက်ခါကျရင် တန်ဖိုးကြီး ဆေးပစ္စည်းတွေကို စိတ်တိုင်းကျ လျှောက်မဝယ်နဲ့တော့ ။ ထပ်ပြီး အလိမ်မခံရအောင်"

ဝူကျိရှန်းက ပြုံးရင်း ပြောလေသည်။

"ဒီပစ္စည်းက ဒဏ္ဍာရီထဲကလို အစွမ်းမထက်ပေမဲ့ ဆေးဖက်ဝင်တာတော့ မှန်ပါတယ် ။အာနိသင်တော့ ရှိမှာပါ "

စကားပင် မဆုံးသေးမီ ဝူကျိရှန်း၏ စိတ်ထဲသို့ လျှပ်စီးတစ်ချက် လက်သွားသကဲ့သို့ အတွေးတစ်ခု ဝင်လာသည်။

သူသည် တစ်စုံတစ်ခုကို သတိရသွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်တော့၏ ။

"လင်ဇီး.. လင်ဇီး.. ငါ ဘာလို့ ဒါကို စောစောက မစဉ်းစားမိတာပါလိမ့်။ အခုတော့ စစ်တပ်အတွက် ဆေးပစ္စည်း ဝယ်ယူရေးကိစ္စကို ဖြေရှင်းနိုင်ပြီဟေ့ "

All Chapters