အခန်း (၇၅-၇၆)
Vol. 7 Ch. 75-76
အခန်း ၇၅ လင်ဇီးနှင့် ဝက်သားကြော်
နောက်တစ်နေ့တွင် ဝူကျိရှန်းသည် ရုံးမှ အိမ်သို့ ပြန်ရောက်လာသောအခါ ညစာမှာ အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
သို့သော် ဝူကျိရှန်းသည် ထမင်းစားရန် မလောသေးပေ။ သူသည် ရင်ဘတ်ထဲမှ စက္ကူထုပ်ကြီး တစ်ထုပ်ကို ဝမ်းသာအားရ ထုတ်ယူလိုက်ပြီး သခင်မလေးရွန့်ကို ကြွားဝါသော လေသံဖြင့် ပြောလိုက်၏ ။
"မိန်းမ .. ဒီထဲမှာ ဘာပါလဲဆိုတာ ခန့်မှန်းကြည့်စမ်း"
ဝူကျိရှန်းသည် ဘဝကို မည်သို့ နေထိုင်ရမည်ကို သိသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် ရိုမန်တစ်ဆန်သော ပတ်ဝန်းကျင်လေး ဖြစ်ပေါ်စေရန် လက်ဆောင်အသေးအမွှားလေးများကို မကြာခဏ ဝယ်လာတတ်သဖြင့် သခင်မလေးရွန့်မှာလည်း ယဉ်ပါးနေပြီ ဖြစ်၏။
သခင်မလေးရွန့်သည် ထိုစက္ကူထုပ်ကြီးကို ကြည့်ကာ ဝူကျိရှန်း တစ်ခုခု ဝယ်လာပြန်ပြီဟု ထင်မှတ်ပြီး အလိုက်သင့်ပင် ပြုံးလိုက်သည်။
"နှုတ်ခမ်းနီတွေ ၊ မျက်နှာချေတွေ ဖြစ်မှာပေါ့။ ဒါမှမဟုတ်လည်း တခြား ကစားစရာ အမွှားလေးတွေ မဟုတ်လား"
ချင်းချင်းမှာမူ ထိုမျှအထိ စိတ်မရှည်နိုင်ပေ ။
သူမသည် စက္ကူထုပ်ကို အတင်းဆွဲဖွင့်လိုက်ပြီး အတွင်းမှ ပစ္စည်းကို မြင်လျှင် မြင်ချင်း စိတ်ပျက်သွားတော့၏။
"လင်ဇီးတွေလား ။ ဒီပစ္စည်းတွေက အလိမ်အညာတွေလို့ သခင်လေးပဲ မနေ့က ပြောခဲ့တာ မဟုတ်လား။ ဘာလို့ အများကြီး ထပ်ဝယ်လာတာလဲ ။ ပြီးတော့ သခင်လေး ဝယ်လာတဲ့ လင်ဇီးတွေကလည်း အရည်အသွေး ညံ့လွန်းတယ် "
ထိုစက္ကူထုပ်ထဲတွင် လင်ဇီးအပွင့်ပေါင်း နှစ်ဆယ်ကျော် ပါဝင်နေသည်။
မနေ့ကတင် ဝူကျိရှန်းက လင်ဇီးတွေကို ထပ်မဝယ်ရန်နှင့် အလိမ်မခံရန် ပြောခဲ့သော်လည်း တစ်ရက်သာ ရှိသေးချိန်တွင် သူကိုယ်တိုင် အများကြီး ဝယ်လာခဲ့ပြန်ပြီ ဖြစ်သည် ။
စိတ်ဝင်စားစရာ အကောင်းဆုံးမှာ ဝူကျိရှန်း ဝယ်လာသော လင်ဇီးများမှာ အရွယ်အစားရော အသွင်အပြင်ပါ အလွန်ညံ့ဖျင်းနေခြင်းပင်။
အပွင့်တိုင်းမှာ မွဲခြောက်ခြောက်နှင့် သေးငယ်လှရာ မနေ့က ခရမ်းရောင် လင်းကျီးနှင့် ယှဉ်လျှင် များစွာ ကွာခြားလှသည်။
ဝူကျိရှန်း ဝယ်လာသော လင်ဇီးများမှာ လုံးဝ မပြုပြင်ရသေးသော အစိမ်းလိုက် အတုံးအခဲများ ဖြစ်သဖြင့် အမြင်တွင် သိပ်မလှခြင်း ဖြစ်၏ ။
သို့သော် ၎င်းမှာ အရေးမကြီးပေ။ အရေးကြီးသည်မှာ ဝူကျိရှန်းသည် ရန်ပုံငွေ ရှာရန် နည်းလမ်းတစ်ခုကို တွေ့သွားခြင်းပင် ဖြစ်သည် ။
"ဒီလင်ဇီးတွေနဲ့ဆိုရင် စစ်တပ်အတွက် ဆေးပစ္စည်း ဝယ်ဖို့ လိုအပ်တဲ့ ငွေတွေကို ငါတို့ ရှာနိုင်ပြီ "
ရှေ့ရှိ လင်ဇီးများကို ကြည့်လိုက် ၊ဝူကျိရှန်းကို သံသယမျက်လုံးဖြင့် ကြည့်လိုက်နှင့် ချင်းချင်းနှင့် သခင်မလေးရွန့်တို့မှာ လုံးဝ ဝေခွဲမရ ဖြစ်နေကြသည် .။ သူ ဘာကို ဆိုလိုနေမှန်း ၎င်းတို့ မသိကြပေ။
စစ်တပ်အတွက် ဆေးပစ္စည်း ဝယ်ယူရေးမှာ ရုံးတော်၏ တာဝန်ဖြစ်ပြီး ငွေသောင်းနှင့်ချီ လိုအပ်သည် ။ ဤသာမန် လင်ဇီးလေးများမှာ အလွန်ဆုံး တန်ဖိုးရှိလှ ငွေ ၂၀ ၊ ၃၀ ခန့်သာ ရှိရာထိုနှစ်ခုအကြား မည်သို့ ဆက်စပ်မှု ရှိသည်ကို စဉ်းစား၍ မရနိုင်ပေ ။
"ဒီလင်ဇီးက တန်ဖိုးရှိတဲ့ ဆေးဖက်ဝင် ပစ္စည်းဆိုရင် ဘာလို့ အများကြီး ထပ်မရှာတာလဲ "
လင်ဇီးတွေကို အများကြီး ရှာရမယ် ဟုတ်လား။ဒီပစ္စည်းကို ဘယ်လိုမျိုး အများကြီး ရနိုင်မှာလဲ။
"ငါတို့ကိုယ်တိုင် လင်ဇီးကို စိုက်ပျိုးပြီး ပြန်ရောင်းလို့ ရတာပဲ"
ဝူကျိရှန်းက ပြုံးရင်း ပြောလိုက်လေသည်။
"လင်ဇီးရောင်းလို့ရတဲ့ ငွေနဲ့ စစ်တပ်အတွက် ဆေးပစ္စည်းတွေ ဝယ်မယ် ။ ပြီးရင် နောက်နှစ် နွေဦးကျမှ နန်းတော်ဆီကနေ ငွေပြန်ထုတ်မယ် ။ဒီနည်းနဲ့ဆိုရင် တာဝန်လည်း ပြီးမြောက်သလို ငွေအမြောက်အမြားလည်းရနိုင်တယ်လေ"
လင်ဇီးကို စိုက်ပျိုးမယ် ဟုတ်လား ။
ထိုခေတ်လူတွေသည် ကောက်ပဲသီးနှံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးတာကိုသာ ကြားဖူးကြပြီး လင်ဇီးစိုက်ပျိုးတာကိုတော့ ယခုမှ ပထမဆုံး ကြားဖူးခြင်း ဖြစ်သည် ။
ရှေးခေတ်ကတည်းက လူအများစုမှာ လင်ဇီးဆိုသည်မှာ သဘာဝအတိုင်း ဖြစ်တည်လာပြီး နေလတို့၏ အဆီအနှစ်ကို စုပ်ယူပြီးမှ ပေါက်လာသည်ဟု ယုံကြည်ကြသည် ။ ၎င်းကို လူက ဖန်တီးပြီး စိုက်ပျိုး၍ ရနိုင်ပါ့မလား။
"ဒါပေါ့ ။ စိုက်ပျိုးလို့ ရတယ်"
ဝူကျိရှန်းက ရယ်မောရင်း သူ၏ ဇနီးသည်ကို ကြည့်ကာ မေးလိုက်သည် ။
"မင်း မယုံဘူးလား "
"ကျွန်မ တကယ် မယုံဘူး "
ချင်းချင်းမှာမူ ဝူကျိရှန်းကို အမြဲတမ်း မျက်စိမှိတ် ယုံကြည်သူ ဖြစ်သည် ။
သူ ပြောသမျှမှာ မည်မျှပင် ထူးဆန်းနေပါစေ။ ချင်းချင်းကမူ ယုံကြည်ဖို့သာ ရွေးချယ်လေသည်။ ယခုလည်း ထိုနည်းအတိုင်းပင် ။
"ကျွန်မ ယုံတယ် ။ တကယ် ယုံတယ် ။ သခင်လေးက လင်ဇီးကို မဖြစ်မနေ စိုက်ပျိုးနိုင်မယ်လို့ ကျွန်မ ယုံကြည်တယ် "
ဝူကျိရှန်းအပေါ် ချင်းချင်းကယုံကြည်သော်လည်း သခင်မလေးရွန့်မှာမူ သံသယ ရှိနေဆဲ ဖြစ်သည် ။
"နှံစားပြောင်း ၊ ဂျုံ ၊ ဆန် ၊ ပိုးစာပင်နှင့် ဟင်းသီးဟင်းရွက်တွေကို စိုက်လို့ရတာက သူတို့မှာ မျိုးစေ့တွေ ရှိလို့လေ ။ လေနဲ့ နှင်းရည်ကို စုပ်ယူပြီး သဘာဝအတိုင်း ပေါက်လာတဲ့ လင်ဇီးမှာ မျိုးစေ့တောင် မရှိတာ ၊ ဘယ်လိုလုပ် စိုက်လို့ ရမှာလဲ "
ကောက်ပဲသီးနှံဖြစ်စေ ၊ သစ်ပင်ဖြစ်စေ လူက စိုက်ပျိုးနိုင်ရန်မှာ မျိုးစေ့ ရှိရမည် ဖြစ်သည်။
ဤလင်ဇီးမှာ ပန်းလည်း မပွင့် ၊ အသီးလည်း မသီးသလို မျိုးစေ့လည်း မရှိရာ ဘယ်လိုစိုက်ပျိုးမှာလဲ။
လင်ဇီးကဲ့သို့သော မှိုနွယ်ဝင် ပစ္စည်းများသည် မျိုးဆက်တစ်ခုပြီး တစ်ခု ပြန့်ပွားနိုင်သည်ဆိုပါက မျိုးစေ့ ရှိရပေမည်။ သို့မဟုတ်ပါက မျိုးသုဉ်းသွားသည်မှာ ကြာပြီ ဖြစ်သည်။
သို့သော် လင်ဇိီး၏ မျိုးစေ့မှာ ဂျုံ ၊ ဆန်တို့နှင့် မတူပေ ။ ၎င်းတို့မှာ ပန်းပွင့်ခြင်း ၊ အသီးသီးခြင်း လုပ်ငန်းစဉ်ကို မဖြတ်သန်းဘဲ အခြားနည်းလမ်းတစ်ခုဖြစ်သော စပိုးများမှတစ်ဆင့် ပြန့်ပွားခြင်း ဖြစ်သည် ။
ထိုစပိုးများသည် မှိုများ၏ မျိုးစေ့ပင် ဖြစ်၏ ။
ဝူကျိရှန်းသည် စက္ကူဖြူတစ်ရွက်ကို ယူလိုက်ပြီး အခြောက်လှန်းထားသော လင်းကျီးအစိမ်းတစ်ပွင့်ကို အပေါ်တွင် တင်ကာ လက်ညှိုးဖြင့် အသာအယာ တောက်လိုက်သည် ။
ချက်ချင်းပင် မွဲပြာရောင် အမှုန်အမွှားလေးများ စက္ကူဖြူပေါ်သို့ ဝဲကျလာလေ၏ ။ထိုအမည်းရောင် အမှုန်အမွှားလေးများမှာ မီးခိုးနှင့် ဖုန်မှုန့်ကဲ့သို့ပင် ဖြစ်ပြီး ၎င်းတို့မှာ လင်ဇီး၏ စပိုးများ ဖြစ်ကြသည်။
ချင်းချင်းသည် သိလိုစိတ်ပြင်းပြနေသော ကလေးငယ်တစ်ဦးကဲ့သို့ ထိုအမှုန်အမည်းလေးများကို သေချာ ကြည့်နေမိ၏ ။
"ဒါတွေက လင်ဇီး မျိုးစေ့တွေလား "
"ဟုတ်တယ် ။ ဒါတွေက လင်ဇီး မျိုးစေ့တွေပဲ "
"ဒါကို ဘယ်လို စိုက်ရမှာလဲ ။ပန်းစိုက်သလိုမျိုး ပန်းအိုးတွေ ၊ မြေကြီးတွေ ယူပြီး ရေလောင်း ၊ မြေသြဇာ ကျွေးရမှာလား "
လင်ဇီးစိုက်ပျိုးခြင်းမှာ ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းနှင့် အခြေခံအားဖြင့် ကွာခြားပြီး မှိုစိုက်ပျိုးခြင်းနှင့် များစွာ ဆင်တူသည်။
ထိုညတွင် ဝူကျိရှန်းနှင့် ချင်းချင်းတို့သည် ကောက်ရိုးနှင့် သစ်သားစလေးများကို ပြင်ဆင်ကြသည်။
၎င်းတို့ကို ဆန်ဖွဲခွံများဖြင့် ရောစပ်ကာ အစာခံမြေအဖြစ် ပြုလုပ်လိုက်၏
။ ထို့နောက် အိုးကြီးတစ်လုံးထဲတွင် ထည့်ကာ ပိုးသတ်သည့်အနေဖြင့် ပေါင်းလိုက်သည်။ ပြီးနောက် အအေးခံထားသောထမင်းရည်ကို ဖြန်းလိုက်ပြီး လင်ဇီးစပိုးများနှင့် ရောမွှေကာ အရွယ်အစား အမျိုးမျိုးရှိသော အစုပေါင်း ရာနှင့်ချီ၍ ခွဲလိုက်လေသည်။
သခင်မလေးရွန့်၏ အကူအညီဖြင့် ၎င်းတို့ သုံးဦးသည် ထိုအစာခံမြေများကို ထင်းဂိုဒေါင်အတွင်း၌ နေရာချလိုက်ကြ၏ ။
"ဒါပဲလား "
"ဒီလောက်ဆို ရပါပြီ ။တစ်ရက်ခြား တစ်ခါလောက် ရေဖြန်းပေးပြီး စိုစွတ်နေအောင် ထားရင် ရပြီ "
လင်းဇီးကဲ့သို့သော မှိုများသည် နေရောင်ခြည် အများကြီး မလိုသော်လည်း အပူချိန်နှင့် စိုထိုင်းဆအလိုအပ်သည်။
ကံကောင်းသည်မှာ ယခုမှာ နွေရာသီ ဖြစ်သဖြင့် အခန်းကို အပူပေးစရာ မလိုဘဲ ထင်းဂိုဒေါင်ထဲမှာပင် ထား၍ စိုက်ပျိုးနိုင်ခြင်း ဖြစ်သည် ။
မူလက လင်ဇီးစိုက်ပျိုးခြင်းမှာ အလွန် ခက်ခဲသော ပညာရပ်ဟု ထင်ခဲ့ကြသော်လည်း ယခုမူ ဟင်းသီးဟင်းရွက် စိုက်ပျိုးသကဲ့သို့ ရိုးရှင်းနေသဖြင့် မယုံနိုင်စရာ ဖြစ်နေတော့၏ ။
"ဒါနှင့်တကယ်ပဲ လင်ဇီးတွေ ပေါက်လာမှာလား "
ဤကိစ္စမှာ ရိုးရှင်းလွန်းလှသဖြင့် သခင်မလေးရွန့်မှာ ထပ်ခါတလဲလဲ မေးနေမိသည် ။
"တကယ်ပဲ ပေါက်လာမှာလားဟင် "
"မုချ ပေါက်လာမှာပါ "
ဝူကျိရှန်းက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည် ။
ဝူကျိရှန်းသည် ဆေးကျောင်းသားတစ်ဦး ဖြစ်သော်လည်း လင်ဇီးစိုက်ပျိုးခြင်းမှာ ယခုမှ ပထမဆုံး မဟုတ်ပေ ။ သူသည် ယခင်ကတည်းက စိုက်ပျိုးမှု အတွေ့အကြုံ ကြွယ်ဝခဲ့ပြီး ဖြစ်သည် ။
ဝူကျိရှန်း ငယ်စဉ်က ၊ ပို၍ တိတိကျကျ ပြောရလျှင် သူ၏ အလယ်တန်း ပထမနှစ် ပထမနှစ်ဝက်အတွင်း ကျောင်းဆရာများက အလယ်တန်း ကျောင်းသားများကို ဦးဆောင်ကာ လင်ဇီး စိုက်ပျိုးခဲ့ဖူးသည် ။
ထိုလှုပ်ရှားမှုမှာ ကျောင်းသားများ၏ စိတ်ဝင်စားမှုကို မြှင့်တင်ရန်နှင့် အပင်များအကြောင်း လေ့လာရန် ရည်ရွယ်ခြင်း ဖြစ်ပြီး ငွေရှာရန် မဟုတ်ဘဲ စမ်းသပ်မှု သဘောသာ ဖြစ်သည်။ အလယ်တန်း စတက်ကာစ ကလေးများအတွက်မူ ၎င်းမှာ ပြင်ပလှုပ်ရှားမှု သို့မဟုတ် အပျော်သဘောသာ ဖြစ်ခဲ့၏ ။
ဆရာများ၏ လမ်းညွှန်မှုအောက်တွင် အလယ်တန်းကျောင်းသား အုပ်စုတစ်စုသည် လင်ဇီးအမြောက်အမြားကို စိုက်ပျိုးနိုင်ခဲ့ကြသည် ..။
ဤကဲ့သို့ လူက ဖန်တီးစိုက်ပျိုးသော လင်ဇီး၏ ကြီးထွားမှုသက်တမ်းမှာ အလွန်တိုတောင်းပြီး လေးပတ်ခန့်အတွင်းမှာပင် ရိတ်သိမ်းနိုင်သည် ။
ထို့ကြောင့် ၎င်းတို့တွင် ဆေးဖက်ဝင် အာနိသင်မှာ မရှိသလောက် နည်းပါးပြီး သာမန်မှိုများနှင့်သာ ဆင်တူသည် ။
ယခုတိုင် ဝူကျိရှန်းသည် အလယ်တန်းကျောင်းတုန်းက လင်ဇီးများကို ရိတ်သိမ်းခဲ့သည့် မြင်ကွင်းကို မှတ်မိနေဆဲ ဖြစ်သည် ။ ကျောင်းသားများသည် ပျော်ပျော်ပါးပါး စကားပြောရင်း လင်ဇီးများကို ရိတ်သိမ်းခဲ့ကြရာ ခြင်းတောင်းပေါင်း များစွာ ရရှိခဲ့၏ ။
ကျောင်းက စိုက်ပျိုးခိုင်းခြင်းမှာ ကလေးများကို လုပ်ငန်းစဉ်ကို သိရှိစေရန်သာ ဖြစ်သည် ။
ထိုရရှိလာသော လင်ဇီးခြင်းတောင်းများမှာ အသုံးမဝင်လှသဖြင့် ထမင်းစားဆောင်သို့ ပို့ပေးလိုက်ကာ မှိုများကဲ့သို့ ကြော်စားခဲ့ကြလေသည် ။
ထိုနေ့က ကျောင်း၏ ညစာမှာ လင်ဇီးနှင့် ဝက်သားမျှင်ကြော် ဖြစ်ပြီး အရသာမှာလည်း မှိုကြော်နှင့်အတူတူပင်။
`
အခန်း ၇၆ မှတ်တမ်းတင်သူ
"ရွှမ်ဝူဌာနက ကောင်စုတ်တွေ ။ အားလုံး မင်းတို့ဘိုးအေဆီ ထွက်လာခဲ့ကြစမ်း "
ဝေရှင်းဝူသည် သူ၏အင်္ကျီကို ဆွဲချွတ်ကာ ရင်ဘတ်ဗလာဖြင့် ရွှမ်ဝူဌာနရှေ့တွင် ရပ်၍ ဆဲဆိုနေလေသည်။
"ငါသာ ဒီနေ့ မင်းတို့ကို အသေမထုထောင်းနိုင်ရင် မင်းတို့ဘိုးအေ ဝေ ဆိုတဲ့မျိုးရိုးကို ပြောင်းပြန်ရေးပစ်မယ် "
"ဝေအမတ်မင်း ။ကျွန်တော်တို့အားလုံးက နန်းတော်အတွက် အလုပ်လုပ်နေကြတာပဲ။ဘာလို့ ဒီလောက်အထိ ရုတ်ရုတ်သဲသဲ လုပ်နေရတာလဲ"
ဘေးနားရှိ ရွှမ်ဝူဌာနမှ အရာရှိတစ်ဦးက လှမ်း၍ အော်ပြောသည် ။
"မင်းက ဆဌမအဆင့် နန်းတွင်းအရာရှိတစ်ယောက်ပါ ။အခုတော့ လူမိုက်တစ်ယောက်လို သောင်းကျန်းနေတာပဲ .. ဒါက ဘယ်လိုကျင့်ဝတ်မျိုးလဲ"
"နန်းတွင်းအရာရှိဆိုလည်း ဂရုမစိုက်ဘူး "
ရင်ဘတ်ဗလာနှင့် ဝေရှင်းဝူသည် လူမိုက်တစ်ဦးကဲ့သို့ပြုမူနေလေသည်။
"ငါ ဒီရာထူးကို ဂရုမစိုက်ဘူး ။မင်းတို့ ဒီနေ့ ငါ့အတွက် နေရာမဖယ်ပေးရင် ရွှမ်ဝူဌာနတစ်ခုလုံး အထက်ကနေ အောက်အထိ အေးအေးဆေးဆေး မနေရအောင် ငါလုပ်မယ်"
"ဒီနေရာက အစကတည်းက ငါတို့ ရွှမ်ဝူဌာနပိုင်တာ "
"စောက်တလွဲတွေ။ဒါက ထိုက်ယွမ်မြို့ဝန်ရုံးရဲ့ နယ်မြေပဲ ။ ဘယ်တုန်းက မင်းတို့ ဌာနပိုင် ဖြစ်သွားတာလဲ"
"ဝေအမတ်မင်း ။ကျေးဇူးပြုပြီး ပြဿနာမရှာပါနဲ့တော့ ။ ကျွန်တော်တို့အားလုံးက နန်းတွင်းအရာရှိတွေပါ ။ မင်းက နန်းတော်ရဲ့ ဂုဏ်သိက္ခာကို ဂရုမစိုက်ရင်တောင် ငါတို့မှာ ကိုယ်ပိုင်ဂုဏ်သိက္ခာရှိသေးတယ် "
"ကောင်းကောင်းမွန်မွန် ဆွေးနွေးလို့မရဘူးလား "
"ပြောစမ်း ဘယ်လိုဆွေးနွေးမလဲ "
အပြင်ဘက်မှ ဆူညံသံများကို နားထောင်ရင်း ဝူကျိရှန်းသည် အံ့သြခြင်းမရှိသလို ကျင့်သားပင် ရနေလေ၏။
လွန်ခဲ့သော ခုနစ်ရက် ရှစ်ရက်ခန့်ကပင် ဝေရှင်းဝူသည် ဘေးရှိ ရွှမ်ဝူဌာနသို့ နေ့စဉ်သွားကာ ပြဿနာရှာပြီး တံခါးဝတွင် ပိတ်ရပ်၍ ဆဲဆိုနေခဲ့သည်မှာ ယနေ့အထိပင် ဖြစ်သည် ။
ရုံးခန်းနေရာ အသုံးပြုခွင့်အတွက် လုယက်နေခြင်းသာ ဖြစ်၏ ။
ဘေးကပ်လျက်ရှိ ရွှမ်ဝူဌာနသည် စစ်ဝန်ကြီးဌာန၏ လက်အောက်ခံဌာနတစ်ခု ဖြစ်သည် ။ဆေးဝါးရေးရာဌာနနှင့် သဘောသဘာဝချင်း တူညီပြီး နောင်မျိုးဆက်များရှိ စစ်မှုထမ်းစုဆောင်းရေးရုံးနှင့် ဆင်တူကာ ဝူကျိရှန်းတို့၏ ဆေးဝါးရေးရာဌာနနှင့် အဆင့်အတန်း တူညီလေသည်။
ရွှမ်ဝူဌာနက အရင်တည်ထောင်ထားခြင်းကြောင့် ကျယ်ဝန်းသော နေရာကို ရရှိထားခြင်းပင် ဖြစ်၏။
အသစ်တည်ထောင်ထားသော ဆေးဝါးရေးရာဌာနတွင်မူ ညွှန်ကြားရေးမှူးတစ်ဦး ၊ ဒုညွှန်ကြားရေးမှူး သုံးဦးနှင့် စာရေးစာချီ အယောက်နှစ်ဆယ်ခန့်အတွက်သာ နေရာရှိပြီး ရပ်စရာပင် နေရာမရှိချေ ။
ဝူကျိရှန်းသည် စစ်တပ်အတွက် ဆေးဝါးများဝယ်ယူရန် တာဝန်ယူထားရသလို ဒုညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဝေရှင်းဝူသည်လည်း အားမနေပေ။
သူ၏တာဝန်မှာ ကူးစက်ရောဂါထိန်းချုပ်ရေးရုံးတစ်ခု တည်ထောင်ရန် ဖြစ်သည်
ထိုနေရာလေးသည် မူလကပင် မလုံလောက်သည့်အပြင် အခုအခါ လက်အောက်ခံဌာနသစ်တစ်ခု ထပ်မံတည်ထောင်ရမည် ဖြစ်သည် ။
ထို့ကြောင့် ဘေးရှိ ရွှမ်ဝူဌာနထံမှ နယ်မြေလုယူရန်သာ နည်းလမ်းရှိတော့၏။
မျှမျှတတ ပြောရလျှင် ရွှမ်ဝူဌာနသည် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ခြင်းဖြစ်ရာ ဝေရှင်းဝူက သူတို့နေရာကို မလုသင့်ပေ။ သို့သော် ပြဿနာကထိုသို့ရှိသည်။
ရွှမ်ဝူဌာနနှင့် ဆေးဝါးရေးရာဌာန နှစ်ခုလုံးသည် နန်းတော်၏ တိုက်ရိုက်လက်အောက်ခံများ ဖြစ်ကြသည်။
သို့သော်ထိုနေရာသည် မူလက ထိုက်ယွမ်မြို့ဝန်ရုံး၏ နေရာဟောင်း ဖြစ်သည်။ထို့ကြောင့် မြေပိုင်ဆိုင်မှုမှာ ထိုက်ယွမ်မြို့ဝန်ရုံး၌သာ ရှိပြီး ရွှမ်ဝူဌာနပိုင် မဟုတ်ချေ။ဦးသူပိုင်မည့်သဘောရှိ၏။
ထို့ကြောင့် ဝေရှင်းဝူသည် မြို့တော်လူမိုက်တစ်ဦးကဲ့သို့ ပြုမူကာ နေ့စဉ် ရွှမ်ဝူဌာနသို့ သွား၍ ပြဿနာရှာနေခြင်း ဖြစ်၏။
ဝေရှင်းဝူကဲ့သို့ လူမျိုးသာလျှင် ဌာန၏တံခါးဝတွင် ဗြောင်ကျကျ ပြဿနာရှာဝံ့ပေသည်။
မည်သို့ပင်ဖြစ်စေထိုကိစ္စသည် သူတို့ဌာန အကျိုးစီးပွားအတွက်ဖြစ်ပြီး သူ၏နောက်ခံမှာလည်း တောင့်တင်းလှရာ ရွှမ်ဝူဌာနမှ အရာရှိများကို သူက ဂရုမစိုက်ချေ ။
မကြာမီ ဝေရှင်းဝူသည် စိတ်လှုပ်ရှားစွာ ပြေးဝင်လာပြီး ဝူကျိရှန်း၏ စားပွဲပေါ်ရှိ ရေနွေးအိုးကို ဆွဲယူကာ အကုန်သောက်ချလိုက်သည် ။
"ရွှမ်ဝူဌာနကလိပ်သားတွေ နောက်ဆုံးတော့ အလျှော့ပေးလိုက်ပြီ ။သူတို့ရဲ့ နယ်နိမိတ်တံတိုင်းကို ကျန်း ၁၀ လောက် ဆုတ်ပေးဖို့ သဘောတူလိုက်တယ်"
ဝူကျိရှန်းက အားရပါးရ ရယ်မောကာ ပြောလိုက်သည် ။
" အရာရှိဝေကတော့ တကယ့်ကို အကြံကောင်းပြီး သတ္တိရှိတာပဲ ။ ကျွန်တော်သာဆိုရင် ဒီလောက်အထိ မလုပ်ဝံ့ဘူး "
ဝေရှင်းဝူ၏ ပုံစံမှာ ပြိုင်ဘက်ကို အနိုင်ရထားသော တိုက်ကြက်တစ်ကောင်ကဲ့သို့ဂုဏ်ယူဝံ့ကြွနေလေသည်။
"ရွှမ်ဝူဌာနလို ရုံးခန်းအသေးလေးက ဘာများတတ်နိုင်မှာလဲ ။အရင်တုန်းက ကျွန်တော်က စစ်သူကြီးငါးဦးရုံးကိုတောင် ဝင်မွှေခဲ့တာ"
စစ်သူကြီးငါးဦးရုံးကို ဝင်မွှေသည်ဆိုသည်မှာ အနည်းငယ် ပိုကောင်းပိုနိုင်သော်လည်း မဖြစ်နိုင်သည်တော့ မဟုတ်ပေ ။ဝေရှင်းဝူကဲ့သို့ မှူးမတ်မျိုးနွယ် လူမိုက်တစ်ဦးမှာ ဥပဒေကို ဂရုမစိုက်ဘဲ ဘာမဆို လုပ်ဝံ့သူ ဖြစ်သည်။
"ဒါနဲ့ အရာရှိမင်းချင်း ပေးထားတဲ့ တာဝန်ကို ကျွန်တော်တော့ ပြီးအောင်လုပ်လိုက်ပြီ ။ခင်ဗျားရဲ့တာဝန်ကရော ဘယ်လိုလဲ "
ဝူကျိရှန်းက အနည်းငယ် ပြုံးကာ ပြောလိုက်သည် ။
"လုပ်နေတုန်းပါပဲ "
"တိုးတက်မှုရှိလား"
"အခုလောလောဆယ် ပြောဖို့ခက်သေးတယ် ။ဖြည်းဖြည်းချင်းပဲ လုပ်ရမှာပဲ "
ရုံးကိစ္စများနှင့် ပတ်သက်လာလျှင် ရှုစီဝင်ပင် ဝူကျိရှန်းကို သနားမိသည် ။
"ငါတို့သုံးယောက်ထဲမှာ အရာရှိဝူရဲ့ တာဝန်က အခက်ခဲဆုံးပဲ ။ မင်း တကယ် ပင်ပန်းနေမှာပဲ "
ဆေးဝါးရေးရာဌာန၏ အကြီးအကဲမှာ အမတ်မင်းကြီး ချင်ကျန့်ယုံ ဖြစ်သော်လည်း သူသည် အမိန့်ပေးရန်သာ တာဝန်ရှိပြီး လက်တွေ့အလုပ်များကို ဂရုမစိုက်ဘဲ ရုပ်ပြအဖြစ်သာ နေလေသည် ။
ဆေးဝါးရေးရာဌာန၏ အလုပ်အဝဝကို ဝူကျိရှန်း ၊ ဝေရှင်းဝူ နှင့် ရှုစီဝင်တို့ ဒုညွှန်ကြားရေးမှူး သုံးဦးကသာ လုပ်ဆောင်ကြရသည်။
ရှုစီဝင်က အတွင်းရေးကို တာဝန်ယူပြီး ဝေရှင်းဝူက ပြင်ပဆက်ဆံရေးကို တာဝန်ယူသည် ။ဝူကျိရှန်း၏ အလုပ်သာလျှင် ဆေးဝါးများနှင့် တိုက်ရိုက်သက်ဆိုင်လေသည် ။
ငွေစင်လေးထောင်တည်းနှင့် သောင်းနှင့်ချီသော ဆေးဝါးများဝယ်ယူရန်မှာ အမှန်ပင် မလွယ်ကူလှချေ ။
မွန်းလွဲပိုင်းတွင် ဝူကျိရှန်းသည် နောက်ဖေးရှိသိုလှောင်ရုံသို့ လာခဲ့သည်။
သိုလှောင်ရုံဆိုသည်မှာ ယာယီဆောက်ထားသော တဲကြီးတစ်ခုဖြစ်ပြီး အထွေထွေပစ္စည်းများဖြင့် ပြည့်နှက်နေ၏။
သိုလှောင်ရုံတာဝန်ခံမှာ ရိုးရိုးဝန်ထမ်းမဟုတ်ဘဲ နဝမအဆင့် အရာရှိတစ်ဦး ဖြစ်သည် ။
ထိုအရာရှိငယ်မှာ ကျောက်ပင်တင့် ဖြစ်ပြီး အသက် ၄၅ နှစ်ခန့်ရှိကာ ပိန်ချောင်၍ မျောက်အိုတစ်ကောင်နှင့် တူလေသည် ။
ဝူကျိရှန်းကို အဝေးက မြင်သည်နှင့် ကျောက်ပင်တင့်သည် ဖားလိုသော အပြုံးဖြင့် ပြေးလာသည် ။
" အရာရှိဝူ။ခိုင်းစရာရှိရင် ကျွန်တော့်ကို လှမ်းခေါ်လိုက်ရုံပဲလေ ။ဘာလို့ ဒီလိုနေရာမျိုးကို ကိုယ်တိုင်လာရတာလဲ "
နဝမအဆင့် အရာရှိငယ်တစ်ဦးအနေဖြင့် ဒုညွှန်ကြားရေးမှူးဖြစ်သူ ဝူကျိရှန်းကို ဖားရန် ကြိုးစားခြင်းမှာ သဘာဝပင် ဖြစ်၏။သို့သော် ဝူကျိရှန်းက ဂရုမစိုက်ဘဲ အလုပ်ကိစ္စကိုသာ တည်တည်တံ့တံ့ ပြောသည် ။
"အရာရှိကျောက် ဒီနေ့ ဝေအရာရှိက ဘေးက ရွှမ်ဝူဌာနဆီကနေ မြေနေရာ ရထားတယ် "
"ကျွန်တော်မျိုး သိပြီးပါပြီ "
"မြေရထားပြီဆိုတော့ ဆေးဝါးတွေ သိုလှောင်ဖို့အတွက် သိုလှောင်ရုံတချို့ ဆောက်ဖို့ ငါ စီစဉ်ထားတယ် "
စစ်တပ်အတွက် ဆေးဝါးဝယ်ယူရေးမှာ ဝူကျိရှန်းအတွက် အရေးအကြီးဆုံး တာဝန်ဖြစ်သည် ။ထိုဆေးဝါးများစွာကို သိုလှောင်ရန် သင့်တော်သော ဂိုဒေါင်များ လိုအပ်ပေသည်။
"မင်းက သိုလှောင်ရုံတာဝန်ခံဆိုတော့ ဂိုဒေါင်ဘယ်လိုဆောက်ရမလဲ သိမှာပါ"
ဝူကျိရှန်းက အလုပ်အကြောင်းကိုသာ ဆက်ပြောသည်။
" ဆေးဝါးဆိုတာ ဆန်စပါးနဲ့ မတူဘူး ။ လေဝင်လေထွက်ကောင်းရုံတင်မကဘဲ ပိုးမွှားနဲ့ ကြွက်တွေရန်ကနေလည်း ကာကွယ်ရမယ်။ အေးမြပြီး အလင်းရောင် တိုက်ရိုက်မကျတဲ့နေရာဖြစ်ဖို့လိုတယ် "
ဝူကျိရှန်းက ဂိုဒေါင်၏ အရွယ်အစားကို လက်ဟန်ခြေဟန်ဖြင့် ပြကာ ကျောက်ပင်တင့်ကို လေးလေးနက်နက် ပြောလိုက်သည်။
" ငါအမတ်မင်းကြီး ချင်းဆီကို တင်ပြထားပြီးပြီ ။ အမတ်မင်းကြီးက ငွေစင်ခုနစ်ရာ ခွင့်ပြုထားတယ် ။မနက်ဖြန်ကျရင် ငါ့ရဲ့ ရုံးစာကိုယူပြီး ငွေသွားထုတ်ပါ။ ပြီးရင် လက်သမားတွေရှာပြီး ဂိုဒေါင်ဆောက်လိုက်"
"ကျွန်တော်မျိုး သိုလှောင်ရုံတာဝန်ခံ လုပ်လာတာ ခုနစ်နှစ် ရှစ်နှစ် ရှိပါပြီ ။ ဂိုဒေါင်ဆောက်တာက ကျွန်တော်မျိုးရဲ့ ကျွမ်းကျင်မှုပါပဲ ။အရှင် စိတ်ချပါ "
"ဂိုဒေါင်ကို တစ်လအတွင်း ပြီးအောင် ဆောက်နိုင်မလား "
"ငွေရှိရင် အရာရာ လွယ်ကူပါတယ်။ လက်သမားတွေ ပိုငှားလိုက်ရင် ရပါတယ် "
"ကောင်းပြီ ။တစ်လအတွင်း အဆင်သင့်ဖြစ်ရမယ် ။ငါ ဆေးဝါးတွေ သိုလှောင်ရတော့မယ်"
"အရှင် စိတ်ချပါ "
ဝူကျိရှန်း ထွက်သွားပြီးနောက် နဝမအဆင့် သိုလှောင်ရုံတာဝန်ခံသည် စက္ကူနှင့် ကလောင်ကို ထုတ်ကာ တိတ်တဆိတ် မှတ်တမ်းတင်လိုက်သည် ။
တိန်မောက်နေ့တွင် ထုံကျီးအရာရှိ ဝေရှင်းဝူသည် ရှုရန်ဝူးဌာနထံမှ မြေ ၁၀ ကျန်းကို အဓမ္မလုယူခဲ့သည် ။
ထိုနေ့တွင်ပင် ထုံကျီးအရာရှိ ရှုစီဝင်သည် စာရေးနှစ်ဦးကို ခန့်အပ်ခဲ့သည်။
ထိုနေ့တွင်ပင် ထုံကျီးအရာရှိ ဝူကျိရှန်းသည် ဆေးဝါးသိုလှောင်ရုံ ဆောက်လုပ်ရန် ပြင်ဆင်ခဲ့သည်။
အရေးမပါသောသိုလှောင်ရုံတာဝန်ခံသည်ထိုနေရာရှိ ဖြစ်ရပ်တိုင်းကို တိတ်တဆိတ် မှတ်တမ်းတင်နေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ ။