← Chapters

အခန်း (၄၃၆-၄၃၈)

Vol. 30 Ch. 436-438

အခန်း (၄၃၆-၄၃၈)

Vol. 30 Ch. 436-438

အခန်း (၄၃၆) - နှင်းလျှောစီးခြင်း (၃)

ခဏလေးနေပါဦး...။

သူသည် လုဖေးအာကို ခေါ်ဆောင်ကာ ဗီဇပြောင်းလူသားများကို ရှာဖွေရန် တစ်မီတာခန့် ထူထဲသော နှင်းထုအတွင်းသို့ ခုန်ဆင်းခဲ့စဉ်က ဆီးနှင်းကျားသစ်တစ်ကောင်၏ ဝိုင်းရံခြင်းကို ခံခဲ့ရသည်ကို ပြန်လည်သတိရလိုက်မိ၏။

ထိုကျားသစ်၏ ကြီးမားလှသော ကိုယ်ထည်သည် နက်ရှိုင်းလှသော နှင်းပြင်ပေါ်တွင် နစ်မြုပ်သွားခြင်းမရှိဘဲ မြေပြင်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ပုံမှန်အတိုင်း သွားလာနိုင်ခဲ့ပေသည်။

ဒါဆိုလျှင် ဤနှင်းတောထဲက သတ္တဝါအားလုံးသည် နှင်းပြင်ပေါ်တွင် လွတ်လပ်စွာ သွားလာနိုင်ကြသည်လော။

ဆီးနှင်းမြေခွေးများလည်း သွားလာနိုင်မည်မှာ သေချာလှပေသည်။

မြေခွေးများသည် ကိုယ်ထည်သေးငယ်ပြီး အလေးချိန်ပေါ့ပါးသဖြင့် နှင်းထဲသို့ နစ်ဝင်သွားလိမ့်မည် မဟုတ်ပေ။

ဤဖြူဖွေးနူးညံ့လှသော နှင်းလွှာများကို အထင်မသေးသင့်ပါပေ။

အနုတ် ၂၀ မှ ၃၀ ဒီဂရီအထိ ရှိသော ညဖက်အပူချိန်အောက်တွင် စုပုံနေသော နှင်းထုမှာ ရေခဲစအနများကဲ့သို့ မာကျောလာတတ်ပေသည်။

၎င်းသည် လူတစ်ယောက်၏ အလေးချိန်ကို မခံနိုင်သော်လည်း မြေခွေးတစ်ကောင်၏ အရွယ်အစားအတွက်မူ နှင်းပြင်ပေါ်တွင် လှုပ်ရှားသွားလာရန် ပြဿနာရှိမည် မဟုတ်ပါပေ။

ပုံမှန်အားဖြင့် မြေခွေးများသည် ဆောင်းရာသီတွင် အစာရှာရန် နှင်းပေါ်၌ လမ်းလျှောက်တတ်ကြပြီးနောက် သားကောင်ကို ရှာဖွေတွေ့ရှိပါက နှင်းထဲသို့ ခေါင်းစိုက်ထိုးကာ ခုန်အုပ်ဖမ်းယူတတ်ကြ၏။

သို့သော် ယခုကဲ့သို့ ထူထဲလှသော နှင်းထုအတွင်း၌ ၎င်းတို့ အောင်မြင်စွာ အမဲလိုက်နိုင်ပါဦးမည်လော ဆိုသည်မှာတော့ မသေချာပါပေ။

မည်သို့ပင်ဆိုစေကာမူ ဆီးနှင်းကျားသစ်နှင့် ဆီးနှင်းမြေခွေးတို့သည် ဤနှင်းပြင်ပေါ်တွင် သွားလာနိုင်ကြသည် ဖြစ်ရာ ဆီးနှင်းဝံပုလွေများကရော မည်သို့ရှိမည်နည်း။

ငွေရောင်ဘုရင်မှာမူ သွားလာနိုင်ခြင်းမရှိသော်လည်း လုဖေးအာကို သူပေးထားသော အာရွှယ်မှာမူ သွားလာနိုင်မည်လော။

အရင်ဆုံး နှင်းလျှောစီးဘုတ်ကို စမ်းသပ်ကြည့်ပြီးမှ လုဖေးအာကို ခေါ်ကာ စမ်းသပ်ခိုင်းရမည် ဖြစ်သည်။

ယခု သူသည် သစ်ပင်အိမ်၏ အစွန်းတွင် ရှိနေသဖြင့် သစ်ပင်အိမ်၏ အရှိန်ကြောင့် အပူချိန်မှာ သုညဒီဂရီအထက်တွင် ရှိနေဆဲဖြစ်ပြီး သူတူးထားသော ရေကန်ငယ်လေးမှာလည်း ရေခဲခြင်း မရှိသေးပါပေ။

သူ၏ ချစ်လှစွာသော သတ္တဝါလေးများ ခိုအောင်းရာ ဂူအတွင်းမှလည်း အဖြူရောင် ရေနွေးငွေ့များ ရံဖန်ရံခါ ထွက်ပေါ်နေ၏။

အောက်ဖက်တွင်မူ အတော်ပင် နွေးထွေးနေပုံရပေသည်။

ရွှီရှင်းသည် ဆီးနှင်းမြေခွေးလည်စည်းကို ပတ်လိုက်ပြီး နှင်းကာမျက်မှန်ကို တပ်ဆင်ကာ ရှေ့သို့ လှမ်းတက်လိုက်၏။

ဤအချိန်တွင် တောအုပ်အတွင်းရှိ သတ္တဝါအများစုမှာ ပြန်လည်ရောက်ရှိနေကြပြီ ဖြစ်သော်လည်း တောရိုင်းတိရစ္ဆာန်ငယ်လေးအချို့လည်း ရှိနေသေးပေသည်။

သို့သော် ထိုသတ္တဝါငယ်လေးများသည် အစာငတ်ပြတ်နေခြင်း သို့မဟုတ် ဆောင်းခိုနေခြင်းကြောင့် လှုပ်ရှားရန် ပျင်းရိနေကြသဖြင့် သူ့အတွက်တော့ အန္တရာယ် မရှိနိုင်ပါပေ။

သစ်ပင်အိမ်ပတ်လည် မီတာအနည်းငယ်အတွင်းရှိ နှင်းထုမှာ ဗီဇပြောင်းသတ္တဝါများကြောင့် လုံးဝ ပျက်စီးနေချေပြီ။

ရွှီရှင်းသည် မီတာ လေးငါးရာခန့် အကွာအထိ လျှောက်လှမ်းသွားပြီးနောက်မှ ပျက်စီးခြင်းမရှိသေးသော နှင်းပြင်ကို တွေ့ရပေသည်။

"...ဒါကို ဘယ်လိုတက်ရမလဲ"

ရွှီရှင်းသည် နှင်းထုအောက်မှ နေ၍ နှင်းလျှောစီးဘုတ်ပေါ်သို့ တက်ရန် ကြိုးစားကြည့်၏။

သူ ခြေချလိုက်သည်နှင့် လျှပ်စစ်နှင်းလျှောစီးဘုတ်ကို အသုံးပြုပုံ နည်းစနစ်ကို ချက်ချင်း သဘောပေါက်သွားခဲ့ချေပြီ။

နောက်ခြေဖြင့် ဘုတ်၏ အနောက်ပိုင်းကို ဖိလိုက်သောအခါ ဘုတ်တစ်ခုလုံးမှ လျှပ်စစ်သံ ထွက်ပေါ်လာ၏။

ထို့နောက် ဘုတ်၏ ရှေ့ပိုင်းမှာ အရင်ဆုံး ကြွတက်လာပြီးနောက် တစ်မီတာခန့် မြင့်သော နှင်းလွှာပေါ်သို့ တစ်ရှိန်ထိုး ခုန်တက်လိုက်ရာ ဖတ် ခနဲ မြည်သံနှင့်အတူ နှင်းပြင်ပေါ်သို့ ဆင်းသက်နိုင်ခဲ့ပေသည်။

"မဆိုးပါဘူး"

ရွှီရှင်း၏ မျက်နှာတွင် စူးစမ်းလိုစိတ်များ ပေါ်လာကာ "စိတ်ဝင်စားဖို့ ကောင်းသားပဲ" ဟု ရေရွတ်မိ၏။

သူသည် ဘုတ်၏ အနောက်ဖက်ကို ထပ်မံ ဖိလိုက်သောအခါ မော်တာသံ ထွက်ပေါ်လာပြီး နှင်းလျှောစီးဘုတ်မှာ နှင်းပြင်ပေါ်တွင် ရှေ့သို့ တစ်ဟုန်ထိုး ပြေးထွက်သွားပါတော့သည်။

"ဝူး... ဝူး..."

နှင်းလျှောစီးဘုတ်သည် တစ်နာရီလျှင် ကီလိုမီတာ ၃၀ မှ ၄၀ ခန့် အရှိန်ဖြင့် သွားနေရာ အလွန်ပင် မြန်ဆန်လှပေသည်။

တောအုပ်အတွင်းရှိ သစ်ပင်များကြားတွင် ရွှီရှင်းသည် ဟိုဖက်ဒီဖက် ကွေ့ဝိုက်ကာ တစ်ဟုန်ထိုး မောင်းနှင်နေရင်း စိတ်လှုပ်ရှားမှုများ ပေါ်ပေါက်လာကာ "ဟားဟား... မိုက်တယ်ဟ" ဟု အော်ဟစ်လိုက်မိ၏။

နှင်းလျှောစီးဘုတ် လျှောတိုက်သွားသော နေရာများ၏ နှင်းပြင်ပေါ်၌ အစင်းကြောင်းများ ကျန်ရစ်သော်လည်း နောက်တစ်ကြိမ် လျှောစီးခြင်းအပေါ် သက်ရောက်မှု မရှိပါပေ။

ရွှီရှင်းသည် နှင်းလျှောစီးဘုတ်ပေါ်မှနေပြီး တောအုပ်အတွင်း တစ်ဟုန်ထိုး ပျံလွှားနေ၏။

အနုတ် ၂၀ မှ ၃၀ ဒီဂရီအတွင်းရှိ အေးစိမ့်လှသော လေပြင်းများသည် သူ၏ နားစည်အတွင်း ဟိန်းဟောက်၍ ဖြတ်သန်းသွားပေသည်။

သို့သော်လည်း ဆီးနှင်းမြေခွေးလည်စည်းနှင့် မျက်မှန်တို့ကြောင့် သူသည် အဟန့်အတားမရှိ သွားလာနိုင်ခဲ့ပေသည်။

လသာသောညတွင် ရွှီရှင်းသည် နှင်းပြင်ပေါ်၌ ဟိုဖက်ဒီဖက် ကွေ့ဝိုက်ကာ အရှိန်နှင့် စိတ်လှုပ်ရှားမှုကို အပြည့်အဝ ခံစားနေ၏။

သူသည် သစ်ပင်များကိုလည်း သီသီလေး ရှောင်တိမ်းသွားခဲ့ပေသည်။

ငွေရောင်ဘုရင် တောအုပ်အတွင်း ဖြတ်သန်းသွားလာစဉ် ခံစားရသော ခံစားချက်မျိုးကို သူ ယခုမှပင် နားလည်သွားပါတော့သည်။

နောက်ဆုံးတွင် ရွှီရှင်းသည် နှင်းပြင်ပေါ်မှ ဆင်းသက်လိုက်ပြီး အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်၏။

အမိုက်စားပင်...

တကယ့်ကို အမိုက်စားပင် ဖြစ်ပေသည်။

အရှိန်မှာ ငွေရောင်ဘုရင်ကို မမီသော်လည်း နှေးကွေးသည်ဟုတော့ မဆိုနိုင်ပါပေ။

လျှပ်စစ်နှင်းလျှောစီးဘုတ်မှာ တကယ့်ကို တန်ဖိုးရှိလှပေသည်။

...

အခြားတစ်ဖက်တွင်မူ လီဝမ်ရှီးသည် သူမ၏ သစ်ပင်အိမ် ပြတင်းပေါက်တွင် မှီလျက် အပြင်ဘက်သို့ ချောင်းကြည့်နေ၏။

"အင်း... သူ လာတော့မှာ မဟုတ်ဘူး ထင်တယ်..."

သူမသည် သူမ၏ ရင်ဘတ်ကို ပုတ်ကာ စိတ်သက်သာရာရသွားသော အမူအရာ ပြုလုပ်လိုက်သော်လည်း အနည်းငယ်တော့ စိတ်ပျက်သွားမိ၏။

"ဟွန်း...ငကြောက်လေး..."

ဘာသာပြန်သူမှတ်စု - (ကျားမြှီးဆွဲချင်နေတာကွာ "...")

အခန်း ၄၃၆ ပြီး။

အခန်း (၄၃၇) - နှင်းပြင်ထက်တွင် လမ်းလျှောက်နေသော ဆီးနှင်းဝံပုလွေများ

သစ်ပင်အိမ်သို့ ပြန်ရောက်သောအခါ ရွှီရှင်းသည် လုဖေးအာကို ခေါ်လိုက်ပြီး ဆီးနှင်းဝံပုလွေဘုရင် အာရွှယ်ကိုပါ ခေါ်ဆောင်လာစေ၏။

နှစ်ဦးစလုံးမှာ ရွှီရှင်းနှင့် စာချုပ်ချုပ်ဆိုထားသူများ ဖြစ်ကြသဖြင့် အာရွှယ်နှင့် လုဖေးအာတို့မှာ ရင်းနှီးကျွမ်းဝင်ရန် အချိန်ပေးစရာပင် မလိုဘဲ အလွန်ပင် ရင်းနှီးနေကြချေပြီ။

"အာရွှယ်က နှင်းပေါ်မှာ လမ်းလျှောက်နိုင်တယ်လို့ ပြောတာလား"

လုဖေးအာက အနည်းငယ် အံ့အားသင့်စွာဖြင့် မေးမြန်း၏။

"ဒါက ဖြစ်နိုင်လို့လား၊ ဒီလောက်ကြီးတဲ့ သတ္တဝါကြီးကလေ"။

"အူး..."

လုဖေးအာ၏ သံသယကြောင့် အာရွှယ်မှာ အနည်းငယ် မကျေမနပ် ဖြစ်သွားကာ သူမ၏ အင်္ကျီလက်ကို ပါးစပ်ဖြင့် ဆွဲပြီးနောက် နှင်းများဖုံးလွှမ်းနေသော နေရာသို့ ပြေးထွက်သွားလေတော့သည်။

ထိုအချိန်တွင် နှင်းများမှာ ပိုမိုသည်းထန်စွာ ကျဆင်းနေချေပြီ။

လသာသောည၏ ကြယ်ရောင်စုံအောက်တွင် ရေတွက်မကုန်နိုင်သော နှင်းပွင့်များမှာ လေပြည်နှင့်အတူ ဖြည်းဖြည်းချင်း လွင့်မျောကျဆင်းနေပြီး ဖရိုဖရဲ ဖြစ်နေသော မြေပြင်ကို ဖြူစင်သန့်ရှင်းသော နှင်းလွှာပါးလေးဖြင့် ဖုံးအုပ်ပေးလိုက်၏။

ရွှီရှင်းမှာမူ နှင်းလွှာပါးပေါ်တွင် လမ်းလျှောက်နေသော ဆီးနှင်းဝံပုလွေသည် ခြေရာပင် မကျန်ခဲ့သည်ကို အံ့သြဖွယ် တွေ့ရှိလိုက်ရပေသည်။

နှင်းပေါ် လမ်းလျှောက်လည်း ခြေရာတောင်မကျန်ပါလား...။

ထိုစဉ် လုဖေးအာသည် ရုတ်တရက် သူ့အနားသို့ တိုးကပ်လာပြီး သူ့ကို မော့ကြည့်ကာ "သခင်... ကြည့်ပါဦး၊ ရမှတ်လဲလှယ်တဲ့ ဆိုင်မှာ ပစ္စည်းသစ်တွေ ရောက်နေပြီလေ၊ အဲဒါ ကျွန်မကိုလေ..." ဟု ဆို၏။

အေးစိမ့်သော လေကြောင့် နီမြန်းနေသော သူမ၏ ပါးပြင်လေးများနှင့် ရှက် နေသော အမူအရာတို့မှာ ငယ်ရွယ်နုပျိုသော ဆွဲဆောင်မှုကို ထွက်ပေါ်နေစေသည်။

ရွှီရှင်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး "စကားကို သေသေချာချာ ပြောစမ်းပါ" ဟု ဆို၏။

လုဖေးအာသည် လျှာလေးထုတ်ပြကာ သူမ၏ မူလအမူအရာအတိုင်း ပြန်လည် ပြုမူလိုက်ပြီး ကိုယ်ကို မတ်လိုက်၏။

"ကျွန်မရဲ့သခင်ရှင့်၊ ကျွန်မကို ရမှတ်အချို့ ပေးလို့ ရမလားဟင်။ ရမှတ်ဆိုင်မှာ ပစ္စည်းအသစ်တွေ အများကြီး ရှိနေပေမဲ့ ကျွန်မရဲ့ ရမှတ်တွေက ရှင့်ဆီမှာပဲ ရှိနေတာဆိုတော့ ကျွန်မမှာ တစ်ပြားမှ မရှိဘဲ ဘာမှ ဝယ်လို့ မရဘူး ဖြစ်နေတယ်။ ကျွန်မကို သနားပါဦးရှင်..."။

အစပိုင်းတွင် သူမသည် ရမှတ်ဆိုင်ရှိ ပစ္စည်းများကို အရေးမကြီးဟု ယူဆကာ ရမှတ်မရှိလည်း ဘာမှမဖြစ်ဟု ထင်ထားခဲ့သော်လည်း ယခုအခါ နှင်းလျှောစီး ကိရိယာများနှင့် အဝတ်အစားသစ်များကို မြင်တွေ့ရသောအခါ တကယ်ပင် မနာလို ဖြစ်မိသွားခြင်းပင် ဖြစ်ပေသည်။

သူမသည် အဖမ်းမခံရမီက ကျန်ရှိနေသော နည်းပါးလှသည့် ရမှတ်လေးများကို ကြည့်ရင်း ယခုအခါ ရမှတ် ထပ်မံ မရရှိနိုင်တော့သည်ကို တွေးမိကာ တကယ်ပင် စိတ်မကောင်း ဖြစ်နေရရှာ၏။

သို့သော် ခုနက စူးစမ်းရှာဖွေသူများ အဖွဲ့ထဲတွင် လီဝမ်ရှီး ပြောသွားသော ကပ်ပါးသစ်ပင်အိမ်နှင့် ပင်မသစ်ပင်အိမ်အကြား ရမှတ်များ လက်ဆောင်ပေးနိုင်သည်ဟူသော အချက်ကြောင့် သူမသည် မျှော်လင့်ချက် ပြန်လည် ရရှိလာခဲ့ခြင်း ဖြစ်ပေသည်။

ငွေကြေးစီမံပိုင်ခွင့်မှာ သူမလက်ထဲတွင် မရှိသော်လည်း တောင်းဆို၍တော့ ရသည် မဟုတ်ပါလော။

"...နင် ဘာလိုချင်လို့လဲ။ အကန့်အသတ်နဲ့ ဝယ်ရတဲ့ ပစ္စည်းမဟုတ်ရင် ငါ ဝယ်ပေးမယ်လေ။ ငါက ၃၀ ရာခိုင်နှုန်း လျှော့ဈေး ရတယ်" ဟု ရွှီရှင်းက ဆို၏။

"အာ..."

လုဖေးအာသည် သူမ၏ မျက်ခုံးများကို ပင့်လိုက်ပြီး "ကျွန်မအတွက် အတွင်းခံလိုမျိုး ပစ္စည်းတွေကိုပါ ရှင်က ဝယ်ပေးမှာလား။ ဝမ်ရှီးက စိတ်မရှိဘူးဆိုရင်တော့ ကျွန်မလည်း ဂရုမစိုက်ပါဘူး။ ပြီးတော့ ကျွန်မကို အထင်မသေးပါနဲ့ဦး၊ ကျွန်မလည်း ၂၀ ရာခိုင်နှုန်း လျှော့ဈေး ရပါတယ်" ဟု ပြန်ပြောလိုက်သည်။

ရွှီရှင်းက သူမကို တစ်ချက်ကြည့်ကာ "ဒီသစ်ပင်အိမ်ကလည်း ၂၀ ရာခိုင်နှုန်း လျှော့ဈေး ရတာလား" ဟု မေးမြန်း၏။

လုဖေးအာက ခေါင်းညိတ်ပြကာ "ဟုတ်ကဲ့၊ ဒီ ၂၀ ရာခိုင်နှုန်း လျှော့ဈေး ဆုလာဘ်က ရှင်ကျန်သူနဲ့ပဲ ဆိုင်ပုံရတယ်၊ သစ်ပင်အိမ်နဲ့ ချိတ်ဆက်ထားတဲ့ လက်ပတ်နာရီနဲ့ မဆိုင်ပါဘူး" ဟု ရှင်းပြ၏။

၂၀ ရာခိုင်နှုန်း လျှော့ဈေး ဆိုသည်မှာ လက်ခံနိုင်သော အနေအထား ဖြစ်ပေသည်။

"သစ်ပင်အိမ် ပြန်ရောက်ရင် နင့်ဆီ ရမှတ် ၂၀၀၀ လွှဲပေးလိုက်မယ်"။

အဝတ်အစား အချို့ ဝယ်ယူခြင်းမှာ ကုန်ကျစရိတ် များလှသည် မဟုတ်သလို လုဖေးအာ ပစ္စည်းဝယ်ချင်တိုင်း သူ့ထံသို့ လာနေရခြင်းမှာ အလွန်ပင် အလုပ်ရှုပ်လွန်းသဖြင့် သူမထံသို့ ရမှတ်အချို့ ပေးထားခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။

"ယေး..."

လုဖေးအာ ပျော်ရွှင်သွားပြီးနောက် ရွှီရှင်း၏ လည်ပင်းမှ လည်စည်းကို ညွှန်ပြကာ "အဲဒီလည်စည်းကို ဘယ်က ရတာလဲဟင်။ ခုနက ဆိုင်မှာ ကြည့်တုန်းက မတွေ့မိပါဘူး။ အရမ်းလှတာပဲ၊ ကျွန်မလည်း တစ်ခုလောက် ဝယ်ချင်တယ်" ဟု ဆို၏။

လှတယ် ဟုတ်လား...။

မှန်ပေသည်၊ ဆီးနှင်းကဲ့သို့ ဖြူစင်နေသော အမွေးအမျှင်များကို ကြည့်ရသည်မှာ တကယ်ပင် ကောင်းမွန်လှသလို နူးညံ့ပြီး သက်တောင့်သက်သာ ရှိလှပေသည်။

"ဒါက ဆီးနှင်းမြေခွေးအမြီးနဲ့ လုပ်ထားတဲ့ အပြာရောင်အဆင့် လည်စည်းပဲ၊ အအေးဒဏ်ကို တကယ် ကာကွယ်ပေးနိုင်တယ်၊ ဒါနဲ့..."

ရွှီရှင်းသည် လုဖေးအာဘက်သို့ လှည့်ကြည့်လိုက်ရာ သူမသည် အေးစိမ့်လှသော လေနှင့် နှင်းများကြားတွင် ပါးလွှာလှသော သားရေချပ်ဝတ်ကိုသာ ဝတ်ဆင်ထားဆဲ ဖြစ်သည်ကို တွေ့လိုက်ရ၏။

"နင် မအေးဘူးလား"။

"လုံးဝ မအေးပါဘူး"

လုဖေးအာက အေးအေးဆေးဆေးပင် ခေါင်းခါပြ၏။

"အာ... နည်းနည်းတော့ အေးတာပေါ့၊ အဲကွန်းကို အအေးဆုံး ဖွင့်ထားသလိုမျိုးလား။ ရပါတယ်၊ အအေးဒဏ်ခံ ကိရိယာဆိုရင်တော့ ကျွန်မ မလိုချင်ပါဘူး၊ တခြားသူကိုပဲ ပေးလိုက်ပါ"။

လက်ရှိတွင် အပူချိန်မှာ အနုတ် ၂၀ ဒီဂရီအောက်သို့ ရောက်ရှိနေသော်လည်း အပြာရောင်အဆင့် သားရေချပ်ဝတ်ကို ဝတ်ဆင်ထားသော လုဖေးအာအတွက်မူ ပြဿနာရှိပုံ မပေါ်ပါပေ။

သူမ အရင်တစ်ခေါက် အပြင်ထွက်စဉ်ကလည်း အေးလေလေ သူမ ပိုပြီး တည်ငြိမ်လာကာ စွမ်းအားကို ပိုမို ထုတ်ဖော်နိုင်လေလေ ဖြစ်သည်ဟု ပြောခဲ့ဖူးပေသည်။

သူ၏ အိမ်ထဲတွင် သေဆုံးသွားသော ဗီဇပြောင်းသတ္တဝါမှာလည်း နှင်းထဲတွင် မြှုပ်နေသော်လည်း အေးခဲသွားခြင်း မရှိပါပေ။

ကြည့်ရသည်မှာ ဗီဇပြောင်းသတ္တဝါများနှင့် လူသားတို့၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ တကယ်ပင် ကွဲပြားခြားနားပုံရပေသည်။

သို့သော်လည်း သူမမှာ အနည်းငယ် အေးသည်ဟု ခံစားနေရသဖြင့် အနုတ် ၅၀ ဒီဂရီအထိ ရှိသော အအေးဒဏ်ကိုတော့ ခံနိုင်မည် မဟုတ်ချေ။

သို့သော် ဆီးနှင်းမြေခွေးလည်စည်းမှာမူ ခံနိုင်ရည် ရှိပေသည်။

သူသည် ထိုအလောင်းများကို မခွဲစိပ်ရသေးသော်လည်း အရေအတွက် များပြားလှသဖြင့် ၎င်းတို့ထဲတွင် ဆီးနှင်းမြေခွေးများစွာ ပါဝင်နေရာ အပြာရောင်အဆင့် မြေခွေးအမြီးများကို ရရှိနိုင်မည်မှာ သေချာလှပေသည်။

လုဖေးအာကိုလည်း တစ်ခုပေးရန် သူ စဉ်းစားလိုက်၏၊

အဘယ်ကြောင့်ဆိုသော် သူမသည် အပြင်သို့သွားကာ ရှင်ကျန်သူများကို ရှာဖွေခေါ်ဆောင်လာရမည့်သူ ဖြစ်သောကြောင့်ပင် ဖြစ်ပေသည်။

မကြာမီ လူသားနှစ်ဦးနှင့် သားရဲတစ်ကောင်မှာ နှင်းထု၏ အစွန်းသို့ ရောက်ရှိလာကြ၏။

"အူး..."

ဆီးနှင်းဝံပုလွေသည် လုဖေးအာကို အော်ဟစ်လိုက်ပြီးနောက် သူမကို စီးနင်းရန် အချက်ပြသည့်အနေဖြင့် လဲလျောင်းပေးလိုက်၏။

လုဖေးအာသည်လည်း ဝံပုလွေ၏ ကျောပေါ်သို့ ကျွမ်းကျင်စွာ တက်လိုက်ပေသည်။

သူမ အသေအချာ ထိုင်မိသောအခါ ဆီးနှင်းဝံပုလွေသည် ထရပ်လိုက်ပြီး ပေါ့ပါးလှသော ခုန်ကူးမှုတစ်ခုဖြင့် ပိုမို ထူထဲလာသော နှင်းလွှာပေါ်သို့ အားစိုက်စရာမလိုဘဲ တက်လှမ်းလိုက်၏။

"တကယ်ကြီး မနစ်သွားဘူးပဲ"

လုဖေးအာက အံ့သြတကြီး ဆို၏။

"နင်က တကယ် တော်တာပဲ၊ အာရွှယ်"။

"အူး..."

အာရွှယ်သည် ဝံပုလွေခေါင်းကို မော့ကာ ခြေထောက်များဖြင့် မြေပြင်ကို ကန်လိုက်ပြီး လုဖေးအာကို တောအုပ်အတွင်းသို့ ခေါ်ဆောင်သွားတော့သည်။

"ဝါး... ဖြည်းဖြည်း၊ ဖြည်းဖြည်းလုပ်ဦး အာရွှယ်၊ သစ်ပင်တွေကို သတိထားဦး။ နင် ချော်မလဲဘူးလားဟင်" ဟူသော လုဖေးအာ၏ ထိတ်လန့်တကြား အသံမှာ ထူထဲလှသော နှင်းဖုံးတောအုပ်အတွင်း ပဲ့တင်ထပ်လျက် ကျန်ရစ်ခဲ့တော့၏။

အခန်း ၄၃၇ ပြီး။

အခန်း (၄၃၈) - နှင်းပြင်ထက်တွင် လမ်းလျှောက်နေသော ဆီးနှင်းဝံပုလွေများ ၂

တကယ်တမ်း နှင်းလွှာပေါ်၌ စီးနင်းသွားလာနိုင်ခြင်းမှာ အမှန်ပင် ဖြစ်ပေသည်။

၎င်းသည် လျှပ်စစ်နှင်းလျှောစီးဘုတ် တစ်ခုစာ သက်သာသွားစေသော်လည်း လုဖေးအာအတွက် နှင်းကာမျက်မှန် တစ်ခုတော့ ဝယ်ပေးရန် လိုအပ်ပေဦးမည်။

အခုလို ညဘက်တွင် ပြဿနာမရှိသော်လည်း နေ့ခင်းဘက်တွင်မူ ဖြူဖွေးနေသော နှင်းပြင်မှ ရောင်ပြန်ဟပ်သော အလင်းရောင်ကြောင့် မျက်စိကွယ်သွားနိုင်သောကြောင့် ဖြစ်၏။

နှင်းပြင်ပေါ်က ဤဗီဇပြောင်းသတ္တဝါများသည် တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းလှပေသည်။

မကြာမီမှာပင် လုဖေးအာသည် အာရွှယ်ကို စီးနင်းလျက် ပြန်လည်ရောက်ရှိလာ၏။

အာရွှယ်သည် နှင်းပြင်ပေါ်မှ ခုန်ဆင်းကာ မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်လိုက်ပေသည်။

အာရွှယ် နင်းခဲ့သော နှင်းပြင်ကို ရွှီရှင်း ကြည့်လိုက်သောအခါ ခြေရာပင် မထင်သလောက် ဖြစ်နေသည်ကို တွေ့ရ၏။

ခုန်လိုက်သည့် နေရာများတွင်သာ ခြေရာအနည်းငယ် ရှိသော်လည်း စက္ကန့်ပိုင်းအတွင်း ကျဆင်းလာသော နှင်းများက ထိုခြေရာများကို ဖုံးလွှမ်းသွားသဖြင့် လုံးဝ မမြင်ရတော့ပါပေ။

"အာရွှယ်... မင်း တော်တယ်"

ရွှီရှင်းက အာရွှယ်၏ ဝံပုလွေခေါင်းကို ပုတ်ပေးလိုက်ရာ အာရွှယ်ကလည်း အူသံဖြင့် ပြန်လည် တုံ့ပြန်၏။

"ကျွန်မရော၊ ကျွန်မရော... ကျွန်မလည်း မဆိုးပါဘူးနော်"

လုဖေးအာကလည်း သူမ၏ခေါင်းကို တိုးပေးလာကာ ခေါင်းပုတ်ခံချင်နေပုံရသည်။

ရွှီရှင်း : "..."

ဤမိန်းကလေးမှာ စိတ်ကြည်လာသည်နှင့် တပြိုင်နက် မူမမှန်တာတွေ ထပ်လုပ်နေပြန်ချေပြီ။

ရွှီရှင်းက လက်ကို မြှောက်ကာ သူမ၏ နဖူးကို အားရပါးရ တစ်ချက် တောက်လိုက်ရာ နာကျင်လွန်းသဖြင့် အော်ဟစ်ကာ နောက်သို့ နှစ်လှမ်းခန့် ဆုတ်သွားတော့၏။

သူမသည် နဖူးကို ကိုင်လျက် ရွှီရှင်းကို မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ကြည့်ကာ "ရှင်က မတရားဘူး။ ကျွန်မက အာရွှယ်ထက်တောင် အရင် စာချုပ်ချုပ်ထားတာလေ" ဟု ဆို၏။

ရွှီရှင်းက မျက်လုံးတစ်ချက် ဝှေ့လိုက်ပြီး "ကဲပါ... ငါနဲ့ လာပြီး သရုပ်ဆောင်မနေနဲ့တော့၊ မနက်ဖြန်အတွက် ငါပေးထားတဲ့ တာဝန်ကို မှတ်မိရဲ့လား" ဟု မေးလိုက်သည်။

"မှတ်မိတာပေါ့၊ မှတ်မိတာပေါ့"

လုဖေးအာက နဖူးကို ပွတ်နေဆဲ ဖြစ်သလို အေးစိမ့်လှသော နေ့တွင် နဖူးအတောက်ခံရခြင်းမှာ အလွန်ပင် နာကျင်လှသည်ဟု စိတ်ထဲက ညည်းတွားနေမိ၏။

"သစ်ပင်အိမ် ပတ်ဝန်းကျင်က ရှင်ကျန်သူတွေကို ရှာဖွေရမယ်၊ ဘယ်နယ်မြေကပဲ ဖြစ်ဖြစ် အကုန်လုံးကို ခေါ်လာရမယ် မဟုတ်လား"။

"မဆိုးဘူး"

ရွှီရှင်းက ခေါင်းညိတ်ပြ၏။

"အာရွှယ်ရဲ့ အရှိန်က ဘယ်လောက်လောက် ရှိလဲ"။

"ခုနကတော့ တစ်နာရီကို ကီလိုမီတာ လေးငါးဆယ်လောက် ရှိမယ် ထင်တယ်။ ဒါပေမဲ့ အာရွှယ်က သူ့ရဲ့ အရှိန်အကုန် မသုံးရသေးဘူးလို့ ထင်တာပဲ၊ ဟုတ်တယ်မလား အာရွှယ်" ဟု လုဖေးအာက အာရွှယ်၏ ခေါင်းကို ပွတ်သပ်ရင်း မေးမြန်း၏။

"အူး..."

အာရွှယ်က အော်ဟစ်လိုက်သည်။

လေးငါးဆယ် ကီလိုမီတာ သို့မဟုတ် ထို့ထက်ပင် ပိုမြန်နိုင်သည်လား။

ခုနက သူ၏ နှင်းလျှောစီးဘုတ် အရှိန်မှာ တစ်နာရီလျှင် သုံးဆယ်ကျော်၊ လေးဆယ်ပင် မပြည့်ပေ။

ဝံပုလွေက ပို၍ မြန်ဆန်လှသဖြင့် လုဖေးအာ လူရှာသည့် လုပ်ငန်းအတွက် အလွန်ပင် အထောက်အကူ ဖြစ်ပေလိမ့်မည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ ဤရာသီဥတုတွင် ငွေရောင်ဘုရင်နှင့် မီမီတို့မှာ ပုံမှန် မလှုပ်ရှားနိုင်ခြင်း ဖြစ်၏။

၎င်းတို့ကို လက်ပတ်ထဲသို့ ဝင်ရန် ဖြောင်းဖြပြီးမှသာ အပြင်သို့ ခေါ်သွားနိုင်ပေလိမ့်မည်။

မဟုတ်ပါက သူတစ်ဦးတည်း အပြင်သွားရန်မှာ ဤအခြေအနေတွင် လုံးဝ စိတ်မချရချေ။

အပြန်လမ်းတွင် ရွှီရှင်းသည် လက်ပတ်နာရီမှတစ်ဆင့် လုဖေးအာအတွက် မျက်မှန် ဝယ်ပေးလိုက်ပြီး သူမထံသို့ ရမှတ် ၂၀၀၀ လွှဲပေးလိုက်၏။

"ဒီရမှတ်တွေက နင် အဝတ်အစားနဲ့ တခြား လိုအပ်တာတွေ ဝယ်ဖို့ပဲ။ ဈေးကြီးတဲ့ ပစ္စည်းဆိုရင်တော့ ငါ့ကို ပြော၊ ငါ ဝယ်ပေးမယ်"။

"နားလည်ပါပြီ၊ သခင်။ အာ... နယ်မြေ (၁၈၇) ကို အမြန်ဆုံး ဒီကို သယ်လာနိုင်ရင် ကောင်းမှာပဲ"

လုဖေးအာက သူမ၏ သစ်ပင်အိမ်ရှေ့တွင် ရပ်ကာ မတတ်သာသည့် အမူအရာဖြင့် ဆို၏။

"ဒီသစ်ပင်အိမ်သေးသေးလေးထဲမှာ နေရတာ တကယ်ကို သက်တောင့်သက်သာ မရှိဘူး၊ ဟိုသစ်ပင်အိမ်ကြီးကိုပဲ ဒီကို ပြောင်းစိုက်လိုက်ချင်တော့တယ်"။

ထိုသစ်ပင်အိမ်ကို ပြောင်းစိုက်ရန်မှာ လောလောဆယ်တွင် မဖြစ်နိုင်သေးပါပေ။

လုဖေးအာ၏ သစ်ပင်အိမ် ထိုနေရာတွင် ရှိနေမှသာ နယ်မြေ (၁၈၇) ၏ လှုပ်ရှားမှုများကို သူတို့ အတိအကျ သိရှိနိုင်မည် ဖြစ်ပေသည်။

နယ်မြေ (၁၈၇) မှာ အင်အားနည်းလင့်ကစား ၎င်းတို့၏ လက်ရှိ ရန်သူပင် ဖြစ်၏။

"ဒါဆိုရင် နယ်မြေ (၁၈၇) က လူတွေကို များများ ခေါ်လာနိုင်အောင် ကြိုးစားပေါ့။ ပြီးတော့ ကျန်းတောက်ကွမ် ထောင်မယ့် အဖွဲ့ထဲကိုရော နင့်ကို ဖိတ်ပြီးပြီလား"။

"မဖိတ်ရသေးဘူး၊ ဒီည ဖိတ်မယ်လို့တော့ ပြောတယ်၊ အဖွဲ့က မထောင်ရသေးလို့ ထင်ပါတယ်"။

"သူတို့ရဲ့ တည်နေရာတွေကိုလည်း စုံစမ်းဖို့ မမေ့နဲ့ဦး"။

"နားလည်ပါပြီ"

ရွှီရှင်းသည်လည်း သစ်ပင်အိမ်သို့ ပြန်လာခဲ့၏။

သူ့တွင် ခွဲစိပ်ရန် အလောင်းပေါင်း များစွာ ရှိနေဆဲ ဖြစ်ပြီး အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါ သုံးရာကျော် ရှိပေသည်။

လုဖေးအာကို ကူညီခိုင်းရန် စဉ်းစားမိသော်လည်း သူ၏ ကံကောင်းခြင်း စွမ်းရည်ဖြင့်ဆိုပါက အဆင့်မြင့် ကုန်ကြမ်းများ ရရှိနိုင်ခြေ ပိုများသဖြင့် သူကိုယ်တိုင်သာ ခွဲစိပ်ရန် ဆုံးဖြတ်လိုက်၏။

သစ်ပင်အိမ် ပထမထပ်သို့ ရောက်သောအခါ ရွှီရှင်းသည် အလောင်းအားလုံးကို စတင် ခွဲစိပ်တော့သည်။

ကံကောင်းထောက်မစွာဖြင့် ခရမ်းရောင်အဆင့် အရိုးထုတ်ဓားဖြင့်ဆိုပါက ဗီဇပြောင်းသတ္တဝါ တစ်ကောင်ကို ခွဲစိပ်ရန် စက္ကန့်အနည်းငယ်သာ ကြာမြင့်ပေသည်။

"ဟူး..."

ရွှီရှင်းသည် ရရှိလာသော ကုန်ကြမ်းအိတ်များကို ကြည့်ကာ သက်ပြင်းချလိုက်မိ၏။

အရင်က ရှားပါးလှသော အပြာရောင်အဆင့် ကုန်ကြမ်းများမှာ ယခုမူ သူ၏လက်ထဲတွင် အလျှံပယ် ဖြစ်နေချေပြီ။

အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါတိုင်း၏ သားရေမှာ အပျက်အဆီး မရှိပါက အပြာရောင်အဆင့် ရရှိနိုင်ခြေ ရာခိုင်နှုန်းပြည့် ရှိသလို၊ တခြား အစိတ်အပိုင်းများမှာလည်း အပြာရောင်အဆင့် ဖြစ်နိုင်ခြေ ရှိပေသည်။

ယခုအခါ သူ၏လက်ဝယ်တွင် အပြာရောင်အဆင့် သားရေ ရာပေါင်းများစွာ၊ တိရစ္ဆာန်အရိုး တစ်ရာကျော်၊ ဗီဇပြောင်းသတ္တဝါ အသား ကီလိုဂရမ် တစ်သောင်းကျော်နှင့် အပြာရောင်အဆင့် ဆီးနှင်းမြေခွေးအမြီး နှစ်ဆယ်တို့ ရှိနေပြီ ဖြစ်ပေသည်။

ထို့ပြင် ခရမ်းရောင်အဆင့် ဆီးနှင်းဝံပုလွေ သားရေ ရရှိနိုင်ခြေမှာလည်း ရွှီရှင်း ထင်ထားသည်ထက် ပိုမို များပြားနေခဲ့ပေသည်။

အလောင်းပေါင်း သုံးရာကျော်အနက် ထက်ဝက်ခန့်မှာ ဝံပုလွေအလောင်းများ ဖြစ်ကြပြီး ရွှီရှင်းအား ခရမ်းရောင်အဆင့် သားရေ (၇) ခု ရရှိစေခဲ့၏။

အခြားသတ္တဝါများထံမှ ရရှိသည်နှင့် ပေါင်းလျှင် ခရမ်းရောင်အဆင့် သားရေ စုစုပေါင်း (၉) ခု ရရှိခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် ဝမ်းနည်းစရာမှာ သားရေမှအပ အခြား ခရမ်းရောင်အဆင့် ကုန်ကြမ်းများကိုမူ ဝံပုလွေများထံမှ မရရှိခဲ့ပါပေ။

၎င်းမှာ ဝံပုလွေများတွင် အဖိုးတန်ဆုံးအရာမှာ သားရေ ဖြစ်ခြင်းကြောင့်လည်း ဖြစ်နိုင်သလို၊ ဝက်ဝံလက်ဖဝါး သို့မဟုတ် မြေခွေးအမြီးကဲ့သို့ ထူးခြားသော ကုန်ကြမ်းများ မပါရှိခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။

ထို့ပြင် အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါများမှာ အပြည့်အဝ ဗီဇမပြောင်းသေးသဖြင့် သွေးရောင်မျဉ်းများမှာ ကိုယ်တွင်းအင်္ဂါများအထိ မရောက်ရှိသေးဘဲ အပေါ်ယံတွင်သာ ရှိနေခြင်းကြောင့် သားရေကိုသာ အဆင့်မြင့်မြင့် ရရှိခဲ့ခြင်း ဖြစ်ပေမည်။

မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ အဆိပ်ငွေ့များ ကိုယ်တွင်းအထိ မရောက်ရှိသေးခြင်းကြောင့်ပင် ရွှီရှင်းသည် စားသုံးနိုင်သော အသား ကီလိုဂရမ် တစ်သောင်းကျော်ကို ထပ်မံ ရရှိခဲ့ခြင်း ဖြစ်ပေသည်။

သူ၏ စားနပ်ရိက္ခာသိုလှောင်ရုံမှာ ပိုမို ကြီးမားလာခဲ့ချေပြီ။

၎င်းမှာ ဘေးဒုက္ခကြုံတွေ့နေရသူများကိုပင် ကယ်ဆယ်နိုင်လောက်သော ပမာဏပင် ဖြစ်၏။

ရွှီရှင်းသည် များပြားလှသော ခရမ်းရောင်အဆင့် သားရေများကို ကြည့်ကာ စဉ်းစားနေမိ၏။

ခရမ်းရောင်အဆင့် သားရေချပ်ဝတ် အစုံလိုက်ကိုမူ လောလောဆယ်တွင် ပြုလုပ်၍ မရနိုင်သေးပါပေ။

အဘယ်ကြောင့်ဆိုသော် ၎င်းအတွက် သားရေသာမက အရိုးများပါ လိုအပ်သော်လည်း သူ၏လက်ဝယ်တွင် အလယ်အလတ်အဆင့် ဆီးနှင်းကျားသစ်များထံမှ ရရှိသော ခရမ်းရောင်အဆင့် အရိုး တစ်ခုသာ ရှိသောကြောင့် ဖြစ်ပေသည်။

တစ်ခုတည်းဖြင့်ဆိုပါက မလုံလောက်ပေ။

ထို့ပြင် ခရမ်းရောင်အဆင့် သားရေချပ်ဝတ် အပြည့်အစုံအတွက် ခရမ်းရောင်အဆင့် သားရေ (၄) ခုနှင့် အရိုး (၄) ခု၊ စုစုပေါင်း ကုန်ကြမ်း (၈) ခု လိုအပ်ပေသည်။

အာနိသင်ချင်း ကွာခြားနိုင်သော်လည်း တည်ရှိမှု ပျောက်ကွယ်ခြင်းအတွက်ဆိုပါက ကျောက်ရှောင်ချွမ်း၏ ကိုယ်ပျောက်ဝတ်ရုံ က ပြုလုပ်ရသည်မှာ ပို၍ သက်သာပုံရပေသည်။

ဤအချက်ကို ကြည့်လျှင် အထူးစွမ်းရည်တိုင်းမှာ တကယ်ပင် အစွမ်းထက်လှပေသည်။

ရွှီရှင်းသည် စူးစမ်းရှာဖွေသူများ ချယ်နယ်ကို ဖွင့်လိုက်၏။

ရွှီရှင်း : "အားလုံးပဲ၊ မင်းတို့ဆီမှာ ခရမ်းရောင်အဆင့် ကျောပိုးအိတ်တွေ ရှိကြပြီလား။ ခရမ်းရောင်အဆင့် သားရေတွေ လိုသေးလား"

ကျိချောင်းယန် : "မင်းဆီမှာ ခရမ်းရောင်အဆင့် သားရေတွေ အများကြီး ရှိနေမှာပဲ မဟုတ်လား။ ငါ့ဆီမှာလည်း ၅ ခု ကျန်သေးတယ်၊ ဘယ်သူ လိုသေးလဲ"

ကျိချောင်းယန်သည်လည်း အပင်နှလုံးသား၏ အကူအညီကြောင့် အလောင်းများကို အကောင်းအတိုင်း ရရှိခဲ့သဖြင့် ခရမ်းရောင်အဆင့် သားရေ ရနိုင်ခြေ ပိုများခဲ့ခြင်း ဖြစ်ပေသည်။

ဝမ်လေ့ : "မလိုတော့ပါဘူး။ မမကွေ့ရှင်းက တကယ်ကို တော်တဲ့သူပဲဟာ၊ ငါတို့ဆီမှာ အရင်းအမြစ်တွေ အလုံအလောက် ရှိပါတယ်၊ မင်းတို့လောက်တော့ မပိုလျှံဘူးပေါ့"

ဝမ်ကွေ့ရှင်း : "ငါတို့ဆီမှာတော့ ခွဲဝေလိုက်ရင် အံကိုက်ပဲ၊ ပိုတာတော့ မရှိဘူး"

ချင်းယွမ်လုံ : "ခရမ်းရောင်အဆင့် ကျောပိုးအိတ်က တကယ်ကို အစွမ်းထက်တာ၊ အလေးချိန် ၂ ရာခိုင်နှုန်းဆိုတာ တကယ့်ကို ထူးခြားတဲ့ ပြောင်းလဲမှုပဲ"

ကျောက်ရှောင်ချွမ်း : "ကိုယ်ပျောက်ဝတ်ရုံ လိုချင်တဲ့သူ ရှိသေးလား။ ငါ့ဆီမှာ ခရမ်းရောင်အဆင့် သားရေတွေ ကုန်သွားပြီ၊ ကိုယ့်ဘာသာ ကုန်ကြမ်း ယူလာခဲ့ကြဦး"

လီဝမ်ရှီး : "ဟင် နင်တို့အားလုံးက ခရမ်းရောင်အဆင့် ကုန်ကြမ်းတွေ အများကြီး ဘယ်လိုရကြတာလဲ။ ငါလည်း ခရမ်းရောင်အဆင့် အရိုးထုတ်ဓား ရှိတာပဲ၊ ဒါပေမဲ့ ခရမ်းရောင်အဆင့် သားရေ တစ်ခုမှ မရခဲ့ဘူး၊ ကျောပိုးအိတ်တောင် လုပ်လို့ မရသေးဘူး..."

လီဝမ်ရှီးဘက်တွင်မူ ဗီဇပြောင်းသတ္တဝါ အများစုမှာ ပေါက်ကွဲ မြားများဖြင့် အပစ်ခံရခြင်းကြောင့် သားရေများမှာ ပျက်စီးကုန်သဖြင့် သူမအနေဖြင့် ခရမ်းရောင်အဆင့် သားရေများကို ခွဲစိပ်၍ မရရှိခဲ့ခြင်း ဖြစ်ပေသည်။

ဝမ်ကွေ့ရှင်းဘက်တွင်လည်း သားရဲများမှာ အဆိပ်မိ၍ အုပ်စုလိုက် သေဆုံးခဲ့ကြခြင်းကြောင့် ကုန်ကြမ်းများ ခွဲစိပ်၍ မရနိုင်ဟု သူမက ပြောခဲ့သဖြင့် သူမဘက်တွင်လည်း ခရမ်းရောင်အဆင့် ကုန်ကြမ်းမှာ ရွှီရှင်း

လောက် မရှိဘဲ အံကိုက်လောက်သာ ရှိပေသည်။

ဤအချက်တွင်မူ သူနှင့် ကျိချောင်းယန်တို့ နှစ်ဦးသာလျှင် ပိုလျှံနေခြင်း ဖြစ်နေတော့၏။

အခန်း ၄၃၈ ပြီး။

All Chapters