အခန်း (၄၃၉-၄၄၁)
Vol. 30 Ch. 439-441
အခန်း (၄၃၉) - ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုပလက်ဖောင်း
ရွှီရှင်းသည် လီဝမ်ရှီးထံသို့ ခရမ်းရောင်အဆင့် သားရေ ၃ ခုကို ချက်ချင်းပင် ပို့လိုက်၏။
"ဝါး... ငါ့ကို ပြန်ပြီး ကျွေးမွေးပြုစုနေတာလား" ဟူသော လီဝမ်ရှီး၏ စာကြောင့် ရွှီရှင်းမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရပေသည်။
သူမ၏ စကားမှာလည်း မမှားပါပေ။
သူသည် လီဝမ်ရှီးထံမှ အရင်းအမြစ်များစွာ ရယူခဲ့ဖူးသဖြင့် ယခုမှပင် အနည်းငယ် ပြန်လည်ပေးဆပ်ခွင့် ရခြင်းဖြစ်၏။
"ကျောပိုးအိတ်အတွက် တစ်ခု၊ ကိုယ်ပျောက်ဝတ်ရုံအတွက် တစ်ခုနဲ့ ခွန်အားထိန်းပတ်တီးအတွက် တစ်ခု၊ အားလုံးပေါင်း သုံးခုဆိုတော့ နင့်အတွက် မလိုတော့ဘူး မဟုတ်လား" ဟု သူက ဆို၏။
"မလိုတော့ပါဘူး၊ မလိုတော့ပါဘူး။အမှန်အတိုင်းပြောရရင် ကျောပိုးအိတ်နဲ့ ကိုယ်ပျောက်ဝတ်ရုံရှိရင်ကို လုံလောက်ပါပြီ။ ခွန်အားထိန်းပတ်တီးကတော့ သိပ်ပြီး မလိုအပ်လှဘူး ထင်တာပဲ"
"တစ်ခုလောက်တော့ လုပ်ထားလိုက်ပါ။ ထူးခြားတဲ့ အခြေအနေတွေကို ကိုင်တွယ်နိုင်ဖို့ ကိုယ့်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ထားဖို့ လိုတယ်လေ"
"ကောင်းပါပြီ၊ အဲဒါသွားလုပ်ခိုင်းလိုက်ဦးမယ်။ ဟေး... ရွှီရှင်း..."
"ဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ပါဘူး။ နောက်ကျနေပြီဆိုတော့ အနားယူလိုက်ဦးနော်"
အင်း...
မှောင်နေသည်မှာ ကြာပြီဖြစ်သော်လည်း ယခုအခါ ညတာရှည်လာပြီး ညနေ ၄ နာရီကတည်းက မှောင်နေခြင်း ဖြစ်သည်။
လက်ရှိတွင် ည ၈ နာရီခန့်သာ ရှိသေးရာ အိပ်ရန်မှာ အလွန်စောလွန်းနေသေး၏။
ဤအလှလေးသည် သူ့ကို တစ်ဖန်ပြန်လာစေချင်နေခြင်းလော။
ရွှီရှင်းသည် ခေါင်းခါယမ်းလိုက်မိ၏။
ကမ္ဘာလုံးဆိုင်ရာ ချယ်နယ်ပွင့်လာပြီဖြစ်ရာ ကိုင်တွယ်ရမည့် ပိုမိုအရေးကြီးသော ကိစ္စရပ်များ ရှိနေသေးသောကြောင့်ပင်။
အချို့သော ကိစ္စရပ်များအတွက်မူ မနက်ဖြန်ဆိုလျှင် လုံလောက်ပါပြီ။
ထိုစဉ် လုဖေးအာထံမှ သီးသန့်စာတစ်စောင် ရောက်ရှိလာ၏။
"ဟေး... ကျွန်မမှာ ခရမ်းရောင်အဆင့် ကျောပိုးအိတ် မရှိသေးဘူး၊ လိုအပ်တယ်..."။
သူမလည်း အဖွဲ့ထဲတွင် ရှိနေသော်လည်း စကားမပြောဘဲ ငြိမ်နေခဲ့ခြင်း ဖြစ်ပေသည်။
ဩော်... သူမကို မေ့တော့မလို့ပင်။
အရေးကြီးသော တာဝန်တစ်ခု ရှိနေသဖြင့် သူမအတွက်လည်း ၎င်းမှာ အမှန်တကယ် လိုအပ်ပေသည်။
ရွှီရှင်းသည် ခရမ်းရောင်အဆင့် ကျောပိုးအိတ်တစ်လုံး ပြုလုပ်လိုက်သည့်အပြင် ဝမ်လေ့နှင့် ကျောက်ရှောင်ချွမ်းတို့ကိုပါ အထူးကိရိယာ တစ်ခုစီ ပြုလုပ်ခိုင်းကာ လုဖေးအာထံသို့ ပေးလိုက်၏။
လုဖေးအာ : "ဝါး... သခင်က တကယ်ကို ရက်ရောတာပဲ။ ခရမ်းရောင်အဆင့် ကိရိယာ သုံးခုတောင်"
ရွှီရှင်း : "မနက်ဖြန် တာဝန်ကိုသာ သေချာအောင် လုပ်ဆောင်ဖို့ ဂရုစိုက်ပါ"
အရေးကိစ္စများ ပြီးစီးပြီးနောက် သူသည် လက်ပတ်နာရီကို ဖွင့်ကာ ကမ္ဘာလုံးဆိုင်ရာ ချယ်နယ်ကို ကြည့်ရှုလိုက်၏။
"အားလုံးရဲ့ အကူအညီကြောင့် အခုဆိုရင် အများကြီး ပိုကောင်းလာပါပြီ။ ကျေးဇူးတင်ပါတယ် ကမ္ဘာလုံးဆိုင်ရာ ချယ်နယ်ကြီးရေ"
"ရမှတ်ဆိုင်မှာ နှင်းလျှောစီး ကိရိယာတွေ ရှိလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ တကယ် အစွမ်းထက်တာပဲ၊ ဒါပေမဲ့ ဝမ်းနည်းစရာက ကျွန်တော့်မှာ ရမှတ် အလုံအလောက် မရှိတာပဲ"
"ရမှတ် ရာဂဏန်းလေးတောင် မရှိဘူးလား။ ဒီနေ့ သွေးရောင်မျဉ်းပါတဲ့ သတ္တဝါအချို့ကို နင် မသတ်ခဲ့ဘူးလား"
"ဘယ်သူက အပြင်ထွက်ရဲမှာလဲ။ အဲဒီ ဗီဇပြောင်းသတ္တဝါတွေ ငါ့ကို သတ်မသွားတာပဲ ကံကောင်းလှပြီ။ သစ်ပင်အိမ်ထဲမှာပဲ တုန်တုန်ရင်ရင်နဲ့ ကွေးနေရတာ..."
"... နင်တို့ နယ်မြေက ဆရာကြီးတွေက နင်တို့အတွက် သစ်ပင်အိမ် မြှားပစ်စက်တွေ ဝေမျှမပေးကြဘူးလား" ဟု နယ်မြေ (၁၈၈) မှ တစ်ဦးက မေးမြန်းလိုက်၏။
သို့သော် အမည်ဝှက်ထားသဖြင့် မည်သူမှန်း မသိရဘဲ နယ်မြေအမှတ်ကိုသာ မြင်တွေ့ရပေသည်။
"ဟင် ငါတို့ နယ်မြေက ဆရာကြီးတွေလား။ အကုန်လုံးနီးပါး သေကုန်ကြပြီလေ။ အခု ငါတို့ နယ်မြေမှာ ရှင်ကျန်သူ ၆၀ ကျော်ပဲ ရှိတော့တာ၊ လက်နက်တွေ ချပ်ဝတ်တွေ ဝေမျှပေးတာမျိုးလည်း မတွေ့မိပါဘူး။ ကာကွယ်ရေးတိုက်ပွဲကို ကံကောင်းလို့ ရှင်ခဲ့တာပါ။ နင်တို့ နယ်မြေ (၁၈၈) က လူတွေလို ကူညီပေးမယ့် ဆရာကြီးတွေ အများကြီးရှိတာကို တကယ့်ကို အားကျမိပါတယ်"
နယ်မြေ (၁၈၈) မှ လူများသည် ၎င်းတို့ နယ်မြေရှိ စူးစမ်းရှာဖွေသူများ အဖွဲ့၏ လုပ်ဆောင်ချက်များကို ဝေမျှခဲ့ကြရာ ယခုအခါ အားလုံးက နယ်မြေ (၁၈၈) မှ ရှင်ကျန်သူများကို အားကျနေကြပြီ ဖြစ်ပေသည်။
"အို... ငါ နယ်မြေ ပြောင်းလို့ရမလား။ ငါ နယ်မြေ (၁၈၈) ကို သွားချင်တယ်၊ သူတို့ကို အားကိုးရမယ်ဆိုရင်လည်း အဆင်ပြေပါတယ်... ငါတို့ နယ်မြေက လူအယောက် နှစ်ဆယ်လောက်ကိုပါ တစ်ခါတည်း ခေါ်လာခဲ့မယ်..."
"ဖြစ်နိုင်လောက်ပါတယ်၊ ကပ်ပါးနေထိုင်လို့ ရတာပဲ မဟုတ်လား။ ကိုယ်ပိုင်လွတ်လပ်ခွင့် အချို့တော့ ဆုံးရှုံးမှာပေါ့"
"ငါတို့ ဂျန်ဂယ် နယ်မြေ (၁) ကိုလည်း လာလို့ရပါတယ်။ နယ်မြေ (၁) က ရှင်ကျန်သူတိုင်းကို ကြိုဆိုပါတယ်၊ ကပ်ပါးနေထိုင်လို့ဆိုပြီး ခေါင်းပုံဖြတ်မှာ မဟုတ်ဘူးလို့ အပြည့်အဝ အာမခံပါတယ်"
"နယ်မြေ (၁) လည်း မဆိုးပါဘူး၊ နယ်မြေအမှတ်ကတင် အင်အားကြီးပုံရတယ်၊ အခု နယ်မြေ (၁) က အဆင့် (၂) မှာ မဟုတ်လား"
"အခုကတည်းက ဘက်ပြောင်းဖို့ စဉ်းစားနေကြပြီလား။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး ရှင်သန်တာ မကောင်းဘူးလား"
"ဘယ်လိုလုပ် ကိုယ့်ဘာသာ ရှင်သန်ရမှာလဲ။ ငါတို့ဆီမှာ လူအယောက် နှစ်ဆယ်လောက်ပဲ ကျန်တော့တာ။ အန္တရာယ် ထပ်လာလို့ ကုန်သွယ်မှုလည်း လုပ်လို့မရတဲ့ အခြေအနေမျိုးဆိုရင် အကုန်သေဖို့ ရာခိုင်နှုန်း အရမ်းများတယ်။ နယ်မြေပေါင်း သုံးဆယ်ကျော်မှာ လူအားလုံး သေကုန်ကြပြီလေ၊ ငါတို့လည်း နောက်ထပ် ဖြစ်လာနိုင်တာပဲ..."
ကမ္ဘာလုံးဆိုင်ရာ ချယ်နယ်တွင် အခြေခံအားဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန်၊ အရင်းအမြစ်များ ဝေမျှရန်နှင့် ဤကမ္ဘာပျက်ကပ်ကြီးအတွင်း အတူတကွ ရှင်သန်ရန် သဘောတူညီမှု ရရှိထားကြပုံရပေသည်။
အစောပိုင်းက နယ်မြေယှဉ်ပြိုင်မှု အကြောင်းအရာများမှာလည်း ပျောက်ကွယ်သွားခဲ့ချေပြီ။
ဖြစ်နိုင်သည်မှာ အိမ်နီးချင်းမှအပ အခြားနယ်မြေများနှင့် ဆုံတွေ့ရန် မလွယ်ကူကြောင်း သိရှိသွားကြခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ယှဉ်ပြိုင်နေမည့်အစား ပူးပေါင်းဆောင်ရွက်ခြင်းကသာ လက်ရှိတွင် ပိုမိုကောင်းမွန်ပေသည်။
နောင်တွင် တစ်ဖက်သားက အလိုအလျောက် လာရောက်ပူးပေါင်းပြီး တိုက်ခိုက်စရာမလိုဘဲ အောင်နိုင်သည့် အခြေအနေမျိုးပင် ဖြစ်လာနိုင်၏။
ထို့အပြင် အဆင့်မြင့်သော နယ်မြေများအတွက်မူ အစားအစာ သို့မဟုတ် ပစ္စည်းများကို အရင်းအမြစ်များစွာနှင့် လဲလှယ်ခြင်းမှာ မိမိ၏ အင်အားကို မြှင့်တင်ပြီး တစ်ဖက်သားကို အားနည်းစေသည့် နည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။
၎င်းမှာ ရွှီရှင်းနှင့် ကျိချောင်းယန်တို့၏ အတွေးပင် ဖြစ်ပေသည်။
ခေါင်းပုံဖြတ်မှုဆိုသည်မှာ မည်သည့်ကမ္ဘာတွင်မဆို ရှိနေစမြဲ ဖြစ်၏။
၎င်းတို့၏ နယ်မြေ (၁၈၈) မှာ အခြား အားနည်းသော နယ်မြေများထက် အားသာချက်များစွာ ရှိနေ၏။
ပထမဦးစွာ ချီရွှယ်ဖေး၏ ဆေးလုံးများ ဖြစ်ပေသည်။
အခြား အင်အားကြီး နယ်မြေများတွင် မည်သို့ရှိသည်ကို မသိရသော်လည်း ချယ်နယ်အတွင်း ဆွေးနွေးမှုများအရ နယ်မြေ (၁၈၈) မှ ရှင်ကျန်သူများသာလျှင် မိုးရာသီအတွင်း ဆေးဝါးများ ရရှိခဲ့သည့်အကြောင်း ပြောဆိုနေကြခြင်း ဖြစ်သည်။ အခြားနယ်မြေများတွင် ဆေးဝါးဟူသော အယူအဆပင် မရှိဘဲ သွေးတိတ်မြက်ကသာ ဒဏ်ရာကို ကုသနိုင်သည်ဟု သိထားကြခြင်း ဖြစ်၏။ ထို့ပြင် ချီရွှယ်ဖေးသည် ဟင်းခတ်အမွှေးအကြိုင်များကိုပါ စိုက်ပျိုးနိုင်သဖြင့် အဆင့်မြင့် ရှင်ကျန်သူများအကြား ၎င်းမှာ ဝယ်လိုအား မြင့်မားနိုင်ပေသည်။ ရွှီရှင်းကဲ့သို့ ရှင်သန်ရေးအတွက် စိတ်ပူစရာ မလိုတော့သူများအတွက်မူ ပိုမိုကောင်းမွန်သော လူနေမှုဘဝကို ရှာဖွေကြမည်မှာ သဘာဝပင် ဖြစ်ပေသည်။
နောက်တစ်ခုမှာ လီဝမ်ရှီး၏ သတ္တု ဖြစ်ပေသည်။
၎င်းတို့သည် အပြာရောင် သို့မဟုတ် ခရမ်းရောင်အဆင့် သတ္တုများကို အပြင်သို့ ရောင်းချရန် အစီအစဉ်မရှိသော်လည်း အစိမ်းရောင်အဆင့်များကိုမူ ရောင်းချနိုင်ပေသည်။
လက်ရှိ အခြေအနေအရ ဈေးကွက်အတွင်း သံသတ္တုရိုင်းမှာ အလွန်ပင် ရှားပါးနေဆဲဖြစ်ပြီး အများစုမှာ ကျောက်လက်နက်များနှင့် သားရေချပ်ဝတ်များကိုသာ အသုံးပြုနေကြရဆဲ ဖြစ်သောကြောင့် ဖြစ်ပေသည်။
အခန်း ၄၃၉ ပြီး။
အခန်း (၄၄၀) - ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုပလက်ဖောင်း (၂)
သို့သော် ရွှီရှင်းသည် အစိမ်းရောင်အဆင့် သတ္တုများကို တိုက်ရိုက်ရောင်းချရန် ရည်ရွယ်ချက်မရှိဘဲ ကျိချောင်းယန်နှင့် ပူးပေါင်းကာ အချောထည်ပစ္စည်းများအဖြစ် ထုတ်လုပ်ပြီးမှသာ ရောင်းချရန် စီစဉ်ထား၏။
အဘယ်ကြောင့်ဆိုသော် သတ္တုရိုင်းများကို အသုံးပြု၍ ကိရိယာများ ပြုလုပ်နိုင်သူမှာ ဂျန်ဂယ်စူးစမ်းရှာဖွေရေးတွင် ရွှေသေတ္တာများ ရရှိခဲ့သူများသာ ဖြစ်ပြီး ထိုကဲ့သို့သောသူမှာ နယ်မြေ (၁၈၈) တွင်ပင် နှစ်ဦးသာ ရှိသောကြောင့် ဖြစ်ပေသည်။
သတ္တုချပ်ဝတ်များနှင့် လက်နက်များအတွက် ဈေးကွက်မှာ အလွန်ပင် ကြီးမားလှပေသည်။
အခြားသော အနုပညာပစ္စည်းများ၊ အဂ္ဂိရတ်ပစ္စည်းများနှင့် အထူးကိရိယာများကိုမူ ၎င်းတို့၏ နယ်မြေအတွင်း၌ပင် လုံလောက်အောင် မဖြည့်ဆည်းနိုင်သေးသဖြင့် ပြင်ပသို့ ရောင်းချရန် အစီအစဉ် မရှိသေးပါပေ။
ရွှီရှင်းသည် ဤကုန်သွယ်မှုကိစ္စနှင့် ပတ်သက်၍ စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်များကို မေးမြန်းရာ အားလုံးက သဘောတူညီကြ၏။
ကျိချောင်းယန် : "အဆင့်နိမ့်ဆေးလုံးတွေနဲ့ အစိမ်းရောင်အဆင့် သံလက်နက်တွေကိုပဲ ပြင်ပကို ရောင်းတာက ပိုကောင်းလိမ့်မယ်"
ချီရွှယ်ဖေး : "အဆင့်နိမ့်ဆေးလုံးလား။ သောက်ပြီးရင် နှစ်နာရီလောက် အားအင်ချည့်နဲ့သွားစေတဲ့ အရင်က ငါပယ်ထားတဲ့ ဆေးလုံးတွေကို ပြောတာလား"
ရွှီရှင်း : "မှန်တယ်။ အဲဒီဆေးလုံးတွေက ကုန်ကြမ်း အများကြီး မလိုဘူး မဟုတ်လား"
ချီရွှယ်ဖေး : "ဟုတ်တယ်၊ အဲဒါတွေက အမြောက်အမြား ထုတ်လို့ရတယ်။ အဆင့်မြင့်ဆေးတွေကိုတော့ ငါတို့အတွက်ပဲ ချန်ထားပြီး အဆင့်နိမ့်ဆေးတွေကိုပဲ တခြားနယ်မြေတွေကို ရောင်းလိုက်မယ်"
ကျိချောင်းယန် : "တခြားနယ်မြေတွေမှာ ဆေးဖော်စပ်နိုင်တဲ့သူ မရှိနိုင်ဘူး။ ဒါကြောင့် အသက်ကယ်ဆေးတစ်လုံးကို ကုန်ကြမ်း အမြောက်အမြားနဲ့ လဲလှယ်လို့ ရနိုင်တယ်"
လီဝမ်ရှီး : "နင်တို့ အစိမ်းရောင်အဆင့် သံတုံးတွေ လိုလား။ ငါ့ဆီမှာ အများကြီးပဲ၊ သစ်ပင်အိမ်တောင် အလေးချိန် မခံနိုင်တော့ဘူး။ အပြာရောင်အဆင့် သံတုံးတွေ ရဖို့အတွက် ကြိုးစားရင်းနဲ့ ဒီအစိမ်းရောင်အဆင့်တွေက ဘေးထွက်ပစ္စည်းအနေနဲ့ အများကြီး ထွက်နေတာ"
သူမ၏ မီးဖိုမှာ အဆင့်မြင့်ကုန်ကြမ်းများ ထွက်ရှိနိုင်ခြေရှိသဖြင့် အပြာရောင်အဆင့် ရရှိရန် ကြိုးစားရင်း အစိမ်းရောင်အဆင့်များမှာ အလျှံပယ် ဖြစ်နေခြင်းပင် ဖြစ်ပေသည်။
ရွှီရှင်းသည် သစ်ပင်အိမ် တတိယထပ်သို့ တက်လာခဲ့၏။
ခဲခဲလေးမှာ အိပ်ခန်းထဲတွင် အိပ်ပျော်နေပြီဖြစ်သလို၊ ငွေရောင်ဘုရင်၊ မီမီနှင့် အားဖူတို့သည်လည်း ခဲခဲလေး၏ အရှိန်ကြောင့် အိပ်မောကျနေကြချေပြီ။
သူသည် အိပ်ခန်းအနားသို့ ချဉ်းကပ်လိုက်သည်နှင့် ငြိမ်းချမ်းသော ခံစားချက်ကို ရရှိကာ မျက်စိများ မှေးစပြုလာသော်လည်း စောလွန်းသေးသဖြင့် အိပ်ခန်းနှင့် ဝေးရာသို့ ပြန်လှည့်လာခဲ့၏။
ခဲခဲလေး၏ စွမ်းအားမှာ တကယ်ပင် အစွမ်းထက်လှပေသည်။
သူသည် ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်ရာ နှင်းများမှာ ယခင်ညကထက် ပိုမိုသည်းထန်စွာ ကျဆင်းနေသည်ကို တွေ့ရ၏။
မနက်ဖြန်ဆိုလျှင် နှင်းထုမှာ မည်မျှ ထူထဲလာမည်ကို သူ တွေးတောနေမိသည်။
ထိုစဉ် လီဝမ်ရှီးက သူ့ထံသို့ ကုန်သွယ်မှု တောင်းဆိုချက်တစ်ခု ပို့လာခဲ့၏။
၎င်းတို့မှာ အစိမ်းရောင်အဆင့် သံတုံး ငါးထောင်၊ သံမဏိတုံး ငါးရာ၊ အပြာရောင်အဆင့် သံတုံးနှင့် သံမဏိတုံး ရှစ်ဆယ်စီအပြင် ခရမ်းရောင်အဆင့် သံမဏိတုံး သုံးတုံးပင် ပါဝင်နေ၏။
"ငါ သုံးလို့မကုန်လို့ နင့်ကို ပေးလိုက်တာ"
လီဝမ်ရှီးက ဗီဒီယိုဖုန်းခေါ်ဆိုမှုမှတစ်ဆင့် ဆို၏။
သူမသည်လည်း အစိမ်းရောင်အဆင့် ကိရိယာများကိုသာ ရောင်းချရန် သဘောတူညီခဲ့ပေသည်။
ရွှီရှင်းသည် ကျိချောင်းယန်နှင့် ဈေးနှုန်းသတ်မှတ်ရန် ဆွေးနွေးလိုက်ကြ၏။
လက်နက်များကို အရင်ရောင်းချရန် ဆုံးဖြတ်ခဲ့ပြီး နယ်မြေ (၁၈၈) မှ ရှင်ကျန်သူများကို ဈေးနှုန်းသက်သက်သာသာဖြင့် ရောင်းချကာ ပြင်ပနယ်မြေများကိုမူ ဈေးနှုန်းမြှင့်၍ ရောင်းချရန် စီစဉ်ခဲ့သည်။
ထို့အပြင် တစ်ဦးချင်း ဝယ်ယူခွင့်ကိုလည်း ကန့်သတ်ထား၏။
ပြင်ပနယ်မြေများအတွက်မူ အခြေခံအရင်းအမြစ်များ၊ ကျောက်မီးသွေး သို့မဟုတ် အပြာရောင်အဆင့် ကုန်ကြမ်းများနှင့် လဲလှယ်ရန် သတ်မှတ်ခဲ့ကြပေသည်။
အစိမ်းရောင်အဆင့် သံလက်နက်များ၏ အစွမ်းမှာ အပြာရောင်အဆင့် ကျောက်လက်နက်များနှင့် အတူတူပင် ဖြစ်သဖြင့် ၎င်းမှာ အားလုံးကို အပြာရောင်အဆင့် ကိရိယာများ သုံးစွဲနိုင်ရန် ကူညီပေးခြင်းပင် ဖြစ်ပေသည်။
အကယ်၍ လုဖေးအာသာ ဖမ်းဆီးခြင်း မခံခဲ့ရပါက သူမသည်လည်း အပြာရောင်အဆင့် ကျောက်ဓားမြှောင် တိုကိုသာ သုံးစွဲနေရဦးမည် ဖြစ်၏။
မကြာမီမှာပင် ရွှီရှင်းသည် လီဝမ်ရှီး ပို့လိုက်သော သံတုံးများကို အသုံးပြု၍ လက်နက်များကို ပြုလုပ်ပြီးစီးခဲ့ချေပြီ။
၎င်းတို့ကို နယ်မြေတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု ပလက်ဖောင်းတို့တွင် တင်လိုက်၏။
ရွှီရှင်းနှင့် ကျိချောင်းယန်တို့သည် ကမ္ဘာ့အဆင့် (၁) နှင့် (၂) ရရှိထားသူများ ဖြစ်ကြသဖြင့် ၎င်းတို့၏ ကုန်သွယ်မှု သတင်းအချက်အလက်မှာ ပလက်ဖောင်းပေါ်တွင် ထင်ရှားစွာ ပေါ်ထွက်လာခဲ့ပေသည်။
ကမ္ဘာလုံးဆိုင်ရာ ချယ်နယ်မှာလည်း ချက်ချင်းပင် ဆူညံသွားခဲ့ပါတော့သည်။
"ဘုရားရေ၊ နယ်မြေ (၁၈၈) က ဆရာကြီးတွေ လက်နက်တွေ စရောင်းနေပြီ။ သံလက်နက်တွေတဲ့လား၊ ငါတို့ သံခေတ်ကို ရောက်နေပြီလား။"
အခန်း ၄၄၀ ပြီး။
အခန်း (၄၄၁) - ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုပလက်ဖောင်း (၃)
"လက်ထဲက ကျောက်လက်နက်ကိုကြည့်ပြီး မျက်ရည်တောင် ဝဲမိတယ်၊ နယ်မြေ (၁၈၈) က ဆရာကြီးတွေကတော့ သံလက်နက်တွေကို အမြောက်အမြားထုတ်ပြီး တစ်ကမ္ဘာလုံးကို ရောင်းနေကြပြီ။ ငါ့ကိုယ်ငါ ဂူအောင်းလူသားတစ်ယောက်လိုတောင် ခံစားရတယ်"
"ဘုရားရေ၊ ဒီဈေးနှုန်းက တကယ့်ကို သင့်တင့်တာပဲ။ ငါတို့နယ်မြေရဲ့ ကုန်သွယ်မှုပလက်ဖောင်းမှာ ရောင်းတဲ့ သံလက်နက်တွေထက် အများကြီး ပိုဈေးသက်သာတယ်။ နယ်မြေ (၁၈၈) ဆိုတာ နယ်မြေ (၁၈၈) ပါပဲ"
"ဟားဟား၊ တောက်... ဒီဈေးက ဈေးသက်သာသေးတယ်လို့ ပြောတာလား။ နယ်မြေ (၁၈၈) ထဲမှာ သူတို့ချင်း ပြန်ရောင်းတဲ့ ဈေးနှုန်းကိုသာ မြင်လိုက်ရင် နင်တို့တွေ အံ့သြသွားလိမ့်မယ်၊ အဲဒါက တကယ့်ကို လက်ဆောင်ပေးတဲ့ ဈေးနှုန်းပဲ၊ ဟားဟား"
"နယ်မြေ (၁၈၈) ကလူတွေ၊ နင်တို့ရဲ့ အသာစီးရမှုကို လာပြီး ကြွားမနေကြနဲ့ဦး။ ငါလည်း နောက်ကျရင် နယ်မြေ (၁၈၈) ကလူ ဖြစ်လာမှာပဲ။ ငါလည်း ရွှီရှင်း ဒါမှမဟုတ် ကျိချောင်းယန်တို့ရဲ့ ပင်မသစ်ပင်အိမ်ဧရိယာထဲမှာ လာနေပြီး နင်တို့ခေါင်းပေါ်ကနေ ဆရာလုပ်ပြမယ်"
"ဒါဆိုရင်လည်း လာခဲ့လေ၊ နယ်မြေ (၁၈၈) ကိုသာ လာခဲ့ရင် အစိမ်းရောင်အဆင့် ကုန်ကြမ်း နှစ်ခုပေးရုံနဲ့ သံလက်နက် တစ်ခု ရမယ့် အခွင့်အရေးကို ခံစားရမှာပါ"
"ဘာပြောတယ်"
"ဘုရားရေ"
"ဒါက တကယ့်ကို လက်ဆောင်ပေးနေတာပဲဟ..."
"အမေရယ်... သမီး ဘာလို့ နယ်မြေ (၁၈၈) မှာ မမွေးခဲ့ရတာလဲ"
၎င်းတို့မှာ နယ်မြေချယ်နယ်အတွင်းရှိ လူထောင်ပေါင်းများစွာ ပြောဆိုနေကြသော စကားများ၏ အစိတ်အပိုင်းအချို့သာ ဖြစ်ပေသည်။
ရွှီရှင်းသည် နယ်မြေ (၁၈၈) မှ လူများ ပြင်ပလောကသို့ ကြွားဝါနေခြင်းကို တားဆီးခြင်း မပြုခဲ့ပါပေ။
၎င်းမှာ နယ်မြေ (၁၈၈) သည် အလွန်ပင် သန်မာပြီး အားကိုးထိုက်ကြောင်း အခြားနယ်မြေမှ လူများ ခံစားမိစေရန် နှိုင်းယှဉ်ချက်တစ်ခုကို ဖန်တီးချင်သောကြောင့် ဖြစ်၏။
အမှန်စင်စစ်တွင်လည်း ထိုသို့ပင် ဖြစ်ပေသည်။
သို့သော်လည်း လူတစ်ဦး၏ စကားမှာ ရွှီရှင်း၏ အာရုံကို ဖမ်းစားသွားခဲ့၏၊
၎င်းမှာ သူတို့နယ်မြေမှ သံလက်နက်များမှာ အလွန်ပင် ဈေးကြီးလှသည်ဟု ဆိုသူ ဖြစ်ပေသည်။
ထိုစကားမှာ မြန်မြန်ဆန်ဆန်ပင် ပျောက်ကွယ်သွားသော်လည်း ထိုသူမှာ ဂျန်ဂယ်နယ်မြေ (၄၅) မှ ဖြစ်သည်ကို ရွှီရှင်း မြင်တွေ့လိုက်ရ၏။
ရွှီရှင်းသည် ဦးဆောင်သူစာရင်းတွင် ရှာဖွေကြည့်ရာ ဂျန်ဂယ်နယ်မြေ (၄၅) မှာ နယ်မြေအားလုံးအနက် အဆင့် (၁၃) နေရာတွင် ရှိနေပြီး လူဦးရေ ၁,၂၃၀ ဦး ကျန်ရှိကာ ရမှတ်မှာ ကိုးထောင်ကျော်သာ ရှိသဖြင့် တစ်သောင်းပင် မပြည့်သေးပါပေ။
သံလက်နက်များ ပြုလုပ်နိုင်သူ ရှိနေသည်ဆိုပါက ထိုနယ်မြေတွင် အနည်းဆုံး လူတစ်ဦးမှာ ရွှေသေတ္တာတစ်လုံးကို ရှာဖွေတွေ့ရှိထားသည်ဟု ဆိုလိုခြင်းပင် ဖြစ်ပေသည်။
၎င်းတို့ထက် အဆင့်မြင့်သော နယ်မြေများမှာလည်း ထိုသို့ပင် ရှိနေမည်မှာ သေချာလှပေသည်။
ဤသို့ ကြည့်လိုက်လျှင် အနည်းဆုံး နယ်မြေဆယ်ခုခန့်တွင် ရွှေသေတ္တာ ရှာဖွေတွေ့ရှိထားပြီး သတ္တုလက်နက်များ ထုတ်လုပ်နိုင်သူများ ရှိနေကြပေသည်။
၎င်းမှာ အခြားနယ်မြေများတွင်လည်း သံတွင်းများကို ရှာဖွေတွေ့ရှိထားကြသည်ဟု ဆိုနိုင်သော်လည်း လီဝမ်ရှီးနှင့် နှိုင်းယှဉ်လျှင်မူ ၎င်းတို့၏ တူးဖော်မှု စွမ်းဆောင်ရည်မှာ များစွာ နိမ့်ကျနေပေလိမ့်မည်။
ထို့ကြောင့်လည်း သူနှင့် ကျိချောင်းယန်တို့က အခြားနယ်မြေများတွင် ဈေးနှုန်းမြှင့်၍ ရောင်းချသော်လည်း လူအများက သင့်တင့်သည်ဟု ယူဆနေကြခြင်း ဖြစ်ပေသည်။
ဤအချက်ကြောင့်ပင် ကုန်ကြမ်းများကို တိုက်ရိုက် မရောင်းချရန် သူ၏ ဆုံးဖြတ်ချက်မှာ ပိုမို ခိုင်မာလာခဲ့၏။
အကယ်၍ နည်းပညာကို လက်ဝါးကြီးအုပ်၍ မရပါက ကုန်ကြမ်းများနှင့် ကုန်ကျစရိတ် သက်သာမှုအပေါ်တွင်သာ လက်ဝါးကြီးအုပ်ရန် သူ စဉ်းစားလိုက်ပေသည်။
"ဟားဟား၊ ငါ ဝယ်လိုက်ပြီ။ အစိမ်းရောင်အဆင့် သံလက်နက်က အပြာရောင်အဆင့် ကျောက်လက်နက်နဲ့ အရည်အသွေး အတူတူပဲလို့ ကြားတယ်။ အခုဆိုရင် ငါလည်း အပြာရောင်အဆင့် လက်နက် ကိုင်ထားတဲ့သူနဲ့ အတူတူပဲ"
"ဟင် အပြာရောင်အဆင့်နဲ့ အတူတူပဲ ဟုတ်လား။ တောက်... ဒါဆိုရင် ဒီဈေးက တကယ်ကို တန်လွန်းတာပဲ။ ငါ... ငါ... တောက် ကုန်သွားပြီလား။ တကယ်ကြီးလား။ နင်တို့ လက်တွေက တကယ်ကို မြန်လွန်းတာပဲ"
"ရွှီရှင်း၊ ကျိချောင်းယန်၊ နင်တို့ရဲ့ ဈေးနှုန်းသတ်မှတ်ချက်က ဈေးကွက်ကို ဖျက်ဆီးနေတာ မဟုတ်ဘူးလား"
နောက်ဆုံး မက်ဆေ့ချ်မှာ ဂျန်ဂယ်နယ်မြေ (၁) မှ ဖြစ်သည်ကို ရွှီရှင်း မြင်လိုက်သော်လည်း သူသည် အရင်းအမြစ်များကို လက်ခံနေရသဖြင့် အလွန်ပင် အလုပ်များနေကာ ဂရုမစိုက်နိုင်ပါပေ။
ထို့ပြင် ယခုအခါ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုပလက်ဖောင်း ပွင့်လာပြီဖြစ်ရာ နယ်မြေတစ်ခုအတွင်းရှိ ဈေးကွက်ပေါက်ဈေးကို မည်သူက ဂရုစိုက်နေပါမည်နည်း။
သူ့ကို အံ့သြသွားစေသည့်အချက်မှာ သူရရှိသော အရင်းအမြစ်များတွင် သစ်သားနှင့် ကျောက်တုံးများမှာ နည်းပါးပြီး သံသတ္တုရိုင်းများနှင့် ဆေးဖက်ဝင်အပင်များမှာ ပို၍ များပြားနေခြင်း ဖြစ်ပေသည်။
သူ အသေအချာ စဉ်းစားကြည့်သောအခါမှ အခြေအနေကို နားလည်သွား၏။
သူ၏ အစိမ်းရောင်အဆင့် လက်နက်များကို ဝယ်ယူသူများမှာ အများအားဖြင့် သာမန်လူများသာ ဖြစ်ကြပေသည်။
ယခုအခါ ဆောင်းရာသီ ရောက်ရှိလာပြီဖြစ်ရာ လူအများစုမှာ မီးလင်းဖိုများ တည်ဆောက်စဉ်ကပင် ၎င်းတို့၏ ကျောက်တုံးများကို အသုံးပြုခဲ့ကြပြီး ဖြစ်ပေသည်။
ထို့ပြင် ၎င်းတို့မှာ ဤကြမ်းတမ်းသော ဆောင်းရာသီမှာ မည်မျှ ကြာရှည်မည်ကို မသိရှိကြသဖြင့် သစ်သားများကို ကုန်သွယ်ရန် မဝံ့ရဲကြပါပေ။
၎င်းတို့တွင် ရွှီရှင်းကဲ့သို့ ကျောက်မီးသွေးတွင်း မရှိသဖြင့် မီးလင်းဖိုအတွက် သစ်သားကိုသာ အဓိက အားကိုးနေရခြင်း ဖြစ်၏။
အပြင်ဘက်တွင် အလွန်အမင်း အေးစိမ့်နေသဖြင့် သစ်သားခုတ်ရန်မှာလည်း ပိုမို ခက်ခဲလာသောကြောင့် သစ်သားမှာ ယခုအခါ ရှားပါးသော စွမ်းအင်အရင်းအမြစ် တစ်ခု ဖြစ်လာခဲ့ချေပြီ။
ထို့ကြောင့် ပထမဆုံး လက်နက်ဝယ်ယူသူများသည် ၎င်းတို့၏ အသုံးမပြုရသေးသော သံသတ္တုရိုင်းများနှင့် ဆေးဖက်ဝင်အပင်များကို အပြာရောင်အဆင့် ကျောက်လက်နက်နှင့် အဆင့်တူသော လက်နက်တစ်ခုအတွက် တွေဝေခြင်းမရှိဘဲ လဲလှယ်ခဲ့ကြခြင်း ဖြစ်ပေသည်။
၎င်းမှာ ၎င်းတို့၏ ရှင်သန်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်သောကြောင့်ပင် ဖြစ်၏။
ရွှီရှင်းသည် အသုံးမပြုတော့သော အပြာရောင်အဆင့် ကျောက်လက်နက်များကို အထင်မသေးချေ။
သူသည် တစ်ချိန်က ထိုလက်နက်ဖြင့် အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါများကိုပင် သတ်ဖြတ်ခဲ့ဖူးသဖြင့် ၎င်း၏ အစွမ်းမှာ သံသယဖြစ်စရာ မရှိပေ။
ရွှီရှင်းကို အံ့အားအသင့်ဆုံး ဖြစ်စေသည့်အချက်မှာ ထိုအရင်းအမြစ်များထဲတွင် ကြေးနီသတ္တုရိုင်းများကိုပါ တွေ့ရှိလိုက်ရခြင်း ဖြစ်ပေသည်။
"ဘာလဲဟ"
သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားရ၏။
တခြားတစ်ယောက်ကလည်း ကြေးနီသတ္တုရိုင်းကို ရှာတွေ့ထားသည်လား။
သူသည် ထိုကုန်သွယ်မှု အချက်အလက်ကို ချက်ချင်းပင် ရှာဖွေကြည့်ရာ မကြာမီမှာပင် တွေ့ရှိခဲ့ပေသည်။
၎င်းမှာ အမည်ဝှက်ထားသူတစ်ဦး ဖြစ်၏။
သူသည် လက်နက်တစ်ခုအတွက် အစိမ်းရောင်အဆင့် ကုန်ကြမ်း ငါးဆယ်ဟု သတ်မှတ်ထားရာ ထိုသူသည် ကျောက်တုံး (၂၃) တုံးနှင့် ကြေးနီသတ္တုရိုင်း (၂၇) တုံးကို အသုံးပြု၍ သူပြုလုပ်ထားသော သံလှံရှည်တစ်ချောင်းကို ဝယ်ယူသွားခဲ့ခြင်း ဖြစ်ပေသည်။
ပမာဏကို ကြည့်ခြင်းအားဖြင့် ထိုသူသည် ကျောက်တုံးများ ကုန်သွားသဖြင့် ကြေးနီသတ္တုရိုင်းများကို အသုံးပြု၍ ဖြည့်စွက်ခဲ့ခြင်းမှာ သေချာလှပေသည်။
ရွှီရှင်းသည် ထိုသူထံသို့ သီးသန့်စာ ပို့ရန် ချက်ချင်း ကြိုးစားကြည့်လိုက်၏။
[စိတ်မကောင်းပါဘူး၊ အခြားနယ်မြေမှ ရှင်ကျန်သူများနှင့် သီးသန့်စာ ပေးပို့နိုင်သော လုပ်ဆောင်ချက်မှာ မရရှိနိုင်သေးပါ]
တောက်...
ရွှီရှင်း အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်မိ၏။
ထိုသူမှာ ဘယ်သူနည်း။
သူ၏ အတွေ့အကြုံအရ ကြေးနီသတ္တုရိုင်းမှာ ရေအောက် မီတာ ၄၀ ခန့်တွင်သာ ရရှိနိုင်ခြင်း ဖြစ်ပေသည်။
ထိုသူသည်လည်း ရေအောက် မီတာ ၄၀ အထိ ငုပ်နိုင်သည်လား။
မဟုတ်ပါပေ၊ ရေအောက် မီတာ ၄၀ ဆိုသည်မှာ သူ၏နယ်မြေတွင်သာ ရှိသော တည်နေရာ ဖြစ်ကောင်း ဖြစ်နိုင်ပြီး အခြားနေရာများတွင်လည်း ထိုသို့ပင် ဖြစ်မည်ဟု မဆိုလိုနိုင်ပါပေ။
အဘယ်ကြောင့်ဆိုသော် ချင်းယွမ်လုံနှင့် ချင်းယွမ်ဟုတို့သည်လည်း ၎င်းတို့ဘက်ရှိ ရေအောက်တွင် ကြေးနီသတ္တုရိုင်းကို မတွေ့ရှိခဲ့ကြသောကြောင့်ပင်။
သို့သော် ထိုသူသည် လီဝမ်ရှီးပင် မတွေ့ရှိခဲ့သော ကြေးနီသတ္တုတွင်း တစ်ခုကို ရှာဖွေတွေ့ရှိထားသည်ဟု ဆိုနိုင်ပေသည်။
ထိုသူသည် ကျောက်တုံးပင် အလုံအလောက် မရှိသဖြင့် ကြေးနီသတ္တုရိုင်းကို အသုံးပြုကာ အစိမ်းရောင်အဆင့် လက်နက်ကို လဲလှယ်ခဲ့ရသည်ကို ကြည့်လျှင် ထိုသူမှာ အင်အားကြီးသူတစ်ဦး ဖြစ်နိုင်ခြေ မရှိပါပေ။
၎င်းတို့၏ ကြေးနီသတ္တုတွင်းမှာလည်း ရွှီရှင်း၏ နေရာကဲ့သို့ အန္တရာယ် မများလှသည်မှာလည်း သေချာလှပေသည်။
ရွှီရှင်းသည် ကမ္ဘာလုံးဆိုင်ရာ ချယ်နယ်တွင် ကြေးနီသတ္တုရိုင်းဖြင့် လဲလှယ်သူမှာ မည်သူနည်းဟု မေးမြန်းရန် စဉ်းစားမိသော်လည်း နောက်ဆုံးတွင်တော့ မမေးရန်သာ ဆုံးဖြတ်လိုက်၏။
ကမ္ဘာလုံးဆိုင်ရာ ချယ်နယ်တွင် လူပေါင်း ရှစ်သောင်းကျော် ရှိနေပြီး အားလုံးမှာလည်း အမည်ဝှက်ထားကြသူများ ဖြစ်ပေသည်။
ယခုကဲ့သို့ ဆူညံနေသော အချိန်တွင် သူ၏မေးခွန်းမှာ ခဏချင်းပင် မြုပ်သွားပေလိမ့်မည်။
ထို့ပြင် သူသည် မကောင်းသော ရည်ရွယ်ချက်ရှိသူများ၏ အာရုံကို ဆွဲဆောင်မိသွားပါက ထိုသူမှာ အခြားသူများ၏ ဆွဲဆောင်ခြင်းကို ခံရနိုင်ပေသည်။
သူသည် နောက်တစ်ကြိမ် ကုန်သွယ်မှု ပြုလုပ်ချိန်အထိသာ စောင့်ဆိုင်းပြီး ထိုသူကို ထပ်မံ တွေ့ရှိနိုင်ရန် မျှော်လင့်ရပေမည်။
ဝမ်းနည်းစရာ ကောင်းသည်မှာ အဘယ်ကြောင့် တခြားနယ်မြေမှ လူများကို သီးသန့်စာ ပို့၍ မရသနည်း ဆိုသည့် အချက်ပင် ဖြစ်၏။
ထိုစဉ် လီဝမ်ရှီးထံမှ မက်ဆေ့ချ်တစ်ခု ရုတ်တရက် ရောက်ရှိလာ၏။
"ရွှီရှင်း၊ နင် ရှိလား"။
ရွှီရှင်းသည် အရင်းအမြစ်အားလုံးကို ကျောပိုးအိတ်ထဲသို့ ထည့်ရင်း "ဘာဖြစ်လို့လဲ" ဟု ပြန်လည် ဖြေကြားလိုက်၏။
"အခု အခြေအနေက ဘေးကင်းသွားပြီဆိုတော့ ငါ နင့်ဆီ လာခဲ့လို့ ရမလား"
သူ့ဆီ လာမယ် ဟုတ်လား။
ရွှီရှင်း၏ မျက်တောင်များမှာ တုန်ခါသွားရ၏။
ညဉ့်နက်သန်းခေါင်မှာ သူ့ဆီ လာမယ်ဆိုတာက...။
"လာချင်ရင်လည်း လာခဲ့လေ။ ငါလည်း အလုပ်တွေ ပြီးသွားပြီ"
"ဒါဆိုရင် ငါ အခုပဲ လာခဲ့မယ်"
ဆယ်စက္ကန့်ခန့် ကြာပြီးနောက် အပြင်ဘက်တွင် တယ်လီပို့တံခါး ပွင့်လာသော အသံကို သူ ကြားလိုက်ရ၏။
တကယ်ကြီးလားဟ...။
၎င်းမှာ သူ့အိမ်တံခါးဝသို့ တိုက်ရိုက် ရောက်ရှိလာခြင်းပင် ဖြစ်ပေသည်။
အခန်း ၄၄၁ ပြီး။