← Chapters

အခန်း (၄၄၂-၄၄၄)

Vol. 30 Ch. 442-444

အခန်း (၄၄၂-၄၄၄)

Vol. 30 Ch. 442-444

အခန်း (၄၄၂) - တိတ်ဆိတ်သောည

ရွှီရှင်းသည် ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်ရာ တယ်လီပို့တံခါး မှ ထွက်ပေါ်လာသော လီဝမ်ရှီးကို တွေ့လိုက်ရ၏။

သူမသည် ယခင်က တစ်ခါမျှ ဝတ်ဆင်ဖူးခြင်း မရှိသည့် အဖြူရောင် ဂါဝန်တိုလေးကို ဝတ်ဆင်ထားပြီး လည်ပင်းတွင်လည်း ဖြူဖွေးနူးညံ့သော လည်စည်းကြီးကို ပတ်ထားပေသည်။

သူမသည် ပါးပြင်လေးများ နီမြန်းလျက် ရွှီရှင်း၏ သစ်ပင်အိမ်အောက်သို့ ပြေးဝင်လာရာ ရွှီရှင်းကလည်း သူမကို အပေါ်သို့ ဆွဲတင်ရန် သစ်ပင်အိမ်ကို ချက်ချင်းပင် ထိန်းချုပ်လိုက်၏။

"ဒီဆီးနှင်းမြေခွေးလည်စည်းကို ပတ်ထားတာ လုံးဝမအေးဘူးပဲ"

လီဝမ်ရှီးသည် အခန်းထဲသို့ ရောက်သည်နှင့် လည်စည်းကို ချွတ်လိုက်၏။

အိမ်ထဲတွင် ဝတ်ထားရန်မှာ အလွန်ပင် ပူလွန်းလှသည် မဟုတ်ပါလော။

"ငါ့ရဲ့ ခြေလက်တွေတောင် မအေးတော့ဘူး။ ဒါက ဘယ်လိုမျိုး အလုပ်လုပ်တာလဲ"

"အနည်းဆုံးတော့ နင့်ရဲ့ အဆတစ်ရာ ကုန်ကြမ်းရရှိမှု သီအိုရီထက်စာရင် ဒါက ရှင်းပြရ ပိုလွယ်ပါတယ်" ဟု ရွှီရှင်းက ရယ်မောရင်း "ဝတ်စုံလေးက လှသားပဲ" ဟု ချီးကျူးလိုက်၏။

ရမှတ်ဆိုင်ရှိ ဈေးနှုန်းအရဆိုလျှင် ဤကဲ့သို့သော ဂါဝန်တစ်ထည်မှာ ရမှတ်တစ်ရာခန့် ပေးရမည် ဖြစ်ပေသည်။

သာမန်ရှင်ကျန်သူများအတွက်မူ ရမှတ်များကို ဤကဲ့သို့သော နေရာတွင် သုံးစွဲခြင်းမှာ အလဟဿ ဖြစ်နိုင်သော်လည်း ၎င်းတို့အတွက်မူ ဘာမှမဟုတ်ပေ။

ရမှတ်ပေါင်း သောင်းနှင့်ချီ ရှိနေသူများအဖို့ ဖျော်ဖြေမှုအတွက် ရမှတ်ရာဂဏန်း အနည်းငယ် သုံးစွဲခြင်းမှာ ပုံမှန်ပင် ဖြစ်ပေသည်။

"ဟဲဟဲ"

လီဝမ်ရှီးသည် လည်စည်းကို ကျောပိုးအိတ်ထဲသို့ ထည့်လိုက်ပြီး ဆိုဖာပေါ်သို့ ပြေးတက်လိုက်၏။

"အား... ဒီနေရာက ကျယ်ဝန်းပြီး သက်တောင့်သက်သာ ရှိလိုက်တာ၊ ခံစားချက်ကလည်း တစ်မျိုးပဲ"

သူမသာမက ရွှီရှင်းကိုယ်တိုင်လည်း သစ်ပင်အိမ်၏ တတိယထပ်တွင် ပုံမှန်နှင့်မတူဘဲ ငြိမ်းချမ်းသော အငွေ့အသက်များကို ခံစားနေရ၏။

နွေးထွေးပြီး သက်တောင့်သက်သာ ရှိလှသည့် ထိုနေရာသည် တင်းမာနေသော စိတ်ကို လုံးဝ လျော့ပါးသွားစေသည်။

ဘေးနားတွင် အိပ်မောကျနေသော ငွေရောင်ဘုရင်၊ မီမီနှင့် အားဖူတို့ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပေသည်။

၎င်းတို့သည် ဤအချိန်တွင် ဤမျှလောက် နှစ်ခြိုက်စွာ တစ်ခါမျှ မအိပ်ဖူးကြချေ။

ဤအခြေအနေမှာ အိပ်ခန်းထဲတွင် အိပ်ပျော်နေသော ခဲခဲလေးကြောင့် ဖြစ်မည်မှာ အသေအချာပင် ဖြစ်၏။

"ဒါနဲ့.."

ရွှီရှင်းသည် ခုနက ရရှိထားသော သံသတ္တုရိုင်းများနှင့် ကြေးနီသတ္တုရိုင်းများကို လီဝမ်ရှီးထံသို့ လဲလှယ်ပေးလိုက်၏။

"သံလက်နက်တွေ ရောင်းလို့ရတဲ့ သံသတ္တုရိုင်းတွေနဲ့ ကြေးနီသတ္တုရိုင်းအချို့ ရထားတယ်၊ အကုန်လုံး နင့်အတွက်ပဲ"

"ကြေးနီသတ္တုရိုင်းတွေပါလား"

လီဝမ်ရှီးမှာ ဆိုဖာပေါ်မှ ထိုင်လိုက်ပြီး အံ့အားသင့်သွားရ၏။

"သူတို့တွေက အစိမ်းရောင်အဆင့် သံလက်နက်တွေဝယ်ဖို့ ကြေးနီသတ္တုရိုင်းတွေကို သုံးခဲ့ကြတာလား"

"သူတို့ကိုယ်တိုင် သုံးလို့မရတော့ အသုံးဝင်မယ့်အရာနဲ့ လဲလိုက်ကြတာပေါ့"

ရွှီရှင်းသည် ဆိုဖာနောက်မှီကို မှီလိုက်ရင်း သက်ပြင်းချလိုက်မိ၏။

ယနေ့တွင် ဖြစ်ပျက်ခဲ့သည့် အရာများမှာ များပြားလှပေသည်။

နှင်းမုန်တိုင်းများ၊ သားရဲလှိုင်းလုံးများ၊ ဗီဇပြောင်းလူသားများ၏ လျှို့ဝှက်ချက်၊ ကမ္ဘာလုံးဆိုင်ရာ ချယ်နယ်ပွင့်လာခြင်းနှင့် ရမှတ်ဆိုင်ရှိ ပစ္စည်းသစ်များ စသည်ဖြင့်...။

အလုပ်များလှသော နေ့တစ်နေ့အပြီးတွင် တကယ်ပင် ပင်ပန်းလှချေပြီ။

အထူးသဖြင့် ခဲခဲလေး၏ အရှိန်အဝါရှိသော ဤနေရာတွင် စိတ်အခြေအနေမှာ လုံးဝကို လျော့ပါးသွားခဲ့ရ၏။

"ဒါနဲ့ နင် သူ့ကို ဆက်သွယ်မိပြီလား"

လီဝမ်ရှီးသည် ရွှီရှင်း၏ ပေါင်ပေါ်သို့ ခေါင်းအုံးကာ လှဲလျောင်းလိုက်ပြီး သူ့ကို မော့ကြည့်လိုက်၏။

"တခြားနယ်မြေကလူတွေကို သီးသန့်စာ ပို့လို့မရဘူးလေ၊ နင် မစမ်းကြည့်ဘူးလား"

ရွှီရှင်းသည် လီဝမ်ရှီး၏ အေးစက်နူးညံ့လှသော ပါးပြင်လေးကို အသာအယာ ဆွဲလိုက်မိ၏။

"အာ... ငါက တခြားနယ်မြေကလူတွေနဲ့ စကားမပြောချင်ပါဘူး"

လီဝမ်ရှီးသည် ရွှီရှင်း၏ ပေါင်ပေါ်တွင် မှောက်လျက် အနေအထားသို့ ပြောင်းလိုက်ပြီး သူမ၏ မျက်နှာကို ရွှီရှင်း၏ ဗိုက်နှင့် ကပ်ထားလိုက်၏။

"သူတို့တွေက ရန်သူတွေ မဟုတ်ဘူးလား"

"လောလောဆယ်တော့ မဟုတ်သေးဘူး၊ ဘာလို့လဲဆိုတော့ သူတို့တွေက ငါတို့လူတွေ ဖြစ်လာနိုင်လို့ပဲ"။

သူသည် ဤအချက်ကို အကြိမ်ကြိမ် တွေးတောခဲ့ဖူးပေသည်။

နယ်မြေအချင်းချင်း ပဋိပက္ခများကို ရှောင်ရှားရန် အကောင်းဆုံးနည်းလမ်းမှာ ရှင်ကျန်သူအားလုံးကို နယ်မြေတစ်ခုတည်းတွင် စုစည်းရန်ပင် ဖြစ်၏။

၎င်းမှာ ခက်ခဲသော လမ်းစဉ်ဖြစ်သော်လည်း လူတိုင်း ရှင်သန်နိုင်မည့် နည်းလမ်းလည်း ဖြစ်နိုင်ပေသည်။

လီဝမ်ရှီးသည် သူမ၏ ပါးပြင်ကို ရွှီရှင်း၏ ပေါင်နှင့် ပွတ်တိုက်နေသဖြင့် ရွှီရှင်းမှာ တုန်ရင်သွားရ၏။

"မလှုပ်နဲ့တော့" ဟု ဆိုကာ သူမ၏ ပါးကို ထပ်မံ ဆွဲလိုက်ပြန်သည်။

သူမ၏ ဤကဲ့သို့ လှုပ်ရှားမှုများမှာ သူ့ကို အတော်ပင် စိတ်လှုပ်ရှားစေသောကြောင့် ဖြစ်၏။

ယခုအချိန်တွင် သူ့စိတ်ထဲ၌ စိုးရိမ်စရာများ မရှိတော့ပါပေ။

လသာသောညဖြစ်သလို ခဲခဲလေးသည်လည်း အေးချမ်းစွာ အိပ်ပျော်နေသဖြင့် အန္တရာယ်ရှိနိုင်ခြေ မရှိပါပေ။

အခြားသူ၏ သစ်ပင်အိမ်တွင် ညအိပ်ခြင်းနှင့် ပတ်သက်၍ သူစိုးရိမ်ခဲ့သော်လည်း တိုက်ခိုက်ခံရလျှင်ပင် ပြင်ဆင်ချိန် ၂၄ နာရီ ရရှိသည်ဟု ကြားသိရသဖြင့် သစ်ပင်အိမ် မပျက်စီးသရွေ့ အတူနေထိုင်ရန်မှာ ပြဿနာမရှိပေ။

ထို့ကြောင့် လီဝမ်ရှီးကို ဤနေရာတွင် ထားရှိရန်မှာ အဆင်ပြေလှပေသည်။

လီဝမ်ရှီးသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပါးပြင်လေးများ နီမြန်းလျက် ထပ်မံ၍ နှစ်ချက်ခန့် ပွတ်လိုက်ပြန်၏။

သူမ လှဲလျောင်းနေသော နေရာမှာ ထပ်မံ ပွတ်တိုက်မှုကို တောင့်ခံနိုင်စွမ်း မရှိတော့ပါပေ။

ရွှီရှင်းသည် အတော်ပင် စိတ်လှုပ်ရှားလာကာ သူမ၏ တင်ပါးကို "ဖတ်" ခနဲ မြည်အောင် တစ်ချက် ရိုက်လိုက်ပြီး "နောက်တစ်ခါ ထပ်လုပ်ရင်တော့ ငါ တောင့်ခံထားနိုင်မှာ မဟုတ်တော့ဘူးနော်" ဟု သတိပေးလိုက်၏။

လီဝမ်ရှီးသည် ညည်းညူသံလေး ထွက်ပေါ်လာကာ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားသော်လည်း တစ်ခွန်းမျှ ပြန်မပြောပါပေ။

သူမ၏ သေးငယ်လှသော ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ရင်သွားပြီးနောက် ညင်သာစွာ ထပ်မံ၍ ပွတ်တိုက်လိုက်ပြန်သည်။

သူမ၏ ပါးပြင်များမှာလည်း ပူထူနေခဲ့ချေပြီ။

ဤတစ်ကြိမ်တွင်မူ ရွှီရှင်းသည် သူမ၏ ရည်ရွယ်ချက်ကို အပြည့်အဝ နားလည်သွားခဲ့ချေပြီ။

သူသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး လီဝမ်ရှီးကို ပွေ့ချီကာ အိပ်ခန်းထဲသို့ ဝင်ရန် ပြင်ဆင်လိုက်၏။

လီဝမ်ရှီးသည်လည်း နားရွက်များပင် နီမြန်းလျက် ရွှီရှင်း၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ လိုက်ပါလာခဲ့ပေသည်။

သူမသည် ဤနေရာသို့ လာကတည်းကပင် အကောင်းအတိုင်း ပြန်ရန် ရည်ရွယ်ခဲ့ခြင်း မဟုတ်ပါပေ။

သို့သော် အိပ်ခန်းထဲသို့ ဝင်ခါနီးတွင် ရွှီရှင်းမှာ ရုတ်တရက် ရပ်တန့်သွားခဲ့၏။

သူ၏ မျက်နှာမှာ ထူးဆန်းသော အမူအရာ ဖြစ်သွားကာ မျက်တောင်များမှာလည်း တုန်ခါနေခဲ့ပေသည်။

"ဘာ... ဘာဖြစ်လို့လဲ"

လီဝမ်ရှီးသည် ရွှီရှင်း တံခါးဝတွင် မလှုပ်မယှက် ရပ်နေသည်ကို မြင်သောအခါ ရှက်စိတ်နှင့် ကြောက်စိတ်ကို ထိန်းရင်း တိုးတိုးလေး မေးမြန်းလိုက်၏။

ရွှီရှင်းသည် မျက်လုံးများကို အပေါ်သို့ လှန်ကြည့်လိုက်ကာ မတတ်သာသည့် အမူအရာဖြင့် "ဒီကောင်က ဘာလို့ အခုမှ နိုးလာရတာလဲ..." ဟု ရေရွတ်မိ၏။

သူသည် ထိုကောင်ကို လက်ပတ်ထဲသို့ အမြန်ဆုံး ထည့်ပစ်ချင်နေမိ၏။

အခန်း ၄၄၂ ပြီး။

အခန်း (၄၄၃) - တိတ်ဆိတ်သောည (၂)

မှန်ပေသည်၊ ဘေးခန်းတွင် သတိမေ့မြောနေသော မာဟုန်ဝေမှာ နိုးလာခဲ့ချေပြီ။

အရေးအကြီးဆုံး အချိန်အခါရောက်မှ သူသည် နိုးလာခြင်း ဖြစ်ပေသည်။

တောက်... ငါတော့ကွာ...

ရွှီရှင်း၏ ထူးကဲသော အကြားအာရုံကြောင့် ပတ်ဝန်းကျင်မှ အသံအားလုံးကို သူ ကြားနေရ၏။

ခုနလေးတင် မာဟုန်ဝေ ကုတင်ပေါ်မှ ထထိုင်လိုက်သည့် အသံကို သူ ကြားလိုက်ရခြင်း ဖြစ်ပေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် အခြားအိပ်ခန်းထဲမှ မာဟုန်ဝေ၏ အသံ ထွက်ပေါ်လာ၏။

"ဟို... အစ်ကိုရွှီ၊ အဲဒီမှာ ရှိလားဗျာ။ ဒါ အစ်ကို့ရဲ့ သစ်ပင်အိမ်လား"

"အမလေး.."

တခြားတစ်ယောက်၏ အသံကို ကြားလိုက်ရသောအခါ လီဝမ်ရှီးမှာ တစ်ကိုယ်လုံး တုန်ရင်သွားပြီး ရွှီရှင်း၏ ရင်ခွင်ထဲမှ ချက်ချင်းပင် ခုန်ထွက်လိုက်၏။

သူမသည် ရွှီရှင်း၏ လက်မောင်းကို ဆွဲကာ သူ့နောက်တွင် ပုန်းလျက် အခြားအခန်းဘက်သို့ မျက်လုံးအပြူးသားဖြင့် ကြည့်နေတော့သည်။

"ဒီအိမ်ထဲမှာ... တခြားတစ်ယောက် ရှိနေတာလား"

တကယ်ပါပဲ၊ ငါတော့ စကားတောင် မပြောနိုင်တော့ဘူး။

ရွှီရှင်းက "ငါ ဒီမှာ ရှိတယ်။ ဒါ ငါ့ရဲ့ သစ်ပင်အိမ် အစစ်ပါပဲ" ဟု စိတ်ပျက်လက်ပျက်ဖြင့် ပြန်လည် ဖြေကြားလိုက်၏။

ထို့နောက် သူသည် မာဟုန်ဝေရှိရာ အခြားအိပ်ခန်းတံခါးကို တွန်းဖွင့်ကာ ဝင်သွားလိုက်ပေသည်။

မာဟုန်ဝေမှာ ကုတင်ပေါ်တွင် အားယူ၍ ထိုင်နေသည်ကို သူ တွေ့လိုက်ရ၏။

ရွှီရှင်း ဝင်လာသည်ကို မြင်သောအခါမှ သူ၏ တင်းမာနေသော မျက်နှာမှာ ပြေလျော့သွားပြီး "ဒါက တကယ်ပဲ အစ်ကို့အိမ် ဖြစ်နေတာကိုး၊ ကျွန်တော်က..."

ထိုစဉ် ရွှီရှင်း၏ နောက်မှ လိုက်ပါလာသော မျက်နှာ နီမြန်းနေဆဲဖြစ်သည့် လီဝမ်ရှီးကို သူ သတိပြုမိသွား၏။

ဤအမျိုးသမီးမှာ သူ့အတွက် အလွန်ပင် ရင်းနှီးလှသောသူ ဖြစ်ပေသည်၊ သူမမှာ သူ၏ မူလနေရာမှ မြောက်ဘက်ရှိ သစ်ပင်အိမ်ပိုင်ရှင် အမျိုးသမီး မဟုတ်ပါလော။

ယခင်က ဤအမျိုးသမီးနှင့် ပတ်သက်၍ သူပြောဆိုခဲ့ဖူးသည်များကို ပြန်လည် တွေးမိသောအခါ သူသည် အနည်းငယ် ကြောက်လန့်သွားပြီး ခေါင်းလေးပုလျက် "ကျွန်တော်... နိုးတာ အချိန်မှားသွားလို့ အစ်ကိုတို့နှစ်ယောက်ကို အနှောင့်အယှက် ဖြစ်သွားစေတာလား" ဟု သတိကြီးစွာဖြင့် မေးမြန်းလိုက်၏။

ရွှီရှင်းမှာ မရယ်ဘဲ မနေနိုင်တော့ပါပေ။

သူသည် ခေါင်းခါယမ်းလိုက်ပြီး "ထားလိုက်ပါတော့ကွာ၊ နိုးလာတာပဲ ကောင်းပါတယ်။ ခန္ဓာကိုယ်ကရော တစ်ခုခု ခံစားနေရသေးလား" ဟု မေးမြန်းလိုက်၏။

"နည်းနည်းတော့ အားနည်းနေသေးတယ်၊ ဒဏ်ရာတွေကတော့ အကုန်ပျောက်သွားပါပြီ၊ ဒါပေမဲ့..."

သစ်ပင်အိမ်အတွင်း၌ အရှင်လတ်လတ် ကြိတ်ခြေခံရလုနီးပါး ဖြစ်ခဲ့သည့် မြင်ကွင်းကို ပြန်တွေးမိပြီး မာဟုန်ဝေမှာ တုန်ရင်သွားရ၏။

"အဲဒီ မြွေကြီး... အဲဒါက ဘာကြီးလဲဗျာ။ တကယ်ကို ကြောက်စရာကြီးပဲ"

"ငါ ဒီကမ္ဘာကို ရောက်ကတည်းက အဲဒီမြွေက ဒီကန်ထဲမှာ ရှိနေတာ"

ရွှီရှင်းက သက်ပြင်းချရင်း "ဒါ ငါ့ရဲ့ အမှားပါပဲ" ဟု ဆို၏။

"မြွေကြီး ဟုတ်လား"

လီဝမ်ရှီးမှာ ဇဝေဇဝါ ဖြစ်သွားပြီး "ဘာတွေ ပြောနေကြတာလဲ။ ဘာမြွေကြီးလဲ။ နင့်အိမ်ဘေးက ကန်ထဲမှာ မြွေကြီး ရှိနေတာလား" ဟု မေးမြန်းလာ၏။

ရွှီရှင်းသည် လီဝမ်ရှီးအား ရေကန်ထဲက မြွေကြီး အကြောင်း မပြောပြရသေးသဖြင့် သူမ အံ့သြသွားခြင်းမှာ သဘာဝပင် ဖြစ်ပေသည်။

"တကယ့်ကို ဧရာမ မြွေကြီးပါဗျာ"

မာဟုန်ဝေမှာ ကြောက်စိတ်နှင့် စိတ်သက်သာရာရမှုတို့ ရောပြွမ်းလျက် တံတွေးကို ခက်ခဲစွာ မျိုချလိုက်၏။

"အဲဒီကောင်က ကျွန်တော့်ကို အသေကြိတ်ပစ်တာ၊ ကံကောင်းလို့သာ အခု ကျွန်တော်က သေလုမျောပါး ဒဏ်ရာတွေကို ကုသနိုင်သွားလို့ပေါ့။ အာ... ဒီဆေးလုံးကတော့ တကယ့်ကို တန်ခိုးရှင်ဆေးလုံးပါပဲ"

လီဝမ်ရှီးသည် သူဘာတွေ ပြောနေသည်ကို အပြည့်အဝ နားမလည်သော်လည်း သူမရှေ့ကလူမှာ မည်သူဖြစ်သည်ကိုတော့ သိရှိလိုက်ချေပြီ။

သူမသည် သိသိသာသာ ပြုံးလိုက်ရင်း "ရှင်က ကျွန်မရဲ့ တောင်ဘက်က သစ်ပင်အိမ်ပိုင်ရှင် မာဟုန်ဝေ မဟုတ်လား။ ကျွန်မတို့အတွက် မြှားပစ်စက်တွေ လုပ်ပေးတဲ့သူလေ၊ ကျေးဇူးတင်ပါတယ်နော်။ ရှင့်ရဲ့ မြှားပစ်စက်သာ မရှိရင် ရွှီရှင်း လာမကယ်ခင်အထိ ကျွန်မ တောင့်ခံနိုင်မှာ မဟုတ်ဘူး" ဟု ဆိုလိုက်၏။

"ဗျာ မဟုတ်တာ၊ ကျေးဇူးတင်စရာ မလိုပါဘူး။ ကျွန်တော်က အစ်ကိုရွှီရဲ့ လူပဲလေ၊ ဒါက ကျွန်တော့်ရဲ့ တာဝန်ပါ"။

မာဟုန်ဝေသည် လီဝမ်ရှီး၏ ရှေ့တွင် သူ၏အရပ်မှာ ခေါင်းတစ်လုံးစာခန့် ပုဝင်သွားသလို ခံစားရပြီး စကားပြောရန်ပင် အနည်းငယ် ကြောက်လန့်နေရှာ၏။

"...ဒီညတော့ ဒီမှာပဲ အိပ်လိုက်ပါ။ မနက်ကျမှ ပြန်ပေါ့။ အခု မင်းအိမ်ထဲမှာလည်း ဘာမှ မရှိတော့ဘူးလေ" ဟု ရွှီရှင်းက သက်ပြင်းချရင်း ဆိုလိုက်၏။

အရာအားလုံးက အဆင်ပြေနေခါမှ အနှောင့်အယှက် ဖြစ်သွားရခြင်းမှာ နှမြောစရာပင်။

မာဟုန်ဝေသည် အနည်းငယ် စိတ်ပျက်နေသော လီဝမ်ရှီးကို လှမ်းကြည့်လိုက်ရာ အခြေအနေကို ချက်ချင်းပင် သဘောပေါက်သွားခဲ့ချေပြီ။

သူသည် လက်ကို အလျင်အမြန် ဝေ့ယမ်းလိုက်ပြီး "မဟုတ်တာ မဟုတ်တာကျွန်တော် ပြန်ပါ့မယ်။ ကျွန်တော်ဘာသာ ကုတင်တစ်ခု လုပ်အိပ်လိုက်မယ်၊ သူများအိမ်မှာ အိပ်ရတာ အဆင်မပြေလို့ပါ" ဟု ဆို၏။

သူ၏ စိုးရိမ်တတ်သော စရိုက်ကြောင့် သူသည် တစ်ပါးသူ၏ အိမ်တွင် တစ်ခါမျှ မအိပ်ဖူးခြင်းမှာ အမှန်ပင် ဖြစ်ပေသည်။

သို့သော်လည်း ဤနေရာမှာ ရွှီရှင်း၏ သစ်ပင်အိမ် ဖြစ်သလို၊ စာချုပ်ချုပ်ဆိုထားသူ တစ်ဦးအနေဖြင့်လည်း ခဲခဲလေး၏ အရှိန်အဝါကြောင့် ဤနေရာမှာ အလွန်ပင် သက်တောင့်သက်သာ ရှိလှသဖြင့် သူ တကယ်တော့ နေချင်ပါသေး၏။

သို့သော်လည်း...

ညဉ့်နက်သန်းခေါင်တွင် အမျိုးသမီးတစ်ယောက်ကို ခေါ်လာတာကို ကြည့်ခြင်းအားဖြင့် ဘာတွေဖြစ်လာမည်ကို မျက်လုံးမှိတ်ထားရုံနှင့် သိနိုင်ပေသည်။

အိမ်ရှင်နှစ်ဦး၏ စိတ်အခြေအနေကို ဖျက်ဆီးမိခြင်းမှာ အပြစ်တစ်ခု ဖြစ်ပေလိမ့်မည်။

မာဟုန်ဝေ၏ အတွေးများကို ရွှီရှင်းသာ ကြားနိုင်မည်ဆိုလျှင် "မင်းက ဖျက်ဆီးပြီးသွားပြီလေ" ဟု စိတ်ပျက်လက်ပျက် ပြောမိပေလိမ့်မည်။

"ဒီမှာပဲ နေလိုက်ပါ"

"မနေတော့ပါဘူးဗျာ၊ ပြန်ပါ့မယ် တကယ်ပါ၊ ကျွန်တော် မနေတတ်လို့ပါ"

"မင်း တကယ်ပဲ ပြန်ချင်တာလား"

"တကယ် ပြန်ချင်တာပါ"

"ဒါဆိုလည်း ကောင်းပြီလေ၊ ငါ လိုက်ပို့ပေးမယ်" ဟု ရွှီရှင်းက ဆိုလိုက်၏။

မာဟုန်ဝေ ပြန်သွားမည့်အပေါ် ရွှီရှင်းမှာ အမှန်တကယ်ပင် ဝမ်းသာနေမိပါတော့သည်။

"ငါလည်း လိုက်ခဲ့မယ်" ဟု လီဝမ်ရှီးက ဝင်ပြော၏။

ရွှီရှင်းသည် မာဟုန်ဝေအား ကုတင်ပေါ်မှ ဆင်းရန် ကူညီပေးပြီး "မင်းလမ်းလျှောက်နိုင်ရဲ့လား" ဟု မေးမြန်းလိုက်၏။

"အင်း..."

မာဟုန်ဝေသည် ခြေထောက်ကို အသာအယာ ဆောင့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ်လာခဲ့ချေပြီ။

"လမ်းလျှောက်နိုင်ပါတယ်၊ လျှောက်နိုင်ပါတယ်။ အရင်တစ်ခေါက် အားနည်းတဲ့ အချိန်ထက်စာရင် အများကြီး ပိုကောင်းနေတယ်၊ လမ်းလျှောက်ဖို့ကတော့ လုံးဝ ပြဿနာ မရှိပါဘူး"

ဟင်....

အရင်တစ်ခေါက်ကမူ ရွှီရှင်းသည် သူ့ကို နှိမ်နင်းရန် စွမ်းအားပေါက်ကွဲသည့် အနေအထား သို့ အတင်းအကျပ် ရောက်ရှိစေခဲ့ခြင်း ဖြစ်ပေသည်။

ယခုတစ်ကြိမ်မှာမူ သူ၏ ဒုတိယအကြိမ်မြောက် စွမ်းအားပေါက်ကွဲခြင်း ဖြစ်ပေသည်။

လုဖေးအာပင်လျှင် စွမ်းအားပေါက်ကွဲသည့် အနေအထားသို့ တစ်ကြိမ်သာ ရောက်ရှိဖူးသေး၏။

"ဒါဆိုရင် ဒီတစ်ခါ မင်း ပိုပြီးတော့ အသားကျသွားတာလား" ဟု ရွှီရှင်းက အံ့သြတကြီး မေးမြန်းလိုက်၏။

"သိသိသာသာကို ပိုကောင်းလာပါတယ်၊ အရင်တစ်ခါကဆိုရင် အစပိုင်းမှာ မတ်တပ်တောင် မရပ်နိုင်ဘူး၊ ပြန်ကောင်းခါနီးမှပဲ လမ်းလျှောက်နိုင်ခဲ့တာ"။

မာဟုန်ဝေသည် သူ၏ ပေါင်ကို သူ ပြန်ဆွဲလိုက်ရင်း ဝမ်းသာအားရ ဖြစ်နေရှာ၏။

"ဒီတစ်ခါတော့ လမ်းလျှောက်ဖို့က ပြဿနာ မရှိဘူးလို့ ခံစားရတယ်။ ဒီလို အားနည်းတဲ့ ကာလကို အသားကျအောင် လုပ်လို့ ရတာလားမသိဘူး။ နောက်ကျရင် ခဏခဏ စွမ်းအားပေါက်ကွဲတဲ့ အနေအထားကို လုပ်ရင်ရော..."

"အရေးမကြီးရင် အဲဒီ အနေအထားကို မလုပ်ပါနဲ့" ဟု ရွှီရှင်းက သူ၏ စကားကို ဖြတ်ပြောလိုက်၏။

"မင်း အဲဒီ အနေအထားကို လုပ်လေလေ၊ မင်းရဲ့ ဗီဇပြောင်း သွေးသားတွေက ပိုပြီးတော့ တိုးလာလေလေပဲ၊ အဲဒါက နောင်မှာ ဘာဖြစ်လာမယ်ဆိုတာကို ငါလည်း မသိနိုင်ဘူး"။

အခန်း ၄၄၃ ပြီး။

အခန်း (၄၄၄) - တိတ်ဆိတ်သောည (၃)

မာဟုန်ဝေသည် မတ်တပ်ရပ်၍ လည်ပင်းကို ဟိုဖက်ဒီဖက် လှည့်ရင်း "တကယ်တော့ ဒါက မဆိုးပါဘူး။ အနည်းဆုံးတော့ ကျွန်တော်က အစ်ကို့ရဲ့ အမိန့်ကို လုံးဝ မလွန်ဆန်မိတော့ဘူးပေါ့။ တကယ်လို့ တစ်ခုခု ဖြစ်လာခဲ့ရင်လည်း အစ်ကိုရွှီကိုပဲ အားကိုးရမှာပါ" ဟု ဆို၏။

အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။

ယခုအချိန်တွင် ရွှီရှင်းသည် လုဖေးအာနှင့် မာဟုန်ဝေတို့ကို ခံစားချက်မရှိသော ကိရိယာများကဲ့သို့ သဘောမထားတော့ပါပေ။

ချန်ယင် ၏ ပြောကြားချက်အရ ဗီဇပြောင်းသတ္တဝါများနှင့် ချုပ်ဆိုသော စာချုပ်များကို အဆင့်မြင့် ဗီဇပြောင်းသတ္တဝါများ၏ သွေးဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပေသည်။

ထို့ကြောင့် အကယ်၍ နောင်တစ်ချိန်တွင် လုဖေးအာနှင့် မာဟုန်ဝေတို့၏ အစွမ်းမှာ အဆင့်မြင့် ဗီဇပြောင်းသတ္တဝါများထက် ကျော်လွန်သွားခဲ့လျှင် ဤစာချုပ်မှာ အာနိသင် ရှိပါဦးမည်လော။

၎င်းမှာ မီမီနှင့် အားဖူတို့အတွက်လည်း ထပ်တူပင် ဖြစ်ပေသည်။

အကယ်၍ ၎င်းတို့သည် စိတ်ထဲကနေ အမှန်တကယ် အညံ့ခံခဲ့မည်ဆိုလျှင်တော့ နောင်တွင် စိုးရိမ်စရာ ရှိမည် မဟုတ်ပါပေ။

မီမီ၊ ငွေရောင်ဘုရင်နှင့် လုဖေးအာတို့မှာ ယခုအခါ အလယ်အလတ်အဆင့်သို့ ရောက်ရှိနေကြပြီဖြစ်ရာ အဆင့်မြင့်သို့ ရောက်ရန်မှာလည်း သိပ်မဝေးတော့ပါပေ။

"ကဲ... သွားရအောင်၊ ငါ လိုက်ပို့ပေးမယ်"

"ငါလည်း လိုက်မယ်"

သူတို့ သုံးဦးသည် သစ်ပင်အိမ်ပေါ်မှ ဆင်းခဲ့ကြ၏။

ထိုအချိန်တွင် အပြင်ဘက်၌ နှင်းများမှာ သည်းထန်စွာ ကျဆင်းနေဆဲ ဖြစ်ပေသည်။

ရွှီရှင်းနှင့် လီဝမ်ရှီးတို့မှာ အအေးဒဏ်ကြောင့် တုန်ရင်သွားကြသဖြင့် ဆီးနှင်းမြေခွေးလည်စည်းများကို အသေအချာ ပတ်ထားလိုက်ကြ၏။

သို့သော် မာဟုန်ဝေမှာမူ အေးသည်ဟု မခံစားရဘဲ အသက်ကို ပြင်းပြင်းရှူကာ "အား... လန်းဆန်းလိုက်တာ၊ ဒါက ကျွန်တော့်ကို တကယ် စိတ်တက်ကြွစေတယ်" ဟု ဆို၏။

လူတစ်ဦးနှင့် တစ်ဦးမှာ ခန္ဓာကိုယ် ဖွဲ့စည်းပုံချင်း တကယ်ပင် မတူညီကြပေ။

မြေပြင်ပေါ်တွင် နှင်းများမှာ ဆယ်စင်တီမီတာကျော်ခန့် စုပုံနေချေပြီ။

"ဒီနှင်းတွေက မနေ့ကထက် ပိုသည်းတာပဲ" ဟု လီဝမ်ရှီးက သူမ၏ မျက်နှာတစ်ဝက်ကို လည်စည်းထဲ မြှုပ်ထားရင်း တိုးတိုးလေး ဆို၏။

"မနက်ဖြန်ဆိုရင် နှင်းထုက နှစ်မီတာကျော်လောက် ရှိလာနိုင်တယ်၊ နင့်ထက်တောင် မြင့်သွားဦးမယ်" ဟု ရွှီရှင်းက ရယ်မောရင်း ပြောလိုက်၏။

"နင့်ထက်လည်း မြင့်မှာပေါ့"

လီဝမ်ရှီးက လက်ဟန်ခြေဟန်ဖြင့် "ငါက နင့်ထက် သိပ်မပုပါဘူးနော်" ဟု ပြန်ပြော၏။

သူသည် ခြောက်လှန့်နေခြင်း မဟုတ်ပေ။

သားရဲလှိုင်းလုံး ဒဏ်မသင့်သော တောအုပ်အတွင်းရှိ နေရာအများစုမှာ နှင်းထု တစ်မီတာကျော် ရှိနေပြီ ဖြစ်သောကြောင့် တစ်ညလုံး သည်းထန်စွာ ကျခဲ့လျှင် နှစ်မီတာအထိ ရှိလာနိုင်ခြင်းမှာ ပုံမှန်ပင် ဖြစ်ပေသည်။

နောက်ဆုံးတွင် သူတို့ သုံးဦးသည် နှင်းများကို ဖြတ်ကျော်ကာ မာဟုန်ဝေ၏ သစ်ပင်အိမ်သို့ ရောက်ရှိလာခဲ့ကြ၏။

လမ်းတစ်လျှောက်တွင်လည်း မာဟုန်ဝေ၏ သစ်ပင်အိမ်အတွင်းရှိ ပစ္စည်းများ အဘယ်ကြောင့် ပျောက်ဆုံးသွားရသည်ကို ရွှီရှင်းက ရှင်းပြခဲ့ပေသည်။

"ခိုးတဲ့သူတွေတောင် ရှိနေတာလား..."

မာဟုန်ဝေမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားရ၏။

"ထားလိုက်ပါတော့၊ အဖိုးတန်တာလည်း ဘာမှ မရှိပါဘူး။ ကျွန်တော့်ရဲ့ ပစ္စည်းအကုန်လုံးက ကျွန်တော့်ကိုယ်ပေါ်မှာပဲ ရှိတာလေ၊ ဒါပေမဲ့ မီးစက်နဲ့ ဘက်ထရီအတွက်တော့ နှမြောစရာပဲ..."

ရွှီရှင်းလည်း ထိုသို့ပင် ခံစားရ၏။

အထူးသဖြင့် အပြာရောင်အဆင့် ကြေးနီပြားကို အသုံးပြုထားသော ဘက်ထရီအတွက်ပင် ဖြစ်ပေသည်။

"ဒါနဲ့"

မာဟုန်ဝေက ရုတ်တရက် ရွှီရှင်းဘက်သို့ လှည့်ကာ "အစ်ကိုရွှီ၊ တကယ်တော့ မနေ့က ဗီဇပြောင်းသတ္တဝါ စစ်တပ်ကြီး ပေါ်လာတုန်းက ကျွန်တော် ထူးဆန်းတဲ့ ခံစားချက်တစ်ခု ရခဲ့တယ်"

"ဘာခံစားချက်လဲ"

"ဘယ်လို ပြောရမလဲ... သူတို့နဲ့ ကျွန်တော်က တစ်မျိုးတည်းလို့ ခံစားရတာလား။ ကျွန်တော်သာ သစ်ပင်အိမ်ပေါ်က ဆင်းသွားပြီး သူတို့ကြားထဲ ဝင်နေရင်တောင် သူတို့က ကျွန်တော့်ကို တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ခံစားရတယ်..."

ဟင်..

ရွှီရှင်း၏ မျက်လုံးများမှာ အနည်းငယ် မှေးစပြုသွား၏။

မာဟုန်ဝေသာ မပြောခဲ့လျှင် ရွှီရှင်းအနေဖြင့် တစ်ခုကို မေ့နေတော့မည် ဖြစ်ပေသည်။

လုဖေးအာနှင့် စာချုပ်မချုပ်ရသေးမီ သူမမှာ အနီရောင်အစက်နှင့် နယ်မြေယူနစ်တစ်ခုအဖြစ်သာ ရှိနေစဉ်ကတည်းက သူမသည် မီမီနှင့် ငွေရောင်ဘုရင်တို့၏ မျက်နှာသာပေးမှုကို ရရှိခဲ့ဖူးပေသည်။

ဗီဇပြောင်းလဲမှု ဖြစ်ပေါ်ထားသော ရှင်ကျန်သူများသည် ဗီဇပြောင်းသတ္တဝါများနှင့် ရန်လိုမှု မရှိတော့ခြင်းလောဟု သူ စဉ်းစားနေမိ၏။

မာဟုန်ဝေကလည်း ထိုသို့ပင် အမှန်တကယ် ခံစားခဲ့ရခြင်း ဖြစ်ပေသည်။

"...သိပြီ၊ နောက်တစ်ခါ ဗီဇပြောင်းသတ္တဝါတွေ ပေါ်လာရင် မင်းတို့ စမ်းကြည့်လို့ ရတာပေါ့"

သစ်ပင်အိမ်သို့ ရောက်သောအခါ ရွှီရှင်းသည် မာဟုန်ဝေအတွက် အိပ်ရာတစ်ခု ပြုလုပ်ပေးလိုက်ပြီး တစ်စုံတစ်ခု ဖြစ်ခဲ့လျှင် ချက်ချင်း ဆက်သွယ်ရန် မှာကြားခဲ့ပေသည်။

ထို့နောက် သူသည် လီဝမ်ရှီးကို ခေါ်ကာ မာဟုန်ဝေ၏ အိမ်မှ ထွက်ခွာခဲ့ပါတော့သည်။

တတိယလူ မရှိတော့သောအခါ သူတို့နှစ်ဦးကြားရှိ အငွေ့အသက်မှာ တစ်ဖန် ပြန်လည် ထူးဆန်းလာခဲ့ချေပြီ။

မျက်နှာကို လည်စည်းထဲ မြှုပ်ကာ ရွှီရှင်း၏ လက်မောင်းကို ဆွဲ၍ တိတ်ဆိတ်စွာ လမ်းလျှောက်နေသော လီဝမ်ရှီးကို ကြည့်လိုက်၏။

သူတို့နှစ်ဦးမှာ စကားတစ်ခွန်းမျှ မပြောဘဲ သစ်ပင်အိမ်အနီးရှိ တယ်လီပို့ တည်နေရာသို့ ရောက်ရှိလာခဲ့ကြပေသည်။

ရွှီရှင်းက လီဝမ်ရှီး ပြန်တော့မည်ဟု ထင်ကာ ရပ်လိုက်သော်လည်း သူမမှာမူ လက်မောင်းကို မလွှတ်သည့်အပြင် သစ်ပင်အိမ်ရှိရာသို့သာ သူ့ကို ဆွဲခေါ်သွားတော့၏။

သူမ၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားသော ရွှီရှင်းသည်လည်း ခြေလှမ်းများကို မြှင့်လိုက်၏။

သစ်ပင်အိမ်သို့ ပြန်ရောက်သည်နှင့် သူသည် လီဝမ်ရှီးကို ပွေ့ချီကာ အိပ်ခန်းထဲသို့ ဦးတည်လိုက်ပါတော့သည်။

ဤတစ်ကြိမ်တွင်မူ ၎င်းတို့ကို အနှောင့်အယှက်ပေးမည့်သူ မရှိတော့ပေ။

နှစ်ခြိုက်စွာ အိပ်ပျော်နေသော ပန်ဒါလေးတော့ ရှိနေသေးသဖြင့် ၎င်းကို ရွှီရှင်းက အခြားအခန်းသို့ အမြန် ရွှေ့ပြောင်းပေးလိုက်၏။

"ရွှီရှင်း..."

တစ်ညလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီး စကားလုံးများဖြင့် ဖော်ပြစရာမလိုသော အရာအားလုံး ဖြစ်ပျက်သွားခဲ့ပါတော့၏။

အခန်း ၄၄၄ ပြီး။

All Chapters