အခန်း (၄၄၅-၄၄၇)
Vol. 30 Ch. 445-447
အခန်း (၄၄၅) - ရုတ်တရက် အပြောင်းအလဲ
နောက်တစ်နေ့ နံနက် ရွှီရှင်း နိုးလာသောအခါ သူ၏ လက်မောင်းပေါ်တွင် မျက်ရည်စများဖြင့် အိပ်ပျော်နေဆဲဖြစ်သော လီဝမ်ရှီးကို တွေ့လိုက်ရ၏။
သူမသည် ရွှီရှင်း၏ ရင်ခွင်ထဲတွင် ခိုဝင်နေပြီး သူမ၏ နူးညံ့လှသော အသက်ရှူသံများမှာ သူ၏ လက်မောင်းကို လာရောက် ရိုက်ခတ်နေ၏။
ရွှီရှင်းသည် သူမ၏ ပါးပြင်ကို အသာအယာ နမ်းရှိုက်လိုက်ပြီးနောက် သူမ၏ ခေါင်းအောက်မှ သူ၏လက်မောင်းကို အသာဆွဲထုတ်ကာ ထိုင်လိုက်ပေသည်။
အင်း...
သူ၏ လက်မောင်းမှာ လုံးဝကို ထုံကျဉ်နေပြီး အာရုံခံစားမှုပင် ကင်းမဲ့နေခဲ့ချေပြီ။
လီဝမ်ရှီးသည် အိပ်မက်ထဲမှ ညည်းတွားသံလေး ထွက်ပေါ်လာကာ အိပ်ပျော်နေရင်းပင် ရွှီရှင်း၏ ခါးကို ပြန်လည် ဖက်လိုက်ပြန်၏။
ရွှီရှင်း ပြုံးလိုက်မိပြီး သူမ၏ ပါးကို လက်ညှိုးဖြင့် အသာအယာ တို့ကြည့်လိုက်၏။
အမှန်အတိုင်း ဝန်ခံရလျှင် ယခုအခါ သူသည် တကယ့်ကို လန်းဆန်းတက်ကြွနေပြီး ပုခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုကို ချလိုက်ရသလို တစ်ကိုယ်လုံးကို ပေါ့ပါးလန်းဆန်းနေသည်ဟု ခံစားနေရ၏။
သူသည် ယခင်က ချစ်သူထားခဲ့ဖူးသော်လည်း ဤကဲ့သို့သော အတွေ့အကြုံမျိုးမှာမူ သူ့အတွက် ပထမဆုံးအကြိမ်ပင် ဖြစ်ပေသည်။
နတ်ဆေးဆီ ကို အသုံးပြုထားခြင်းကြောင့် သူသည် အကြိမ်တိုင်းတွင် ပိုမို အားအင်ပြည့်ဝလာသည်ဟုပင် ဆိုနိုင်ပေသည်။
ဤဆေးဆီမှာ တကယ့်ကို ကောင်းမွန်လှသော ပစ္စည်းတစ်ခုပါတကား။
နံနက် ၇ နာရီ ရှိနေပြီဖြစ်သော်လည်း အပြင်ဘက်တွင် မှောင်နေဆဲ ဖြစ်ပေသည်။
နှင်းများ ကျဆင်းခြင်း ရပ်တန့်သွားသော်လည်း အပြင်ဘက်မှာ အလွန်ပင် တိတ်ဆိတ်နေပြီး လေတိုက်သံပင် မကြားရဘဲ မြူများသာ လွင့်မျောနေ၏။
နှင်းကျပြီးနောက် မြူထူထပ်ခြင်းမှာ ပုံမှန်ဖြစ်စဉ်တစ်ခုပင် ဖြစ်သဖြင့် သူ မအံ့သြပါပေ။
သူ၏ လက်မောင်းတွင် အာရုံခံစားမှု ပြန်ရလာသောအခါ လီဝမ်ရှီး၏ လက်ကို အသာဖယ်ပြီး ထရန် ပြင်လိုက်သော်လည်း သူမ နိုးသွားခဲ့ချေပြီ။
"အင်း..."
လီဝမ်ရှီးသည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာပြီး ရွှီရှင်းကို ကြည့်လိုက်၏။
သူမ၏ အိပ်ချင်မူးတူး ဖြစ်နေသော မျက်လုံးများ တဖြည်းဖြည်း ကြည်လင်လာကာ ရှက်ရွံ့ခြင်းနှင့် အနည်းငယ် ကြောက်လန့်နေသော အမူအရာများ ပေါ်ထွက်လာခဲ့ပေသည်။
သူမသည် ထိုင်လိုက်သောအခါ ပါးလွှာလှသော စောင်မှာ လျောကျသွားပြီး သူမ၏ ခန္ဓာကိုယ်မှာ ပေါ်ထွက်လာခဲ့၏။
ထိုမြင်ကွင်းကြောင့် ရွှီရှင်းမှာ စိတ်မထိန်းနိုင်လုနီးပါး ဖြစ်သွားရပြန်သည်။
"နင်... နင် ထပ်မလာနဲ့တော့နော်၊ ငါ တကယ်ကို မတောင့်ခံနိုင်တော့ဘူး..."
လီဝမ်ရှီးသည် ရွှီရှင်း၏ အကြည့်ကို မြင်သောအခါ ကြောက်လန့်တကြား နောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး မျက်မှောင်ကြုတ်လျက် ညည်းတွားလိုက်၏။
"မနေ့ညက မင်းလေးပဲ ခဏခဏ..."
"အား မပြောနဲ့တော့"
လီဝမ်ရှီးသည် ရွှီရှင်း၏ စကားကို ဖြတ်ပြောလိုက်၏။
မနေ့ညက သူမ၏ ရူးသွပ်မှုများကို ပြန်တွေးမိပြီး သူမ၏ မျက်နှာမှာ ပန်းရောင်မှ အနီရောင်သို့ ပြောင်းလဲသွားကာ စောင်ထဲသို့ ခေါင်းတိုးဝင်သွားတော့သည်။
"တကယ့်ကို ရှက်စရာကြီးပဲ"
"နင့်ရဲ့ ပုံစံက ငါ့ကို မြှူဆွယ်နေသလို ဖြစ်မနေဘူးလား"
ရွှီရှင်းမှာလည်း စိတ်ကို အနိုင်နိုင် ထိန်းနေရရှာ၏။
လီဝမ်ရှီးသည် ချက်ချင်း ခေါင်းထောင်လာပြီး ရွှီရှင်းကို စိုးရိမ်တကြီး ကြည့်နေပြန်သည်။
မကြာမီ သူတို့နှစ်ဦးလုံး ရယ်မောလိုက်ကြ၏။
"ကဲပါ"
ရွှီရှင်းသည် ဆေးလုံးတစ်လုံး ထုတ်လိုက်၏။
"ဒါက ကုသရေးဆေးပဲ၊ ချီရွှယ်ဖေးရဲ့ ပစ္စည်းသစ်ပေါ့၊ ဘေးထွက်ဆိုးကျိုး မရှိဘူး။ ဒါကို သောက်လိုက်မှ ဒီနေ့ နင် ကောင်းကောင်း လှုပ်ရှားနိုင်မှာ"။
"အာ"
လီဝမ်ရှီးက ရွှီရှင်း ကျွေးသည်ကို စောင့်ဆိုင်းနေသဖြင့် ရွှီရှင်းက ပြုံးလျက် ဆေးလုံးကို သူမ၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်၏။
"ဘယ်လိုလဲ"
"အင်း... အကုန်လုံး ပြန်ကောင်းသွားသလိုပဲ"
လီဝမ်ရှီးသည် သူမ၏ ခန္ဓာကိုယ်ကို လှည့်ပတ်ကြည့်လိုက်ရာ မျက်လုံးများ တောက်ပလာ၏။
"ဘာမှ မအီမသာ မဖြစ်တော့ဘူး။ အစ်မရွှယ်ဖေးရဲ့ ဆေးက တကယ်ကို အံ့မခန်းပါပဲ။ မနေ့ညကသာ ဒါကို သောက်ထားရင် နင် ငါ့ကို အဲဒီလောက် အနိုင်ကျင့်နိုင်မှာ မဟုတ်ဘူး"
"ဒါဆိုရင် အခုရော..."
"ဟင့်အင်း... မလုပ်နဲ့တော့..."
၎င်းတို့မှာ ထပ်မံ မလုပ်ကြတော့ဘဲ အဝတ်အစားများ ဝတ်ဆင်ကာ ကုတင်ပေါ်တွင် အတူထိုင်ပြီး ပူးကပ်နေကြ၏။
အဝတ်အစား ဝတ်ရခြင်းမှာလည်း မဝတ်လျှင် ရွှီရှင်းက တောင့်ခံနိုင်မည် မဟုတ်သောကြောင့်ပင်။
အရာရာမှာ အတိုင်းအတာ ရှိရမည် မဟုတ်ပါလော၊ နေ့ခင်းကြောင်တောင်မှာ ဤသို့ ပြုလုပ်ရန် အချိန်မဟုတ်ပါပေ။
သူသည် လက်ပတ်နာရီကို ဖွင့်ကာ ကမ္ဘာလုံးဆိုင်ရာ ချယ်နယ်ကို ကြည့်လိုက်၏။
"ဒီနေ့ အပြင်မှာ မြူတွေ တကယ် ထူတာပဲ၊ မြင်ကွင်းကို အများကြီး ထိခိုက်စေတယ်"
"ငါတို့ နယ်မြေမှာ သံလက်နက် ဈေးနှုန်းတွေ တကယ် ကျသွားပြီ၊ ဟားဟား၊ အရင်က အရင်းအမြစ်တွေကို ဆုပ်ကိုင်ထားပြီး မဝေမျှတဲ့ ဆရာကြီးတွေ အခုတော့ လက်လျှော့လိုက်ကြပြီ ထင်တယ်"
"မှန်တယ်၊ ငါတို့ဆီမှာလည်း ဈေးတွေ အများကြီး ကျလာပြီ၊ နယ်မြေ (၁၈၈) က ဆရာကြီးတွေ ကမ္ဘာ့ချယ်နယ်မှာ ရောင်းတဲ့ဈေးလောက် မသက်သာသေးပေမဲ့ အရင်ကထက်စာရင်တော့ အများကြီးကို သက်သာသွားတာ"
"ဝါး... နင်တို့ နယ်မြေမှာလည်း သံလက်နက် လုပ်နိုင်တဲ့သူ ရှိတာလား။ငါတို့ဆီမှာတော့ အစကတည်းက အဲဒီလိုလူမျိုး ရှိတယ်လို့ကို မကြားဖူးဘူး..."
"စိတ်မပူနဲ့၊ မနေ့ညက နယ်မြေ (၁၈၈) က လက်နက်တွေ ထုတ်ရောင်းပြီးတဲ့နောက် နယ်မြေ (၁) က ဆရာကြီးတွေလည်း ငြိမ်မနေနိုင်တော့ဘူး။ သူတို့လည်း ကမ္ဘာ့ကုန်သွယ်မှု ပလက်ဖောင်းမှာ သံလက်နက်တွေ ချပ်ဝတ်တွေ စရောင်းနေကြပြီ။ အပြာရောင်အဆင့် သံလက်နက် တစ်ခုတောင် ပါတယ်လို့ ကြားတယ်၊ ဒါပေမဲ့ တစ်စုံတစ်ယောက်က ချက်ချင်း ဝယ်သွားလို့ ငါတော့ မမြင်လိုက်ရဘူး"
"အပြာရောင်အဆင့် သံလက်နက် တဲ့လား။အစိမ်းရောင်အဆင့် သံလက်နက်တောင် အပြာရောင်အဆင့် ကျောက်လက်နက်နဲ့ တူနေတာဆိုတော့၊ အပြာရောင်အဆင့် သံလက်နက်ဆိုရင်... ဘယ်လောက်တောင် အစွမ်းထက်မလဲ စဉ်းစားသာ ကြည့်တော့"
ဟင်...
နယ်မြေများစွာတွင် သံလက်နက်ဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားသည့်အပြင် နယ်မြေ (၁) ကလည်း ကမ္ဘာ့ကုန်သွယ်မှု ပလက်ဖောင်းတွင် လက်နက်များ စတင်ရောင်းချနေချေပြီ။
အခြား အင်အားကြီး နယ်မြေများမှာလည်း ဤဈေးကွက်ကို ဝေစုခွဲယူရန် ကြိုးစားနေကြပုံရ၏။
၎င်းမှာ အရင်းအမြစ် ကိစ္စသာမက လူတို့၏ စိတ်ဆန္ဒကို ဖမ်းစားနိုင်ရေး ကိစ္စလည်း ဖြစ်ပေသည်။
အားနည်းသော နယ်မြေများမှာ နောင်တွင် အခြားနယ်မြေများကို အားကိုးလာနိုင်သဖြင့် ရွှီရှင်းနှင့် ကျိချောင်းယန်တို့၏ လုပ်ဆောင်ချက်များကြောင့် ရှင်ကျန်သူများ၏ စိတ်ထဲတွင် နယ်မြေ (၁၈၈) မှာ အဆင့်မြင့်သွားခဲ့ချေပြီ။
အကယ်၍ အခြားနယ်မြေများကသာ ငြိမ်နေမည်ဆိုပါက နယ်မြေ (၁၈၈) တစ်ခုတည်းကသာ လွှမ်းမိုးသွားပေလိမ့်မည်။
အကယ်၍ ငြိမ်းချမ်းစွာ အတူရှင်သန်နိုင်မည်ဆိုပါက အဆင်ပြေသော်လည်း၊ အင်အားကြီး နယ်မြေများမှာ နောင်တွင် နယ်မြေတစ်ခုတည်းသာ ရှင်ကျန်ရမည်ကို သိထားကြသဖြင့် အခြားသူကို အားကိုးရန် မလိုလားကြသလို ပျက်စီးသွားရန်လည်း မလိုလားကြပေ။
ထို့ကြောင့် ၎င်းတို့မှာ ရွှီရှင်းတို့နှင့် ပြိုင်ဆိုင်ရန်သာ ရှိပေတော့သည်။
လီဝမ်ရှီးသည်လည်း ထိုသတင်းများကို မြင်တွေ့ရသဖြင့် ရွှီရှင်း၏ ရင်ခွင်ထဲတွင် မှီလျက် တိုးတိုးလေး ရယ်မောလိုက်၏။
"ဒီလူတွေ တကယ် မသိကြတာက မနေ့ညက ထုတ်ရောင်းလိုက်တဲ့ လက်နက်တွေက ငါ့ဆီမှာရှိတဲ့ အရန်ပစ္စည်းရဲ့ တစ်ဝက်တောင် မရှိသေးဘူးဆိုတာပဲ။ ပြီးတော့ ငါ့ရဲ့ သတ္တုတူးဖော်တဲ့ အရှိန်က သူတို့ထက် အများကြီး ပိုမြန်တယ်လေ"။
သူမ ဒီလောက်အထိ ဘာလို့ချမ်းသာနေသနည်းဆိုသည်မှာ မဆန်းပါပေ။
မနေ့က သူနှင့် ကျိချောင်းယန်တို့ကို အစိမ်းရောင်အဆင့် သံတုံးပေါင်း ထောင်နှင့်ချီ၍ ပေးခဲ့သည်မှာ သူမတွင်ရှိသော ပမာဏ၏ တစ်ဝက်ပင် မရှိသေးပါတကား။
"ရွှီရှင်း၊ ငါတို့ ထပ်လုပ်ကြမလား။ ငါ့ဆီမှာ ကုန်ကြမ်းတွေ အများကြီး ရှိနေတာပဲ၊ ဈေးနှုန်းတွေကို ထပ်ပြီး နှိမ်လိုက်ပြီးတော့ သူတို့ကို အပြတ်နှိမ်ပစ်ရအောင်" ဟု လီဝမ်ရှီးက ရွှီရှင်း၏ မျက်နှာကို မော့ကြည့်ရင်း ဆိုလိုက်၏။
အခန်း ၄၄၅ ပြီး။
အခန်း (၄၄၆) - ရုတ်တရက် အပြောင်းအလဲ (၂)
"အင်း... အခုအချိန်မှာ မျက်နှာဖုံးကို လုံးဝ ခွာချလိုက်ဖို့က မသင့်တော်သေးဘူး ထင်တယ်။ ငါတို့ဘက်က အင်အား အရမ်းပြလိုက်ရင် အရှေ့က နယ်မြေအချို့ စုစည်းသွားဖို့က လွယ်ကူသွားလိမ့်မယ်" ဟု ရွှီရှင်းက ခေတ္တစဉ်းစားပြီးနောက် ဆို၏။
"သူတို့တွေ ပေါင်းစည်းသွားတာက အခုအတွက်ရော နောင်အတွက်ရော ကောင်းတဲ့အချက် မဟုတ်ဘူး။ အခြေအနေကို အရင်ဆုံး တည်ငြိမ်အောင် ထိန်းထားပြီး စောင့်ကြည့်ကြတာပေါ့"
"ကောင်းပါပြီ၊ ရှင့်သဘောအတိုင်းပါပဲ"
လီဝမ်ရှီးသည် သူ၏ရင်ခွင်ထဲသို့ တိုးဝင်ကာ မျက်လုံးလေးမှိတ်ထား၏။
သူမသည် အနည်းငယ် ထပ်မံ အိပ်စက်ချင်နေပုံရပေသည်။
"ကဲ... ထတော့"
၎င်းတို့နှစ်ဦး အိပ်ရာမှထကာ အခန်းပြင်သို့ ထွက်လာခဲ့ကြ၏။
အခြားတစ်ဖက်တွင်မူ ခဲခဲလေးသည်လည်း အခြားအခန်းတစ်ခုမှ ထွက်လာကာ ရွှီရှင်းနှင့် လီဝမ်ရှီးတို့ကို တွေ့လိုက်ရပေသည်။
၎င်းသည် "အီး" ဟု ဇဝေဇဝါ အသံပြုလိုက်ရာ မနေ့ညက ငါ ဤအခန်းထဲမှာ အိပ်ခဲ့တာ မဟုတ်ဘူးလားဟူသော အဓိပ္ပာယ်ပင် ဖြစ်ပေလိမ့်မည်။
"ခဲခဲလေး"
လီဝမ်ရှီးသည် ခဲခဲလေးကို ပွေ့ချီကာ အားရပါးရ ပွတ်သပ်ပေးလိုက်၏။
"အီး"
ငွေရောင်ဘုရင်၊ မီမီနှင့် အားဖူတို့သည်လည်း ထိုအချိန်တွင် နိုးလာကြချေပြီ။
လီဝမ်ရှီးကို ထိုနေရာတွင် တွေ့လိုက်ရသဖြင့် ၎င်းတို့မှာ အတော်ပင် အံ့အားသင့်သွားကြ၏။
သူမ မနေ့ညက ရောက်ရှိလာစဉ်တွင် ၎င်းတို့အားလုံးမှာ အိပ်မောကျနေခဲ့ကြခြင်း ဖြစ်ပေသည်။
ရွှီရှင်းသည် ပြတင်းပေါက်သို့ သွားကာ အပြင်ဘက်ကို လှမ်းကြည့်လိုက်၏။
သူသည် အပြင်ဘက်တွင် နှင်းထုမှာ မည်မျှအထိ ထူထဲလာသည်ကို မြင်လိုခြင်း ဖြစ်ပေသည်။
"ဟင်"
သူ၏ မျက်စိရှေ့မှ မြင်ကွင်းကြောင့် သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး မျက်မှောင်များမှာလည်း တဖြည်းဖြည်း ကြုတ်လာခဲ့ပေသည်။
သူသည် မနေ့ညက အပန်းဖြေမှုများကြောင့် မျက်စိမှားနေခြင်းလောဟု ထင်မှတ်ကာ မျက်လုံးကို ပွတ်ကြည့်လိုက်မိ၏။
သို့သော် မျက်လုံးကို ပြန်ဖွင့်ကြည့်လိုက်သောအခါတွင်မူ အလွန်ပင် တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းနှင့် ဆုံတွေ့လိုက်ရပါတော့သည်။
"ဒါ ဘာတွေ ဖြစ်ကုန်တာလဲ"
"ဘာဖြစ်လို့လဲ"
လီဝမ်ရှီးသည် ခဲခဲလေးကို ပွေ့ချီလျက် ပြတင်းပေါက်နားသို့ လျှောက်လာခဲ့၏။
"အပြင်မှာ ဘာရှိလို့ နင် အဲဒီလောက်... ဟင်"
"အီး"
ခဲခဲလေးသည် လီဝမ်ရှီး၏ ရင်ခွင်ထဲမှ ခုန်ထွက်ကာ ပြတင်းပေါက်ဘောင်ပေါ်သို့ နားလိုက်ပြီး အပြင်ဘက်သို့ လှမ်းကြည့်နေ၏။
လွင့်မျောနေသော မြူထုများကြားတွင် ဆီးနှင်းဖုံးလွှမ်းနေသော မြင်ကွင်းမှာ ထင်ရှားစွာ ပေါ်ထွက်နေပေသည်။
နှင်းထုမှာ အလွန်ပင် ထူထဲလှပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များကို ကြည့်ခြင်းအားဖြင့် ရွှီရှင်း ခန့်မှန်းထားသည့်အတိုင်း နှစ်မီတာခန့်ပင် ရှိနေချေပြီ။
အကယ်၍ တစ်စုံတစ်ဦးသည် နှင်းထဲသို့ ကျသွားပါက နည်းလမ်းမရှိလျှင် ပြန်လည် ထွက်လာနိုင်ရန်ပင် ခက်ခဲပေလိမ့်မည်။
သို့သော် ၎င်းတို့ကို အံ့အားသင့်သွားစေသည်မှာ ခန့်မှန်းထားသော နှင်းထုထူထဲမှု မဟုတ်ပါချေ။
၎င်းတို့နှစ်ဦးမှာ အဝေးတစ်နေရာကို မှင်သက်စွာ ကြည့်နေမိကြပြီးနောက် ၎င်းတို့၏ အကြည့်မှာ တဖြည်းဖြည်း အပေါ်သို့ မြင့်တက်သွားခဲ့ပေသည်။
မရှိသင့်သော တောင်ထိပ်တစ်ခုသည် မြူခိုးမြူငွေ့များကြားတွင် ပုံရိပ်ယောင် တစ်ခုကဲ့သို့ ပေါ်ထွက်လာခဲ့ချေပြီ။
သစ်ပင်အိမ်မှ တစ်ကီလိုမီတာပင် မပြည့်သော အကွာအဝေးတွင် မိုးကောင်းကင်သို့ ထိုးတက်နေသော မြင့်မားလှသည့် တောင်ထိပ်ကြီးတစ်ခုမှာ မတ်မတ်ကြီးရှိနေ၏။
မြူများကြားတွင် ထိုတောင်ထိပ်မှာ ဝေဝါးနေသော်လည်း လျှို့ဝှက်ဆန်းပြားပြီး ခန့်ညားထည်ဝါသော ခံစားချက်ကို ပေးစွမ်းနေပေသည်။
မဟုတ်ချေ၊ ၎င်းကို တောင်ထိပ်ဟု ခေါ်ဆိုခြင်းထက် ကျောက်တိုင်ကြီး ဟု ခေါ်ဆိုခြင်းက ပို၍ သင့်တော်ပေလိမ့်မည်။
တည့်မတ်လှသော အနားသတ်များရှိသည့် မြင့်မားလှသော ကျောက်တိုင်ကြီး၏ နံရံများတွင် ဖြူဖွေးသောနှင်းများ တွဲလောင်းကျနေသဖြင့် အရောင်အသွေး သိသိသာသာ ကွဲပြားနေကာ အမြင်အာရုံကို ပိုမို ဆွဲဆောင်နေပေသည်။
ထို့အပြင် ထိုတောင်ထိပ်မှာ တိမ်တိုက်များထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်နေပြီး ၎င်း၏ တောင်ခါးပန်းအထက်တွင်မူ မြူများမှာ ပိုမိုထူထပ်စွာ ရစ်ပတ်နေသဖြင့် တောင်ကိုယ်ထည် အများစုမှာ တိမ်တိုက်များကြားတွင် ပျောက်ကွယ်နေပေသည်။
အလွန်ပင် မြင့်လှပါတကား..။
တိမ်တိုက်များထက်ပင် ပို၍ မြင့်မားနေချေပြီ။
ရွှီရှင်းသည် ကမ္ဘာမြေပေါ်တွင် ရှိစဉ်က ဤကဲ့သို့သော ကျောက်တိုင်ရှုခင်းများကို မြင်တွေ့ဖူးပေသည်။
အကယ်၍ ဤကျောက်တိုင်မှာ တစ်ခုတည်း မဟုတ်ဘဲ အုပ်စုလိုက်ရှိနေမည်ဆိုပါက ၎င်းရှုခင်းကို 'ကျန်းကျားကျဲ' ရှုခင်းဟု လူသိများပေလိမ့်မည်။
၎င်းမှာ ကွပ်ဇ်သဲကျောက် များကို အခြေခံကာ ရေတိုက်စားမှု၊ ဒြပ်ဆွဲအားကြောင့် ပြိုကျမှုနှင့် ရာသီဥတုဒဏ်တို့ကြောင့် ဖြစ်ပေါ်လာသော မြင့်မားပြီး တည့်မတ်လှသည့် ကျောက်တိုင်တောအုပ်များပင် ဖြစ်ပေသည်။
သူသည် ထိုခန့်ညားထည်ဝါလှသော ရှုခင်းကို မြင်တွေ့ခွင့် ရခဲ့ဖူးသဖြင့် ရှေ့တွင်ရှိနေသော ဤကျောက်တိုင်ကြီးမှာ ထိုကျောက်တိုင်များနှင့် အလွန်ပင် ဆင်တူနေသည်ကို သတိပြုမိခြင်း ဖြစ်ပေသည်။
သို့သော်...
ရွှီရှင်းသည် ကျောက်တိုင်၏ ထိပ်ဖျားသို့ မော့ကြည့်လိုက်၏။
ကမ္ဘာမြေပေါ်တွင် ထိုကျောက်တိုင်များမှာ အမြင့် မီတာတစ်ထောင်ကျော် ရှိသော်လည်း ၎င်းမှာ မြေမျက်နှာသွင်ပြင် မြင့်မားသောကြောင့် ဖြစ်ပြီး ကျောက်တိုင်တစ်ခုချင်းစီ၏ အမြင့်မှာ မီတာနှစ်ရာထက်ပင် မပိုပါပေ။
သို့သော် ရှေ့တွင်ရှိနေသော ဤကျောက်တိုင်ကြီး၏ အမြင့်မှာမူ...
မီတာတစ်ထောင်လောက် ရှိမည်လား။
မီတာတစ်ထောင်တော့ သေချာပေါက် ရှိမည် ဖြစ်ပေသည်။
ထို့အပြင် ရှေ့တွင်ရှိနေသော ဤဧရာမ ကျောက်တိုင်ကြီးမှာ သူ မြင်ဖူးသမျှထက် အဆပေါင်းများစွာ ပို၍ ကြီးမားလှပေသည်။
၎င်းမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး မည်သည့် အသံမျှ မထွက်ဘဲ မီတာတစ်ထောင်အထိ မြင့်တက်နေခြင်း ဖြစ်၏။
တစ်ကီလိုမီတာဆိုသည်မှာ တောင်တစ်တောင်အတွက် မမြင့်လှဟု ထင်ရသော်လည်း ပတ်ဝန်းကျင်မှာ လွင်ပြင်ဖြစ်ပြီး အမြင့်ဆုံး ကုန်းမြင့်မှာပင် မီတာတစ်ရာသာ ရှိသဖြင့် ဤကဲ့သို့ ရုတ်တရက် ပေါ်ထွက်လာခြင်းမှာ တကယ့်ကို အံ့သြဖွယ်ပင် ဖြစ်ပေသည်။
ဤဧရာမ ကျောက်တိုင်ကြီးသည် လွင်ပြင်အထက်တွင် ထီးထီးကြီး ပေါ်ထွက်နေခြင်းကြောင့် အောက်မှကြည့်လျှင် ဖြစ်စေ၊ အပေါ်မှကြည့်လျှင် ဖြစ်စေ အလွန်ပင် တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းကို ပေးစွမ်းနေပေသည်။
၎င်းသည် တစ်ညအတွင်းမှာပင် မြူများကြားတွင် ခန့်ညားထည်ဝါစွာ ပေါ်ထွက်လာခြင်းကြောင့် အတိုင်းအဆမရှိသော ခံစားချက်ကို ပေးစွမ်းနေပါတော့သည်။
ရွှီရှင်းသည် အခြားသော ကျောက်တိုင်များကို ရှာဖွေရန် ပတ်ဝန်းကျင်ကို ချက်ချင်း ကြည့်ရှုလိုက်သော်လည်း မြူများကြောင့် မြင်ကွင်းမှာ ကန့်သတ်ခံနေရပေသည်။
လေထုမှာ အနည်းငယ် ဝေဝါးနေသဖြင့် တစ်ကီလိုမီတာ အကွာအဝေးပင်လျှင် မသဲမကွဲ မြင်တွေ့နေရကာ ထို့ထက်ဝေးသော နေရာများကိုမူ လုံးဝ မမြင်ရပါပေ။
တောအုပ်တစ်ခုလုံးမှာ ထူထပ်လှသော မြူခိုးများဖြင့် ဖုံးလွှမ်းနေသကဲ့သို့ ဖြစ်နေပေသည်။
"ဘာဖြစ်လို့ ဒီတောင်ထိပ်က ရုတ်တရက် ပေါ်လာရတာလဲ"
လီဝမ်ရှီးသည် တောင်ထိပ်ကြီးကို ငေးကြည့်ရင်း ဆို၏။
သူမသည် တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့် ရွှီရှင်း၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခုကို လှမ်းကြည့်လိုက်ကာ "...တစ်ခုခုနဲ့ အတော်ကို ဆင်တူတာပဲ၊ အပြောင်းအလဲက တကယ်ကို ရုတ်တရက်ကြီးပါလား" ဟု ရေရွတ်မိပါတော့၏။
အခန်း ၄၄၆ ပြီး။
အခန်း (၄၄၇) - ရုတ်တရက် အပြောင်းအလဲ (၃)
"ဘာတွေ လျှောက်ပြောနေတာလဲ"
ရွှီရှင်းသည် သူမ၏ ခေါင်းနောက်စေ့ကို အသာအယာ တောက်လိုက်ရင်း စိတ်မရှည်သလိုနှင့် ရယ်မောကာ ဆို၏။
"နင်ကတော့ ဒီအချိန်မှာတောင် စနောက်ဖို့ စိတ်ကူးရှိသေးတယ်ပေါ့"
"ကြည့်ရတာ တကယ်ပဲ အဲဒါနဲ့ တူနေလို့ဟာကို..."
လီဝမ်ရှီးသည် ခေါင်းနောက်စေ့ကို ပွတ်ရင်း အောက်သို့ ငုံ့ကြည့်ကာ တိုးတိုးလေး ညည်းတွားနေတော့သည်။
ရွှီရှင်းသည် ရှေ့မှ ကျောက်တိုင်ကြီးဆီသို့ လှမ်းကြည့်လိုက်ရာ သူ၏ မျက်လုံးများမှာ တဖြည်းဖြည်း မှေးစပြုလာခဲ့၏။
ဤကျောက်တိုင်ကြီး၏ တည်နေရာမှာ အနောက်မြောက်ဖက်တွင် ရှိနေပေသည်။
ဧရာမ တောင်ထိပ်ကြီးသည် ကုန်းမြင့်အရင်းအမြစ်ဇုန် ရှိရာဖက်ကို ကွယ်ထားသဖြင့် ဤနေရာမှဆိုလျှင် ထိုဇုန်ကို လုံးဝ မမြင်ရပါပေ။
မြေပုံပေါ်တွင်မူ ကုန်းမြင့်အရင်းအမြစ်ဇုန်ရှိ နေရာတွင် မနေ့က သားရဲလှိုင်းလုံးများ ပေါ်လာစဉ်က မြင်တွေ့ခဲ့ရသော ရေကန်ထဲက မြွေကြီးနှင့် တူညီသော အလင်းရှိသည့် အနီရောင်အစက်ကြီးမှာ ယခုအချိန်တွင် ပြန်လည် ပေါ်ပေါက်နေချေပြီ။
ထို့အပြင် ထိုတောက်ပလှသော အနီရောင်အစက်ကြီး၏ ဘေးပတ်လည်တွင် ရေတွက်မကုန်နိုင်သော အနီရောင်အစက်အပြောက်လေးများက ဝိုင်းရံထားကြ၏။
ဒါက ဘာတွေ ဖြစ်နေတာလဲ။
ဗီဇပြောင်းသတ္တဝါတွေက အဲဒီ ဧရာမ သားရဲကြီးရဲ့ ဘေးမှာ စုဝေးနေကြတာလား။
"အပြင်ဘက်က ကြည့်ရတာ တစ်ခုခုနဲ့ တူတယ်လို့ မခံစားရဘူးလား... ဟိုလေ... နတ်ဘုံနတ်နန်းလိုမျိုးပေါ့"
လီဝမ်ရှီးသည် တိမ်တိုက်များနှင့် မြူများရစ်ပတ်နေသော ဧရာမတောင်ထိပ်ကြီးကို မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေမိ၏။
"ဒီလောက် မြင့်မားတဲ့ တောင်ထိပ်ကြီးက ဒဏ္ဍာရီထဲက နတ်မင်းတွေ နေထိုင်တဲ့ တောင်နဲ့ တကယ့်ကို တူတာပဲ။ ဒီတောင်ထိပ်ပေါ်မှာ တကယ်ပဲ နတ်မင်းတစ်ပါးပါး ရှိနေနိုင်မလား"
"...နင်ပြောသလိုလည်း ဖြစ်နိုင်တာပဲ"
လီဝမ်ရှီး၏ စကားကြောင့် ရွှီရှင်းမှာ မျက်ခုံးပင့်သွားရ၏။
ကောင်းကင်သို့ တည့်မတ်စွာ ထိုးတက်နေပြီး ထိပ်ဖျားတွင် တိမ်ခိုးမြူငွေ့များ ဖုံးလွှမ်းနေသော ဤကျောက်တိုင်ကြီးမှာ တကယ်ပင် နတ်တောင်တစ်ခုကဲ့သို့ ခံစားချက်ကို ပေးစွမ်းနေပေသည်။
ရုတ်တရက် မြင့်တက်လာသော ဤကျောက်တိုင်တောင်ထိပ်ကြီးအတွင်း၌ မည်သည့် လျှို့ဝှက်ချက်များ ဖုံးကွယ်နေပါသနည်း။
၎င်းကို သိရှိနိုင်ရန် တောင်ပေါ်သို့ တက်ကြည့်ဖို့ လိုအပ်နေခြင်းလော။
သူသည် ရမှတ်ဆိုင်မှ ဝယ်ယူထားသော ချိတ်မြှားကို ကျောပိုးအိတ်ထဲမှ ထုတ်ယူလိုက်၏။
၎င်းမှာ လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားပြီး ပစ်လွှတ်ခြင်းနှင့် ပြန်လည်ရုပ်သိမ်းခြင်းကို ထိန်းချုပ်နိုင်သည့် စက်ပစ္စည်းတစ်ခု ဖြစ်ပေသည်။
ရုပ်သိမ်းနိုင်သော ချိတ်မြှား (အပြာရောင်အဆင့်): ပစ်လွှတ်လိုက်ပါက ကျောက်ဆောင်မျက်နှာပြင် သို့မဟုတ် ရေခဲလွှာများကို ခိုင်မြဲစွာ ချိတ်တွဲနိုင်သည်။ နှင်းဖုံးတောင်များကို တက်ရောက်ရန် ခက်ခဲသဖြင့် ဤချိတ်မြှားမှာ မရှိမဖြစ် လိုအပ်သည်။
ဩော်...
မဆန်းပါပေ၊ ဤကဲ့သို့သော ပစ္စည်းများကို ရမှတ်ဆိုင်တွင် အဘယ်ကြောင့် ရောင်းချနေရသနည်းဆိုသည်မှာ ယခုမှပင် အဖြေပေါ်သွားခဲ့ချေပြီ။
ယခင်က သူသည် ဂျန်ဂယ်ထဲတွင် ချိတ်မြှားမှာ မလိုအပ်ဟု ထင်မှတ်ခဲ့သလို သူတက်ရန် နှင်းဖုံးတောင်ကရော အဘယ်မှာ ရှိပါသနည်းဟု တွေးတောခဲ့ဖူး၏။
မထင်မှတ်ဘဲ ဒုတိယမြောက်နေ့မှာပင် နှင်းဖုံးတောင်ကြီးမှာ သူ၏မျက်စိရှေ့တွင် ထီးထီးကြီး ပေါ်ထွက်လာခဲ့၏။
ရွှီရှင်းသည် စူးစမ်းရှာဖွေသူများ ချယ်နယ်ကို ချက်ချင်း ဖွင့်ကြည့်လိုက်၏။
အဖွဲ့ဝင်အားလုံးမှာလည်း သတင်းအချက်အလက်များကို ဝေမျှနေကြပြီ ဖြစ်ပေသည်။
ချီရွှယ်ဖေး : "မြူတွေ အရမ်းထူလို့ မြင်ကွင်းက တော်တော်လေး ကန့်သတ်ခံနေရတယ်။ ဘာလို့ ရုတ်တရက် မြူတွေ ထူလာရတာလဲ"
ကျောက်ရှောင်ချွမ်း : "ဝါး... အပြင်မှာ နှင်းတွေက တကယ်ကို ထူတာပဲနော်။ ဒါ... အနည်းဆုံး နှစ်မီတာလောက်တော့ ရှိမယ် မဟုတ်လား"
ချင်းယွမ်လုံ : "မနေ့က နှင်းက တကယ်ကို သည်းတာပဲ..."
ဝမ်ကွေ့ရှင်း : "နင်တို့အားလုံး မြင်ကြပြီလား။ ငါတို့ သစ်ပင်အိမ်တွေကြားမှာလေ မြင့်မားတဲ့ တောင်ထိပ်ကြီး တစ်ခု ပေါ်လာတယ်"
ချင်းယွမ်ဟု: "ဘာပြောတယ်"
ဝမ်လေ့ : "တောင်ထိပ် ဟုတ်လား။ ငါတို့ မျက်စိမှားပြီး မြင်ယောင်နေကြတာလား"
မှန်ပေသည်။
၎င်းတို့ဆီမှာလည်း တစ်ခု ရှိနေ၏။ ဝမ်ကွေ့ရှင်း၏ သစ်ပင်အိမ်အနီးတွင် တစ်ခုရှိနေသော်လည်း အခြားသူများ၏ အိမ်အနီးတွင်မူ မရှိပါပေ။
ရွှီရှင်း : "ငါ့ဆီမှာလည်း ကျောက်တိုင်တောင်ထိပ်တစ်ခု ရှိတယ်။ သစ်ပင်အိမ်ကနေ တစ်ကီလိုမီတာလောက်ပဲ ဝေးတာ"
ကျိချောင်းယန် : "ရွှီရှင်း ပြောတာ မှန်တယ်။ သူ့အိမ်ဘေးမှာ တကယ့်ကို မြင့်မားတဲ့ တောင်ထိပ်ကြီး တစ်ခု ပေါ်နေတာကို ငါ ဒီကနေ မြင်နေရတယ်။ ဒါက စိတ်ကူးယဉ်မှု မဟုတ်ဘူး"
ဝမ်ကွေ့ရှင်း : "ဟုတ်တယ်။ ဒီတောင်က တကယ်ကို မြင့်လွန်းတယ်။ ငါတို့အနားမှာ ရုတ်တရက် ပေါ်လာတာဆိုတော့ ကြည့်ရတာ တော်တော်လေး ထိတ်လန့်စရာ ကောင်းတယ်၊ တစ်ချိန်လုံး ပြိုကျလာတော့မလိုပဲ ခံစားနေရတယ်..."
ကျိချောင်းယန်က မြင်ရသည် ဟုတ်လား။
သူသည် အနည်းဆုံး ကီလိုမီတာ နှစ်ဆယ်ခန့် ဝေးကွာနေသည် မဟုတ်ပါလော။
တစ်ကီလိုမီတာ ကျော်လျှင်ပင် ဖြူဖွေးနေသဖြင့် ဘာမှမမြင်ရတော့သော အခြေအနေတွင် ကျိချောင်းယန်က မည်သို့ မြင်နိုင်ပါသနည်း။
ဩော်...
နှင်းကာမျက်မှန် (အပြာရောင်အဆင့်) ကြောင့်ပင်ဖြစ်ရမည်။
အပြာရောင်အဆင့် မျက်မှန်တွင် မြူများကို ကာကွယ်ပေးနိုင်သည့် အာနိသင် ရှိပေသည်။
ရမှတ်ဆိုင်ရှိ အပြာရောင်အဆင့် ကိရိယာများ၏ အထူးစွမ်းဆောင်ရည်များမှာ အကြောင်းမဲ့ ရှိနေခြင်း မဟုတ်ပါပေ။
မျှော်လင့်ထားသည့်အတိုင်းပင် ကျိချောင်းယန်က အဖွဲ့ထဲတွင် "အားလုံးပဲ အပြာရောင်အဆင့် နှင်းကာမျက်မှန်တွေကို ဝတ်ထားလိုက်ကြ၊ ဒါဆိုရင် မြင်ရလိမ့်မယ်" ဟု ဆိုလိုက်၏။
ရွှီရှင်းသည် မျက်မှန်ကို ချက်ချင်း ထုတ်ယူကာ ဝတ်ဆင်လိုက်ပေသည်။
လီဝမ်ရှီးသည်လည်း ထိုအချက်ကို သဘောပေါက်သွားကာ သူမ၏ မျက်မှန်ကို ထုတ်၍ ဝတ်လိုက်၏။
ချက်ချင်းဆိုသလိုပင် ကမ္ဘာကြီးမှာ ပိုမို ကြည်လင်သွားခဲ့ချေပြီ။
ပုံမှန်မြင်ကွင်းလောက် မကြည်လင်သော်လည်း ကီလိုမီတာ အနည်းငယ်အထိ မြင်တွေ့ရန်မှာ ပြဿနာ မရှိတော့ပါပေ။
"ကျောက်တိုင်တောင်ထိပ်တွေ... အများကြီးပဲ"
လီဝမ်ရှီးက အံ့သြတကြီး ရေရွတ်လိုက်၏။
ဝေဝါးနေသော အဝေးတစ်နေရာတွင် မြူများဝိုင်းရံနေသော ဧရာမတောင်ထိပ်ကြီးများစွာ မြေပြင်မှ ပေါ်ထွက်နေသည်ကို ရွှီရှင်း မြင်တွေ့လိုက်ရပေသည်။
သူ၏ မြင်ကွင်းထဲတွင် ကျောက်တိုင်တောင်ထိပ် ခြောက်ခုမှ ခုနစ်ခုခန့် ပေါ်ထွက်နေ၏။
သို့သော် ၎င်းတို့၏ နယ်ပယ်အတွင်း၌မူ သူ၏ သစ်ပင်အိမ်အနီးက တစ်ခုသာ ရှိပေသည်။
ခန့်မှန်းချက်အရ တောင်ထိပ်တစ်ခုနှင့် တစ်ခုမှာ ကီလိုမီတာ ခြောက်ဆယ်မှ ခုနစ်ဆယ်ခန့် ကွာဝေးပေသည်။
ခြောက်ဆယ် ခုနစ်ဆယ် ကီလိုမီတာ...။
ဤအကွာအဝေးမှာ မနီးလှပါပေ။
ငွေရောင်ဘုရင်ပင်လျှင် တစ်နာရီနီးပါး ပြေးရမည်ဖြစ်သလို၊ လျှပ်စစ်နှင်းလျှောစီးဘုတ်နှင့် ဆိုပါက အနည်းဆုံး နှစ်နာရီခန့် ကြာမြင့်မည် ဖြစ်ပေသည်။
ဤကမ္ဘာကြီးတွင် မမျှော်လင့်ဘဲ မြင့်မားလှသော နှင်းဖုံးတောင်ထိပ်ကြီးများစွာ ရုတ်တရက် ပေါက်ထွက်လာခဲ့ချေပြီ။
ထိုတောင်ထိပ်ကြီးများသည် ဘယ်အရာကို ကိုယ်စားပြုနေပါသနည်း။
အခန်း ၄၄၇ ပြီး။