အခန်း (၇၇-၇၈)
Vol. 7 Ch. 77-78
အခန်း ၇၇ ဦးခေါင်းကိုးလုံး မင်္ဂလာနိမိတ်
ပူပြင်းလှသော နွေရာသီသည် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ဆောင်းဦးပေါက်၏အပူရှိန်မှာမူ ခံရခက်နေဆဲပင် ဖြစ်သည်။
နေ့တာရှည်ပြီး ညတာတိုသော ရာသီဖြစ်ရာ ရှုရှီ အချိန်ကျော်လွန်နေသော်လည်း နေမင်းမှာ လုံးဝဝင်မသွားသေးချေ ။
"ချင်းချင်း ။ဖရဲသီးအကြီးတစ်လုံးလှီးပြီး သခင်ကြီးလု ရေငတ်ပြေဖို့ ယူလာပေးလိုက်ပါ "
သူတို့သည် အသိဟောင်းများဖြစ်ကြသဖြင့် သခင်ကြီး လုကျန်းရှင်းက အားနာမနေတော့ပေ ။ဖရဲသီးကို မြိန်ရေယှက်ရေ စားရင်း ဝူကျိရှန်းကို ပြောသည် ။
"ကျွန်တော်လာတော့ အဖိုးကြီးတင်က ဝူအမတ်မင်းကိုသတင်းပါးလိုက်တယ်။ သူ နေကောင်းပါတယ်တဲ့ ။ဝူအမတ်မင်း စိတ်မပူပါနဲ့တဲ့ ။နောက်ပြီး သခင်မလေးရွန့် အတွက်လည်း အိမ်ကစာတစ်စောင် ပါလာတယ်"
လုကျန်းရှင်းသည် သူ၏ရင်ဘတ်အတွင်းမှ စာတစ်စောင်ကို ထုတ်ယူကာ သခင်မလေးရွန့်ထံသို့ ရိုရိုသေသေ ကမ်းပေးလိုက်လေ၏ ။
လုကျန်းရှင်းသည် မြို့နယ်အနှံ့ လှည့်လည်သွားလာနေသော ကုန်သည်တစ်ဦး ဖြစ်သည်။ သူသည် စီးပွားရေးကိစ္စဖြင့် ထိုက်ယွမ်မြို့သို့ လာသည့်အခါ အသိဟောင်းဖြစ်သူ ဝူကျိရှန်းထံ ဝင်ရောက်လည်ပတ်ခြင်းနှင့် မိသားစုဝင်များထံမှ စာတစ်စောင် တစ်ပါတည်း ယူဆောင်လာပေးခြင်းဖြစ်သည်။
"ဝူအမတ်မင်းက ထိုက်ယွမ်မှာ တာဝန်ထမ်းဆောင်တယ်ဆိုတော့ ကျွန်တော်က လမ်းကြုံဝင်နှုတ်ဆက်တာပါ။ လာတာက အလျင်စလိုဖြစ်နေလို့ လက်ဆောင်ကောင်းကောင်း မပြင်ဆင်နိုင်ခဲ့ဘူး"
" ဒါပေမဲ့ စုန့်မင်းဆက်လက်ထက်က ကူးယူထားတဲ့ ပန်ကျင်း ဆေးကျမ်းတစ်စောင် တွေ့တာနဲ့ လက်ဆောင်အဖြစ် ဝယ်လာခဲ့တယ် ။ ဝူအမတ်မင်း အပြုံးနဲ့ လက်ခံပေးပါ "
ပန်ကျင်း သည် မူကွဲများစွာရှိသော အသုံးများသည့် ဆေးကျမ်းတစ်စောင် ဖြစ်သော်လည်း စုန့်မင်းဆက်မူမှာ အကောင်းဆုံးဖြစ်ပြီးတွေ့ရခဲလေသည်။
ဝူကျိရှန်းသည် သမားတော်တစ်ဦး ဖြစ်ရာ ဆေးကျမ်းတစ်စောင်ကို လက်ဆောင်ပေးခြင်းမှာ အလွန်ပင် လျော်ကန်လှ၏ ။
"သခင်ကြီးလုက တကယ့်ကို အားနာစရာကောင်းအောင် လုပ်နေပြီ ။လာလည်တာနဲ့တင် လုံလောက်ပါပြီ ။ဘာလို့ လက်ဆောင်တွေ ပေးနေရတာလဲ"
ဝူကျိရှန်းက ချင်းချင်းကို ထိုဆေးကျမ်းကို သိမ်းဆည်းရန် အချက်ပြလိုက်သည်။
ချင်းချင်းက ဆေးကျမ်းကို လှမ်းအယူတွင် လက်တုန်သွား၍လော သို့မဟုတ် တစ်ခုခုကြောင့်လော မသိရဘဲ စာမျက်နှာများကြားမှ ရွှေရောင်အရာတချို့ ပြုတ်ကျလာလေ၏။
၎င်းတို့မှာ ရွှေဖက်လွှာများ ဖြစ်ကြသည်။
ရွှေဖက်လွှာများကို စာမျက်နှာများကြားတွင် တိတ်တဆိတ် ထည့်ထားခြင်းပင် ဖြစ်၏ ။
"သခင်ကြီးလု "
ကျိရှန်းက ရွှေဖက်လွှာများကို ကိုင်ကာ ပြုံးလျက် ပြောသည်။
"သခင်ကြီးလုက မိတ်ဆွေဟောင်းကို ဝင်နှုတ်ဆက်ရုံတင် မဟုတ်ဘူးထင်တယ် ။ကျွန်တော်တို့ သိလာတာလည်း ကြာပြီဆိုတော့ အားနာစရာတွေ ဖယ်ထားလိုက်ပါ ။ခင်ဗျား စိတ်ထဲရှိတာကိုပဲ ပြောပါ "
ဆေးကျမ်းတစ်စောင် ပေးခြင်းက ဘာမှမဟုတ်သော်လည်း ရွှေဖက်လွှာများကို စာမျက်နှာကြား ညှပ်ထည့်ထားခြင်းမှာမူ အကြောင်းအရာ တစ်မျိုးပြောင်းသွားပြီ ဖြစ်သည်။
လုကျန်းရှင်းကဲ့သို့ ကုန်သည်တစ်ဦးသည် အကြောင်းမဲ့ လက်ဆောင်ပေးလိမ့်မည် မဟုတ်ချေ။ သူ လိုချင်သောအရာ တစ်ခုခု ရှိနေရမည် ဖြစ်သည်။
,"ကောင်းပါပြီ ။ဒါဆိုရင်လည်း ကျွန်တော် တိုက်ရိုက်ပဲ ပြောပါ့မယ်"
လုကျန်းရှင်းက ရယ်မောရင်း သူ၏ ရည်ရွယ်ချက်ကို ထုတ်ပြောလေသည်။
"ကျွန်တော် သိသလောက်ဆိုရင် ဝူအမတ်မင်းက ရှန်းရှီးတစ်ပြည်နယ်လုံးရဲ့ ဆေးဝါးရေးရာတွေကို တာဝန်ယူထားရတယ် ။အထူးသဖြင့် နယ်စပ်စစ်တပ်အတွက် ဆေးဝါးဝယ်ယူရေးက ဝူအမတ်မင်းရဲ့ လုပ်ပိုင်ခွင့်ထဲမှာ မဟုတ်လား"
"ခင်ဗျားရဲ့ သတင်းက တကယ့်ကို မြန်လှချေလား "
"ဒီလောက် သတင်းကိုတောင် မသိရင် ကျွန်တော် ဘယ်လိုလုပ် စီးပွားရေး လုပ်မလဲ "
လုကျန်းရှင်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည် ။
"ဝူအမတ်မင်းနဲ့ ကျွန်တော်က အသိဟောင်းတွေပါ ။ကျွန်တော် လိမ်မပြောပါဘူး ။အခု ထိုက်ယွမ်ကို လာရတဲ့ ရည်ရွယ်ချက်က ပထမကတော့ မိတ်ဆွေဟောင်းကို လာတွေ့တာပါ။ ဒုတိယကတော့ ဆေးဝါးဝယ်ယူရေးကိစ္စကို စုံစမ်းချင်လို့ပါ "
ဆေးဝါးကျင်းပေါင်း သောင်းနှင့်ချီသောစီးပွားရေးအကြီးကြီးကို ကုန်သည်များစွာက မျက်စိကျနေကြပြီ ဖြစ်သည်။ထိုအမြတ်အစွန်းကို မည်သူက မလိုချင်ဘဲ နေမည်နည်း။
လုကုန်းရှင်းသည် ဝူကျိရှန်းနှင့် ရင်းနှီးမှုရှိရာ သတင်းကြားသည်နှင့်ထိုစီးပွားရေးကို ရရှိရန် ချက်ချင်း အပြေးလာခဲ့ခြင်း ဖြစ်၏ ။
"ခင်ဗျားက ဒီဆေးဝါးစီးပွားရေးကို လုပ်ချင်တာလား"
"ဒါပေါ့ "
လုကျန်းရှင်းက ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။
"ဝူအမတ်မင်းကိုယ်တိုင်က ဆေးပညာရှင်ဆိုတော့ ဆေးဝါးစီးပွားရေးက ဘယ်လောက် အမြတ်ထွက်တယ်ဆိုတာ သိမှာပါ ။ ကျွန်တော် ဒီစီးပွားရေးကို ယူချင်တယ် ။ အမြတ်ကိုတော့ "
လုကျန်းရှင်းက လက်ဝါးကို ဖြန့်ကာ ဝူကျိရှန်း၏ ရှေ့တွင် ပြလိုက်သည် ။
"အမြတ်ကို ငါးဆယ်စီ ခွဲယူကြမယ်"
အစိုးရနှင့် စီးပွားရေးလုပ်ရာတွင် အတွင်းလူများ၏ လျှို့ဝှက်ကူညီမှု မပါဘဲနှင့်မူ မဖြစ်နိုင်ချေ ။
လုကျန်းရှင်းသည် ပါးနပ်သော ကုန်သည်တစ်ဦး ဖြစ်ရာ အရာရှိများနှင့် မည်သို့ ဆက်ဆံရမည်ကို ကောင်းစွာ သိလေသည် ။
သူ၏ ရည်ရွယ်ချက်မှာ ထိုစီးပွားရေးကို ဝူအမတ်မင်းထံမှ ရယူရန်ဖြစ်ပြီး ငွေရလာသည့်အခါ တစ်ဝက်စီ ခွဲယူရန် ဖြစ်သည် ။
"ဒီစီးပွားရေးက .. သခင်ကြီးလု .. ခင်ဗျား လုပ်နိုင်မှာ မဟုတ်ဘူးထင်တယ် "
"ဝူအမတ်မင်းက တခြားသူကို ပေးလိုက်ပြီလား "
"မဟုတ်ပါဘူး "
ဝူကျိရှန်းက ပြုံးကာ ပြောလိုက်၏။
"အသိတွေမို့လို့ ကျွန်တော် ခင်ဗျားကို မဖုံးကွယ်ပါဘူး ။ဒီစီးပွားရေးကို ခင်ဗျားယူဖို့ အကြံပေးချင်တယ်"
"ဘာလို့လဲ "
"ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဆေးဝါးရေးရာဌာနမှာ ငွေမရှိလို့ပဲ"
ဝူကျိရှန်းက အားရပါးရ ရယ်မောရင်း ပြောလိုက်သည်။
"ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော့်မှာ စုစုပေါင်း ငွေစင်လေးထောင်ပဲ ရှိတယ် "
ဒါက ဆေးဝါးကျင်းပေါင်း သောင်းနဲ့ချီတဲ့ စီးပွားရေးအကြီးကြီး ဖြစ်သော်လည်း ဝူကျိရှန်းတွင် ဝယ်ယူရန် ငွေအလုံအလောက် မရှိချေ။
လုကိန်းရှင်း၏ မိသားစုမှာ ချမ်းသာသည်ဆိုသော်လည်း ငွေစင် ငါးသောင်း ခြောက်သောင်းခန့်မှာမူ သူ စိုက်ထုတ်နိုင်သော ပမာဏ မဟုတ်ချေ။
ရုပ်ရှင်ဇာတ်ကားများတွင် ဇာတ်လိုက်နှင့် ဇာတ်ပို့များက ငွေစင်သောင်းနှင့်ချီ၍ အလွယ်တကူ ထုတ်ပေးတတ်ကြသည်မှာ စာရေးဆရာများ၏ အလကား စကားများသာ ဖြစ်သည်။
ငွေစင် ငါးသောင်း ခြောက်သောင်းဆိုသည်မှာ ငွေစင် တစ်တန် နှစ်တန်ခန့်နှင့် ညီမျှလေသည် ။မြို့နယ်အသေးလေးက ချမ်းသာသော ကုန်သည်တစ်ဦးက ဤမျှများပြားသော ရင်းနှီးငွေကို မည်သို့ ထုတ်နိုင်မည်နည်း။
လုကျန်းရှင်း၏ ငွေကြေးအင်အားနှင့်ဆိုလျှင် ဤစီးပွားရေးကို သူ မနိုင်နင်းနိုင်ချေ ။
လုကျန်းရှင်းသည်လည်း မိမိကိုယ်ကိုယ် သိသူဖြစ်ရာ ရယ်မောရင်း ပြောလိုက်သည် ။
"ဒါဆိုရင်တော့ ဟုတ်ပါပြီ ။ကျွန်တော် ဒီစီးပွားရေးကို မလုပ်နိုင်တော့ဘူး ။ အမှန်အတိုင်း ပြောပြတဲ့အတွက် ဝူအမတ်မင်းကို ကျေးဇူးတင်ပါတယ် "
မိမိမနိုင်သော စီးပွားရေးကို ဇွတ်မလုပ်ခြင်းမှာ လုကျန်းရှင်း၏ မူတစ်ခု ဖြစ်သည်။
ဝူကျိရှန်းကပြုံးလျက်ပြောလိုက်သည်။
"ခင်ဗျားပေးတဲ့ ဆေးကျမ်းကိုတော့ လက်ခံလိုက်မယ်။ဒါပေမဲ့ ဒီရွှေဖက်လွှာတွေကိုတော့ ပြန်ယူသွားပါ "
ပေးပြီးသား လက်ဆောင်ဖြစ်ရာ ကိစ္စမအောင်မြင်သော်လည်း ပြန်ယူရန်မှာ မကောင်းချေ။
ထို့ကြောင့် လုကျန်းရှင်းက ရွှေဖက်လွှာများကို ပြန်မယူရန် အတင်းငြင်းဆန်နေလေသည်။
"ခင်ဗျားရဲ့ ရွှေကို ကျွန်တော်လက်မခံနိုင်ဘူ"
ဝူကျိရှန်းက ဆက်ပြောလိုက်သည် ။
"ကျွန်တော်က ဆဌမအဆင့် အရာရှိလေး ဆိုပေမဲ့ နန်းတွင်းအရာရှိ တစ်ယောက်ပဲ ။ခင်ဗျားရဲ့ ရွှေကိုယူလိုက်ရင် ဒါက လာဘ်ပေးလာဘ်ယူမှုလို့ သံသယဝင်စရာ ဖြစ်မနေဘူးလား"
"ကျွန်တော်တို့ ကိစ္စကမှ မဖြစ်မြောက်တာ ။ဘယ်လိုလုပ် လာဘ်ပေးလာဘ်ယူ ဖြစ်မှာလဲ "
အောင်မြင်သော ကုန်သည်တစ်ဦး ဖြစ်ရန်အတွက် လုကျန်းရှင်းသည် စိတ်သဘောထား ကြီးမြတ်သူ ဖြစ်ရမည်ဖြစ်ရာ ကိစ္စမအောင်မြင်တိုင်း လက်ဆောင်ကို ပြန်ယူလေ့မရှိချေ ။
နှစ်ယောက်သား အပြန်အလှန် ငြင်းခုံနေကြသော်လည်း လုကျန်းရှင်းက အပြတ်အသတ်ငြင်းဆန်နေလေသည်။
"ခင်ဗျားက ဒီရွှေတွေကို ပြန်မယူဘူးဆိုတော့လည်း အလကား လက်ခံလို့ မဖြစ်ဘူး"
ဝူကျိရှန်းက ချင်းချင်းကို လှမ်းပြောသည်။
"ချင်းချင်း ။ငါတို့ရဲ့ ရတနာကို ထုတ်လာပြီး သခင်ကြီူလုကို ပေးလိုက်။ ငါတို့လည်း လက်ဆောင်ပြန်ပေးရမယ်"
လုကျန်းရှင်းပေးသော ရွှေဖက်လွှာများမှာ ပါးလွှာပြီး အလွန်မလေးသော်လည်း ရွှေစင်များ ဖြစ်ကြသည်။ သူတစ်ပါး၏ ရွှေကို အလကားယူရန် မသင့်တော်သဖြင့် လက်ဆောင်တစ်ခု ပြန်ပေးခြင်းမှာသာသင့် လျော်ပေမည်။
ချင်းချင်းက လင်ဇီးမှို အကြီးကြီးတစ်ခုကို လက်နှစ်ဖက်ဖြင့် မယူလာသည့်အခါ လုကျန်းရှင်းမှာ ချက်ချင်းပင် အံ့အားသင့်သွားရလေသည်။
လုကျန်းရှင်းကဲ့သို့ ချမ်းသာသော ကုန်သည်တစ်ဦးသည် လောကအမြင် ကျယ်သူဖြစ်ရာ လင်ဇီးမှိုဆိုသည်မှာ သူ့အတွက် အလွန်တန်ဖိုးကြီးသော အရာ မဟုတ်ချေ ။
သို့သော် ချင်းချင်း ယူဆောင်လာသော လင်ဇီးမှိုမှာမူ တကယ့်ကို တွေ့ရခဲလှသည် ။ လင်ဇီးမှို အကြီးအသေး ကိုးခုမှာ တစ်ခုတည်းအဖြစ် ပေါက်နေပြီး ၎င်း၏ ထိပ်ပိုင်းမှာ ခရမ်းရောင် သန်းနေပြီ ဖြစ်သည်။
"ဦးခေါင်းကိုးလုံးခရမ်းရောင်လင်ဇီးမှို"
လုကျန်းရှင်းသည်ထိုကဲ့သို့ အရာမျိုးကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည် ။သူသည် ချက်ချင်း ထရပ်လိုက်ပြီး မသိလိုက်ဘဲ ရေရွတ်မိသည် ။
" ဒါက ဦးခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုပဲ ။ဒီလို အရာမျိုးက တကယ့်လောကမှာ ရှိနေတာပဲလား "
ဒဏ္ဍာရီများနှင့် ပုံပြင်များစွာတွင် ဦးခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုသည် သိဒ္ဓိဝင် ဆေးဖက်ဝင် အပင်တစ်မျိုး ဖြစ်သည် ။ထိုမှိုသည် ပုန့်လိုင် နတ်တောင်ထိပ်တွင် ပေါက်ရောက်ပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များ ၊ နေနှင့် လ၏ အဆီအနှစ်များကို စုပ်ယူထားသည်ဟု ဆိုကြသည် ။
ကုသိုလ်ကံရှိသူများ စားသုံးမိပါက နေ့ချင်းပင်နတ်ပြည်တက်နိုင်ပြီး သာမန်လူများလည်း အသက်ရာကျော် ရှည်နိုင်သည်ဟု ဆိုစမှတ် ပြုကြလေသည် ။
**************
`
အခန်း ၇၈ မှန်ကန်သောနည်းလမ်းဖြင့် ငွေရှာခြင်း
လင်ဇီးမှိုဆိုသည်မှာ လင်ဇီးမှိုသာ ဖြစ်သည်။ ဆေးဖက်ဝင်အာနိသင်တချို့ ရှိသည်ဆိုစေဦးတော့ ၎င်း၏အနှစ်သာရမှာ မှိုအမျိုးအစားတစ်ခုထက် မပိုပေ။ မှိုများနှင့်လည်း သိပ်မခြားနားလှချေ ။
နတ်ဆေးဖြစ်ခြင်း သို့မဟုတ် အသက်ရှည်စေခြင်းဟူသော ပြောဆိုချက်များကိုမူ ဝူကျိရှန်းက ဘယ်သောအခါမျှ ယုံကြည်မည်မဟုတ်ပေ။
လုကျန်းရှင်းမှာမူ အံ့ဩမှုမှမရုန်းထွက်နိုင်သေးဘဲ ရှိနေသည် ။
"ကျွန်တော်ကဲ့သို့သောသူက ဒီလို ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာမျိုးကို လက်ခံဖို့ ထိုက်တန်ပါ့မလား "
"ဘယ်က ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာလဲ ။ ဒါက လင်ဇီးမှိုတစ်ခုပါပဲ "
ဝူကျိရှန်းက ပြုံးလျက် ပြောလိုက်သည်။
"ခင်ဗျားပြောသလောက်လည်း မဆန်းကြယ်ပါဘူး ။ဒီအရာက လူကို နတ်ဖြစ်အောင်လည်း မလုပ်နိုင်ဘူး အသက်ရှည်အောင်လည်း မလုပ်ပေးနိုင်ဘူး"
မည်သို့ပင်ဆိုစေ ထိုမှိုသည်ဦးခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှို ဖြစ်သည်။ ထိုကဲ့သို့ အံ့ဖွယ်အာနိသင်များ မရှိလျှင်ပင် ၎င်းသည် မင်္ဂလာရှိသော နိမိတ်တစ်ခု ဖြစ်၏။ အကယ်၍ ၎င်းကို နန်းတော်သို့ ဆက်သပါက ကြီးပွားချမ်းသာမှုနှင့် ရာထူးဂုဏ်ရှိန်ကို ရရှိမည်မှာ သေချာလှပေသည် ။
သမိုင်းတစ်လျှောက် ဧကရာဇ်အများစုသည် ဤကဲ့သို့သော မင်္ဂလာနိမိတ်များကို အလွန်လိုလားကြသည် ။မင်္ဂလာနိမိတ်တစ်ခုကို ဧကရာဇ်ထံ ဆက်သနိုင်သရွေ့ ၎င်းကို စည်းစိမ်ဥစ္စာနှင့် လဲလှယ်နိုင်စမြဲပင် ဖြစ်၏။
သို့သော် အရာရာတွင် အစွန်းရောက်သည်တော့ မဟုတ်ချေ။မင်မင်းဆက်ကို တည်ထောင်သူ ဟုန်ဝူဧကရာဇ် ကျူးယွမ်ကျန်းသည် မင်္ဂလာနိမိတ်ဟူသော အယူအဆကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ပေ။
ကျူးယွမ်ကျန်း နန်းတက်၍ ဧကရာဇ်ဖြစ်လာကတည်းက ဒေသအသီးသီးမှ ဆက်သသော မင်္ဂလာနိမိတ်များမှာ မပြတ်ခဲ့ချေ ။
တချို့က ကျုံးနန်တောင်တွင် ဝှိုက်ကလင် ပေါ်သည်ဟု ဆိုကြသည် ။တချို့က လော့ရန်မြို့ရှိ လက်ပံပင်ပေါ်တွင် ရောင်စုံဖီးနစ်ငှက်များ နားနေသည်ဟု ဆိုကြသည် ။
တချို့ကမူ အရှေ့ပင်လယ်တွင် နတ်နဂါးများ ပျံသန်းနေသည်ဟုပင် ဆိုကြသေးသည်။ လက်တွေ့တွင်မူ အားလုံးက ဟန်ဆောင်မှုနှင့် အဓိပ္ပာယ်မရှိသော စကားများသာ ဖြစ်၏ ။
ဤမင်္ဂလာနိမိတ်များ မည်သို့ ထွက်ပေါ်လာသည်ကို မသိသော်လည်း ကျူးယွမ်ကျန်းကမူ တစ်ခုမယုံကြည်ခဲ့ပေ။ သူသည် ဒေသအသီးသီးမှ မင်္ဂလာနိမိတ်များ ထပ်မံမဆက်သရန် အမိန့်ပင် ထုတ်ပြန်ခဲ့သေးသည် ။
အကယ်၍ ဤသို့သော မင်္ဂလာနိမိတ်များဖြင့် လှည့်စား၍ ရမည်ဆိုပါက ကျူးယွမ်ကျန်းသည် ကျူးယွမ်ကျန်း ဖြစ်လာလိမ့်မည် မဟုတ်ချေ ။
ထိုနတ်နဂါးများ ၊ ဖီးနစ်များနှင့် ကလင်များထက်စာလျှင် တကယ်ရှိသော လင်ဇီးမှိုမှာမူ အနည်းငယ် လက်တွေ့ကျနေပေသည်။
သို့သော် မည်မျှပင် လက်တွေ့ဆန်သည်ဆိုစေထိုအရာသည် စစ်မှန်သော ဦးခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှို ဖြစ်သည်။
ယင်းသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များ ၊ နေနှင့် လ၏ အဆီအနှစ်များ ပါဝင်သော နတ်ဆေးဖြစ်သည်ဟု ယုံကြည်သူများ အမြဲရှိနေမည်ဖြစ်ရာ ၎င်းကို မြင့်မားသော ဈေးနှုန်းဖြင့် ရောင်းချနိုင်မည်မှာ ဧကန်မလွဲပင် ဖြစ်၏ ။
လုကျန်းရှင်း၏ ခန့်မှန်းချက်အရ ထိုကဲ့သို့သော အဆင့်မြင့် ဦးခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုတစ်ပွင့်လျှင် ငွေစင် ငါးရာမှ ခုနစ်ရာအထိ တန်ကြေးရှိသင့်ပေသည်။
"ငွေစင် ငါးရာကနေ ခုနစ်ရာလား "
ဝူကျိရှန်းက ပြုံးလျက် မေးလိုက်သည်။
"သခင်ကြီးလု ။ ဒီဦးခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုက အဲဒီလောက်အထိ တန်တယ်လို့ တကယ်ထင်တာလား "
"ဒါပေါ့ "
လုကျန်းရှင်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်လေသည် ။
"ဒီအရာက လောကမှာ တွေ့ရခဲတယ် ။ အနည်းဆုံးတော့ ငါးရာကနေ ခုနစ်ရာအထိ တန်တယ် ။အကယ်၍ သဘောထားကြီးတဲ့ သူဌေးကြီးတွေနဲ့ တွေ့ရင် ငွေစင်တစ်ထောင်အထိတောင် ရောင်းရနိုင်တယ် "
"သခင်ကြီးလုက ဒီလောက်အထိ ယုံကြည်နေမှတော့ ကျွန်တော့်မှာ ခင်ဗျားနှင့် လုပ်စရာ စီးပွားရေးတစ်ခု ရှိလာပြီ"
ဝူကျိရှန်းက ချင်းချင်းကို မျက်စိတစ်မှိတ်ပြလိုက်သည် ။
" ချင်းချင်း ။ဦးခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုတွေ ပိုယူလာခဲ့ပြီး သခင်ကြီးလုကို ပြလိုက်ပါဦး "
ချင်းချင်းက ဦးခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုများ ပြည့်နေသော ခြင်းတစ်ခြင်းလုံးကို ယူလာသည့်အခါ လုကျန်းရှင်းမှာ ချက်ချင်းပင် ဆွံ့အသွားရလေသည်။
ဦးခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုဆိုသည်မှာ တွေ့ရခဲသော ကောင်းကင်နှင့်မြေကြီး၏ ရတနာ ဖြစ်သည်။
တစ်သက်တွင် တစ်ကြိမ်မြင်ရလျှင်ပင် ကံကောင်းသည်ဟု မှတ်ယူကြသော်လည်း ချင်းချင်းက တစ်ခြင်းလုံး ယူဆောင်လာခဲ့လေ၏။
လုကျန်းရှင်းသည် အမြင်မရှိသော တောသားတစ်ဦး မဟုတ်သော်လည်း ယခုအချိန်တွင်မူ သူ၏လည်ချောင်းများ ခြောက်ကပ်လာပြီး အသံပင် အက်ရှလာသည် ။
"ဦးခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုတွေ ဘာလို့ ဒီလောက်အထိ များနေရတာလဲ ။ ဝူအမတ်မင်း ဒါတွေကို ဘယ်ကနေ ရခဲ့တာလဲ "
"ဒါတွေကို ဘယ်ကရသလဲဆိုတာ အခုလောလောဆယ် ဂရုမစိုက်ပါနဲ့ဦး။ စီးပွားရေးအကြောင်း အရင်ပြောရအောင်"
ဝူကျိရှန်းက ခြင်းထဲသို့ လက်ညှိုးထိုးပြရင်း ပြောသည် ။
" ဒီအရာက ငါးရာကနေ ခုနစ်ရာအထိ တန်တယ်လို့ ခင်ဗျားပြောတယ် မဟုတ်လား ။ ကျွန်တော်က ခင်ဗျားကို တစ်ဝက်ဈေးနှင့်ပေးမယ်။ တစ်ပွင့်ကို ငွေစင်နှစ်ရာပဲ ဘယ်လိုလဲ"
ငွေစင် ငါးရာမှ ခုနစ်ရာ တန်သောအရာကို ငွေစင်နှစ်ရာဖြင့်သာ ဝယ်ရမည်ဆိုပါက ပြန်လည်ရောင်းချရုံနှင့် အမြတ်နှစ်ဆ ချက်ချင်းရမည် ဖြစ်သည် ။
လုကျန်းရှင်းသည် ဤအရာမှာ အခွင့်အရေးကောင်းတစ်ခု ဖြစ်ကြောင်း ချက်ချင်း သိလိုက်ပြီး လျင်မြန်စွာ သဘောတူလိုက်သည် ။
" ဝူအမတ်မင်းက ကျွန်တော့်ကို အလကား ငွေရှာဖို့ အခွင့်အရေး ပေးလိုက်တာပဲ ။ကျွန်တော်က ကြိုတင်ပြီး ကျေးဇူးတင်ပါတယ် "
"ဒါက စီးပွားရေးတစ်ခုပါပဲ ။ အလျင်စလို ကျေးဇူးတင်စရာ မလိုပါဘူး ။အရင်ဆုံး ခြင်းထဲမှာ ဘယ်နှစ်ပွင့်ရှိလဲဆိုတာ ရေတွက်ကြည့်ပါဦး"
လုကျန်းရှင်းက သေချာစွာ ရေတွက်ကြည့်ရာ ဦးခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှို စုစုပေါင်း၂၄ ပွင့် ရှိလေသည်။
သို့သော် တချို့မှာ အနည်းငယ် သေးငယ်ပြီး နှစ်ပွင့်မှာမူ ခူးဆွတ်စဉ်က ပေါ့ဆမှုကြောင့် သိသာသော ထိခိုက်ဒဏ်ရာများ ရှိနေသဖြင့် ပုံပန်းသဏ္ဍာန်မှာ ပျက်နေ၏။
"ပုံပန်းသဏ္ဍာန် မလှတာတွေနဲ့ အသေးလေးတွေကိုတော့ အလကားပေးလိုက်မယ်"
ဝူကျိရှန်းက ဂေါ်ဖီထုပ် ရောင်းသကဲ့သို့ပင် ပြောနေလေသည် ။ ဂေါ်ဖီထုပ် နှစ်ထုပ်ဝယ်လျှင် ကြက်သွန်မြိတ် အပိုပေးသကဲ့သို့ပင် ဖြစ်၏ ။
"ကျေးဇူးတင်ပါတယ် ဝူအမတ်မင်း ။ အဆင့်မြင့် ဦးခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှို ၁၉ ပွင့် ရှိတယ်ဆိုတော့ ငွေစင် ၃၈၀၀ ကျသင့်မှာပါ။ ဒါပေမဲ့ ကျွန်တော်က ငွေသားအများကြီး ယူမလာခဲ့ဘူး ။ငွေတွေကို နောက်မှ ဝူအမတ်မင်းဆီ လာပို့လို့ ရမလား"
ဤခေတ်တွင် ငွေစက္ကူများ မရှိသေးချေ ။ ငွေစင် ၃၈၀၀ ဆိုသည်မှာ ကျင်းနှစ်ရာကျော် လေးလံလှရာ အကြောင်းမဲ့ အပြင်ထွက်သည့်အခါ ငွေစင် ကျင်းနှစ်ရာကျော်ကို မည်သူက သယ်လာမည်နည်း ။
"ကျွန်တော်က ငွေသားကိုမလိုချင်ဘူး"
ဝူကျိရှန်းက ပြုံးလျက် ပြောလိုက်၏။
"သခင်ကြီးလုက အဲဒီငွေတွေကို ဒဏ်ရာကုသတဲ့နေရာမှာ သုံးတဲ့ စန်းချီ နဲ့ ချွမ်းရှုံ တို့လို ဆေးဝါးတွေအဖြစ် ပြောင်းပြီး ကျွန်တော့်ဆီ ပို့ပေးလို့ ရတယ်။ဒါဆိုရင် အဆင်ပြေပြီ "
ငွေသားအစား ဆေးဝါးများသာ ယူလိုက်ပါကဝူကျိရှန်းအတွက် ဝယ်ယူရေးအဆင့်တစ်ခု လျော့နည်းသွားခြင်း ဖြစ်သည် ။လုကျန်းရှင်းသည်လည်း ထိုအခွင့်အရေးကို အသုံးချကာ ၁၀ ရာခိုင်နှုန်းခန့် အမြတ်ပိုရနိုင်သဖြင့် နှစ်ဦးနှစ်ဖက် အဆင်ပြေလှပေသည်။
သို့သော် လုကျန်းရှင်းမှာမူ ထိုအမြတ်အစွန်းလေးကို စိတ်ထဲမရှိတော့ဘဲ သူ၏ အာရုံမှာ ဤနေရာတွင် မရှိတော့ချေ ။
" ကျွန်တော် မမှားဘူးဆိုရင် ဒီဦးခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုတွေက သဘာဝအတိုင်း ပေါက်တာ မဟုတ်ဘူး မဟုတ်လား "
ဦးခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုဆိုသည်မှာ သာမန်ဂေါ်ဖီထုပ်ကဲ့သို့ မဟုတ်ဘဲ တစ်ပွင့်ရရန်ပင် အလွန်ခဲယဉ်းလှသည် ။သို့ပါသော်လည်း ဝူကျိရှန်းက တစ်ခြင်းလုံး ထုတ်ပေးနိုင်သည်မှာ အခြေအနေကို ရှင်းပြရန် လုံလောက်နေပြီ ဖြစ်၏ ။
လုကျန်းရှင်းသည် အလွန်ပါးနပ်သောသူ ဖြစ်ရာ ချက်ချင်းပင် ရိပ်မိသွားလေသည် ။
"အမှန်အတိုင်း ပြောရရင် ဒါတွေက တကယ်ပဲ သဘာဝအတိုင်း ပေါက်တာ မဟုတ်ဘူး "
ဝူကျိရှန်းက ပြုံးလျက်
"ဒါတွေ ဘယ်ကလာသလဲဆိုတာ ခင်ဗျားအရမ်း သိချင်နေလား"
"ဝူအမတ်မင်းက ပြောပြမယ်ဆိုရင်တော့ ကျွန်တော်သေချာ နားထောင်ပါ့မယ်"
တကယ်တော့ ဖုံးကွယ်ထားစရာ မရှိပါဘူး ။ဝူကျိရှန်းက လုကျန်းရှင်းကို ထင်းတဲတံခါးဝသို့ ခေါ်သွားကာ ညာဘက်လက်ကို ဆန့်ထုတ်၍ ဝင်ရန် အချက်ပြလိုက်သည် ။
"လင်ဇီးမှိုတွေက အခန်းထဲမှာ ရှိတယ်။ သခင်ကြီးလု .. ဝင်ကြည့်ပါဦး"
ထင်းတဲထဲသို့ ဝင်လိုက်သည်နှင့် လုကျန်းရှင်းမှာ ချက်ချင်းပင် မှင်တက်သွားရပြီးရုပ်တစ်ခုကဲ့သို့ ငြိမ်သက်သွားလေ၏ ။
ထင်းတဲထဲတွင် အဆင့်ဆင့်ပြုလုပ်ထားသော သစ်သားစင်များ ရှိနေပြီး အဆင့်တိုင်းတွင် လင်ဇီးမှို အမျိုးမျိုးဖြင့် ပြည့်နှက်နေသည် ။ တချို့မှာ အဖြူရောင် မှိုမျှင်လေးများသာ ရှိသေးပြီး တချို့မှာမူ ချိုးဥအရွယ် ရှိနေပြီ ဖြစ်သည် ။တချို့မှာမူ ပုံစံပေါ်နေပြီဖြစ်ပြီး ခရမ်းနီရောင် မှိုဦးထုပ်များ ပွင့်နေလေပြီ။
တောင်းစားသူတစ်ဦးက အရှေ့ပင်လယ်နဂါးမင်း၏ ရတနာတိုက်ထဲသို့ ရောက်သွားသကဲ့သို့ပင် လုကျန်းရှင်းမှာ လုံးဝ ဆွံ့အသွားရလေသည်။
သူသည် လူများက ဆန်စပါးနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးသည်ကိုသာ မြင်ဖူးခဲ့သည်။ ဤကဲ့သို့ လင်ဇီးမှိုများကို အကြီးအကျယ် စိုက်ပျိုးခြင်းမှာမူ တစ်ခါမျှ မကြားဖူးခဲ့သလို အိပ်မက်ပင် မမက်ဝံ့ခဲ့ချေ။
"လင်ဇီးမှိုတွေကို စိုက်ပျိုးနိုင်တာ ဝူအမတ်မင်းမှာ တကယ့်ကို အံ့မခန်းတဲ့ စွမ်းရည်ရှိတာပဲ "
အံ့သြနေစဉ်အတွင်း လုကျန်းရှင်းက လက်တွေ့ကျသော မေးခွန်းတစ်ခုကို မေးလိုက်သည်။
" အကယ်၍ ဒီလိုသာဆိုရင် လင်ဇီးမှိုရဲ့ ဈေးနှုန်းက တကယ်ပဲ ထိုးကျသွားတော့မှာပဲ"
"ဒါကတော့ သေချာတာပေါ့ "
လင်ဇီးမှိုက မည်မျှပင် တန်ဖိုးရှိသည်ဆိုစေ ပမာဏအမြောက်အမြား ထွက်လာသည်နှင့် ဈေးနှုန်းမှာ ကျဆင်းသွားမည်မှာ မလွဲဧကန် ဖြစ်သည်။၎င်းသည် ဇိမ်ခံပစ္စည်းဈေးနှုန်းမှ သာမန်ဆေးဝါးဈေးနှုန်းသို့ ပြန်ရောက်သွားပေမည်။
တစ်နည်းအားဖြင့် ပြောရလျှင် လုကျန်းရှင်းအနေဖြင့် ဤမျှများပြားသော ငွေကို ရှာနိုင်တော့မည် မဟုတ်ချေ။
လုကျန်းရှင်းသည် ကုန်သည်ပီပီ အမြတ်ဟူသော စကားလုံးအပေါ် သဘာဝအလျောက် အာရုံခံစားနိုင်စွမ်း ရှိလေသည်။အဆင့်မြင့်တဲ့ ဦးခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုတွေကို တတ်နိုင်သမျှ များများ စိုက်ပျိုးပြီး ဈေးကောင်းကောင်းနဲ့ ရောင်းဖို့ပဲ နည်းလမ်းရှိတော့တယ်။
အဆင့်မြင့် ဦးခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုများကို ပိုမိုစိုက်ပျိုးကာ အဆင့်မြင့်ဈေးကွက်သို့ တင်ပို့ခြင်းကသာ ငွေရှာရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။
ဒါက မခက်ခဲလှချေ။ အဘယ်ကြောင့်ဆိုသော် ဤအရာမှာ လူက ဖန်တီး၍ စိုက်ပျိုးခြင်းဖြစ်သောကြောင့်ပင် ဖြစ်၏။
လိုအပ်ချက် ရှိနေသရွေ့ ဦးခေါင်းကိုးလုံးတင်မကဘဲ ဦးခေါင်း တစ်ဆယ့်ကိုးလုံး ၊နှစ်ဆယ့်ကိုးလုံး ရှိသော လင်ဇီးမှိုများကိုပင် ထုတ်လုပ်နိုင်သည်။ ၎င်းမှာ စိုက်ပျိုးသည့်အခါ စုပြုံစိုက်ပျိုးလိုက်ရုံသာ ဖြစ်သည်။
*************