အခန်း (၇၉-၈၀)
Vol. 7 Ch. 79-80
အခန်း ၇၉ မင်္ဂလာနိမိတ်အစစ်
ခမ်းနားထည်ဝါလှသော မင်အင်ပါယာနန်းတော်ကြီးသည် ဂုဏ်သရေရှိလှပြီး နေရာတိုင်းတွင် ဧကရာဇ်မိသားစု၏ အရှိန်အဝါနှင့် ခန့်ညားမှုကို ပြသနေလေသည်။
အထူးသဖြင့် မြင့်မားလှသော နန်းတော်၏ အုတ်နီတံတိုင်းကြီးများသည် လူတို့ကို မမြင်နိုင်သော ဖိအားများကို အမြဲပေးနေတတ်ပြီး ကောင်းကင်ဘုံ၏ အမျက်ဒေါသကို မစော်ကားဝံ့စရာအရှိန်အဝါမျိုးရှိနေ၏။
နန်းတော်ခန်းမမကြီးအတွင်း၌ ဟုန်ဝူဧကရာဇ် ကျူးယွမ်ကျန်းသည် မြောက်ပိုင်းစစ်ဆင်ရေးအတွက် ပြင်ဆင်နေလေသည် .။
"အမိန့်တော်အတိုင်း စုန့်နိုင်ငံတော်နယ်စားကြီးကို မြောက်ပိုင်းအောင်နိုင်ရေး စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်ပြီး မြောက်ပိုင်းစစ်ဆင်ရေးရဲ့ အဝဝကို တာဝန်ယူစေရမယ်"
မင်မင်းဆက် တည်ထောင်ပြီးကတည်းက နှစ်အနည်းငယ်ကြာတိုင်း မြောက်ပိုင်းစစ်ဆင်ရေး တစ်ကြိမ် ပြုလုပ်လေ့ရှိရာ ယခုမှာ ငါးကြိမ်မြောက် ရှိနေပြီ ဖြစ်သည်။
ဤမြောက်ပိုင်းစစ်ဆင်ရေး၏ အမြင့်ဆုံး စစ်ဘက်ခေါင်းဆောင်အဖြစ် စုန့်နိုင်ငံတော်နယ်စားကြီး ဖုန်းရှန်းသည် အသင့်တော်ဆုံး ပုဂ္ဂိုလ်ဖြစ်၏ ။ယခင်မြောက်ပိုင်းစစ်ဆင်ရေးကိုလည်း သူကပင် ဦးဆောင်ခဲ့ခြင်းဖြစ်ရာ အတွေ့အကြုံရှိရုံတင်မကဘဲ စစ်တပ်အတွင်း၌လည်း သြဇာအလွန်ကြီးမားလေသည် ။
သို့သော် မြောက်ပိုင်းစစ်ဆင်ရေးကဲ့သို့ အကြီးစား စစ်ဆင်ရေးတစ်ခုအတွက် စစ်သေနာပတိ တစ်ဦးတည်းနှင့်မူ မလုံလောက်ချေ ။
စစ်သေနာပတိချုပ် ဖုန်းရှန်းက အင်းနိာင်ငံတော်နယ်စား ဖူယူတယ်ကို သူ၏ ဒုတိယစစ်သေနာပတိအဖြစ် အဆိုပြုလိုက်သည်။
ဖူယူတယ်သည် ပုဆိုးနီတပ်မတော်ခေတ်ကတည်းက လက်အောက်ငယ်သားဟောင်း တစ်ဦးဖြစ်ပြီး အနောက်မြောက်နှင့် အနောက်တောင်ဒေသများ ငြိမ်းချမ်းရေးအတွက် စစ်ဆင်ရေးများတွင် ထူးချွန်သောစွမ်း ဆောင်ရည်များရရှိထားသူ ဖြစ်၏။
မင်မင်းဆက်အစောပိုင်းမှ ထူးချွန်လှသော စစ်ဘက်ပါရမီရှင်များဖြစ်သည့် စစ်သူကြီးကြီး ရွှီသနှင့်ချန်ယွီချွန်းတို့နှင့် မတူဘဲ ဖူယူတယ်မှာမူ ထူးခြားသော စွမ်းဆောင်ရည် မရှိသကဲ့သို့ ထင်ရလေသည်။
တိုက်ပွဲတိုင်းနီးပါးတွင် သူ၏ ထင်ရှားသော အခိုက်အတန့်များ မရှိသော်လည်း တိုက်ပွဲတိုင်းကိုမူ သူ အနိုင်ရခဲ့သည်။
ယင်း၏ အခြေခံအကြောင်းရင်းမှာ စကားလုံးတစ်လုံးတည်းသာ ရှိ၏။ တည်ငြိမ်မှု ပင် ဖြစ်သည်။
သူသည် ရင့်ကျက်တည်ငြိမ်ပြီး တောင်ကြီးတစ်လုံးကဲ့သို့ ခိုင်မာလှသည်။ ထူးခြားဆန်းပြားသော စစ်ဗျူဟာများကို မလိုက်စားဘဲ တပ်မှူးလေးဘဝမှစ၍စွမ်းဆောင်မှုများကို တစ်ဆင့်ချင်း စုဆောင်းကာ ယနေ့တွင်မူ အင်းနိုင်ငံတော်နယ်စား ဖြစ်လာခဲ့သည်။
သြဇာကြီးမားသော စစ်သေနာပတိချုပ်နှင့် ရင့်ကျက်တည်ငြိမ်သော ဒုတိယစစ်သေနာပတိတို့၏ ပေါင်းစပ်မှုမှာ အမှန်ပင် ပြီးပြည့်စုံလှပေသည်။
"ခမည်းတော် ။ကျွန်တော်မျိုးက ယုံချန်းနယ်စား စစ်သူကြီးကြီး လန်ယွီကို လက်ဝဲစစ်သူကြီးအဖြစ် အဆိုပြုပါတယ် "
အိမ်ရှေ့စံ ကျူးပြန်သည် ရှေ့သို့တက်ကာ စစ်သူကြီးကြီး လန်ယွီအတွက် ပထမဆုံးအကြိမ် နန်းတွင်း၌ စကားပြောပေးလေသည်။
စစ်သူကြီးကြီး လန်ယွီသည် အိမ်ရှေ့စံ ကျူးပြောင်၏ ဦးလေးတော်စပ်ပြီး အိမ်ရှေ့စံအုပ်စု၏ အဓိကအမာခံအဖွဲ့ဝင် တစ်ဦးဖြစ်ရာ အိမ်ရှေ့စံ ကျူးပြန်က သူ့ကို မြောက်ပိုင်းစစ်ဆင်ရေး၏ တတိယမြောက် အကြီးဆုံးခေါင်းဆောင်အဖြစ် အဆိုပြုခြင်းမှာ အလွန်ပင် ကျိုးကြောင်းဆီလျော်လှပေသည်။
သို့သော် ကျူးယွမ်ကျန်းသည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်သည်။
ယခုအချိန်တွင် စစ်သူကြီးလန်ယွီသည် ထူးချွန်သော စစ်ရေးအောင်မြင်မှုများရှိပြီး ခက်ထန်သော စစ်သူကြီးတစ်ဦး ဖြစ်သော်လည်း ကိုယ်တိုင်ဦးဆောင်သည့် အတွေ့အကြုံမှာမူ အလွန်ပင် လိုအပ်နေသေးသည်။
သူ ပါဝင်ခဲ့သော တိုက်ပွဲတိုင်းနီးပါးမှာ ဒုတိယခေါင်းဆောင် အနေဖြင့်သာ ဖြစ်၏။
ဒေသန္တရ တပ်မတော်တစ်ခု၏ စစ်သေနာပတိအဖြစ်မူ စစ်သူကြီးလန်ယွီ၏ အရည်အချင်းမှာ အနည်းငယ် လိုအပ်နေသေးသည်။
စစ်သေနာပတိချုပ် ဖုန်းရှန်းနှင့် ဒုတိယစစ်သေနာပတိချုပ် ဖူယူတယ်တို့သည် မင်မင်းဆက်၏ နယ်စားကြီးများ ဖြစ်ကြသော်လည်း စစ်သူကြီးလန်ယွီမှာမူ နယ်စားအဆင့်သာ ရှိနေသေးသဖြင့် အဆင့်အတန်းချင်းလည်း မမျှသကဲ့သို့ ဖြစ်နေ၏။
ကျူးယွမ်ကျန်း စိတ်ထဲရှိသော ပုဂ္ဂိုလ်မှာမူ ရှင်းနိုင်ငံတော်နယ်စား ထန်ဟယ် ဖြစ်သည်။
မည်သို့ပင်ဆိုစေ ထန်ဟယ်သည် သူ၏ ရဲဘော်ရဲဘက်ဟောင်း ဖြစ်ပြီး ဝါရင့်မှုနှင့် သြဇာအရထိုရာထူးနှင့် ထိုက်တန်သူ ဖြစ်သည် ။အထူးသဖြင့် ကျူးယွမ်ကျန်းနှင့် သူ၏ ပုဂ္ဂိုလ်ရေးရင်းနှီးမှုက သူ့ကို ပို၍ ယုံကြည်စိတ်ချရစေသည်။
"လက်ဝဲစစ်သူကြီး ကိစ္စကိုတော့ နောက်မှ ဆွေးနွေးကြတာပေါ့"
နောက်မှ ဆွေးနွေးမည်ဟူသော စကားမှာ အိမ်ရှေ့စံ၏ အဆိုပြုချက်ကို ငြင်းပယ်လိုက်ခြင်းပင် ဖြစ်ရာ စစ်သူကြီးကြီး လန်ယွီမှာ အခွင့်အရေးတစ်ခု ဆုံးရှုံးသွားရလေသည်။
မြောက်ပိုင်းစစ်ဆင်ရေးသည် နိုင်ငံတော်၏ အရေးကြီးသော ကိစ္စဖြစ်ရာ လူအင်အား ချထားခြင်း ၊ ပစ္စည်းများ စုဆောင်းခြင်းနှင့် ပြင်ဆင်မှု အဝဝမှာ ရှုပ်ထွေးပြီး များပြားလှပေသည် ။
နှစ်ကုန်ပိုင်းတွင် စစ်ထွက်နိုင်လျှင်ပင် တော်တော်လေး ကောင်းလှပြီ ဖြစ်သည် ။
အသေးစိတ် စစ်ရေးချထားမှုများကို တစ်နာရီကျော်ကြာ ဆွေးနွေးပြီးနောက် အချိန်နှောင်းလာသဖြင့် နန်းတွင်းအစည်းအဝေးကို ရပ်နားတော့မည့်ဆဲဆဲတွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာရှိတစ်ဦးဖြစ်သူ ကျိုချုံကွေ့က အစီရင်ခံစာတစ်စောင်တင်ပြလာသည်။
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ် ။ကျွန်တော်မျိုးတို့ မင်းဆက်တည်ထောင်ပြီးကတည်းက ရာသီဥတု မျှတပြီး တိုင်းပြည်သာယာကာ လူထုက အေးချမ်းစွာ နေထိုင်ကြရပါတယ်။ အားလုံးကလည်း ချီးကျူးနေကြပါတယ်"
"လောကမှာရှိတဲ့ လူသားအားလုံးက အရှင်မင်းကြီးရဲ့ ကြီးမားလှတဲ့ ဂရုဏာတော်ကို ကျေးဇူးတင်နေကြပါတယ်"
ကျူးယွမ်ကျန်းသည် အလွန်လက်တွေ့ဆန်သော ဧကရာဇ်တစ်ဦး ဖြစ်ရာထိုကဲ့သို့ စာသားလှလှလေးများဖြင့် အချိန်ဖြုန်းနေသော ပညာရှိများကို အလွန်ပင် စိတ်ပျက်လေသည်။
"ပြောစရာရှိလျှင် တိုက်ရိုက်ပြောပါ။ အဓိပ္ပာယ်မရှိတဲ့စကားပြောပြီးအချိန်မဆွဲပါနှင့်"
သို့သော် ဤသည်မှာ နန်းတွင်းဖြစ်နေသဖြင့် စိတ်မရှည်သော်လည်း ထိုအရာရှိ၏ အနှစ်သာရမရှိသော စကားများကို ဆက်လက် နားထောင်နေရသည်။
"အရှင်မင်းကြီးက မွန်ဂိုယွမ်တွေကို မောင်းထုတ်ပြီး တရုတ်ပြည်ကို ပြန်လည် ထူထောင်ခဲ့ပါတယ်။ ကောင်းကင်ဘုံရဲ့ အလိုတော်နဲ့ လူထုရဲ့ ဆန္ဒကို ဖြည့်ဆည်းပြီး ကျွန်တော်မျိုးတို့ရဲ့ ခမ်းနားလှတဲ့ မင်မင်းဆက်ကို တည်ထောင်ခဲ့ပါတယ် ။အရှင်မင်းကြီးရဲ့ ကြီးကျယ်လှတဲ့ အရှိန်အဝါကလည်း ပျံ့နှံ့နေပါတယ် "
ဤဖားယားသော စကားများကြောင့် ကျူယွမ်ကျန်းသည် စိတ်မရှည်တော့ဘဲ အဆုံးတွင် ကြားဖြတ်မေးလိုက်သည် ။
"မင်း တကယ်ပြောချင်တာက ဘာလဲ"
"အရှင်မင်းကြီးရဲ့ အောင်မြင်မှုတွေက ထန်မင်းဆက် ထိုက်ကျုံးဧကရာဇ်နဲ့ စုန့်မင်းဆက် ထိုက်ကျူဧကရာဇ်တို့ထက် အများကြီး သာလွန်ပါတယ်။ ကျွန်တော်မျိုးတို့ မင်မင်းဆက်ရဲ့ သာယာဝပြောတဲ့ခေတ်က ဟန်မင်းဆက်နဲ့ ထန်မင်းဆက်တွေထက် ပိုပြီး ကြီးကျယ်ပါတယ်"
"ဖုန်းရှန်း အခမ်းအနားကို ပြန်ပြီး ကျင်းပဖို့ အချိန်တန်ပါပြီ"
ဖုန်းရှန်း ဆိုသည်မှာ ဧကရာဇ်က ကောင်းကင်နှင့် မြေကြီးကို ယဇ်ပူဇော်ပြီး သူ၏ အောင်မြင်မှုများကို ကောင်းကင်ဘုံသို့ အစီရင်ခံသော အခမ်းအနား ဖြစ်သည်။
သမိုင်းတစ်လျှောက် ဧကရာဇ်တိုင်းသည် မိမိကိုယ်ကိုယ် ကောင်းကင်ဘုံ၏ သားတော်ဟု ခေါ်ဆိုကြသည်။
ကောင်းကင်ဘုံ၏ သားတော်များ ဖြစ်ကြသဖြင့် ကြီးမားသော အောင်မြင်မှုများကို ရရှိသည့်အခါ သူတို့၏ ကောင်းကင်ဘုံမှ မိဘများကို ဝမ်းသာစေရန် ပြုလုပ်ရပေမည်။
၎င်းမှာ အမှတ်တစ်ရာအပြည့် ရသော ကလေးတစ်ဦးက သူ၏ အမှတ်စာရင်းကို မိဘများအား ပြသ၍ ဂုဏ်ဖော်ခြင်းနှင့် ဆင်တူလှပေသည် ။
ဖုန်းရှန်းသည် ပဒေသရာဇ်ဧကရာဇ်များအတွက် အမြင့်ဆုံး အခမ်းအနားဖြစ်ပြီး ဧကရာဇ်များစွာ၏ တစ်သက်တာ ရည်မှန်းချက်လည်း ဖြစ်သည် ။
ထိုက်တောင်ပေါ်တွင် ဖုန်းရှန်း ပြုလုပ်ခြင်းမှာ မိမိ၏ အောင်မြင်မှုများကို ကောင်းကင်ဘုံသို့ ကြွားဝါခြင်းဖြစ်၏။
မွန်ဂိုယွမ်များကို အနိုင်ယူပြီး အလယ်ပိုင်းလွင်ပြင်ကို ပြန်လည် သိမ်းပိုက်နိုင်ခြင်းမှာ ကျူးယွမ်ကျန်း၏ အောင်မြင်မှု ဖြစ်သည်မှာ မှန်သော်လည်း ဖုန်းရှန်း ပြုလုပ်ရန်မူ ကျူးယွမ်ကျန်းက မိမိတွင် ထိုမျှလောက်သော စွမ်းဆောင်မှုရှိသည်ဟု မထင်သလို လိုအပ်သည်ဟုလည်း မယူဆချေ။
သမိုင်းတွင် ထိုက်တောင်ပေါ်၌ ဖုန်းရှန်း ပြုလုပ်ခဲ့သော ဧကရာဇ် အရေအတွက်မှာ အလွန်နည်းပါးသည် ။
ပထမဆုံးမှာ ချင်ရှီဟွမ် ဖြစ်သည်။
စာပေနှင့် ရထားလုံးများကို စံနစ်တကျ ဖြစ်စေခြင်း ၊ ချင်အင်ပါယာကို တစ်လုံးတစ်ခဲတည်း တည်ထောင်ခြင်းနှင့် ပဒေသရာဇ်မင်းဆက်များကို လမ်းဖောက်ပေးခဲ့ခြင်းတို့ကြောင့် သူ၏ သမိုင်းဝင် အဆင့်အတန်းမှာ ငြင်းဆို၍ မရနိုင်ချေ။ ချင်ရှီဟွမ်မှာ ဤအရည်အချင်းနှင့် ပြည့်စုံလှပေသည်။
ဒုတိယမှာ ဟန်ဝူဧကရာဇ် ဖြစ်သည်။
ဟန်ဝူဧကရာဇ်၏ အောင်မြင်မှုများကို ပြောစရာပင် မလိုချေ ။မြောက်ပိုင်းမှ ရှုန်းနူးများကို အနိုင်ယူခဲ့ခြင်း တစ်ချက်တည်းနှင့်ပင် ဖုန်းရှန်း ပြုလုပ်ရန် အရည်အချင်း ပြည့်မီလှပေသည်။
တတိယမြောက် ဖုန်းရှန်း ပြုလုပ်ခဲ့သော ကွမ်းဝူဧကရာဇ် လျူရှို့မှာမူ အနည်းငယ်လိုအပ်နေသကဲ့သို့ ရှိသည်။
လျူရှို့သည် ဝမ်မန်ကို ဖြုတ်ချပြီး ဟန်မင်းဆက်၏ ဂုဏ်ကျက်သရေကို ပြန်လည် တည်ထောင်ခဲ့သဖြင့် သမိုင်းတွင် မှတ်တမ်းတင်ထိုက်သည်မှာ သေချာသော်လည်း ဖုန်းရှန်းနှင့် ပတ်သက်လာလျှင်မူ အနည်းငယ် လိုအပ်နေသကဲ့သို့ပင် ဖြစ်၏။
စတုတ္ထမြောက် ဖုန်းရှန်း ပြုလုပ်ခဲ့သော ဧကရာဇ်မှာ ထန်ကောင်းကျုံး လျီကျိ ဖြစ်သည်။
လျီကျိ၏ စစ်ရေးနှင့် အရပ်ဘက် အောင်မြင်မှုများမှာ များစွာ နိမ့်ပါးသော်လည်း သူသည် လျီရှီမင်၏ သားဖြစ်ပြီး ကျိန်းကွမ်းခေတ်၏ အခြေအနေများကို အမွေဆက်ခံခဲ့ခြင်းဖြစ်ရာ ဘိုးဘွားများ၏ ဂုဏ်ကျက်သရေကို အမှီပြုခဲ့ခြင်းသာ ဖြစ်သည်။
ပဉ္စမမြောက်မှာ ထန်ရွှမ်ကျုံး လျီလုံကျိ ဖြစ်သည် ။
သူသည် ခိုင်ယွမ် သာယာဝပြောရေးခေတ်ကို တည်ထောင်ခဲ့သဖြင့် ထိုက်တောင်ပေါ်၌ ဖုန်းရှန်း ပြုလုပ်ရန် အရည်အချင်း ရှိသည်မှာ မှန်သော်လည်း နောက်ပိုင်းတွင် အန်းလုရှန်း ပုန်ကန်မှုကို ဖြစ်စေခဲ့သဖြင့် အရှက်တကွဲဖြင့် အဆုံးသတ်ခဲ့ရရာ အစကောင်းသော်လည်း အဆုံးမလှခဲ့ချေ။
ထိုက်တောင်ပေါ်၌ နောက်ဆုံး ဖုန်းရှန်း ပြုလုပ်ခဲ့သော စုန့်ကျိန်းကျုံး ဧကရာဇ်မှာမူ မိမိကိုယ်ကိုယ် ဂုဏ်တင်ရန် သက်သက်သာ ဖြစ်ပြီး ထိုဖုန်းရှန်းမှာ ရယ်စရာတစ်ခုသာ ဖြစ်ခဲ့သည်။
ကျူးယွမ်ကျန်းသည် မင်းဆက်တည်ထောင်သူ ဧကရာဇ် ဖြစ်သော်လည်း မိမိကိုယ်ကိုယ် ကောင်းစွာ နားလည်သူဖြစ်ရာ ချင်ရှီဟွမ်နှင့် ဟန်ဝူဧကရာဇ်တို့ကဲ့သို့ အောင်မြင်မှုနှင့် သမိုင်းဝင် အဆင့်အတန်းမျိုး မိမိတွင် ရှိနေပြီဟု မယုံကြည်သဖြင့် ထိုက်တောင်ပေါ်၌ ဖုန်းရှန်း ပြုလုပ်ရန် အရည်အချင်း မပြည့်မီသေးဟု ယူဆလေသည်။
"အရှင်မင်းကြီးရဲ့ ကြီးကျယ်လှတဲ့ ဗျူဟာနဲ့ အမျှော်အမြင်တွေ ရှိပါလျက်နဲ့ အောင်မြင်မှု မလုံလောက်ဘူးလို့ ဘယ်လို ပြောနိုင်မှာလဲ"
ယဉ်ကျေးမှုဝန်ကြီးဌာနမှအရာရှိက အာဝဇ္ဇန်းရွှင်စွာ ပြောဆိုနေသည်။
"ဒေသအသီးသီးမှာ ပျံ့နှံ့နေတဲ့ မင်္ဂလာနိမိတ်တွေက အကောင်းဆုံး သက်သေပါပဲ "
ရှေးဟောင်းအယူအဆဖြစ်သော ကောင်းကင်နှင့် လူသား ဆက်နွယ်မှု အရ ဧကရာဇ်က ကောင်းမွန်စွာ အုပ်ချုပ်လျှင် ကောင်းကင်ဘုံက ဧကရာဇ်၏ အောင်မြင်မှုကို အသိအမှတ်ပြုရန် မင်္ဂလာနိမိတ်များကို ဆုလာဘ်အဖြစ် စေလွှတ်ပေးတတ်သည်ဟု ဆိုကြသည်။
မင်္ဂလာနိမိတ်များကို အမျိုးအစားများစွာ ခွဲခြားထားသည် ။နေနှင့် လ ဆုံစည်းခြင်းနှင့် ကြယ်ကိုးလုံး တန်းစီခြင်းတို့မှာ အမြင့်ဆုံးအဆင့် မင်္ဂလာနိမိတ်များ ဖြစ်ကြသည်။
နတ်နဂါးများ ပေါ်ထွန်းခြင်းနှင့် ဖီးနစ်ငှက်များ သာယာစွာ တွန်ကျူးခြင်းတို့မှာ အလယ်အလတ်အဆင့် မင်္ဂလာနိမိတ်များ ဖြစ်ကြသည်။
နှံစားပင် ကိုးနှံထွက်ခြင်းနှင့် ဦးခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှို ပေါ်ထွန်းခြင်းတို့မှာမူ အခြေခံအဆင့် မင်္ဂလာနိမိတ်များ ဖြစ်ကြလေသည်။
ကျူးယွမ်ကျန်းသည် ဤကဲ့သို့သော ဝေဝါးလှသည့် မင်္ဂလာနိမိတ်များကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ပေ။ မည်သို့ပင်ဆိုစေ ၎င်းတို့မှာ ကောလာဟလများသာ ဖြစ်ပြီး နေနှင့် လ ဆုံစည်းခြင်း သို့မဟုတ် ကြယ်ကိုးလုံး တန်းစီခြင်းကို မည်သူမျှ တကယ် မမြင်ဖူးကြချေ။
နတ်နဂါးများနှင့် ဖီးနစ်ငှက်များ ဆိုသည်မှာလည်း ပို၍ပင် ရယ်စရာ ကောင်းလှပေသည်။
နတ်နဂါး သို့မဟုတ် ဖီးနစ်ငှက်ကို နန်းတော်ခန်းမကြီးထဲသို့ ယူဆောင်လာပြီး ကျူးယွမ်ကျန်း ကိုယ်တိုင် မြင်ရလျှင်မူ တစ်မျိုးပေါ့ ။ သို့မဟုတ်လျှင်မူအဓိပ္ပာယ်မရှိသော ပြောဆိုချက်များကို သူ လုံးဝ ယုံကြည်မည် မဟုတ်ပေ ။
မရှိသော အရာများကို အဟုတ်လုပ်၍ ကျူးယွမ်ကျန်းကို လှည့်စားရန်မှာ မဖြစ်နိုင်ချေ ။
"ဒီမင်္ဂလာနိမိတ်ကတော့ တကယ်ကို အစစ်အမှန်ပါ ။ဘယ်လိုမှ လုပ်ကြံဖန်တီးထားတာ မဟုတ်ပါဘူး"
ဆဌမအဆင့် အရာရှိဖြစ်သူက ရိုးသားဖြောင့်မတ်စွာလျှောက်တင်၏။
"ပေကျင်းမြို့ဝန်က ဦးခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှို တစ်ခု ပေါ်ထွန်းနေကြောင်း အစီရင်ခံထားပါတယ်။ အခုလည်း မြို့တော်ကို လာနေတဲ့ လမ်းမှာပါ "
`
အခန်း ၈၀ အိမ်တော်ထဲသို့ ဝင်ခြင်း
ယခင်မင်းဆက်များ၏ မင်္ဂလာနိမိတ်များမှာ ကောလာဟလ သို့မဟုတ် လုပ်ကြံဖန်တီးမှုများသာ ဖြစ်သော်လည်း ယခုတစ်ကြိမ်မှာမူ အစစ်အမှန် ဖြစ်သည်။
ဦးခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုကို တကယ်ပင် ရှာဖွေတွေ့ရှိခဲ့ပြီး မြို့တော်သို့ အလျင်အမြဲ ပို့ဆောင်နေပြီ ဖြစ်သည်။မကြာမီတွင် ကျူးယွမ်ကျန်း ကိုယ်တိုင် မျက်မြင်တွေ့ရတော့မည် ဖြစ်၏ ။
ဒါကတော့ ငြင်းဆိုလို့မရတဲ့ စစ်မှန်တဲ့ မင်္ဂလာနိမိတ်တစ်ခုပဲ ။
ကောင်းကင်ဘုံက မင်္ဂလာနိမိတ်များ စေလွှတ်ခြင်းမှာ ဧကရာဇ်အတွက် ဆုလာဘ်တစ်ခု ဖြစ်ရုံတင်မကဘဲ ဧကရာဇ်၏ အာဏာသည် ကောင်းကင်ဘုံက ဆင်းသက်လာခြင်းဖြစ်သည်ဟူသော တရားဝင်မှုကို သက်သေပြရန် ဖြစ်သည်။ ထို့ကြောင့် ခေတ်အဆက်ဆက် မင်းစိုးရာဇာများမှာ ထိုနိမိတ်များကို အလွန်လိုလားကြလေသည်။
ဒဏ္ဍာရီလာ မင်္ဂလာနိမိတ်ကို မျက်မြင်တွေ့ရသည့်အခါ ကျူးယွမ်ကျန်းက အလွန်ဝမ်းမြောက် လိမ့်မည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ဆန့်ကျင်ဘက်ပင် ဖြစ်သည် ။
ကျူးယွမ်ကျန်းသည် ချက်ချင်းပင် အမျက်ဒေါသ ထွက်လာပြီး သာမန်လူတန်းစား ဧကရာဇ်တစ်ဦး၏ စရိုက်အတိုင်း ဗြောင်ကျကျ ပြသလိုက်သည်။သူသည် အဆင့်နိမ့် ဆဌမအဆင့် အရာရှိကို လက်ညှိုးထိုးကာ ဆဲဆိုလေသည် ။
"ဘယ်က ဦးခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုလဲ ။ဘယ်က ကောင်းကင်ဘုံက ပေးတဲ့ မင်္ဂလာနိမိတ်လဲ ။ဒါက မျက်နှာလိုမျက်နှာရလုပ်ပြီး ဆုလာဘ်လိုချင်လို့ လုပ်ကြံနေတာပဲ "
"အရှင်မင်းကြီး ။ဒါက တကယ့် မင်္ဂလာနိမိတ်ပါ ။ ဦးခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုက တကယ်ရှိတာပါ "
ကျူးယွမ်ကျန်းက မယုံကြည်ခြင်းမှာ စိတ်ခံစားချက်သက်သက်ကြောင့် မဟုတ်ဘဲ သူ့တွင် ခိုင်လုံသော အထောက်အထား ရှိနေသောကြောင့် ဖြစ်သည် ။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူသည် ဆင်တူသော အစီရင်ခံစာများစွာကို တွေ့ရှိခဲ့ရပြီး ဖြစ်သည် ။ဒေသအသီးသီးမှ အရာရှိများက ဦးခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုကို တွေ့ရှိကြောင်း တစ်ဦးထက်တစ်ဦး အပြိုင်အဆိုင် အစီရင်ခံနေကြခြင်း ဖြစ်၏။
ရှန်းရှီးပြည်နယ် ထိုက်ယွမ်မြို့ ၊ ရှန်းသုန်းပြည်နယ် ကျီနန်မြို့ ၊ ရှန်းရှီးပြည်နယ် ဝေကျိုး နှင့် ဟဲနန်ပြည်နယ် လော့ရန် တို့တွင် ဦးခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုများကို ဆက်တိုက် တွေ့ရှိခဲ့ကြသည်။
ကျူးယွမ်ကျန်းသည် ဆင်းရဲသားဘဝမှ လာသူဖြစ်ရာ အောက်ခြေအရာရှိများ၏ အကျင့်စရိုက်ကို အသိဆုံး ဖြစ်သည် ။
ထိုအရာရှိများသည် လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိကြသော်လည်း မင်္ဂလာနိမိတ်များကို အစီရင်ခံရာတွင်မူ တစ်ဦးထက်တစ်ဦး ပို၍ ကျွမ်းကျင်ကြလေသည် ။လက်တွေ့တွင်မူ သူတို့သည် ဧကရာဇ်ကို ဖားယားပြီး စည်းစိမ်ဥစ္စာနှင့် ရာထူးဂုဏ်ရှိန်ကို ရယူလိုကြခြင်းသာ ဖြစ်၏။
မင်မင်းဆက် တည်ထောင်ပြီးကတည်းက မင်္ဂလာနိမိတ်များစွာ ပေါ်ထွက်ခဲ့သော်လည်း အားလုံးမှာ လုပ်ကြံဖန်တီးထားမှုများသာ ဖြစ်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။
ယခုတစ်ကြိမ်တွင်လည်း ကျူးယွမ်ကျန်းက တစ်ခွန်းမှ မယုံကြည်ချေ။
ဦးခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုဆိုသည်မှာ သာမန်ဂေါ်ဖီထုပ်ကဲ့သို့ မဟုတ်ပါဘဲ တစ်ပြိုင်နက်တည်းမှာ ဘာလို့ ဒီလောက်အထိ များများစားစား ပေါ်လာရတာလဲ။
အကယ်၍ ဒါက တကယ့် မင်္ဂလာနိမိတ်ဆိုရင်လည်း မင်္ဂလာနိမိတ်တွေက တန်ဖိုးနည်းလွန်းပြီး နေရာတကာမှာ ရှိနေသလို ဖြစ်နေပြီ။
"တစ်ပြည်နယ်လုံးမှာ မင်္ဂလာနိမိတ်တွေ ပျံ့နှံ့နေတာက မင်မင်းဆက်အပေါ် ကောင်းကင်ဘုံက မျက်နှာသာပေးတာကို ပြသနေတာပါ။အရှင်မင်းကြီးအပေါ် ကောင်းကင်ဘုံက ကောင်းချီးပေးနေတာပါ"
ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဆဌမအဆင့် အရာရှိက ကျိုးကြောင်းဆီလျော်စွာ လျှောက်တင်သော်လည်း ကျူးယွမ်ကျန်းမှာ စိတ်မရှည်တော့ပေ။
"ဒီအရူးကို အပြင်ကို ဆွဲထုတ်သွားကြစမ်း"
"မင်္ဂလာနိမိတ်တွေက တိုင်းပြည်ကို လမ်းမှားရောက်စေတယ် ။မင်္ဂလာနိမိတ်ဆိုတာ အောက်ခြေအရာရှိတွေရဲ့ လုပ်ကြံဖန်တီးမှုတွေထက် မပိုဘူး"
ကျူးယွမ်ကျန်း၏ စကားများမှာ ဝန်ကြီးများကို ဆူပူကြိမ်းမောင်းနေခြင်းထက် အိမ်ရှေ့စံ ကျူးပြန်ကို သွန်သင်နေခြင်းသာ ဖြစ်သည်။
"တိုင်းပြည်ကို အုပ်ချုပ်တဲ့ နည်းလမ်းဟာ အခွန်အတုတ် လျှော့ပေါ့ပေးဖို့ပဲ ရှိတယ်။ ပြည်သူတွေ ဝဝလင်လင် စားရသရွေ့ ငါတို့ မင်မင်းဆက်က မျိုးဆက်ပေါင်း ထောင်ချီပြီး တည်တံ့လိမ့်မယ်။ မင်္ဂလာနိမိတ်ဆိုတဲ့ စကားတွေကို လုံးဝ မယုံနဲ့"
"မင်္ဂလာနိမိတ်တွေကို ထပ်ပြီး အစီရင်ခံခြင်းမပြုဖို့ ငါ အကြိမ်ကြိမ် အမိန့်ထုတ်ထားတယ် ။ဒါပေမဲ့ အမြတ်ထုတ်ချင်တဲ့သူတွေ ၊ ဧကရာဇ်ကို ဖားယားချင်တဲ့သူတွေကတော့ အရှက်မရှိဘဲ မင်္ဂလာနိမိတ်တွေအကြောင်း ပြောနေကြတုန်းပဲ။နောင်ကို မင်္ဂလာနိမိတ် အစီရင်ခံတဲ့သူမှန်သမျှကို ပုန်ကန်မှုအဖြစ် သတ်မှတ်ပြီး အပြစ်ပေးမယ်"
ဤသို့ပြောပြီးနောက် ကျူးယွမ်ကျန်းသည် ဝတ်ရုံစကို ခါလိုက်ကာ နန်းတွင်းအစည်းအဝေးကို ရပ်နားလိုက်လေသည်။
နန်းတော်ခန်းမမှ ထွက်လာပြီးနောက် ကျူးယွမ်ကျန်းသည် သူ၏ ဝေါယာဉ်ကို စီး၍ မြောက်ဘက်သို့ ထွက်လာခဲ့သည် ။
ရှုယီနန်းဆောင်ကို ကျော်ဖြတ်ကာ ကွန်းနင်နန်းဆောင်၏ နောက်ကွယ်မှ အတွင်းဥယျာဉ်သို့ ရောက်လာခဲ့၏။
အတွင်းဥယျာဉ်သည် ဧကရာဇ်ဥယျာဉ်နှင့် မတူဘဲ ကွန်းနင်နန်းဆောင်၏ နောက်ဆက်တွဲ နေရာတစ်ခု ဖြစ်သည်။ ပို၍တိကျစွာ ပြောရလျှင် ၎င်းမှာ မိဖုရားခေါင်ကြီး မာ ၏ ကိုယ်ပိုင်ဥယျာဉ် ဖြစ်သည်။
မိဖုရားခေါင်ကြီး မာ သည် အတွင်းဥယျာဉ်ရှိ ဇရပ်ငယ်လေးတွင် ထိုင်နေလေသည် ။သူမ၏ နောက်တွင် နန်းတွင်းသူတချို့ ရှိနေပြီး ချောမောလှပသောကိုယ်လုပ်တော် ယွီ လည်း အတူရှိနေ၏။
ကျူးယွမ်ကျန်း အဝေးက လာသည်ကို မြင်သည်နှင့် ကိုယ်လုပ်တော် ယွီ နှင့် နန်းတွင်းသူအားလုံးမှာ ချက်ချင်းပင် ဒူးထောက်၍ အလေးပြုကြသည်။ မိဖုရားခေါင်ကြီး မာ ကမူ အနည်းငယ်သာ ဦးညွှတ်လေသည်။
မိဖုရားခေါင်ကြီး မာ နှင့် ကျူးယွမ်ကျန်း တို့၏ စကားပြောဆိုမှုမှာ ရိုးရှင်းလှသည်။
"ပူပြင်းတဲ့ နွေရာသီ ကုန်သွားပြီ ဆိုပေမဲ့ ဆောင်းဦးပေါက်ရဲ့ အေးမြတဲ့ အရသာကို မရသေးဘူး။ရာသီဥတုက ပူပြင်းပြီး ခြောက်သွေ့နေတုန်းပဲ ။ ကိုယ်လုပ်တော် ယွီ က ကျွန်မအတွက် ရာသီစာ ဟင်းလျာတချို့ ပြင်ပေးထားတယ်။အတူတူ မြည်းစမ်းကြည့်ကြရအောင်"
သူတို့ကြားတွင် မိဖုရားခေါင်ကြီး သို့မဟုတ် အရှင်မင်းကြီးဟူသော ဘွဲ့ထူးအသုံးအနှုန်းများ မရှိချေ။
သာမန် လင်မယားအိုများကဲ့သို့ပင် မင်းနှင့် ငါဟုသာ တိုက်ရိုက် ပြောဆိုကြသည် ။လောကကြီးတစ်ခုလုံးတွင်ကျူးယွမ်ကျန်းကို ဤကဲ့သို့ ပြောဆိုဝံ့သူမှာ မိဖုရားခေါင်ကြီး မာ တစ်ဦးတည်းသာ ရှိလေသည်။
မိဖုရားခေါင်ကြီး မာ သည် အသားညိုညိုနှင့် အသက်ငါးဆယ်နီးပါး ရှိနေပြီဖြစ်ရာ လှပသည်ဟု မဆိုနိုင်တော့ဘဲ ကြင်နာတတ်သော သာမန်အမျိုးသမီးကြီးတစ်ဦးနှင့် ပိုတူလေသည်။
ရိုးရှင်းလှသော မိဖုရားခေါင်ကြီး မာ နှင့် နှိုင်းယှဉ်လျှင် ဘေးရှိ ငယ်ရွယ်ချောမောသော ကိုယ်လုပ်တော် ယွီ မှာမူ ပို၍ တက်ကြွနေပြီး သိသိသာသာပင် ဖားယားနေလေသည်။
"ဒီသခွားသီးအေးသုပ်ကို ကျွန်တော်မျိုးမ ကိုယ်တိုင် လုပ်ထားတာပါ။ အရှင်မင်းကြီး .. မြည်းစမ်းကြည့်ပါဦး ။အရသာ ဘယ်လိုရှိလဲ "
မိဖုရားခေါင်ကြီး၏ ရှေ့တွင်ပင်ကျူးယွမ်ကျန်း၏မျက်နှာသာရအောင် လုပ်ဆောင်နေခြင်းမှာ နောင်ခေတ် နန်းတွင်းဇာတ်လမ်းများအရ ဆိုလျှင်တော့ မျက်နှာသာရရေး တိုက်ပွဲဝင်နေခြင်းပင် ဖြစ်၏ ။
သို့သော် ဟုန်ဝူခေတ်တွင်မူ ထိုကဲ့သို့သော အခြေအနေမှာ မဖြစ်နိုင်ချေ ။
မိဖုရားခေါင်ကြီး မာ နဲ့ မျက်နှာသာရရေး ပြိုင်မလို့လား။စဉ်းစားတောင် မစဉ်းစားပါနှင့်။
မိဖုရားခေါင်ကြီး မာ သည် ဧကရာဇ်၏ မျက်နှာသာပေးမှု ဆိုသည်ကိုပင် ဂရုမစိုက်ချေ။နိုင်ငံတော်၏ မိခင်ကြီးဟူသော ဂုဏ်ပုဒ်ကို ဖယ်ထားလျှင်ပင် သူမ၏ ပုဂ္ဂိုလ်ရေး သြဇာအရှိန်အဝါမှာ ငယ်ရွယ်ချောမောသော ကိုယ်လုပ်တော်များ ယှဉ်နိုင်သည့်အရာ မဟုတ်ပေ။
မိဖုရားခေါင်ကြီး မာ သည် ကျူးယွမ်ကျန်း၏ ပထမဆုံးသော ဇနီးဖြစ်ပြီး ဆင်းရဲဒုက္ခများစွာကို အတူတူ ဖြတ်ကျော်လာခဲ့သူ ဖြစ်သည်။တိုက်ပွဲပေါင်းများစွာနှင့် ခက်ခဲသော အခြေအနေများကို အတူတူ ရင်ဆိုင်ခဲ့ရသည်ဟု ပြောလျှင် ပိုမည်မဟုတ်ချေ။
ဧကရာဇ်နှင့် မိဖုရားကြီးတို့၏ သံယောဇဉ်မှာ နက်ရှိုင်းလှပေသည်။ ထူးခြားသည်မှာ ကျူယွမ်ကျန်း၏ အောင်မြင်မှု အစောပိုင်းကာလများတွင် မိဖုရားခေါင်ကြီး မာ သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ခြင်း ဖြစ်သည်။
မြစ်ကူးစစ်ဆင်ရေး ၊ ဟော်ကျိုးစစ်ဆင်ရေးနှင့် ယင့်ထျန်းမြို့သိမ်းတိုက်ပွဲများအတွင်း မိဖုရားခေါင်ကြီး မာ သည် စစ်သည်မိသားစုများကို နှစ်သိမ့်ပေးပြီး နောက်တန်းကို တည်ငြိမ်အောင် လုပ်ဆောင်ပေးခဲ့သလို တိုက်ပွဲမြေပြင်အထိ ကိုယ်တိုင်သွားရောက်၍ စစ်သည်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့သည်။
ဖော်ရန်အိုင် တိုက်ပွဲကြီးအတွင်း၌လည်း မိဖုရားခေါင်ကြီး မာ သည် ရှေ့တန်းအထိ သတ္တိရှိရှိ သွားရောက်ကာ သူမ၏ စုဆောင်းထားသမျှ ငွေကြေးအားလုံးကို ထုတ်ယူ၍ စစ်သည်များကို ဆုလာဘ်များ ပေးအပ်ကာ စိတ်ဓာတ်ခိုင်မာအောင် ပြုလုပ်ပေးခဲ့သည်။သူမ ကိုယ်တိုင် စစ်ဗုံတီး၍ အားပေးခဲ့သဖြင့် ချန်ယိုလျံ၏ စစ်သည်သိန်းချီကို အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်း ဖြစ်၏။
ကျူးယွမ်ကျန်း နန်းတက်ပြီးနောက်တွင် မိဖုရားခေါင်ကြီး မာ ၏ အဆင့်အတန်းနှင့် သြဇာမှာ ပို၍ပင် ကြီးမားလာသည်။ကျူးယွမ်ကျန်း၏ တူတော် ကျူးဝမ်ကျင့် နှင့် တူတော် လျီဝမ်ကျုံး တို့မှာ စစ်အာဏာကို ကိုင်ထားသော အင်အားကြီး အရာရှိများ ဖြစ်ကြသလို ဝေးလံသော တောင်ပိုင်းရှိ မုယင့် နှင့် ထိုခေတ်က လူငယ်စစ်သူကြီးများစွာတို့မှာလည်း မိဖုရားခေါင်ကြီး မာ ကို မိခင်အရင်းကဲ့သို့ပင် ရိုသေကြလေသည်။
သူမ၏ ကြီးမားသော ကိုယ်ရည်ကိုယ်သွေးကြောင့် မာနကြီးသော စစ်သူကြီးများပင် သူမရှေ့တွင် ယဉ်ကျေးသိမ်မွေ့သွားကြရသည်။
အိမ်ရှေ့စံ ၊ ချင်မင်းသား ၊ ကျင်းးမင်းသား ၊ ယန့်မင်းသား နှင့် ကျိုးမင်းသား တို့ကဲ့သို့သော အင်အားကြီး မင်းသားများအားလုံးမှာ မိဖုရားခေါင်ကြီး မာ ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ခဲ့သော သားများ (မိခင်အရင်း မဟုတ်သော်လည်း တိုက်ရိုက်တော်စပ်သော သားများ)ဖြစ်ကြသည် ။
ဂုဏ်သရေရှိလှသော အိမ်ရှေ့စံ ၊ မာနကြီးသော ချင်မင်းသား ၊ ပါးနပ်သော ကျင်းးမင်းသား ၊ နက်နဲသော ယန့်မင်းသား နှင့် တက်ကြွသော ကျိုးမင်းသား တို့မှာ အပြင်တွင် မည်မျှပင် အဆင့်အတန်း မြင့်မားစေကာမူ မိဖုရားခေါင်ကြီး မာ ကို မြင်သည်နှင့် လိမ်မာသော ကလေးငယ်များ ဖြစ်သွားကြစမြဲပင်။
ဤကဲ့သို့သော သြဇာအာဏာရှိရာ အရေးမပါသော ကိုယ်လုပ်တော် ယွီ ဘာပဲလုပ်လုပ် မိဖုရားခေါင်ကြီး မာ ကမူ ဂရုမစိုက်ချေ။
သာမန် လင်မယားများ အိမ်တွင်းရေး ဆွေးနွေးသကဲ့သို့ပင် ကျူးယွမ်ကျန်းသည် မြောက်ပိုင်းစစ်ဆင်ရေး အကြောင်းကို စကားစလိုက်သည်။
"စစ်သူကြီးကြီး လန်ယွီကို လက်ဝဲစစ်သူကြီးအဖြစ် ခန့်အပ်လို့ ရတယ်လို့ ကျွန်မ ထင်တယ် "
မိဖုရားခေါင်ကြီး မာ သည် နန်းတွင်း၌သာ နေရသော်လည်း စစ်ရေးနှင့် နိုင်ငံရေးကိစ္စများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်လေသည် ။
"စစ်သူကြီး လန်ယွီက စစ်သူကြီး ရွှီသနဲ့ ချန်ယွီချွန်းတို့ဆီမှာ သင်ယူခဲ့တာဆိုတော့ တိုက်ပွဲအတွေ့အကြုံ အတော်လေး ရှိတယ်လို့ ပြောလို့ရတယ်။ အရေးကြီးတာကတော့ အိမ်ရှေ့စံကလည်း အသက်မငယ်တော့ဘူး ။သူ့ဘေးမှာ တတ်နိုင်တဲ့လူတွေ ရှိနေဖို့ လိုတယ်"
အိမ်ရှေ့စံ ကျူးပြန်သည် အသက် ၃၀ ကျော်နေပြီဖြစ်ရာ နန်းမွေဆက်ခံသူတစ်ဦးအနေဖြင့် သူ၏ ကိုယ်ပိုင် နောက်လိုက်အုပ်စု ရှိနေသင့်ပေသည်။
ကျူးယွမ်ကျန်းသည် ကျူးပြန်၏ ပညာရေးနှင့် နောက်ခံကို အမြဲ အလေးထားခဲ့သည်။ စစ်သူကြီးကြီး လန်ယွီသည် အိမ်ရှေ့စံ၏ အမာခံ ထောက်ခံသူတစ်ဦး ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိချေ။
မိဖုရားခေါင်ကြီး မာ ၏ စကားကို ကြားသည့်အခါ မြောက်ပိုင်းစစ်ဆင်ရေးသည် စစ်ရေးကိစ္စသက်သက် မဟုတ်ဘဲ အိမ်ရှေ့စံ၏ အဆင့်အတန်းနှင့် ဆိုင်သော နိုင်ငံရေးကိစ္စဖြစ်ကြောင်း ကျူးယွမ်ကျန်း ချက်ချင်းပင် သိလိုက်သည်။
"မိဖုရားကြီးရဲ့ ဆိုလိုရင်းကို ငါ နားလည်ပါပြီ။ဒါဆိုရင်တော့ စစ်သူကြီးကြီး လန်ယွီကိုပဲ လက်ဝဲစစ်သူကြီးအဖြစ် ခန့်လိုက်တာပေါ့"
နန်းတွင်းတွင် မဖြေရှင်းနိုင်ခဲ့သော ကိစ္စမှာ မိဖုရားခေါင်ကြီး မာ ၏ စကားတစ်ခွန်းတည်းနှင့်ပင် ချက်ချင်း ပြေလည်သွားခဲ့ရာ သူမ၏ နက်နဲလှသော သြဇာကို ပြသနေလေသည်။
"ငါ့မှာ အရာကောင်းတစ်ခု ရှိတယ်"
မိဖုရားခေါင်ကြီး မာ က လက်ကို အနည်းငယ် ယမ်းလိုက်ရာ နောက်ကွယ်မှ နန်းတွင်းသူများက သစ်သားသေတ္တာ သုံးလုံးကို ယူလာကြသည် ။
"ဒီသေတ္တာတွေထဲမှာ ဘာရှိလဲဆိုတာ ခန့်မှန်းကြည့်ပါဦး "
"ငါ မခန့်မှန်းနိုင်ဘူး "
မိဖုရားခေါင်ကြီး မာ က ပြုံးလျက် သေတ္တာများကို ဖွင့်ခိုင်းလိုက်သည်။
သေတ္တာထဲရှိ အရာများကို မြင်လိုက်ရသည့်အခါ ကျူးယွမ်ကျန်းမှာ ချက်ချင်းပင် မှင်တက်သွားရလေသည် ။၎င်းတို့မှာ ဦးခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုများ ဖြစ်နေသောကြောင့်ပင်။
သေတ္တာ သုံးလုံးစလုံးတွင် ဦးခေါင်းကိုးလုံး ခရမ်းရောင် လင်ဇီးမှိုများ ရှိနေလေသည် ။