အခန်း ၁၇၂
Vol. 18 Ch. 172
အခန်း (၁၇၂)
မိုက်မဲမှုကို ရွံရှာခြင်း
ရိုးရိုးသားသား ပြောရလျှင် လျန်ထျန်းသည် 'မိုက်မဲမှုကို ဆန့်ကျင်သော ရောဂါ' ဟူသည့် စကားလုံးကို ပထမ ဆုံးအကြိမ် ကြားဖူးစဉ်က သူ၌ ဤရောဂါ ရှိနေလိမ့်မည်ဟု မထင်ခဲ့ပေ။
အကယ်၍ တစ်ဦးတစ်ယောက်သည် 'မိုက်မဲ' နေသူတစ်ဦးနှင့် ကြုံတွေ့ရပါက ထိုသူ့အပေါ် ပို၍ သည်းခံခွင့်လွှတ် ပေးသင့်သည် မဟုတ်ပါလား။
မည်သို့ပင်ဖြစ်စေ လူတိုင်းတွင် မိမိ မကျွမ်းကျင်သော သို့မဟုတ် နားမလည်သော အရာများ ရှိစမြဲ ဖြစ်သည်။ စိတ်ရှည်လက်ရှည် ပြောဆိုဆက်သွယ်ပြီး လမ်းညွှန်ပြသပေးခြင်းကသာ မှန်ကန်သော နည်းလမ်း ဖြစ်သည် မဟုတ်ပါလော။
လျန်ထျန်းသည်လည်း အမြဲတမ်း ထိုသို့သာ တွေးထင်ထားခဲ့လေသည်။
သို့သော် ယနေ့ ဤအချိန် ဤကာလတွင်မူ သူ၌ မိုက်မဲမှုကို ရွံရှာတတ်သည့် စိတ်သဘောထားမျိုး ရှိနေပုံရ ကြောင်း လျန်ထျန်းကိုယ်တိုင် ဝန်ခံရတော့မည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထို 'တို့ဟူးအလှလေး' ပြောဆိုလိုက်သည့် စကားများမှာ အလွန်တရာ မိုက်မဲလွန်း သောကြောင့် ဖြစ်ပေသည်။ လက်ခံနိုင်စရာ မရှိလောက်အောင်ပင် မိုက်မဲလွန်းလှပေသည်။
အကယ်၍ လျန်ထျန်းသာ ကိုယ်တိုင်ကိုယ်ကျ မကြုံတွေ့ခဲ့ရပါက ဤလောကတွင် ဤမျှ မိုက်မဲသောသူ ရှိလိမ့် မည်ဟု ဘယ်သောအခါမျှ ယုံကြည်မည် မဟုတ်ပေ။
လျန်ထျန်းသည် သူ၏ ဒေါသများကို အစွမ်းကုန် မျိုသိပ်လိုက်ပြီးနောက် စကားလုံး တစ်လုံးချင်းစီကို ပီပီသသ ပြောလိုက်လေသည်။
"ခင်ဗျားရဲ့ တို့ဟူးဆိုင်အပြင် အနီးအနားမှာ တခြား ဘာတွေရှိသေးလဲ...။ ဖြစ်နိုင်ရင် ကြီးကြီးမားမားနဲ့ မြင့်မြင့် မားမား ရှိတဲ့ အရာမျိုးပေါ့...။"
တို့ဟူးအလှလေးက ပြန်ဖြေလိုက်သည်။
"အရမ်းကြီးပြီး အရမ်းမြင့်တဲ့အရာဆိုတော့...၊ အို... သိပြီ…၊ နေမင်းကြီးလေ...။"
"ငါ နေပူထဲမှာ ရပ်နေတာ မြန်မြန် လာပို့ပေးတော့...။ အချိန်လည်း လင့်နေပြီ အစားအသောက်တွေ အေးသွား ရင်တော့ နင့်ကို တိုင်ပစ်မှာပဲ...။"
ဤအချိန်တွင် လျန်ထျန်းသည် ဆက်၍ သည်းမခံနိုင်တော့ဘဲ သူ၏ အသံမှာလည်း ကျယ်လောင်လာခဲ့လေသည်။
"ခင်ဗျား ကျုပ်ကို နောက်နေတာလား...။ သေချာပေါက် နောက်နေတာဖြစ်ရမယ် ဟုတ်တယ်မလား...။"
တို့ဟူးသည်မလေးမှာ စိတ်မရှည်တော့ပေ။
"ဘယ်သူက နင့်ကို နောက်နေလို့လဲ...။ သေချာ မှတ်ထား အစားအသောက်တွေ အေးသွားရင်တော့ နင့်ကို အဆိုး မြင် မှတ်ချက်ပေးပြီး သေချာပေါက် တိုင်တောပစ်မယ်…။ ငါ နင့်ကို နောက်နေတာ မဟုတ်ဘူးနော်...။"
ဤမျှ မိုက်မဲသောသူနှင့် ရင်ဆိုင်ရချိန်တွင် လျန်ထျန်းမှာ လုံးဝ အကူအညီမဲ့သွားသလို ခံစားလိုက်ရလေသည်။
သို့သော် ကံမကောင်းစွာဖြင့် တစ်ဖက်လူမှာ ဖောက်သည်ဖြစ်နေလေသည်။ သို့မဟုတ်ပါက လျန်ထျန်းကဲ့သို့ သဘောကောင်းသူပင်လျှင် ကျိန်ဆဲမိနေလောက်ပြီ ဖြစ်သည်။
သူ၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့သွားပြီး စိတ်ထဲမှ ကြိတ်၍ အကြိမ်အနည်းငယ် ကျိန်ဆဲလိုက်ပြီးနောက် လျန်ထျန်းသည် အသိတရားကို ပြန်လည် ဆင်ခြင်ကာ စိတ်ကို တတ်နိုင်သမျှ ငြိမ်အောင်ထား၍ ဆိုလိုက်သည်။
"ဒီလို လုပ်ပါလား...။ ကျွန်တော်တို့ အချင်းချင်း သူငယ်ချင်းအဖြစ် အက်ဒ်လုပ်လိုက်ပြီး တည်နေရာ မျှဝေတာကို ဖွင့်လိုက်ရအောင်လေ...။"
"ဒါဆိုရင် ဟိုဟိုဒီဒီ လိုက်မေးနေရတဲ့ ဒုက္ခကင်းကင်းနဲ့ ခင်ဗျားဆီကို အတိအကျ ရောက်လာနိုင်မှာပါ...။"
အသိတရား၊ ဤအရာမှာ လျန်ထျန်း ထိန်းသိမ်းထားနိုင်သည့် နောက်ဆုံးကျန်ရစ်သော အသိတရားပင် ဖြစ် လေသည်။
အကယ်၍သာ ဖုန်းထဲမှတစ်ဆင့် ဖောက်သည်များကို အော်ဟစ်ဆဲဆိုမိပါက အစားအသောက် ပို့ဆောင်ရေး ပလက်ဖောင်းမှ မှတ်တမ်းတင်ထားမည်ဖြစ်ပြီး ၎င်းမှာ အလွန် ကြီးလေးသော ပြစ်မှုတစ်ခုအဖြစ် သတ်မှတ် ခံရမည်ကို သူ ကောင်းစွာ သိရှိထားလေသည်။
ဖောက်သည်ကသာ တိုင်ကြားလိုက်ပါက သူ၏ အကောင့်မှာ ပိတ်ပင်ခံရနိုင်သည့် အန္တရာယ် ရှိနေပေသည်။
ကမ္ဘာပေါ်ရှိ ကုန်ဈေးနှုန်းများ အဆတစ်သန်း ပြုတ်ကျသွားသော်လည်း လျန်ထျန်း၏ အစားအသောက် ပို့ဆောင်ခ ကော်မရှင်များမှာမူ ထိခိုက်မှု မရှိခဲ့ပေ။
လျန်ထျန်း၏ အစားအသောက် ပို့ဆောင်ရေး အကောင့်မှာ တန်ဖိုးမဖြတ်နိုင်အောင် အဖိုးတန်လှသည်ဟု ဆိုလျှင် ချဲ့ကားရာ မရောက်ပေ။
ဤမျှ သေးငယ်သော အမှာစာလေး တစ်ခုကြောင့် သူ၏ အကောင့်ကို အန္တရာယ် မခံလိုပေ။
ထို့ကြောင့်ပင် သူသည် ဖောက်သည်များကို မအော်ဟစ်မိစေရန် သို့မဟုတ် အနည်းဆုံး ဖုန်းထဲတွင် မအော်ဟစ်မိ စေရန် အကြိမ်ကြိမ် အဖန်ဖန် သည်းခံနေနိုင်ခြင်း ဖြစ်သည်။ ဤသည်မှာ သူ၏ နောက်ဆုံးစည်းဖြစ်ပြီး လုံးဝ ကျော်လွန်၍ မရနိုင်ပေ။
ဖုန်းထဲမှတစ်ဆင့် ဖောက်သည်များကို မအော်ဟစ်ဘဲ အထောက်အထား မကျန်ရစ်စေသမျှ ကာလပတ်လုံး အခြားသော အဆိုးမြင် မှတ်ချက်များနှင့် တိုင်ကြားမှုများကို ဖြေရှင်းရန် လွယ်ကူပြီး အယူခံဝင်ရန် အခွင့်အ ရေးများ ရှိနေသေးသည်။
လျန်ထျန်း၏ ဝီချက် အက်ပ်မှတစ်ဆင့် သူငယ်ချင်းအဖြစ် အက်ဒ်လုပ်ရန် စိတ်ကူးမှာ တကယ်တော့ အလွန် ကောင်းမွန်လှပေသည်။
တည်နေရာ မျှဝေခြင်းကို ဖွင့်ထားပါက မည်မျှပင် ရှုပ်ထွေးသော မြေမျက်နှာသွင်ပြင် ဖြစ်နေပါစေ တစ်ဖက် လူ၏ တည်နေရာကို သိရှိနိုင်ပေသည်။
သို့သော် လျန်ထျန်း စကားပြော၍ မဆုံးမီပင် တို့ဟူးသည်မလေးက အလွန် မောက်မာသော ဟန်ပန်ဖြင့် ရုတ် တရက် ဖြတ်ပြောလိုက်လေသည်။
"အစားအသောက် လိုက်ပို့တဲ့ ကောင်ကများ ငါ့ကို သူငယ်ချင်း လာလုပ်ချင်သေးတယ်...။ အိပ်မက် မက်နေ လိုက်...။"
"နင် ငါ့ရဲ့ ဆက်သွယ်ရန် အချက်အလက်တွေကို ရယူပြီး နောက်မှ ဖြည်းဖြည်းချင်း လာချဉ်းကပ်ဖို့ ကြိုးစားနေ တာ ငါ မသိဘူး မထင်နဲ့...။ ဖားပြုတ်က ဟင်္သာရွှေဟင်္သာအသား စားချင်နေသလိုပဲ အရှက်ကို မရှိဘူး...။"
"နင် လုပ်ရမယ့် အလုပ်ကို မြန်မြန်လုပ်...။ ငါ့ဆီ အစားအသောက် အခုချက်ချင်း လာပို့...။ ငါ အရမ်း ဗိုက်ဆာ နေပြီ...။ နင် နည်းနည်းလေး နောက်ကျတာနဲ့ ငါ တကယ် တိုင်ပစ်မှာနော်...။"
ထိုအချိန်တွင် လျန်ထျန်းမှာ တောင့်တင်းသွားပြီး...၊ သူ၏ လက်သီးများပါ ကျစ်ကျစ်ပါအောင်စုပ်ထားမိလေ တော့သည်။
အကယ်၍ ထိုတို့ဟူးသည်မလေးသာ သူ၏ ရှေ့တည့်တည့်တွင် ရှိနေပါက မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမဲ့ကာ သူမအား ရိုက်နှက်မိမည် မဟုတ်ကြောင်းကို သူ တကယ်ပင် အာမမခံနိုင်ပေ။
ကံမကောင်းစွာဖြင့် လက်ရှိတွင် သူသည် တစ်ဖက်လူ ဘယ်ရောက်နေသည်ကိုပင် ရှာမတွေ့နိုင်သဖြင့် ပြင်း ထန်သော တိုက်ခိုက်မှုမျိုး လုပ်ရန်မှာ ဝေလာဝေးပင် ဖြစ်သည်။
*ငါ သူ့ကို ဖုန်းထဲကနေ အော်ဆဲလို့ မဖြစ်ဘူး...။ ငါ သူ့ကို ဖုန်းထဲကနေ အော်ဆဲလို့ မဖြစ်ဘူး...။ ငါ သူ့ကို ဖုန်းထဲကနေ အော်ဆဲလို့ မဖြစ်ဘူး...။*
လျန်ထျန်းသည် မိမိကိုယ်ကို အရူးအမူး ဖျောင်းဖျနေပြီး နောက်ဆုံးကျန်ရစ်သော အသိတရားလေးကို မနည်း ထိန်းချုပ်ထားရလေသည်။
ထို့နောက် ခက်ခဲစွာဖြင့် စကားပြောနှုန်း၊ လေသံ၊ အသံထွက်နှင့် အသုံးအနှုန်းများကို ထိန်းချုပ်ကာ ပြောလိုက် လေသည်။
"အမကြီးရယ်...။ ခင်ဗျားက အတိအကျ တည်နေရာကိုလည်း မပြောပြဘူး..၊ သူငယ်ချင်းအဖြစ် အက်ဒ်လုပ်ပြီး တည်နေရာ မျှဝေတာကိုလည်း ခွင့်မပြုဘူး...။ ဒါဆို ကျုပ်က ခင်ဗျားကို ဘယ်လို ရှာရမလဲလို့ မေးပါရစေ...။"
တို့ဟူးသည်မလေး၏ အဖြေမှာမူ အသိဉာဏ်ကင်းမဲ့ခြင်း၊ မိုက်မဲခြင်းနှင့် စိတ်မရှည်ခြင်းတို့ဖြင့် ပြည့်နှက်နေခဲ့ လေသည်။
"နင်က အစားအသောက် လိုက်ပို့တတ်ရဲ့လား...။ လမ်းတောင် မသိဘူးလား...၊ ပြီးတော့ ငါ့ဆီ ဖုန်းခဏခဏ ဆက်ပြီး မေးနေတာ အရမ်း စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ်...။"
"ဒါ့အပြင် ငါ နင့်ကို ပြောပြီးပြီလေ...။ ငါက တို့ဟူးဆိုင်ရဲ့ ဘယ်ဘက်ခြမ်း နေပူထဲမှာ ရှိနေတာလို့...။ ဒီလောက် တိကျတဲ့ နေရာကိုတောင် နင် ရှာမတွေ့ဘူးလား...။"
"ဒီလိပ်စာအတိုင်း လာပို့ပေး...။ နင့်မှာ သုံးမိနစ်ပဲ အချိန်ကျန်တော့တယ်...။ အဲ့အချိန်ရောက်လို့မှ အစားအ သောက်တွေ ငါ့ဆီ မရောက်လာရင်တော့ ငါ နင့်ကို သေချာပေါက် အသေအချာ တိုင်ပစ်မယ်...၊ မြန်မြန်လုပ်...။"
အားလုံး ပြီးဆုံးသွားပြီ ဖြစ်သည်။ လျန်ထျန်း၏ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများမှာ ပြိုကျပျက်စီးသွားလေပြီ။
ထိုခဏတွင် လျန်ထျန်းသည် တို့ဟူးအလှလေး၏ အရုပ်တစ်ရုပ်ကို စိတ်ထဲတွင် ပုံဖော်လိုက်ပြီးနောက် အပိုင်း ပိုင်းအစစ ဆွဲဖြဲပစ်လိုက်လေသည်။
စိတ်ထဲတွင် တို့ဟူးအလှလေး၏ ပုံရိပ်ကို အစအနမကျန် ဖျက်ဆီးပစ်လိုက်ပြီးမှသာ သူ၏ အသိတရားမှာ အနည်းငယ် ပြန်လည် ဝင်ရောက်လာလေသည်။
ထို့နောက် သူသည် ရုတ်တရက် အကြံဉာဏ်တစ်ခု ရသွားပြီး ဖုန်းထဲသို့ အသံနေအသံထား ကောင်းကောင်းဖြင့် ပြောလိုက်သည်။
"ကောင်းပါပြီ...၊ ခင်ဗျားက နေပူထဲမှာ ရှိနေတယ်ဆိုတော့ ကျုပ် ခင်ဗျားရဲ့ အစားအသောက်တွေကို ဒီ နေပူထဲမှာပဲ ထားခဲ့လိုက်တော့မယ်...။ သတိတရ သွားယူလိုက်အုန်းနော်...၊ ပြီးတော့ ကြယ်ငါးပွင့် မှတ်ချက် လေးလည်း ပေး ပေးပါအုန်း...။"
ထိုသို့ပြောပြီးနောက် တစ်ဖက်လူက စကားတစ်ခွန်းမျှ ပြန်မပြောနိုင်မီ လျန်ထျန်းသည် ဖုန်းကို ပြတ်ပြတ်သား သား ချလိုက်ပြီး အစားအသောက်များကို ထိုနေရာတွင်ပင် ချထားကာ ဓာတ်ပုံရိုက်၍ တင်လိုက်လေသည်။
ဖောက်သည်က နေပူထဲတွင် ထားပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ယံတွင် ချိတ်ဆွဲထားသော နေမင်းကြီးမှာ မည်မျှ ကြီးမားလိုက်သနည်း...။
ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် တို့ဟူးသည်မလေး သတိပြုမိသွားကာ ဖုန်းပြန်ဆက်လာမည်ကို စိုးရိမ်သဖြင့် လျန်ထျန်းသည် သူ၏ ဖုန်းကို ချက်ချင်း ပိတ်လိုက်လေသည်။
အချိန်တိုအတွင်းမှာပင် လျန်ထျန်းသည် တန်ပြန် ဖြေရှင်းရမည့် နည်းလမ်းများအားလုံးကို စဉ်းစားပြီးဖြစ် လေသည်။
*တကယ်လို့ သူက အဆိုးမြင် မှတ်ချက်ပေးတာ ဒါမှမဟုတ် တိုင်ကြားတာမျိုး လုပ်လာခဲ့ရင် အယူခံဝင်တဲ့အခါ အရာအားလုံးကို ဖောက်သည်ရဲ့ တောင်းဆိုချက်အတိုင်း လုပ်ဆောင်ခဲ့တာလို့ ပြောမယ်...။ ပြီးတော့ အထောက် အထားအဖြစ် ဖုန်းပြောဆိုမှု မှတ်တမ်းကို ပြန်ယူလို့ ရတာပဲ...။*
*ဖောက်သည်ရဲ့ ဖုန်းကို ဘာလို့ မကိုင်ရတာလဲလို့ ပြန်မေးလာခဲ့ရင် အမှာစာ ပို့ပြီးတာနဲ့ ဖုန်းဘက်ထရီ ကုန်သွား လို့ ပိတ်သွားတာပါလို့ ဖြေလိုက်မယ်...။ ဒီအကြောင်းပြချက်က လုံလောက်ပြီး ကျိုးကြောင်းဆီလျော်သလို ခိုင်လုံမှုလည်း ရှိတယ်...။*
*ဟားဟား... ထို တို့ဟူးသည်မလေး သူ့ရဲ့ အစားအသောက်ကို သူသာ ရှာပါစေတော့...။ ဒီလောက် ကျယ်ဝန်းပြီး လူစည်ကားတဲ့ ဈေးကြီးထဲမှာ သမုဒ္ဒရာထဲက အပ်ကို ရှာရတဲ့ အရသာကို သူ ခံစားပါစေတော့...။*
ဤသို့သော ကြည်နူးဖွယ်ရာ အတွေးများကို စိတ်ထဲတွင် တွေးတောရင်း လျန်ထျန်းသည် စည်ကားလှသော ရွှယ်ကျွမ်းဈေးမှ လုံးဝ ပေါ့ပါးလန်းဆန်းစွာ ထွက်ခွာသွားခဲ့လေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် နောက်တစ်နေ့တွင် လျန်ထျန်းထံသို့ တိုင်ကြားစာ အကြောင်းကြားချက် ရောက်ရှိ လာခဲ့လေသည်။
သို့သော် လျန်ထျန်းမှာ အထိတ်တလန့် မဖြစ်ခဲ့ပေ။ သူ ကြိုတင်ပြင်ဆင်ထားသော နည်းလမ်းကို အသုံးပြု၍ အယူခံဝင်ခဲ့ပြီး တိုင်ကြားချက်နှင့် ပြစ်ဒဏ်များကို ရုပ်သိမ်းပေးရန် တောင်းဆိုလိုက်လေသည်။
သို့သော် ရှုပ်ထွေးလှသော လုပ်ငန်းစဉ်များအပြီးတွင် ဝန်ဆောင်မှုပေးသူများနှင့် ဆက်လက် ရှင်းလင်းဆွေးနွေး ပြီးနောက် တစ်ရက်တာ အကောင့်ပိတ်သိမ်းခြင်းကို ရုပ်သိမ်းပေးခဲ့သော်လည်း ငွေဒဏ်မှာမူ ထက်ဝက်သာ လျှော့ချခံခဲ့ရလေသည်။
ဝန်ဆောင်မှုပေးသူက မည်သို့ပင်ဖြစ်စေ ဖောက်သည်အား ရှင်းပြချက်တစ်ခု ဦးစွာ ပေးရမည်ဟု ဆိုလေသည်။
အကယ်၍ လျန်ထျန်းအနေဖြင့် တိုင်ကြားချက်ကို အပြီးတိုင် ရုပ်သိမ်းပြီး ငွေဒဏ် ကင်းလွတ်ခွင့် ရလိုပါက ဖောက်သည်၏ ခွင့်လွှတ်မှုကို ကိုယ်တိုင် ရယူရမည်ဖြစ်ပြီး ဖောက်သည်ကိုယ်တိုင် ဖုန်းဆက်၍ တိုင်ကြားချက် ကို ရုပ်သိမ်းခိုင်းရမည်သာ ဖြစ်သည်။
ကြိုးပမ်းမှုများ၊ အထောက်အထားများနှင့် ဖုန်းပြောဆိုမှု မှတ်တမ်းများ ရှိနေသော်လည်း လျန်ထျန်းသည် သူ၏ ရပိုင်ခွင့်များကို ပြန်လည် မရယူနိုင်ခဲ့ပေ။
ဤရလဒ်က အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုလုံးကို တစ်နေ့တွင် ဝယ်ယူပြီး ဤမျှ အဓိပ္ပါယ်မဲ့သော စည်းမျဉ်းများကို ပြင်းပြင်းထန်ထန် ပြုပြင်ပြောင်းလဲမည်ဟူသော လျန်ထျန်း၏ ဆုံးဖြတ်ချက်ကို ပို၍ ခိုင်မာသွား စေခဲ့လေသည်။
ဖောက်သည်များသည် အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီများအတွက် အဓိက ဝင်ငွေရင်းမြစ် ဖြစ်သည်မှာ အမှန်ပင် ဖြစ်သည်။ ၎င်းတို့သည် ကုမ္ပဏီ၏ ထမင်းရှင်များ ဖြစ်ကြသည်။
သို့သော် အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီများအတွက် လုပ်အားနှင့် ချွေးနှဲစာများ ရင်းနှီးမြှုပ်နှံထားသော အစားအသောက် ပို့ဆောင်သူများကို လျစ်လျူရှုထားသင့်သလော။ သူတို့ကို စိတ်ကြိုက် အနိုင်ကျင့်ခွင့် ပြုထား သင့်ပါသလော။
အစားအသောက် ပို့ဆောင်သူများအနေဖြင့် ကောင်းမွန်သော ဖောက်သည်များနှင့် ပုံမှန် ဖောက်သည်များအတွက် အကောင်းဆုံး ဝန်ဆောင်မှု ပေးမည်မှာ သေချာပေသည်။
သို့သော် အစားအသောက် ပို့ဆောင်သူများကို တမင်တကာ ဒုက္ခပေးတတ်သူများလည်း ရှိနေသေးသည်။ ထိုကဲ့ သို့သော သူများကို အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီက သည်းခံနေခြင်းမှာ ပို့ဆောင်သူများကို ပို၍ အနိုင် ကျင့်လာစေရန် အားပေးအားမြှောက် ပြုလုပ်နေခြင်းနှင့် အတူတူပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ လက်ရှိ အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီများသည် ဤအရာများကို ဂရုမစိုက်ကြ ပေ။ အကြောင်းမှာ တစ်စုံတစ်ယောက်က တိုင်ကြားလာပါက ၎င်းတို့အနေဖြင့် ဆုံးရှုံးမှု မရှိသည့်အပြင် ပို့ဆောင် သူများကို ငွေဒဏ် ရိုက်နိုင်သဖြင့် အရင်းအနှီး အချို့ကိုပင် သက်သာစေနိုင်သောကြောင့် ဖြစ်သည်။
စည်းကမ်းမရှိလျှင် မည်သည့်အရာမှ အောင်မြင်နိုင်မည် မဟုတ်ဟု ဆိုကြသော်လည်း အခြားရှုထောင့်တစ်ခုမှ တွေးကြည့်မည်ဆိုလျှင် ဤသည်မှာ ငွေကြေးအရင်းအနှီးက အောက်ခြေဝန်ထမ်းများကို ခေါင်းပုံဖြတ် အမြတ် ထုတ်သည့် နောက်ထပ် နည်းလမ်းတစ်ခုမျှသာ ဖြစ်သည် မဟုတ်ပါလော။
အယူခံဝင်ရန် နည်းလမ်းများ ရှိသော်လည်း ထိုလုပ်ငန်းစဉ်ကို အလွန် ရှုပ်ထွေးခက်ခဲစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားခြင်းမှာ ပြစ်ဒဏ်ကျခံရသူများ အယူခံမဝင်ရဲစေရန် တားဆီးထားခြင်းပင် ဖြစ်သည်။
လူအများစုမှာ စိတ်ထဲတွင် ချင့်ချိန်တွေးတောကြပြီး ထိုအချိန်နှင့် ခွန်အားများကို အကုန်ခံမည့်အစား အခြား အလုပ်တစ်ခု လုပ်၍ ပြန်ရှာခြင်းက ပိုကောင်းမည်ဟု တွေးကြပေလိမ့်မည်။ အချိန်သည်လည်း ငွေကြေးပင် ဖြစ်သည် မဟုတ်ပါလော။
သို့သော် လျန်ထျန်း၏ ငွေဒဏ်မှာ သူ၏ ကော်မရှင်ခများကဲ့သို့ပင် ကမ္ဘာ့ကုန်ဈေးနှုန်း အဆတစ်သန်း ကျဆင်း သွားမှု၏ သက်ရောက်မှုကို မခံရပေ။
စဉ်းစားကြည့်ပါ၊ ဒဏ်ရိုက်ခံရသော ယွမ် ရာဂဏန်းမှာ ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း မကျဆင်းမီက ဆိုလျှင် ယွမ် သန်းရာပေါင်းများစွာနှင့် ညီမျှနေပေသည်။
ထိုမျှများပြားသော ငွေကြေးများအတွက် သူ မည်သို့ နှမြောတသ မဖြစ်ဘဲ နေနိုင်မည်နည်း။ ထို့ကြောင့် အယူခံ ဝင်ပြီး ပြန်လည်ရယူနိုင်မည့် အခွင့်အရေးရှိပါက လျန်ထျန်းသည် အစွမ်းကုန် ကြိုးစားမည် ဖြစ်သည်။
လောလောဆယ်တွင်မူ လျန်ထျန်းသည် ထိုတို့ဟူးအလှလေးကို ထပ်မံဆက်သွယ်၍ အခက်တွေ့အောင် မလုပ် လိုတော့ပေ။ အကြောင်းမှာ သူမ၏ တွေးခေါ်စဉ်းစားပုံမှာ ပုံမှန်လူတစ်ဦးနှင့် လုံးဝ မတူညီကြောင်း ထင်ရှားနေ သောကြောင့် ဖြစ်သည်။
ဒဏ်ရိုက်ခံရသော ယွမ် ရာဂဏန်းကို နှမြောနေမိသော်လည်း နောက်ဆုံးတွင် လျန်ထျန်းသည် မိမိကိုယ်ကို
ဖြေသိမ့်လိုက်ရုံသာ တတ်နိုင်တော့သည်။
"ထားလိုက်ပါတော့...၊ ခွေးရူးကိုက်ခံရလို့ ကံဆိုးသွားတယ်လို့ပဲ သဘောထားလိုက်တော့မယ်...။"
"ဘာ 'တို့ဟူးအလှလေး' လဲ... 'တို့ဟူးဦးနှောက်မဲ့မ' လို့ ခေါ်ရင်တောင် ပိုလိုက်ဖက်အုန်းမယ်...။ နာမည်ကြီး အင်တာနက် ဆယ်လီ ဟုတ်လား...။ တစ်ဈေးလုံးမှာ သူ့ကို သိတဲ့လူ တစ်ယောက်မှ မရှိတာကို ဘာ အင်တာနက် ဆယ်လီလဲ...။"
မိမိဘာသာ ရေရွတ်ပြောဆိုပြီးသည်နှင့် လျန်ထျန်းမှာ ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားသကဲ့သို့ ရပ်တန့် သွားခဲ့လေသည်။
နောက်တစ်စက္ကန့်တွင် သူသည် လူကြိုက်အများဆုံး ဗီဒီယိုအတို အက်ပ်ဖြစ်သည့် တောက်ရင်ကို လျင်မြန်စွာ ဖွင့်လိုက်လေသည်။
ထို့နောက် ဒေသတွင်းချန်နယ်သို့ ပြောင်းကာ ရှာဖွေရေးအကွက်တွင် "တို့ဟူးအလှလေး" ဟု ရိုက်ထည့်လိုက် လေသည်။
အချက်အလက်များကို ထည့်သွင်းပြီးနောက် ရှာဖွေရန် ခလုတ်ကို နှိပ်လိုက်လေသည်။
ရုတ်တရက် "တို့ဟူးအလှလေး" အမည်ရှိ အကောင့်တစ်ခု အွန်လိုင်းတွင် ပေါ်လာပြီး ထိုအချိန်၌ သူမ တိုက်ရိုက် ထုတ်လွှင့်နေကြောင်း ပြသနေလေသည်။
လျန်ထျန်းသည် မည်သို့မျှ တုံ့ဆိုင်းမနေဘဲ ချက်ချင်းပင် နှိပ်ဝင်လိုက်လေသည်။
မကြာမီတွင် ဆွဲဆောင်မှုရှိအောင် ဝတ်ဆင်ထားပြီး မိတ်ကပ်အထူကြီး လိမ်းကျံထားသော အမျိုးသမီးတစ်ဦး စခရင်ပေါ်တွင် ပေါ်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။
နောက်ခံမြင်ကွင်းမှာ လူသူကင်းမဲ့နေသော လမ်းတစ်ခုဖြစ်သော်လည်း ထိုနေရာမှာ ရွှယ်ကျွမ်းဈေး၏ တည်နေရာ ဖြစ်ကြောင်းကို လျန်ထျန်း တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်လေသည်။
ယနေ့ ဈေးပိတ်ရက်ဖြစ်သဖြင့် လမ်းပေါ်တွင် လူသူအသွားအလာ နည်းပါးပြီး ဆိုင်ခန်းများလည်း နည်းပါးနေ ခြင်း ဖြစ်သည်။
ဤအချိန်တွင် ဤအမျိုးသမီးမှာ မနေ့က ဖုန်းထဲမှ တို့ဟူးသည်မလေး ဖြစ်နိုင်ခြေ အလွန်များကြောင်း လျန်ထျန်း သေချာသွားလေပြီ။
ဤတိုက်ရိုက်ထုတ်လွှင့်မှုကို မြင်တွေ့ပြီးနောက် မနေ့က တစ်နေကုန် လိုက်လံမေးမြန်းခဲ့သော်လည်း ထိုတို့ဟူး အလှလေးအား မည်သူမျှ မသိကြသည့် အကြောင်းရင်းကို လျန်ထျန်း နောက်ဆုံးတွင် နားလည်သွားလေတော့ သည်။
အကြောင်းမှာ "တို့ဟူးအလှလေး" မှာ တို့ဟူးရောင်းနေသည့်ပုံစံနှင့် လုံးဝ မတူသောကြောင့် ဖြစ်သည်။ အကယ် ၍ မသိသူသာဆိုပါက သူမကိုယ်တိုင် စားရန်အတွက် တို့ဟူးလာဝယ်သည်ဟုပင် ထင်မှတ်သွားပေလိမ့်မည်။
ထို့အပြင် သူမသည် တကယ်တမ်း တို့ဟူးရောင်းချရန် ကြိုးစားနေခြင်း မဟုတ်ဘဲ တို့ဟူးရောင်းချဟန်ဆောင်ကာ လူအများ၏ အာရုံစိုက်မှုကို ရယူရန်နှင့် လူကြိုက်များလာစေရန် လှည့်ကွက်တစ်ခု ရှာဖွေနေခြင်းမျှသာဖြစ် သည်။
သူမက ဤဈေးထဲတွင် နာမည်ကြီးသည်ဟုပင် ထင်မှတ်နေပြီး အသွားအလာရှိသူတိုင်းကို မျက်စိမှိတ်ပြကာ အမူအရာများ လုပ်ပြနေလေသည်။ တစ်ခါတစ်ရံတွင် လူများကို အတင်းအကျပ် သွားရောက် နှုတ်ဆက်တတ် သေးရာ လမ်းဘေးတွင် ဖောက်သည်ရှာနေသော ပြည့်တန်ဆာမတစ်ဦးနှင့် ပုံစံတူနေလေတော့သည်။
သို့သော် ဤအချိန်တွင် လျန်ထျန်း၏ စိတ်ထဲ၌ ကောင်းမွန်သော အကြံဉာဏ်တစ်ခု ရရှိသွားလေပြီ။ ၎င်းမှာ သူ၏ တိုင်ကြားချက်ကို ရုပ်သိမ်းစေပြီး ငွေဒဏ်ကို ပြန်လည်ရယူရန်ပင် ဖြစ်သည်...။