← Chapters

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း (၁၇၄)

ရူးသွပ်သူထင်ခဲ့သော်လည်း တကယ့်လူရှုပ်ဖြစ်နေခြင်း

လျန်ထျန်းသည် မနက်စောစော၌ပင် ပန်းပို့ဆောင်ရမည့် အမှာစာတစ်ခုကို လက်ခံရရှိခဲ့လေသည်။

တောက်ပသော အနီရောင်နှင်းဆီပန်းစည်းကြီးကို ကြည့်ကာ ပန်းရနံ့များကို ရှူရှိုက်ရင်း သူ၏ စိတ်ထဲတွင် အတော်လေး ကြည်နူးသွားခဲ့ရလေသည်။ ပန်းမှာယူသော ဖောက်သည်မှာလည်း အချစ်ရေးတွင် ရိုမန်တစ် ဆန်သူတစ်ဦး ဖြစ်ရမည်ဖြစ်ပြီး ဤပန်းစည်းကို လက်ခံရရှိသူမှာလည်း ပျော်ရွှင်ရသူတစ်ဦး ဖြစ်ပေလိမ့်မည်။

သို့သော် လျန်ထျန်းကို အလွန်အမင်း အံ့အားသင့်သွားစေသည်မှာ...၊

သူက သတ်မှတ်ထားသော လိပ်စာသို့ ပန်းများ သွားပို့ကာ ဆက်သွယ်ရန်စာရင်းတွင် ချန်ထားခဲ့သော ဖုန်းနံပါတ် ကို ခေါ်ဆိုလိုက်သောအခါ၊

"ဟယ်လို... မစ္စလျူကျားရှင်း ပါလားခင်ဗျာ...။"

"ပို့ဆောင်စရာရှိတာလေး ရောက်နေပါပြီ...။ အမှာစာထဲမှာ လိပ်စာအတိအကျ မပါလို့ပါ...၊ ကျွန်တော်က အမှတ် (၆) တိုက်ရဲ့ အောက်ထပ်မှာ ရောက်နေပါတယ်...။ အောက်ဆင်းပြီး ယူဖို့ အဆင်ပြေနိုင်မလား ခင်ဗျာ...။"

ဖုန်းထဲမှနေ၍ မိန်းကလေး၏ အနည်းငယ် အံ့သြနေသော အသံ ထွက်ပေါ်လာလေသည်။

"ပို့ဆောင်စရာ ဟုတ်လား...၊ ကျွန်မ ဘာမှမမှာထားပါဘူး...၊ ရှင် ပို့တာ မှားနေပြီထင်တယ်...။"

လျန်ထျန်းက ပြုံး၍ ပြန်ပြောလိုက်လေသည်။

"မမှားပါဘူးခင်ဗျာ...။ အမှာစာရဲ့ မှတ်ချက်ထဲမှာ နာမည်ရယ် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ရယ် လိပ်စာရယ် အတိအကျ ပါပါတယ်...။"

"အခုပို့တဲ့ အမှာစာက အရမ်းလှတဲ့ နှင်းဆီပန်းစည်းလေးပါ...။ ခင်ဗျားရဲ့ ချစ်သူက အံ့သြသွားအောင် ဝယ်ပေး လိုက်တာ ဖြစ်မယ်...။"

ယုတ္တိကျကျ တွေးကြည့်မည်ဆိုလျှင် လျန်ထျန်း၏ တွေးတောမှုမှာ မမှားပေ။ ကောင်လေးဖြစ်သူက သူ၏ချစ်သူ ကို အံ့အားသင့်စေချင်သဖြင့် အွန်လိုင်းမှနေ၍ ပန်းများကို တိတ်တဆိတ် မှာယူကာ သူမကို အသိမပေးဘဲ ပို့ဆောင်ခိုင်းခြင်း ဖြစ်သည်။

ဤသည်မှာ တကယ်ကို ရိုမန်တစ်ဆန်သော ဇာတ်လမ်းတစ်ပုဒ်ပင် ဖြစ်သည်...။ သို့သော် ထိုသူနှစ်ဦးမှာ တကယ်တမ်း ချစ်သူဆက်ဆံရေး ရှိနေမှသာလျှင် ဖြစ်ပေမည်။

သို့သော် နောက်တစ်စက္ကန့်တွင် ဖြစ်ပျက်သွားသော အရာက လျန်ထျန်းကို အငိုက်မိသွားစေခဲ့သည်။ ဖုန်းထဲမှ မိန်းကလေးက နားမလည်နိုင်သည့် လေသံဖြင့် ပြန်မေးလာလေသည်။

"ချစ်သူ ဟုတ်လား...၊ ကျွန်မက အခု လူလွတ်ပါ...။ ဘယ်က ချစ်သူ ရှိရမှာလဲ...၊ အမှာစာထဲမှာ ပန်းပို့တဲ့သူက ဘယ်သူလို့ ပြောထားလဲ...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ ခေတ္တမျှ ငြိမ်ကျသွားပြီးနောက် အမှာစာကို အမြန်ကြည့်ကာ ပြန်ပြောလိုက်လေသည်။

"အာ... အမှာစာထဲမှာတော့ ဖောက်သည်ရဲ့ မျိုးရိုးနာမည်က ထုံ လို့ ရေးထားပါတယ်...။ မစ္စတာထုံ ပါ...။"

လျန်ထျန်းသည် အမှာစာပေါ်ရှိ အချက်အလက်များကို ဖတ်ပြနေစဉ်မှာပင် မစ္စတာထုံအတွက် စိတ်မကောင်း ဖြစ်နေမိလေပြီ။ ဤအချိန်တွင် မစ္စတာထုံမှာ ထိုမိန်းကလေးနှင့် ချစ်သူဆက်ဆံရေး မတည်ဆောက်ရသေးသည် ဖြစ်ပြီး မိန်းကလေးကလည်း ချစ်သူရှိကြောင်း ရိုးရိုးရှင်းရှင်းပင် လက်မခံခြင်းဖြစ်မည်ဟု သူ တွေးလိုက်မိသည်။

သက်ပြင်းချလိုက်ရင်း ရိုမန်တစ်ဆန်သော ဇာတ်လမ်းလေးဟု ထင်ခဲ့သော်လည်း ယခုမူ ရူးသွပ်သူတစ်ဦး၏ စိတ်ကူးယဉ်မှု ကပ်ဘေးတစ်ခုအဖြစ် ပြောင်းလဲသွားတော့မည်ကို သိလိုက်ရသည်။

အလွန် လောကြီးလွန်းလှသည်။ ချစ်သူဆက်ဆံရေး မစရသေးခင်မှာပင် ပန်းများကို ဘာကြောင့် ပို့ဆောင်ခိုင်းရ သနည်း။ ဤအချက်က လျန်ထျန်းကို အနည်းငယ် အနေရခက်သွားစေသည်။

မစ္စတာထုံ ဟူသော နာမည်ကို ကြားပြီးနောက် ထွက်ပေါ်လာသည့် မိန်းကလေး၏ တုံ့ပြန်မှုမှာ လျန်ထျန်း လုံးဝ မျှော်လင့်မထားသော အရာဖြစ်နေလေသည်။

"ထွက်သွားစမ်း...၊ သူ့ကို အဝေးဆုံးကို ထွက်သွားဖို့ ပြောလိုက်...။"

မိန်းကလေး၏ အသံမှာ မူလက အလွန် နားထောင်ကောင်းသော်လည်း ဤစကားကို ပြောလိုက်ချိန်တွင်မူ ဖန်ခွက်ကို ဓားဖြင့် ခြစ်လိုက်သကဲ့သို့ ရုတ်တရက် စူးရှသွားလေသည်။

လျန်ထျန်းလည်း လန့်သွားပြီး အလိုအလျောက် တုံ့ပြန်လိုက်သည်။

"မစ္စလျူ... စိတ်အေးအေးထားပါဦး...။ ခင်ဗျားနဲ့ မစ္စတာထုံ ကြားမှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာ ကျွန်တော် မသိ ပေမယ့် ဒီပန်းစည်းက ခင်ဗျားကို တောင်းပန်ချင်တဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်...။"

ထိုအချိန်တွင် လျန်ထျန်း၏ စိတ်ထဲ၌ မိန်းကလေးမှာ မစ္စတာထုံ၏ နာကျင်အောင် လုပ်ခြင်းကို ခံခဲ့ရခြင်း သို့မ ဟုတ် သူတို့နှစ်ဦး လမ်းခွဲခဲ့ကြခြင်း အစရှိသော ဖြစ်နိုင်ချေများစွာ ဖြတ်ပြေးသွားလေသည်။

သူသည် မိန်းကလေး စိတ်ငြိမ်သွားစေရန် ကြိုးပမ်းသည့်အနေဖြင့် မစ္စတာထုံ၏ ကိုယ်စား အကောင်းဆုံး ပြောဆိုပေးခဲ့ပြီး ဖြစ်သည်။

သို့သော် မိန်းကလေး၏ စိတ်ခံစားမှုမှာ လုံးဝ တိုးတက်မလာခဲ့ပေ။ ထိုအစား ဆိုးရွားသော အမှတ်တရအချို့ကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားကာ သူမမှာ ပို၍ပင် ဒေါသထွက်လာလေသည်။

"သူ့ရဲ့ တောင်းပန်မှုကို ငါ မလိုအပ်ဘူး...၊ ငါ့ကို လာမရှုပ်ပါနဲ့တော့...။"

ထိုသို့ ပြောပြီးနောက် မိန်းကလေးက ပြတ်ပြတ်သားသားပင် ဖုန်းချသွားခဲ့လေသည်။ လျန်ထျန်းမှာ အနေရခက် စွာဖြင့် ရပ်ကျန်နေခဲ့ပြီး အတန်ကြာမှသာ သတိပြန်ဝင်လာတော့သည်။ သူ၏ လက်ထဲရှိ ပန်းများကို ငုံ့ကြည့်ရင်း လျန်ထျန်းမှာ မျက်မှောင်ကြုတ်ကာ စိတ်ရှုပ်ထွေးစွာဖြင့် သူ့ဘာသာ ရေရွတ်လိုက်လေသည်။

"ဘယ်... ဘယ်လိုလုပ်ရမလဲ...။ ပန်းတွေကလည်း မပို့ရသေးဘူး...။ မစ္စတာထုံဆီ အရင် ဖုန်းခေါ်လိုက်တာ ပို ကောင်းမယ်...။"

ချက်ချင်းပင် လျန်ထျန်းသည် မစ္စတာထုံ၏ လျှို့ဝှက်နံပါတ်ကို ခေါ်ဆိုလိုက်လေသည်။ ဖုန်းဝင်သွားပြီးနောက် လျန်ထျန်း က ချက်ချင်း ရှင်းပြလိုက်သည်။

"ဟယ်လို... မစ္စတာထုံ... ကျွန်တော်က ခင်ဗျားရဲ့ ပန်းအမှာစာကို လက်ခံထားတဲ့ ပို့ဆောင်သူပါ...။ ဒါပေမဲ့ အခု ပြဿနာတစ်ခုနဲ့ ကြုံနေရလို့ပါ...။"

"မှတ်ချက်ထဲမှာ ခင်ဗျားချန်ထားခဲ့တဲ့ ဆက်သွယ်ရန် အချက်အလက်နဲ့ လိပ်စာအတိုင်း မစ္စလျူကျားရှင်းရဲ့ အဆောက်အအုံကို သွားပြီးတော့ ဖုန်းလည်း ခေါ်ခဲ့ပါတယ်...။"

"ဒါပေမဲ့ ခင်ဗျားက ပန်းပို့တဲ့သူလို့ ပြောလိုက်တာနဲ့ သူမက ဆွပေးလိုက်သလိုမျိုး ဖြစ်သွားပြီးတော့ ကျွန်တော့်ကို ထွက်သွားဖို့ ပြောပါတယ်...။ အာ... မဟုတ်ဘူး...၊ သူမက ကျွန်တော့်ကို ထွက်သွားဖို့ ပြောခဲ့တာပါ...။"

"ကျွန်တော် ဘယ်လိုပဲ ပြောပြော သူမက ပန်းစည်းကို လက်မခံဘဲ နောက်ဆုံးမှာ ဖုန်းပါ ချသွားပါတယ်... ။ ကျွန်တော် ဘယ်လို လုပ်ရမလဲခင်ဗျာ...။"

မူလက လျန်ထျန်းသည် ဤအကြောင်းကို သိပြီးနောက် မစ္စတာထုံလည်း ထိခိုက်ခံစားသွားရမည်ကို စိုးရိမ်နေခဲ့ သည်။ မစ္စတာထုံသာ သူ၏ စိတ်ခံစားချက်များကို ထိန်းချုပ်မရ ဖြစ်သွားပါက မည်သို့ နှစ်သိမ့်ပေးရမည်ကိုပင် လျန်ထျန်း စတင် စဉ်းစားနေခဲ့ပြီ ဖြစ်သည်။

*အလို... လောကကြီးတွင် အချစ်ဆိုသည်မှာ အဘယ်နည်း။ တကယ်ကို နားလည်ရခက်လှပေသည်...။*

သို့သော် လျန်ထျန်းကို တစ်ဖန် အံ့အားသင့်သွားစေသည်မှာ သတင်းကို ကြားပြီးနောက် မစ္စတာထုံ၏ လေသံမှာ မထင်မှတ်ထားလောက်အောင် တည်ငြိမ်နေခြင်းပင် ဖြစ်သည်။

"ဪ... သိပါပြီ... ဒါဆို မင်း အမှာစာကို အရင် အဆုံးသတ်လိုက်ပါ...။ ငါ ထပ်စဉ်းစားကြည့်လိုက်ဦးမယ်...။"

ထိုသို့သော ဂရုမစိုက်သည့် အဖြေမျိုးကို ရရှိလိုက်သောအခါ လျန်ထျန်း၏ ခေါင်းထဲတွင် မေးခွန်းအချို့ ထွက်ပေါ် လာခြင်းကို မတားဆီးနိုင်ခဲ့ပေ။

*ဟင်... ဒါက ငါ မျှော်လင့်ထားတာနဲ့ နည်းနည်းလွဲနေပါလား...။*

သို့သော် သူ မျှော်လင့်ထားသည်နှင့် ကွာခြားနေသော်လည်း လျန်ထျန်းမှာ တကယ်တမ်းတွင် စိတ်အေးသွားခဲ့ ရလေသည်။ မည်သို့ပင်ဆိုစေ သူ ထင်ထားသည့်အတိုင်းသာ အတိအကျ ဖြစ်လာပါက ပြဿနာများစွာ ရှိလာနိုင် ပေသည်။

သို့သော် ဖောက်သည်၏ တောင်းဆိုချက်အရ လျန်ထျန်းက အမှာစာကို အဆုံးသတ်လိုက်သည်နှင့် တစ်ပြိုင်နက် မစ္စတာထုံက ဖုန်းပြန်ခေါ်လာလေသည်။ သူ ပြောလိုက်သော စကားက လျန်ထျန်းကို ဆွံ့အသွားစေခဲ့သည်။

"ငါ နောက်ထပ် မိန်းကလေးတစ်ယောက်ရဲ့ လိပ်စာနဲ့ ဆက်သွယ်ရမယ့် အချက်အလက်တွေ ပေးမယ်...။ အဲ့ဒီကို ပန်းတွေ သွားပို့ပေးလို့ ရမလား...။"

ဖုန်းချပြီးနောက် လျန်ထျန်းသည် ကိုယ်ပိုင်မက်ဆေ့ချ်တစ်ခုကို လက်ခံရရှိခဲ့သည်။ သေချာပေါက်ပင် ၎င်းမှာ ဝမ်ယန်ယန် အမည်ရှိ အခြား မိန်းကလေးတစ်ဦးထံမှ ဖြစ်သည်။

အချက်အလက်များကို ဖတ်ပြီးနောက် လျန်ထျန်းမှာ သက်ပြင်းချကာ အနည်းငယ် စိတ်အေးသွားရလေသည်။

"ဒီလိပ်စာက အိမ်နံပါတ် အတိအကျ ပါလို့ ပိုပြီး ယုံကြည်ရလောက်ပါတယ်...။ ဒါပေမဲ့...၊ သူက ဒဏ်ရာရနေတဲ့ အချစ်ရူးလေးလို့ ထင်ခဲ့တာ...။ တကယ့် လူရှုပ်ကြီး ဖြစ်နေတာပဲ...။"

"မိန်းကလေးတစ်ယောက်က လက်မခံရင် ချက်ချင်း နောက်တစ်ယောက်ကို ပြောင်းတယ်ပေါ့...။ ကျွတ်.ကျွတ်... ငါးများများရအောင် ပိုက်ကျယ်ကျယ် ဖြန့်ထားတာပဲ...။ ထားလိုက်ပါတော့...၊ ငါ့အလုပ်ကိုပဲ ငါလုပ်ပြီး တခြား သူတွေကို ဝေဖန်မနေတော့ပါဘူး...။"

ထို့ကြောင့် လျန်ထျန်းသည် လိပ်စာသစ်ဆီသို့ ချက်ချင်း ထွက်ခွာသွားခဲ့လေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် သူတို့၏ ခရီးပန်းတိုင်သို့ ရောက်ရှိသောအခါ လျန်ထျန်းသည် တံခါးကို ခေါက် ကာ စတင် ပြောဆိုလိုက်လေသည်။

"ဟယ်လို... ပို့ဆောင်စရာလေး ရှိလို့ပါ...။"

တံခါးပွင့်လာပြီးနောက် အသက်နှစ်ဆယ်ကျော်အရွယ် ချစ်စရာ မိန်းကလေးတစ်ဦး ထွက်ပေါ်လာလေသည်။

"မစ္စဝမ်ယန်ယန် ပါလားခင်ဗျာ...၊ ဒါက ခင်ဗျားအတွက်ပါ...။"

လျန်ထျန်းက ပြောရင်း ပန်းများကို ကမ်းပေးလိုက်လေသည်။

သူသည် ဤပန်းများကို အမြန် ပို့ဆောင်ပြီးစီးကာ အခြားအမှာစာများကို လက်ခံချင်နေပြီ ဖြစ်သည်။ ဤအမှာစာ မှာ နေရာနှစ်ခုသို့ ပို့ဆောင်ခဲ့ရသဖြင့် အချိန်များစွာ ဖြုန်းတီးလိုက်ရသည်မှာ သေချာလှသည်။

ဝမ်ယန်ယန်က ပန်းစည်းကြီးကို မြင်လိုက်ရသောအခါ သူမ၏ လှပသော မျက်နှာပေါ်တွင် ပျော်ရွှင်သောအမူ အရာ ချက်ချင်း ထွက်ပေါ်လာပြီး ပန်းများကို ယူရန် လက်လှမ်းလိုက်လေသည်။

ထိုမြင်ကွင်းကို မြင်သောအခါ လျန်ထျန်းမှာ နောက်ဆုံးတွင် စိတ်အေးသွားရတော့သည်။ သို့သော် ဝမ်ယန်ယန် သည် ပန်းများကို ယူပြီးသည်နှင့် ပျော်ရွှင်သော မျက်နှာထားဖြင့် မေးလိုက်လေသည်။

"ကျန်းကျင်းချန် က ဒါတွေ ပို့ခိုင်းလိုက်တာ မဟုတ်လား...။ အဲ့ဒီလူက တကယ်ပဲ...၊ သူ ပန်းပို့မယ်ဆိုတာကို ငါ့ကို ကြိုပြီး ဘာလို့ မပြောရတာလဲ...။ သူက တိတ်တဆိတ်တောင် လုပ်လိုက်သေးတယ်...။ ငါ့ကို အံ့သြသွားအောင် လုပ်ချင်နေတာလား...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်း၏ ခေါင်းထဲတွင် ရုတ်တရက် ထုံကျဉ်သွားကာ ကျဆင်းသွားခါစဖြစ် သော ရင်ထဲမှ အလေးချိန်မှာ တစ်ဖန် ပြန်လည် မြင့်တက်လာလေသည်။

ခေတ္တမျှ စိတ်ကြောင်သွားပြီးနောက် သူက အနေရခက်စွာဖြင့် ပြောလိုက်ရသည်။

"အာ... ဒီအမှာစာရဲ့ ဖောက်သည်က မျိုးရိုးနာမည် ကျန်း မဟုတ်ပါဘူး...။ သူ့ရဲ့ မျိုးရိုးနာမည်က ထုံ ပါ...။"

သူ ထိုစကားများကို ပြောလိုက်ချိန်တွင် သူ၏ရှေ့ရှိ ဝမ်ယန်ယန် အမည်ရသော ချစ်စဖွယ် မိန်းကလေး၏ လှပ သော မျက်နှာလေးမှာ စာအုပ်စာမျက်နှာများကို လှန်လိုက်သည်ထက် ပိုမို လျင်မြန်စွာ ပြောင်းလဲသွားသည်ကို လျန်ထျန်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေသည်။

မိန်းကလေးတစ်ဦးသည် သူမ၏ အမူအရာပေါ် မူတည်၍ လုံးဝ ကွဲပြားခြားနားသော လူတစ်ဦးနှင့် တကယ်ကို တူသွားနိုင်ပြီး ဤအချက်ကို လျန်ထျန်းက ယခုအချိန်တွင် ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့လိုက်ရခြင်း ဖြစ်သည်။

လွန်ခဲ့သော ခဏလေးကပင် ဝမ်ယန်ယန်မှာ တောက်ပ၊ ရွှင်လန်း၊ ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့သော အိမ်နီး ချင်း မိန်းကလေးလေး တစ်ဦး ဖြစ်နေခဲ့သည်။ သို့သော် "အမှာစာ တင်ခဲ့သော ဖောက်သည်မှာ မျိုးရိုးနာမည် ကျန်း မဟုတ်ဘဲ ထုံ ဖြစ်သည်" ဟူသည်ကို ကြားလိုက်ရချိန်တွင် သူမ၏ မျက်နှာမှာ ချက်ချင်း အေးစက်သွားပြီး မျက်လုံးများမှာလည်း နတ်ဆိုးတစ်ပါး ဝင်ပူးသွားသကဲ့သို့ ရေခဲတမျှ အေးစက်သွားလေတော့သည်။

ပန်းစည်းကြီးမှာ သူ့ထံသို့ ပြန်လည် ပစ်ပေါက်ခံလိုက်ရသည်။ အကယ်၍ လျန်ထျန်းက အမြန် မဖမ်းလိုက်မိပါက ၎င်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားမည်မှာ သေချာပေသည်။

ထို့နောက် ချက်ချင်းပင် ဝမ်ယန်ယန်၏ ဒေါသတကြီး အသံ ထွက်ပေါ်လာလေသည်။

"ငါ့ရှေ့ကနေ အခုချက်ချင်း ထွက်သွားစမ်း...။"

မိန်းကလေး၏ တုံ့ပြန်မှုကို မြင်သောအခါ လျန်ထျန်းက အပြစ်ကင်းစင်ကြောင်း တစ်ခုခု ပြောရန် ပြင်လိုက်စဉ် မှာပင် ဝမ်ယန်ယန်က တံခါးဘေးမှ တံမြက်စည်းတစ်ခုကို ဆွဲယူကာ မြှောက်၍ အကျယ်ကြီး အော်ဟစ်လိုက် လေသည်။

"နင့်ကို ထွက်သွားလို့ ငါ ပြောနေတယ်လေ...။"

ထိုမြင်ကွင်းကို မြင်သောအခါ လျန်ထျန်းမှာ ဘာမှ ထပ်မပြောရဲတော့ဘဲ ပန်းများကို အမြန်ဆွဲယူကာ ထွက်ပြေး ရလေတော့သည်။

အဆောက်အအုံအပြင်ဘက်သို့ ပြေးထွက်လာပြီးနောက်မှသာ လျန်ထျန်းသည် ရပ်၍ အသက်ရှူရဲတော့သည်။ ထို့နောက် သူက ရင်ဘတ်ကို ဖိကာ အလန့်တကြားဖြင့် အမောတကော အသက်ရှူနေလေသည်။

"ဘာ... တကယ်တော့ ဘာတွေ ဖြစ်ကုန်တာလဲ...။"

"ဘာလို့ အဲ့ဒီ မိန်းကလေးတွေက ဖောက်သည်ရဲ့ မျိုးရိုးနာမည်ကို ပြောလိုက်တာနဲ့ လုံးဝ ကွဲပြားတဲ့ လူတွေလို ပြုမူကုန်ကြတာလဲ...။ အရမ်း လွန်လွန်းတယ်...။"

"ပန်းတွေ ထပ်ပြီး မပို့နိုင်ခဲ့ပြန်ဘူး...။ ငါ ဘယ်လို လုပ်ရပါ့မလဲ...။"

အခြား ရွေးချယ်စရာ မရှိတော့သဖြင့် လျန်ထျန်းမှာ ဖောက်သည်၏ နံပါတ်ကို ထပ်မံ ခေါ်ဆိုရပြန်သည်။

"ဟေး... မစ္စတာထုံ... ။ မစ္စဝမ်ယန်ယန်ကလည်း ခင်ဗျားရဲ့ ပန်းတွေကို လက်မခံဘူးဗျ...။ ခင်ဗျား ကြည့်လုပ်ပါ ဦး...။"

လျန်ထျန်း စကားမဆုံးခင်မှာပင် မစ္စတာထုံက ဆက်ပြောလေသည်။

"ဒါဆို ငါ နောက်ထပ် လိပ်စာတစ်ခု ပေးမယ်...။ မင်း အဲ့ဒီကို သွားပို့လိုက်...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ မျက်မှောင် ပြင်းပြင်းထန်ထန် ကြုတ်သွားပြီး မစ္စတာထုံ၏ မိန်းမရှုပ် သော အပြုအမူအပေါ် အနည်းငယ် ရွံရှာမိနေပြီ ဖြစ်သည်။

"မရဘူး... မစ္စတာထုံ...။ ကျွန်တော် ဒီအမှာစာကို နှစ်ကြိမ်တောင် သွားပို့ပြီးပြီ...။ ထပ်ပို့ရရင် သုံးကြိမ်မြောက် ဖြစ်သွားလိမ့်မယ်...။"

"ပြီးတော့ ခင်ဗျား မသိလို့ပါ...၊ အခုလေးတင် မစ္စဝမ်ယန်ယန်က ကျွန်တော့်ကို ရိုက်တော့မလို့ လုပ်နေတာ... ။ ခင်ဗျား သူမကို ဘယ်လိုများ စော်ကားထားလို့လဲ...။"

"အစားအသောက် ပို့တာက ကိုယ်ပိုင် အသက်အန္တရာယ်ပါ ရှိလာလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးဖူးဘူး... ဒါ့အပြင် ကျွန်တော့်မှာ ဂရုစိုက်ရမယ့် တခြားအမှာစာတွေ ရှိသေးတယ်...။ ခင်ဗျားအတွက်ကိုပဲ အာရုံစိုက်ပြီး ပို့နေလို့ မရပါဘူး...။"

လျန်ထျန်း စကားမဆုံးခင်မှာပင် မစ္စတာထုံက ဖြတ်ပြောလိုက်သည်။

"မင်း ဘယ်နှစ်ကြိမ်ပဲ သွားပို့ပို့...၊ ငါ့အတွက် ပို့မပေးနိုင်သေးသရွေ့...။ မင်း ပို့နိုင်တဲ့အထိ ဆက်ပို့ပေးရမယ်...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ အတော်လေး ဒေါသထွက်သွားပြီး ချက်ချင်း ပြန်ပြောလိုက်သည်။

"ခင်ဗျားက တစ်ခါပို့ခပဲ ပေးထားတာ...။ အဲ့ဒါကို ကျွန်တော်က နှစ်ခါတောင် သွားပို့ပေးခဲ့ပြီးပြီ...။ အဲ့ဒါက လုံလောက်တာထက်တောင် ပိုနေသေးတယ်...။"

"ခင်ဗျားက ခုလိုမျိုး ပြောမယ်ဆိုရင်...၊ တတိယအကြိမ် ထပ်မပို့ပေးတာက ကျွန်တော့်အတွက် လုံးဝ အကြောင်း ပြချက် ခိုင်လုံသွားပြီ...။ ခင်ဗျားကို ကူညီတာက ကျေးဇူးပြုတာ...၊ မကူညီတာက ကျွန်တော့်ရဲ့ အခွင့်အရေး ပဲ...။"

လျန်ထျန်းက အနိုင်ကျင့်၍ လွယ်သူ မဟုတ်ကြောင်း သိလိုက်ရပြီးမှသာ မစ္စတာထုံ၏ လေသံမှာ ပျော့ကျသွား လေသည်။

"ကောင်းပါပြီ... ကောင်းပါပြီ...၊ တော်ပါတော့...။ မင်း လိုချင်တာက ပိုက်ဆံပဲ မဟုတ်လား...။ အစားအသောက် ပို့တဲ့ကောင်ရဲ့...။"

"ငါ အဲ့ဒီ အမှာစာပေါ်မှာ မင်းအတွက် ဘောက်ဆူး ပေးလိုက်တယ်... ။ အခု မင်း ငါ့အတွက် သွားပို့ပေးလို့ ရပြီ လား...။ ငါ ဘောက်ဆူး ပေးပြီးပြီ...။ စစ်ကြည့်လိုက်ဦး...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်းက သူ၏ အစားအသောက် ပို့ဆောင်ရေး အက်ပ်ကို စစ်ဆေးကြည့်လိုက် ရာ သေချာပေါက် ဘောက်ဆူး ရောက်နေသည်ကို တွေ့လိုက်ရသည်။

ထို့အပြင် ဘောက်ဆူးပေးခြင်းမှာ ကမ္ဘာ့ကုန်ဈေးနှုန်းများ ကျဆင်းခြင်း၏ သက်ရောက်မှုကို မခံရသည်မှာ သိသာ ထင်ရှားလှပြီး လက်ခံရရှိသော ပမာဏမှာ (၁၀) ယွမ် ဖြစ်သည်။

ယခုခေတ်၏ (၁၀) ယွမ်မှာ ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း မကျဆင်းမီကဆိုလျှင် ယွမ်ဆယ်သန်းနှင့် ညီမျှသည်ကို သတိပြုရမည် ဖြစ်သည်။ သူ၏ အကောင့်ထဲသို့ ရောက်ရှိလာသော ငွေကြေးကို ကြည့်ကာ လျန်ထျန်းက မလိုလားစွာဖြင့် ပြန်ပြောလိုက်လေသည်။

"ကောင်းပြီ... လိပ်စာကိုသာ ပို့လိုက်ပါ…။”

All Chapters