← Chapters

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း (၁၈၀)

ဒီလိုအချိန်မှာတောင် မင်းက ဟန်ဆောင်နေတုန်းပဲလား

လျန်ထျန်း၏ ပြတ်သားသော စကားများကို ကြားသောအခါ ရွှမ်ရှီး၏ ဒေါသများမှာ လုံးဝ ပေါက်ကွဲထွက်လာ တော့သည်။

"မင်းကိုယ်မင်း သိပ်ဟုတ်လှပြီ ထင်နေတာလား…။ မင်းက ငါ့ရှေ့မှာ လာပြီး ဟန်ဆောင်နေတာပဲ...။"

"မင်းကို ပြောပြဖို့ ငါ နည်းနည်းလေးမှ မကြောက်ဘူး…။ ချန်ရှန် အလယ်တန်းကျောင်းရဲ့ နောက်ကွယ်က အစုရှယ်ယာရှင်ကြီးဖြစ်တဲ့ ဟွာလန်အုပ်စုရဲ့ အထွေထွေမန်နေဂျာက ငါ့ဦးလေးပဲ...။"

"ချန်ရှန် အလယ်တန်းကျောင်းရဲ့ လက်ရှိ ကျောင်းအုပ်ကြီးတောင် ငါ့ဦးလေးရှေ့မှာ ခါးညွှတ်ပြီး ဖားယားနေရတာ မင်းက ငါ့မိသားစုကို မကောင်းဘူးလို့ ပြောရအောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ...။"

ထိုစဉ် ရွှမ်ရှီး၏ နောက်လိုက်များထဲမှ တစ်ဦးက ရုတ်တရက် ထရပ်ကာ လျန်ထျန်းကို လက်ညှိုးထိုး၍ ပြော လိုက်လေသည်။

"ဟေး ငါလည်း သူ့ကို ရင်းနှီးနေသလို ခံစားနေရတာ အစ်ကိုရွှမ် လွန်ခဲ့တဲ့ရက်ပိုင်းက ညသန်းခေါင်မှာ ကျွန်တော် တို့ကောင်တွေအတွက် အသားကင် မှာစားတာကို မှတ်မိလား...။"

"သူက အဲ့ဒီ အသားကင်လာပို့တဲ့သူပဲ…။ သူက နှစ်မိနစ် နောက်ကျလို့ ကျွန်တော်တောင် သူ့ကို အော်ဆဲလိုက် သေးတယ်...။"

"သူက ကျွန်တော့်ကို မြေးတစ်ယောက်လို တောင်းပန်ခဲ့ပြီး လျော်ကြေးအနေနဲ့ ကိုကာကိုလာ တစ်ဗူးတောင် ပေးခဲ့သေးတယ်…။ ဒါကြောင့် သူ့ကို ကျွန်တော် မှတ်မိနေတာ...။"

ထိုစကားကို ကြားသောအခါ ဝမ်ရှောင်ကျင်းမှာ မျက်လုံးများကို မှိတ်လိုက်ပြီး အရာအားလုံး ပြီးဆုံးကာ လုံးဝ ပျက်စီးသွားပြီဟု ခံစားလိုက်ရလေသည်။

ရွှမ်ရှီးသည် ပို၍ မောက်မာစွာ ရယ်မောလိုက်ပြီး လျန်ထျန်းကို လှောင်ပြောင်သည့်ဟန်ဖြင့် ပြောလိုက်သည်။

"ဒီလောက် အသံတွေ ကျယ်နေတာ နောက်ဆုံးတော့ သူက စောက်သုံးမကျတဲ့ အစားအသောက်ပို့တဲ့ကောင်ပဲ ဖြစ်နေတာကိုး…။ သူကများ ငါ့ကို လာပြီး အထာဖမ်းရဲသေးတယ်...။"

"စောစောက ပိုက်ဆံယူပြီး ထွက်သွားဖို့ မင်းမှာ အခွင့်အရေး ရှိခဲ့တယ်…။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မင်းက အဲ့ဒီအခွင့်အရေးကို ဆုပ်ကိုင်မထားခဲ့ဘူး...။"

"လာကြ တံခါးဖွင့်လိုက် ညီအစ်ကိုတို့ သူ့ကို ပညာပေးလိုက်ကြ…။ နောက်မှ ငါ့ဦးလေးဆီ ဖုန်းဆက်ပြီး မင်းတို့ရဲ့ မိသားစုလုပ်ငန်းတွေကို နောင်ကျရင် အခွင့်အရေးတွေ ပိုပေးဖို့ ပြောပေးမယ်...။"

ထိုစကားကို ကြားသည်နှင့် နောက်လိုက်များမှာ ချက်ချင်းပင် စိတ်အားထက်သန်လာကြသည်။ သူတို့သည် ရွှမ်ရှီး၏ နောက်လိုက်များအဖြစ် တလိုတလား လုပ်ဆောင်ခဲ့ကြပြီး ဤစကားမျိုးမှာ သူတို့ အကြားချင်ဆုံး စကားပင် ဖြစ်ပေသည်။

အယ်လ်မြို့တော်တွင် အတင်းကြပ်ဆုံးသော တံခါးပိတ် စီမံခန့်ခွဲမှုစနစ် ရှိသည်ဟု ဂုဏ်ယူဝင့်ကြွားရသော ဤကျောင်းကြီးမှာ ရွှမ်ရှီး၏ ရှေ့တွင်မူ ဘာမှ မဟုတ်တော့ပေ။

သူသည် ကျောင်းသားကောင်စီ ဥက္ကဋ္ဌ ဖြစ်နေသဖြင့် ဤတံခါးငယ်၏ သော့ကို ကိုင်ဆောင်ထားကာ အလွယ် တကူပင် ဖွင့်လိုက်လေသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ဝမ်ရှောင်ကျင်းမှာ အလွန် ကြောက်ရွံ့သွားသဖြင့် ငိုမတတ် ဖြစ်သွားကာ လျန်ထျန်းကို အော်ပြောလိုက်လေသည်။

"ပြေးတော့ သူတို့ကို အဖမ်းမခံနဲ့ သူတို့အားလုံးက အရမ်းချမ်းသာကြတာ သူတို့က တကယ်ကို ကြောက်စရာ ကောင်းတဲ့ ကိစ္စတွေကို လုပ်ရဲတဲ့သူတွေ...။"

လျန်ထျန်း ထွက်ပြေးမည်လား။

မပြေးပေ။ သေချာပေါက် သူ ထွက်ပြေးမည် မဟုတ်ပေ။

တံခါးထဲမှ ထွက်လာကာ သူ့ကို ဝိုင်းရံလာသော အထက်တန်းကျောင်းသား တစ်စုကို ကြည့်ရင်း လျန်ထျန်းက ယုံကြည်မှုရှိစွာ ပြုံးလိုက်လေသည်။

"သူက ဟွာလန်အုပ်စုရဲ့ အထွေထွေမန်နေဂျာလောက်ပဲ ရှိတာကို အယ်လ်မြို့တော်တစ်ခုလုံးက သူ့မိသားစု ပိုင်တဲ့အတိုင်းပဲ ပြောနေတာ တကယ်ကို ရယ်စရာကောင်းလှချည်လား...။"

လျန်ထျန်း၏ စကားကို ကြားသောအခါ ရွှမ်ရှီးက အထင်အမြင်သေးစွာ လှောင်ပြုံး ပြုံးလိုက်သည်။

"ဒီလိုအချိန်မျိုး ရောက်နေတာတောင် မင်းက ဟန်ဆောင်နေတုန်းပဲလား မင်း ဟန်လုပ်ပြီး တည်ငြိမ်ပြနေတာနဲ့ပဲ ငါက လန့်သွားပြီး မင်းကို လွှတ်ပေးလိုက်မယ်လို့ တကယ်ပဲ ထင်နေတာလား...။"

"ခွေးကောင် အစားအသောက်ပို့တဲ့ကောင် မင်းရဲ့ ဇာတိရုပ် ပေါ်သွားပြီ ဒီနေ့ ငါ မင်းကို ဒူးထောက်ပြီး အဘိုးလို့ ခေါ်ရတဲ့အထိ မရိုက်နှက်နိုင်ရင် ငါ့နာမည် ရွှမ် မဟုတ်ဘူး...။"

စကားဆုံးသည်နှင့် ရွှမ်ရှီးက လက်ကာပြလိုက်ရာ သူ၏ နောက်လိုက် အနည်းငယ်မှာ လျန်ထျန်းဆီသို့ ပြေးဝင် သွားကြလေသည်။

အသက် ဆယ့်ခုနစ်နှစ်၊ ဆယ့်ရှစ်နှစ်အရွယ် အထက်တန်း ကျောင်းသားများမှာ ခွန်အားအပြည့်ဝဆုံး အရွယ်များ ဖြစ်ကြသည်။ အကယ်၍သာ သူတို့က တစ်ယောက်တည်းကို ဝိုင်းရိုက်ကြမည် ဆိုပါက လူအများစုမှာ သူတို့၏ ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ပေ။

သို့သော် လျန်ထျန်းမှာမူ တည်ငြိမ်စွာ ရပ်နေဆဲဖြစ်ပြီး သူ့ကို တိုက်ခိုက်ရန် ဝင်လာသော လူအများကို ရင်ဆိုင် ရာတွင် မည်သည့် လှုပ်ရှားမှုမျှ လုပ်မည့်အရိပ်အယောင် မပြခဲ့ပေ။

ရွှမ်ရှီး၏ အမြင်တွင်မူ အစားအသောက်ပို့သူမှာ အလွန်ကြောက်ရွံ့သွားသဖြင့် မလှုပ်ရဲတော့ဘဲ နောက်တစ် စက္ကန့်တွင် မြေကြီးပေါ်သို့ ရိုက်ချခံရတော့မည်ဟု ထင်မှတ်နေလေသည်။

ထို့ကြောင့် သူ၏ နှုတ်ခမ်းစွန်းများမှာ ပို၍ ကွေးတက်လာကာ အစားအသောက်ပို့သူ မြေကြီးပေါ်သို့ လဲကျသွား သည်နှင့် တစ်ပြိုင်နက် အော်ဟစ်ရယ်မောရန် အသင့်ပြင်ထားလေသည်။

သို့သော် ပထမဆုံး ပြေးဝင်လာသော အထက်တန်းကျောင်းသား၏ လက်သီးမှာ လျန်ထျန်း၏ မျက်နှာပေါ်သို့ ကျရောက်တော့မည့် ဆဲဆဲတွင်၊

“ဘုန်း...”

လက်သီးနှင့် အသား ထိခိုက်မိသည့် တုံးတိတိ အသံကြီး ထွက်ပေါ်လာလေသည်။ ရိုက်ချက်က ထိမှန်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် ရွှမ်ရှီး အသင့်ပြင်ထားခဲ့သော ရိုင်းစိုင်းသည့် ရယ်မောသံကြီးမှာ လည်ချောင်းထဲတွင်ပင် တစ်ဆို့သွားခဲ့ ရလေသည်။

အကြောင်းမှာ ထိမှန်သွားသူမှာ လျန်ထျန်း မဟုတ်ဘဲ လျန်ထျန်းကို ထိုးကြိတ်ရန် ရွယ်နေသည့် အထက်တန်း ကျောင်းသားပင် ဖြစ်နေသောကြောင့်တည်း။

အထက်တန်းကျောင်းသားကို ထိုးကြိတ်လိုက်သူမှာလည်း လျန်ထျန်း မဟုတ်ဘဲ ဘယ်ဆီမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာသည့် ကိုယ်ခံပညာဝတ်စုံနှင့် လူငယ်တစ်ဦး ဖြစ်နေခဲ့လေသည်။

ထိုလူငယ်မှာ လျန်ထျန်းနှင့် အသက်အရွယ်ရွယ်တူခန့် ရှိပြီး လျန်ထျန်း၏ရှေ့တွင် ခိုင်မာစွာ ရပ်တန့်နေလေသည်။

သူက တစ်ယောက်တည်း ဖြစ်သော်လည်း သူ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ဝိုင်းရံထားသော ဆယ့်ခု နစ်နှစ်၊ ဆယ့်ရှစ်နှစ်အရွယ် လူငယ်များအားလုံး မျက်တောင်တစ်ခတ်အတွင်း မြေကြီးပေါ်သို့ လဲကျသွားကြ လေသည်။

ကိုယ်ခံပညာဝတ်စုံနှင့် လူငယ်၏ ရိုက်နှက်မှုကို ခံရပြီးနောက် မည်သူမျှ မတ်တတ်မရပ်နိုင်တော့ပေ။ အသက်ရှူ ကြိမ် အနည်းငယ်အတွင်းမှာပင် လူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ကို သူ တစ်ယောက်တည်းနှင့် အလဲထိုးပစ် လိုက်လေတော့သည်။

ရုတ်တရက် မြေကြီးပေါ်တွင် အော်ဟစ်ညည်းညူနေကြသည့် မြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှမ်ရှီးမှာ မှင်တက်သွားရတော့သည်။

လျန်ထျန်း အရိုက်မခံရစေရန် တားဆီးဖို့ ပြေးလာသော ဝမ်ရှောင်ကျင်းမှာလည်း ထိုနေရာတွင် မှင်တက်စွာ ရပ်နေမိပြီး ချစ်စရာကောင်းကာ ဇဝေဇဝါ ဖြစ်နေသည့်ပုံ ပေါက်နေလေသည်။

လျန်ထျန်းက ခေါင်းခါကာ သက်ပြင်းချလိုက်သည်။

"ငါ့ရဲ့ တန်ဖိုးအကြီးဆုံး လျှို့ဝှက်ကတ်ပြားကို ဒီနေရာမှာ သုံးလိုက်ရလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ ဘူး...။ အယ်လ်မြို့တော်ရဲ့ အကျော်ကြားဆုံး လုံခြုံရေးကုမ္ပဏီကို ဝယ်ယူပြီး အဲ့ဒီက အသန်မာဆုံး ဝန်ထမ်းတစ် ယောက်ကို ငါ့ကို လျှို့ဝှက်ကာကွယ်ပေးဖို့ စီစဉ်ထားတာလေ...။"

"ကျောင်းသားတစ်စုကို ဖြေရှင်းဖို့အတွက် မင်းရဲ့ စွမ်းရည်တွေကို အသုံးချရတာ တကယ်ကို နှမြောစရာပဲ...။ ဒါပေမဲ့ ရှီမင် မင်း လုပ်တာ မှန်ပါတယ်...။ ငါ ထိခိုက်တော့မယ့် အချိန်ကျမှ မင်း ဝင်ပါခဲ့တာပဲ...။ ငါ လူရွေး မမှားခဲ့ဘူးဆိုတာ ငါ သိတယ်...။"

ဟုတ်ပေသည်။ လျန်ထျန်းသည် အလွန် သန်မာသော သူတစ်ဦးကို အလွန် လျှို့ဝှက်သော နည်းလမ်းဖြင့် သူ့အား ကာကွယ်ပေးရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

အကြောင်းမှာ လွန်ခဲ့သောတစ်ကြိမ်က သူ ငှားရမ်းနေထိုင်ရာ အခန်းသို့ အပြန် လှေကားခွင်တွင် အရိုက်ခံရမလို ဖြစ်ခဲ့သောကြောင့်ပင်တည်း။

သူတို့သည် ဉာဏ်ရည်ဉာဏ်သွေးကို အသုံးချကာ တစ်ဖက်လူနှင့် ညှိနှိုင်းနိုင်ခဲ့ပြီး နောက်ဆုံးတွင် ညွှန်ကြားရေးမှူး တန်နှင့် သူ၏လူများ ရောက်လာချိန်အထိ အချိန်ဆွဲထားနိုင်ခဲ့ကာ အခြေအနေကို ပြောင်းပြန်လှန်နိုင် ခဲ့သော် လည်း ကြောက်ရွံ့မှု အကြွင်းအကျန်များ ရှိနေဆဲ ဖြစ်လေသည်။

ထိုအချိန်မှစ၍ လျန်ထျန်းသည် နောက်ထပ် အချက်တစ်ချက်ကို ရှင်းလင်းစွာ နားလည်သွားခဲ့သည်။ သူ၏ ကိုယ်ပိုင် လုံခြုံရေးသည်လည်း အလွန် အရေးကြီးကြောင်းပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေ သူသာ ထိန်းချုပ်၍မရသော မတော်တဆမှု တစ်ခုခုနှင့် ကြုံတွေ့ရပါက သို့မဟုတ် ထိခိုက်ဒဏ် ရာ ရသွားပါက သူ၏ မိဘများနှင့် ဆွေမျိုးများမှာ သေချာပေါက် အလွန် ဝမ်းနည်းကြေကွဲရပေလိမ့်မည်။

ကိုယ်ပိုင်လုံခြုံရေးအတွက် တာဝန်ယူခြင်းသည် မိသားစုအတွက်လည်း တာဝန်ယူခြင်းပင် ဖြစ်သည်။

ထို့ကြောင့် သူ ယခင်က ဝယ်ယူထားခဲ့သော လုံခြုံရေးကုမ္ပဏီမှ အသန်မာဆုံး ဝန်ထမ်းများကို သူ၏ မိဘများနှင့် ဆွေမျိုးများအား လျှို့ဝှက်ကာကွယ်ပေးရန် မူလကပင် စီစဉ်ထားခဲ့လေသည်။

ယခုမူ သူ့ကို ကာကွယ်ရန်အတွက် လူတစ်ဦးကို ရွေးချယ်ထားလိုက်ပြီ ဖြစ်သည်။ သူ၏ အမည်မှာ ရှီမင် ဖြစ်ပြီး အသန်မာဆုံးသူများထဲတွင် အငယ်ဆုံး ဖြစ်သော်လည်း သူ၏ ခွန်အားနှင့် အဆင့်အတန်းမှာ လုံးဝ မနိမ့်ကျပေ။

သေချာပေါက် လုံခြုံရေးကုမ္ပဏီတွင် လူအင်အား လုံလောက်စွာ ရှိသောကြောင့် မိဘများနှင့် ဆွေမျိုးများဘက် တွင်လည်း လူအင်အား ထပ်မံ ဖြည့်တင်းထားလေသည်။

ဤ ရှီမင်သည် သူတို့အထဲတွင် ပုန်းကွယ်ခြင်းနှင့် ခြုံခိုတိုက်ခိုက်ခြင်းတွင် အကျွမ်းကျင်ဆုံး ဖြစ်သောကြောင့် လျန်ထျန်းက သူ့ကိုယ်သူ ကာကွယ်ရန် အောက်ပါအတိုင်း အမိန့်ပေးထားခဲ့လေသည်။

"မှတ်ထား ငါ အန္တရာယ်ကြုံရတဲ့ အချိန်ကျမှသာ မင်း ဝင်ပါရမယ်...။ တခြားအချိန်တွေမှာ ငါ့ဘာသာငါ ဖြေရှင်း နိုင်ရင် မင်းရဲ့ အကူအညီ မလိုဘူး...။"

"ပထမအချက်က သေးငယ်တဲ့ ပဋိပက္ခလေးတွေကြောင့် တစ်ယောက်ယောက် ထိခိုက်ဒဏ်ရာ ရသွားတာကို ငါ မမြင်ချင်ဘူး...။"

"ဒုတိယအချက်က ရန်သူက ငါ့ကို တိုက်ခိုက်နေပြီး သူတို့ရဲ့ အာရုံစူးစိုက်မှုက ငါ့ဆီမှာ ရှိနေတဲ့အချိန်ဟာ မင်း အရိပ်ထဲကနေ တိုက်ခိုက်ဖို့ အထိရောက်ဆုံး အချိန်ပဲ...။"

"ဒီလိုအပ်ချက်တွေ အားလုံးကို မင်း ဖြည့်ဆည်းပေးနိုင်စွမ်း ရှိမယ်လို့ ငါ ယုံကြည်တယ် မဟုတ်လား...။"

အမှန်တကယ်ပင် လျန်ထျန်း၏ ဆုံးဖြတ်ချက်မှာ အလွန် မှန်ကန်ခဲ့ပြီး ရှီမင်သည်လည်း အလွန် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့လေသည်။

သို့သော် သေချာသည့် အချက်တစ်ချက်မှာ ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် သန်မာရုံမျှဖြင့် အရာရာကို ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။

ခေတ္တမျှ မှင်တက်သွားပြီးနောက် ရွှမ်ရှီးသည် ရုတ်တရက် ကြမ်းတမ်းသော်လည်း အားနည်းနေသည့် လေသံဖြင့် ပြောလိုက်လေသည်။

"ခွေးကောင် အစားအသောက်ပို့တဲ့ကောင် မင်းမှာ ကြံရာပါ ရှိနေသေးတာပဲ...။"

"ဒါပေမဲ့ မင်းက နေ့ခင်းကြောင်တောင်ကြီး ဒီနေရာမှာ ရန်ဖြစ်ရဲတယ်ပေါ့လေ…။ မင်းတော့ သွားပြီ မင်းတော့ သွားပြီပဲ...။"

ထိုသို့ ပြောရင်း ရွှမ်ရှီးသည် သူ၏ ဖုန်းကို ထုတ်ကာ နံပါတ်တစ်ခုကို ခေါ်ဆိုလိုက်လေသည်။

"ဦးလေး ကျွန်တော် ကျောင်းမှာ အရိုက်ခံရတယ်...။ သောက်သုံးမကျတဲ့ အစားအသောက်ပို့တဲ့ကောင် တစ်ကောင်က လူခေါ်ပြီး ကျွန်တော့်ကို ရိုက်ခိုင်းတာ...။"

"ကျောင်းအုပ်ကြီးတင်ဆီ အမြန်ဖုန်းဆက်ပြီး ကျောင်းဝင်းထဲက လုံခြုံရေးတွေ အားလုံးကို တောင်ဘက်တံခါးဆီ ခေါ်ခိုင်းလိုက်ပါ...။ အဲ့ဒီ အစားအသောက်ပို့တဲ့ကောင်ကို ထွက်ပြေးခွင့် မပေးနဲ့...။"

"ပြီးတော့ ရဲဌာနက ဒုတိယညွှန်ကြားရေးမှူးယင်နဲ့ ဦးလေး သိတယ် မဟုတ်လား...။ သူ့ကို အခုချက်ချင်း ဆက် သွယ်ပေးပါ ကျွန်တော် အဲ့ဒီကောင်ကို ဘယ်တော့မှ ထွက်မလာနိုင်အောင် အသေရိုက်နှက်ပစ်ချင်တယ်...။"

စကားပြောပြီး၍ ဖုန်းချလိုက်ပြီးနောက် ရွှမ်ရှီးသည် လျန်ထျန်းအား မကောင်းဆိုးဝါးဆန်သော အပြုံးဖြင့် ထပ်မံ ကြည့်လိုက်လေသည်။

"စောက်သုံးမကျတဲ့ အစားအသောက်ပို့တဲ့ကောင် မင်းက ငါ့မိန်းကလေးကို လုရဲတယ်ပေါ့လေ…။ ဒါ မင်း ရသင့်တဲ့ အကျိုးဆက်ပဲ...။"

"ငါ့မိသားစုရဲ့ စည်းစိမ်နဲ့ အာဏာကို သုံးပြီး သံတိုင်နောက်ကွယ်မှာ သေတာထက် ဆိုးတဲ့ ဘဝဆိုးကို မင်း ရင်ဆိုင်ရအောင် ငါ သေချာပေါက် လုပ်နိုင်တယ်...။"

"အဲ့ဒီအခါကျရင် မင်း ဒီနေ့ ငါ့ကို ရန်စမိခဲ့တာကို နေ့ရောညပါ နောင်တရနေလိမ့်မယ်…။ ဟားဟားဟားဟား...။"

ရွှမ်ရှီး မောက်မာစွာ ရယ်မောနေစဉ်မှာပင် လျန်ထျန်းက လက်ချောင်းကို တောက်လိုက်ရာ သူ၏ဘေးရှိ ရှီမင် သည် ပြေးထွက်သွားပြီး ရွှမ်ရှီး၏ မျက်နှာကို ပြင်းထန်စွာ ဖြတ်ရိုက်လိုက်လေသည်။

ကျောင်းသားကောင်စီ ဥက္ကဋ္ဌမှာ အရိုက်ခံရပြီးနောက် မြေကြီးပေါ်သို့ ယိုင်လဲသွားလေသည်။ သူသည် မျက်နှာကို အုပ်ကာ စက္ကန့်အနည်းငယ်မျှ ကြောင်အမ်းအမ်း ရပ်နေပြီးနောက် ဒေါသများ ပြည့်နှက်နေသော မျက်လုံးများဖြင့် လျန်ထျန်းကို စိုက်ကြည့်ကာ အော်ဟစ်လိုက်လေသည်။

"မင်းက သူနဲ့ ငါ့ကို ရိုက်ခိုင်းရဲတယ်ပေါ့လေ မင်းက ပြဿနာရှာနေတာပဲ...။ ကောင်းပြီ မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ် ငါ...။"

သို့သော် သူ စကားမဆုံးမီမှာပင် ရှီမင်က ညာဘက်လက်ကို မြှင့်လိုက်ပြန်ရာ ရွှမ်ရှီးမှာ အလွန် လန့်သွားပြီး စကားကို အမြန် ပြောင်းပြောလိုက်တော့သည်။

"ဟေး ဟေး အစ်ကိုကြီး မရိုက်ပါနဲ့တော့...။ သူ ခင်ဗျားကို ဘယ်လောက်ပေးလဲ ကျွန်တော် နှစ်ဆ ပေးမယ် ဟုတ်ပြီလား...။"

"ခင်ဗျားက တိုက်ခိုက်တာ အရမ်းတော်တယ် ကျွန်တော်နဲ့သာ လိုက်ခဲ့ရင် အဲ့ဒီ သောက်သုံးမကျတဲ့ အစား အသောက်ပို့တဲ့ကောင်ထက် အများကြီး ပိုကောင်းတဲ့ ဘဝကို ရမှာ...။ ဒါနဲ့ စကားမစပ် သူ ခင်ဗျားကို တကယ် ဘယ်လောက်ပေးလဲ...။"

ရှီမင်က မည်သည့် ခံစားချက်မျှ မရှိသော တည်ငြိမ်သည့် မျက်နှာထားဖြင့် ပြောလိုက်သည်။

"မစ္စတာလျန်က ကျွန်တော်တို့ ကုမ္ပဏီတစ်ခုလုံးကို ယွမ်တစ်ထောင်တိတိနဲ့ ဝယ်လိုက်တာ...။ မင်း ဒီထက် ပိုများတဲ့ ဈေးကို ပေးနိုင်မယ် မထင်ဘူး...။"

ထိုစကားကို ကြားသောအခါ ရွှမ်ရှီးမှာ ချက်ချင်းပင် အံ့သြတုန်လှုပ်သွားခဲ့လေသည်။

"ဘာ… ဘာ…။ ယွမ်… ယွမ်တစ်ထောင် ဟုတ်လား...။"

"ဟားဟား…ခင်ဗျား…။ ကျွန်တော့်ကို နောက်နေတာလား...၊ သူက စောက်သုံးမကျတဲ့ အစားအသောက်ပို့တဲ့ ကောင်လေ ယွမ်တစ်ထောင်ကို ဘယ်ကနေ ရမှာလဲ...။ ပြီးတော့ ယွမ်တစ်ထောင်ဆိုတာ ဟွာလန်အုပ်စုရဲ့ စုစုပေါင်း ပိုင်ဆိုင်မှု ဆယ်ပုံတစ်ပုံလောက်ပဲ ရှိတယ်...။"

"ဒါ့အပြင် ဒီနေ့ တစ်အယ်လ်မြို့တော်လုံးမှာ အလုပ်လုပ်ဖို့ အရင်းအနှီး ယွမ်တစ်ထောင် ထုတ်ပေးနိုင်တဲ့ ကုမ္ပဏီ နှစ်ခုပဲ ရှိတယ် အဲ့ဒါက အချမ်းသာဆုံးကော်ပိုရေးရှင်းနဲ့ ကျင်းတ အိမ်ခြံမြေတို့ပဲ...။"

"ခင်ဗျားက ဈေးဆစ်တာနဲ့ အဆမတန် တောင်းဆိုတာတွေကို လွန်လွန်ကျူးကျူး လုပ်လို့ မရဘူးလေ...။ ကျွန်တော်က ဦးနှောက်မရှိတဲ့ သူဌေးသားတစ်ယောက်နဲ့ တူနေလို့လား...။"

ရွှမ်ရှီး ဤမျှ ပြင်းပြင်းထန်ထန် တုံ့ပြန်သည်မှာလည်း အံ့သြစရာ မဟုတ်ပေ။ မည်သို့ပင်ဆိုစေ လက်ရှိ ယွမ်တစ် ထောင်ဆိုသည်မှာ ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း မပြုတ်ကျမီက ယွမ် တစ်ဘီလီယံနှင့် ညီမျှနေသည် မဟုတ်ပါလား။

သို့သော် ရှီမင်က ခေါင်းညိတ်ကာ အလွန် အလေးအနက်ထား၍ ပြောလိုက်လေသည်။

"တူတယ်...၊ ဘာပဲဖြစ်ဖြစ် ငါပြောတာတွေ အားလုံးက အမှန်ပဲ..။ ယုံတာ မယုံတာကတော့ မင်းအပိုင်းပဲ...။"

ထိုစဉ် အဝေးမှ အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ အသံလာရာဆီသို့ ကြည့်လိုက်သောအခါ ချန်ရှန် အလယ်တန်းကျောင်းဝင်းအတွင်းမှ လုံခြုံရေးအဖွဲ့ အများအပြား သူတို့ဆီသို့ ပြေးလာနေသည်ကို မြင်လိုက်ရ သည်။

လုံခြုံရေးအဖွဲ့ကို မြင်သောအခါ ရွှမ်ရှီးသည် အမြန်ထကာ သူတို့ဆီသို့ ပြေးသွားခဲ့လေသည်။

လုံခြုံရေးများ၏ အနောက်သို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူ၏ ယုံကြည်မှုများ ချက်ချင်း ပြန်လည်ရရှိ လာကာ လျန်ထျန်းနှင့် ရှီမင်တို့ကို တစ်ဖန် မောက်မာစွာ ပြောဆိုလိုက်ပြန်လေသည်။

"ဟား…၊ မင်းရဲ့ တည်ငြိမ်တဲ့ မျက်နှာထားနဲ့ နောက်လိုက်က တိုက်ခိုက်တာ တော်နေတော့ကော ဘာအသုံးကျမှာ လဲ...။ ငါတို့ ချန်ရှန် အလယ်တန်းကျောင်းက လုံခြုံရေးတွေ အားလုံးက ထိပ်တန်း လုံခြုံရေးကုမ္ပဏီတွေကနေ လာတဲ့ အထူးလေ့ကျင့်ထားတဲ့ ဝန်ထမ်းတွေချည်းပဲ...။"

"စောစောက ထွက်ပြေးဖို့ အခွင့်အရေး ရှိခဲ့တယ်…။ ဒါပေမဲ့ ငါ့ကို တိုက်ခိုက်ဖို့ ကြိုးစားနေလို့ အဲ့ဒီ တန်ဖိုးရှိတဲ့ အခွင့်အရေးကို ဖြုန်းတီးပစ်လိုက်တာပဲ...။ အခုတော့ မင်းတို့ ထွက်ပြေးလို့ မရတော့ဘူး သေဖို့သာ စောင့်နေ တော့...။"

"ဟား ဟား ဟား ဟား...။"

သို့သော် ရွှမ်ရှီး၏ မောက်မာသော ရယ်မောသံမှာ ကြာကြာ မခံလိုက်ပေ။

လုံခြုံရေးများ လျန်ထျန်းနှင့် ရှီမင်တို့၏ ရှေ့သို့ ရောက်လာသောအခါ လုံခြုံရေးအဖွဲ့ခေါင်းဆောင်မှာ ရှီမင်ကို မြင်လိုက်ရသဖြင့် မှင်တက်သွားခဲ့လေသည်။

ချက်ချင်းပင် သူက နောက်မှ လုံခြုံရေးအားလုံးကို သတိအနေအထားဖြင့် ရပ်ရန် အမြန် ဦးဆောင်လိုက်ပြီး နောက် ခါးညွှတ်ကာ ခေါင်းငုံ့၍ ရှီမင်ကို လက်ယှက်ကာ အရိုအသေပေးလိုက်လေသည်။

"ဂါရဝပြုပါတယ် ဆဋ္ဌမသခင်လေး...။"

နောက်မှ လုံခြုံရေးများကလည်း ပူးပေါင်းကာ အော်ဟစ်လိုက်ကြသည်။

"ဂါရဝပြုပါတယ် ဆဋ္ဌမသခင်လေး...။"

ဒီရေလှိုင်းကြီးတစ်ခုကဲ့သို့ ထွက်ပေါ်လာသော လုံခြုံရေးများ၏ ရိုသေလေးစားစွာ အော်ဟစ်လိုက်သည့် အသံ များကို ကြားလိုက်ရသောအခါ အနောက်ဘက်တွင် မောက်မာစွာ ရယ်မောနေခဲ့သော ရွှမ်ရှီးမှာ တစ်ဖန် မှင်တက် သွားရပြန်လေတော့သည်...။

All Chapters