အခန်း ၃၂၂
Vol. 33 Ch. 322
အခန်း (၃၂၂) - ဖန်းယိုလိ ထွက်ပေါ်လာခြင်း
သွမ့်ချောင်မြန်နှင့် လုဝေးဝမ်တို့သည် ၎င်းတို့၏ အားအနည်းဆုံး တပည့်များကို အရင်ဆုံး စေလွှတ်လိုက်ကြလေသည်။
သို့သော် လုဝေးဝမ်၏ တပည့်မှာ သိသိသာသာ နိမ့်ကျနေပေသည်။ အကြောင်းမှာ သူမ၏ အားအနည်းဆုံးတပည့်သည် တာအိုနယ်ပယ် ဒုတိယအဆင့်တွင်သာ ရှိနေသောကြောင့် ဖြစ်လေသည်။
ထင်ထားသည့်အတိုင်းပင် လုဝေးဝမ်ဘက်မှ ရှုံးနိမ့်သွားလေသည်။
“လင်ကျယ်… မင်းအလှည့်ရောက်ပြီ”
ဤတစ်ကြိမ်တွင်တော့ ရွှီနင်၏တပည့်အလှည့် ရောက်လာလေသည်။
လင်ကျယ်သည် စိတ်ကိုငြိမ်အောင်ထားလိုက်ပြီး ခိုင်မာပြတ်သားသော မျက်ဝန်းများဖြင့် အကာအကွယ်အတားအဆီးအတွင်းသို့ ဝင်ရောက်သွားလေသည်။
ဒိုင်း.. ဒိုင်း.. ဒိုင်း..
ချက်ချင်းပင် နက်ရွှေကြာပွတ်နှင့် ဓားအရိပ်တို့သည် အကာအကွယ်အတားအဆီးအတွင်း၌ ရိုက်ခတ်မိသွားကြလေသည်။
တစ်ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် လင်ကျယ်သည် အားနည်းလာသည့် လက္ခဏာများကို စတင်ပြသလာပေသည်။
ပြိုင်ဘက်ဖြစ်သူမှ စတင်တိုက်ခိုက်လာပြီးနောက် လင်ကျယ်မှာ ခံစစ်အနေအထားသို့ ရောက်ရှိသွားလေသည်။
ပျန့်ဟွမ်နှင့် ဖန်းယိုလိတို့သည် လင်ကျယ်အား အားပေးရန် ကြိုးစားနေကြသည်။
သို့သော် လင်ကျယ်အနေဖြင့် အခြေအနေအား ပြောင်းလဲနိုင်မည့် အခွင့်အရေးမရှိတော့ကြောင်း ရွှီနင် သိရှိနေလေသည်။
ထင်ထားသည့်အတိုင်းပင် နာရီဝက်ခန့်အကြာတွင် လင်ကျယ်သည် ဆက်လက်တောင့်ခံမထားနိုင်တော့ဘဲ ပြိုင်ဘက်၏ အနိုင်ယူခြင်းကို ခံလိုက်ရလေသည်။
သို့သော် ပြိုင်ဘက်ဖြစ်သူမှာလည်း အလွယ်တကူ အနိုင်ရခဲ့ခြင်းတော့ မဟုတ်ပေ။ လင်ကျယ်သည် ထိုသူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ချန်ရစ်ပေးခဲ့လေသည်။
အကယ်၍ သူသာ ဆက်လက်တိုက်ခိုက်ပါက သေချာပေါက် ရုန်းကန်ရပေလိမ့်မည်။
“ဆရာ... စိတ်ပျက်အောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်”
အကာအကွယ်အတားအဆီးထဲမှ ထွက်လာပြီးနောက် လင်ကျယ်သည် စိတ်ပျက်အားငယ်နေပုံ ရလေသည်။
သူမသည် ရွှီနင်၏ မျက်ဝန်းများအတွင်းမှ စိတ်ပျက်မှုများကို မြင်တွေ့ရမည်စိုးသဖြင့် ရွှီနင်ကိုပင် မကြည့်ဝံ့ပေ။
လင်ကျယ်၏အမြင်တွင် ရွှီနင်သည် လွန်ခဲ့သော ခြောက်လတာကာလအတွင်း သူတို့အတွက် အကောင်းဆုံး ကြိုးစားပေးခဲ့သော်လည်း သူမကမူ အရေးကြီးဆုံးအချိန်တွင် အစွမ်းမပြနိုင်ခဲ့ခြင်း ဖြစ်လေသည်။
“မဟုတ်တာ.. မင်း ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်”
ရွှီနင်သည် သူမအား ညင်သာစွာ နှစ်သိမ့်ပေးလိုက်ပြီး ဆေးပြားတစ်ပြားထုတ်ကာ လင်ကျယ်၏ ဒဏ်ရာများကို ကုသရန် ပေးလိုက်သည်။
လင်ကျယ်က ဆေးပြားကိုယူလိုက်ပြီး ရွှီနင်အား ကြောက်ရွံ့တုံ့ဆိုင်းစွာဖြင့် မော့ကြည့်လိုက်သည်။ ရွှီနင်၏မျက်နှာပေါ်တွင် မည်သည့်မကျေနပ်သည့် အရိပ်အယောင်များ မရှိသည်ကို သူမ သတိထားမိလိုက်သည်။
ထိုအရာကို မြင်လိုက်ရသောအခါ လင်ကျယ် ဝမ်းသာသွားရသည်။ သူမသည် ဆေးပြားကို သောက်လိုက်ပြီး ရွှီနင်၏ အနောက်သို့ လျှောက်သွားလိုက်လေသည်။
“သွမ့်ချောင်မြန်ရဲ့ တပည့်တွေက တကယ်ကို အံ့မခန်းပဲ”
ယွိချောင့်၊ ဖန့်ရှင်းကျန့်နှင့် အခြားသူများသည် ထွက်ခွာမသွားကြသေးပေ။ သူတို့သည် ဘေးမှနေ၍ စောင့်ကြည့်နေကြဆဲပင်။
သွမ့်ချောင်မြန်၏ တပည့်မှ တပည့်နှစ်ယောက်အား ဆက်တိုက်အနိုင်ယူသွားသည်ကို မြင်လိုက်ရပြီးနောက် သွမ့်ချောင်မြန်မှာ အသာစီးရနေကြောင်း သူတို့အားလုံး ခံစားလိုက်ရသည်။
နောက်ထပ်တိုက်ခိုက်ရမည့်သူမှာ လုဝေးဝမ်၏ တပည့် ဖြစ်လေသည်။
ဤတစ်ကြိမ်တွင် လင်ကျယ်သည် သွမ့်ချောင်မြန်၏ တပည့်အား ပြင်းထန်သော ဒဏ်ရာများရရှိအောင် ပြုလုပ်ထားနိုင်ခဲ့သဖြင့် သူသည် တိုက်ပွဲတွင် အစွမ်းကုန် မထုတ်နိုင်တော့ပေ။
ထို့ကြောင့် သွမ့်ချောင်မြန်၏ တပည့်မှာ အတော်လေး ရုန်းကန်နေရပြီး လုဝေးဝမ်၏ တပည့်မှာ အချိန်ကြာမြင့်စွာ ဖိအားပေးတိုက်ခိုက်ခြင်းကို ခံလိုက်ရလေသည်။
သို့သော် လုဝေးဝမ်၏ တပည့်သည် အနည်းငယ် လောကြီးသွားခဲ့သည်။ အနိုင်ရလုနီးပါး အချိန်လေးတွင် သူသည် အားနည်းချက်တစ်ခုကို ပြမိသွားခဲ့လေသည်။
ထိုအားနည်းချက်ကြောင့် အခြေအနေများ ပြန်လည်ပြောင်းလဲသွားခဲ့ပြီး သွမ့်ချောင်မြန်၏ တပည့်လက်ချက်ဖြင့် ရှုံးနိမ့်သွားခဲ့ရလေသည်။
သွမ့်ချောင်မြန် ပထမဆုံး စေလွှတ်လိုက်သော တပည့်သည် ပြိုင်ဘက်သုံးယောက်အား ဆက်တိုက် အနိုင်ယူထားနိုင်ခဲ့လေသည်။
လုဝေးဝမ်၏ဘက်တွင် တပည့်တစ်ယောက်တည်းသာ ကျန်ရှိတော့သည်။
“ပျန့်ဟွမ်.. မင်းသွားတော့”
ရွှီနင်သည် ပျန့်ဟွမ်၏ ပခုံးအား ပုတ်ပေးလိုက်သည်။
ဤတစ်ကြိမ်တွင် သူတို့အလှည့် ပြန်ရောက်လာခဲ့ပြန်သည်။
“ဟုတ်ကဲ့ပါ ဆရာ”
ပျန့်ဟွမ်သည် အကာအကွယ်အတားအဆီးအတွင်းသို့ ဝင်ရောက်သွားလေသည်။
သူနှင့် မျက်နှာချင်းဆိုင်ရှိ တပည့်နှစ်ဦးလုံးသည် လျှို့ဝှက်ရတနာဓားရှည်များကို ကိုင်ဆောင်ထားကြလေသည်။
သုံးယောက်ဆက်တိုက် အနိုင်ယူထားသော သွမ့်ချောင်မြန်၏ တပည့်သည် စွမ်းအင်များစွာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သိသာလှပေသည်။ သူ၏ အရှိန်အဝါများမှာလည်း ဖရိုဖရဲ ဖြစ်နေချေပြီ။
“စတင်ပါ”
အကြီးအကဲဝေ့၏ အသံမှာ ထွက်ပေါ်လာလေသည်။
ဤသည်မှာ ခွန်အားကုန်ခမ်းအောင် တိုက်ခိုက်ရသည့် တိုက်ပွဲမျိုးဖြစ်ရာ တစ်ဖက်လူ လုံးဝ ပြန်လည်ကောင်းမွန်လာသည်အထိ စောင့်ဆိုင်းနေ၍မရပေ။
ပျန့်ဟွမ်က ဦးဆောင်၍ စတင်တိုက်ခိုက်လိုက်သည်။ ပြိုင်ဘက်ဖြစ်သူ အားကုန်နေပြီဖြစ်ကြောင်း သူ သိရှိလေသည်။
ထင်ထားသည့်အတိုင်းပင် အသက်ရှူကြိမ် ဆယ်ကြိမ်မပြည့်မီမှာပင် ပြိုင်ဘက်ဖြစ်သူမှာ လုံးဝ ရှုံးနိမ့်သွားတော့သည်။
“ရွှီနင်တို့ဘက်က အနိုင်ရတယ်”
အကြီးအကဲဝေ့က ပြောလိုက်သည်။
“သွမ့်ချောင်မြန်တို့ဘက်က နောက်ထပ်တပည့်ကို စေလွှတ်ပါ”
အကြီးအကဲဝေ့ စကားပြောပြီးနောက် သွမ့်ချောင်မြန်ဘက်မှ စိတ်တည်ငြိမ်သော တပည့်သည် ရှေ့သို့ လျှောက်လာလေသည်။
ဤတပည့်သည် ခိုင်မာသော အခြေခံရှိရုံသာမက လွန်စွာမြင့်မားသော တိုက်ခိုက်ရေးပါရမီကိုပါ ပိုင်ဆိုင်ထားပေသည်။ သူသည် အလွန်ရှားပါးလှသော တိုက်ခိုက်ရေး ပါရမီရှင်တစ်ဦးပင် ဖြစ်လေသည်။
စိတ်တည်ငြိမ်သည့်တပည့် လျှောက်လာသည်ကို မြင်လိုက်ရပြီးနောက် ပျန့်ဟွမ်၏ ရင်ထဲတွင် ဖိအားများ ရုတ်တရက် မြင့်တက်လာလေသည်။
ထိုတပည့် မည်သို့တိုက်ခိုက်သည်ကို သူ စောင့်ကြည့်ခဲ့ပြီး ဖြစ်သည်။ ထိုတပည့် တိုက်ခိုက်သည့်အခါ မည်သည့်အားနည်းချက်မျှ ပြသမည်မဟုတ်ကြောင်းကိုလည်း သူ သိထားသဖြင့် ရင်ဆိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။
ပြိုင်ဘက်နှင့် နှုတ်ဆက်ပြီးနောက် သူတို့ စတင်တိုက်ခိုက်ကြတော့သည်။
အစပိုင်းတွင် ပျန့်ဟွမ်သည် အနည်းငယ် ခုခံနိုင်သေးသည်ဟု ခံစားခဲ့ရသော်လည်း တိုက်ပွဲ ကြာရှည်လာသည်နှင့်အမျှ မွန်းကျပ်လာလေသည်။
သူသာ အမှားအယွင်း အနည်းငယ်လုပ်မိပါက ချက်ချင်း ရှုံးနိမ့်သွားမည်ဟုပင် ခံစားနေရလေသည်။
ထင်ထားသည့်အတိုင်းပင် ထိုမျှကြီးမားသော ဖိအားများအောက်တွင် သူ ရှုံးနိမ့်သွားလေသည်။
ရွှီနင်၏ဘက်တွင် ဖန်းယိုလိ တစ်ယောက်သာ ကျန်ရှိတော့သည်။
“မင်းသား.. ကြည့်ရတာ ဒီနေ့ ကျွန်တော် ဝင်တိုက်စရာ မလိုတော့ဘူးနဲ့တူတယ်”
ထိုအချိန်တွင် ဖေပင်းက ပြုံးလျက် ပြောလိုက်သည်။
“အဲဒီလိုလည်း မပြောနိုင်သေးဘူး”
အခြေအနေကောင်းနေပုံရသော်လည်း သွမ့်ချောင်မြန်သည် နိုးနိုးကြားကြား ရှိနေဆဲပင်။
“ရွှီနင်ဆီမှာ ကျန်နေတဲ့ တပည့်က အရမ်းသန်မာတယ်.. ငါထင်တာတော့ သူ့ကို ယှဉ်နိုင်မယ့်သူက မင်းတစ်ယောက်ပဲ ရှိတယ်”
“ဟင်”
ဖေပင်း မျက်မှောင်ကြုံ့သွားလေသည်။
ထို့နောက် သူသည် ဖန်းယိုလိအား ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဒါပေမဲ့ သူက တာအိုနယ်ပယ် တတိယအဆင့်မှာပဲ ရှိသေးတာကို”
“သူက မင်းထင်သလောက် မရိုးရှင်းဘူး”
သွမ့်ချောင်မြန်က ပြောလိုက်သည်။
“ခဏနေ သူနဲ့တွေ့ရင် မင်း သတိထားရမယ်.. ပေါ့ပေါ့ဆဆ မနေနဲ့”
“ဟုတ်ကဲ့ပါ မင်းသား”
ဖေပင်းက ပြန်ဖြေလိုက်သော်လည်း သူ၏ အကြည့်များကိုတော့ မလွှဲဖယ်ခဲ့ပေ။
ထိုအချိန်တွင် ရွှီနင်၏ဘေးရှိ ဖန်းယိုလိသည် တစ်စုံတစ်ယောက်မှ သူ့အား စောင့်ကြည့်နေကြောင်း သတိထားမိသွားပုံရသည်။
သူ ခေါင်းလှည့်ကြည့်လိုက်ရာ ဖေပင်းသည် သူ့အား ကြည့်နေသည်ကို မြင်လိုက်ရလေသည်။
ဖန်းယိုလိသည် ပျန့်ဟွမ် ရှုံးနိမ့်သွားသည်ကို မြင်တွေ့ခဲ့ရသဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ တိုက်ခိုက်လိုစိတ်များ လောင်ကျွမ်းနေလေပြီ။ သူ၏အမြင်တွင် ဖေပင်း၏ အကြည့်သည် ရန်စနေသည့် အကြည့်ပင် ဖြစ်သည်။
ဖန်းယိုလိသည် နောက်မဆုတ်ဘဲ ဖေပင်းကို ပြန်လည်စိုက်ကြည့်လိုက်လေသည်။
ထို့ပြင် သူသည် လက်ဝါးကိုဆန့်ထုတ်ကာ လည်ပင်းလှီးမည့် ဟန်ပန်ကိုပါ လုပ်ပြလိုက်သေးသည်။
ထိုအရာကို မြင်လိုက်ရသောအခါ ဖေပင်းသည် မျက်မှာင်ကြုံ့လိုက်ပြီးနောက် နှုတ်ခမ်းထောင့်များ ကွေးတက်သွားလေသည်။ သူ၏ ပေါ့ပေါ့ပါးပါး အမူအရာသည်လည်း ချက်ချင်း လေးနက်သွားတော့သည်။
ဖေပင်း၏ ရင်ဘတ်အတွင်း၌ တိုက်ခိုက်လိုစိတ်များ လောင်ကျွမ်းလာလေပြီ။
‘ငါတို့မတိုက်ရခင်အထိ မင်းတောင့်ခံနိုင်ဖို့ မျှော်လင့်ပါတယ်’
ဖေပင်းသည် အကြည့်မလွှဲမီ ရင်ထဲမှ ရေရွတ်လိုက်လေသည်။
နောက်ထပ်ကျင်းပမည့် ပြိုင်ပွဲတွင် သူသည် ဖန်းယိုလိအား လုံးဝအနိုင်ယူချင်နေမိသည်။
နောက်တစ်ပွဲအနေဖြင့် လုဝေးဝမ်၏ နောက်ဆုံးတပည့်သည် တည်ငြိမ်နေသော တပည့်နှင့် တိုက်ခိုက်ရလေသည်။
နာရီဝက်အကြာတွင် လုဝေးဝမ်၏ တပည့်မှာ ရှုံးနိမ့်သွားလေသည်။
တည်ငြိမ်နေသော တပည့်မှာ ကောင်းမွန်သော အခြေအနေတွင် ရှိနေဆဲပင်။ ယခင်တပည့်နှစ်ဦးအား အနိုင်ယူခဲ့စဉ်က သူသည် ဒဏ်ရာကြီးကြီးမားမား မရရှိခဲ့ပေ။
ဤသည်မှာ ထိပ်တန်း တိုက်ခိုက်ရေးပါရမီကို ပိုင်ဆိုင်ထားခြင်း၏ အားသာချက်ပင် ဖြစ်ပေသည်။
လုဝေးဝမ်မှာ ပြိုင်ပွဲမှ ထွက်လိုက်ရလေသည်။
ပြိုင်ပွဲတွင် ဖန်းယိုလိ၊ သွမ့်ချောင်မြန်၏ တည်ငြိမ်သောတပည့်နှင့် ဖေပင်းတို့သာ ကျန်ရှိတော့သည်။
အခြားတစ်နည်းပြောရလျှင် အကယ်၍ နောက်ဆုံးအနိုင်ရရှိလိုပါက ဖန်းယိုလိအနေဖြင့် အသန်မာဆုံး တပည့်နှစ်ဦးကို အနိုင်ယူရမည် ဖြစ်ပေသည်။
“ငါ့အလှည့်ပဲ”
ဖန်းယိုလိသည် မထိန်းနိုင်တော့ဘဲ ပြေးဝင်သွားလေသည်။
ထိုအရာကို မြင်လိုက်ရသောအခါ ရွှီနင် ပြုံးလိုက်သည်။
သူ၏အမြင်တွင် ဖန်းယိုလိသည် တကယ့်ကို အံ့ဖွယ်ရာတစ်ခုကို ဖန်တီးနိုင်စွမ်း ရှိပေသည်။
ဖန်းယိုလိ ထွက်ပေါ်လာသောအခါ သွမ့်ဟွေးယွဲ့၊ သွမ့်ဟွေးယောင့်နှင့် အခြားသော အကြီးအကဲများအားလုံးက လှမ်းကြည့်လိုက်ကြသည်။
ဖန်းယိုလိ၏ ခန္ဓာကိုယ်အတွင်းမှ ထူးဆန်းသော စွမ်းအားတစ်ခုကို သူတို့အားလုံး အာရုံခံမိလိုက်ကြသည်။
“ငါ့အစွမ်းပြဖို့ အချိန်ရောက်ပြီ”
ဖန်းယိုလိက ရယ်မောလိုက်ပြီးနောက် ကြွေပုလင်းတစ်လုံးကို ထုတ်ယူကာ ရေခဲပြာရောင် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်လေသည်။
“နေဦး”
ထိုအရာကို မြင်လိုက်ရသောအခါ အကြီးအကဲဝေ့က အော်ဟစ်လိုက်သည်။
“အရင်က စည်းကမ်းချက်တွေကို ရှင်းပြတုန်းက ဒီလိုတိုက်ပွဲမျိုးမှာ ခွန်အားတိုးဆေးတွေ၊ အားဖြည့်ဆေးတွေ မသောက်ရဘူးလို့ ငါ ပြောထားပြီးသားလေ.. မင်း ဘာလုပ်နေတာလဲ”