← Chapters

အခန်း ၃၂၄

Vol. 33 Ch. 324

အခန်း ၃၂၄

Vol. 33 Ch. 324

အခန်း (၃၂၄) - အောင်ပွဲ

ဖေပင်းသည် ဖန်းယိုလိအား နောက်တစ်ကြိမ် တိုက်ခိုက်ပြီးနောက် အနောက်သို့ ဆုတ်ခွာသွားလေသည်။

ထို့နောက်တွင် ဖေပင်းသည် သူ၏လက်ထဲမှ ရွှေရောင်လှံကို သိမ်းဆည်းလိုက်ပြီး ဓားတိုတစ်လက်ကို အစားထိုးကာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။

ထိုဓားတို၏ မျက်နှာပြင်ပေါ်တွင် အနီရောင်နှင့် ရွှေရောင်ရောယှက်နေသော မျဉ်းကြောင်းများ ရှိနေပြီး ပြင်းထန်သော အရှိန်အဝါများမှာ ဓားသွားပေါ်မှ စီးဆင်းနေလေသည်။

‘ထိပ်တန်း လျှို့ဝှက်ရတနာပါလား...’

ဖေပင်းမှ ရွှေနီရောင်ဓားတိုအား ထုတ်ယူလိုက်ချိန်တွင် ရွှီနင်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားလေသည်။

‘သူက ဖေပင်းကို ထိပ်တန်း ရတနာတစ်ခု တကယ်ကြီး သုံးခိုင်းလိုက်တာပဲ...’

ရွှီနင်သည် အဝေးမှ သွမ့်ချောင်မြန်အား တစ်ချက် လှမ်းကြည့်လိုက်သည်။

ယေဘုယျအားဖြင့်ဆိုပါက အဆင့်မြင့် တာအိုနယ်ပယ် သိုင်းပညာရှင်တစ်ဦးသာလျှင် ထိပ်တန်း လျှို့ဝှက်ရတနာကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိပေသည်။

အဆင့်မြင့် တာအိုနယ်ပယ်အောက် နိမ့်ကျသော သိုင်းပညာရှင်တစ်ဦးမှာ ထိပ်တန်း ရတနာကို အသုံးပြုပါက ကြီးမားသော ဝန်ထုပ်ဝန်ပိုးကို ခံစားရမည်ဖြစ်ပြီး မိမိကိုယ်ကို ကုစား၍မရနိုင်သော ဒဏ်ရာများပင် ရရှိစေနိုင်လေသည်။

ထို့ကြောင့် ရွှီနင်သည် သူ၏ တပည့်သုံးဦးအား ထိပ်တန်း လျှို့ဝှက်ရတနာ ငှားရမ်းပေးရန် အစီအစဉ်မရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် သွမ့်ချောင်မြန်ကမူ ဖေပင်းအား ထိပ်တန်း လျှို့ဝှက်ရတနာတစ်ခု ပေးအပ်ထားလေသည်။

“ဟင်...”

ဂိုဏ်းချုပ် သွမ့်ဟွေးယောင့်သည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါတွင် သူ၏ မျက်လုံးများထဲမှ မကျေနပ်သော အရိပ်အယောင်များ ပေါ်လာကာ မျက်မှောင်ကြုံ့သွားလေသည်။

‘ထိပ်တန်း လျှို့ဝှက်ရတနာကို သုံးလိုက်တယ်ပေါ့လေ...’

သွမ့်ဟွေးယွဲ့၏ မျက်လုံးများထဲတွင်လည်း နက်ရှိုင်းသော ရည်ရွယ်ချက်တစ်ခု လင်းလက်သွားလေသည်။

“သွမ့်ချောင်မြန် ဒီလို မလုပ်သင့်ဘူး”

သွမ့်ဟွေးယောင့်သည် သွမ့်ဟွေးယွဲ့အား ပြောလိုက်သည်။

“အခုလို ထိပ်တန်း လျှို့ဝှက်ရတနာကို သုံးတာက မျိုးဆက်သစ်လူငယ်တွေရဲ့ အလားအလာကို ခန်းခြောက်သွားစေလိမ့်မယ်။ အခြေခံအားဖြင့် ပြောရရင် ဒါက ခွန်အားတိုးဆေးပြားကို မျိုချလိုက်တာနဲ့ ဘာမှမကွာခြားဘူး”

“ညီလေး... မင်းက သွမ့်ချောင်မြန်ကို မကျေမနပ် ဖြစ်နေတာလား”

သွမ့်ဟွေးယွဲ့က ပြုံးလျက် ဆက်ပြောသည်။

“ဒီလိုဆိုမှတော့ သူ့ကို အရည်အချင်းမမီဘူးလို့ သတ်မှတ်လိုက်လေ”

“ထားလိုက်ပါတော့”

သွမ့်ဟွေးယွဲ့က ပြန်ဖြေလိုက်သည်။

“သွမ့်ချောင်မြန်က သွမ့်မိသားစုဝင်တစ်ယောက်ပဲလေ။ ဒါကြောင့် ငါက ပင်လယ်နီမိစ္ဆာဂိုဏ်းကို သူ့လက်ထဲ အပ်ဖို့ ဆန္ဒရှိနေတုန်းပဲ”

“ဒါပေမဲ့ သူက ထိပ်တန်း လျှို့ဝှက်ရတနာကို သုံးရက်သားနဲ့ ရှုံးသွားဦးမယ်ဆိုရင်တော့ သွမ့်ချောင်မြန်အတွက် ငါ့မှာ ဘာဆင်ခြေမှ ရှိမှာ မဟုတ်တော့ဘူး”

သွမ့်ဟွေးယွဲ့က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ထပ်မံဖြည့်စွက် ပြောဆိုလိုက်သည်။

သွမ့်ဟွေးယောင့်သည် သွမ့်ဟွေးယွဲ့ကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။

သွမ့်ဟွေးယွဲ့၏ စကားများအရ သွမ့်ချောင်မြန်သာ တကယ် ရှုံးနိမ့်သွားပါက သူ ထပ်မံ ဝင်ရောက်စွက်ဖက်တော့မည် မဟုတ်ကြောင်း ဆိုလိုနေပေသည်။

“ဟင်...”

ဖန်းယိုလိသည်လည်း ရွှေနီရောင်ဓားတို၏ ခြိမ်းခြောက်မှုကို သတိပြုမိသွားလေသည်။

‘ဒါက ထိပ်တန်း လျှို့ဝှက်ရတနာ ဖြစ်နေမလား...’

ဖန်းယိုလိသည် သူ၏လက်ထဲမှ ပုဆိန်ကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။

‘ငါ ဒီပွဲကို အမြန်အဆုံးသတ်မှ ဖြစ်မယ်’

ဖေပင်းသည် တာအိုနယ်ပယ်၏ စွမ်းအားများကို ရွှေနီရောင်ဓားတိုထဲသို့ ထည့်သွင်းလိုက်သည်။ ဤရွှေနီရောင်ဓားတိုဖြင့် သူ အချိန်ကြာမြင့်စွာ တောင့်ခံထားနိုင်မည် မဟုတ်ကြောင်း သူကောင်းစွာ သိထားလေသည်။

ရွှစ်...

ဖေပင်း လှုပ်ရှားလိုက်ပြီး လက်ထဲမှ ရွှေနီရောင်ဓားတိုဖြင့် ဖန်းယိုလိထံသို့ ထိုးစိုက်လိုက်သည်။

ဖန်းယိုလိသည် အန္တရာယ်ကို ခံစားလိုက်ရပြီး ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။

သို့သော် သူ ရှောင်တိမ်းရန် ပြင်လိုက်ချိန်မှာပင် သူ၏ ပတ်ဝန်းကျင်၌ တားဆီးချုပ်နှောင်ထားသော စွမ်းအားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရလေသည်။

ရွှံ့နွံထဲသို့ ကျွံဝင်သွားသကဲ့သို့ပင်။ လှုပ်ရှားမှုတိုင်းသည် ပုံမှန်မဟုတ်ဘဲ အလွန် ခက်ခဲလာတော့သည်။

ဘန်း...

ရွေးချယ်စရာ မရှိတော့သဖြင့် ဖန်းယိုလိသည် လက်ထဲရှိ ပုဆိန်ကြီးအား အသုံးပြု၍ ကာကွယ်လိုက်ရတော့သည်။

ဓားတိုနှင့် ပုဆိန်ကြီးတို့ ရိုက်ခတ်သွားကြသည်။ ရွှေနီရောင်ဓားတိုဆီမှ ထက်ရှသော အရှိန်အဝါတစ်ခုမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်ကို ဖန်းယိုလိ ခံစားလိုက်ရသည်။

ချက်ချင်းဆိုသလိုပင် ဖန်းယိုလိ၏ ခန္ဓာကိုယ်ထဲ၌ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး သူ၏ လှုပ်ရှားမှုများ ရပ်တန့်သွားလေသည်။

ယင်းကိုမြင်သောအခါ ဖေပင်းသည် ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ ဖန်းယိုလိအား တစ်ချက်တည်းဖြင့် အနိုင်ယူရန် ကြိုးစားလိုက်သည်။

အချိန်ဆွဲလေ သူ၏အခြေအနေ ပိုဆိုးလေဖြစ်မည်ကို ဖေပင်းတစ်ယောက် ကောင်းစွာ နားလည်ထားပေသည်။

ဒိုင်း... ဒိုင်း... ဒိုင်း...

ဖေပင်း၏ တိုက်ခိုက်မှုအမြန်နှုန်းမှာ အလွန် မြန်ဆန်လှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ နှစ်ယောက်မှာ အကြိမ်ပေါင်းများစွာ ရိုက်ခတ်မိကြလေသည်။

ဖန်းယိုလိ၏ ခန္ဓာကိုယ်အတွင်းမှ စူးရှသော နာကျင်မှုများသည်လည်း လှိုင်းလုံးများပမာ ရိုက်ခတ်လာတော့သည်။

‘မဖြစ်ဘူး... ဒီအတိုင်းသာ ဆက်သွားရင် ငါ ရှုံးတော့မယ်’

ဖန်းယိုလိသည် ပြဿနာကြီးတစ်ခုကို သတိပြုမိသွားလေသည်။

သူသည် ဖေပင်းအား အနိုင်ယူနိုင်မှသာလျှင် သူ၏ဆရာ ရွှီနင်အား ပင်လယ်နီမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်နေရာကို ရရှိစေရန် ကူညီပေးနိုင်မည် ဖြစ်သည်။

အကယ်၍ သူသာ ယခု ရှုံးနိမ့်သွားပါက ဖန်းယိုလိတစ်ယောက် အချိန်အတော်ကြာသည်အထိ နောင်တရနေမည်မှာ သေချာလှပေသည်။

‘ငါ ဖေပင်းကို အနိုင်ယူနိုင်မှ ဖြစ်မယ်’

ဖန်းယိုလိ၏ စိတ်ပိုင်းဖြတ်မှုမှာ ခိုင်မာသွားလေသည်။

ဒုတ်... ဒုတ်...

ရုတ်တရက် ဖန်းယိုလိ၏ နှလုံးခုန်နှုန်းများ မြန်ဆန်လာလေသည်။

သူ၏ သွေးများ ဆူပွက်လာသည်ကို ခံစားလိုက်ရသည်။

သူ၏ အသိစိတ်များပင် အနည်းငယ် ဝေဝါးလာသကဲ့သို့ ဖြစ်လာလေသည်။

ဤသည်မှာ သူ အသိစိတ်မလွတ်မီ သွေးမျိုးဆက်နိုးထလာခြင်း၏ ရှေ့ပြေးနိမိတ်ဖြစ်ကြောင်း ဖန်းယိုလိ ကောင်းစွာ သိထားပေသည်။

ယခင်က သူ မျိုချထားသော ထိန်းချုပ်ဆေးပြား၏ အာနိသင်များမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ယခင် ညွှန်ကြားချက်များအရဆိုလျှင် ဤအချိန်သည် ဖန်းယိုလိအနေဖြင့် ဆေးပြားကို ထပ်မံမျိုချကာ သူ၏ အသိစိတ်ကို ထိန်းသိမ်းထားရမည့် အချိန်ဖြစ်ပေသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ ဖန်းယိုလိမှာ ထိုသို့လုပ်ဆောင်ရန် အစီအစဉ် မရှိတော့ချေ။

အကြောင်းရင်းမှာ ဖန်းယိုလိသည် မိမိကိုယ်ကိုယ် မထိန်းချုပ်ထားပါက ပိုမို သန်မာလာနိုင်ကြောင်း ကောင်းစွာ သိထားသောကြောင့်ပင်။

ဂါး...

ရုတ်တရက် ဖန်းယိုလိသည် ဟိန်းဟောက်လိုက်လေသည်။

ထိုဟိန်းဟောက်သံတွင် ရိုင်းစိုင်းမှုများ ပြည့်နှက်နေလေသည်။ လက်ရှိအချိန်တွင် သူသည် လူသားတစ်ဦးအစား မိစ္ဆာသားရဲတစ်ကောင်နှင့် ပို၍ တူနေလေသည်။

“ဂိုဏ်းတူအစ်ကိုဖန်း အသိစိတ် လွတ်သွားပြီ”

ပျန့်ဟွမ်နှင့် လင်ကျယ်တို့သည် ဖန်းယိုလိ၏ အခြေအနေအား ချက်ချင်း နားလည်သွားကြသည်။

‘သူက သူ့ကိုယ်သူ ဆက်မထိန်းချုပ်တော့ဘူးလား...’

ရွှီနင်သည် ဖန်းယိုလိ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိလိုက်သည်။

ဖန်းယိုလိသည် ရှုံးနိမ့်လုဆဲဆဲ အခြေအနေတွင် အစွန်းကုန် ကြိုးစားကြည့်ရန် စီစဉ်နေခြင်း ဖြစ်သည်။

ယခုအချိန်တွင် အကယ်၍ ဖန်းယိုလိသာ တန်ပြန်သက်ရောက်မှုကို ခံစားရပါက ရွှီနင်သည် သူ့အား ကယ်တင်ရန် အဆင်သင့် ပြင်ထားလေသည်။

သူ၏ တပည့် ဒဏ်ရာရသွားမည်ကို မြင်ရခြင်းထက် စမ်းသပ်မှုတွင် ရှုံးနိမ့်သွားခြင်းကိုသာ သူ ပိုလိုလားပေသည်။

တစ်ချိန်တည်းမှာပင် ဖန်းယိုလိ၏ ဟိန်းဟောက်သံမှာ ထိုနေရာရှိ လူအားလုံးအား ထိတ်လန့်သွားစေခဲ့သည်။

ဤဟိန်းဟောက်သံသည် အမှန်တကယ်ပင် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

ကွင်းထဲတွင် ရှိနေသော ဖေပင်းမှာ တုန်ရီသွားလေသည်။ သူသည် မျက်စိတစ်မှိတ်အတွင်း ဖန်းယိုလိ၏ အရှိန်အဝါကြောင့် ထိတ်လန့်သွားခဲ့ရသည်။

‘ငါ ဒီတိုက်ပွဲကို မြန်မြန် အဆုံးသတ်မှ ဖြစ်မယ်’

ယင်းကိုမြင်သောအခါ ဖေပင်းသည် ပို၍ ပြင်းထန်စွာ တိုက်ခိုက်တော့သည်။

သူ တိုက်ခိုက်နေစဉ်အတွင်း ထိပ်တန်း လျှို့ဝှက်ရတနာကို အသုံးပြုခြင်း၏ ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများကိုပင် သူ စတင်ခံစားလာရလေပြီ။

ဝှစ်...

ဖန်းယိုလိ၏ အခြေအနေမှာ လုံးဝ ပေါက်ကွဲထွက်လာခဲ့လေသည်။

ရွှံ့နွံထဲ ကျွံဝင်နေသကဲ့သို့ ချုပ်နှောင်ခံထားရသော ခံစားချက်မှာ လုံးဝ ပျက်စီးသွားချေပြီ။

သူ၏ လှုပ်ရှားမှုများမှာ ပြန်လည်၍ ကြမ်းတမ်းလာပြီး အားပါလာသည်။ ယခင်ကထက်ပင် ပိုမို သန်မာလာလေသည်။

ဟူး... ဟူး... ဟူး...

ဖန်းယိုလိ၏ ခန္ဓာကိုယ်သည်လည်း ပြန့်ကားလာပြီး ပိုမို ကြီးမားလာတော့သည်။ တစ်ချိန်တည်းမှာပင် သူ၏ ခွန်အားနှင့် စွမ်းအင်များမှာ ပိုမိုကြီးမားလာသဖြင့် လက်ထဲရှိ ပုဆိန်ကြီးကို အလွယ်တကူ ထိန်းချုပ်နိုင်လာလေသည်။

မူလက ဦးဆောင်တိုက်ခိုက်နေသော ဖေပင်းမှာ ယခုအခါ နောက်ဆုတ်ကာ ကာကွယ်နေရတော့လေသည်။

လက်ရှိ ဖေပင်းမှာ အလွန် ကြောက်လန့်နေလေပြီ။

လက်ရှိ ဖန်းယိုလိသည် သူ၏ တိုက်ခိုက်မှုများကို ခံယူပြီးနောက်တွင်ပင် ဆက်လက် တိုက်ခိုက်နိုင်စွမ်း ရှိနေသေးလေသည်။

သို့သော် အကယ်၍ သူသာ ဖန်းယိုလိ၏ တိုက်ခိုက်မှု တစ်ချက်ကို ခံလိုက်ရပါက ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ရှုံးနိမ့်သွားမည်ဖြစ်သည်။

‘သိပ်သန်မာတာပဲ’

ဖန်းယိုလိမှ ဖေပင်းအား ဖိနှိပ်ထားနိုင်သဖြင့် ဘေးမှကြည့်နေသူများမှာ အံ့အားသင့်သွားလေသည်။

ဖန်းယိုလိသည် ထိပ်တန်း လျှို့ဝှက်ရတနာအား ကိုင်ဆောင်ထားသော ရန်သူကို တိုက်ခိုက်နေခြင်း ဖြစ်ပေသည်။

ဒိုင်း...

နောက်ဆုံးတွင် ဖေပင်း၏ လှုပ်ရှားမှုများ ရပ်တန့်သွားလေသည်။ ဤအခိုက်အတန့်တွင် သူ ရှောင်တိမ်းနိုင်ခြင်း မရှိတော့သဖြင့် ရွှေနီရောင်ဓားတိုကို အသုံးပြု၍သာ ကာကွယ်လိုက်ရတော့သည်။

သို့သော် ပုဆိန်ကြီးထံမှ ကြီးမားသော အင်အားကြောင့် ဓားတိုမှာ လွင့်ထွက်သွားလေသည်။

ချက်ချင်းပင် ဖန်းယိုလိသည် ရှေ့သို့ တိုးဝင်သွားပြီး သူ၏ အနောက်တွင် ပေါ်လာလေသည်။

နောက်ထပ် ပုဆိန်ချက်တစ်ချက်မှာ အရှိန်အဟုန်ဖြင့် ကျဆင်းလာပြန်သည်။

‘သူက...’

ဖေပင်းသည် ဖန်းယိုလိ၏ မျက်လုံးများကို ရှင်းလင်းစွာ မြင်လိုက်ရလေသည်။

သူ၏ မျက်လုံးများထဲတွင် ရူးသွပ်မှုများနှင့် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေလေသည်။

ဖန်းယိုလိသည် အသိစိတ် လွတ်သွားပုံရလေသည်။ သူသည် မိမိအား သတ်ချင်နေခြင်း ဖြစ်သည်။

သို့သော် ဖေပင်း သေဆုံးရတော့မည့် အချိန်လေးတွင် အကြီးအကဲဝေ့သည် ဖန်းယိုလိ၏ အနောက်၌ ပေါ်လာလေသည်။

သူသည် လက်ချောင်းထိပ်လေးများဖြင့် တစ်ဖက်လူ၏ နောက်စေ့ကို ခပ်ဖွဖွ ပုတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ဖန်းယိုလိမှာ လဲကျသွားပြီး ပုဆိန်မှာလည်း ဆက်လက် ကျဆင်းမလာတော့ချေ။

ဖေပင်းသည် သေစေနိုင်သော တိုက်ခိုက်မှုမှ လွတ်မြောက်သွားလေတော့သည်။

“ရွှီနင်တို့ဘက်က အနိုင်ရတယ်”

ဤအချိန်တွင် အကြီးအကဲဝေ့သည် နောက်ဆုံးရလဒ်ကို ကြေညာလိုက်ခြင်းပင် ဖြစ်သည်။

All Chapters