အခန်း ၃၂၇
Vol. 33 Ch. 327
အခန်း (၃၂၇) - တာအိုနယ်ပယ်နဝမအဆင့်၊ ငှက်မွေးတောင် ကိုယ်ပွားနည်းစနစ်အား လေ့ကျင့်ပြီးမြောက်ခြင်း
ရွှီနင် ယခင်က စုဆောင်းထားခဲ့သော စွမ်းအင်ယူနစ် ဆယ်သန်းနှင့် ပေါင်းလိုက်လျှင် သူ၏ စုစုပေါင်းစွမ်းအင်ပမာဏမှာ ယူနစ် သန်းတစ်ရာ့တစ်ဆယ်အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဤစွမ်းအင်ယူနစ် သန်းတစ်ရာ့တစ်ဆယ်သည် ရွှီနင်၏ နယ်ပယ်အား အစစ်အမှန်မူလနယ်ပယ်သို့ တက်လှမ်းနိုင်စေရုံသာမက ငှက်မွေးတောင် ကိုယ်ပွားနည်းစနစ်ကိုပါ လေ့ကျင့်နိုင်စေမည် ဖြစ်သည်။
ရွှီနင်သည် သိုင်းပညာမျက်နှာပြင်ကို ဖွင့်လိုက်ပြီး သူ၏နယ်ပယ်ဘေးရှိ “+”သင်္ကေတကို နှိပ်လိုက်လေသည်။
––
နယ်ပယ်အဆင့် မြှင့်တင်ရန် စွမ်းအင်ယူနစ် သန်းတစ်ရာအ အသုံးပြုမည်လော။
လုပ်မည်/မလုပ်ပါ
––
“လုပ်မည်”
ရွှီနင်အတည်ပြုလိုက်သည်။
ထိုနောက် တစ်ခဏတွင် ရွှီနင်သည် သူ၏စိတ်ဆန္ဒနှင့် အမြင့်ဆုံးအသိစိတ်တို့မှာ ပုံသဏ္ဌာန်မဲ့စွာ စတင်စုစည်းလာသည်ကို ခံစားလိုက်ရလေသည်။
ပုံမှန်အားဖြင့် လူတစ်ယောက်၏ အသိစိတ်သည် သူတို့၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်နှင့် ပေါင်းစပ်နေတတ်သော်လည်း အစစ်အမှန်မူလနယ်ပယ်သို့ တက်လှမ်းပြီးနောက်တွင်မူ သူတို့၏ စိတ်ဆန္ဒနှင့် အမြင့်ဆုံးအသိစိတ်တို့သည် အတိုင်းအတာတစ်ခုအထိ သီးခြားဖြစ်တည်မှုတစ်ခု ဖြစ်လာပေသည်။
သူ၏ရုပ်ခန္ဓာကိုယ် ပျက်စီးသွားပါက သူ၏စိတ်ဆန္ဒနှင့် အသိစိတ်တို့သည် ပျောက်ကွယ်သွားမည်ဖြစ်သော်လည်း ယခင်ပေါင်းစပ်နေသည့် အခြေအနေနှင့်မူ သိမ်မွေ့သော ကွာခြားချက်တစ်ခု ရှိနေလေသည်။
စိတ်ဆန္ဒနှင့် အမြင့်ဆုံးအသိစိတ်တို့၏ ဒြပ်မဲ့ပေါင်းစပ်မှုအား အစစ်အမှန်ဝိညာဉ်ဟု ခေါ်ဆိုလေသည်။
အစစ်အမှန်ဝိညာဉ် ပုံပေါ်လာခြင်းမှာ ရွှီနင်အား ကမ္ဘာ့မူလရင်းမြစ်နှင့် အမြင့်ဆုံးအတိုင်းအတာအထိ ဆက်သွယ်စေနိုင်မည် ဖြစ်သည်။
မူလစွမ်းအားတစ်စွန်းတစ်စအား အသုံးပြု၍ ရွှီနင်ဖန်တီးနိုင်သော ပျက်စီးဆုံးရှုံးမှုသည် သူ တာအိုနယ်ပယ်အဋ္ဌမအဆင့်တွင်ရှိစဉ်က ထိန်းချုပ်နိုင်ခဲ့သော မူလစွမ်းအား အားလုံးထက်ပင် သာလွန်သွားပေလိမ့်မည်။
ဤသည်မှာ ကမ္ဘာ့မူလရင်းမြစ်အား ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်ခြင်း၏ အရေးကြီးသော လက္ခဏာတစ်ရပ်ပင် ဖြစ်သည်။
ထို့အပြင် အစစ်အမှန်ဝိညာဉ်နှင့် ကမ္ဘာ့မူလရင်းမြစ်တို့ကြား ပဲ့တင်ထပ်မှုသည် အစစ်အမှန်မူလစွမ်းအားတစ်မျိုးအား ထုတ်ပေးလေသည်။
ဤသည်မှာ သာမန် မူလစွမ်းအားမျိုးမဟုတ်ပေ။ အစစ်အမှန်ဝိညာဉ်တွင် ကပ်တွယ်နေသော မူလစွမ်းအားပင်ဖြစ်သည်။
ငှက်မွေးတောင် ကိုယ်ပွားနည်းစနစ်တွင် သီးခြားအသိစိတ်တစ်ခု ထွက်ပေါ်လာစေရန်မှာ မိမိ၏ အစစ်အမှန်မူလစွမ်းအားကို ခွဲထုတ်ခြင်းဖြင့်သာ ပြုလုပ်နိုင်ပေသည်။
‘ဒါက အစစ်အမှန်မူလနယ်ပယ်လား… ကမ္ဘာ့မူလရင်းမြစ်နဲ့ အစစ်အမှန်ဝိညာဉ်ကြားက ရင်းနှီးတဲ့ဆက်နွယ်မှုပဲ…’
ရွှီနင်သည် မျက်လုံးများကိုမှိတ်ကာ ဤနက်နဲဆန်းကြယ်သော ခံစားမှုကို ခံစားနေလိုက်လေသည်။
သိုင်းပညာမျက်နှာပြင်၏ အဆင့်မြှင့်တင်မှုစနစ်ကြောင့် ရွှီနင်သည် တာအိုနယ်ပယ်နဝမအဆင့်သို့ တက်လှမ်းပြီးနောက်တွင် နယ်ပယ်၏အထွတ်အထိပ်သို့ တိုက်ရိုက်ရောက်ရှိသွားခဲ့လေသည်။
လက်ရှိ ကမ္ဘာ့မူလရင်းမြစ်အပြင် ကမ္ဘာများအား ခြားနားထားသည့် အာကာသနှင့် အချိန်လှိုင်းဂယက်များထဲတွင် အခြားကမ္ဘာ့မူလရင်းမြစ်များ တည်ရှိနေသည်ကိုပါ ရွှီနင်ခံစားမိလိုက်သည်။
ရွှီနင်၏ လက်ရှိအခြေအနေဖြင့် ထိုကမ္ဘာများ၏ တည်နေရာအား အချိန်တိုအတွင်း အတိအကျ မသတ်မှတ်နိုင်သေးချေ။
သို့သော် နှစ်တစ်ရာအတွင်း အခြားကမ္ဘာများ၏ တိကျသော တည်နေရာနှစ်ခု သုံးခုခန့်ကိုမူ အတိအကျ ဖော်ထုတ်နိုင်မည်ဟု ယုံကြည်လေသည်။
ရွှီနင်သည် အလိုအလျောက်ပင် တာအိုနယ်ပယ်အား ချိုးဖျက်ကျော်လွှားရမည့်နည်းလမ်းကို သိရှိပြီးဖြစ်လေသည်။
သူသည် အခြားကမ္ဘာများ၏ မူလရင်းမြစ်ကို နားလည်သဘောပေါက်ရမည်ဖြစ်ပြီး ထိုမူလရင်းမြစ်နှစ်ခု၏ တူညီသော သဘောသဘာဝမှတစ်ဆင့် အဆုံးမဲ့ကမ္ဘာများ၏ အစစ်အမှန်မူလရင်းမြစ်ကိုပါ နားလည်သဘောပေါက်ရမည် ဖြစ်သည်။
‘ဒါကြောင့် ဂိုဏ်းချုပ်နဲ့ မိစ္ဆာသခင်တို့က ငါ့ကို ငှက်မွေးတောင် ကိုယ်ပွားနည်းစနစ် လေ့ကျင့်ခိုင်းတာပဲ။ သူတို့က ပြင်ပကမ္ဘာတချို့ရဲ့ တည်နေရာတွေကို ဆုပ်ကိုင်ထားပြီး တာအိုနယ်ပယ်ရဲ့ အမြင့်ဆုံးကိုရောက်သွားတဲ့အခါ ပြင်ပကမ္ဘာတွေကို သွားရောက်စူးစမ်းဖို့ မျှော်လင့်ထားတာပဲ။ အဲဒီကနေ ငါက မူလရင်းမြစ်အသစ်ကို နားလည်သဘောပေါက်ပြီး သိုင်းသခင်တစ်ယောက် ဖြစ်လာနိုင်တယ်။ သူတို့က ငါ့ရဲ့ အနာဂတ်သိုင်းလမ်းစဉ်အတွက် အခြေခံအုတ်မြစ် ချပေးနေတာပဲ’
ယခုအခါ ရွှီနင်သည် သွမ့်ဟွေးယောင့်တို့၏ ကြင်နာသော ရည်ရွယ်ချက်များကို နားလည်သွားခဲ့လေပြီ။
ယခင်က သူတို့နှင့် သိပ်မဆက်သွယ်ဖြစ်ခဲ့သော်လည်း သူတို့သည် ရွှီနင်အား မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်းမရှိခဲ့ပေ။
ဤအချက်သည် ရွှီနင်အား သူတို့နှစ်ဦးအပေါ် ကျေးဇူးတင်စိတ် ဖြစ်ပေါ်စေခဲ့သည်။
‘ဒါပေမဲ့ ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးကို ငါဆက်ခံပြီး တစ်လအတွင်းမှာပဲ သူတို့မျှော်လင့်ထားတဲ့ နယ်ပယ်ကို ရောက်သွားလိမ့်မယ်လို့ ဂိုဏ်းချုပ်ရော မိစ္ဆာသခင်ကပါ မျှော်လင့်ထားခဲ့မှာ မဟုတ်ဘူး…’
ရွှီနင် စိတ်ထဲမှ တွေးလိုက်မိသည်။
‘နောက်တစ်ခု… ငှက်မွေးတောင် ကိုယ်ပွားနည်းစနစ်ကို သင်ယူရမယ်…’
ရွှီနင်သည် မှတ်ဉာဏ်ပုံဆောင်ခဲ၏ အကူအညီဖြင့် ၎င်အား သိုင်းပညာမျက်နှာပြင်ထဲသို့ ထည့်သွင်းထားပြီးဖြစ်သော်လည်း ငှက်မွေးတောင် ကိုယ်ပွားနည်းစနစ်သည် အစစ်အမှန်မူလစွမ်းအား လိုအပ်သဖြင့် တိုက်ရိုက်အဆင့်မမြှင့်တင်နိုင်ဘဲယခုအချိန်အထိ စောင့်ဆိုင်းနေခဲ့ရခြင်း ဖြစ်သည်။
သိုင်းပညာမျက်နှာပြင်မှ အသိပေးချက်တစ်ခု ထွက်ပေါ်လာလေသည်။
––
ငှက်မွေးတောင် ကိုယ်ပွားနည်းစနစ်အား အဆင့်မြှင့်တင်ရန် စွမ်းအင်ယူနစ် ဆယ်သန်းအသုံးပြုမည်လော။
လုပ်မည်/မလုပ်ပါ
––
ငှက်မွေးတောင် ကိုယ်ပွားနည်းစနစ်သည် အလွန်နက်နဲပြီး လေ့ကျင့်ရန်ခက်ခဲသော်လည်း ၎င်းမှာ မူလနည်းစနစ်တစ်ခုဖြစ်သဖြင့် ကုန်ကျမည့်စွမ်းအင်မှာ ယူနစ် ဆယ်သန်းသာ ရှိနေသေးသည်။
“လုပ်မည်”
ရွှီနင် နောက်တစ်ကြိမ် အတည်ပြုလိုက်ပြန်သည်။
ထို့နောက် ငှက်မွေးတောင် ကိုယ်ပွားနည်းစနစ်နှင့် ပတ်သက်သော အသိပညာအားလုံးသည် သူ၏စိတ်ထဲသို့ ရုတ်တရက်စီးဝင်လာပြီး ရွှီနင်သည် ဤနက်နဲလှသော မူလနည်းစနစ်အား အပြည့်အဝ ကျွမ်းကျင်သွားလေတော့သည်
‘ဒီ ငှက်မွေးတောင် ကိုယ်ပွားနည်းစနစ်က တစ်ကြိမ်ကို ကိုယ်ပွားတစ်ခုပဲ ဖန်တီးနိုင်တာပဲ…’
ရွှီနင်သည် ငှက်မွေးတောင် ကိုယ်ပွားနည်းစနစ်ကို အပြည့်အဝ နားလည်သဘောပေါက်သွားလေသည်။
‘ပြီးတော့ ဖန်တီးလိုက်တဲ့ ကိုယ်ပွားထဲကို အစစ်အမှန်မူလစွမ်းအား နည်းနည်းတော့ ထည့်ရမယ်။ ဒီအစစ်အမှန်မူလစွမ်းအားကို အစစ်အမှန်ဝိညာဉ်က လွှမ်းမိုးထားလိမ့်မယ်။ အဲဒါက ငါ့ရဲ့ မှတ်ဉာဏ်တွေအားလုံးကို သယ်ဆောင်ထားမယ့်အပြင် ငါ့ရဲ့ ပင်မကိုယ်ထည်လိုပဲ သီးခြားအသိစိတ်တစ်ခု ရှိနေလိမ့်မယ်။ အချိန်မရွေး ငါ့ရဲ့ပင်မကိုယ်ထည်နဲ့ ဆက်သွယ်နိုင်တယ်။ ဒါပေမဲ့ ဒီကိုယ်ပွားက ငါ့ပင်မကိုယ်ထည်ရဲ့ ထိန်းချုပ်မှုကနေ လွတ်ကင်းနိုင်မှာ မဟုတ်ဘူး။ အစစ်အမှန်ဝိညာဉ်က ပြန်ရုပ်သိမ်းလိုက်တာနဲ့ ကိုယ်ပွားရဲ့အရာအားလုံးကို ပြန်ရယူနိုင်တယ်’
‘ဒါပေမဲ့ ကိုယ်ပွားပျက်စီးသွားရင် ခွဲထုတ်ထားတဲ့ အစစ်အမှန်မူလစွမ်းအားကို ပြန်ဖြည့်ရမှာ။ ပြီးတော့ ပင်မကိုယ်ထည်ကိုလည်း ထိခိုက်မှုတချို့ ဖြစ်စေလိမ့်မယ်…’
ထို့နောက် ရွှီနင်သည် စိတ်လှုပ်ရှားစွာဖြင့် ငှက်မွေးတောင် ကိုယ်ပွားနည်းစနစ်အား အသက်သွင်းလိုက်လေသည်။
နောက်တစ်ခဏတွင် သူနှင့်တစ်ပုံစံတည်းတူညီသော လူတစ်ယောက်သည် အဝတ်ဗလာဖြင့် သူ၏ဘေး၌ ပေါ်လာလေသည်။
ထို့နောက် ရွှီနင်သည် အသိစိတ်ဖြင့် လှုပ်ရှားလိုက်ပြီး အဝတ်အစားများ ဖုံးလွှမ်းပေးလိုက်သည်။
‘ဒီကိုယ်ပွားရဲ့ စွမ်းအားကို ငါက ဆုံးဖြတ်နိုင်တယ်… သူ့ကို အသန်မာဆုံးအခြေအနေမှာ ရှိစေချင်ရင် ငါနဲ့ အစွမ်းတူညီအောင် ချိန်ညှိလို့ရတယ်။ အားအနည်းဆုံးအခြေအနေမှာ ရှိစေချင်ရင် သာမန်လူသားတစ်ယောက်အဖြစ်တောင် ပြောင်းလဲလို့ရတယ်…’
ငှက်မွေးတောင် ကိုယ်ပွားနည်းစနစ်၏ မှော်ဆန်သော အစွမ်းသတ္တိများကို ရွှီနင် ခံစားလိုက်ရသည်။
ထို့နောက် ရွှီနင်သည် ကိုယ်ပွားအား ပြန်မရုပ်သိမ်းမီ နောက်တစ်ကြိမ် ထပ်မံစမ်းသပ်လိုက်သေးသည်။
‘ဒီကမ္ဘာမှာ သိုင်းသခင်ကြီးနဲ့ ယွီကျီးယင်ကလွဲရင် ဘယ်သူမှ ငါနဲ့ မယှဉ်နိုင်တော့ဘူး…’
ရွှီနင်တွေးလိုက်မိသည်။
‘မိစ္ဆာသခင်တောင်မှ ငါနဲ့ မယှဉ်နိုင်တော့ဘူး…’
ယခုအခါ ရွှီနင်သည် ဝမ်ရှန့်ပြည်နယ်ရှိ အသန်မာဆုံးလူသုံးဦးထဲမှ တစ်ဦးဖြစ်လာခဲ့ပြီ ဖြစ်သည်။
‘နောက်တစ်ခု… ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ စီမံခန့်ခွဲမှုအာဏာကို ငါလွှဲပြောင်းပေးရမယ်…’
ရွှီနင်၏ ရည်မှန်းချက်သည် နောက်တစ်ဖန် ပြောင်းလဲသွားခဲ့လေပြီ။
‘နောက်ထပ် ငါ့ရဲ့ရည်မှန်းချက်က သိုင်းသခင်နယ်ပယ်ကို ချိုးဖျက်ကျော်လွှားဖို့ပဲ’
ထို့နောက် ရွှီနင်၏ပုံရိပ်သည် လက်ခနဲဖြစ်သွားပြီး ပျောက်ကွယ်သွားလေတော့သည်။
လက်ရှိ ကျွန်းလယ်တောင်ထွတ်သည် ရွှီနင်၏ တောင်ထွတ်ပင် ဖြစ်သည်။
ယနေ့တွင် အကြီးအကဲဝေ့သည် သွမ့်ချောင်မြန်၊ ယွိချောင့်နှင့် အခြားသော အကြီးအကဲသစ်သုံးဦးအား ခေါ်ဆောင်ကာ ဂိုဏ်းချုပ်ရွှီနင်ကို လာရောက်တွေ့ဆုံခြင်းဖြစ်သည်။
ရွှီး…
ကျွန်းလယ်တောင်ထွတ်ပေါ်၌ ရွှီနင်သည် သူတို့ရှေ့တွင် ရုတ်တရက်ပေါ်လာခဲ့သည်။
ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရွှီနင်သည် အကြီးအကဲဝေ့နှင့် အခြားသူများကို ကြည့်လိုက်လေသည်။
အကြီးအကဲဝေ့နှင့် အခြားသူများမှာ ခေတ္တမျှ အံ့အားသင့် မှင်တက်သွားကြသည်။
ယခုလေးတင်မြင်လိုက်ရသော ရွှီနင်၏ ကြောက်မက်ဖွယ် မျက်လုံးများနှင့် အရှိန်အဝါတို့မှာ သူတို့အား ရွှီနင်မဟုတ်ဘဲ ပင်လယ်နီမိစ္ဆာဂိုဏ်းမှ သွမ့်ဟွေးယောင့်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရစေသည်။
“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”
ခေတ္တမျှ မှင်တက်သွားပြီးနောက် လူခြောက်ယောက်လုံး သတိပြန်ဝင်လာကြပြီး ရွှီနင်အား အလျင်အမြန် နှုတ်ဆက်လိုက်ကြလေသည်။
ယခုအချိန်တွင် ဤလူခြောက်ဦးမှာ အံ့ဩရုံမျှမက သူတို့၏ စိတ်အစဉ်များပါ ကမောက်ကမ ဖြစ်သွားကြရသည်။
ရွှီနင်မှာ တာအိုနယ်ပယ်နဝမအဆင့်သို့ ချိုးဖျက်ကျော်လွှားသွားပြီဖြစ်ကြောင်းကို သူတို့အားလုံး သိလိုက်ကြပြီဖြစ်သည်။
ထို့အပြင် သူသည် အစစ်အမှန်မူလနယ်ပယ်၏ အထွတ်အထိပ်သို့ပင် ရောက်ရှိနေပုံ ပေါ်လေသည်။
အစစ်အမှန်မူလနယ်ပယ်သို့ တက်လှမ်းပြီးနောက် အစစ်အမှန်ဝိညာဉ်နှင့် ကမ္ဘာ့မူလရင်းမြစ်တို့ ဆက်သွယ်နိုင်ရန် အချိန်ကြာမြင့်စွာ ယူရလေ့ရှိကြောင်းကို လူတိုင်းသိထားကြသော်လည်း ရွှီနင်ကမူ ဤအဆင့်အား ကျော်ဖြတ်သွားပြီဟု ထင်ရလေသည်။
ချက်ချင်းပင် ရွှီနင်အပေါ်ထားရှိသော သူတို့၏လေးစားမှုသည် ပင်လယ်နီမိစ္ဆာသခင်အပေါ် ထားရှိသည့်အဆင့်အထိ မြင့်တက်သွားတော့သည်။