← Chapters

အခန်း ၃၂၈

Vol. 33 Ch. 328

အခန်း ၃၂၈

Vol. 33 Ch. 328

အခန်း (၃၂၈)-မှော်ကမ္ဘာအား ရွေးချယ်ခြင်း

“ဂိုဏ်းချုပ်... အကြီးအကဲအသစ်ငါးယောက်ရဲ့ တာဝန်တွေကို အစီရင်ခံဖို့ ကျွန်တော်တို့ အသင့်ဖြစ်နေပါပြီ”

အကြီးအကဲဝေ့က ရွှီနင်အား ရိုသေလေးစားစွာ လျှောက်တင်လိုက်သည်။

“ခင်ဗျားတို့ဘာသာ ဆုံးဖြတ်လိုက်ကြပါ... ကျွန်တော့်ကို အစီရင်ခံနေစရာ မလိုပါဘူး”

ရွှီနင်က လက်ဝှေ့ယမ်းပြလိုက်လေသည်။

အကြီးအကဲဝေ့မှာ အံ့အားသင့်သွားရသည်။

“ဟုတ်ကဲ့ပါ”

သွမ့်ချောင်မြန်၊ ယွိချောင့်နှင့် အခြားသူများမှာ ရွှီနင့်ရည်ရွယ်ချက်ကို နားမလည်နိုင်ဖြစ်နေကြသည်။

“ကျွန်တော် သိုင်းသခင်ကြီးနဲ့ မိစ္ဆာသခင်ကိုသွားတွေ့ဖို့ နန်းတော်ကိုသွားရမယ်... ဂိုဏ်းထဲက ကိစ္စတွေကိုတော့ အားလုံးကိုပဲ ဒုက္ခပေးရလိမ့်မယ်”

ရွှီနင်က ညွှန်ကြားလိုက်လေသည်။

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”

ထိုလူငါးယောက်က တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ကြသည်။

“အော်... ဒါနဲ့...”

ရွှီနင်သည် ထွက်ခွာတော့မည့်ဆဲဆဲတွင် ခြေလှမ်းတန့်သွားပြီးအကြီးအကဲဝေ့အားပြောလိုက်သည်။

“ကျွန်တော်မရှိတဲ့အချိန်မှာ ကျွန်တော်ကိုယ်တိုင် ဆုံးဖြတ်ရမယ့် ကိစ္စမှန်သမျှကို အကြီးအကဲဝေ့အနေနဲ့ အကြီးအကဲသွမ့်ချောင်မြန်၊ အကြီးအကဲယွိချောင့်တို့နဲ့ တိုင်ပင်ပြီး ဆုံးဖြတ်နိုင်ပါတယ်”

ထိုသို့ပြောပြီးနောက် ရွှီနင် ပျောက်ကွယ်သွားတော့သည်။

“ဒါက...”

ရွှီနင်ထွက်ခွာသွားသော်လည်း ကျန်ရစ်သူများမှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေမိကြသည်။

ရွှီနင်၏ ရည်ရွယ်ချက်မှာ ထင်ရှားလှပေသည်။ သူသည် အာဏာအား စွန့်လွှတ်နေခြင်းဖြစ်သည်။

ထို့အပြင် သူသည် သွမ့်ချောင်မြန်နှင့် ယွိချောင့်တို့အား နေရာပေး၍ မြေတောင်မြှောက်ပေးလိုသည့် ရည်ရွယ်ချက်ရှိနေကြောင်း သေချာလှပေသည်။

‘ဖြစ်နိုင်တာက...’

အကြီးအကဲဝေ့၏စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။

‘ဂိုဏ်းချုပ်က မိစ္ဆာသခင်ရဲ့နယ်ပယ်ကို ရောက်နေပြီပဲ... သူက မိစ္ဆာသခင်လိုပဲ သိုင်းသခင်နယ်ပယ်ကို မချိုးဖျက်ခင် သူ့ရဲ့တာဝန်တွေကို စွန့်လွှတ်ချင်နေတာများလား...’

ရွှီနင်ဂိုဏ်းချုပ်ဖြစ်လာပြီးနောက် အာဏာကိုအသုံးပြုရန် မကြိုးစားဘဲ ကျင့်ကြံရန်အတွက် အရင်းအမြစ် မြောက်မြားစွာကိုသာ လွှဲပြောင်းရယူခဲ့ပုံကို အကြီးအကဲဝေ့ ပြန်လည်တွေးတောမိလိုက်လေသည်။

ထို့အပြင် ရွှီနင် ပင်လယ်နီမိစ္ဆာဂိုဏ်းသို့ ဝင်ရောက်လာသည့် အဓိကရည်ရွယ်ချက်မှာ အမြင့်ဆုံးအာဏာဖြစ်သော ဂိုဏ်းချုပ်နေရာအတွက်မဟုတ်ဘဲ အရင်းအမြစ်များအတွက် ဖြစ်ကြောင်းကိုပါ သူသဘောပေါက်သွားလေသည်။

‘ဂိုဏ်းချုပ်ရဲ့ပါရမီက အရမ်းကို ကြောက်စရာ ကောင်းလွန်းတယ်...’

လွန်ခဲ့သောနှစ်နှစ်အတွင်း ရွှီနင်၏ အဆင့်တက်နှုန်းကိုတွေးမိကာ အကြီးအကဲဝေ့ စိတ်လှုပ်ရှားသွားရသည်။

ဤကဲ့သို့သော စွမ်းဆောင်ရည်မျိုးမှာ ထိုစဉ်က သိုင်းသခင်ကြီးထက်ပင် များစွာသာလွန်နေသေးသည်။

…

သွမ့်နန်းတော်၏ တားမြစ်နယ်မြေ…

အမှောင်ထုဖုံးလွှမ်းနေသော ဟင်းလင်းပြင်တစ်ခုအတွင်း၌…

“ထပ်ပြီး ကျရှုံးပြန်ပြီပဲ...

သွမ့်ဟွေးယောင့်သည် အမှောင်ထုထဲတွင် မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏မျက်ဝန်းများထဲတွင် ကူကယ်ရာမဲ့နေသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။

“ဒီပြင်ပကမ္ဘာရဲ့ အခြေအနေက မှော်ကမ္ဘာထက်တောင် ပိုဆိုးနေပါလား”

သွမ့်ဟွေးယောင့်သည် သူ၏ကိုယ်ပွားများကို မှော်ကမ္ဘာသို့ အမြဲလွှတ်လေ့ရှိသော်လည်း ရည်မှန်းချက် အထမြောက်ရန် အကြိမ်ကြိမ်ကျရှုံးခဲ့ရပြီး မည်သည့်တိုးတက်မှုမျှမရှိခဲ့ချေ။

အကူအညီမဲ့နေသောကြောင့် သူသည် သွမ့်ဟွေးယွဲ့ထံမှ အခြားကမ္ဘာတစ်ခု၏ တည်နေရာကို ရယူခဲ့ခြင်းဖြစ်သည်။

သို့သော် ဤကမ္ဘာ၌လည်း ရှေ့ဆက်ရမည့်လမ်းမှာ ခက်ခဲကြမ်းတမ်းနေဆဲဖြစ်ကြောင်း သွမ့်ဟွေးယောင့် တွေ့ရှိခဲ့ရသည်။ ထိုကမ္ဘာ၏ မူလရင်းမြစ်အား သူနားမလည်နိုင်မီမှာပင် ပြင်ပကမ္ဘာ၏ သာလွန်သော စွမ်းအားများကိုရှာဖွေနေစဉ် သူ၏ကိုယ်ပွားမှာ ဖျက်ဆီးခံလိုက်ရလေသည်။

“ဒီတစ်ခေါက်ကုန်ဆုံးသွားတဲ့ မူလအသက်စွမ်းအင်တွေ ပြန်ပြည့်ဖို့ဆို နောက်ထပ်ခြောက်လလောက် အချိန်ယူရဦးမယ်...”

သွမ့်ဟွေးယောင့် သက်ပြင်းချလိုက်မိသည်။

“နောက်ခြောက်လနေရင်တော့ မှော်ကမ္ဘာကို ပြန်ပြီးစူးစမ်းရမယ်”

“အင်း...”

သွမ့်ဟွေးယွဲ့သည် သူ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေလေသည်။

အချိန်တိုလေးအတွင်း အခြားပြင်ပကမ္ဘာတစ်ခု၌ သွမ့်ဟွေးယောင့်တစ်‌ယောက် နောက်တစ်ကြိမ် ရှုံးနိမ့်ခဲ့ရသည်ကိုမြင်သောအခါ သွမ့်ဟွေးယွဲ့မှာ သွမ့်ဟွေးယောင့်အတွက် စိတ်မကောင်းဖြစ်သွားရသည်။

သွမ့်ဟွေးယွဲ့က သွမ့်ဟွေးယောင့်အား အားပေးစကားပြောရန် ပြင်လိုက်စဉ်မှာပင် သူတို့နှစ်ဦးမှာ တစ်စုံတစ်ခုကို သတိထားမိလိုက်ပြီး မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။

‘တာအိုနယ်ပယ် အထွတ်အထိပ် သိုင်းပညာရှင်တစ်ယောက်ရဲ့ အငွေ့အသက်တွေ နီးကပ်လာနေပါလား’

သွမ့်ဟွေးယွဲ့က ပြောလိုက်သည်။

“ဒီအငွေ့အသက်က တော်တော်လေး ရင်းနှီးနေတယ်”

“ရွှီနင်ပဲ”

သွမ့်ဟွေးယောင့် အံ့သြတုန်လှုပ်သွားသည်။

“သူက တာအိုနယ်ပယ်ရဲ့ အမြင့်ဆုံးအဆင့်အထိ တက်လှမ်းသွားနိုင်ပြီလား”

“ဟုတ်တယ်”

သွမ့်ဟွေးယွဲ့လည်း အံ့ဩသွားရသည်။

ထိုသို့ပြောပြီးသည်နှင့် သူတို့နှစ်ဦးလုံးသည် မှောင်မိုက်နေသော ဟင်းလင်းပြင်ထဲမှ တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားကြလေသည်။

နောက်တစ်ခဏ၌ ထိုပုံရိပ်နှစ်ခုသည် နန်းတော်၏ တားမြစ်နယ်မြေအတွင်းတွင် ပေါ်လာကြသည်။

ကျယ်ဝန်းလှသော နန်းတော်၏ တားမြစ်နယ်မြေအတွင်းတွင် ဧရာမသစ်ပင်ကြီးများ မားမားမတ်မတ် ရပ်တည်နေကြသည်။

သစ်ပင်ကြီးတစ်ပင်စီ၏ ထိပ်ပိုင်းတွင် ဧရာမပန်းငုံကြီးတစ်ခုစီ ရှိနေလေသည်။

ထို့အပြင် ပန်းငုံတစ်ခုစီ၏ အတွင်းတွင် အမှောင်ဟင်းလင်းပြင်တစ်ခုစီ တည်ရှိနေလေသည်။

အစောပိုင်းတွင် သွမ့်ဟွေးယောင့်နှင့် သွမ့်ဟွေးယွဲ့တို့ ရှိနေခဲ့သော အလုံပိတ်ဟင်းလင်းပြင်သည် ဤသစ်တောကြီးထဲရှိ အကြီးဆုံးသစ်ပင်ကြီး၏ ထိပ်ပိုင်းတွင် တည်ရှိနေခြင်းဖြစ်သည်။

သူတို့နှစ်ဦးသည် သစ်တောကြီး၏ အပြင်ဘက်သို့ ရောက်ရှိလာပြီး အဝေးသို့ လှမ်းကြည့်လိုက်ကြသည်။

မကြာမီမှာပင် အစောင့်ခေါင်းဆောင်တစ်ဦး၏ လမ်းပြမှုဖြင့် ရွှီနင်သည် ဤနေရာသို့ ရောက်ရှိလာလေသည်။

ရွှီနင်အား ဤနေရာသို့ ခေါ်ဆောင်လာပြီးနောက် အစောင့်ခေါင်းဆောင်သည် ထွက်ခွာသွားတော့သည်။

“သိုင်းသခင်ကြီး... မိစ္ဆာသခင်...”

ရွှီနင်က သူတို့နှစ်ဦးကို နှုတ်ဆက်လိုက်သည်။

နန်းတော်သို့ရောက်ရှိပြီးနောက် ရွှီနင်သည် သူ၏ ဂိုဏ်းချုပ်တံဆိပ်ပြားကို ထုတ်ပြကာ ပင်လယ်နီမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ကြောင်း သက်သေပြခဲ့သည်။

၎င်းကိုမြင်သောအခါ သွမ့်မိသားစုဝင်များမှာ မတုံ့ဆိုင်းရဲကြတော့ဘဲ ရွှီနင်၏ တောင်းဆိုချက်အတိုင်း တားမြစ်နယ်မြေသို့ ခေါ်ဆောင်လာခဲ့ကြခြင်း ဖြစ်သည်။

“ရွှီနင်... မင်းက တကယ်ကို အံ့ဩစရာကောင်းတာပဲ”

သွမ့်ဟွေးယောင့်က ရိုးသားပွင့်လင်းစွာပင် ချီးကျူးလိုက်သည်။

“ငါ မင်းကို ဂိုဏ်းချုပ်နေရာ လွှဲပေးတုန်းက မင်းက ဘာလို့ စိတ်မဝင်စားသလို ဖြစ်နေခဲ့တာလဲဆိုတာ တွေးနေတာ... မင်းက မင်းရဲ့ အဆင့်တက်လှမ်းနိုင်မှုကို ကြိုမြင်ထားခဲ့တာကိုး”

သွမ့်ဟွေးယောင့်နှင့် သွမ့်ဟွေးယွဲ့တို့ နှစ်ဦးစလုံးသည် ရွှီနင်၏ ရည်ရွယ်ချက်ကို နောက်ဆုံးတွင် နားလည်သွားကြလေပြီ။

ဤမျှတိုတောင်းသော အချိန်ကာလလေးအတွင်း အစစ်အမှန်ဝိညာဉ်နှင့် ကမ္ဘာ့မူလရင်းမြစ်ကို မည်သို့ပေါင်းစပ်နိုင်ခဲ့သနည်းဟု ရွှီနင့်အား သူတို့မမေးမြန်းခဲ့ကြပေ။

ရွှီနင်တွင် ကိုယ်ပိုင်ကံကောင်းမှု အခွင့်အရေးများရှိနေမည်ကို သူတို့နှစ်ဦးလုံး သိရှိထားကြသည်။

“ရွှီနင်... မင်းအနေနဲ့ ပြင်ပကမ္ဘာတွေရဲ့ မူလရင်းမြစ်ကို ရှာဖွေရမယ့်အချိန် ရောက်နေပြီဆိုတာကို သိထားသင့်တယ်”

သွမ့်ဟွေးယွဲ့က ဆက်ပြောသည်။

“ပြီးတော့ ငါတို့ မင်းကို ငှက်မွေးတောင် ကိုယ်ပွားနည်းစနစ်ကို ဘာလို့ ကျင့်ကြံခိုင်းခဲ့ရသလဲဆိုတာကိုလည်း မင်းနားလည်သင့်တယ်”

“ဟုတ်ကဲ့... ကျွန်တော့်ရဲ့ အနာဂတ်အဆင့်တက်လမ်းကြောင်းကို ကျွန်တော်အာရုံခံမိနေပါပြီ... ကျွန်တော့်ကို ဂရုစိုက်ပေးခဲ့တဲ့အတွက် လူကြီးမင်းတို့နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်”

ရွှီနင်က ပြောလိုက်သည်။

“နောက်တစ်ဆင့်အနေနဲ့ ကျွန်တော် ပြင်ပကမ္ဘာအချို့ရဲ့ တည်နေရာတွေကို သတ်မှတ်ရပါမယ်... ဒါပေမဲ့ ဟင်းလင်းပြင်နဲ့ အချိန်လှိုင်းဂယက်တွေကြောင့် ပြင်ပကမ္ဘာတွေရဲ့ တည်နေရာတွေက ဝေဝါးနေပါတယ်... သေချာတဲ့ ပြင်ပကမ္ဘာတစ်ခုရဲ့ တည်နေရာကို သတ်မှတ်ဖို့ဆိုရင် ဆယ်စုနှစ်ချီပြီး အချိန်ယူရလိမ့်မယ်”

“မင်း ငှက်မွေးတောင် ကိုယ်ပွားနည်းစနစ်ကိုရော ကျွမ်းကျင်သွားပြီလား”

သွမ့်ဟွေးယွဲ့က မေးလိုက်သည်။

“ကျွမ်းကျင်သွားပါပြီ”

ရွှီနင်က ပြန်ဖြေလေသည်။

“ဒါဆို မင်း ဒီကို ရောက်လာတာ ပြင်ပကမ္ဘာတစ်ခုကို စူးစမ်းလေ့လာဖို့ အဆင်သင့်ဖြစ်နေပြီမို့လို့လား”

သွမ့်ဟွေးယွဲ့သည် ရွှီနင်၏ ရည်ရွယ်ချက်ကို ကြိုတင်ခန့်မှန်းမိပြီးသား ဖြစ်သည်။

“ဟုတ်ပါတယ်... သိုင်းသခင်ကြီးနဲ့ မိစ္ဆာသခင်တို့ဆီကနေ ပြင်ပကမ္ဘာတစ်ခုရဲ့ တည်နေရာကိုရနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်”

ရွှီနင်က ပြောလိုက်သည်။

“မင်းထွက်သွားရင် ပင်လယ်နီမိစ္ဆာဂိုဏ်းကို ဘယ်သူက စီမံအုပ်ချုပ်မှာလဲ”

ထိုအချိန်၌ သွမ့်ဟွေးယောင့်က ဝင်မေးလိုက်သည်။

“ကျွန်တော့်ရဲ့ အုပ်ချုပ်ခွင့်အာဏာတွေကို အကြီးအကဲဝေ့၊ သွမ့်ချောင်မြန်နဲ့ ယွိချောင့်တို့ဆီကို ယာယီလွှဲအပ်ပေးခဲ့ပါတယ်”

ရွှီနင်က ဖြေကြားလိုက်သည်။

၎င်းကိုကြားသောအခါ သွမ့်ဟွေးယွဲ့၏ မျက်လုံးများ လှုပ်ရှားသွားရသည်။

ထိုသို့ဆိုလျှင် ပင်လယ်နီမိစ္ဆာဂိုဏ်းသည် အလှည့်အပြောင်းများစွာကြုံပြီးနောက် သွမ့်မိသားစုလက်ထဲသို့ ပြန်လည်ရောက်ရှိလာနိုင်ခြေ အပြည့်အဝရှိနေပေသည်။

“ကောင်းပြီ... မင်းကို ပြင်ပကမ္ဘာတစ်ခုရဲ့ တည်နေရာပေးမယ်”

ထို့နောက် သွမ့်ဟွေးယွဲ့နှင့် သွမ့်ဟွေးယောင့်တို့သည် ရွှီနင်အား အမြင့်ဆုံးသစ်ပင်ကြီးပေါ်ရှိ ပန်းငုံထဲသို့ ခေါ်ဆောင်သွားကြလေသည်။

၎င်းနောက်တွင် သူတို့သည် အမှောင်ထုဖုံးလွှမ်းနေသော အလုံပိတ် ဟင်းလင်းပြင်တစ်ခုဆီသို့ ပို့ဆောင်ခြင်းခံလိုက်ရသည်။

‘ဒီနေရာက ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက်နေသလိုပဲ... တည်ငြိမ်တဲ့ သီးခြားဟင်းလင်းပြင်တစ်ခုနဲ့ တူတယ်...’

ရွှီနင် အာရုံခံမိလိုက်သည်။

“ငါ့လက်ထဲမှာ ပြင်ပကမ္ဘာရှစ်ခုရဲ့ တည်နေရာတွေရှိတယ်... တစ်ခုကို ရွေးလိုက်”

သွမ့်ဟွေးယွဲ့သည် ပြင်ပကမ္ဘာရှစ်ခု၏ အခြေအနေများကို ရွှီနင်အား ရှင်းပြလေသည်။

သွမ့်ဟွေးယွဲ့သည် ရွှီနင့်အား မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်းမရှိခဲ့ပေ။

ရွှီနင်သည် သူ၏ ဂုဏ်သတင်း ကျော်ကြားလာသည့်အချိန်မှစ၍ သွမ့်မိသားစု၏ ရင်းနှီးသောမိတ်ဆွေတစ်ဦး ဖြစ်ခဲ့လေသည်။ ထို့ကြောင့် သူသည် သဘာဝကျကျပင် သူတို့ဘက်၌ ရှိနေခြင်းဖြစ်သည်။

ရွှီနင် ပို၍သန်မာလာလေ၊ သူ၏တိုးတက်မှုမှာ ပိုမြန်ဆန်လာလေဖြစ်ရာ ၎င်းသည် သူတို့အတွက်လည်း အကျိုးရှိစေပေလိမ့်မည်။

ရွှီနင်သာ ကြီးမားစွာတိုးတက်လာခဲ့ပါက အနာဂတ်တွင် သူတို့သည် ယွီကျီးယင်အား တိုက်ခိုက်မည့်အချိန်၌ ရွှီနင်သည် အရေးပါသော ဝှက်ဖဲတစ်ချပ်အဖြ စ်ဆောင်ရွက်ပေးနိုင်ပေမည်။

‘ဒါဆိုရင်လည်း ဒီမှော်ကမ္ဘာကိုပဲ ရွေးလိုက်တော့မယ်...’

သွမ့်ဟွေးယွဲ့၏ ရှင်းလင်းချက်ကို ကြားပြီးနောက် ရွှီနင်သည် သူ၏ဆုံးဖြတ်ချက်ကို လွယ်ကူစွာပင် ချမှတ်လိုက်လေတော့သည်။

All Chapters