အခန်း ၃၃၀
Vol. 33 Ch. 330
အခန်း (၃၃၀) - ဓားသမားအသစ်
မှော်ပညာရှင်ကမ္ဘာ…
ရွှီနင်သည် ဧရာမသစ်သီးခွံကြီး၏ အကူအညီဖြင့် ကမ္ဘာ့အကာအရံအား ဖြတ်ကျော်ကာ မှော်ပညာရှင်ကမ္ဘာသို့ ရောက်ရှိလာခဲ့လေသည်။
ဧရာမသစ်သီးခွံကြီးသည် ကောင်းကင်ယံမှနေ၍ မြေပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။ ကံကောင်းထောက်မစွာပင် ရွှီနင်သည် ၎င်း၏အတွင်း၌ အကာအကွယ်ရနေခဲ့သဖြင့် ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ပေ။
သူသည် သစ်သီးခွံကြီးအား အတွင်းဘက်မှနေ၍ အတင်းဖွင့်ကာ အပြင်သို့ လျှောက်ထွက်လာခဲ့သည်။
သူအပြင်သို့ ထွက်လာသည့်အချိန်မှာပင် နောက်ကွယ်ရှိ ဧရာမသစ်သီးခွံကြီးမှာ မျက်စိရှေ့တွင်ပင် လျင်မြန်စွာ အရည်ပျော်သွားတော့သည်။
‘ဒါက မှော်ပညာရှင်ကမ္ဘာဆိုတာလား...’
ရွှီနင်သည် ဤကမ္ဘာသစ်၏ ပတ်ဝန်းကျင်ကို အာရုံခံမိလိုက်သောအခါ ရင်ထဲ၌ ရှင်းပြ၍မရနိုင်သော လျှို့ဝှက်နက်နဲသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရလေသည်။
သွမ့်ဟွေးယောင့် ပေးအပ်ခဲ့သော မှတ်ဉာဏ်ပုံဆောင်ခဲမှတစ်ဆင့် ရွှီနင်သည် မှော်ပညာရှင်ကမ္ဘာနှင့်ပတ်သက်၍ အသေးစိတ် နားလည်သဘောပေါက်ထားပြီး ဖြစ်လေသည်။
ဓလေ့ထုံးစံများ၊ ဘာသာစကား သို့မဟုတ် စွမ်းအားအဆင့်ခွဲခြားမှုများ အစရှိသည်တို့ကို ရွှီနင် သိရှိထားပေသည်။
မည်သို့ပင်ဆိုစေကာမူ သွမ့်ဟွေးယွဲ့သည် ဤကမ္ဘာ၏ မူလရင်းမြစ်အား နားလည်သဘောပေါက်ခြင်း မရှိခဲ့သော်ငြား အဆင့်ခြောက် မှော်ပညာရှင်နယ်ပယ်အထိ ရောက်ရှိခဲ့သူ ဖြစ်ပေသည်။
ဤကမ္ဘာတွင် အဆင့်ခြောက် မှော်ပညာရှင်တစ်ဦးသည် သူ၏မူလကမ္ဘာရှိ အဆင့်မြင့်ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်တစ်ဦးနှင့် ညီမျှလေသည်။
အဆင့်တစ်မှ အဆင့်ကိုးအထိသည် သာမန်လူသားနယ်ပယ်၊ ဟင်းလင်းပြင်နယ်ပယ်နှင့် တာအိုနယ်ပယ်တို့၏ အခြေခံအဆင့်၊ အလယ်အလတ်အဆင့်နှင့် အမြင့်ဆုံးအဆင့်တို့နှင့် အသီးသီး ကိုက်ညီမှုရှိပေသည်။
‘ငါ ဒီကမ္ဘာကို လာရတဲ့ ရည်ရွယ်ချက်က မှော်ပညာရှင်ကမ္ဘာရဲ့ စည်းမျဉ်းတွေအောက်မှာ အသန်မာဆုံးသူတစ်ယောက် ဖြစ်လာဖို့၊ အဆင့်ကိုး မှော်ပညာရှင် ဖြစ်လာဖို့နဲ့ မှော်ပညာရှင်ကမ္ဘာရဲ့ မူလရင်းမြစ်ကို အပြည့်အဝ နားလည်သဘောပေါက်ဖို့ပဲ...’
သူ၏ရည်မှန်းချက်များမှာ အလွန်ပင် ရှင်းလင်းလေသည်။
‘ဒါပေမဲ့ ပင်လယ်နီမိစ္ဆာသခင် ပေးထားတဲ့ အချက်အလက်တွေအရ မှော်ပညာရှင်တစ်ယောက် ဖြစ်လာဖို့ဆိုတာ သာမန်လူတွေအတွက် အရမ်းခက်ခဲတဲ့ ကိစ္စတစ်ခုပဲ...ငါ့ရဲ့ မူလကမ္ဘာက သိုင်းပညာတွေနဲ့ မတူဘူး၊ ဟိုမှာက ဆန္ဒရှိရင် လူတိုင်းနီးပါး သိုင်းပညာကို လေ့ကျင့်လို့ ရတယ်လေ...’
ရွှီနင်စိတ်ထဲမှ တွေးလိုက်သည်။
‘ငါသာ မှော်ပညာရှင်တစ်ယောက် ဖြစ်ချင်ရင် မှော်ပညာရှင်အဖွဲ့အစည်းတစ်ခုခုကို ဝင်ရောက်ရမယ်၊ ဒါမှမဟုတ် ဟိုဒီပြန့်ကျဲနေတဲ့ မှော်ပညာရှင် အမွေအနှစ်တချို့ကို ရယူရလိမ့်မယ်...ဒါပေမဲ့ ဒီ “မှော်ပညာရှင် အမွေအနှစ်” ဆိုတာမျိုးတွေက ကြုံတွေ့ရဖို့ အရမ်းခက်ခဲတယ်...ပြီးတော့ တကယ်လို့ ကြုံတွေ့ခဲ့ရရင်တောင် မှော်ပညာရှင် အမွေအနှစ်ထဲကို ဝင်ရောက်တဲ့အခါ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်တယ်...ငါ့ရဲ့ ကိုယ်ပွားတွေ ပျက်စီးသွားတာက ငါ့ရဲ့ အခြေခံအုတ်မြစ်ကို မထိခိုက်နိုင်ဘူးဆိုပေမဲ့ ငါ့ရဲ့ အစစ်အမှန် မူလရင်းမြစ်ကို ပြန်လည်ကုစားဖို့နဲ့ ကိုယ်ပွားတစ်ခု ပြန်လည်ဖွဲ့စည်းဖို့က အချိန်အများကြီး ယူရလိမ့်မယ်...’
‘ထားလိုက်ပါတော့...ငါက ဒီနေရာကို အခုမှ ရောက်လာတာဆိုတော့ အရင်ဆုံး အသက်ရှင်ရပ်တည်နိုင်ဖို့ကိုပဲ အာရုံစိုက်ရမယ်...’
မှော်ပညာရှင်ကမ္ဘာတွင် ရှင်သန်ရပ်တည်ရန်အတွက် ရွှီနင်၌ မည်သည့်ဖိအားမျှ မရှိပေ။
မှော်ပညာရှင်ကမ္ဘာသည် အန္တရာယ်များဖြင့် ပြည့်နှက်နေသော်ငြား သာမန်လူသားများသည်သာ ကုန်းမြေအများစုကို နေရာယူထားဆဲဖြစ်သည်။
မှော်ပညာရှင်ကမ္ဘာတွင် သိုင်းပညာလမ်းကြောင်းအား အလွယ်တကူ ဖွင့်လှစ်နိုင်ရန် နည်းလမ်းမရှိသော်လည်း ရွှီနင်၏ခန္ဓာကိုယ်မှာ သာမန်လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားအကန့်အသတ်၌ ရှိနေသည်။ သိုင်းပညာအခြေခံများနှင့် ပေါင်းစပ်လိုက်ပါက သူ့ကဲ့သို့ သာမန်လူတစ်ယောက်အတွက် ရှင်သန်ရန်မှာ မခက်ခဲလှချေ။
‘ငါ တောရိုင်းထဲကို ကျလာတာပဲ...’
ရွှီနင် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
‘နောက်တစ်ဆင့်အနေနဲ့ လူတွေနေထိုင်တဲ့နေရာကို ချဉ်းကပ်နိုင်မယ့် နည်းလမ်းရှာရမယ်...’
မှော်ပညာရှင်ကမ္ဘာရှိ လူသားများသည် သူ၏မူလကမ္ဘာရှိ လူသားများနှင့် အတူတူလောက်နီးပါးပင်။ ဘာသာစကားကွဲပြားသော်လည်း ရွှီနင်သည် ကျွမ်းကျင်နေခဲ့ပြီဖြစ်သည်။
ထို့နောက် ရွှီနင်သည် တောရိုင်းထဲ၌ တစ်ယောက်တည်း လျှောက်လှမ်းသွားလေတော့သည်။
…
မှော်ပညာရှင်ကမ္ဘာ…
အထီးကျန်လေပြင်းနယ်မြေ…
မြို့တစ်မြို့၌…
မှော်ပညာရှင်ကမ္ဘာတွင် စုစုပေါင်း နယ်မြေရှစ်ခုရှိပြီး အထီးကျန်လေပြင်းနယ်မြေသည် ၎င်းတို့အနက်မှ တစ်ခုဖြစ်ပေသည်။
နယ်မြေတိုင်းအား အခြေခံအားဖြင့် ထိပ်တန်းမှော်ပညာရှင်အဖွဲ့အစည်းတစ်ခု သို့မဟုတ် အများအပြားက ထိန်းချုပ်ထားကြသည်။
မည်သို့ပင်ဆိုစေကာမူ ဤထိပ်တန်း မှော်ပညာရှင်အဖွဲ့အစည်းများဖြစ်စေ၊ သာမန် အလယ်အလတ်အဆင့် မှော်ပညာရှင်အဖွဲ့အစည်းများဖြစ်စေ သာမန်လူသားများ၏ ကိစ္စရပ်များအား စီမံခန့်ခွဲရာတွင် တိုက်ရိုက်ပါဝင်ပတ်သက်ခြင်း မရှိကြပေ။
သူတို့သည် အရာအားလုံးအား ထိန်းချုပ်ထားသော နောက်ကွယ်မှ လျှို့ဝှက်လက်မည်းကြီးများနှင့် ပို၍တူကြလေသည်။
ထိုအစား သာမန်လောကအား စီမံခန့်ခွဲရန် တာဝန်ယူထားသူများမှာ သာမန်လူသားအဖွဲ့အစည်းအသီးသီးဖြစ်ကြပြီး ထိုလူသားအဖွဲ့အစည်းများ၏ နောက်ကွယ်တွင် အခြေခံအားဖြင့် မှော်ပညာရှင်များနှင့် မှော်ပညာရှင်အဖွဲ့အစည်းများ၏ အရိပ်အယောင်များ ရှိနေတတ်သည်။
သာမန်လူသား ကိုယ်ရံတော်အဖွဲ့အစည်းတစ်ခုအတွင်း၌…
“အစ်ကိုကြီး...ဒီတစ်ခေါက် ကုန်ပစ္စည်းတွေက အရမ်းတန်ဖိုးကြီးလွန်းတယ်...ကျွန်တော်တို့ကို စောင့်ရှောက်ပေးဖို့ ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို ရှာမှဖြစ်မယ်”
အခန်းတစ်ခန်းထဲတွင် ကိုယ်ရံတော်အဖွဲ့၏ ဝတ်စုံများကို ဝတ်ဆင်ထားသော လူအများအပြား စုဝေးနေကြသည်။ ပထမဆုံး စကားစပြောသူမှာ ပိန်ပိန်ပါးပါးလူတစ်ယောက် ဖြစ်လေသည်။
“ဟုတ်တယ်...ဒီတစ်ခေါက် ကုန်ပစ္စည်းတွေကို မဟူရာမိုးမခအဖွဲ့အစည်းဆီ ပို့ဆောင်ရမှာလေ...ကုန်ပစ္စည်းတွေ တစ်ခုခုဖြစ်သွားရင် မဟူရာမိုးမခအဖွဲ့အစည်းရဲ့ မှော်ပညာရှင်သခင်တွေက ကျွန်တော်တို့ကို အပြစ်ပုံချလိမ့်မယ်...ကျွန်တော်တို့ ကိုယ်ရံတော်အဖွဲ့လည်း ပျက်စီးသွားလိမ့်မယ်”
အခြားလူတစ်ယောက်ကလည်း ထောက်ခံလိုက်သည်။
သူတို့ပြောချင်သည်များကို ပြောဆိုပြီးနောက် အားလုံးက အလယ်တွင်ရှိသော ခန္ဓာကိုယ်ထွားကျိုင်းသည့် လူကြီးထံသို့ လှည့်ကြည့်လိုက်ကြသည်။
ထိုစကားများကို ကြားသောအခါ လူထွားကြီးမှာ မျက်မှောင်ကြုံ့သွားသည်။ သူ၏မျက်နှာအမူအရာမှာ လေးနက်နေလေသည်။
“မင်းတို့ပြောတာ မှန်တယ်...ဒီတစ်ခေါက် ကုန်ပစ္စည်းတွေက ဈေးကြီးရုံတင်မကဘူး...ပိုအရေးကြီးတာက အဲဒီက မှော်ပညာရှင်သခင်တွေ အရမ်းလိုချင်နေတဲ့ အရာတွေဖြစ်နေတာပဲ...ပို့တဲ့အခါ သေချာပေါက် ဂရုစိုက်ရမယ်...”
“ဒါပေမဲ့...မြို့ထဲမှာ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ကို ငှားရမ်းဖို့ဆိုတာ ခက်ခဲတယ်လေ...သူတို့အများစုမှာ ကိုယ်ပိုင်အဖွဲ့အစည်းတွေ ရှိကြပြီး ငွေလည်း မရှားကြဘူး...”
လူထွားကြီးမှာ အခက်တွေ့နေလေသည်။
မှော်ပညာရှင်ကမ္ဘာတွင် မှော်ပညာရှင်များ၏ စွမ်းအားကို သာမန်လူများ ယှဉ်ပြိုင်နိုင်စွမ်း မရှိကြပေ။
ထို့ကြောင့် သာမန်လူများအကြား ယှဉ်ပြိုင်မှုများတွင် ရှင်သန်ရပ်တည်နိုင်ရန်အတွက် သာမန်လူသား ကျွမ်းကျင်သူအချို့ ပေါ်ထွက်လာခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ ဤသာမန်လူသား ကျွမ်းကျင်သူများသည် ထူးကဲသောစွမ်းအားများအား မထိတွေ့နိုင်ကြသော်လည်း သူတို့သည် သိုင်းလောကရှိ အတွင်းအားကို မလေ့ကျင့်ဘဲ အပြင်အားကိုသာ လေ့ကျင့်သော သိုင်းသမားများနှင့် ဆင်တူသည့် သိုင်းပညာနည်းစနစ်များစွာကို သင်ယူတတ်မြောက်ထားကြလေသည်။
“အစ်ကိုကြီး”
စကားအများဆုံးပြောခဲ့သူက ပြောလိုက်လေသည်။
“မကြာသေးခင်က မြို့ထဲမှာ ထိပ်တန်းဓားသမားတစ်ယောက် ပေါ်လာတယ်လို့ ကြားတယ်...ဒီဓားသမားက တစ်ယောက်တည်းလုပ်ရတဲ့ အလုပ်တချို့ကို လက်ခံပြီး အရမ်းသန်မာတယ်တဲ့...သူက ဒီရက်ပိုင်း မြို့ထဲမှာ နာမည်ကြီးနေတာ...ကံကောင်းတာက သူက အင်အားကြီး အဖွဲ့အစည်းအသီးသီးရဲ့ ကမ်းလှမ်းမှုတွေကိုလည်း စိတ်မဝင်စားဘူးတဲ့...ဒီလုပ်ငန်းစဉ်အတွက် ကုန်ပစ္စည်းတွေကို စောင့်ရှောက်ပေးဖို့ သူ့ကို သွားငှားကြည့်လို့ ရနိုင်တယ်”
“အိုး”
လူထွားကြီးက ထိုစကားကိုကြားသော် ပြောလိုက်သည်။
“ဒါဆိုရင် သူ့ကို သွားရှာချေ...ဒီကိစ္စကို မင်း တာဝန်ယူလိုက်တော့”
လူထွားကြီးသည် အကြံပြုခဲ့သူကို လက်ညှိုးထိုးကာ ပြောလိုက်ခြင်းဖြစ်သည်။
“ဟုတ်ကဲ့ပါ အစ်ကိုကြီး”
ထိုလူသည် မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကို ဆုပ်၍ အရိုအသေပေးလိုက်လေသည်။
…
ရွှီနင်သည် တောရိုင်းထဲမှ ထွက်ခွာလာပြီးသည့်အချိန်မှစ၍ လူများစုဝေးနေထိုင်ရာ မြို့တစ်မြို့အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ကမ္ဘာသစ်နှင့် အသားကျစေရန် နေထိုင်ရင်း သူသည် မှော်ပညာရှင်များနှင့် အဆက်အသွယ်ရနိုင်မည့် အခွင့်အလမ်းများကို စုံစမ်းမေးမြန်းခဲ့သည်။
သွမ့်ဟွေးယောင့်၏ မှတ်ဉာဏ်ပုံဆောင်ခဲအတွင်း၌ မှော်ပညာရှင်များ အဆင့်တက်နိုင်မည့် လမ်းကြောင်းများ ပါဝင်သော်လည်း ဤလမ်းကြောင်းများအား အားကိုး၍ ကြီးထွားလာရန်ဆိုသည်မှာ မှော်ပညာရှင်များ၏ အရင်းအမြစ်များကို ထိတွေ့ရမည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။
ဤကမ္ဘာတွင် မှော်ပညာရှင်များသည် အဆင့်တက်ရန်အတွက် ပြင်ပအကူအညီများ လိုအပ်လေသည်။
သို့သော် သူသည် သာမန်လူသားတစ်ဦး ဖြစ်နေသောကြောင့် ရှင်သန်လိုပါက အစားအစာကိုသာ မှီခိုရပေမည်။
အစားအစာရရှိရန်နှင့် နေစရာနေရာတစ်ခု ရှာဖွေနိုင်ရန်အတွက် ရွှီနင်သည် သူ၏နေထိုင်စရိတ်များ ရှာဖွေရန် ဓားသမားတစ်ယောက်၏ ပုံစံမျိုးဖြင့် လူသိရှင်ကြား နေထိုင်ခဲ့သည်။
ဒေါက်...ဒေါက်...ဒေါက်...
ထိုအချိန်တွင် ရွှီနင်သည် သူ၏ခြံဝင်းတံခါးအား ခေါက်လိုက်သည့် အသံကို ကြားလိုက်ရလေသည်။
ရွှီနင် လျှောက်သွားကာ တံခါးကို ဖွင့်လိုက်သည်။
အစိမ်းရောင်ဝတ်စုံနှင့် လူတစ်ယောက်သည် ကျောဘက်တွင် ဓားရှည်တစ်လက်ကို လွယ်ထားလျက် အပြင်ဘက်၌ ရပ်နေသည်။ ထိုသူမှာ သိုင်းပညာရှင်တစ်ယောက်ဖြစ်ကြောင်း သိသာလှပေသည်။
“ခင်ဗျားက ဓားသမားရွှီနင်လား”
အစိမ်းရောင်ဝတ်စုံနှင့်လူသည် ရွှီနင်ကို မြင်လိုက်ရသောအခါ ရွှီနင်၌ ထူးခြားလှသော အရှိန်အဝါတစ်မျိုး ရှိနေကြောင်း ခံစားလိုက်ရသည်။
“ဟုတ်ပါတယ်”
ရွှီနင်က သူ့ကို ခြံဝင်းအတွင်းသို့ ဖိတ်ခေါ်လိုက်လေသည်။
“ကျွန်တော်က ခွမ်ဖုန်းကိုယ်ရံတော်အဖွဲ့အစည်းက တုရှောင်ပါ...ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းစောင့်ရှောက်ရေးလုပ်ငန်းမှာ ကူညီပေးဖို့ ခင်ဗျားကို လာပြီး အကူအညီတောင်းတာပါ”
တုရှောင်က လိုရင်းကိုသာ တိုက်ရိုက်ပြောကာ သူ၏ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။
“ကုန်ပစ္စည်းစောင့်ရှောက်ရေးလုပ်ငန်း ဟုတ်လား”
ရွှီနင်၏မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှ မပေါ်လွင်ပေ။
“ဟုတ်ပါတယ်”
တုရှောင်က ဆက်ပြောလေသည်။
“ဒီခရီးစဉ်က လေးလလောက် ကြာပါလိမ့်မယ်...ခင်ဗျားရဲ့ လုပ်အားခအတွက် ငွေပြား ၅၀၀ ပေးဖို့ ကျွန်တော်တို့ ဆန္ဒရှိပါတယ်”
“ဘယ်ကိုသွားရမှာလဲ”
ရွှီနင်က ထပ်မေးလိုက်သည်။
တုရှောင် တွေဝေသွားသည်။
“အဲဒါက...”
တုရှောင်သည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။
“ကုန်ပစ္စည်းတွေကို မဟူရာမိုးမခအဖွဲ့အစည်းဆီကို ပို့ဆောင်ပေးရမှာပါ”
“မဟူရာမိုးမခအဖွဲ့အစည်း ဟုတ်လား...မှော်ပညာရှင်အဖွဲ့အစည်းတစ်ခုလား”
ထိုစကားကို ကြားလိုက်ရသောအခါ ရွှီနင်၏မျက်လုံးများ ရုတ်တရက် အရောင်တောက်သွားလေသည်။
“ဟုတ်ပါတယ်”
တုရှောင်က အတည်ပြုသည့်အဖြေကို ပေးလိုက်သည်။
“ခင်ဗျားရဲ့ ကမ်းလှမ်းမှုကို ကျွန်တော် လက်ခံပါတယ်”
ရွှီနင် ပြန်ဖြေလိုက်လေတော့သည်။