← Chapters

အခန်း (၈၅၁)

Vol. 62 Ch. 851

အခန်း (၈၅၁)

Vol. 62 Ch. 851

အခန်း ၈၅၁ အဝါစနီယ သို့ ဖော်ပြ၍ မရနိုင်သော နယ်ပယ်

ကြီးမားလှသော လက်ဝါးကြီးသည် ကျယ်ပြောလှသည့် နဂါးငွေ့တန်းကြီးကို ဖုံးလွှမ်းထားရုံသာမက သီးခြား နယ်မြေ၏ အက်ကြောင်းများစွာကိုလည်း လွှမ်းခြုံထားလေသည်။ ထိုလက်ဝါးကြီးက လက်သီးဆုပ်အဖြစ်သို့ အရှိန်အဟုန်ဖြင့် ပြောင်းလဲသွားသည့် ခဏ၌ အက်ကြောင်းတစ်ကြောင်း၏ အစွန်းတွင် ရပ်နေသော စုမင်၏ မျက်ဝန်းအတွင်း၌ ထိုးထွင်းသိမြင်မှုတို့ ပေါ်လာတော့သည်။ သူသည် သူ့ထံသို့ ဦးတည်လာသော လက်ချောင်းငါးချောင်းကို ကြည့်လိုက်၏။ နဂါးငွေ့တန်းကြီးမှာ လက်သီးဆုပ်အဖြစ် ပြောင်းလဲသွားသော လက်ဝါးကြီး၏အောက်၌ ပျောက်ကွယ်သွားသည်ကို သူ မြင်နေရသည်။

ပတ်ဝန်းကျင် တစ်ခုလုံးတွင် ပေါက်ကွဲသံများ မြည်ဟည်းနေ၏။ လက်ချောင်းများ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် နဂါးငွေ့တန်းကြီးမှာ ကွဲကြေတော့မည့်အလား ရှိနေသည်။ ကံကြမ္မာနှင့် သေခြင်းတရားကို ထိန်းချုပ်ခြင်းဟူသော ကြွေးကြော်သံ၏ နောက်ဆုံးစကားလုံးမှာ လေထဲ၌ ပဲ့တင်ထပ်နေဆဲဖြစ်ပြီး သက်ရှိအပေါင်းကို ဖျက်ဆီးနိုင်စွမ်းရှိသော စွမ်းအားများမှာ ထိုလက်ဝါးကြီးထံမှ အဆက်မပြတ် စိမ့်ထွက်နေတော့သည်။

နဂါးငွေ့တန်းမှာ တုန်ရင်နေပြီး စကြဝဠာကြီးမှာလည်း ပြိုကွဲနေချေပြီ။ ဤသည်မှာ မယုံကြည်နိုင်လောက်အောင် ကြီးမားလှသော စွမ်းအားကြီးတစ်ခုဖြစ်သဖြင့် စုမင်ကို မိန်းမောသွားစေသည်။ သူသည် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ကိုပင် မေ့လျော့နေသကဲ့သို့ပင်။ အကယ်၍ ထိုလက်ဝါးကြီးက သူ့ကို ဖမ်းဆုပ်လိုက်လျှင် သူ၏ ခရမ်းရောင် အိစန်းကိုယ်ပွား ရှိနေလင့်ကစား သူသည် သေချာပေါက် ပျက်စီးသွားရပေမည်။

အချိန်သည် မြန်နေသည်လား၊ နှေးနေသည်လားဆိုသည်ကို သူ မပြောနိုင်တော့ချေ။ အချိန်နှင့် ပတ်သက်သော နိယာမအားလုံး ပျောက်ကွယ်သွားသကဲ့သို့ပင်။ ဤသည်မှာ အသက်ရှိုက်စာ တစ်ကြိမ်မျှသာ ကြာသော်လည်း အဆုံးမဲ့သော အချိန်ကာလကြီးတစ်ခု ကုန်ဆုံးသွားသကဲ့သို့လည်း ခံစားရစေသည်။ လက်သီးဆုပ်အဖြစ် ပြောင်းလဲသွားသော လက်ဝါးကြီးမှာ ဟင်းလင်းပြင်တစ်ခုလုံးကို အစားထိုးလိုက်ပြီး ယခုအခါ လက်သီးတစ်လုံး လုံးလုံးလျားလျား ဖြစ်လုနီးပါး ရှိနေသည်။

နဂါးငွေ့တန်းအတွင်း၌ ပေါက်ကွဲသံများ ပဲ့တင်ထပ်နေ၏။ အဝေးမှ ကြည့်လျှင် ဤမြင်ကွင်းသည် အလွန်ပင် တုန်လှုပ်ဖွယ်ကောင်းလှပေသည်။ ကြီးမားလှသော လက်ဝါးကြီးက အနောက်ငွေ့ရည်တိမ်တိုက်၏ သီးခြားနယ်မြေ တစ်ခုလုံးကို ဖမ်းဆုပ်လိုက်ခြင်းပင်။ အမှန်စင်စစ်တွင်မူ အဝေးမှ ကြည့်သူတစ်ဦးသည် သီးခြားနယ်မြေကို မြင်ရတော့မည် မဟုတ်ဘဲ လက်သီးအဖြစ် ပြောင်းလဲနေသော လက်ဝါးကြီးကိုသာ မြင်တွေ့ရပေလိမ့်မည်။

စုမင်သည် အထက်မှ ကျဆင်းလာသော လက်ချောင်းများကို ကြည့်လိုက်ရာ လက်ဝါးပြင်ပေါ်ရှိ ချောက်ကမ္ဘာကြီးများနှင့် လွင်ပြင်ကြီးများမှာ သူ့ထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာသည်ကို မြင်နေရသည်။

"ကံကြမ္မာနဲ့ သေခြင်းတရားကို ထိန်းချုပ်ဖို့..." စုမင်က တိုးတိုးလေး ရေရွတ်လိုက်သည့် ခဏ၌ လက်ဝါးကြီးမှာ လက်သီးဆုပ်အဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားတော့သည်။ ထိုအခိုက်၌ပင် စုမင်သည် အနောက်သို့ ဆုတ်လိုက်ပြီး သီးခြားနယ်မြေသို့ ဦးတည်သော အက်ကြောင်းအတွင်းသို့ ဝင်ရောက်သွားလေတော့သည်။

သူ အတွင်းသို့ ခြေလှမ်းလိုက်သည့် အချိန်၌ နဂါးငွေ့တန်းကြီး တစ်ခုလုံး ကွဲကြေသွားသကဲ့သို့သော ပေါက်ကွဲသံကြီးတစ်ခုမှာ အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားတော့သည်။ ၎င်းမှာ လက်ဝါးကြီးက လက်သီးအဖြစ် လုံးဝဥဿုံ ပြောင်းလဲသွားသည့် အရှိန်ကြောင့် ဖြစ်ပေါ်လာသော အသံပင် ဖြစ်ချေသည်။

ထိုအရာမှာ အရာအားလုံးကို ခြေမွပစ်နိုင်သော စွမ်းအားကြောင့် ဖြစ်ပေါ်လာသည့် ရိုက်ခတ်မှုပင်။

စက်ဝိုင်းပုံစံ စွမ်းအားလှိုင်းများမှာ ဟင်းလင်းပြင်အတွင်းမှ ပေါ်ထွက်လာပြီး နေရာအနှံ့သို့ ရိုက်ခတ်သွားတော့သည်။ ထိုလှိုင်းများ ဖြတ်သန်းသွားသည့် နေရာတိုင်း၌ ပေါက်ကွဲသံများမှာ ကောင်းကင်ယံသို့ ထိုးတက်သွား၏။ ထိုစွမ်းအားလှိုင်းများမှာ ရေလှိုင်းကြီးများကဲ့သို့ပင်။ ၎င်းတို့ ဆက်လက် ပျံ့နှံ့သွားသည်နှင့်အမျှ ကျယ်ပြောလှသော နဂါးငွေ့တန်းကြီးမှာ ပုံပျက်ရှုံ့တွသွားပြီး ဝဲဂယက်များဖြင့် ပြည့်နှက်သွားတော့သည်။ စကြဝဠာကြီးတစ်ခုလုံး ပျက်စီးတော့မည့်အလား၊ သက်ရှိအားလုံး သေဆုံးတော့မည့်အလားပင်။

သို့သော် ထိုခဏ၌ပင် လက်သီးဆုပ်ကြီးအတွင်းမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။ ထိုဟိန်းဟောက်သံ အတွင်း၌ သက်ရှိအားလုံးကို အထင်အမြင်သေးသော အရှိန်အဝါ၊ မြင့်မြတ်လှသော စွမ်းအားနှင့် မည်သူ့ကိုမျှ ဂရုမစိုက်သော မောက်မာမှုတို့ ပါဝင်နေ၏။ ထိုအသံရှင်မှာ မိမိကိုယ်ကို အရာအားလုံးထက် မြင့်မြတ်သည်ဟု ယူဆထားသကဲ့သို့ပင်။ ဟိန်းဟောက်သံမှာ အရပ်မျက်နှာ အနှံ့သို့ အရှိန်ဖြင့် ပျံ့နှံ့သွားတော့သည်။

"ထွက်သွားစမ်း"

ထိုဟိန်းဟောက်သံ ထွက်ပေါ်လာသည်နှင့် ကြီးမားလှသော လက်သီးကြီးမှာ ရုတ်တရက် တုန်ရင်သွားတော့သည်။ ထိုသို့ တုန်ရင်သွားသည်နှင့်အမျှ လက်ဝါးအတွင်းမှ စွမ်းအားများမှာ ပေါက်ကွဲထွက်ပေါ်လာ၏။ ထိုစွမ်းအားမှာ လက်ချောင်းများကို ပြန်လည် တွန်းဖွင့်ရန် ကြိုးစားနေသကဲ့သို့ပင်။ ထိုလက်ဝါးကြီးက မည်သို့မျှ မဖျက်ဆီးနိုင်သော စိတ်ဝိညာဉ်တစ်ခု လက်သီးဆုပ်အတွင်း၌ ရှိနေသကဲ့သို့ ရှိနေလေသည်။

"ဖယ်သွားစမ်း"

ဒေါသတကြီး ဟိန်းဟောက်သံသည် လေထဲ၌ ပဲ့တင်ထပ်နေဆဲ၌ပင် ဒုတိယမြောက် ဟိန်းဟောက်သံမှာ လက်သီးဆုပ်အတွင်းမှ ထွက်ပေါ်လာပြန်သည်။ ထိုအသံမှာ စူးရှလှသော်လည်း အဆုံးမဲ့သော မောက်မာမှုနှင့် စွမ်းအားတို့ ပါဝင်နေ၏။ စိတ်ဆန္ဒအားလုံးမှာ ဤအသံ၏ ရှေ့မှောက်၌ ဒူးထောက်ရမည်ဖြစ်ပြီး အကယ်၍ မလေးမစား ပြုမူခဲ့လျှင် ချက်ချင်းပင် အစဖျောက် ခံရပေလိမ့်မည်။

ထိုအသံ ထွက်ပေါ်လာသည်နှင့် ကြီးမားလှသော လက်သီးကြီးမှာ ထပ်မံ တုန်ရင်သွားပြီး လက်သီးအဖြစ် ဆက်လက် တည်ရှိရန် မဖြစ်နိုင်တော့သည့် အမှတ်အသားများ ပြလာချေသည်။

"တောက်... မင်းလို ခြင်ကောင်က ငါတို့ အိစန်းကို လာပြီး စိန်ခေါ်ဝံ့တယ်ပေါ့လေ။ ထွက်သွားစမ်း" တတိယမြောက် ဒေါသတကြီး ဟိန်းဟောက်သံမှာ ချက်ချင်းပင် ထွက်ပေါ်လာပြီး နဂါးငွေ့တန်း တစ်ခုလုံးကို တုန်ခါသွားစေတော့သည်။

"မင်းက ကံကြမ္မာနဲ့ သေခြင်းတရားရဲ့ အရှင်သခင် ဖြစ်နေရင်တောင် မင်းလို ကျင့်ကြံသူတစ်ယောက်က ငါတို့ရှေ့မှာ လက်ဆန့်ဝံ့တယ်ပေါ့လေ။ ဒီနေရာကနေ ထွက်သွားစမ်း" စတုတ္ထမြောက် ဟိန်းဟောက်သံမှာလည်း ဟင်းလင်းပြင်အတွင်း ပဲ့တင်ထပ်သွားပြန်သည်။

လက်ဝါးကြီးမှာ ပိုမို ပြင်းထန်စွာ တုန်ရင်လာ၏။ လက်ချောင်းငါးချောင်းမှာ တုန်ရင်လျက် အတင်းအကျပ် ပွင့်ထွက်လာကြသည်။ ဒေါသတကြီး အော်ဟစ်သံများမှာလည်း ပိုမိုများပြားလာပြီး ပဉ္စမ၊ ဆဋ္ဌမနှင့် သတ္တမမြောက် အသံများမှာ ပြိုင်တူ ထွက်ပေါ်လာတော့သည်။

"မင်းတို့လို သက်ရှိတွေက ငါတို့အတွက်တော့ ခြင်ကောင်တွေပဲ။ စကြဝဠာကြီးက ငါတို့အတွက်တော့ ဗလာနယ်ပဲ ရှိတာ။ အဆုံးမဲ့တဲ့ အချိန်ကာလတွေတစ်လျှောက်မှာ ငါတို့ကို စိန်ခေါ်ဝံ့တဲ့သူက မင်း ပထမဆုံး မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့ကို ဖျက်ဆီးဖို့ စိတ်ကူးယဉ်နေတဲ့ အရူးကတော့ မင်း ပထမဆုံးပဲ"

"မင်းလို ကိုယ်ပိုင် အစစ်အမှန် လောကတောင် မရှိသေးတဲ့ ကံကြမ္မာနဲ့ သေခြင်းတရားရဲ့ အရှင်သခင်က ဒီနေရာကို လာဝံ့တယ်ပေါ့လေ။ မင်းက သေတွင်းထဲကို ကိုယ်တိုင် ဆင်းလာတာပဲ"

"မင်း အိပ်စက်တဲ့နေရာကိုပဲ ပြန်သွားစမ်း။ ဒီနေရာက မင်းလို ခြင်ကောင်တွေ ဖျက်ဆီးနိုင်တဲ့ နေရာ မဟုတ်ဘူး"

ပေါက်ကွဲသံများ ပြင်းထန်စွာ မြည်ဟည်းသွားသည်။ သတ္တမမြောက် ဟိန်းဟောက်သံ လေထဲ၌ ပဲ့တင်ထပ်သွားသည့် အခါတွင်မူ ကြီးမားလှသော လက်ဝါးကြီး၏ လက်ချောင်းငါးချောင်းမှာ အတင်းအကျပ် ပွင့်ထွက်သွားတော့သည်။ လက်သီးဆုပ်အတွင်းမှ ပေါက်ကွဲသံများမှာ အပြင်သို့ လျှံထွက်လာ၏။ ၎င်းမှာ တုန်ရင်သွားပြီး ပျက်စီးတော့မည့် အမှတ်အသားများ ပေါ်လာသည်။ စိတ်ဝိညာဉ် ခုနစ်ခုကို ကိုယ်စားပြုသော ထိုဟိန်းဟောက်သံ ခုနစ်သံကို ထိုလက်ဝါးကြီးက မယှဉ်နိုင်တော့ပေ။

"ဟဲဟဲ... မောင်ရင်... မင်းနာမည်က ဘယ်သူလဲ။ မင်းက တော်တော် သတ္တိရှိတာပဲ။ မင်းနာမည် ငါ့ကို ပြောရဲလား။ ငါ မင်းရဲ့ အမှတ်အသားကို မှတ်ထားမယ်။ ငါ အပြင်ထွက်လာတဲ့ နေ့ကျရင် ငါ ပထမဆုံး ဝါးမြိုမယ့်သူက မင်းပဲ" အဋ္ဌမမြောက် အသံမှာ ပေါက်ကွဲသံကြီးနှင့်အတူ ထွက်ပေါ်လာသည်။ လက်ဝါးကြီး၏ ပျက်စီးမှုမှာ ပိုမို ပြင်းထန်လာပြီး လက်ချောင်းငါးချောင်းလုံးမှာ လုံးဝ ဆန့်ထွက်သွားတော့သည်။

"ငါတို့ အိစန်းကို စိန်ခေါ်တဲ့ လူမှန်သမျှ သေရမယ်" နဝမမြောက် အသံမှာ အဆုံးမဲ့သော ရူးသွပ်မှုနှင့် သတ်ဖြတ်လိုစိတ်တို့ကို သယ်ဆောင်လာသည်။ ပေါက်ကွဲသံကြီးများနှင့်အတူ ထိုအသံ ထွက်ပေါ်လာသည့် ခဏ၌ လက်ဝါးကြီးမှာ အစိပ်စိပ်အမွှာမွှာ စုတ်ပြဲသွားတော့သည်။ လက်ချောင်းငါးချောင်းအနက် သုံးချောင်းမှာ လက်ဝါးမှ ပြတ်ထွက်သွားပြီး ပြာအဖြစ် ပြောင်းလဲသွားလေတော့သည်။

"ကံကြမ္မာနဲ့ သေခြင်းတရားရဲ့ အရှင်သခင်... မင်း ငါ့အသက်ကို ယူဖို့ အစစ်အမှန် ယင်လောကကနေ ထွက်လာနိုင်တယ်။ ဒါပေမဲ့ ဒီနေရာက... ငါ့ရဲ့ နဂါးငွေ့တန်းပဲ။ မင်းက... အခုထိ မပျက်စီးသေးဘူးလား"

နောက်ဆုံးအသံမှာ စုမင်၏ အသံပင် ဖြစ်ချေသည်။

သူ၏ အသံ ထွက်ပေါ်လာသည်နှင့် ပျက်စီးနေသော လက်ဝါးကြီး၏ ကျန်ရှိနေသော လက်ချောင်းနှစ်ချောင်းမှာလည်း တစ်စစီ ကွဲကြေသွားတော့သည်။ ထိုအခါမှသာ စောစောက ပိတ်ဆို့ခံထားရသော အနောက်ငွေ့ရည်တိမ်တိုက်၏ သီးခြားနယ်မြေမှာ ပြန်လည် ပေါ်ထွက်လာတော့၏။ တစ်ချိန်တည်းမှာပင် သီးခြားနယ်မြေသို့ ဦးတည်သော အဆုံးမဲ့ အက်ကြောင်းများအတွင်းမှ စိတ်ဆန္ဒ ၁၀ ခုမှာ ပေါက်ကွဲထွက်ပေါ်လာပြီး ဖော်ပြ၍ မရနိုင်လောက်အောင် ကြီးမားသော ရိုက်ခတ်မှုကြီးအဖြစ် ပျက်စီးနေသော လက်ဝါးကြီးထံသို့ တိုက်ရိုက် ပြေးဝင်သွားလေတော့သည်။

ဤသည်မှာ စုမင်၏ စိတ်ဆန္ဒတစ်ခုတည်း မဟုတ်ပေ။ အနောက်ငွေ့ရည်တိမ်တိုက် သီးခြားနယ်မြေအတွင်းရှိ အိစန်းစိတ်ဝိညာဉ် ၁၀ ခုလုံး၏ စွမ်းအားအားလုံးမှာ အန္တရာယ်ကို ခံစားလိုက်ရသဖြင့် ပေါက်ကွဲထွက်ပေါ်လာခြင်း ဖြစ်၏။

ဤနေရာ၌ သူတို့သည် မည်သူမျှ မယှဉ်နိုင်သော တည်ရှိမှုများ ဖြစ်ကြသည်။ ဤနေရာ၌ မည်သည့် သက်ရှိကမျှ သူတို့အားလုံးကို တစ်ပြိုင်နက်တည်း မဖျက်ဆီးနိုင်ချေ။ ဤနေရာ၌ သူတို့သည် စကြဝဠာအတွင်း အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များ၏ ပြယုဂ်များပင် ဖြစ်ချေသည်။

ပေါက်ကွဲသံများမှာ စကြဝဠာကြီး တစ်ခုလုံးကို တုန်ခါသွားစေသည်။ လက်ဝါးကြီးမှာ ဆက်လက် ပျက်စီးနေ၏။ အိစန်းကို စိန်ခေါ်ဝံ့သော မည်သည့် တည်ရှိမှုမျှ မရှိချေ။ ဤသည်မှာ အိစန်း၏ ဂုဏ်သိက္ခာပင် ဖြစ်၏။ သူတို့သည် အချင်းချင်း ဝါးမြိုနိုင်ကြသော်လည်း အကယ်၍ ပြင်ပမှ အင်အားစုတစ်ခုက သူတို့ကို ဖျက်ဆီးရန် ကြိုးစားလာလျှင်မူ သူတို့သည် ရူးသွပ်စွာဖြင့် ပြန်လည် တိုက်ခိုက်ကြပေမည်။

ဤသည်မှာလည်း အန္တရာယ်များလှသော အခြေအနေကြားမှ စုမင်သည် ရန်သူ၏ ကံကြမ္မာနှင့် သေခြင်းတရား ထိန်းချုပ်မှုကို လေ့လာရန် သတ္တိရှိခဲ့သည့် အကြောင်းရင်းပင် ဖြစ်၏။ သူသည် ဤနေရာသို့ ပြန်ရောက်လာသမျှ ကာလပတ်လုံး ရန်သူက သူ့ကို သတ်ရန် စိတ်ကူးယဉ်နေသမျှ ကာလပတ်လုံး ထိုသူ ရရှိမည့်အရာမှာ အိစန်း စိတ်ဝိညာဉ် ၁၀ ခု၏ ပြင်းထန်သော ပြန်လည်တိုက်ခိုက်မှုသာ ဖြစ်ပေလိမ့်မည်။

ဤကဲ့သို့သော ပြန်လည်တိုက်ခိုက်မှု၏ ရှေ့မှောက်တွင်မူ... ကံကြမ္မာနှင့် သေခြင်းတရား၏ အရှင်သခင်ပင် ဖြစ်လင့်ကစား မည်သို့မျှ မတတ်နိုင်ချေ။

ကျယ်လောင်သော ပေါက်ကွဲသံများ လေထဲသို့ ပျံ့နှံ့သွားသည်။ ထိုခဏ၌ လက်ဝါးကြီး၏ အစိတ်အပိုင်း အတော်များများ ပျက်စီးသွားပြီး အနောက်ငွေ့ရည်တိမ်တိုက် သီးခြားနယ်မြေ၏ အသွင်အပြင် အပြည့်အစုံမှာ ပြန်လည် ပေါ်ထွက်လာတော့သည်။ ထို့ပြင်... စကြဝဠာကြီးကို လွှမ်းမိုးထားသည့် အရောင်ဆယ်မျိုး ဝင်းလက်နေသော ကြီးမားလှသည့် သစ်ပင်ကြီး တစ်ပင်ကိုလည်း မြင်တွေ့ရလေသည်။

အရောင်ဆယ်မျိုးမှာ သစ်ပင်ကြီးကို ဝန်းရံထားပြီး သက်ရှိအပေါင်းကို ဖျက်ဆီးနိုင်သော အရှိန်အဝါအား ထုတ်လွှတ်နေသည်။ ဒေါသတကြီး ဟိန်းဟောက်သံများ လေထဲ၌ ပဲ့တင်ထပ်သွားစဉ် စိတ်ဆန္ဒ ၁၀ ခုမှာ မည်သည့် နတ်ဘုရား ပညာရပ်ကိုမျှ အသုံးမပြုဘဲ အရိုးရှင်းဆုံး နည်းလမ်းဖြင့် ပျက်စီးနေသော လက်ဝါးကြီးအား တိုက်ခိုက်လိုက်ကြတော့သည်။

ဝုန်း... ဝုန်း... ဝုန်း...

အစစ်အမှန် ယင်လောက တပ်စွဲထားသည့် နေရာမှ ဆန့်ထွက်လာသော လက်ဝါးကြီးမှာ တစ်လက်မချင်းစီ ပျက်စီးသွားတော့သည်။ ၎င်း၏ ပျက်စီးမှုမှာ အလွန်ပင် မြန်ဆန်လှသဖြင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် သီးခြားနယ်မြေ ပတ်ဝန်းကျင်ရှိ လက်ဝါးအစိတ်အပိုင်းများမှာ ပြာအဖြစ် ပြောင်းလဲသွားတော့သည်။ ထိုပျက်စီးမှုများ ပျံ့နှံ့သွားသည်နှင့်အမျှ အနောက်ငွေ့ရည်တိမ်တိုက် တစ်ခုလုံးကို မြင်နိုင်သော နေရာ၌ ရပ်နေသူ မည်သူမဆိုသည် လက်ဝါးကြီး၏ တစ်ဝက်ခန့်မှာ ပျောက်ကွယ်သွားသည်အား ရှင်းလင်းစွာ မြင်တွေ့ရပေမည်။

လက်ဝါးကြီး၏ အစိတ်အပိုင်း အတော်များများ ပျောက်ကွယ်သွားသည်နှင့်အမျှ လက်ဝါးအောက်၌ ဖုံးကွယ်နေသော နဂါးငွေ့တန်းကြီးမှာ ပြန်လည် ပေါ်ထွက်လာတော့သည်။ ဖုံးကွယ်ခံထားရသော ဂြိုဟ်များမှာလည်း ပြန်လည် ပေါ်လာကြပြီး အသက်ရှိုက်စာ အနည်းငယ်အတွင်းမှာပင် လက်ဝါးကြီး၏ ပျက်စီးမှုမှာ အစစ်အမှန် ယင်လောက တပ်စွဲထားသည့် နေရာအနီးသို့ ရောက်ရှိသွားလေသည်။

ကျယ်ပြောလှသော လက်ဝါးကြီးမှ အစိတ်အပိုင်း အနည်းငယ်သာ ကျန်တော့၏။ သို့သော် ပျက်စီးမှုမှာ ရပ်တန့်မသွားချေ။ အသက်ရှိုက်စာ သုံးကြိမ်ခန့် ကြာပြီးနောက် အနောက်ဘက် နဂါးငွေ့တန်းအတွင်းသို့ ဆန့်ထွက်လာသော လက်ဝါးကြီးမှာ လုံးဝ ပြာအဖြစ် ပြောင်းလဲသွားတော့သည်။ ထိုပျက်စီးမှုမှာ အစစ်အမှန် ယင်လောက တပ်စွဲထားသော နယ်မြေကို ဖုံးလွှမ်းထားသည့် လက်ဝါးအစိတ်အပိုင်းအထိ ဆက်လက် ပျံ့နှံ့သွားလေတော့သည်။

ပေါက်ကွဲသံများ ပျံ့နှံ့သွား၏။ နဂါးငွေ့တန်းမှာ တုန်ရင်နေသည်။ လက်ဝါးကြီး၏ ပျက်စီးမှုမှာ နောက်ဆုံး၌ ဝဲဂယက်တစ်ခုအတွင်း တည်ရှိသော ပင်မစခန်းဆီသို့ ရောက်ရှိသွားတော့သည်။ လက်ဝါးကြီး တစ်ခုလုံး ပျက်စီးသွားသော်လည်း စိတ်ဝိညာဉ် ၁၀ ခုမှာမူ ရပ်တန့်မည့်ပုံ မရှိသေးပေ။ သူတို့သည် မရေမတွက်နိုင်သော ဂြိုဟ်များဖြင့် ဖွဲ့စည်းထားသော ဝဲဂယက်ကြီးကို ဆက်လက် ဖျက်ဆီးရန် ပြင်လိုက်သည့် ခဏ၌ စုမင်၏ အသက်ကို ယူရန် ကြိုးစားခဲ့သော ရှေးကျသည့် စိတ်ဆန္ဒရှင်နှင့် အဆင့်တူညီသော စိတ်ဆန္ဒ သုံးခုမှာ ထိုဝဲဂယက်အတွင်းမှ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

"တော်တော့... ဒီနေရာကနေ ထွက်သွားစမ်း"

"မင်းတို့ရော ငါတို့ မဟာလောကကြီး လေးခုရောက တစ်ဖက်နဲ့တစ်ဖက် မနှောင့်ယှက်ဘဲ နေခဲ့ကြတာပဲ။ ငါတို့က မင်းတို့ကို အမှန်တကယ် မဖျက်ဆီးနိုင်ဘူးလို့ မထင်နဲ့"

"မင်းက အနာဂတ်မှာ ပြန်လည် မရှင်သန်နိုင်သေးတဲ့ ပျက်စီးနေတဲ့ တည်ရှိမှုတစ်ခုပဲ။ ငါတို့သာ မဟာလောကကြီး လေးခုရဲ့ မြင့်မြတ်တဲ့ သူတော်စင်ကြီးတွေကို ဆင့်ခေါ်လိုက်ရင် မင်း ပျက်စီးသွားရလိမ့်မယ်"

ထိုစိတ်ဆန္ဒ သုံးခုမှာ ဟင်းလင်းပြင်အတွင်း တစ်ပြိုင်နက်တည်း ပဲ့တင်ထပ်သွားပြီး ဝဲဂယက်၏ ပြင်ပနယ်မြေကို တုန်ခါသွားစေတော့သည်။ အချိန်အတော်ကြာပြီးနောက်တွင်မှ ထိုအသံများမှာ တဖြည်းဖြည်း ငြိမ်သက်သွားလေတော့သည်။

ပင်မစခန်း၏ ဝဲဂယက် အနက်ရှိုင်းဆုံး နေရာ၌ အနက်ရောင် မြေသားများဖြင့် ပြည့်နှက်နေသော ဂြိုဟ်တစ်လုံး ရှိ၏။ ထိုဂြိုဟ်အတွင်း၌ အဆုံးမဲ့သော တောင်တန်းကြီးတစ်တန်း ရှိသည်။ ထိုတောင်တန်းမှာ သာမန်အတိုင်းပင် ဖြစ်သော်လည်း အနီးကပ် ကြည့်မည်ဆိုလျှင် လူတစ်ဦး၏ ပုံသဏ္ဌာန် ဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။

၎င်းမှာ မြေပြင်ပေါ်၌ လဲလျောင်းနေသော လူတစ်ဦးပင် ဖြစ်ချေသည်။

ထိုအခိုက်၌ ထိုသူ၏ မျက်လုံးများမှာ ဖြည်းဖြည်းချင်း မှိတ်ကျသွားသည်။ တစ်ကမ္ဘာလုံးတွင် ပေါက်ကွဲသံများ မြည်ဟည်းသွားသည်နှင့်အမျှ သူ၏ မျက်လုံးများကို လုံးဝ မှိတ်လိုက်သည့် ခဏ၌... သူ၏ ညာလက်မှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။

"ကံကြမ္မာနဲ့ သေခြင်းတရားကို ထိန်းချုပ်တယ်ဆိုတာ အရာအားလုံးကို ကိုယ့်လက်ထဲမှာ ရှိစေတာပဲ... ဒါပေမဲ့ ကံကြမ္မာရဲ့ ဘောင်ကို ကျော်လွန်နေတဲ့ တည်ရှိမှုတစ်ခုကို ငါတို့က ဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ" ထိုဂြိုဟ်အတွင်း၌ ရေရွတ်သံတစ်သံ ပဲ့တင်ထပ်သွားသည်။

"ကံကြမ္မာနဲ့ သေခြင်းတရားကို ထိန်းချုပ်တဲ့ နယ်ပယ်မှာ ငါက ထိန်းချုပ်နိုင်တဲ့ အဆင့်အထိပဲ ရောက်သေးတာ။ ငါ့အနေနဲ့ ကံကြမ္မာရဲ့ အတက်အကျ နယ်ပယ်ထဲကို ခြေလှမ်းနိုင်မယ့် အခွင့်အရေး ရမလားဆိုတာ ငါ မသိဘူး... သက်ရှိတွေရဲ့ သံသရာ နယ်ပယ်နဲ့ စကြဝဠာကြီးရဲ့ သေခြင်း နယ်ပယ် ဆိုတာတွေကတော့ ပြောမနေနဲ့တော့"

"သေခြင်းရှင်ခြင်း ကံကြမ္မာအရှင်သခင်၊ ကံကြမ္မာ အတက်အကျ၊ သံသရာနယ်ပယ်နဲ့ စကြဝဠာ သေခြင်းနယ်ပယ်... ဒါတွေက ကြီးမြတ်တဲ့ နယ်ပယ်လေးခုပဲ"

"ကျင့်ကြံခြင်း လမ်းစဉ်မှာ အဆုံးဆိုတာ မရှိဘူး။ စကားတစ်လုံး၊ ပန်းတစ်ပွင့်၊ သစ်ရွက်တစ်ရွက်နဲ့ ကမ္ဘာတစ်ခုစီတိုင်းမှာ အဓိပ္ပာယ်တွေ ရှိနေကြတာပဲ။ အဲဒီ နယ်ပယ်ကြီး လေးခုရဲ့ အလွန်မှာ မြင့်မြတ်ခြင်းဆိုတာ ရှိသလို... အဝါစနီယဆိုတဲ့ ဖော်ပြလို့ မရနိုင်တဲ့ နယ်ပယ်လည်း ရှိသေးတယ်"

"အဝါစနီယ ရဲ့ အလွန်မှာရော နယ်ပယ်တစ်ခု ရှိဦးမလား။ ရှိမှာပါ... ဘာလို့လဲဆိုတော့ ကျင့်ကြံခြင်း လမ်းစဉ်မှာ အဆုံးဆိုတာ မရှိလို့ပဲ" သက်ပြင်းချသံတစ်သံမှာ ဂြိုဟ်တစ်ခုလုံးကို ဖြတ်သန်းသွားလေတော့သည်။

အနောက်ငွေ့ရည်တိမ်တိုက် သီးခြားနယ်မြေ အတွင်းရှိ ကျောက်တိုင်တစ်သိန်း လောကအတွင်း၌ ကျင့်ကြံသူအားလုံးသည် မျက်လုံးများကို ဖွင့်ကာ နိုးထလာကြသည်။ လွန်ခဲ့သော ခဏလေးအတွင်း၌ သူတို့အားလုံးမှာ အိပ်ပျော်သွားခဲ့ကြခြင်း ဖြစ်၏။ သူတို့သည် မည်သို့ ဖြစ်သွားသည်ကို မသိဘဲ ဝေဝေဝါးဝါးဖြင့် နိုးထလာကြသည်။

သူတို့ မမြင်နိုင်သော ဟင်းလင်းပြင်အတွင်း၌မူ အိစန်းစိတ်ဝိညာဉ် ၁၀ ခုမှာ ဟိန်းဟောက်ရင်း သူတို့၏ စိတ်ဆန္ဒများကို အချင်းချင်း ပို့လွှတ်နေကြတော့သည်။

"ခရမ်းရောင်... ဒါတွေအားလုံးက မင်းကြောင့်ပဲ။ မင်း သူတို့ကို ဒီကို ရောက်လာအောင် ဆွပေးခဲ့တာ"

"ခရမ်းရောင်... မင်းက ငါတို့ရဲ့ ယဇ်ကောင်တွေကို အရင်သတ်ခဲ့သလို အခုလည်း အပြာရောင်ရဲ့ ရွေးချယ်ခံကို မင်းကို စော်ကားမိအောင် လုပ်ခဲ့ပြန်ပြီ။ မင်း ဘာတွေ လုပ်နေတာလဲ"

All Chapters