အခန်း (၈၅၂)
Vol. 62 Ch. 852
အခန်း ၈၅၂ ငါ့ကို လှုံ့ဆော်မှုတွေ ပေးစမ်းပါ...
“ခရမ်းရောင်... မင်းရဲ့ ဝိညာဉ်ဟာ အိစန်းရဲ့ ဝိညာဉ်စစ်စစ်သာ မဟုတ်ခဲ့ရင် မင်းဟာ ယဇ်ကောင် တစ်ယောက်ယောက်ရဲ့ ဝါးမြိုသိမ်းပိုက်ခြင်းကို ခံလိုက်ရပြီလို့ ငါတို့ သံသယဝင်မိကြမှာ အမှန်ပဲ”
“မင်း ဝါးမြိုခံရတာ ဟုတ် မဟုတ်ဆိုတာက ငါတို့အတွက် အရေးမပါဘူး ခရမ်းရောင်။ မင်းရဲ့ ဝိညာဉ်ဟာ အိစန်းရဲ့ ဝိညာဉ်ဖြစ်နေသရွေ့တော့ ပြီးတာပဲ။ တကယ်လို့ မင်းဟာ ငါတို့ သိထားတဲ့ အရင်က ခရမ်းရောင် မဟုတ်တော့ဘူးဆိုရင်တောင် ငါတို့ ဂရုမစိုက်ဘူး။ မင်း လုပ်ရမှာက အိစန်း ဝိညာဉ်ဆယ်ခုကြားမှာ ထားရှိခဲ့တဲ့ ကတိကဝတ်ကို တည်ဖို့ပဲ”
“ငါတို့တွေ အပြည့်အဝ ပြန်လည်နိုးထမလာခင်နဲ့၊ ဘယ်သူက အရှင်သခင်ဖြစ်မလဲဆိုတာ ဆုံးဖြတ်ဖို့ အချင်းချင်း မပေါင်းစည်းခင်အထိတော့... အပြင်က ကံကြမ္မာနဲ့ သေခြင်းတရားရဲ့ အရှင်သခင်တွေကို သွားပြီး ရန်မစနဲ့ဦး။ ငါတို့ဆီကို ပြဿနာတွေ သယ်မလာနဲ့”
“တကယ်လို့ တစ်ယောက်ယောက်က ဒီနေရာကို လာပြီး ငါ့ကို ရန်စရင်ရော” စုမင်၏ နတ်ဘုရား အာရုံမှာ ဟင်းလင်းပြင်အတွင်း ပဲ့တင်ထပ်သွားသည်။
“ငါတို့က အိစန်းတွေပဲ။ သူတို့က မင်းကို ရန်စတယ်ဆိုတာ ငါတို့ကို ရန်စတာပဲ။ မင်းကို စော်ကားတယ်ဆိုတာ ငါတို့ကို စော်ကားတာပဲ။ ဘယ်သူပဲလာလာ ငါတို့အားလုံး အစွမ်းကုန် ပြန်တိုက်မှာပဲ”
“ကောင်းပြီလေ”
ဝိညာဉ်ကိုးခု၏ စကားကို နားထောင်ပြီးနောက် စုမင်သည် ခဏမျှ တိတ်ဆိတ်သွားကာ ဤအချက်အား သဘောတူလိုက်လေသည်။ အမှန်စင်စစ် သူသည် အခြားဝိညာဉ်ကိုးခုက သူ့အပေါ် သံသယဝင်နေသည်ကို သိပြီးသားဖြစ်၏။ သို့သော် သူ၏ ဝိညာဉ်မှာ အိစန်းဝိညာဉ်အစစ် ဖြစ်နေသဖြင့် သူတို့ မည်သည်မျှ မတတ်နိုင်ကြပေ။
ဤသည်မှာ အသူရာ ဖန်ဆင်းရှင်များတို့၏ မွေးရာပါ ပါရမီပင် ဖြစ်၏။ ဤစွမ်းအားသည် စုမင် လေ့လာလေလေ ပိုမို နက်နဲဆန်းကြယ်လာလေ ဖြစ်နေပြီး ဤမျိုးနွယ်စုသည် အိစန်းထက်ပင် ပိုမိုမြင့်မြတ်သည့် တည်ရှိမှုမျိုး ဖြစ်နိုင်သည်ဟု စုမင် ခံစားနေရသည်။
‘အိစန်းဆိုတာ မြင့်မြတ်တဲ့ သူတော်စင်ကြီးတစ်ဦးရဲ့ ဝိညာဉ်ကနေ ဆင်းသက်လာပြီး နတ်ဘုရားအနှစ်သာရတွေကို ဝါးမြိုပြီး ရှင်သန်ရတဲ့ သက်ရှိမျိုးပဲ။ ငါကတော့ သန်မာဖို့အတွက် အဲဒီ အိစန်းကို ဝါးမြိုသိမ်းပိုက်ခဲ့တာ’ စုမင်သည် သူ၏ နတ်ဘုရား အာရုံကို ပြန်ရုပ်သိမ်းလိုက်ပြီး ခရမ်းရောင် နဂါးငွေ့တန်း တစ်သိန်းအလယ်၌ ထိုင်လျက် မျက်လုံးများကို ဖွင့်လိုက်သည်။
‘ကံကြမ္မာအရှင်သခင်တစ်ယောက်ရဲ့ စွမ်းအားက တကယ့်ကို တုန်လှုပ်စရာပဲ’ စုမင်သည် ခရမ်းရောင် နဂါးငွေ့တန်းကို ကြည့်ရင်း သူ၏ မျက်ဝန်းတို့တွင် ပြတ်သားမှုများ ပေါ်လာသည်။
‘ကံကြမ္မာရဲ့ အတက်အကျနဲ့ သက်ရှိအားလုံးရဲ့ ရှင်သန်ခြင်းကို လက်တစ်ဖက်တည်းနဲ့ ထိန်းချုပ်နိုင်တာ... ငါ အိစန်းကို မဝါးမြိုခင်က ဒီနယ်ပယ်ကို နားလည်နိုင်ပါ့မလားလို့ တွေးခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီ အိစန်းကိုယ်ပွားနဲ့ဆိုရင်တော့ ဒီ ဒဏ္ဍာရီလာ လမ်းစဉ်ပေါ်ကို ငါ တက်လှမ်းနိုင်ပြီ’
စုမင်သည် မျက်လုံးများကို ဖြည်းဖြည်းချင်း ပြန်မှိတ်လိုက်၏။ မျက်လုံးများ မှိတ်ထားသော်လည်း သူ၏ နှလုံးသားအတွင်းရှိ ရည်မှန်းချက် ပြင်းပြမှုကိုမူ ဖုံးကွယ်ထား၍ မရပေ။
‘ငါသာ အခြား အိစန်းဝိညာဉ်ကိုးခုနဲ့ ပေါင်းစည်းနိုင်ရင် ဒီနယ်ပယ်ကိုတောင် ငါ ကျော်ဖြတ်နိုင်လိမ့်မယ်’ ထိုစကားကို စုမင် အပြင်သို့ ထုတ်မပြောပေ။ စိတ်ထဲမှသာ တိုးတိုးလေး ကြုံးဝါးလိုက်ခြင်း ဖြစ်၏။
စုမင်၏ အိစန်းကိုယ်ပွား မျက်လုံးမှိတ်သွားချိန်မှာပင် ခရမ်းရောင် နဂါးငွေ့တန်းအတွင်းရှိ သူ၏ အခြားကိုယ်ပွားဖြစ်သော ပုံရိပ်ဝါးမြိုခြင်း ပညာရပ်ကို ကျင့်ကြံသူက မျက်လုံးပွင့်လာသည်။
သူသည် ဟင်းလင်းပြင်အတွင်း တင်ပျဉ်ခွေထိုင်နေခြင်း ဖြစ်၏။ သူ မျက်လုံးဖွင့်လိုက်သည့်အခါ ပြတ်သားမှု သို့မဟုတ် ရည်မှန်းချက်များ မတွေ့ရဘဲ အဆုံးမရှိ နက်ရှိုင်းလှသော မျက်ဝန်းအစုံကိုသာ မြင်တွေ့ရသည်။ အနီးကပ်ကြည့်မည်ဆိုလျှင် သူ၏ ညာဘက်မျက်ဝန်းအတွင်း၌ မှော်သင်္ကေတ အရိပ်များ ထပ်နေသည်ကို တွေ့ရမည်ဖြစ်ပြီး ဘယ်ဘက်မျက်ဝန်းအတွင်း၌မူ လက်ဝါးပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ဖြစ်ပေါ်နေသည်ကို တွေ့ရပေလိမ့်မည်။
ထိုလက်ဝါးမှာ ပုံရိပ်ယောင်မျှသာ ဖြစ်သော်လည်း ကံကြမ္မာအရှင်သခင်နှင့် ရင်ဆိုင်ပြီးနောက် ရရှိခဲ့သည့် ထိုးထွင်းသိမြင်မှု၏ ရလဒ်ပင် ဖြစ်၏။ စုမင်သည် ထိုသိမြင်မှုကို နားလည်ရန် ကြိုးစားနေသည်နှင့်အမျှ ထိုလက်ဝါးပုံရိပ်မှာလည်း ပုံစံအမျိုးမျိုး ပြောင်းလဲနေတော့သည်။
အချိန်အတော်ကြာပြီးနောက် သူသည် ညာလက်ကို မြှောက်ကာ လက်ဝါးပြင်အား ကြည့်လိုက်သည်။ ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ရာ စိမ်းစိုသော ငှက်မွေးတစ်ချောင်း ပေါ်လာတော့သည်။
ဤသည်မှာ ဝူလီကျိ၏ မျက်ခုံးကြားမှ ရရှိခဲ့သော ငှက်မွေးလေးများကို ပေါင်းစပ်ထားသည့် တစ်ခုတည်းသော ငှက်မွေးပင် ဖြစ်၏။
၎င်းပေါ်တွင် သွေးစွန်းခြင်း မရှိသော်လည်း ပေါ်လာသည်နှင့်အမျှ ဟင်းလင်းပြင်အတွင်း၌ အစိမ်းရောင် ဥဒေါင်းရိပ် တစ်ကောင် ထင်ဟပ်လာတော့သည်။ စုမင်သည် ငှက်မွေးတစ်ချောင်းကို ကိုင်ထားသည်ထက် ဥဒေါင်းတစ်ကောင်အား ကိုင်ထားသည်နှင့်ပင် တူနေသည်။
စုမင်သည် ထိုငှက်မွေးကို ကြည့်ပြီးနောက် သူ၏ ဘယ်ဘက်လက်ဖြင့် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အနက်ရောင် အလင်းတန်းတစ်တန်း ထွက်ပေါ်လာပြီး သူ့ရှေ့၌ ရပ်တန့်သွားသည်။
ထိုသတ္တဝါမှာ မျက်လုံးမှိတ်ထားဆဲဖြစ်ပြီး နိုးထလာမည့် ပုံစံမရှိသေးသော်လည်း ပေါ်လာသည်နှင့်အမျှ ၎င်းဆီမှ အနက်ရောင် အလင်းတန်းများ ပိုမို ပြင်းထန်လာသည်။ တစ်ချိန်တည်းမှာပင် စုမင်၏ ညာလက်ထဲမှ အစိမ်းရောင် ဥဒေါင်းရုပ်မှာလည်း ရန်သူကြီးနှင့် တွေ့လိုက်ရသည့်အလား စူးစူးဝါးဝါး အော်ဟစ်တော့သည်။
စုမင်၏ ခံစားချက်အရ ဤသက်ရှိနှစ်ကောင်စလုံးသည် မြစ်ဖျားခံရာ တစ်ခုတည်းမှ ဖြစ်ကြောင်း သိသာလှပေသည်။ သူ၏ စိတ်ထဲတွင် ယခင်ကတည်းက ခန့်မှန်းချက်တစ်ခု ရှိခဲ့ပြီး ယခုအခါတွင်မူ ထိုခန့်မှန်းချက်မှာ ပိုမို သေချာလာသည်။
ထိပ်ပြောင်ကြိုးကြာထံမှ အနက်ရောင် အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး ကြိုးကြာနက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုကြိုးကြာကြီးမှာ မျက်လုံးပွင့်မလာသော်လည်း စူးရှလှသော အော်ဟစ်သံနှင့်အတူ အစိမ်းရောင် ဥဒေါင်းဆီသို့ ပြေးဝင်သွားတော့သည်။
ဥဒေါင်းကလည်း ပြန်လည် အော်ဟစ်ကာ ရှေ့သို့ တိုးဝင်သည်။ ငှက်နှစ်ကောင်မှာ စုမင်၏ ရှေ့မှောက်၌ ထိပ်တိုက် တိုးသွားကြသော်လည်း မည်သည့် အသံမျှ ထွက်မလာပေ။ သူတို့သည် တစ်ကောင်နှင့်တစ်ကောင် ပေါင်းစည်းနေကြခြင်း ဖြစ်၏။ ငြိမ်သက်နေသော်လည်း ဤပေါင်းစည်းမှုမှာ တစ်ကောင်ကိုတစ်ကောင် ဝါးမြိုရန် ကြိုးစားနေခြင်းဖြစ်ကြောင်း စုမင် ခံစားနေရသည်။
ထိပ်ပြောင်ကြိုးကြာက ဥဒေါင်းကို ဝါးမြိုမည်လား၊ သို့မဟုတ် ဥဒေါင်းက သူ့အား ပြန်ဝါးမြိုမည်လား။
သို့သော် စုမင် ရှိနေသရွေ့တော့ အစိမ်းရောင် ဥဒေါင်းကို သူ အနိုင်ပေးမည် မဟုတ်ချေ။ သူသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လက်ညှိုးဖြင့် ဥဒေါင်း၏ ခန္ဓာကိုယ်ကို ထိုးလိုက်သည်။
ထိုအခါ ဥဒေါင်းမှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်မှာ ပြိုကွဲကာ အစိမ်းရောင် အလင်းစက်ကလေးများအဖြစ် ထိပ်ပြောင်ကြိုးကြာ အတွင်းသို့ စိမ့်ဝင်သွားတော့သည်။
ဤဖြစ်စဉ်မှာ နှစ်နာရီခန့် ကြာမြင့်ခဲ့ပြီးနောက် ထိပ်ပြောင်ကြိုးကြာ၏ ခန္ဓာကိုယ်မှာ တုန်ရင်လာသည်။ မှိတ်ထားသော မျက်လုံးများ ပွင့်လာတော့မည့် အရိပ်အယောင်များ ပြလာသော်လည်း စွမ်းအား မလုံလောက်သဖြင့် လုံးဝ ပွင့်မလာနိုင်သေးပေ။
နိုးထလာရန်အတွက် စွမ်းအား အနည်းငယ် လိုအပ်နေပုံရ၏။ အကယ်၍ ထိုစွမ်းအားသာ မရှိလျှင် သူသည် နိုးထလာနိုင်မည် မဟုတ်ပေ။
“ငါ... လိုအပ်တယ်... လှုံ့... ဆော်...” ထိပ်ပြောင်ကြိုးကြာက အင်အားအကုန်သုံးကာ စကားလုံး သုံးလုံးကို ပြောလိုက်သည်။ အနည်းငယ် ပွင့်ဟလာသော သူ၏ မျက်ခွံများမှာ ပြန်လည် ပိတ်ကျသွားတော့မည့်အလား ရှိနေချေသည်။
စုမင်၏ အမူအရာမှာ မပြောင်းလဲပေ။ သူသည် ထိပ်ပြောင်ကြိုးကြာ ကို ကြည့်ကာ အေးအေးဆေးဆေးပင် ပြောလိုက်၏။ “ဟန်ဆောင်မနေနဲ့တော့။ အစိမ်းရောင် ဥဒေါင်းက မင်းနိုးလာဖို့ လုံလောက်ပါတယ်။ ငါ့မှာလည်း သလင်းကျောက်တွေ မရှိတော့ဘူး။ ဒါကြောင့် မင်းလိုချင်တဲ့ လှုံ့ဆော်မှုမျိုးကို ငါ မပေးနိုင်ဘူး”
စုမင် ပြောလိုက်သော်လည်း ထိပ်ပြောင်ကြိုးကြာ က မကြားဟန် ဆောင်နေသည်။ သူ၏ ခန္ဓာကိုယ်မှာ တုန်ရင်နေပြီး ပြန်လည် အိပ်မပျော်သွားစေရန် အစွမ်းကုန် ကြိုးစားနေရသကဲ့သို့ အမူအရာမျိုး ပြနေ၏။
စုမင်၏ မျက်လုံးများက စူးရှသွားသည်။ ထိပ်ပြောင်ကြိုးကြာမှာ ဟန်ဆောင်နေပုံ မရပေ။ အကယ်၍ သလင်းကျောက် မရှိသဖြင့် သူ နိုးမလာနိုင်ခဲ့လျှင် စုမင်အတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။ သူသည် အစစ်အမှန် ယင်လောကအတွင်းသို့ အသက်ဘေးကြားမှ ဝင်ရောက်ခဲ့ရပြီးမှ ဤအစိမ်းရောင် ငှက်မွေးကို ရရှိခဲ့ခြင်း ဖြစ်သည်။
သူသည် ပြန်လည် အိပ်ပျော်တော့မည်ကို မြင်သောအခါ စုမင်သည် တွန့်ဆုတ်မနေဘဲ သိုလှောင်အိတ်အတွင်းမှ ကျန်ရှိသမျှ ဝိညာဉ်ကျောက်တုံး ရာဂဏန်းခန့်အား ထုတ်ယူလိုက်သည်။
ဤကျောက်တုံးများမှာ အရည်အသွေး အလွန်ကောင်းမွန်လှပြီး စုမင်၏ နောက်ဆုံးလက်ကျန် စုဆောင်းမှုများပင် ဖြစ်၏။ ထိပ်ပြောင်ကြိုးကြာ ဘေးတွင် ရှိနေလျှင် စုမင်အတွက် ပိုက်ဆံစုရန်မှာ အလွန် ခက်ခဲလှသည် မဟုတ်လော။
စုမင်သည် သူ၏ ပိုင်ဆိုင်မှုအားလုံးကို ထုတ်လိုက်ခြင်းပင် ဖြစ်၏။ ထိုတောက်ပနေသော ကျောက်တုံးများ ထွက်လာသည်နှင့် ထိပ်ပြောင်ကြိုးကြာမှာ နှာခေါင်းတရှုံ့ရှုံ့ လုပ်လာသည်။ သလင်းကျောက်များမှာ အနံ့မရှိသော်လည်း ဤကောင်ကမူ မည်သို့ အနံ့ရသည် မသိပေ။ သူ၏ နှာခေါင်းမှာ လှုပ်ခါသွားပြီး အင်အားသစ်များ ရရှိလာသကဲ့သို့ပင်။ သူသည် မျက်လုံးများကို အတင်းအကျပ် ဖွင့်ကာ သူ စွဲလမ်းလှသော သလင်းကျောက်များကို ကြည့်ရန် ကြိုးစားနေတော့သည်။
ထိုအင်အားသစ်ကြောင့်ပင် သူသည် သတိမေ့မြောနေရာမှ နိုးထလာနိုင်ခဲ့သည်။ သူသည် ခက်ခက်ခဲခဲ မျက်လုံးဖွင့်ကာ သလင်းကျောက်များကို ကြည့်လိုက်သော်လည်း ရာဂဏန်းမျှသာ ရှိသည်ကို မြင်သောအခါ ချက်ချင်းပင် အားအင်ကုန်ခမ်းသွားသကဲ့သို့ ပြန်လည် အိပ်ပျော်တော့မည့်အလား ဖြစ်သွားပြန်သည်။
“လှုံ့ဆော်မှု... မလုံလောက်ဘူး... ငါ... ပိုပြီး... လိုအပ်တယ်...” ထိပ်ပြောင်ကြိုးကြာ က အားနည်းလွန်းလှသကဲ့သို့ ပြောလိုက်သော်လည်း စုမင်ကမူ သူ၏ မျက်ဝန်းအတွင်းမှ တောက်ပနေသော အရောင်အဝါကို မြင်လိုက်ရသည်။ ဤသည်မှာ အားအင်အပြည့် ရှိနေသူတစ်ဦး၏ မျက်ဝန်းမျိုးပင်။
“မင်း ဘယ်လောက်တောင် လှုံ့ဆော်မှု လိုချင်သေးလို့လဲ” စုမင်က စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်သော်လည်း အပြင်၌မူ အေးဆေးစွာပင် မေးလိုက်၏။
“ငါ... လိုချင်တာက... တစ်ထောင်... မဟုတ်ဘူး၊ တစ်သောင်း... တစ်သိန်း” သူက မျက်လုံးမှိတ်မသွားစေရန် အတင်းကြိုးစားနေရသည့်အလား အမူအရာမျိုး ပြလိုက်သည်။
“တစ်သိန်းဆိုရင် လုံလောက်ပြီလား။ ပိုပြီး လိုချင်သေးလား” စုမင်က တိုးတိုးလေး မေးလိုက်ပြန်သည်။
ထိပ်ပြောင်ကြိုးကြာ မှာ ခဏမျှ မှင်တက်သွားသော်လည်း စုမင်၏ စကားမှာ ဆေးကောင်းတစ်ခွက်ကဲ့သို့ပင် သူ၏ ခန္ဓာကိုယ်အတွင်းသို့ အင်အားများ ပြန်လည် ရောက်ရှိလာစေသည်။
“ဒါဆိုရင်... တစ်သန်း... ပေး...”
“အင်း... ဆက်ပြီး အိပ်နေလိုက်တော့”
စုမင် မတ်တပ်ရပ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ သလင်းကျောက်ရာဂဏန်းမှာ သိုလှောင်အိတ်ထဲသို့ ပြန်ဝင်သွားတော့သည်။ ထို့နောက် သူသည် လှည့်ထွက်သွားရန် ပြင်လိုက်၏။
စုမင် လှည့်ထွက်သွားသည်နှင့် ထိပ်ပြောင်ကြိုးကြာ ထံမှ နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာတော့သည်။ သူသည် အတောင်ပံများဖြင့် သူ၏ ရင်ဘတ်ကို ဖိကာ မျက်လုံးများအား မှေးစင်းလျက် သေလုမျောပါး ဖြစ်နေသကဲ့သို့ အမူအရာမျိုး လုပ်လိုက်သည်။
“မင်း... တော်တော် ရက်စက်တာပဲ... ငါ... အိပ်တော့မယ်။ နှုတ်ဆက်ခဲ့ပါတယ် စုမင်... ငါ အိပ်တော့မယ်”
စုမင်ကမူ အဝေးသို့ ဆက်လက် လျှောက်သွားနေဆဲ။
“ငါ တကယ် အိပ်တော့မှာနော်” ထိပ်ပြောင်ကြိုးကြာ က အော်ပြောလိုက်သည်။
စုမင်က ပိုပြီး ဝေးရာသို့ ရောက်သွား၏။
“ငါ တကယ့်ကို တကယ့်ကို အိပ်တော့မှာ” သူသည် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး မျက်လုံးများကို လုံးဝ ပိတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ဘေးသို့ စောင်းကျသွားပြီး ဟင်းလင်းပြင်အတွင်း၌ မည်သည်မျှ မသိတော့သည့်အလား မျောပါနေတော့သည်။
စုမင်၏ ပုံရိပ်မှာ မြင်ကွင်းမှ ပျောက်ကွယ်လုနီးပါး ဖြစ်နေချေပြီ။
“တောက်... မင်းနဲ့တော့ ခက်ပြီ” ထိပ်ပြောင်ကြိုးကြာ သည် မျက်လုံးတစ်ဖက်ကို ဖွင့်ကာ ဝေးကွာသွားပြီဖြစ်သော စုမင်ကို ဒေါသတကြီး ကြည့်လိုက်သည်။
“ငါက မင်းကို အိစန်း ဝါးမြိုနိုင်အောင် အသက်နဲ့လဲပြီး ကူညီခဲ့တာလေ။ အခု ငါ သေလုမျောပါး ဖြစ်နေတာတောင် မင်းက မကယ်ဘူးပေါ့။ မင်း... မင်း တော်တော် လွန်တာပဲ။ သလင်းကျောက်လေး နည်းနည်းပါးပါးဟာကို... အပြင်ပစ္စည်းလေးတွေဟာကို... အား...”
သူသည် ဒေါသတကြီး ရေရွတ်နေစဉ် စုမင်၏ ပတ်ဝန်းကျင်၌ ဟင်းလင်းပြင် ဝဲဂယက်များ ပေါ်လာသည်ကို တွေ့လိုက်ရသည်။ စုမင် ဤနေရာမှ ထွက်ခွာတော့မည်ကို မြင်သောအခါ ထိပ်ပြောင်ကြိုးကြာသည် ချက်ချင်းပင် အော်ဟစ်ကာ မျက်လုံးများကို ဖွင့်လိုက်တော့သည်။ ထိုအခါ သူ၏ ကိုယ်ပေါ်တွင် အားနည်းသည့် အရိပ်အယောင် လုံးဝ မရှိတော့ဘဲ အင်အားအပြည့် ရှိနေသည့် ပုံစံမျိုး ဖြစ်သွားချေသည်။
“ဟေး... ငါ အဆင်ပြေသွားပြီ။ ထူးဆန်းလိုက်တာ၊ ငါ ဘာလို့ ချက်ချင်း ကောင်းသွားတာပါလိမ့်။ ဟားဟား... ငါ ထိပ်ပြောင်ကြိုးကြာကြီး ပြန်ကောင်းလာပြီဟေ့” အော်ဟစ်ရင်း အတောင်ပံများကို အစွမ်းကုန် ခတ်ကာ စုမင်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားလေတော့သည်။ စုမင် ပျောက်ကွယ်သွားသည်နှင့် သူသည်လည်း လိုက်ပါ ပျောက်ကွယ်သွားတော့၏။
သူ၏ မောက်မာလှသော ရယ်သံကြီးမှာ ဟင်းလင်းပြင်အတွင်း၌ ပဲ့တင်ထပ် ကျန်ရစ်ခဲ့သည်။ ထိုအသံကို အဝေးမှ စုမင်၏ အိစန်းကိုယ်ပွားက ကြားလိုက်ရသော်လည်း မျက်လုံးမဖွင့်ဘဲ သူ၏ နှုတ်ခမ်းထောင့်တွင်မူ သာယာသော ပြုံးရိပ်တစ်ခု ပေါ်လာတော့သည်။
……
“ဟေး စုမင်... မင်း ငါ့ကို ဘယ်ခေါ်သွားမှာလဲ။ သလင်းကျောက် မရှိတဲ့နေရာကိုတော့ ငါ လုံးဝ မလိုက်ဘူးနော်”
“မင်နက်ရောင်ကမ္ဘာကို သွားမှာ။ အဲဒီမှာ သလင်းကျောက်တွေ ရှိရုံတင်မကဘူး၊ မင်းရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုလည်း ရှိနေတယ်။ မင်း မလိုက်ချင်လည်း ရပါတယ်”
“လိုက်မယ်၊ လိုက်မယ်။ သလင်းကျောက်တွေရော၊ ငါ့ခန္ဓာကိုယ်ရော ရှိတယ်ဆိုမှတော့ သေချာပေါက် လိုက်မှာပေါ့။ ဒါနဲ့... မင်းက တော်တော် နှေးတာပဲ။ ငါ့ကို ကြည့်ထား... ငါက အမြန်ဆုံးပဲဟေ့”