← Chapters

အခန်း (၈၅၄)

Vol. 62 Ch. 854

အခန်း (၈၅၄)

Vol. 62 Ch. 854

အခန်း ၈၅၄ ယွဲ့ဟုန်ပန်း၏ သခင်

ယွဲ့ဟုန်ပန်းသည် သက်ပြင်းတစ်ချက်ချကာ မျက်လုံးများကို ပြန်မှိတ်လိုက်သည်။ သူ ခံစားရမည့် နှိပ်စက်ညှဉ်းပန်းမှုများမှာ ပို၍သာ တိုးလာတော့မည်ကို သူ သိသော်လည်း ထိုသူတို့သည် သူ့အား အသေခံမည်မဟုတ်ကြောင်းကိုမူ သူ ယုံကြည်ချက်ရှိနေ၏။ အကြောင်းမှာ သူ သေဆုံးသွားပါက သူ၏အတွင်းရှိ လျှို့ဝှက်ချက်များမှာလည်း တစ်ပါတည်း ပျောက်ကွယ်သွားမည်ဖြစ်သောကြောင့်ပင်။

သို့သော် ဤသို့ပြုလုပ်ခြင်းမှတစ်ပါး အခြားနည်းလမ်းကို သူ မစဉ်းစားနိုင်တော့ပေ။ အကယ်၍ သူ ဖွင့်ဟပြောလိုက်ပါက သူ သေရမည်ဖြစ်ပြီး မပြောဘဲနေပါက အသက်ရှင်နိုင်ပေမည်။ သို့သော် ရှင်လျက်နှင့် ငရဲကျနေရသော ဝေဒနာမှာ သူ၏ စိတ်ဓာတ်များကို ပြိုကွဲစေတော့မည့်အလား ခံစားနေရ၏။

သူ မျက်လုံးမှိတ်လိုက်သည့် ခဏမှာပင် လိုဏ်ဂူအတွင်း၌ အေးစက်တည်ငြိမ်သော အသံတစ်သံသည် လေထဲမှတစ်ဆင့် ပေါ်ထွက်လာတော့သည်။

“မင်းမှာ ဘယ်လို လျှို့ဝှက်ချက်မျိုး ရှိနေလို့လဲ”

ယွဲ့ဟုန်ပန်းသည် အလိုအလျောက်ပင် တိတ်ဆိတ်စွာနေပြီး ထိုအသံကို လျစ်လျူရှုထားလိုက်သည်။ အစောက လူငယ် ပြန်လာသည်ဟု သူ ထင်လိုက်ခြင်းဖြစ်၏။ သို့သော် ရုတ်တရက် သူ၏ ခန္ဓာကိုယ်မှာ တုန်ရင်သွားတော့သည်။ အကြောင်းမှာ ထိုအသံသည် ထိုလူငယ်၏အသံ မဟုတ်ဘဲ လွန်ခဲ့သော အချိန်အတော်ကြာက သူ ရင်းနှီးခဲ့ဖူးသော လူတစ်ယောက်၏ အသံဖြစ်နေသောကြောင့်ပင်။

ယွဲ့ဟုန်ပန်း တုန်လှုပ်သွားသည့် တစ်ခဏမှာပင် ထိုအသံမှာ နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာပြန်သည်။

“ငါတို့ မတွေ့ဖြစ်တာ နှစ်ပေါင်းများစွာ ကြာသွားပြီပဲ၊ မင်းလည်း ကမ္ဘာမြေပြင်နယ်ပယ် ရဲ့ အရှင်သခင်တစ်ယောက် ဖြစ်နေပြီပေါ့။ ဂုဏ်ယူပါတယ်”

ယွဲ့ဟုန်ပန်း၏ ခန္ဓာကိုယ်မှာ ပို၍ ပြင်းထန်စွာ တုန်ယင်လာပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်သည့်အခါ သူ၏ရှေ့မှောက်၌ အဖြူရောင်ဝတ်စုံဝတ်ထားသော လူငယ်တစ်ဦး ရပ်နေသည်အား တွေ့လိုက်ရသည်။ ထိုလူငယ်၏ ဆံပင်များမှာ မီးခိုးရောင်သန်းနေပြီး ခန့်ညားသော မျက်နှာရှိသော်လည်း သူ၏အတွင်းရှိ ရှေးကျသော အငွေ့အသက်များကိုမူ ဖုံးကွယ်ထား၍ မရပေ။ ထိုလူငယ်သည်... ထိုခဏ၌ သူ့ကို တည်ငြိမ်စွာ ကြည့်နေ၏။

“ကျွန်တော့်ရဲ့... ကျွန်တော့်ရဲ့ သခင်လား” ယွဲ့ဟုန်ပန်းမှာ အလွန်အမင်း တုန်လှုပ်နေချေပြီ။ သူ မြင်နေရသည်ကို သူကိုယ်တိုင်ပင် မယုံကြည်နိုင်အောင် ဖြစ်နေသော်လည်း ထိုသူ၏ မျက်နှာနှင့် အမူအရာမှာ လွန်ခဲ့သော အတိတ်ကအတိုင်း တစ်ထေရာတည်းပင် ဖြစ်နေသည်။

ထို့ကြောင့်ပင် ဤသည်မှာ စိတ်အာရုံချောက်ခြားခြင်း မဟုတ်ကြောင်း သူ ပို၍ သေချာသွားတော့သည်။ သို့သော် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က မော့စုသည် အနောက်ငွေ့ရည်တိမ်တိုက်၏ သီးခြားနယ်မြေ အတွင်းသို့ အတင်းအကျပ် အနှင်ခံခဲ့ရသည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေ၏။ ထိုနေရာမျိုးတွင် အချိန်ကြာမြင့်စွာ ရှင်သန်နိုင်သူမှာ လက်ချိုးရေတွက်၍ပင် ရနိုင်ပေသည်။

“ဒါက အရင်တုန်းက မင်း ငါ့အတွက် လုပ်ပေးခဲ့တာတွေအတွက် အကျိုးအမြတ်ပဲ” စုမင်က တည်ငြိမ်စွာ ပြောလိုက်ပြီး ညာလက်ကို မြှောက်ကာ ယွဲ့ဟုန်ပန်းထံသို့ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် လက်မောင်းရှိ သံကြိုးများမှာ ကျယ်လောင်သော အက်ကွဲသံများနှင့်အတူ တစ်လက်မချင်းစီ ပျက်စီးသွားတော့သည်။ ၎င်းတို့သည် ရေအိုင်ထဲသို့ မကျမီမှာပင် ပြာအဖြစ်သို့ ပြောင်းလဲသွား၏။

အမှန်စင်စစ် ယွဲ့ဟုန်ပန်း နစ်မြုပ်နေသော ရေအိုင်ကြီးပင် ခြောက်သွေ့သွားပြီး လူနှင့်မတူတော့သော သူ၏ ခန္ဓာကိုယ်မှာ ပေါ်ထွက်လာတော့သည်။

စုမင်သည် ယွဲ့ဟုန်ပန်း၏ သနားစရာကောင်းလှသော ခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ မျက်နှာမှာ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း သူ၏ စိတ်အတွင်း၌မူ အေးစက်သော ဟိန်းသံတစ်သံ ထွက်ပေါ်နေ၏။ ယွဲ့ဟုန်ပန်းသည် ထက်မြက်သောသူဖြစ်ပြီး အခွင့်အရေးကို မှန်ကန်စွာ ဆုပ်ကိုင်တတ်သူ ဖြစ်သည်။ သူသည် မည်သည့်အချိန်တွင် လှုပ်ရှားရမည်၊ မည်သည့်အချိန်တွင် ငြိမ်နေရမည်ကို ကောင်းစွာ နားလည်သည်။

ဤသို့သော သူမျိုးမှာ များသောအားဖြင့် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များစွာ ရှိတတ်စမြဲပင်။ အတိတ်တုန်းက စုမင်ကို သူ၏သခင်အဖြစ် အသိအမှတ်ပြုခဲ့ခြင်းမှာလည်း စုမင်၏ အကာအကွယ်အား ရရှိရန်အတွက်သာ ဖြစ်၏။ သူသည် သူ၏ အဖော်အတော်များများကိုပင် သဲလွန်စမကျန်အောင် သတ်ပစ်ခဲ့ပြီး သူသည် ဤနေရာမှ ပထမမျိုးဆက် ရာဇဝတ်သားတစ်ဦးဖြစ်ကြောင်း လျှို့ဝှက်ချက်အား ဖုံးကွယ်ခဲ့ဖူးသည်။

ထိုအကြောင်းကြောင့်ပင် သူသည် စုမင်၏အကြောင်းကို သိသော တစ်ဦးတည်းသောသူ ဖြစ်လာခဲ့ပြီး စုမင်အား သခင်အဖြစ် အသိအမှတ်ပြုပြီးနောက် မိမိအတွက် လွတ်လမ်းကိုလည်း ရှာဖွေထားခဲ့သည်။ အမှန်စင်စစ် စုမင်၏ ယုံကြည်မှုကို ရရှိရန် သူ၏ အသက်သခင် မှော်လှေကိုပင် စုမင်ထံသို့ ပေးအပ်ကာ သူ၏ သစ္စာရှိမှုအား ပြသခဲ့ဖူးသည်။

ဤသို့သော ရက်စက်ပြီး ရည်မှန်းချက်ကြီးသော သူမျိုးကို အခြားသူများက မနှစ်သက်တတ်ကြပေ။ သို့သော် ၎င်းမှာ ထိုသူမျိုးကို မထိန်းချုပ်နိုင်သူများ၏ ခံစားချက်သာ ဖြစ်၏။ မနာလိုစိတ်များ ပေါ်ပေါက်လာပြီး မိမိတို့ဘေးတွင် ဤသို့သော သူမျိုး ရှိနေသည်ကို မလိုလားကြပေ။ ထိုသူကို အမြဲတမ်း ခြိမ်းခြောက်မှုတစ်ခုဟုသာ ထင်မြင်နေတတ်ကြသည်။

သို့သော် စုမင်၏ မျက်လုံးထဲတွင်မူ ဤသူသည် သူ့နောက်သို့ လိုက်ပါစဉ်က အလွန်ပင် နာခံမှုရှိခဲ့သည်။ သူ ထွက်ခွာသွားခဲ့သော်လည်း အပြာရောင် ကျောက်တုံးများ၏ အရေအတွက်ကို ကြည့်ခြင်းအားဖြင့် ဤသူသည် သူ၏ အမိန့်အား နှစ်ပေါင်းရာနှင့်ချီ၍ ဆက်လက်နာခံနေခဲ့ကြောင်း စုမင် သိနိုင်ပေသည်။ သူသည် ဤနေရာတွင် အကျဉ်းကျခံနေရသောကြောင့်သာ အလုပ်နားခဲ့ခြင်း ဖြစ်ကြောင်း သိသာလှ၏။

ထို့ကြောင့်ပင် ဤသူ မည်သို့ရှိနေသည်မှာ စုမင်အတွက် အရေးမကြီးပေ။ သူသည် ရည်မှန်းချက်ကြီးသည်ဖြစ်စေ ရက်စက်သည်ဖြစ်စေ စုမင် ဂရုမစိုက်ပေ။ သူသည် နာခံမှုရှိသည်။ ၎င်းနှင့်ပင် လုံလောက်ပြီ ဖြစ်သည်။ သို့သော် ဤနာခံမှုရှိသောသူမှာ ယခုကဲ့သို့ အခြေအနေမျိုးအထိ နှိပ်စက်ခံထားရသည်။ စုမင်သည် လွန်ခဲ့သော နှစ်ပေါင်းရာချီအတွင်း သူ ခံစားခဲ့ရသော ဒုက္ခများအတွက် သနားစိတ် သို့မဟုတ် ကရုဏာစိတ် မရှိသော်လည်း သူသည် မိမိနှင့် နီးစပ်သူများကို ကာကွယ်တတ်သူ တစ်ဦး ဖြစ်ပေသည်။

“ငါ့လူတွေကို ဘယ်သူကမှ စိတ်ကြိုက် နှိပ်စက်ခွင့် မရှိစေရဘူး” စုမင်က တည်ငြိမ်စွာ ပြောလိုက်ပြီး သူ၏ ညာလက်ကို ယွဲ့ဟုန်ပန်းထံသို့ နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ပြန်သည်။

ထိုသို့ ပြုလုပ်လိုက်သည်နှင့် ဘေးသို့ လဲကျနေသော ယွဲ့ဟုန်ပန်းသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဇီဝအသက်စွမ်းအားများ စီးဝင်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ အသားနှင့် သွေးများမှာ ချက်ချင်း ပြန်လည်ဖြစ်ပေါ်လာပြီး မျက်တောင်တစ်ခတ်အတွင်း သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်း ပြန်လည်ကောင်းမွန်သွားသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရ၏။ အမှန်စင်စစ် သူ၏ ကျင့်ကြံခြင်း အခြေခံမှာ ပို၍ပင် သန့်စင်နက်ရှိုင်းလာတော့သည်။ ကမ္ဘာမြေပြင်နယ်ပယ် ၏ အစောပိုင်းအဆင့်၌ ရှိသော အငွေ့အသက်များမှာ သူ့အတွင်းမှ ဝုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာ၏။

ယွဲ့ဟုန်ပန်းသည် မိမိ၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။ သူ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည့်အခါ ကြီးမားသော စွမ်းအားများကို ထိန်းချုပ်ထားနိုင်သည်ဟူသော ခံစားချက်မှာ သူ့စိတ်အတွင်း၌ ရူးသွပ်စွာ ပေါ်ပေါက်လာတော့သည်။ ဤသို့သော ခွန်အားမျိုးမှာ သူ တစ်ခါမျှ မပိုင်ဆိုင်ခဲ့ဖူးသော အရာဖြစ်၏။ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဇီဝအသက်များ ပြည့်နှက်နေသော လန်းဆန်းမှုမှာ နှစ်ပေါင်းရာနှင့်ချီ၍ ခံစားခဲ့ရသော ဝေဒနာများနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသဖြင့် သူသည် ခေါင်းမော့ကာ ဟိန်းဟောက်ချင်စိတ်ကို မနည်း ထိန်းချုပ်လိုက်ရသည်။

သူသည် စုမင်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သော်လည်း သူ၏ စိတ်နက်နက်အတွင်းရှိ ခံစားချက်မှာမူ သူ၏ မျက်နှာပေါ်ရှိ အမူအရာနှင့် လုံးဝ ကွဲပြားနေ၏။ စုမင်မှာ အလွန်အမင်း သန်မာလာသဖြင့် ယွဲ့ဟုန်ပန်းသည် သူ့ကို ကြောက်ရွံ့နေမိတော့သည်။ လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် စုမင်သည် သူ့ကို ကုသပေးနိုင်ခဲ့၏။ လူတစ်ယောက်ကို သတ်ဖြတ်ခြင်းမှာ ကုသခြင်းထက် ပို၍ပင် လွယ်ကူသော အလုပ်ဖြစ်ပေသည်။ ဤအချက်တစ်ခုတည်းနှင့်ပင် စုမင်သည် သူ့ကို သတ်ရန် လက်တစ်ချက် ဝှေ့ယမ်းရုံသာ လိုအပ်ကြောင်း သိသာလှပေသည်။

“ကျွန်တော့်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်” ယွဲ့ဟုန်ပန်းသည် မဆိုင်းမတွဘဲ ချက်ချင်းပင် ဒူးထောက်ကာ စုမင်ကို အရိုအသေပြုလိုက်သည်။ သူ၏ မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားနေသော အမူအရာမှာ စုမင် မြင်တွေ့ရန် ပြသထားခြင်းဖြစ်ပြီး တုန်ယင်နေသော ခန္ဓာကိုယ်မှာမူ သူ မထိန်းချုပ်နိုင်သော ရိုသေခန့်ညားမှုပင် ဖြစ်၏။

“လူတစ်ယောက်က သူ့ရဲ့ မွေးနေ့ပွဲအတွက် ပွဲတော်ကျင်းပဖို့ ပြင်နေတယ်လို့ ငါ ကြားတယ်၊ ငါနဲ့အတူ လိုက်ခဲ့ပြီး သွားကြည့်ရအောင်” စုမင်က တည်ငြိမ်စွာ ပြောလိုက်ပြီး ဂူဝသို့ လမ်းလျှောက်သွားတော့သည်။ ယွဲ့ဟုန်ပန်းသည် ရင်တထိတ်ထိတ်ဖြင့် သူ၏နောက်မှ အမြန်လိုက်ပါသွား၏။ စုမင် မည်သည်ကို ဆိုလိုကြောင်း သူ နားလည်လိုက်ပြီး သူ၏ စိတ်အတွင်း၌ ပြင်းပြသော ဆန္ဒတစ်ခု ပြည့်နှက်သွားသည်။ သူသည် နှစ်ပေါင်းရာနှင့်ချီ၍ ဒုက္ခခံခဲ့ရပြီးပြီဖြစ်၍ ယခုအခါတွင်မူ ထိုသူကို ပြန်လည် ပေးဆပ်ခိုင်းရတော့မည်။

‘ကျောက်ကွမ်ယို... မင်းရဲ့ မွေးနေ့ပွဲကို မင်း မကျင်းပနိုင်စေရဘူးလို့ ငါ ကတိပေးတယ်’

တောင်တန်းများမှာ နိမ့်ချည်မြင့်ချည်နှင့် ရှိနေ၏။ ယွဲ့ဟုန်ပန်း ချိပ်ပိတ်ခံထားရသော တောင်နှင့် မဝေးလှသော နေရာ၌ အခြားတောင်တစ်လုံး ရှိနေသည်။ ထိုခဏ၌ ထိုနေရာတွင် လူသံများဖြင့် ဆူညံနေ၏။ ကြက်သွေးရောင် မီးလျှံဂြိုဟ်ရှိ ကျင့်ကြံသူ အများစုမှာ ရောက်ရှိနေကြပြီး သုံးရက်အကြာတွင် ကျင်းပမည့် မွေးနေ့ပွဲ၌ လက်ဆောင်များ ပေးအပ်ရန် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

ဤသည်မှာ ထိုအချိန်၌ ကြက်သွေးရောင် မီးလျှံဂြိုဟ်တွင် အသန်မာဆုံးသော သူ၏ မွေးနေ့ပွဲတော်ပင် ဖြစ်၏။ ထိုသူသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က ကြက်သွေးရောင် မီးလျှံဂြိုဟ်သို့ ရုတ်တရက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာမြေပြင်နယ်ပယ် အစောပိုင်းအဆင့် ထိပ်ဆုံး၌ ရှိသော ကျင့်ကြံသူတစ်ဦး၏ စွမ်းအားဖြင့် သူသည် မေလန်ကို အင်အားသုံးကာ နှိပ်ကွပ်ခဲ့ပြီး ကမ္ဘာမြေပြင်နယ်ပယ် အရှင်သခင်အဖြစ် စတင်ရောက်ရှိလာသော ယွဲ့ဟုန်ပန်းကိုလည်း ချိပ်ပိတ်ခဲ့သည်။ သူသည် တစ်ချက်တည်းဖြင့် ဤဂြိုဟ်၏ အသန်မာဆုံးသူ ဖြစ်လာခဲ့ပြီး မြေနေရာကို သိမ်းပိုက်ကာ သူ၏ ဂိုဏ်းအား တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်မှစ၍ ဤနေရာသည် ကြက်သွေးရောင် မီးလျှံဂြိုဟ်၏ မြင့်မြတ်သော မြေနေရာ ဖြစ်လာခဲ့တော့သည်။

ထိုခဏ၌ စုမင်သည် ဂိုဏ်းတည်ရှိရာ တောင်ထိပ်သို့ ဦးတည်ထားသော လှေကားထစ်များအတိုင်း ယုံကြည်ချက်ရှိစွာဖြင့် တက်လှမ်းနေ၏။ သူသည် တိမ်ထူနေသော ကောင်းကင်နှင့် ဝေးကွာလှသော တောင်တန်းများကို သူ၏ ပုံမှန်အတိုင်း တည်ငြိမ်သော မျက်နှာဖြင့် ကြည့်နေသည်။

ယွဲ့ဟုန်ပန်းသည် စုမင်၏ နောက်တွင် အလွန်အမင်း ရိုသေခန့်ညားသော မျက်နှာထားဖြင့် ခေါင်းကို ငုံ့ကာ လိုက်ပါလာ၏။

သူတို့နှစ်ဦးမှာ အလွန်အမင်း မြန်မြန်ဆန်ဆန် လမ်းမလျှောက်ကြပေ။ တောင်ပေါ်သို့ တက်လာစဉ် လမ်းတစ်လျှောက်၌ ကျင့်ကြံသူ အများအပြား နေရာအနှံ့တွင် ထိုင်ကာ ကျင့်ကြံနေကြသည်ကို မြင်လိုက်ရ၏။ ထိုကျင့်ကြံသူများသည် တောင်တန်းများ၏ နေရာအနှံ့အပြားတွင် ရှိနေကြပြီး သုံးရက်အကြာတွင် ကျင်းပမည့် မွေးနေ့ပွဲတော်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

စုမင်နှင့် ယွဲ့ဟုန်ပန်းတို့ လမ်းလျှောက်သွားစဉ် တင်ပျဉ်ခွေထိုင်နေသော ကျင့်ကြံသူအချို့မှာ တိုးတိုးလေး စကားပြောနေကြ၏။ သို့သော် သူတို့အထဲမှ တစ်ဦးသည် ဘေးသို့ ပေါ့ပေါ့ပါးပါး လှမ်းကြည့်လိုက်မိသည့်အခါ စုမင်၏ နောက်တွင် ရှိနေသော ယွဲ့ဟုန်ပန်းကို မြင်လိုက်ရသဖြင့် ရုတ်တရက် ထိတ်လန့်သွားတော့သည်။

စုမင်နှင့် ယွဲ့ဟုန်ပန်းတို့ အဝေးသို့ ရောက်သွားမှသာ ထိုသူသည် အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်တော့၏။

“ယွဲ့... ယွဲ့ဟုန်ပန်း၊ အခုနက လူက ယွဲ့ဟုန်ပန်းပဲ”

“ဘာ... ယွဲ့ဟုန်ပန်း ဟုတ်လား။ သူက လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီကတည်းက စီနီယာ ကျောက်ကွမ်ယိုရဲ့ အကျဉ်းချ ချိပ်ပိတ်တာကို ခံထားရတာ မဟုတ်ဘူးလား”

ထိုသူ ပြောလိုက်သည်နှင့် သူ့ဘေးမှ ကျင့်ကြံသူများ၏ မျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။ သူတို့ လှမ်းကြည့်လိုက်သည့်အခါ စုမင်နှင့် ယွဲ့ဟုန်ပန်းတို့၏ ကျောပြင်ကိုသာ မြင်လိုက်ရတော့၏။

တဖြည်းဖြည်းနှင့် လူအများအပြားမှာ တောင်ထိပ်သို့ လမ်းလျှောက်သွားသော ယွဲ့ဟုန်ပန်းကို သတိထားမိလာကြသည်။ အမှန်စင်စစ် ဤသူသည် ကြက်သွေးရောင် မီးလျှံဂြိုဟ်၏ ဒေသခံတစ်ဦးဖြစ်သဖြင့် နှစ်ရာပေါင်း အနည်းငယ်အတွင်း သူ့ကို မေ့ပျောက်ရန် ခဲယဉ်းလှပေသည်။ တဖြည်းဖြည်းနှင့် ဆူညံမှုများ ပေါ်ထွက်လာပြီး လူအများအကြား ပျံ့နှံ့သွားသည့်အခါ မည်သည်တို့ ဖြစ်ပျက်နေကြောင်းကို လူအများ ပို၍ သိလာကြတော့သည်။

“တကယ်ပဲ ယွဲ့ဟုန်ပန်းပါလား၊ ဒါပေမဲ့ သူ့ရှေ့က လူက... သူ့ရှေ့ကလူက ဘယ်သူလဲ”

“ယွဲ့ဟုန်ပန်းရဲ့ အပြုအမူကို ကြည့်ရတာ သူ့ရှေ့ကလူက အလွန် ရိုသေထိုက်တဲ့သူ ဖြစ်ရမယ်။ အဲဒီလူက... ဘာလို့ တစ်နေရာရာမှာ မြင်ဖူးသလိုလို ဖြစ်နေတာလဲ”

“ငါလည်း သူ့ကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ၊ ဒါပေမဲ့ ဘယ်မှာလဲဆိုတာ မမှတ်မိတော့ဘူး... ဒါပေမဲ့ ယွဲ့ဟုန်ပန်းက သူ့အပေါ် ဒီလောက်တောင် ရိုသေနေတာဆိုရင် ဒီလူက... အား... ငါ မှတ်မိပြီ”

“မော့စု၊ သူက... မော့စုပဲ”

ရုတ်တရက် တစ်စုံတစ်ယောက်က မော့စု၏ နာမည်ကို ပြောလိုက်သည်နှင့် တောင်တန်းတစ်ခုလုံးတွင် ဆူညံသွားပြီး လူတိုင်းက စတင်၍ စကားပြောဆိုလာကြတော့သည်။ သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်၏ နက်ရှိုင်းရာမှ ထွက်ပေါ်လာသော တုန်လှုပ်မှုများကြောင့် လူတိုင်းမှာ အတိတ်က ဖြစ်ရပ်များစွာကို ပြန်လည် စဉ်းစားမိသွားကြ၏။ သူတို့သည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က မြင်ကွင်းများကို ပြန်လည် သတိရလိုက်ကြသလို ထိုစဉ်က ဤကိစ္စကြောင့် အနောက်ငွေ့ရည်တိမ်တိုက် တစ်ခုလုံးတွင် ဖြစ်ပေါ်ခဲ့သော ဆူညံမှုများကိုလည်း ပြန်လည် အမှတ်ရလိုက်ကြသည်။

“တစ်ခုခုတော့ အကြီးအကျယ် ဖြစ်တော့မယ်။ စီနီယာ မော့စုက ယွဲ့ဟုန်ပန်းရဲ့ သခင်ပဲ၊ စီနီယာ ကျောက်ကွမ်ယိုက ယွဲ့ဟုန်ပန်းကို နှစ်ပေါင်းရာချီပြီး အကျဉ်းချထားခဲ့တာ။ အခု စီနီယာ မော့စု ပြန်ရောက်လာပြီဆိုတော့ သူတို့ကြားမှာ အငြင်းပွားစရာတွေ သေချာပေါက် ရှိလာတော့မှာပဲ”

“စီနီယာ မော့စုက အနောက်ငွေ့ရည်တိမ်တိုက် သီးခြားနယ်မြေထဲကနေ တကယ် ပြန်ထွက်လာနိုင်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ဒါဟာ... ဒါဟာ ဒီနေရာကို စောင့်ကြည့်နေတဲ့ မဟာလောကကြီး လေးခုရဲ့ အင်အားစုတွေကို သေချာပေါက် တုန်လှုပ်သွားစေလိမ့်မယ်၊ နတ်ဆိုးနတ္ထိ နယ်မြေမှာ ဘေးဒုက္ခအသစ်တစ်ခုကို သေချာပေါက် ဖြစ်ပေါ်စေလိမ့်မယ်”

အလင်းတန်းများမှာ လေထဲသို့ လျင်မြန်စွာ ပျံတက်သွားပြီး စုမင်နှင့် ယွဲ့ဟုန်ပန်းတို့ ရှိရာ တောင်ထိပ်သို့ ဦးတည်သွားကြသော်လည်း သူတို့နှင့် နီးကပ်စွာ သွားရန်မူ မဝံ့ရဲကြပေ။ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က မော့စုသည် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်အား သူတို့ မှတ်မိနေဆဲပင်။ သူ ရောက်ရှိလေရာ အရပ်တိုင်းတွင် ဂြိုဟ်များကို ပျက်စီးစေခဲ့ပြီး ထိုဂြိုဟ်များရှိ ကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှ ရှင်သန်ခွင့် မရခဲ့ဟု ဆိုစမှတ် ပြုကြပေသည်။

ထိုခဏ၌ တောင်ပေါ်ရှိ ဂိုဏ်း၏ အမြင့်ဆုံးနေရာရှိ ကျောက်တုံးပေါ်တွင် တည်ဆောက်ထားသော ခန်းမအတွင်း၌ ကြက်သွေးရောင် မီးလျှံဂြိုဟ်၏ အသန်မာဆုံးသူ ကျောက်ကွမ်ယိုသည် ထိုင်ခုံကြီးတစ်ခုံပေါ်တွင် ထိုင်နေ၏။ သူသည် အပြာရောင်နှင့် အဖြူရောင် အစင်းကြောင်းများပါသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး လူလတ်ပိုင်းအရွယ်ခန့် ရှိသော်လည်း သူ၏ မျက်နှာပေါ်တွင် အမာရွတ်များ ပြည့်နှက်နေသဖြင့် အတော်ပင် ရုပ်ဆိုးလှပေသည်။ သူသည် သူ၏ရှေ့မှောက်၌ ရှိနေသော လူငယ်ရှစ်ဦးကို ကြည့်နေ၏။

ဤရှစ်ဦးမှာ သူ ကြက်သွေးရောင် မီးလျှံဂြိုဟ်တွင် ပျိုးထောင်ထားသော တပည့်များ ဖြစ်ကြသည်။ သူတို့အားလုံးမှာ အလွန်ပင် ခန့်ညားလှပကြ၏။ သူတို့ကို ကြည့်နေစဉ် ကျောက်ကွမ်ယို၏ မျက်ဝန်းနက်များအတွင်း၌ ထူးဆန်းသော အလင်းရောင်တစ်စ ပေါ်ထွက်လာသည်။

“ဆရာ၊ ဆရာ့ကို လက်ဆောင်ပေးဖို့ လူပေါင်းသုံးထောင်ကျော် ရောက်နေပါပြီ။ နောက်ထပ်လည်း လာနေကြတုန်းပါပဲ။ အမှန်တော့ ဒါဟာ ကြက်သွေးရောင် မီးလျှံဂြိုဟ် တစ်ခုလုံးကို ဆူညံသွားစေတဲ့ ကြီးကျယ်တဲ့ ဖြစ်ရပ်တစ်ခုပဲလေ။ ဆရာ သက်တော်ရာကျော် ရှည်ပါစေလို့ ကျွန်တော်တို့ ကြိုတင်ပြီး ဆုတောင်းပေးပါတယ်”

သူ၏ တပည့်များက ဆုတောင်းပေးလိုက်သည့်အခါ ကျောက်ကွမ်ယိုသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူတို့ကို တစ်ချက်ဝေ့ကြည့်လိုက်ကာ နောက်ဆုံးမှ လူငယ်ထံသို့ အကြည့် ပို့လိုက်သည်။

“ယွဲ့ဟုန်ပန်း ပြောပြီလား”

“ဆရာ၊ အဲဒီလူက... အဲဒီလူက ဘာမှ မပြောသေးပါဘူး။ ဒါဟာ ကျွန်တော် မစွမ်းဆောင်နိုင်လို့ပါ” ကျောက်ကွမ်ယို ကြည့်နေသော လူငယ်မှာ ခေါင်းငုံ့လိုက်သည်။ သူသည် အစောပိုင်းက ယွဲ့ဟုန်ပန်း၏ ရှေ့မှောက်၌ ပေါ်လာခဲ့သော လူငယ်ပင် ဖြစ်ပေသည်။

သူ ထိုသို့ ပြောလိုက်သည့် တစ်ခဏမှာပင် ခန်းမအပြင်ဘက်မှ ဆူညံသံများနှင့် တစ်ခုခု ကျိုးပဲ့သွားသံများ ရုတ်တရက် ထွက်ပေါ်လာတော့သည်။ ထိုဆူညံသံများမှာ အလွန်ပင် ပြင်းထန်လှ၏။

ကျောက်ကွမ်ယို မျက်မှောင်ကြုတ်လိုက်သည်။

“ဘာတွေဖြစ်နေ...” ကျောက်ကွမ်ယို စကားမဆုံးမီမှာပင် ခန်းမအပြင်ဘက်မှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။ ထိုအသံကြောင့် မြေပြင်တစ်ခုလုံး တုန်ခါသွားသလို ကြောက်မက်ဖွယ်ကောင်းသော အသံတစ်သံသည် ခန်းမအတွင်းသို့ တိုးဝင်လာတော့၏။

“ကျောက်ကွမ်ယို၊ အဲဒီနှစ်ပေါင်းရာချီအတွင်းမှာ မင်း ငါ့ကို ဘယ်လို ဆက်ဆံခဲ့လဲဆိုတာ ငါ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ ငါတို့ကိစ္စကို နောက်မှ ရှင်းကြတာပေါ့။ ဒီနေ့ ငါ့ရဲ့ သခင် ရောက်လာပြီ၊ အခု ချက်ချင်း ထွက်လာပြီး သူ့ကို အရိုအသေပြုစမ်း”

ဤသည်မှာ ယွဲ့ဟုန်ပန်း၏ အသံပင် ဖြစ်၏။ ချက်ချင်းပင် ခန်းမအတွင်းရှိ လူငယ်ရှစ်ဦး၏ မျက်နှာများ တစ်ပြိုင်နက် ပြောင်းလဲသွားသလို ကျောက်ကွမ်ယိုကလည်း အေးစက်သော ဟိန်းသံတစ်သံကို ထုတ်လွှတ်လိုက်သည်။

“မင်းရဲ့ သခင်လား။ မင်းမှာ သခင်ရှိနေမှန်း ငါတောင် မသိခဲ့ဘူး” ကျောက်ကွမ်ယိုသည် ရှေ့သို့ တစ်လှမ်းတက်လိုက်စဉ် သူသည် အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲသွားပြီး ခန်းမအပြင်ဘက်သို့ ပျံထွက်တော့မည့်အလား ရှိနေသော်လည်း ထိုခဏ၌ သူ၏ မျက်နှာမှာ ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ အကြောင်းမှာ ယွဲ့ဟုန်ပန်း ပြောသော သခင် ဆိုသည်မှာ မည်သူဖြစ်ကြောင်း သူ ရုတ်တရက် သတိရသွားသောကြောင့်ပင်။

သူ သိထားသမျှအရ ယွဲ့ဟုန်ပန်းတွင် သခင် တစ်ဦးတည်းသာ ရှိခဲ့ဖူး၏။ ထိုသူမှာ... မဟာလောကကြီး လေးခုက ဆုငွေအမြောက်အမြား ထုတ်ထားသော၊ ကျောက်ကွမ်ယိုကိုယ်တိုင်လည်း တစ်ချိန်က အုပ်စုဖွဲ့၍ လိုက်လံသတ်ဖြတ်ရန် ပါဝင်ခဲ့ဖူးသော မော့စု ပင် ဖြစ်ပေသည်။ သို့သော် ထိုစဉ်က ထိုသူ သတ်ဖြတ်ခဲ့သော သွေးအိုင်များကြောင့် ကျောက်ကွမ်ယိုမှာ ထိတ်လန့်တုန်လှုပ်ကာ ထွက်ပြေးခဲ့ရဖူးလေသည်။

All Chapters