← Chapters

အခန်း (၈၆၀)

Vol. 62 Ch. 860

အခန်း (၈၆၀)

Vol. 62 Ch. 860

အခန်း ၈၆၀ ကျွန်တော်တို့ရဲ့ ဧည့်သည်တော် လုပ်ဖို့ စိတ်ဝင်စားလား

ဤသည်မှာ လမ်းကြောင်းနှစ်သွယ် နေရာရွှေ့ပြောင်းခြင်း မှော်သင်္ကေတ တစ်ခု ဖြစ်၏။ ၎င်းသည် နေရာနှစ်နေရာကို ချိတ်ဆက်ထားပြီး လူများကို တစ်ဖက်မှတစ်ဖက်သို့ လွတ်လပ်စွာ ကူးသန်းသွားလာနိုင်စေရန် စီစဉ်ထားခြင်း ဖြစ်သည်။

အကယ်၍ စုမင်သာ စောစောက ဥက္ကာခဲပေါ်သို့ နင်းမိခဲ့ပါက အသင့်အနေအထားရှိနေသော မှော်သင်္ကေတသည် ချက်ချင်း အလုပ်လုပ်တော့မည် ဖြစ်သည်။ ထိုအခါ သူသည် သတ်မှတ်ထားသော နယ်မြေတစ်ခုသို့ အဓမ္မ ရွှေ့ပြောင်းခြင်း ခံရမည်ဖြစ်ပြီး ထိုနေရာတွင် အသင့်စောင့်နေသော ယုမိသားစုမှ အစွမ်းထက် ကျင့်ကြံသူများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို တစ်ပြိုင်နက်တည်း ခံရပေလိမ့်မည်။

စုမင်သည် ဥက္ကာခဲအတွင်း၌ နေရာရွှေ့ပြောင်းခြင်း မှော်သင်္ကေတ ရှိနေသည်ကို ကြိုတင်မသိရှိခဲ့သော်လည်း အဘိုးအို၏ ထူးဆန်းသော အမူအရာများအား ကြည့်ခြင်းအားဖြင့် တစ်ခုခု မှားယွင်းနေကြောင်း ရိပ်မိခဲ့ခြင်း ဖြစ်၏။

စုမင်၏ အမြင်တွင်မူ ထိုသူ၏ ဟန်ဆောင်မှုများမှာ အလွန်ပင် ကလေးကလား ဆန်လှပေသည်။

သို့သော်လည်း ထိုသို့ ဖုံးကွယ်ထားမှု၌ ထူးဆန်းသော အချက်အချို့ ရှိနေသည်။ စုမင်သည် သူ၏ နတ်ဘုရား အာရုံဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးခဲ့သော်လည်း မှော်သင်္ကေတအား မတွေ့ရှိခဲ့သကဲ့သို့ အဘိုးအိုကိုလည်း ရှာမတွေ့ခဲ့ပေ။

သို့ရာတွင် စုမင်က မှော်သင်္ကေတများဖြင့် ဥက္ကာခဲအများစုကို ဖျက်ဆီးလိုက်သည့်အခါမှ အဘိုးအိုမှာ အပြင်သို့ ထွက်လာခဲ့ရသည်။ အမှန်စင်စစ် သူသည် ထွက်ပြေးလိုပါက ထိုနေရာမှ ကြိုတင် ထွက်ခွာသွားနိုင်ပေသည်။ သို့သော် သူသည် မထွက်သွားဘဲ ပုန်းအောင်းနေဟန် ဆောင်ခဲ့သည်။ ဤအရာအားလုံးမှာ စုမင်ကို တိုက်ခိုက်လာအောင် ဆွဲဆောင်ရန်နှင့် ဥက္ကာခဲအချို့အား ဖျက်ဆီးစေရန် ရည်ရွယ်ခြင်းသာ ဖြစ်၏။

ဤဖျက်ဆီးမှုမှာ အချက်ပြတစ်ခုကဲ့သို့ ဖြစ်နေပြီး သူ၏ ရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖော်ရန် ကြိုးပမ်းခြင်း ဖြစ်သည်။

ဤနယ်မြေမှာ ယုမိသားစု၏ အပြင်ဂိုဏ်းဝင်များ နေထိုင်ရာ အရပ်ဖြစ်၏။ အဘိုးအိုက သူ၏ အဆင့်အတန်းနှင့် ဤနေရာမှာ မည်သူပိုင်ဆိုင်ကြောင်းကို အလျင်အမြန် ပြောဆိုခဲ့ခြင်းမှာ သာမန်အားဖြင့် ကြည့်လျှင် သဘာဝကျသော်လည်း အမှန်စင်စစ် သူသည် တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် စုမင်အနေဖြင့် ထိုသူ၏ ရည်ရွယ်ချက်ကို အကဲခတ်နိုင်ခဲ့သည်။ ၎င်းမှာ စုမင်သည် မင်နက်ရောင်ဂြိုဟ်နှင့် ယုမိသားစုအား စော်ကားခဲ့သည်ဟူသော အချက်ကို အတည်ပြုရန် ဖြစ်၏။

အဘိုးအိုအနေဖြင့် ဤအချက်ကို အတည်ပြုနိုင်ခဲ့ပါက သူ ယခင်က လုပ်ဆောင်ခဲ့သမျှအား ရှင်းပြရန် လွယ်ကူသွားပေလိမ့်မည်။ အသူရာနဂါးကို လိုက်လံဖမ်းဆီးခြင်းမှာ သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်ပြီး ထိုအတွက်ကြောင့် ပြဿနာတက်လာပါက ယုမိသားစုနှင့် မသက်ဆိုင်ဘဲ သူ၏ ကိုယ်ရေးကိုယ်တာကိစ္စသာ ဖြစ်ပေလိမ့်မည်။

သို့ရာတွင် စုမင်က ဥက္ကာခဲများကို ဖျက်ဆီးလိုက်ပါက အဘိုးအိုအနေဖြင့် ဇာတ်လမ်းဆင်နိုင်တော့မည် ဖြစ်သည်။ သူ၏ ကိုယ်ပိုင်ကိစ္စကို စုမင်နှင့် ယုမိသားစုတစ်ခုလုံး၏ တိုက်ပွဲအဖြစ်သို့ ပြောင်းလဲပစ်နိုင်မည် ဖြစ်၏။

အကြောင်းမှာ မင်နက်ရောင်ဂြိုဟ်ပေါ်တွင် အခြေချနိုင်ပြီး နတ္တိအနှစ်သာရ နယ်မြေ တစ်ခုလုံးတွင် နာမည်ကျော်သော မိသားစုကြီးတစ်ခုအတွက် ပြင်ပနယ်မြေများ၌ ထားရှိသော နေရာရွှေ့ပြောင်းခြင်း မှော်သင်္ကေတ တစ်လုံးစီမှာ အလွန်ပင် အရေးပါသောကြောင့် ဖြစ်၏။ ထိုမှော်သင်္ကေတများသည် သူတို့၏ ဂုဏ်သိက္ခာပင် ဖြစ်သည်။ ၎င်းတို့ ဖျက်ဆီးခံရခြင်းမှာ သူတို့၏ မျက်နှာကို ဖြတ်ရိုက်ခံရခြင်းနှင့် အတူတူပင်ဖြစ်ရာ သူတို့အနေဖြင့် ဤကိစ္စအား လွယ်လွယ်နှင့် လွှတ်ထားမည် မဟုတ်ပေ။

သို့သော် အဘိုးအိုအတွက် ကံဆိုးသည်မှာ စုမင်သည် သူ၏ လှည့်ကွက်ကို ရိပ်မိသွားပြီး ဥက္ကာခဲပေါ်သို့ မနင်းဘဲ လှည့်ထွက်သွားခြင်း ဖြစ်၏။ ဥက္ကာခဲများ ပျက်စီးသွားသည့် ကိစ္စကို မိသားစုဝင်များက စစ်ဆေးကြမည်ဖြစ်ရာ စုမင်သာ ထွက်သွားပါက တင်းကျပ်လှသော မိသားစု စည်းမျဉ်းများကြောင့် အမှန်တရား ပေါ်ပေါက်သွားမည် ဖြစ်ပြီး ထိုအခါ သူသည် ပြင်းထန်သော ပြစ်ဒဏ်အား ခံရပေမည်။

နောက်ဆုံးတွင် သူ၏ အမြင်၌ စုမင်မှာ အနည်းဆုံးတော့ ကမ္ဘာမြေပြင်နယ်ပယ် အလယ်အလတ်အဆင့် အထွက်အထိပ်သို့ ရောက်ရှိနေသူ သို့မဟုတ် နောက်ဆုံးအဆင့်ရှိ အစွမ်းထက် ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်ချေ ရှိနေသည်။ အလွန်အမင်း လိုအပ်ခြင်း မရှိပါက မိသားစုကြီးသည်ပင် ဤကဲ့သို့သော ပုဂ္ဂိုလ်ကို ရန်စလိုမည် မဟုတ်ပေ။

ထို့ကြောင့် သူသည် မြေပုံကို ငါးစာအဖြစ် အသုံးပြုကာ စုမင်ကို ဆွဲဆောင်ရန် ကြိုးပမ်းခဲ့သည်။ မအောင်မြင်သည့်အခါ သလင်းကျောက်များဖြင့် ဆက်လက် ဆွဲဆောင်ခဲ့ပြန်သည်။ သို့သော် စုမင်၏ အရာရာကို ထိုးဖောက်မြင်နိုင်သော အကြည့်အား မြင်လိုက်ရသည့်အခါ အဘိုးအိုသည် သူ၏ အကြံအစည်များ ပျက်ပြားသွားပြီဖြစ်ကြောင်း သိလိုက်ရတော့၏။

ထို့ကြောင့် သူသည် တုံ့ဆိုင်းမနေဘဲ အစီအစဉ်ကို ပြောင်းလဲလိုက်သည်။ စုမင်က သူ၏ အနားသို့ မလာသဖြင့် စုမင်အား မိသားစုကြီးထံသို့ ပို့ဆောင်၍ မရပါက သူ့ကို ဤနေရာမှ ထွက်ခွာခွင့် မပေးနိုင်ပေ။ စုမင် ဤနေရာ၌ ရှိနေစဉ် မိသားစုကြီးကို ခေါ်ယူနိုင်ပါက သူတို့ တိုက်ခိုက်ကြသည့်အခါ ဤကိစ္စသည် သူနှင့် မသက်ဆိုင်တော့ဘဲ ဖြစ်သွားမည် ဖြစ်၏။

အနာဂတ်တွင် အကြောင်းရင်းကို သိရှိသွားစေဦးတော့ မိသားစုကြီးနှင့် စုမင်အကြား ရန်ငြိုးက ဖြစ်ပေါ်သွားခဲ့ပြီဖြစ်ရာ သူတို့တွင် ရွေးချယ်စရာ ရှိတော့မည် မဟုတ်ပေ။

မှော်သင်္ကေတအတွင်းမှ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ စူးရှလှသော အလင်းဖြူများ ဥက္ကာခဲထက်မှ ပြန့်နှံ့သွားပြီး ပတ်ဝန်းကျင် တစ်ခွင်လုံးသို့ ဖုံးလွှမ်းသွားတော့၏။ မှော်သင်္ကေတ အလုပ်လုပ်သွားသည်နှင့် တစ်ပြိုင်နက် ပုံရိပ်သုံးခု ချက်ချင်း ထွက်ပေါ်လာသည်။

၎င်းတို့မှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်၏။ သူတို့ထဲမှ တစ်ဦးမှာ သက်လတ်ပိုင်း အမျိုးသားဖြစ်ပြီး လေးနက်တည်ကြည်သော မျက်နှာထား ရှိသည်။ ကျန်နှစ်ဦးမှာ လူငယ်များ ဖြစ်ကြသော်လည်း သူတို့ သုံးဦးစလုံးထံမှ ထွက်ပေါ်နေသော စွမ်းအားလှိုင်းများမှာ ကမ္ဘာမြေပြင်နယ်ပယ် အလယ်အလတ်အဆင့်ရှိသူများ ဖြစ်ကြောင်း သက်သေပြနေသည်။

ထိုသက်လတ်ပိုင်း အမျိုးသားမှာ ကမ္ဘာမြေပြင်နယ်ပယ် အလယ်အလတ်အဆင့် အထွက်အထိပ်သို့ ရောက်ရှိနေသူ ဖြစ်၏။ ဤကျင့်ကြံခြင်း အဆင့်ဖြင့်ဆိုလျှင် သူသည် ကျောက်မိသားစု၏ ဘိုးဘေးနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိပေသည်။ အနည်းငယ် အားနည်းနေဦးမည် ဖြစ်သော်လည်း သူသည် နယ်မြေတစ်ခု၏ အရှင်သခင် ဖြစ်လာနိုင်ပေသည်။

သူတို့ သုံးဦးအား မြင်လိုက်ရသည့် တစ်ခဏ၌ စုမင်သည် မင်နက်ရောင်ဂြိုဟ်၏ အင်အားကို အကဲခတ်မိသွားသည်။ ယုမိသားစု တစ်စုတည်း၌ပင် ကမ္ဘာမြေပြင်နယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူ လေးဦး၊ အစောပိုင်းအဆင့် ကျင့်ကြံသူ သုံးဦးနှင့် ကောင်းကင်ကျင့်ကြံခြင်းနယ်ပယ်မှ လူများစွာ ရှိနေသည်။

ဤသည်မှာ ယုမိသားစု အင်အားအစစ်အမှန်၏ ရေပေါ်ဆီလောက်သာ ရှိသေးကြောင်း ထင်ရှားလှပေသည်။

စုမင်အနေဖြင့် ယုမိသားစုသည် မင်နက်ရောင်ဂြိုဟ်တွင် မည်သည့်အဆင့်အတန်း ရှိသည်ကို မသိသော်လည်း ဤအင်အားကို ကြည့်ခြင်းအားဖြင့် မင်နက်ရောင်ဂြိုဟ်သည် ပဉ္စမမြောက် မဟာလောကကြီး မပျက်စီးမီကတည်းက တည်ရှိခဲ့သော ရှေးဟောင်းဂြိုဟ်ကြီးတစ်လုံး ဖြစ်ကြောင်း သိနိုင်ပေသည်။ ၎င်းသည် စုမင် ရောက်မလာမီ နှစ်ပေါင်းများစွာကတည်းက တားမြစ်ချက်များကို ချိုးဖျက်နိုင်ခဲ့ပြီး ထိုဂြိုဟ်ပေါ်ရှိ သက်ရှိများမှာ မဟာလောကကြီး လေးခု၏ ဖိနှိပ်မှုမှ ကင်းလွတ်ကာ အပြင်ဘက်သို့ ထွက်ခွာနိုင်ခဲ့ကြသည်။

ထို့ကြောင့် ဤဂြိုဟ်သည် မဟာလောကကြီး လေးခု၏ ထိန်းချုပ်မှုအောက်တွင် မရှိသော လွတ်လပ်သည့် ကျင့်ကြံခြင်းဂြိုဟ်ကြီး ဖြစ်လာခဲ့သည်။ ၎င်းမှာ ဥပဒေမဲ့သော နယ်မြေဖြစ်ပြီး နတ္တိအနှစ်သာရ နယ်မြေရှိ မိစ္ဆာအိုကြီးများ စုဝေးရာ အရပ်ဖြစ်လာတော့၏။

အင်အားကြီးသူများသာ မင်နက်ရောင်ဂြိုဟ်ကို အစိုးရကြသည်။ မဟာလောကကြီး လေးခုကလည်း သူတို့ကို ဂရုမစိုက်ကြသလို မည်သည့် အစစ်အမှန် အစောင့်အရှောက်များကမျှ ဤဂြိုဟ်သို့ မဆင်မခြင် လာရောက်ခြင်း မပြုကြပေ။ ထို့ကြောင့် ဤနေရာမှာ ရှုပ်ထွေးလှသည်ဟု ထင်ရသော်လည်း အမှန်စင်စစ် ဤဂြိုဟ်သည် နတ္ထိအနှစ်သာရ နယ်မြေအတွင်း အာရုံစိုက်မှု အခံရဆုံးနေရာ ဖြစ်နေသည်။

နတ္ထိအနှစ်သာရနယ်မြေအတွင်းရှိ အစွမ်းထက် ကျင့်ကြံသူ အများစုမှာ ဤနေရာတွင် စုဝေးနေကြသည်။ ကမ္ဘာမြေပြင်နယ်ပယ် နောက်ဆုံးအဆင့် သို့မဟုတ် ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေသူများသာမက၊ လကပ်ဘေးနယ်ပယ်နှင့် နေကပ်ဘေးနယ်ပယ် ရှိသူများပင် ဤနေရာ၌ ရှိနေနိုင်ပေသည်။

အကယ်၍ နတ်ဆိုးနတ္ထိနယ်မြေကို အကျဉ်းထောင်တစ်ထောင်နှင့် နှိုင်းယှဉ်မည်ဆိုပါက မင်နက်ရောင်ဂြိုဟ်သည် ထိုထောင်အတွင်းရှိ အမှောင်မိုက်ဆုံး နေရာဖြစ်သလို တစ်ချိန်တည်းမှာပင် တစ်ခုတည်းသော အရုဏ်ဦး အလင်းရောင်လည်း ဖြစ်ပေမည်။

၎င်း၏ တည်နေရာကြောင့် မဟာလောကကြီး လေးခုအနေဖြင့် အဝေးမှ တိုက်ခိုက်သိမ်းပိုက်ရန် မဖြစ်နိုင်ပေ။ အကြောင်းမှာ မင်နက်ရောင်ဂြိုဟ်၏ အခြားတစ်ဖက်တွင် မဟာလောကကြီး လေးခုပင် ကြောက်ရွံ့ရသော နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ် ရှိနေသောကြောင့် ဖြစ်၏။ ၎င်းမှာ သူတို့ အမှန်တကယ် ခုခံကာကွယ်နေရသော နေရာပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုကြယ်ပင်လယ်အတွင်း၌ ဂြိုဟ်သားများ ရှိနေသောကြောင့် ဖြစ်၏။ ထိုသူများထဲတွင် အတိတ်က ပဉ္စမမြောက် မဟာလောကမှ ကျန်ရစ်သူများ ပါဝင်သော်လည်း အများစုမှာမူ ပဉ္စမမြောက် မဟာလောက တည်ရှိစဉ်ကပင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား အနှစ်သာရကို ပိုင်ဆိုင်ထားကြသည့် လျှို့ဝှက်ဆန်းကြယ်သော လူမျိုးစုများ ဖြစ်ကြသည်။

ထိုလူမျိုးစုများ မည်သည့်နေရာမှ ရောက်ရှိလာသည်ကို မည်သူမျှ မသိရှိကြပေ။ သူတို့သည် မိမိတို့၏ ကိုယ်ပိုင် ကျင့်ကြံခြင်း စနစ်ကို တည်ထောင်ထားကြပြီး ပြင်ပလောကနှင့် အဆက်အသွယ် အလွန်နည်းပါးကြသည်။ သို့သော်လည်း စုမင်သည် ကြက်သွေးရောင် မီးတောက် ဂြိုဟ်သခင်နှင့် စကားပြောခဲ့ဖူးသဖြင့် ပဉ္စမမြောက် မဟာလောကမှ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များအပြင် ထိုလောကနှင့် မသက်ဆိုင်ဟု ယူဆရသော အစွမ်းထက် ကျင့်ကြံသူများမှာ ပြင်ပဟင်းလင်းပြင်မှ လာကြသူများ ဖြစ်ကြောင်း သိရှိထားသည်။ ထိုပြင်ပဟင်းလင်းပြင် ဆိုသည်မှာ အခြားသော လောကများမှ လာခြင်း ဖြစ်နိုင်သကဲ့သို့ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်မှ လာခြင်းလည်း ဖြစ်နိုင်ပေသည်။

မင်နက်ရောင်ဂြိုဟ်သည် ကြယ်ပင်လယ်နှင့် နတ်ဆိုးနတ္ထိနယ်မြေ၏ နဂါးငွေ့တန်း လေးခုအကြား တစ်ခုတည်းသော ကြားခံနယ်မြေ ဖြစ်နေသဖြင့် ဤဂြိုဟ်သည် အာရုံစိုက်မှု အခံရဆုံး နေရာဖြစ်လာခြင်းမှာ မဆန်းလှပေ။

စုမင်သည် အခြားသူများ၏ မှတ်ဉာဏ်များမှတစ်ဆင့် မင်နက်ရောင်ဂြိုဟ်သည် ကြယ်ပင်လယ်နှင့် နဂါးငွေ့တန်း လေးခုကို ချိတ်ဆက်ပေးထားကြောင်း သိရှိခဲ့သည်။ ထို့ကြောင့် ကြယ်ပင်လယ်အတွင်းသို့ စွန့်စားသွားလာလိုသူများအတွက် ဤနေရာသည် နားခိုရာ အရပ်ဖြစ်လာသည်။ နှစ်ပေါင်းများစွာ ကြာမြင့်လာသည့်အခါ အဖိုးတန် ပစ္စည်းများ၊ ရတနာများနှင့် မည်သည့်နေရာတွင်မျှ ရှာမရနိုင်သော အရာများမှာ မင်နက်ရောင်ဂြိုဟ်ပေါ်သို့ ရောက်ရှိလာကြတော့သည်။

အမှန်စင်စစ် ကြယ်ပင်လယ်အတွင်းရှိ ဂြိုဟ်သားများပင် မင်နက်ရောင်ဂြိုဟ်သို့ လာရောက်တတ်ကြသည်။ ထိုသူများသည် လွတ်လပ်စွာ သွားလာနိုင်ကြသဖြင့် ဤဂြိုဟ်သည် နဂါးငွေ့တန်း နှစ်ခုစလုံးမှ လူများ လာရောက် အရောင်းအဝယ် ပြုလုပ်ရာ တစ်ခုတည်းသော နေရာ ဖြစ်လာတော့သည်။

ထို့ကြောင့် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက မင်နက်ရောင်ဂြိုဟ်၌ နတ္ထိအနှစ်သာရနယ်မြေ တစ်ခုလုံးအား တုန်လှုပ်စေခဲ့ပြီး အစစ်အမှန် အစောင့်အရှောက်များကိုပင် လူသိမခံဘဲ လာရောက်စေခဲ့သော ရိုးရာတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ထိုရိုးရာမှာ လေလံပွဲပင် ဖြစ်၏။

အရွယ်အစား အမျိုးမျိုးရှိသော လေလံပွဲ ခန်းမကြီးများသည် မင်နက်ရောင်ဂြိုဟ်၏ အခန့်ညားဆုံး နေရာများ ဖြစ်လာကြပြီး တစ်ပွဲစီကို မိသားစုတစ်စုက စီမံခန့်ခွဲကြသည်။ လေလံပွဲ ခန်းမ၏ အရွယ်အစားမှာ ထိုမိသားစု၏ အဆင့်အတန်းနှင့် အင်အားကို ပြသရာ ရောက်ပေသည်။ ၎င်းသည် မိသားစုတစ်စု၏ ထွန်းကားခြင်းနှင့် ကျဆုံးခြင်းကို ဆုံးဖြတ်ပေးသည်။

လေလံပွဲများသည် ရိုးသားပြီး တင်းကျပ်မှု ရှိရမည်ဖြစ်သဖြင့် ထိုလေလံပွဲများအား စီမံသော မိသားစုများသည် မိမိတို့၏ ကိုယ်ပိုင် မိသားစု စည်းမျဉ်းများကိုလည်း စနစ်တကျ ချမှတ်လာကြသည်။ ထိုစည်းမျဉ်းများသည် လေလံပွဲများကို ဝန်ဆောင်မှုပေးရန် ရည်ရွယ်ပြီး မိသားစုဝင်များ၏ ရိုင်းစိုင်းသော အပြုအမူများအား အပြစ်ပေးရန်နှင့် လာရောက်သူများကို အကာအကွယ်ပေးရန်အတွက် အသုံးပြုကြသည်။

စုမင်သည် ပုံရိပ်ဝါးမြိုခြင်း ပညာရပ်ကို အသုံးပြု၍ သူ ဝါးမြိုခဲ့သော လူများ၏ မှတ်ဉာဏ်များမှတစ်ဆင့် ဤအကြောင်းအရာများကို သိရှိခဲ့ခြင်း ဖြစ်သည်။ သူသည် မှော်သင်္ကေတအတွင်းမှ ထွက်ပေါ်လာသော လူသုံးဦးကို တည်ငြိမ်စွာ ကြည့်လိုက်၏။

“ကျွန်တော်ကတော့ ယုချန်ဟိုင်ပါ။ နှုတ်ဆက်ပါတယ် မိတ်ဆွေ။ မိတ်ဆွေရဲ့ နာမည်ကို သိခွင့်ရှိမလား” မှော်သင်္ကေတအတွင်းမှ ထွက်လာသော သက်လတ်ပိုင်း အမျိုးသားသည် စုမင်ကို အကဲခတ်ရင်း မေးလိုက်သည်။ သူသည် စုမင်၏ ကျင့်ကြံခြင်းအဆင့်အား မသိနိုင်သော်လည်း သူ၏ထံမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသော အရှိန်အဝါနှင့် ကြီးမားလှသော ဖိအားကို ခံစားမိသည်။ သို့သော်လည်း သူ၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားခြင်း မရှိဘဲ ရိုသေစွာ နှုတ်ဆက်လိုက်၏။

“စုမင်” စုမင်က တိုတိုတုတ်တုတ်ပင် ဖြေလိုက်သည်။ သူသည် မော့စု ဟူသော နာမည်ကို အသုံးမပြုခဲ့ပေ။ အကြောင်းမှာ ထိုနာမည်သည် နတ္ထိအနှစ်သာရနယ်မြေ အတွင်း၌ အလွန်ပင် ကျော်ကြားနေသောကြောင့် ဖြစ်၏။ သူသည် မင်နက်ရောင်ဂြိုဟ်အကြောင်း လုံးဝ မသိသေးသဖြင့် ပြဿနာ မဖြစ်စေရန် ထိုသို့ လုပ်ဆောင်ခြင်း ဖြစ်သည်။

“ဩော်... မိတ်ဆွေ စုကိုး။ ဒါနဲ့ ကျွန်တော်တို့ ယုမိသားစုက မိတ်ဆွေအပေါ် ဘယ်လိုများ ပြစ်မှားမိလို့လဲ သိခွင့်ရှိမလား” သက်လတ်ပိုင်း အမျိုးသားက လေးနက်သော လေသံဖြင့် မေးမြန်းလိုက်သည်။

ထိုဒေသကို စောင့်ကြပ်ရန် တာဝန်ပေးခံထားရသော အဘိုးအိုမှာ ထိုခဏ၌ အလွန်ပင် စိုးရိမ်နေတော့သည်။ သူသည် မိသားစု စည်းမျဉ်းများ မည်မျှ တင်းကျပ်သည်ကို သိရှိထားသော်လည်း မိသားစုဝင်များ ရောက်ရှိလာသည့်အခါ ပျက်စီးနေသော ဥက္ကာခဲများအား မြင်ပြီး စုမင်ကို ချက်ချင်း တိုက်ခိုက်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ သူတို့သာ စတင် တိုက်ခိုက်လိုက်ပါက အရာရာမှာ ရိုးရှင်းသွားမည် ဖြစ်၏။

သို့သော် ရောက်ရှိလာသော မိသားစုဝင်များမှာ ချက်ချင်း မတိုက်ခိုက်ဘဲ စုမင်နှင့် စကားပြောနေကြပြန်သည်။

‘သူတို့ကို ဆက်ပြီး စကားပြောခွင့် ပေးလို့ မဖြစ်ဘူး’ အဘိုးအိုသည် အံကို တင်းတင်းကြိတ်လိုက်ပြီးနောက် ဘေးနားရှိ သတိလစ်နေသော ယုလော့အား တစ်ချက်ကြည့်ကာ စတင် ဟိန်းဟောက်လိုက်တော့သည်။ သူသည် ယုလော့၏ အနားသို့ သွားပြီး ခေါင်းကို မော့လိုက်သည့်အခါ သူ၏ မျက်လုံးများမှာ နီမြန်းနေတော့၏။ သူသည် စုမင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

“မင်း ငါတို့ မိသားစုရဲ့ တပည့်ပေါင်း တစ်ရာနီးပါးကို သတ်ခဲ့တယ်၊ ယုလော့ကိုလည်း သေလား ရှင်လား မသိအောင် လုပ်ခဲ့တယ်၊ ဒီနေရာက ဥက္ကာခဲ အများစုကိုလည်း ဖျက်ဆီးခဲ့ပြီး ငါ့ကိုတောင် သတ်ဖို့ ကြိုးစားခဲ့သေးတယ်။ ငါ ဒီအတိုင်း အဆုံးသတ်မှာ မဟုတ်ဘူး။ မင်း တိုက်ချင်တယ်ဆိုရင်လည်း တိုက်ကြတာပေါ့” အဘိုးအိုသည် စကားပြောရင်း မြေပြင်မှ ထကာ စုမင်ထံသို့ ပြေးဝင်တိုက်ခိုက်လိုက်တော့သည်။

အဘိုးအို စတင် လှုပ်ရှားလိုက်သည့်အခါ သက်လတ်ပိုင်း အမျိုးသား၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်။ သူသည် စုမင်၏ အဆင့်ကို မသိသော်လည်း ဤနေရာသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် သူ၏ နတ်ဘုရားအာရုံဖြင့် ပတ်ဝန်းကျင်အား စစ်ဆေးခဲ့ပြီး ဖြစ်၏။ ပျက်စီးနေသော ဥက္ကာခဲများနှင့် အဘိုးအို၏ တုံ့ပြန်မှုကို ကြည့်ပြီး သူသည် ကိုယ်ပိုင် ဆုံးဖြတ်ချက် တစ်ခုအား ချမှတ်လိုက်သည်။

သူသည် မူလက တုံ့ဆိုင်းနေခဲ့သော်လည်း သူ၏ မိသားစုဝင်တစ်ဦးက စတင် တိုက်ခိုက်လိုက်ပြီဖြစ်ရာ စုမင်၏ အင်အားကို စမ်းသပ်ရန်အတွက် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။ သို့သော် သူ စတင် လှုပ်ရှားတော့မည့် တစ်ခဏမှာပင် တောက်ပသော အလင်းရောင်တစ်ချက် ပေါ်ထွက်လာပြီး သူ လှမ်းလိုက်သော ခြေလှမ်းမှာ ရပ်တန့်သွားရတော့သည်။

စုမင်သည် ဟင်းလင်းပြင်အတွင်း ရပ်နေရင်း သူ၏ လက်မောင်းကို ဝှေ့ယမ်းလိုက်ရာ တောက်ပသော မှော်သင်္ကေတ အမြောက်အမြားမှာ မည်သည်ကမှန်းမသိ ပေါ်ထွက်လာတော့သည်။ ထိုသင်္ကေတများသည် ဟင်းလင်းပြင်အတွင်း လည်ပတ်နေပြီး စုမင်ထံသို့ ပြေးဝင်လာသော အဘိုးအိုကို ဝိုင်းရံပိတ်ဆို့လိုက်၏။ ထိုသင်္ကေတများသည် အဘိုးအို၏ ပတ်ပတ်လည်တွင် ကွင်းများအဖြစ် ဖွဲ့စည်းလိုက်ပြီး သူ့ကို ချုပ်နှောင်လိုက်သဖြင့် အဘိုးအိုမှာ တစ်လက်မမျှပင် မလှုပ်ရှားနိုင်တော့ပေ။

‘ကမ္ဘာမြေပြင်နယ်ပယ် အလယ်အလတ်အဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ကို လုံးဝ မလှုပ်နိုင်အောင် လုပ်နိုင်တဲ့ ချုပ်နှောင်မှုမျိုးပဲ’ သက်လတ်ပိုင်း အမျိုးသား၏ မျက်လုံးများအတွင်း အံ့ဩမှုများ ပေါ်ထွက်လာသည်။ အဘိုးအို၏ ခန္ဓာကိုယ်ပေါ်ရှိ မှော်သင်္ကေတများကို သေသေချာချာ ကြည့်ရှုပြီးနောက် သူသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး စုမင်အား ဦးညွှတ်နှုတ်ဆက်လိုက်တော့၏။

“မိတ်ဆွေ စု... မိတ်ဆွေရဲ့ အစွမ်းကို ကြည့်လိုက်တာနဲ့ ကျွန်တော်တို့ရဲ့ ပြင်ပမိသားစုဝင်တွေကပဲ မိတ်ဆွေကို အရင် ရန်စခဲ့တာ ထင်ရှားပါတယ်။ ဒီကိစ္စအတွက် ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ။ ကျွန်တော် ဒီအကြောင်းကို မိသားစုဆီ သေသေချာချာ တင်ပြပြီး ဒီလူကို မိတ်ဆွေအတွက် ထိုက်တန်တဲ့ ပြစ်ဒဏ်ပေးပါ့မယ်”

ယခုအခါ သူ၏ မျက်နှာပေါ်တွင် အေးစက်သော အမူအရာများ မရှိတော့ပေ။ သူ၏ ရယ်မောသံမှာ ရိုးသားလှပြီး အလွန်ပင် ခင်မင်ရင်းနှီးသော အမူအရာမျိုး ဖြစ်နေတော့သည်။

ယုချန်ဟိုင်သည် ပြုံးလျက်ဖြင့် ပြောလိုက်သည်။ “မိတ်ဆွေစု... မိတ်ဆွေအနေနဲ့ မင်နက်ရောင်ဂြိုဟ် မှာ တည်းခိုမယ့်နေရာ ရှိပြီးပြီလား။ တကယ်လို့ မရှိသေးဘူးဆိုရင် ကျွန်တော်တို့ ယုမိသားစုရဲ့ ဧည့်သည်တော်အဖြစ် လက်ခံပြီး ကျွန်တော်တို့ရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံဖို့ စိတ်ဝင်စားလား”

All Chapters