အခန်း (၈၆၁)
Vol. 62 Ch. 861
အခန်း ၈၆၁ တရားမျှတမှုကို စောင့်ထိန်းခြင်း
ယုချန်ဟိုင်၏ ရယ်မောသံမှာ ကြည်လင်ပြတ်သားလှပေသည်။ သူ၏ မျက်နှာပေါ်ရှိ ရိုးသားလှသော အမူအရာမှာ ဤနေရာ၌ ဖြစ်ပျက်ခဲ့သမျှကို သူ အလုံးစုံ သိရှိပြီးသားဖြစ်ကြောင်းနှင့် သူ့မိသားစုဝင်ကသာ အမှားလုပ်ခဲ့သူဖြစ်ကြောင်း ဝန်ခံနေသည့်နှယ် ရှိနေ၏။
သို့သော် စုမင်ကမူ ထိုစကားကို မယုံကြည်ပေ။ မိသားစုတစ်စု၏ စည်းမျဉ်းများ မည်မျှပင် တင်းကျပ်သည်ဆိုစေဦးတော့... သူတို့သည် မိမိတို့၏ သွေးသားရင်းချာများကိုသာ ကာကွယ်စောင့်ရှောက်ကြမြဲ ဖြစ်သည်။ ထို့ပြင် စုမင်က သူ၏ စွမ်းအားကို ထုတ်ဖော်ပြသလိုက်သည်နှင့် တစ်ပြိုင်နက် မည်သည့်အကြောင်းရင်းကိုမျှ မမေးမြန်းတော့ဘဲ ရုတ်တရက် အမူအရာ ပြောင်းလဲသွားသော ယုချန်ဟိုင်၏ လုပ်ရပ်မှာ သံသယဖြစ်ဖွယ် ကောင်းလှသည်။
တစ်ခုခု ထူးဆန်းနေလျှင် တစ်ခုခု မှားယွင်းနေသည်မှာ သေချာလှပေသည်။
“ဧည့်သည်တော် ဟုတ်လား” စုမင်က တိုးညှင်းစွာ မေးလိုက်သည်။
“ယုမိသားစုဟာ မင်နက်ရောင်ဂြိုဟ်ပေါ်က မိသားစုများစွာထဲက တစ်ခုပါ။ ကျွန်တော်တို့မှာ ကိုယ်ပိုင် လေလံပွဲခန်းမ ရှိပြီးတော့ အဲဒါဟာ ဒီဂြိုဟ်ပေါ်မှာ ထိပ်တန်းဝင် အလယ်အလတ်စား လေလံပွဲခန်းမ သုံးခန်းထဲက တစ်ခန်းဖြစ်ပါတယ်။ မိတ်ဆွေ စု အနေနဲ့ ကျွန်တော်တို့ရဲ့ ဧည့်သည်တော် ဖြစ်လာမယ်ဆိုရင် တစ်လကို သလင်းကျောက် သုံးသောင်း ကမ်းလှမ်းပါ့မယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ လေလံပွဲမှာ အထူးအခွင့်အရေးနဲ့ ဂုဏ်ပြုမှုတွေ ရရှိနိုင်မယ့် ကျောက်စိမ်းဖြူပြားကိုလည်း ပေးအပ်မှာပါ။
“ကျွန်တော်တို့ရဲ့ နယ်မြေအတွင်းမှာ လုံလောက်တဲ့ ဝိညာဉ်အရှိန်အဝါတွေရှိတဲ့ ဂူဗိမာန်တစ်လုံးကိုလည်း စီစဉ်ပေးပါ့မယ်။ မိတ်ဆွေ လိုအပ်တာ မှန်သမျှကို တောင်းဆိုနိုင်ပါတယ်။ ကိုယ်ပွားဖန်တီးတာမျိုးကလွဲရင် ကျန်တဲ့ တောင်းဆိုမှုအားလုံးကို ကျွန်တော်တို့ သဘောတူပါတယ်"
“ယုမိသားစုဟာ မိတ်ဆွေကို ဘယ်လိုနည်းနဲ့မှ ချုပ်ချယ်ထားမှာ မဟုတ်ပါဘူး။ မိတ်ဆွေ အလိုရှိတဲ့ အချိန်တိုင်း ထွက်ခွာနိုင်ပါတယ်။ ပုံမှန်ရက်တွေမှာ မိတ်ဆွေ ဘာမှ လုပ်ပေးဖို့ မလိုဘဲ အလွန်အရေးကြီးတဲ့ အချိန်တွေမှာပဲ ကူညီပေးရုံပါပဲ။ အဲဒီလို ကူညီပေးတဲ့ အကြိမ်တိုင်းမှာလည်း ထပ်ဆောင်း ဆုလာဘ်တွေ ပေးအပ်သွားမှာပါ။ မိတ်ဆွေ ဘယ်လို ထင်လဲ” ယုချန်ဟိုင်က ပြုံးလျက် မေးလိုက်သည်။
ယခုအခါ ယုချန်ဟိုင်၏ မျက်လုံးထဲတွင် စုမင်တစ်ယောက်သာ ရှိတော့ပြီး ချုပ်နှောင်ခံထားရသော သူ၏ မိသားစုဝင် အဘိုးအိုကိုမူ လှည့်ပင်မကြည့်တော့ပေ။ ယုချန်ဟိုင်၏ စိတ်ထဲတွင် ကမ္ဘာမြေပြင်နယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူကို ချုပ်နှောင်နိုင်သော မှော်သင်္ကေတ ပညာရပ်အား ပိုင်ဆိုင်ထားသည့် စုမင်မှာ အခြားသူများထက် ပို၍ အရေးပါနေခြင်း ဖြစ်၏။ အမှန်စင်စစ် ယုချန်ဟိုင်တွင် ဧည့်သည်တော် ဖိတ်ခေါ်ခွင့် မရှိသော်လည်း စုမင်၏ ချုပ်နှောင်ခြင်း ပညာကို မြင်တွေ့လိုက်ရသည့်အခါ သူ၏ စိတ်နှလုံးမှာ အလွန်ပင် စိတ်လှုပ်ရှားနေတော့သည်။
“မိတ်ဆွေယု... ကျွန်တော်က တစ်ခုခုကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့သူ ဖြစ်မှာကို မစိုးရိမ်ဘူးလား။ အခုလို ချက်ချင်းကြီး ဧည့်သည်တော်အဖြစ် ဖိတ်ခေါ်တာဟာ ကလေးကလား ဆန်လွန်းရာ မရောက်ဘူးလား” စုမင်က ယုချန်ဟိုင်ကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။
ယုချန်ဟိုင်၏ မျက်လုံးများ တောက်ပသွားပြီး သူ၏ အပြုံးမှာ ပို၍ ကျယ်ပြန့်လာသည်။ သူက ခေါင်းခါယမ်းကာ စုမင်ကို အရိုအသေ ပြုလိုက်၏။
“မိတ်ဆွေစု သံသယဖြစ်တာ မဆန်းပါဘူး။ ကျွန်တော် အစောတလျင် ဆုံးဖြတ်ခဲ့မိတာပါ...” ယုချန်ဟိုင်က ခဏတာ တုံ့ဆိုင်းသွားပြီးနောက် အားကိုးတကြီးဖြင့် ဆက်ပြောလိုက်သည်။
“မိတ်ဆွေစု... ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်။ ကျွန်တော့်မှာ ဧည့်သည်တော် အမြဲတမ်း ဖိတ်ခေါ်ခွင့် မရှိပေမဲ့ ယာယီဧည့်သည်တော် အဖြစ်တော့ ဖိတ်ခေါ်နိုင်ပါတယ်။ တကယ်လို့ မိတ်ဆွေမှာ တစ်ခုခု ရည်ရွယ်ချက် ရှိနေရင်တောင် ဒီစွန့်စားမှုကို ကျွန်တော် လက်ခံဖို့ ပြင်ဆင်ထားပါတယ်။ ကျွန်တော် မိတ်ဆွေကို ယုံကြည်ဖို့ လောင်းကြေးထပ်လိုက်ပါပြီ”
“ဩော်... ဒါဆိုရင် အသေးစိတ်ကို ပြောပြပါဦး” စုမင်က တည်ငြိမ်စွာ ဆိုသည်။
“ကျွန်တော်ဟာ မိသားစုရဲ့ တိုက်ရိုက်သွေးသား တစ်ယောက် ဖြစ်ပေမဲ့ အဆင့်အတန်းကတော့ မမြင့်လှပါဘူး။ လူကြီးတွေရဲ့ ကျေးဇူးကြောင့် လေလံပွဲတစ်ပွဲကို စီမံခန့်ခွဲခွင့် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အနားမှာ ကူညီပေးမယ့်သူ နည်းပါးနေသလို မှော်သင်္ကေတ ချုပ်နှောင်ခြင်း ပညာမှာ ကျွမ်းကျင်တဲ့သူလည်း လိုအပ်နေပါတယ်"
“ဒါကြောင့် မိတ်ဆွေရဲ့ ချုပ်နှောင်ခြင်း ပညာကို မြင်လိုက်ရတဲ့အခါ ကျွန်တော့်ရဲ့ ဧည့်သည်တော်အဖြစ် ဖိတ်ခေါ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အခုနက မရိုးမသား ပြောခဲ့မိတာကို ခွင့်လွှတ်ပေးပါ” ယုချန်ဟိုင်က ရိုးသားစွာ ပြောကြားလိုက်သည်။ သူသည် စုမင်ကို အစွမ်းကုန် စည်းရုံးရန် ကြိုးပမ်းနေခြင်း ဖြစ်၏။ ဤနေရာသို့ သူ ရောက်ရှိလာခြင်းမှာလည်း တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ပြီး စုမင်က မင်နက်ရောင်ဂြိုဟ်၏ အခြေအနေကို မသိရှိသေးကြောင်းလည်း သူ ရိပ်မိလိုက်သည်။
“ခင်ဗျားက ချုပ်နှောင်ခြင်း ပညာ ကျွမ်းကျင်တဲ့သူကို လိုအပ်နေတာလား” စုမင်က ယုချန်ဟိုင်ကို ကြည့်ကာ မေးလိုက်သည်။
“မိတ်ဆွေ စု... ဒါဟာ မိတ်ဆွေ မင်နက်ရောင်ဂြိုဟ်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာ ဖြစ်ပါလိမ့်မယ်။ ဒီဂြိုဟ်ပေါ်မှာ ချုပ်နှောင်ခြင်း ပညာကို တတ်တဲ့သူတွေ အများကြီးရှိပေမဲ့ ကမ္ဘာမြေပြင်နယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူကို ချုပ်နှောင်နိုင်တဲ့သူကတော့ နည်းနည်းပဲ ရှိပါတယ်"
“မိတ်ဆွေရဲ့ ဒီပညာနဲ့ဆိုရင် ဘယ်လေလံပွဲခန်းမမှာမဆို အဖိုးတန်တဲ့သူ ဖြစ်လာမှာပါ။ တကယ်လို့ တစ်ယောက်ယောက်ကသာ ထောက်ခံပေးမယ်ဆိုရင် မဟာလေလံခန်းမ သုံးခန်းမှာတောင် အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ယုမိသားစုမှာတောင် မိတ်ဆွေလို လုပ်နိုင်တဲ့သူ သုံးဦးပဲ ရှိပါတယ်"
“ဒါကြောင့် ကျွန်တော် ဘာကို ကြောက်နေရဦးမှာလဲ။ မိတ်ဆွေစု... ကျွန်တော့်ကို ကူညီပေးပါ။ ကျွန်တော် မိတ်ဆွေကို အဖိုးတန်တဲ့ ဆုလာဘ်တွေ ပေးအပ်ပါ့မယ်” ယုချန်ဟိုင်က စုမင်၏ အဖြေကို မျှော်လင့်တကြီး စောင့်စားနေတော့သည်။
စုမင်က ခဏတာ စဉ်းစားပြီးနောက် ဖြည်းညှင်းစွာ မေးလိုက်သည်။ “ဒီချုပ်နှောင်ခြင်း ပညာကို ဘာအတွက် လိုအပ်တာလဲဆိုတာ ခင်ဗျား ခုထိ မပြောရသေးဘူး”
“လေလံတင်မယ့် ရတနာတွေကို ချုပ်နှောင်ထားဖို့ပါ။ ဒီတစ်ကြိမ်မှာ ကျွန်တော်ကိုယ်တိုင် လေလံပွဲကို ဦးစီးရမှာ ဖြစ်ပေမဲ့ မိသားစုထဲက ချုပ်နှောင်ခြင်း အညာ ကျွမ်းကျင်တဲ့ ဧည့်သည်တော် သုံးဦးရဲ့ အကူအညီကို ရယူဖို့ ကျွန်တော့်မှာ အင်အား မရှိပါဘူး"
“ဒီတစ်ခါ လေလံပွဲမှာ ဂြိုဟ်သားတွေဆီက ရတနာအမြောက်အမြားကို လေလံတင်မှာ ဖြစ်လို့ အဲဒါတွေ အသွင်ပြောင်းမသွားအောင် ချုပ်နှောင်ပေးနိုင်မယ့် အစွမ်းထက်သူတစ်ဦး လိုအပ်နေတာပါ” ယုချန်ဟိုင်က အလျင်အမြန် ရှင်းပြလိုက်သည်။ အမှန်စင်စစ် သူသည် အမှန်တရား၏ ငါးပုံတစ်ပုံခန့်ကိုသာ စုမင်အား ပြောပြခဲ့ခြင်း ဖြစ်၏။ ဤလေလံပွဲသည် သူ့မျိုးဆက်အတွင်း၌ အဆင့်အတန်း ခွဲခြားမည့် ပထမဆုံးသော ပြိုင်ပွဲကြီး ဖြစ်ပေသည်။
စုစုပေါင်း လေလံပွဲ ခြောက်ပွဲ ရှိမည်ဖြစ်ပြီး လူခြောက်ဦးက ဦးစီးရမည် ဖြစ်သည်။ လူကြီးများ၏ အကူအညီကို မရယူဘဲ မိမိတို့၏ ကိုယ်ပိုင်အရည်အချင်းဖြင့်သာ လုပ်ဆောင်ကြရမည် ဖြစ်ရာ ၎င်းသည် သူတို့၏ အနာဂတ် အဆင့်အတန်းကို ဆုံးဖြတ်ပေးမည် ဖြစ်၏။
အကယ်၍ သူသည် ကမ္ဘာမြေပြင်နယ်ပယ် အလယ်အလတ်အဆင့်ကို ချုပ်နှောင်နိုင်သော ကျင့်ကြံသူတစ်ဦးအား မိမိဘက်သို့ ဆွဲဆောင်နိုင်ပါက ပို၍ အဆင့်မြင့်သော ရတနာများကို လေလံတင်ခွင့် ရရှိမည်ဖြစ်ပြီး ပြိုင်ဘက် ငါးဦးထက် သာလွန်သွားမည်မှာ အသေအချာပင် ဖြစ်သည်။
“မိတ်ဆွေ သဘောတူမယ်ဆိုရင် ကျေးဇူးတင်တဲ့အနေနဲ့ သလင်းကျောက် ငါးသန်းကို ကြိုတင်ပေးအပ်ပါ့မယ်။ လေလံပွဲ ပြီးသွားတဲ့အခါမှာတော့ နောက်ထပ် သလင်းကျောက် ဆယ်သန်း ထပ်ပေးပါ့မယ်။ မိတ်ဆွေစု မစိုးရိမ်ပါနဲ့၊ ယုမိသားစုရဲ့ ပထမဆုံး စည်းမျဉ်းက ကတိတည်ဖို့ပါပဲ” ယုချန်ဟိုင်က ထပ်မံ ဦးညွှတ်လိုက်သည်။
ယုချန်ဟိုင်၏ စကားအဆုံး၌ စုမင်၏ ဘေးတွင် သတိလစ်နေသော ထိပ်ပြောင် ကြိုးကြာသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်တော့သည်။ သူ၏ မျက်လုံးများမှာ သလင်းကျောက်များ၏ အလင်းရောင်ကဲ့သို့ တောက်ပနေပြီး သူသည် အလွန်အမင်း စိတ်လှုပ်ရှားသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေကာ ချက်ချင်းပင် သဘောတူလိုနေတော့သည်။
သို့သော် သူ စကားပြောရန် ပြင်လိုက်စဉ် စုမင်က စိုက်ကြည့်လိုက်သဖြင့် စကားလုံးများကို ပြန်လည် မြိုချလိုက်ရသော်လည်း သူ၏ နှလုံးသားမှာမူ နှမြောတသမှုကြောင့် သွေးထွက်မတတ် ခံစားနေရတော့သည်။
‘သလင်းကျောက်တွေ... ငါ့ရဲ့ သလင်းကျောက်တွေ...’ ထိပ်ပြောင် ကြိုးကြာက ဝမ်းနည်းပက်လက် ဖြစ်နေစဉ် စုမင်၏ မျက်လုံးများမှာမူ တောက်ပနေတော့သည်။ မင်နက်ရောင်ဂြိုဟ်ပေါ်ရှိ မိသားစုတစ်ခု၏ ကြွယ်ဝမှုမှာ ဤမျှလောက် များပြားလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။
ယုချန်ဟိုင်သည် အရာအားလုံးကို အမှန်အတိုင်း မပြောပြခဲ့ကြောင်း စုမင် ရိပ်မိသော်လည်း အကြမ်းဖျင်းအားဖြင့်မူ မှန်ကန်နိုင်ပေသည်။ စုမင်၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်ထွက်လာ၏။
“ယုမိသားစုက လူတွေဟာ ကတိပေးပြီးရင် တည်ကြတယ်လို့ ခင်ဗျား ပြောခဲ့တယ်နော်”
“မှန်ပါတယ်... ဒါဟာ ယုမိသားစုရဲ့ စည်းမျဉ်းပါပဲ။ မိတ်ဆွေ စိုးရိမ်ဖို့ မလိုပါဘူး” ယုချန်ဟိုင်က ပြုံးလျက် ဖြေကြားသည်။
“အားလုံးအတွက် အတူတူပဲလား” စုမင်က ဘေးသို့ လှည့်ကြည့်ကာ မေးလိုက်သည်။
ယုချန်ဟိုင်က ခဏတာ တုံ့ဆိုင်းသွားပြီး စုမင်၏ ဆိုလိုရင်းကို နားမလည်နိုင်သော်လည်း ဖြေလိုက်သည်။ “အားလုံးအတွက် အတူတူပါပဲ”
စုမင်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး သူ ချုပ်နှောင်ထားသော အဘိုးအိုကို ညွှန်ပြကာ အေးဆေးစွာ ပြောလိုက်သည်။
“ဒီလူက အခုနကတင် သူ့ရဲ့ အမှားအတွက် တောင်းပန်တဲ့အနေနဲ့ သလင်းကျောက် သန်းတစ်ထောင် ပေးပါ့မယ်လို့ ကတိပေးခဲ့တယ်။ မိတ်ဆွေ ယု... မင်းလည်း ဒီမှာ ရှိနေပြီး သူ့ရဲ့ ကတိစကားကို ကြားခဲ့တာဆိုတော့ ငါ့အတွက် သက်သေအဖြစ် လုပ်ပေးရမယ်နော်”
စုမင်၏ စကားကြောင့် ယုချန်ဟိုင် ကြောင်အသွားစဉ် ချုပ်နှောင်ခံထားရသော အဘိုးအိုမှာမူ မျက်လုံးများ ပြူးထွက်သွားပြီး အပြင်းအထန် ရုန်းကန်တော့သည်။ သူ၏ မျက်လုံးများအတွင်းရှိ ဒေါသများမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို လောင်မြိုက်ပစ်တော့မည့်နှယ် ရှိနေပြီး သူသာ လွတ်မြောက်ခဲ့လျှင် အစွမ်းကုန် အော်ဟစ်ပေါက်ကွဲတော့မည်မှာ အသေအချာပင်။
ထိုဒေါသများကြား၌ မျှော်လင့်ချက်မဲ့မှုနှင့် နာကျည်းမှုများလည်း ပြည့်နှက်နေပြီး ၎င်းတို့က သူ့ကို ရူးသွပ်လုနီးပါး ဖြစ်စေတော့သည်။
ထိပ်ပြောင် ကြိုးကြာမှာမူ မျက်လုံးများ ပြူးထွက်သွားပြီး အသက်ရှူပင် မြန်လာတော့သည်။ သူသည် စုမင်ကို ကြည့်ကာ စိတ်ထဲမှ အလွန်ပင် အထင်ကြီးသွားတော့၏။
‘ငါကမှ လှည့်ကွက်တွေ သုံးတတ်တယ် ထင်နေတာ... ဒါပေမဲ့ ဒါကိုတော့ မမျှော်လင့်ထားဘူး။ ဒီ စုမင်က ပုံမှန်ဆိုရင် သူ့ရဲ့ စရိုက်အမှန်ကို ထုတ်မပြတတ်ပေမဲ့ အခုတော့ တကယ်ကို ပါးနပ်လွန်းတယ်။ ဟိုလူက သန်းဆယ်ဂဏန်းလောက်ပဲ ပေးဖို့ ပြောတာကို... ဒီ စုမင် က သန်းတစ်ထောင်တဲ့'
‘ယုချန်ဟိုင်က စုမင်ကို သူ့ဘက်ပါအောင် လုပ်ချင်နေတာဆိုတော့ သေချာပေါက် သက်သေအဖြစ် လုပ်ပေးမှာပဲ။ ဒါဟာ... တကယ့်ကို မယုံနိုင်စရာပဲ'
‘ပါးနပ်တယ်... တကယ့်ကို ပါးနပ်တယ်။ ပါးနပ်လှတဲ့ စုမင်လေး... သူက ငါ့ထက်တောင် ပိုပြီး ပါးနပ်နေသေးတယ်။ ငါ သူ့ဆီကနေ သင်ယူရမယ်။ ဟုတ်တယ်... ငါ ဒါကို ကျွမ်းကျင်အောင် လုပ်ပြီး သူ့ထက်တောင် သာအောင် လုပ်ပြမယ်’
“သန်း... သန်းတစ်ထောင်လား” ယုချန်ဟိုင်မှာ ခဏတာ ကြောင်အသွားပြီးနောက် သေချာစေရန် ပြန်မေးလိုက်သည်။ သူ၏ နောက်ကွယ်မှ လူနှစ်ဦးမှာလည်း မျက်လုံးများ ပြူးထွက်နေကြပြီး ဤမျှလောက် ပြောင်ပြောင်တင်းတင်း ငွေညှစ်ခြင်းကို သူတို့ တစ်သက်တွင် မမြင်ဖူးခဲ့ကြပေ။
“ဟင်... မိတ်ဆွေယု၊ ဒီလူက ကျွန်တော့်ကို သလင်းကျောက် သန်းတစ်ထောင် ပေးမယ်လို့ ပြောခဲ့တာကို ခင်ဗျား မကြားလိုက်ဘူးလား။ ဒါမှမဟုတ် သူက ကျွန်တော့်ကို လိမ်ညာခဲ့တာလား” စုမင်က မျက်မှောင်ကြုတ်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “ကျွန်တော်ကတော့ ခင်ဗျားရဲ့ ဧည့်သည်တော် ဖြစ်ဖို့ စဉ်းစားနေတာပါ။ ဒါပေမဲ့ ဒီလူက ကျွန်တော့်ကို အရှက်မရှိ လိမ်ညာခဲ့တာဆိုရင်တော့ ကျွန်တော် ပြန်ပြီး စဉ်းစားရတော့မယ်”
ယုချန်ဟိုင်မှာ သက်ပြင်းချလိုက်ရုံမှတစ်ပါး အခြားမရှိတော့ပေ။ သူသည် မျှော်လင့်ချက်မဲ့စွာ ရုန်းကန်နေသော အဘိုးအိုကို သနားစဖွယ် ကြည့်လိုက်ပြီးနောက် စုမင်အား ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်သည်။
“မှန်ပါတယ်၊ ကျွန်တော် ခုနကပဲ ကြားလိုက်ပါတယ်။ ဒါပေမဲ့ ဒီလူ့ဆီမှာ သလင်းကျောက် အဲဒီလောက် မရှိလောက်ဘူး။ စိတ်မပူပါနဲ့ မိတ်ဆွေစု... သူ့ရဲ့ စုဆောင်းထားသမျှ အရာအားလုံးဟာ မိတ်ဆွေပိုင် ဖြစ်စေရမယ်။ တကယ်လို့ မလုံလောက်ရင်တောင် သူဟာ သူ့ရဲ့ အသက်နဲ့ ပေးဆပ်ရပါလိမ့်မယ်" ယုချန်ဟိုင်၏ မျက်လုံးများအတွင်း ရက်စက်သော အမူအရာများ ပေါ်ထွက်လာတော့သည်။
သူသည် မိသားစု၏ သွေးသားရင်းချာ မဟုတ်ဘဲ ပြင်ပမိသားစုဝင်သာ ဖြစ်သဖြင့် စုမင်ကဲ့သို့သော အစွမ်းထက်သူတစ်ဦးအား ရရှိရန်အတွက် သူ့ကို စတေးရန် ယုချန်ဟိုင်က ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
“တရားမျှတမှုကို စောင့်ထိန်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိတ်ဆွေယု။ ဒါဆိုရင် ကျွန်တော်တို့ မင်နက်ရောင်ဂြိုဟ်ကို ဘယ်တော့ သွားကြမလဲ” စုမင်က ပြုံးလျက် မေးလိုက်တော့သည်။