အခန်း (၈၆၂)
Vol. 62 Ch. 862
အခန်း ၈၆၂ နတ်ဆရာတို့ တစ်ကျော့ပြန်လာခြင်း
'အို... အဆုံးအစမဲ့တဲ့ နဂါးငွေ့တန်းကြီးရေ... ကြီးမြတ်ပြီး ပါးနပ်လှတဲ့ စုလေးကို ငါ ချီးမွမ်းချင်စမ်းပါဘိ။ သူ့ရဲ့ ပါးနပ်မှုဆိုတာ နဂါးငွေ့တန်းကြီးတောင် ဖုံးကွယ်မထားနိုင်တဲ့ အလင်းရောင်တစ်ရပ်ပဲ။ သူ့ရဲ့ ပါးနပ်မှုဆိုတာ လောကရဲ့ သက်ရှိမှန်သမျှ ရယူဖို့ မျှော်လင့်မရနိုင်တဲ့ အိပ်မက်တစ်ခု ဖြစ်တယ်'
'အို... နယ်နိမိတ် ကင်းမဲ့လှတဲ့ စကြဝဠာကြီးရေ... ငါ့ထက်တောင် ပိုကြီးမြတ်ပြီး ပါးနပ်လှတဲ့ စုလေးကို ငါ ချီးမွမ်းချင်စမ်းပါဘိ။ သူ့ရဲ့ ပါးနပ်မှုက စကြဝဠာကြီးကို ဖုံးကွယ်ထားနိုင်ပြီး နဂါးငွေ့တန်းတစ်ခုလုံးကို အမည်းရောင် ပြောင်းသွားစေနိုင်စွမ်း ရှိတယ်။ သူ့ရဲ့ ပါးနပ်မှုက သက်ရှိအားလုံးကို လွှမ်းခြုံနိုင်ပြီး လူအားလုံးရဲ့ ဆံပင်တွေကို အမည်းရောင် ပြောင်းသွားစေနိုင်တယ်'
'သူ့ရဲ့ ပါးနပ်မှုဟာ ငါ့ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ကိုယ်စားပြုနေတယ်။ ပါးနပ်လှတဲ့ စုလေးရယ်... မင်းရဲ့ ပါးနပ်တဲ့ သဘာဝကို ဆက်လက် ထုတ်ဖော်ပြသပြီး သက်ရှိအားလုံးကို မင်းရဲ့ ပါးနပ်မှုတွေ ကူးစက်သွားစေလိုက်စမ်းပါ။ ငါ မင်းရဲ့ အနားမှာ အမြဲရှိနေပြီး ဒီလမ်းမည်းကြီးပေါ်မှာ အတူတူ လျှောက်လှမ်းသွားမှာပါ...'
ထိပ်ပြောင်ကြိုးကြာသည် စုမင်၏ နောက်ကျောအား ကြည်ညိုသဒ္ဓါပွားများဖွယ် အမူအရာဖြင့် ငေးမောရင်း နောက်မှ ကပ်၍ လိုက်ပါလာလေသည်။ ထိုခဏဝယ် ၎င်းသည် စုမင်အား ပြိုင်ဘက်ကင်းသော လေးစားအားကျမှုတို့ဖြင့် မော်ကြည့်နေမိ၏။ အမှန်စင်စစ် ၎င်း၏ မျက်လုံးထဲတွင်မူ စုမင်ဆိုသည်မှာ သလင်းကျောက်များ ပိုမိုရရှိနိုင်မည့် လမ်းစဉ်၏ အထွတ်အထိပ်ဆီသို့ ညွှန်ပြပေးမည့် မီးပြတိုက် တစ်တိုက်ပင် ဖြစ်ပေသည်။
ထိပ်ပြောင်ကြိုးကြာမှာ မျက်ရည်ကျလုမတတ် ဖြစ်နေရ၏။ ထိုမျက်ရည်များမှာ စိတ်ထိခိုက်လှုပ်ရှားမှု၊ မိမိနှင့် လမ်းစဉ်တူ လျှောက်လှမ်းမည့်သူကို တွေ့ရှိရမှုနှင့် မိမိထက်ပင် ပိုမိုပါးနပ်သူ တစ်ဦးကို တွေ့ရှိလိုက်ရသဖြင့် မိမိ၏ ခံယူချက်များအပေါ် ပဲ့တင်ထပ်သွားသော စိတ်လှုပ်ရှားမှုတို့ကြောင့် ကျဆင်းလာရခြင်း ဖြစ်ပေသည်။
ထိပ်ပြောင်ကြိုးကြာ၏ စိတ်လှုပ်ရှားဖွယ် တွေးတောမြည်တမ်းသံများသည် စုမင်၏ စိတ်ထဲ၌ ပဲ့တင်ထပ်နေ၏။ အခြားမည်သူကမျှ မကြားနိုင်သော်လည်း စုမင်မှာမူ တစ်မျိုးကြီး ခံစားနေရဆဲပင်။ သူသည် ဟန်လုပ်၍ ချောင်းတစ်ချက် ဟန့်လိုက်ပြီး ယုချန်ဟိုင်၏ ဖိတ်ခေါ်မှုနှင့်အတူ နေရာရွှေ့ပြောင်းရေး မှော်သင်္ကေတ အတွင်းသို့ ဝင်ရောက်သွားလေသည်။
ယုလော့နှင့် အဘိုးအိုကိုမူ အခြားလူနှစ်ဦးက သဘာဝကျစွာပင် ခေါ်ဆောင်သွားကြသည်။ နေရာရွှေ့ပြောင်းရေး မှော်သင်္ကေတမှ တောက်ပသော အလင်းရောင်များ ဖြာထွက်လာသည်နှင့်အမျှ ဟင်းလင်းပြင်ထဲဝယ် ပဲ့တင်ထပ်သော အသံကျယ်ကြီးများ ထွက်ပေါ်လာကာ ထိုလူများအားလုံး ပျောက်ကွယ်သွားကြလေတော့သည်။
စုမင်သည် သူတို့နှင့်အတူ အေးဆေးတည်ငြိမ်စွာ လိုက်ပါသွားပုံ ပေါက်နေသော်လည်း သတိကိုမူ တစ်စက်ကလေးမျှ လျှော့မထားခဲ့ပေ။ မှော်သင်္ကေတ စတင် အသက်ဝင်လာသည့် တစ်ခဏမှာပင် တစ်ခုခု မှားယွင်းသွားခဲ့ပါက ချက်ချင်း တုံ့ပြန်တိုက်ခိုက်နိုင်ရန် သူ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အခြားသူများ၏ အမြင်တွင် စုမင်၏ ကျင့်ကြံခြင်းအဆင့် ထုတ်ဖော်ပြသမှုမှာ ဝေဝါးနေသောကြောင့်ပင်။ သူသည် ကမ္ဘာမြေပြင်နယ်ပယ် ကနဦးအဆင့်နှင့် တူသလို အလယ်အလတ်အဆင့်နှင့်လည်း တူနေပြန်ရာ မည်သည့်အရာက အမှန်ဖြစ်ကြောင်း သူတို့ ခွဲခြားနိုင်စွမ်း မရှိကြပေ။ တစ်စုံတစ်ယောက်က စုမင်အား အခြားသူတစ်ဦးနှင့် မှော်ပညာရပ်များ ဖလှယ်တိုက်ခိုက်နေသည်ကို ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ခဲ့လျှင်သော်လည်းကောင်း သူ၏ စွမ်းအားအပြည့်အဝအား ဖိအားတစ်ခုအနေဖြင့် ထုတ်ဖော်ပြသသည်ကို မတွေ့မြင်ခဲ့ရလျှင်သော်လည်းကောင်း သူတို့ ခံစားသိရှိနိုင်သည့် အရာများအပေါ် အခြေခံ၍ သူ၏ ကျင့်ကြံခြင်းအဆင့်အား ခန့်မှန်းရုံသာ တတ်နိုင်ကြပေမည်။
ချုပ်နှောင်ခြင်းခံရကာ ခြိမ်းခြောက် ငွေညှစ်ခြင်းခံခဲ့ရသည့် အဘိုးအိုပင်လျှင် စုမင်၏ အမှန်တကယ် ကျင့်ကြံခြင်းအဆင့် မည်မျှရှိသည်ကို မသိနိုင်ခဲ့ပေ။ စုမင်သည် ကမ္ဘာမြေပြင်နယ်ပယ် နှောင်းပိုင်းအဆင့်တွင် ရှိနိုင်သည်ဟု သူ ခန့်မှန်းရုံသာ ခန့်မှန်းနိုင်သော်လည်း တပ်အပ်သေချာမူ မသိနိုင်ခဲ့ချေ။
ယုချန်ဟိုင်အတွက်မူ ဆိုဖွယ်ရာပင် မရှိတော့ပေ။ ထိုအချက်ကပင် စုမင်၏ လျှို့ဝှက်နည်းဗျူဟာ တစ်ရပ် ဖြစ်လာခဲ့သည်။ သူသာ နတ်ဘုရားအနှစ်သာရနှင့် ပေါင်းစပ်လိုက်သည်ရှိသော် ကမ္ဘာမြေပြင်နယ်ပယ် နှောင်းပိုင်းအဆင့်ရှိသူများ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ထုတ်ဖော်အသုံးပြုနိုင်မည် ဖြစ်သည်။
ဤသည်မှာ သူ မင်နက်ရောင်ဂြိုဟ်သို့ ရဲဝံ့စွာ လာရောက်ရခြင်း၏ အကြောင်းရင်းဖြစ်သော သူပိုင်ဆိုင်သည့် စွမ်းအားများထဲမှ တစ်ခုပင် ဖြစ်လေသည်။
နေရာရွှေ့ပြောင်းရေး မှော်သင်္ကေတထံမှ အလင်းရောင်များက သူ၏ အမြင်အာရုံကို ဖုံးကွယ်သွားစေပြီး ထိုအလင်းရောင်များ တဖြည်းဖြည်း မှေးမှိန်သွားချိန်တွင် နေရာရွှေ့ပြောင်းရေး မှော်သင်္ကေတမှ စွမ်းအားများ ဟင်းလင်းပြင်ထဲ၌ ရိုက်ခတ်သွားသည်အား စုမင် ခံစားလိုက်ရသည်။ သူ၏ နားထဲရှိ ဟိန်းထွက်နေသော အသံများ တဖြည်းဖြည်း တိုးဝင်သွားသည့် ထိုတစ်ခဏမှာပင် စုမင်သည် နတ်ဘုရားအာရုံကို ချက်ချင်း ဖြန့်ကြက်လိုက်လေသည်။
သူ့ပတ်ဝန်းကျင်ရှိ ကမ္ဘာမြေအသွင်အပြင်သည် စိတ်ထဲ၌ ခဏချင်းပင် ပေါ်လာတော့သည်။
သူတို့သည် ပတ်လည်တွင် ဝပ်တွားနေသော နဂါးရုပ်များ ထွင်းထုထားသည့် တိုင်ကြီးကိုးတိုင်ပါရှိသော မိုးပျံခန်းမဆောင်ကြီး တစ်ဆောင် အတွင်းသို့ ရောက်ရှိနေကြ၏။ တိုင်တစ်တိုင်စီ၏ အပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော လူတစ်ယောက်စီ ရှိနေသည်။ ထိုလူကိုးဦးထံမှ မည်သည့် အသက်ဓာတ် အရှိန်အဝါမျှ ထွက်ပေါ်နေခြင်း မရှိရာ သူတို့သည် သေဆုံးနေသူများနှင့်ပင် တူနေလေသည်။
စုမင်သည် မည်သည့် အန္တရာယ်ကိုမျှ မခံစားရသော်လည်း နတ်ဘုရားအာရုံအား ပြန်လည် ရုပ်သိမ်းခြင်း မပြုခဲ့ပေ။ နေရာရွှေ့ပြောင်းရေး မှော်သင်္ကေတထံမှ အလင်းရောင်များသည် သူ့မျက်စိရှေ့မှ လုံးဝ ပျောက်ကွယ်သွားပြီး သူတို့၏ ပုံရိပ်များ ခန်းမဆောင်ထဲ၌ ထင်ရှားလာချိန်တွင် စုမင်သည် ခြေအောက်ရှိ ကြမ်းပြင်ကို ငုံ့ကြည့်လိုက်လေသည်။
ကြမ်းပြင်တစ်ခုလုံးတွင် ရှုပ်ထွေးနက်နဲသော နေရာရွှေ့ပြောင်းရေး မှော်သင်္ကေတ တစ်လုံးရှိနေပြီး တစ်နေရာ၌ ယု ဟူသော စာလုံး ဝေဝါးဝါး ရေးသားထားသည်ကို သူ ခပ်ရေးရေး မြင်တွေ့လိုက်ရသည်။ စုမင်သည် မှော်သင်္ကေတ၏ အခြားနေရာများတွင် မည်သည့် ထူးခြားချက်ကိုမျှ မတွေ့ရသော်လည်း သူကိုယ်တိုင်က မှော်သင်္ကေတများနှင့် ပတ်သက်၍ များများစားစား သိရှိနားလည်သူ မဟုတ်ပေ။ အကယ်၍ ဟူကျစ်သာ ဤနေရာတွင် ရှိနေပါက မှော်သင်္ကေတ၏ အဓိက ဗဟိုချက်မှာ မည်သည့်နေရာတွင် ရှိနေသည်ကို တစ်ချက်ကြည့်ရုံဖြင့် သေချာပေါက် ပြောပြနိုင်မည် ဖြစ်သည်။
"ယုမိသားစုကနေ ကြိုဆိုပါတယ်" ယုချန်ဟိုင်က ရင်းနှီးဖော်ရွေလျက် ရှိနေဆဲပင်။ သူသည် စုမင်အား ပြုံးလျက် စကားဆိုစဉ် သူ၏ ညာဘက်လက်ကို ဆန့်တန်းကာ ရှေ့သို့ သွားရမည့်လမ်းအား ညွှန်ပြလိုက်သည်။
"မိတ်ဆွေစု... မိတ်ဆွေ အနားယူနိုင်မယ့် နေရာကို အရင်ဆုံး လိုက်ပို့ပေးပါ့မယ်။ နောက်မှ မိတ်ဆွေနဲ့ ဆွေးနွေးစရာလေးတွေ ရှိသေးလို့ပါ။ ဒီဘက်ကို ကြွပါ" စကားပြောနေစဉ်ပင် ယုချန်ဟိုင်သည် မှော်သင်္ကေတအပြင်ဘက်သို့ ဦးစွာ ထွက်ခွာသွားလေသည်။ စုမင်က သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်၏။ အပြင်သို့ ထွက်လာစဉ် မှော်သင်္ကေတပတ်လည်၌ တင်ပျဉ်ခွေထိုင်နေကြသော လူကိုးဦးကို သူ တစ်ချက် ဝေ့ကြည့်လိုက်သည်။
"ဒီလူတွေကတော့ မှော်သင်္ကေတရဲ့ အစောင့်အကြပ်တွေပါ။ သူတို့ဟာ ထူးခြားတဲ့ ကျင့်စဉ်တစ်ခုကို ကျင့်ကြံထားကြပြီး သူတို့ဆီမှာ ဘယ်လို အသက်ရှင်ခြင်း လက္ခဏာမှ မရှိတော့ပါဘူး။ သူတို့ဆီမှာ ကျန်ရှိနေတာက သေဆုံးခြင်း အရှိန်အဝါ သက်သက်သာ ဖြစ်ပေမဲ့ သူတို့ တစ်ယောက်ချင်းစီဟာ ကမ္ဘာမြေပြင်နယ်ပယ် အလယ်အလတ်အဆင့်မှာ ရှိတဲ့သူတွေနဲ့ ညီမျှတဲ့ စွမ်းအားတွေကို ထုတ်ဖော်နိုင်စွမ်း ရှိကြပါတယ်" ယုချန်ဟိုင်က အပြုံးခပ်ရေးရေးဖြင့် ရှင်းပြလိုက်၏။ ထိုသို့ပြောဆိုခြင်းမှာ အနည်းငယ် ကြွားဝါလိုသော ရည်ရွယ်ချက် မကင်းလှပေ။
"ဒီနေရာက ခင်ဗျားတို့ မိသားစု အခြေစိုက်တဲ့ နေရာဆိုတော့ ဒီလို လုပ်ထားတာ သဘာဝကျပါတယ်" စုမင်၏ အမူအရာမှာ ယခင်အတိုင်း တည်ငြိမ်နေဆဲပင် ဖြစ်သည်။ ယခုလေးတင် ထိုလူကိုးဦးအား စုမင် လှမ်းကြည့်လိုက်စဉ် သူ၏ မျက်လုံးများအတွင်းဝယ် ခဲယဉ်းစွာ သတိပြုမိနိုင်မည့် အရောင်အဝါတစ်ခု ဖြတ်ပြေးသွားခဲ့သည်ကိုမူ ယုချန်ဟိုင် သတိမထားမိလိုက်ချေ။
အခြားသူများအနေဖြင့် ထိုသူများနှင့် ပတ်သက်၍ မည်သည့် သဲလွန်စကိုမျှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်သော်လည်း စုမင်ကမူ... ထိုလူကိုးဦးထံမှ ရှားမန် (နတ်ဆရာ) တို့၏ အငွေ့အသက် အရိပ်အယောင်အား ခံစားမိနေပြီ ဖြစ်သည်။
ဤလူကိုးဦးမှာ မည်သည့် ထူးခြားသော ကျင့်စဉ်ကိုမျှ ကျင့်ကြံထားကြခြင်း မဟုတ်ပေ။ သူတို့သည် ဝိညာဉ်ဖမ်းဆီးသူများသာလျှင် ဖန်တီးနိုင်သည့် ရှားမန်ရုပ်သေးရုပ်များသာ ဖြစ်ကြပေသည်။
'ကမ္ဘာမြေပြင်နယ်ပယ် အလယ်အလတ်အဆင့်ရှိတဲ့ ရှားမန်ရုပ်သေးရုပ်တွေကို ဖန်တီးနိုင်ဖို့ ဒီရှားမန်တွေဟာ ဘယ်လို ကျင့်ကြံခြင်းအဆင့်မျိုးကို ရောက်ရှိနေကြတာလဲ...' စုမင်က အကြည့်ကို လွှဲဖယ်လိုက်သည့်အခါ မင်နက်ရောင်ဂြိုဟ်ဆိုသည်မှာ သူ့အဖို့ သူစိမ်းပြင်ပြင် နေရာတစ်ခု မဟုတ်တော့ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ ထို့အစား ရင်းနှီးကျွမ်းဝင်မှု တစ်ခုကို သူ တွေ့ရှိသွားခဲ့၏။
ဤသည်မှာ သူ ယခင်က ဤနေရာသို့ ရောက်ဖူးခဲ့သည်ဟု ဆိုလိုခြင်း မဟုတ်ဘဲ ရှားမန်တို့၏ အငွေ့အသက်ကို သူ ခံစားလိုက်ရသောကြောင့်သာ ဖြစ်ပေသည်။
'ဒီနေရာမှာ ရှားမန်တွေ ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ သူတို့ ဘာလို့ ဒီမှာ ရောက်နေကြတာလဲ။ ဒီမျိုးနွယ်စုဟာ မာန် (လူရိုင်း) မျိုးနွယ်စုကနေ ခွဲထွက်ပြီး ဆင့်ကဲပြောင်းလဲလာတဲ့ သူတွေပဲ... ဟုတ်တယ်။ မာန်တွေဟာ တစ်ချိန်က ပဉ္စမမြောက် မဟာလောကကြီးရဲ့ ဂြိုဟ်သား မျိုးနွယ်တွေထဲက တစ်ခုဖြစ်ခဲ့တာပဲ'
'မင်နက်ရောင်ဂြိုဟ်ကို ကျော်လွန်သွားရင် ကျယ်ပြောလှတဲ့ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်ကြီးထဲမှာ တခြား ဂြိုဟ်သား မျိုးနွယ်တွေ အများကြီး ရှိသေးတယ်... အဲဒီမှာလည်း ရှားမန်တွေ ရှိနေနိုင်တာပဲ'
'ဒီပုံစံအတိုင်းဆိုရင်၊ မာန်တွေရဲ့ ပထမဆုံး နတ်ဘုရား လီရှန်ရှုဟာ ပဉ္စမမြောက် မဟာလောကကြီးဆီ ဝင်နိုင်မယ့် တံခါးပေါက်ကို ရှာဖွေဖို့ ပထမဆုံး ထွက်ခွာသွားတဲ့သူ ဖြစ်ရမယ်။ ဒါဆို... သူရော နတ္ထိ အနှစ်သာရ နယ်မြေထဲမှာ ရှိနေမလား။ တကယ်လို့ သူ ရှိနေတယ်ဆိုရင်... သူ အသက်ရှင်လျက် ရှိသေးလား၊ သေသွားပြီလား။ သူဟာ မင်နက်ရောင်ဂြိုဟ်ပေါ်မှာ ရှိနေလား၊ ဒါမှမဟုတ် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်ထဲမှာ ရှိနေနိုင်လား' စုမင်သည် ရှားမန် ရုပ်သေးရုပ်များမှတစ်ဆင့် အတွေးပေါင်းများစွာကို ဆက်စပ်တွေးတောနေခဲ့သည်။
ထိုအရာအားလုံးက မင်နက်ရောင်ဂြိုဟ်အပေါ် သူ၏ စိတ်ဝင်စားမှုကို ကြီးစွာ ဖြစ်ပေါ်လာစေခဲ့သည်။ ၎င်းသည် သူ၏ မှတ်ဉာဏ်များထဲရှိ မာန်မျိုးနွယ် နယ်မြေနှင့်လည်း ဆက်စပ်မှုတစ်ခုကို ဖန်တီးပေးလိုက်သကဲ့သို့ ရှိလေသည်။
သူသည် ထိုကိစ္စကို ဆက်လက် တွေးတောခြင်းမှ ရပ်တန့်လိုက်သည်။ ခန်းမဆောင်ထဲမှ အပြင်သို့ ထွက်လိုက်သည့် တစ်ခဏ၌ ပြာလဲ့နေသော ကောင်းကင်ပြာကြီးနှင့် တိမ်ဖြူများကို သူ မြင်တွေ့လိုက်ရသည်။ နတ္ထိ အနှစ်သာရ နယ်မြေတွင် ဤမျှ ပြာလဲ့နေသော ကောင်းကင်ကြီးကို တွေ့မြင်ရခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင် ဖြစ်ပေသည်။
အခြားသော ကျင့်ကြံခြင်း ဂြိုဟ်များရှိ ကောင်းကင်အများစုမှာ မည်းမှောင်ကာ အလင်းရောင် ကင်းမဲ့နေတတ်သည်။ ကောင်းကင် မမည်းသော ဂြိုဟ်များပင်လျှင် အထက်၌ နောက်ကျိရှုပ်ထွေးနေသော အရောင်အသွေးများ ဖုံးလွှမ်းနေတတ်၏။ ဤနေရာရှိ ကောင်းကင်ကြီး တစ်ခုတည်းကသာလျှင် ပိုးသားစတစ်စကဲ့သို့ ပြာလဲ့နေကာ လူများကို အမှတ်တမဲ့ မော့ကြည့်မိသွားစေရန် ဆွဲဆောင်နိုင်စွမ်း ရှိနေလေသည်။
လေပြေညင်းလေး တစ်ချက်က စုမင်၏ ဆံနွယ်များကို လွင့်ဝဲသွားစေသည်။ လေပြည်မှာ လန်းဆန်းဖွယ်ကောင်းလှပြီး ၎င်းအထဲ၌ ဝိညာဉ်အရှိန်အဝါများပင် ပါဝင်နေသေး၏။ အသက်တစ်ချက် ရှူသွင်းလိုက်သည်နှင့် ခန္ဓာကိုယ်ရှိ ချွေးပေါက်များအားလုံး ပွင့်ဟသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ အသားအရေပေါ်၌ ဤကဲ့သို့သော လေအထိအတွေ့ကို စုမင် မခံစားရသည်မှာ အတော်ကြာမြင့်နေပြီ ဖြစ်လေသည်။
ဤနေရာသည် မဟာလောကကြီး လေးခုရှိ အခြားဂြိုဟ်များအားလုံးနှင့် နှိုင်းယှဉ်လျှင် လုံးဝ ခြားနားသော နေရာတစ်နေရာ ဖြစ်ပေသည်။ ဤနေရာက... သုခဘုံ တစ်ဘုံနှင့်ပင် တူနေလေတော့သည်။
ထိုအချိန်တွင် ယုချန်ဟိုင်၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာ၏။ သူသည် အေးဆေးတည်ငြိမ်နေပုံ ပေါက်သော်လည်း အမှန်တကယ်တွင်မူ စုမင် မှော်သင်္ကေတအပြင်သို့ ထွက်လာကတည်းက သူ့ကို အကဲခတ်နေခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်လူက ရုပ်သေးရုပ်ကိုးရုပ်ကို လှမ်းကြည့်လိုက်စဉ် စုမင်၏ မျက်လုံးထဲမှ တောက်ပသွားသော အရောင်အဝါကို သူ မမြင်တွေ့လိုက်ရသော်လည်း ကောင်းကင်ကြီးအား မော့ကြည့်ကာ ဗီဇအရ အသက်တစ်ချက် ရှူသွင်းလိုက်သည့် လုပ်ရပ်ကိုမူ သူ မြင်တွေ့ခဲ့ရပေသည်။
ဤသည်တို့မှာ အသေးအဖွဲ အချက်အလက်များသာ ဖြစ်သော်လည်း အသေးအဖွဲ အချက်အလက်များသည် အရာအားလုံးကို ဆုံးဖြတ်ပေးနိုင်ကြောင်း ယုချန်ဟိုင်က အမြဲ ယုံကြည်ထားသူ ဖြစ်သည်။ ဤအချက်အလက်များကို ကြည့်ခြင်းအားဖြင့် ဤသည်မှာ စုမင် မင်နက်ရောင်ဂြိုဟ်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်ကြောင်း သူ ခုနစ်ဆယ်ရာခိုင်နှုန်းခန့် ယုံကြည်သွားခဲ့လေသည်။
စုမင်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။ "ဒီနေရာက ကျွန်တော် သွားဖူးခဲ့တဲ့ တခြားဂြိုဟ်တွေ အားလုံးနဲ့ လုံးဝကို ကွဲပြားခြားနားနေတာပဲ"
ပို၍ တိတိကျကျ ဆိုရသော် စုမင်သည် သာမန်ဂြိုဟ်တစ်လုံးသို့ တစ်ခါမျှ မရောက်ဖူးခဲ့ပေ။ သူသည် ယခင်က ယင်မရဏနယ်မြေတွင် နေထိုင်ခဲ့ပြီး နောက်ပိုင်းတွင် နတ္ထိ အနှစ်သာရ နယ်မြေသို့ အပို့ခံခဲ့ရသည်။ သူ ရောက်ဖူးခဲ့သော ဂြိုဟ်များအားလုံးမှာ သက်ရှိကင်းမဲ့သော မြေရိုင်းများသာ ဖြစ်ကြသည်။ မင်နက်ရောင်ဂြိုဟ်သည်... စုမင် ခြေချဖူးသမျှထဲတွင် ပထမဆုံးသော ဂြိုဟ်တစ်လုံး ဖြစ်သည်ဟုပင် ဆိုနိုင်ပေသည်။
"မိတ်ဆွေ စု... မိတ်ဆွေက မင်နက်ရောင်ဂြိုဟ်မှာ နေထိုင်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ ယခုအချိန်ကစပြီး မိတ်ဆွေဟာ မင်နက်ရောင်ဂြိုဟ်က ကျင့်ကြံသူတစ်ဦး ဖြစ်လာပါပြီ။ ဒီနေရာမှာ ရှိတဲ့ အရာအားလုံးကို မိတ်ဆွေ အမြဲတမ်း ပိုင်ဆိုင်နိုင်ပါတယ်" ယုချန်ဟိုင်က ပြုံးလျက် ပြောလိုက်ပြီး ဤသည်မှာ စုမင် ဤနေရာသို့ ပထမဆုံး ရောက်ဖူးခြင်းဖြစ်ကြောင်း သူ၏ စိတ်ထဲ၌ ပို၍ သေချာသွားလေတော့သည်။
"မိတ်ဆွေစု... မိတ်ဆွေ တည်းခိုမယ့် နေရာကို အရင် သွားကြရအောင်။ ကျွန်တော် မိတ်ဆွေနဲ့ ဆွေးနွေးစရာလေးတွေ ရှိသေးလို့ပါ"
စုမင်သည် ခေါင်းညိတ်ပြလိုက်ပြီး ကောင်းကင်ကြီးထံမှ အကြည့်ကို လွှဲဖယ်ကာ ယုချန်ဟိုင်နောက်သို့ လိုက်ပါသွားခဲ့သည်။ သူသွားလေရာ နေရာတိုင်းတွင် မြင့်မားသော မျှော်စင်ကြီးများ ဝန်းရံလျက် ရှိနေ၏။ စုမင်သည် နတ်ဘုရားအာရုံကို ပြင်ပသို့ ဖြန့်ကြက်လိုက်သောအခါ သူ၏ အာရုံခံစားမှုကို တွန်းလှန်နေသော နေရာအမြောက်အမြား ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။ သူ၏ အမှန်တကယ် ကျင့်ကြံခြင်းအဆင့်မှာ ရုပ်ခန္ဓာကိုယ်လောက် မမြင့်မားသဖြင့် နတ်ဘုရားအာရုံသည် ကမ္ဘာမြေပြင်နယ်ပယ် နှောင်းပိုင်းအဆင့်ရှိသူများထက် များစွာ အားနည်းနေခဲ့သည်။ ထိုနယ်မြေတစ်ဝိုက်သို့ လွှမ်းခြုံ စစ်ဆေးပြီးသည်နှင့် နတ်ဘုရားအာရုံကို ပြန်လည် ရုပ်သိမ်းလိုက်ကာ ပတ်ဝန်းကျင်အား ဆက်လက် အကဲခတ်ခြင်း မပြုတော့ပေ။
ဤသို့ ရိုးရှင်းသော အကဲခတ်မှုလေးကပင် ဤနေရာသည် ညီညာသော မြေပြင်ပေါ်၌ တည်ဆောက်ထားသည့် ဧရာမ ဂေဟာကြီး တစ်ခုဖြစ်ကြောင်း စုမင်ကို သိမြင်သွားစေခဲ့သည်။ အဝေးဆီတွင်မူ စိမ်းလန်းစိုပြည်နေသော တောင်တန်းကြီးများ၏ ပုံရိပ်များကို ဝေဝါးဝါး မြင်တွေ့နေရလေသည်။
မကြာမီမှာပင် ယုချန်ဟိုင်သည် နှစ်ထပ်မျှော်စင်ဆောင် တစ်ဆောင်၏ အပြင်ဘက် ခြံဝင်းငယ်လေး တစ်ဝင်း အနီးတွင် ရပ်တန့်လိုက်သည်။
"မိတ်ဆွေစု... လောလောဆယ် ဒီနေရာကို ယာယီတည်းခိုဖို့အတွက် အသုံးပြုပေးပါ။ မိတ်ဆွေဟာ ကျွန်တော့်ရဲ့ ယာယီ ဧည့်သည်တော် ဖြစ်ကြောင်း မိသားစုထဲက လူကြီးတွေကို သွားရောက် အစီရင်ခံပါ့မယ်။ တကယ်လို့ အရာအားလုံး အဆင်ပြေချောမွေ့ခဲ့ရင်တော့ မိတ်ဆွေ ကျောက်စိမ်းပြားကို ချက်ချင်း ရရှိအောင် ကျွန်တော် ကူညီပေးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အဆင်မပြေခဲ့ဘူးဆိုရင်တော့... မိတ်ဆွေ အစမ်းသပ်ခံရဖို့ လိုအပ်ပါလိမ့်မယ်။ ဒီအတွက် မိတ်ဆွေကို ဒုက္ခပေးရပါလိမ့်မယ်။ စိတ်ထဲ မထားဖို့ မျှော်လင့်ပါတယ်" ယုချန်ဟိုင်က သူ၏ ညာဘက်လက်သီးကို ဘယ်ဘက်လက်ဝါးဖြင့် ဆုပ်ကာ စုမင်အား အရိုအသေ ပြုလိုက်သည်။ သူ၏ အမူအရာမှာ ရိုးသားမှုများ အပြည့်ရှိနေဆဲပင်။
"ဒါက အချိန်သိပ်ကြာမှာ မဟုတ်ပါဘူး။ နေမဝင်ခင်မှာ ဆုံးဖြတ်ချက် တစ်ခု ကျလာပါလိမ့်မယ်။ ဒီလို ဆောင်ရွက်နေတဲ့ အချိန်အတွင်းမှာ အပြင်ကို မထွက်ဖို့ ကြိုးစားပေးပါ။ ဒီလို ကန့်သတ်ရတဲ့အတွက် အပြစ်မယူဖို့ မျှော်လင့်ပါတယ်"
"အဲဒီ... သလင်းကျောက် သန်းတစ်ထောင်နဲ့ ပတ်သက်ပြီးတော့ ဒါကို ကိုင်တွယ်ဖြေရှင်းပေးဖို့ တစ်ယောက်ယောက်ကို တောင်းဆိုထားပါ့မယ်။ မကြာခင်မှာ မိတ်ဆွေကို သလင်းကျောက်တွေ လာပေးဖို့ လူတစ်ယောက် ရောက်လာပါလိမ့်မယ်" စုမင် မကျေမနပ် ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ယုချန်ဟိုင်က အသေးစိတ် ရှင်းပြပေးလိုက်သည်။
"အခန်းထဲမှာပဲ နေနေပါ့မယ်" စုမင်က ယုချန်ဟိုင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူသည် ဤလူ့အပေါ် မည်သည့် မလိုမုန်းထားမှုမျှ မရှိသည့်အပြင် တစ်ချိန်လုံး ရိုရိုသေသေ ဆက်ဆံခဲ့သည်ဖြစ်ရာ စုမင်က ခေါင်းညိတ် သဘောတူလိုက်လေသည်။
စုမင်က အခန်းထဲ၌ နေရန် သဘောတူလိုက်သည်ကို မြင်သောအခါ ယုချန်ဟိုင်က ပြုံးလျက် အရိုအသေပေးကာ လှည့်ထွက်သွားလေတော့သည်။
စုမင်သည် ခြံဝင်းထဲသို့ ဝင်သွားသော်လည်း မျှော်စင်ဆောင်အတွင်းသို့ မဝင်ခဲ့ပေ။ ထို့အစား မြက်ခင်းပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ သူ၏ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေ၏။ ရံဖန်ရံခါ လေပြေညင်းလေးများက သူ့ထံသို့ ဖြတ်သန်းတိုက်ခတ်သွားတတ်သည်။ သူသည် ကောင်းကင်ကြီးကို မော့ကြည့်နေကာ ကျင့်ကြံနေသကဲ့သို့ ရှိသော်လည်း အတွေးနက်နေပုံလည်း ပေါက်နေလေသည်။ တဖြည်းဖြည်းနှင့် သူသည် အချိန်ကုန်လွန်သွားသည်ကိုပင် မေ့လျော့သွားခဲ့တော့သည်။
ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်က သူ့အနားတွင် ကိုယ်ထင်ပြလာပြီး ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်ကာ ပတ်ဝန်းကျင်သို့ မျက်ခြည်မပြတ် စောင့်ကြည့်နေလေသည်။
ထိပ်ပြောင်ကြိုးကြာမှာမူ စုမင်၏ ခြေရင်း၌ လှဲလျောင်းနေ၏။ ၎င်း၏ မျက်လုံးများမှာ ဟိုဟိုသည်သည် ရွေ့လျားနေသော်လည်း မည်သည့်အရာကို တွေးတောနေမှန်း မည်သူကမျှ သိနိုင်မည် မဟုတ်ပေ။ သို့သော်လည်း နှုတ်သီးဖျားမှ ရံဖန်ရံခါ ကျဆင်းလာတတ်သော သွားရည်ပေါက်များကို ကြည့်ခြင်းအားဖြင့် ၎င်းသည် သလင်းကျောက်များနှင့် ပတ်သက်သည့် တစ်စုံတစ်ရာကို တွေးတောနေကြောင်း တွေ့မြင်ရသူတိုင်း သေချာပေါက် သိရှိနိုင်ပေလိမ့်မည်။
ရှောင်ဟွမ်သည် စုမင်၏ သိုလှောင်အိတ်ထဲတွင် အိပ်မောကျနေဆဲ ဖြစ်သော်လည်း ၎င်း၏ ဒဏ်ရာအားလုံး ပျောက်ကင်းသွားပြီဖြစ်ရာ မကြာမီ နိုးထလာတော့မည် ဖြစ်သည်။
နှစ်နာရီကြာပြီးနောက် ကြက်သွေးရောင်မီးလျှံ ဂြိုဟ်သခင်၏ မျက်လုံးများ တောက်ပသွားပြီး ၎င်းခန္ဓာကိုယ်မှာ တဖြည်းဖြည်း ဝေဝါးသွားလေသည်။ သို့သော် ၎င်း၏ အကြည့်များကမူ ခြံဝင်းတံခါးဆီသို့ စူးစိုက်လျက် ရှိနေ၏။ အချိန်အနည်းငယ် ကြာပြီးနောက် တံခါးခေါက်သံကို ကြားလိုက်ရသည်။ စုမင်က ညာဘက်လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်ရာ ခြံဝင်းတံခါး ပွင့်သွားလေသည်။ လူငယ်တစ်ဦး ဝင်လာ၏။ သူသည် ယခင်က ယုချန်ဟိုင် နောက်မှ လိုက်ပါလာသော လူနှစ်ဦးအနက်မှ တစ်ဦး ဖြစ်သည်။ သူ၏ မျက်နှာပေါ်တွင် မယုံနိုင်လောက်အောင် ရိုသေလေးစားသော အမူအရာ ရှိနေ၏။ သူသည် သစ်သားသေတ္တာ တစ်လုံးနှင့် သိုလှောင်အိတ် တစ်လုံးကို စုမင်၏ ရှေ့၌ ရိုသေစွာ ချထားပြီးနောက် အရိုအသေပေးကာ ထွက်ခွာသွားလေတော့သည်။
ထိပ်ပြောင်ကြိုးကြာ၏ မျက်လုံးများ ချက်ချင်း ပြူးထွက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် သိုလှောင်အိတ်ဆီသို့ ပြေးဝင်သွားတော့သည်။ သို့သော် ၎င်း အနားသို့ပင် မရောက်လိုက်ခင်မှာ သိုလှောင်အိတ်သည် အလိုအလျောက် မြောက်တက်သွားကာ စုမင်၏ လက်ဝါးပေါ်သို့ ကျဆင်းသွားလေသည်။
သိုလှောင်အိတ်အား စုမင် ယူသွားသည်ကို မြင်သောအခါ ထိပ်ပြောင်ကြိုးကြာသည် လားရာပြောင်းကာ သစ်သားသေတ္တာပေါ်သို့ ခုန်အုပ်ပြီး အလျင်အမြန် ဖွင့်လိုက်သည်။ ထိုသို့ ဖွင့်လိုက်သည့် တစ်ခဏမှာပင် သွေးညှီနံ့များ ပျံ့နှံ့ထွက်ပေါ်လာ၏။ အကြောင်းမူကား ထိုသေတ္တာထဲတွင် လူခေါင်းတစ်ခေါင်း ပါဝင်နေသောကြောင့်ပင်။
၎င်းမှာ စုမင်အား သလင်းကျောက်များ ပေးမည်ဟု ကတိပေးခဲ့သော အဘိုးအို၏ ခေါင်းပင် ဖြစ်လေသည်။
စုမင်သည် ထိုခေါင်းကို တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီးနောက် သိုလှောင်အိတ်အား နတ်ဘုရားအာရုံဖြင့် ခြုံငုံ စစ်ဆေးလိုက်သည်။
"သလင်းကျောက် ဆယ့်ခုနစ်သန်းတဲ့။ ဒါ သူပိုင်တဲ့ ငွေကြေး အားလုံးပဲလား" စုမင်က သိုလှောင်အိတ်ကို သိမ်းဆည်းလိုက်ပြီး သူ့ကအား ခါးသီးသော အကြည့်များဖြင့် ကြည့်နေသည့် ထိပ်ပြောင်ကြိုးကြာကို လျစ်လျူရှုလိုက်သည်။ သူသည် မျက်လုံးများကို မှိတ်ကာ ကျင့်ကြံနေလေတော့သည်။
'ကျစ်... သလင်းကျောက်တွေ ဒီလောက် အများကြီးကို... ငါ ဘာလုပ်ရမလဲ။ ဘာလုပ်ရမလဲ...' စုမင်က ၎င်းကို အရေးမစိုက်သည်ကို မြင်သောအခါ ထိပ်ပြောင်ကြိုးကြာသည် ဒေါသတကြီးဖြင့် ချက်ချင်း အံကြိတ်လိုက်တော့သည်။
ကောင်းကင်ကြီးကို အမှောင်ထုက တဖြည်းဖြည်း ဖုံးလွှမ်းလာသည်။ ယခုလေးတင် မိုးကုပ်စက်ဝိုင်း အဆုံးထိတိုင် ဖြန့်ကြက်ထားသော တောက်ပသည့် ကောင်းကင်ပြာကြီးမှာ မကြာမီမှာပင် တိမ်မည်းများ၏ ဖုံးကွယ်ခြင်းကို ခံလိုက်ရသည်။ နေဝင်လုနီးအချိန်တွင် အထက်၌ တိမ်မည်းအလိပ်လိပ်တို့ ရှိနေလေသည်။
လေထုထဲ၌ မိုးချုန်းသံ ဝေဝါးဝါး ထွက်ပေါ်လာချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းတော့မည့်နှယ် ရှိနေလေသည်။
စုမင်က မျက်လုံးများကို ဖွင့်လိုက်သည်။ သူ ကောင်းကင်ကြီးကို မော့ကြည့်လိုက်ချိန်တွင် ခြံဝင်းတံခါးမှာ ပွင့်ဟလာပြီး ယုချန်ဟိုင်သည် အလွန်အမင်း မှုန်ကုပ်နေသော မျက်နှာထားဖြင့် ဝင်ရောက်လာ၏။
"မိတ်ဆွေစု... ဒါကတော့ ကျွန်တော် ကတိပေးထားတဲ့ သလင်းကျောက်တွေပါ။ သူတို့တွေ သိပ်လွန်လွန်းနေပြီ။ ကျွန်တော် လေလံပွဲကို ဆက်မလုပ်တော့ဘူး" ယုချန်ဟိုင်က သိုလှောင်အိတ် တစ်လုံးကို ထုတ်ပေးလိုက်သည်။ ဤအချိန်တွင် သူသည် အလွန်အမင်း နာကျည်းမှုကို ခံစားနေရပြီး သူ၏ ခံစားချက်များအား တစ်ချိန်လုံး ဖိနှိပ်မထားခဲ့ပါက လွန်ခဲ့သော အချိန်များစွာကတည်းက ပေါက်ကွဲထွက်သွားမည်မှာ အသေအချာပင်။
"စိတ်အေးအေး ထားပါ" စုမင်က ထိုစကားများကို တည်ငြိမ်စွာ ပြောလိုက်ရင်း ကောင်းကင်ကြီးထံမှ အကြည့်အား လွှဲဖယ်ကာ ယုချန်ဟိုင်၏ မျက်လုံးများနှင့် ဆုံတွေ့လိုက်လေသည်။
မှတ်ချက် ၁ - မူရင်းဗားရှင်းတွင် စုမင်အား Little Black Su (နှလုံးမည်း စုလေး) ဟု သုံးနှုန်းထားပါသည်။ ၎င်းသည် မကောင်းဆိုးဝါးဆန်ခြင်း သို့မဟုတ် စိတ်နှလုံး ခံစားချက် ကင်းမဲ့ခြင်းကို ဆိုလိုခြင်းမဟုတ်ဘဲ သူ၏ ပါးနပ်မှုကို ရည်ညွှန်းခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် ဆံပင်များ အမည်းရောင် ပြောင်းသွားသည်ဆိုသော တင်စားချက်မှာ သူ၏ ပါးနပ်မှုက အရာအားလုံးကို အမည်းရောင်အဖြစ် ပြောင်းလဲသွားစေနိုင်လောက်အောင် လွှမ်းမိုးနိုင်စွမ်းရှိသည်ဟု ဆိုလိုရင်း ဖြစ်ပါသည်။
မှတ်ချက် ၂ - မှော်သင်္ကေတထဲရှိ ယုဆိုသော စာလုံးသည် ကျောက်စိမ်းဟု အဓိပ္ပာယ်ရပြီး ယု မိသားစု၏ မျိုးရိုးနာမည်လည်း ဖြစ်ပါသည်။